ဘာကြီးလဲ

လက်ခုပ်သံ တစ်ဖျောင်းဖျောင်း တီးသံ နှင့် အားရဝမ်းသာ ခေါ်သံတို့ကြောင့် ညိုမောင့် စိတ် ထဲ မှာ လေပြီး ပူ နေသော စိတ် အပူ ၊ အမေ က တစ်လိပ် ၊ အဘွား က တစ်လိပ် ပေး လိုက်ကြတဲ့ ဖျာလိပ် နှစ်ထပ်ကြီး နှင့် ထို ဖျာလိပ် ထဲ တွင် ထည့် ထုပ်ထားသော သူ့ ပစ္စည်း အလေးတွေ ရဲ့ဖိစီးမှု ဒီ ဒဏ်တွေ ကို လွတ်ပြီ ဆိုပြီး ထိထိ မိမိ နှင့် အားရ ဝမ်းသာ သက်ပြင်းကြီး ကို ချရင်း … သူ့ ကို လှမ်း ခေါ် သော ဦးလေးကြီး ထံ သို့ ပြန် လျှောက်လာသည် ။

“ ဦးလေး ကလည်း စောစော က ခေါ် ရောပေါ့ဗျာ ”

ညိုမောင့် စကားလုံးတွေ က ဒေါသ ဖြစ်နေသည့် စကားလုံးတွေ ဖြစ်နေသော်လည်း ညိုမောင့် မျက်နှာ က ပြုံးဖြီးဖြီးကြီး မို့ ဝမ်းသာကျေနပ် အားရစွာ ပြောခြင်း ဖြစ်ကြောင်း သိ နိုင်ပါသည် ။

“ အေးကွာ … ငါ လည်း မင်း ကျော်သွားတော့ မှ အတွေး ရ တာနဲ့ ၊ နွေ ဆို သင်ဖြူးဖျာကလေး ခင်း အိပ် ရတာ ဇိမ် ပဲ ကိုယ့်လူ ရ ”

“ အာ … ဟုတ်တာပေါ့ … အစ်ကိုကြီး ရ ”

“ ကဲ .. ချစမ်းပါဦး ကွာ ၊ တစ်ချပ် ဘယ်လောက် ဆို ဈေးလဲ ”

“ ဗျာ … ”

ညိုမောင် သူ့ ကို ဖျာသည် နှင့် မှား ခေါ်မှန်း ချက်ချင်း ရိပ် မိလိုက်သည် ။ သို့သော် …

“ ကျွန်တော် ဖျာ ရောင်းတာမဟုတ်ဘူး ”

ဟု ပြောဖို့ ကို အားနာ နေမိသည် ။

ညိုမောင် မျက်နှာ ပျက် သွားတာကိုလည်း ဦးလေးကြီး က သတိ ထား မိသွားသည် ။ သူ့ မျက်နှာ မှာ လည်း ညိုမောင့် ကို အားနာ စိတ် ချက်ချင်းကြီး ကို ရောက်သွားသည် ။သို့သော် … လူကြီး ဆိုတာ က လူငယ် ထက် တော့ ဣန္ဒြေ အရာ မှာ သာကြစမြဲ ဖြစ်သည် ။ ထိုကြောင့် ဖျာသည် ခေါ်သော ဦးလေးကြီး ကပင် ဣန္ဒြေ ကို ထိန်း၍ မေးသည် ။

“ မင်း .. ဖျာ လိုက်ရောင်းတဲ့ သူ မဟုတ်ဘူး မဟုတ်လား ”

“ ဟုတ် .. ဟုတ်တယ် … ဦးလေး ၊ ကျွန်တော် အဆောင် လိုက် ရှာတာပါ ”

“ ဆောရီးကွာ ငါ က လုပ်လိုက် ဖြစ်လိုက် ရင် ဒီလိုချည်းပဲ ။ ကဲ … ကဲ … ဒါဆိုလည်း မင်း ဖျာလိပ်ကြီး ခဏ ချပြီး နားစမ်းပါဦး ကွာ ၊ ရေလေး ဘာလေး သောက်ရင်းနဲ့ပေါ့ ”

ခေါင်းပေါ် က ဖျာလိပ်ကြီး ကို ချ လိုက်ရသဖြင့် ညိုမောင့် ခန္ဓာကိုယ် ပေါ့ပါးသွားသည် ။ သို့သော် .. အဆောင် ကို ရှာ မတွေ့ သဖြင့် စိတ်ကတော့ လေးလံနေဆဲ ဖြစ်၏ ။

