ဘာကြီးလဲ

“ ရှင် … အလုပ် လုပ်ချင်တာ က ကျွန်မ တို့ ကုမ္ပဏီ အတွက် တစ်ခု မှ မပါဘူးနော် ၊ ရှင့် ပညာ ကို အသုံးချ ချင်တာရယ် ၊ ရှင့် ဆရာတော် နဲ့ အမေ ကို ငွေ ပေးချင်တာရယ် ၊ ဒါပဲ ရှိတာပေါ့ ဟုတ်လား ”

လေသံ က တင်းမာ ပြတ်သားလွန်းသဖြင့် ညိုမောင် တော်တော်လေး လန့်၍ သွားသည် ။ ညိုမောင် ထင်ထားတာ က သူ ကား တွန်းပေးခဲ့သဖြင့် ထို လမင်းကလေး က ထို ကိစ္စ ကို ဖွင့် မပြောပြသည့် တိုင်အောင် သူ့ ကို ဖော်ဖော်ရွေရွေ နှင့် မေးခွန်း အသင့်အတင့် လောက်သာ မေးလိမ့်မည် ဟု ထင် ထားသောကြောင့်လည်း ပါသည် ။

“ အာ … မဟုတ်ဘူး ၊ ဒီလိုခင်ဗျ ၊ ကျွန်တော့် ပညာ ကို အသုံးချ ချင်တာ က ကုမ္ပဏီ အတွက်ပါ ၊ ပြီးတော့ ကျွန်တော် ဒီ ကုမ္ပဏီ ကို တိုးတက်ကြီးပွားအောင် လုပ်နိုင်တော့မှ ကျွန်တော် လည်း ရာထူး တိုးမယ် ၊ လခများများ ရမယ် ၊ ဒီတော့မှ ကျွန်တော့် ကျေးဇူးရှင်တွေ ကို ပို ကျေးဇူးဆပ်နိုင်မှာ မို့ ဒီကိစ္စ နှစ်ခု စလုံး မှာကုမ္ပဏီ ရဲ့ အကျိုးစီးပွား က ပါ ထားပြီးသားပါ ခင်ဗျာ ”

“ ဟင်း …ဟင်း …မင်း က စကား ပြောတော့ ကောင်းသားပဲ ၊ ကဲ … စူးအက်တူးမြောင်း က ဘယ်နှခုနှစ် မှာ စ ဖွင့်တာလဲ သိလား ”

“ စူးအက် က …. ”

“ မသိရင် ထားတော့ … ၊ စူးအက်တူးမြောင်း က ဘယ်နှပေ ရှည်သလဲ ၊ ဘယ်နိုင်ငံ နဲ့ ဘယ်နိုင်ငံ ကို ဆက်သွယ် ပေးထားလဲ ”

“ ———“

“ မသိရင် မသိဘူး ပြောကွာ ”

“ ဟုတ်ကဲ့ … မသိပါဘူး ”

“ စူးအက်တူးမြောင်း ကြောင့် ပြောင်းလဲသွားတဲ့ စီးပွားရေး မှာ ဘာ ပို့ကုန်သွင်းကုန်တွေ က အာရှ အတွက် အရေး ကြီးခဲ့သလဲ ”

“ မသိပါဘူး ခင်ဗျာ ”

“ ကောင်းပြီ ၊ စီးပွားရေး တစ်ခု စ လုပ်တော့မယ်ဆိုရင် အခြေခံ အဓိက ထားတဲ့ အချက်တွေ က ဘာတွေလဲ ”

ဒီ မေးခွန်း အတွက်ကိုတော့ ညိုမောင် ခေါင်း ကို မော့ လိုက်ပါသည် ။ ထို မေးခွန်း ၏ အဖြေ ကို သူ ကောင်းကောင်း သိပါသည် ။

“ ဘယ်စီးပွားရေးအတွက်မဆို ( 5M ) လိုအပ်ပါတယ် ”

“ ကောင်းပြီ ၊ ပြောပြစမ်းပါဦး ”

“ ဟုတ်ကဲ့ ၊ 5M မှာ ပထမ M က Money ပါ ၊ စီးပွားရေး တစ်ခု လုပ်ဖို့ အတွက် လုံလောက်တဲ့ ငွေ အရင်းအနှီး ရှိရမယ် ဆိုပါတယ် ၊ ဒုတိယ M က Man ပါ ၊ အဲဒီ စီးပွားရေး နဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ လူ ရှိထားရပါ့မယ် ”

