တောသားကြီး

““ယခု … စတင်ဖျော်ဖြေမယ့်သူက အားလုံးသိတဲ့အတိုင်း ရွာကျက်သရေဆောင် အီးတီပါ … သူ သီဆိုမယ့် သီချင်းကတော့ …””

အီးတီမျက်နှာကြီး မည်းတက်သွားတယ်။ ဖြစ်ချင်တော့ သူလည်း စင်ပေါ်မှာ လုံချည်ပြင်ဝတ်တဲ့ အချိန်ကြီးကိုး …။ အမှန်တော့ သီချင်းနာမည်က အမုန်းခွန်အား ပေးသနားပါ။ ဒါကို သူက အမုန်းကို မေ့ပြီး ဟိုသင်းကြီးထည့်ပြောလိုက်တော့ အဓိပ်္ပါယ်က တစ်မျိုးကြီးဖြစ်သွားတယ်။ အီးတီ ဒေါ်မြတင်ကို လှည့်ကြည့်ပြီး ပြောမလို့ လုပ်သေးတယ်။ နောက်မှ သတိရပြီး မှင်ပြန်သတ်၊ စင်ရှေ့ ရပ်လိုက်တယ်။ လာပြီ…။ ဦးဇော်ဝိတ်ကြီးရဲ့ ညင်သာတဲ့တီးကွက် …။ အီးတီကလည်း ကွက်တိပဲ၊ သီချင်းဝင်ရမယ့် နေရာ … ဆွေးလှတဲ့မျက်နှာနဲ့ သီချင်းကိုစဆိုလိုက်တယ် ….။

““ဆုတိုင်းဒေါင်းသာ … ပြည့်စေချင် … ဟင် …””

သူ့ဟာသူဆိုပြီး သူ့ဟာသူ ပြန်ကြောင်သွားတယ်။ သူဆိုရမှာက ““ဆုတောင်းတိုင်းသာ ပြည့်စေ ချင်ပါသည် …”” ဖြစ်ရမှာ။ အခုတော့ ဆုတောင်းတိုင်းမဖြစ်ဘဲ ဆုတိုင်းဒေါင်းကြီးဖြစ်သွားတာကိုး။ ဒါကြောင့်ဟန်မပျက် သီချင်းကို ရပ်ပြီး ကိုဇော်ဝိတ်ကို အစက ပြန်စတီးဖို့ အချက်ပြန်ပြတယ်။ ဟိုကလည်း အစက ပြန်တီး ပေးပါတယ်။ အမှန်တော့ သူပိုးနေတဲ့ မသိန်းဆွေ သူ့ကို မယူဘဲ တခြားရွာသား ယူသွားလို့ ဖီး(လ်)တက်နေတဲ့သီချင်း …။ သီချင်းအင်ထရိုလည်း ဆုံးရော အီးတီက ကွက်တိပဲ သီချင်းကို ပြန်ဝင်ဆိုလိုက်တယ်။ အသံကလည်း ဝါဝါအောင်အောင်ကြီးနဲ့ …

““ဆုတိုင်း … ဒေါင်းသာ ပြည့်စေချင်ပါသည် … ဟာ””

သူနောက်တစ်ခါ ထပ်ဆိုလိုက်ပေမယ့် ဆုတောင်းတိုင်းမဖြစ်ဘဲ ဆုတိုင်းဒေါင်းပဲ ဖြစ်နေတာကိုး။ ကျီးကြည့် ကြောင်ကြည့်နဲ့ ပရိသတ်ကို လိုက်ကြည့်တယ်။ ပွဲကြည့်ပရိသတ်ကလည်း အီးတီကို ကြောင်ပြီး ကြည့်နေကြတယ်။

အမှန်တော့ ပရိသတ်က ဘာမှသိတာမဟုတ်ဘူး။ သူရပ်လိုက်လို့သာ နားမထောင်ကြတော့တာဘဲ။ ဘာသီချင်းညာသီချင်း သိပ်သိကြတာမဟုတ်ဘူး။ ဒါနဲ့ အီးတီက နောက်တစ်ကြိမ် ပြန်စဖို့ ကိုဇော်ဝိတ်ကို အချက်ပြပြန်တယ်။ ကိုဇော်ဝိတ်ကလည်း နည်းနည်းတော့ တင်းနေပြီ။ ဒါပေမယ့် စင်ပေါ်မှာ မဟုတ်လား မရွှင်မပြနဲ့ပဲ ပြန်စတယ်။ အီးတီကလည်း ဆက်ဆိုတယ်။