“ သော်သော် … သော်သော် … ”

“ ရှင် … ဖေဖေ ”

“ ရေခဲသေတ္တာ ထဲ က ရေသန့် တစ်ဘူးနဲ့ ဖန်ခွက် ယူလာခဲ့စမ်းဟာ ”

“ ရှင် … ”

“ ဟာ … ဒီ ကောင်မလေး နားထိုင်းနေလား ၊ ရေခဲသေတ္တာ ထဲ က ရေတစ်ခွက် အဲ .. ရေသန့်တစ်ဘူး နဲ့ ဖန်ခွက်တစ်ခွက် ယူခဲ့လို့ ပြောနေတာ ”

အိမ် ထဲ က ဘာတုံ့ပြန်သံ မှ မကြားရတော့ ။ ဦးလေးကြီး က ခေါင်း ကို ကုတ်သည် ။ပြီးတော့ ခါး ကို ထောက်သည် ။

“ အင်း .. ဒီခေတ် ကလေးတွေ ခက်တယ်ကွာ .. ခက်တယ် ”

“ ဟုတ်ကဲ့ … ဦး ”

ညိုမောင် လည်း ဘာ ပြောရမှန်း မသိတာနှင့် ဝင် ထောက်ခံလိုက်ခြင်း ဖြစ်သည် ။

“ ဟာ .. ငါ ပြောတာ မင်း ကို ပြောတာ မဟုတ်ဘူးကွ ၊ ငါ့ အိမ် က ကလေးတွေ ကို ပြောတာ ၊ ငါ့ မှာ သမီး နှစ်ယောက် ရှိတယ် ”

ထိုအချိန်တွင် ကောင်မလေး တစ်ယောက် ရေသန့်ဘူးအဟောင်း ကို ရေ ဖြည့်ပြီး ရေခဲသေတ္တာ ထဲ ထည့် ထားသော ရေသန့်ဘူးကလေး နှင့် ရေခွက် ကို ကိုင်ကာ ဦးလေးကြီး ၏ နောက်ဘက်တွင် ရောက်နေပြီ ဖြစ်သည် ။

“ အကြီးမရော ၊ အငယ်မရော တစ်ယောက် မှ အချိုး မပြေဘူး ”

“ ဦးလေး ”

ရေသန့်ဘူး ကိုင် ထားသော ကောင်မလေး က နှာခေါင်း ကို ရှုံ့ နေပြီ ။ မျက်နှာ က မဲ့ နေပြီ ။ ထို့ကြောင့် ညိုမောင် က … “ ဦးလေး ” ဟု တမင် သတိပေးခြင်း ဖြစ်၏ ။ သို့သော် ဦးလေးကြီး က

“ သူတို့ နှစ်ယောက် ပုံစံ ကလေ တြိဂံ လိုလို ၊ စတုဂံ လိုလို ပဉ္စဂံ ၊ ဆဌဂံ အို ကွာ ဘယ်လိုမှ ကို ထောင့် မကျိုးတာ ငါ ပြောပြမယ် ”

“ ဖေဖေ ”

“ ဟေ ”

“ ရော့ ”

ကောင်မလေး က ရေသန့်ဘူး နှင့် ရေခွက် ကို သူ့ အဖေ နား သို့ ဒေါသ နှင့် ဆောင့်ချ ပေးရင်း ခြေ ကို ဆောင့်၍ ဆောင့်၍ အိမ်ထဲ ပြန် ဝင်သွားသည် ။ အိမ် က နှစ်ထပ် ပျဉ်ထောင်အိမ်ကလေး ဖြစ်၏ ။

“ မင်း ကလည်း နောက် မှာ ရောက် နေရင် ပြော မှပေါ့ကွ ”

“ ဦးလေး … လို့ ကျွန်တော် ခေါ်ပြီး သတိ ပေးသားပဲ ၊ ဦးလေး က သတိ မထားမိဘဲ ဆက် ပြောနေတာကိုး ”

“ ကဲကွာ … ထားပါ ၊ သူတို့ စိတ်ဆိုးလည်း ခဏပါ ၊ ကဲ .. ရော့ ရေသောက် ”

ဦးလေးကြီး ငှဲ့ချပေးသော ရေ ကို ညိုမောင် တစ်ယောက် အားရပါးရသောက်ပါသည် ။ ထိုသို့ ရေ အားရပါးရ သောက်နေတုန်း မှာပဲ ဦးလေးကြီး က မေးခွန်း တစ်ခု ထပ် မေးသည် ။