“ ဟုတ်ပြီ ဆက်စမ်းပါဦး ”

“ တတိယ M က Market ပါ ၊ ကိုယ် ထုတ်လုပ်မယ့် ကုန်ပစ္စည်း ကို လက်ခံပြီး ဖြန့်ဖြူး ပေးနိုင်မယ့် ဈေးကွက် လည်း ရှိဖို့ လိုပါတယ် ”

“ အင်း …အင်း ”

“ စတုတ္ထ M ကတော့ Method ပါ ကိုယ် ထုတ်လုပ်မယ့် ကုန်ပစ္စည်းထုတ်လုပ်တဲ့ နည်းလမ်း ဟာ ရှိပြီးသား ၊ ကိုယ် နဲ့ အမျိုးတူ ကုန်ပစ္စည်းတွေ နဲ့ နည်းလမ်းကွာခြားမှု ရှိရပါ့မယ် ၊ ကိုယ် ထုတ်လုပ်တဲ့ နည်းလမ်း Method ဟာ ခေတ်ကာလ အခြေအနေ နဲ့ ပိုပြီး သဟဇာတ ဖြစ်တဲ့ နည်းလမ်း ရှိထားရပါ့မယ် ၊ နောက်ဆုံး M ကတော့ management စီမံအုပ်ချုပ်မှုပါ ၊ ကိုယ် က ထုတ်ကုန် အတွက် ပညာရှင်တွေ ကျွမ်းကျင်လုပ်သားတွေ အခြေခံလုပ်သားတွေ အားလုံး ကို စီမံအုပ်ချုပ်တဲ့ ပညာရှင် ၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ လိုက်ရောညီထွေ ဖြစ်မယ့် စီမံအုပ်ချုပ်မှု လိုအပ်တယ်လို့ ဆိုလိုတာပါ ”

လမင်းစိုး က မျက်နှာ ကို မဲ့၍ ခေါင်း ကို တဆတ်ဆတ် ညိတ်နေသည် ။ သူ့ ပုံစံ က ညိုမောင် ပြော နေသည့် စကားတွေ ကို မထီမဲ့မြင် ပြုနေသည့် ပုံစံမျိုး ဖြစ်နေသည် ဟု ချစ်မင်းစိုး ထင်သည် ။ တကယ်တော့ လမင်းစိုး သည် MD ဆိုသော ရာထူး အတွက် ရင့်ကျက်မှု နည်းပါးနေသေးသည် ဆိုတာ ကို ချစ်မင်းစိုး သိပါသည် ။ သူ့ရှယ်ယာ member တွေ ကလည်း တည့်တည့် မဟုတ်သည့် တိုင်အောင် စောင်းပါးရိပ်ချေ လောက်တော့ ချစ်မင်းစိုး ကို ပြောပြပါသည် ။ ဒါပေမယ့် လမင်းစိုး မှားတာတွေက ကြီးကြီးမားမားတော့ မရှိသေး ။ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတဲ့ နေရာ မှာ ကျတော့လည်း လမင်းစိုး သည် သူ့ ထက် ပို ၍ မာကြောသည် ဆိုတာ ကိုတော့ ချစ်မင်းစိုး ဝန်ခံရမည် ဖြစ်သည် ။ အခုလည်း တစ်ဖက် က သူ သိသမျှကို အားတက်သရော ပြော နေချိန် တွင် လူကြီးနေရာ တွင် ရှိနေသော ကိုယ် က မထီမဲ့မြင် လုပ်တာမျိုး ကို မဖြစ်သင့် ဟု ချစ်မင်းစိုး ထင်သည် ။

“ အင်း … ကောင်းပါပြီ ၊ အခုမင်းပြောသွားတဲ့ ( 5-M ) ထဲမှာ ဘယ် M က အရေးအကြီးဆုံးလဲကွ ”

“ ဟာ .. အကုန်လုံး အရေးကြီးတယ် ခင်ဗျ ၊ အဲဒီ 5-M ထဲက တစ်ခု မရှိရင် အဲဒီ စီးပွားရေး က လုံးဝ အောင်မြင်ဖို့ မလွယ်နိုင်ပါဘူးခင်ဗျ ”