““ဆုတိုင်း … ဒေါင်းသာ … အာကွာ …””ဆိုပြီး မိုက်ခွက်ကို ဂလုံကနဲ ပစ်ချပြီး ဆင်းသွားတော့တာ။

““ကိုင်းဟာ … ဆုတိုင်းဒေါင်းဦး၊ ဆုတိုင်းဒေါင်းဦး …””ဆိုပြီး မိုက်ခွက်ကို ဖနောင့်နဲ့ ပေါက်သွားသေး။ အမှန်တော့ သူ့ဖာသာသူ ထူပူပြီး စကားမှာတာပါ။ ဒါကို မိုက်ခွက်ကြောင့်ပဲ မှားသလို လုပ်သွားသေး။ တတ်လည်းတတ်နိုင်တဲ့လူ …။

တိုင်ဖုံးနောက် ရောက်တာနဲ့ သူကြီးဦးရွှေနောင်က သူ့အင်္ကျီနဲ့ လုံချည် ဆွဲချွတ်ယူလိုက်တယ်။ ဒီအလှည့်က သူ့အလှည့်ဟာကိုး …။ ဖတ်ကနဲ စင်မြင့်ပေါ်က မီးလင်းလာတယ်ဆိုရင်ပဲ … သူကြီးကို အခုလို စင်ပေါ်မှာ ခန့်ခန့် သန့်သန့်ကြီး မြင်ရတော့ ရွာသားတွေအားလုံး ပွဲကျသွားကြတယ်။

““သူကြီးကွ …””

““ဒါမှ ဦးရွှေနောင်ကွ …””ဆိုတဲ့ အသံတွေ ဆူညံသွားတယ်။ ဦးရွှေနောင်က ပရိသတ်ကို လက်တစ်ချက် ဝှေ့ရမ်းပြပြီး ကိုဇော်ဝိတ်ကို ကြည့်တယ်။ ကိုဇော်ဝိတ်ကလည်း အံ့အားသင့်စွာ သူကြီးကို ပြန်ကြည့်တယ်။ သီချင်းတိုက်တုန်းက သူကြီးပါမှမပါဘဲကိုး။

““မင်း … ဘာသီချင်းတွေရလဲ””

သူကြီးရဲ့ ခပ်ပြတ်ပြတ်အမေး။ ဒါကို ကိုဇော်ဝိတ်က ခေါင်းလေးကုတ်ပြီး …

““ဟိုလေ … တော်တော်များများ ရပါတယ်။ အဲ … တွံတေးသိန်းတန်သီချင်းတွေဆို ပိုပိုင်တယ် …””

““တွံတေးသိန်းတန် …””

ဇော်ဝိတ်စကားကို သူကြီးက လိုက်ရေရွတ်တယ်။ ပြီးမှ … ““တွံတေးသိန်းတန်သီချင်းတွေတော့ ငါအလွတ်မရဘူးကွ …၊ ဒါပေမယ့် …””ဆိုပြီး ခါးကြားထဲမှာ လျှောက်စမ်းလိုက် စဉ်းစားလိုက် လုပ်နေတယ်။ ပြီးမှ ဖတ်ကနဲ တစ်ခုကို ဆွဲထုတ်လိုက်တယ်။ အဟုတ်ဗျား …။ တွံတေးသိန်းတန် တေးပေါင်းချုပ်ကြီး။ ကိုဇော်ဝိတ်ပါ မျက်လုံးပြူးသွားတယ် …။ သူကြီးက တွံတေးသိန်းတန် သီချင်းစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ပြီး …

““ပန်းနွယ်ကစိမ်း … ရမလား””

သူကြီးအမေးကို ကိုဇော်ဝိတ် ခေါင်းသွက်သွက်ညိတ်ပြီး ….