“ မင်း လိုက်ရှာနေတဲ့ အဆောင် က လိပ်စာ ပါ လား ၊ ပါရင် ငါ့ ကို ပြစမ်း ”

ညိုမောင် ရေကို အားရပါးရ သောက် နေချိန်ကြီးမို့ ခေါင်းညိတ် ၍ လက် ကာ ပြ ထားရသည် ။ ရေ ကုန်သွားတော့ မှ

“ ပါတယ် ဦးလေး ၊ ကျွန်တော့် မှာ ပါတယ် ၊ ကျွန်တော် ပြမယ် ”

ညိုမောင် က သူ့ ကျော မှာ ပိုး ထားသည့် စစ်ကျောပိုးအိတ်ကြီး ကို ပါ ဖြုတ် ရတော့သည် ။ လိပ်စာ ကို ခုနက အလွတ် ကျက် ထားသော်လည်း အခု မေ့ သွားပြီ ဖြစ်သည် ။ ထို့ကြောင့် စစ်ကျောပိုးအိတ်ကြီး ထဲ က စာအုပ်ကလေး ကို ထုတ်ပြီး ပြောမှ သေချာမည် ဖြစ်သည် ။

“ တွေ့ပြီ ၊ ဒီမှာ ဦးလေး ၊ ဒေါ်တင်နွယ်တဲ့ ၊ ၃လမ်း ၊ အိမ်နံပါတ် ( ၂၈ ) ချမ်းသာသုခလမ်း ၊ လှိုင် မြို့နယ် တဲ့ ”

“ ချမ်းသာသုခလမ်း ဆို တာတော့ ဒီလမ်း ပဲ ကွ ၊ ဒေါ်တင်နွယ် ဆို တာကတော့ … ၊ အင်း .. ငါ လည်း ရပ်ကွက် ထဲ က လူတွေ နဲ့ သိပ် ပေါင်းဖြစ်တာ မဟုတ်ဘူး ၊ ငါ က ပန်းထိန်ဆရာ ကွ ၊ နေဦး … နေဦး ”

“ သော်သော် ရေ … သော်သော် ”

အိမ် ထဲမှ ဘာမှ တုံ့ပြန်သံ မကြားရတော့ဘဲ ကောင်မကလေး နောက်တစ်ယောက် ထွက်လာသည် ။ စောစောက ရေဘူး လာပေးတဲ့ ကောင်မလေး ထက် နည်းနည်း ငယ်ပုံ ရသည် ။

“ သော်သော် ပါ ဆိုနေမှပဲ ”

“ ရေဘူး သိမ်းတာကလည်း မော်မော် သိမ်းလည်း အတူတူပဲ ”

“ ရေဘူး သိမ်းဖို့ မဟုတ်ဘူး ဟ ၊ ဒီက ကောင်လေး အဆောင် လိပ်စာ ရှာ မတွေ့လို့ အဲ့ဒါ မေး မလို့ ”

“ အဆောင် လိပ်စာ … ၊ မော်မော့် ကို ပြလေ ”

ဦးလေးကြီး က စာရွက် ပေးတော့ ကောင်မလေး က တစ်ချက် ကြည့်ပြီး အားရပါးရ ပြုံးသည် ။

“ အန်တီနွယ် တို့ အဆောင်လား ၊ အမလေး စောစော က ပြော ရောပေါ့ ၊ ဟိုး မှာ အပြာရောင် ဆေး သုတ်ထားတဲ့ ခုံတန်းပြာကလေး တွေ့လား ”

“ ဟုတ်ကဲ့ … တွေ့ပါတယ် ”

“ အဲဒါ အန်တီနွယ့် အဆောင် ပဲ ”

“ ဟာ … ကျေးဇူးတင်လိုက်တာ ညီမလေး ရာ ၊ အခု ညနေ သာ အဆောင် ရှာ မတွေ့ရင် ကျွန်တော် ဘယ် မှာ အိပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး ဦး ရ ”

“ ဟာ … ဒါဆို ငါတို့ ပါ ကံ ကောင်းသွားတာပေါ့ ၊ နို့မို့ရင် … ”

“ ဟာ … ဦးလေး ကလဲ ”

ညိုမောင် ရှက်ရှက် နှင့် ဖျာလိပ်ကြီး ကို ကောက် ထမ်းပြီး ခုံတန်းပြာကလေး ရှိရာသို့ ထွက် ခဲ့သည် ။ သူ့ အဆောင်သည် ဘယ်လို ပုံစံမျိုးလဲ ။