““ဟုတ် … ဟုတ်ကဲ့ … ရပါတယ်””ဆိုပြီး မယ်ဒိုလင် လက်ကွက်စမ်းတယ်။ ဟုတ်တယ်။ တွံတေး

သိန်းတန်ရဲ့ ပန်းနွယ်ကစိမ်းသီချင်း …။

သူကြီး သီချင်းစာအုပ်ကို ခပ်မြင့်မြင့်မြှောက်ကြည့်တယ်။ မီးအလင်းရောင်နည်းတော့ သိပ်မသဲကွဲဘူး ထင်ပါ့ …။ ပြီးမှ ပရိတ်သတ်ဘက် လှည့်လို့ … တွံတေးသိန်းတန်အသံ … တွံတေးသိန်းတန်ဟန်နဲ့ …

““အဲ … ကျွန်တော် အခု သီဆိုမယ့်သီချင်းက … အဲ … ကျွန်တော် ချစ်ခင်လေးစား အဲ … တန်ဖိုး ထားရပါသော … အဲ အစ်ကိုကြီး တွံတေးသိန်းတန်ရဲ့ အဲ … ပန်းနွယ်ကစိမ်း ဆိုတဲ့သီချင်းပဲ ဖြစ်ပါတယ်..။

အဲ … မေတ်္တာတော်အနန်္တနဲ့ ဟန်ကျပန်ကျ ရှုစားနားဆင်ပေးကြပါ ရွှေပွဲလာ …””

သူကြီးဆီက ပီသကြည်မြတဲ့ တွံတေးသိန်းတန်သံကြီး ထွက်လာတော့ ပရိသတ် ဝေါကနဲ သဘောကျ သွားတယ်။ အသံတူတဲ့အပြင် တွံတေးသိန်းတန်ကို သူ့အစ်ကိုရင်းလိုလို ဘာလိုလိုပြောတော့ သဘောကျကြ တာပေါ့ …။

သီချင်းအင်ထရိုက ဝင်နေပြီ။ သူကြီးက သီချင်းတေးသွားကို အပီအပြင် ခံစားနေတယ်။ အခု ကျတော့ လည်း သူ့ပုံက ရပ်ရွာစီမံအုပ်ချုပ် အလုပ်ရှုပ်နေတဲ့ ရွာလူကြီးတစ်ဦးနဲ့ မတူတော့ဘဲ တကယ့်ဝါရင့် အနုပညာသမားပုံပေါက်နေတယ်။ သီချင်း အဝင်ပိုက်မှာ သတိရပြီး စာအုပ်ကို မြှောက်ကာ သီချင်းကို စဆို လိုက်တယ်။

““ပန်းနွယ်က … စိမ်း … အဲ … စိမ်းတယ် … ရေးဆို – တွံတေး … သိန်းတန် … ဟင်””

သူကြီးက သီချင်းကို တွံတေးသိန်းတန်သံနဲ့ဆိုရင်း စာသားမှာပါတဲ့ ရေးဆို – တွံတေးသိန်းတန် ဆိုတာကြီးပါ ထည့်ဆိုမိတော့ ကြောင်ပြီးရပ်သွားတယ်။ စာသားထဲမှာ ဘယ်နှယ့် ရေးဆို -တွံတေး သိန်းတန်ကြီး ပါနေသလဲပေါ့ …။

နောက် … အသေအချာကြည့်ပြီးမှ သူ သဘောပေါက်သွားတယ်။ သီချင်းနာမည်ကလည်း ပန်းနွယ်ကစိမ်း၊ သီချင်းအစကလည်း ပန်းနွယ်ကစိမ်းဆိုတော့ ခေါင်းစဉ်က စဆိုမိပြီး အောက်က ရေးဆို -တွံတေး သိန်းတန်ဆိုတာကြီးပါ ဆိုမိသွားတာကိုး …။ ဒါကြောင့် ရှက်ရှက်နဲ့ …““ဟာကွာ …””ဆိုပြီး မိုက်ခွက်ကို ဂလုံကနဲ ပစ်ချကာ တိုင်ဖုံးနောက် ပြေးဝင်သွာတော့တယ်။ ပြီးတော့ဝတ်ထားတာ ချွတ်ပုံပြီး ဘောင်းဘီတိုနဲ့ပဲ ဆင်းချသွားတော့တယ် …။