ညိုမောင့် စကား ဆုံးသည်နှင့် လမင်းစိုး က ခေါင်ကလေးကို အနည်းငယ် မော့၍ လေသံသဲ့သဲ့ ဖြင့် ရယ်လေသည် ။ လမင်းစိုး ရယ်ပုံ က လှောင်ရယ်ရယ်ခြင်း ဖြစ်သည် ဆိုတာကို သူ့ ညီမ အကြောင်း သိပြီးသား ဖြစ်သဖြင့် ချစ်မင်းစိုး မျက်နှာ မှာ ရှက်စိတ် ဖြင့် နီရဲစ ပြုလာသည် ။

“ အေး … မင်း ပြောတဲ့ 5-M ဆိုတာကြီး က ၁၈ဝဝ နဲ့ ၁၉ဝဝ ခုနှစ်အစပိုင်းမှာတင် ပြီးသွားပြီကွ ၊ အခုအချိန် မှာ အဲဒီ 5-M မလိုတော့ဘူး ။ မင်း ဆီ မှာ တစ်ကမ္ဘာလုံး နဲ့ ဆက်သွယ်လို့ ရတဲ့ ကွန်ပျူတာ တစ်လုံး ရှိမယ် ၊ အဲဒီ ကွန်ပျူတာ ကို လည်း မင်း က ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်မယ် ၊ စတော့ရှယ်ယာ ဈေးကွက်သတင်း ၊ ရေနံသတင်း ၊ သစ် ၊ ဆန် တဲ့ နိုင်ငံ အသီးသီး က ဈေးတွေကို မင်း ကွန်ပျူတာကွန်ရက် နဲ့ ချိတ်ဆက်ထားပြီးလုပ်မယ် ဆိုရင် အဲဒီ သတင်းတွေ ကို မင်း က လူများထက် ပိုမြန် ၊ ပို မှန်အောင် သိထားနိုင်မယ် ဆိုရင် စီးပွားရေး ပြီးပြီ ၊ ဒီခေတ် က IT ခေတ်ကွ ၊ သိရဲ့လား ”

ညိုမောင် ဘာမှ ပြန် မပြောနိုင် ၊ သူ့ ကို အငြိုးတကြီး နဲ့ စကားလုံးတွေ ကို အင်အားအပြည့် ဖြင့် ပြောချသွားသော လမင်းစိုး ကိုသာ တအံ့တဩ ငေးနေမိခဲ့သည် ။

“ ညီမလေး … ”

ချစ်မင်းစိုးထံမှ ခေါ်သံကြောင့် လမင်းစိုး စကား ကို ရပ်ပြီး သူ့ အစ်ကို ကို ကြည့်သည် ။

“ ညီမလေး အခု လုပ်နေတာ အင်တာဗျူး ပါ ၊ လက်ချာ ပို့ချနေတာ မဟုတ်ဘူး ၊ သူ သိသလောက် ကို သူ ပြောမယ် ၊ မင်း က သူ့ ကို အကဲ ဖြတ်မယ် ၊ အမှတ် ပေးမယ် ၊ မင်း သိထားတာတွေ သူ့ ကို ပြောဖို့ မလိုဘူး ၊ လှောင်ဖို့ မလိုဘူး ၊ ဟောက်ဖို့ မလိုဘူး ၊ ညီမလေး တာဝန် က ကိုကို တို့ လိုအပ်တဲ့ အလုပ် နဲ့ ကိုယ် အင်တာဗျူး တဲ့ လူ ဟာ အဆင် ပြေနိုင် မပြေနိုင် ဒါပဲ အကဲ ဖြတ် ရ မှာ ၊ ပညာ ပြတာတွေ လုပ်ဖို့ မလိုဘူး ၊ ကဲ .. ညီမလေး သူ့ ဆီ က ဘာ သိချင်တာ ရှိသေးလဲ ”

“ ဟင်း .. ဟင်း … မလိုတော့ပါဘူး ”

“ ကဲ … ဒါဆိုရင် ကိုညိုမောင့် အတွက် အင်တာဗျူး ပြီးပါပြီ ၊ ကျေးဇူး တင်ပါတယ် ”

“ ဟုတ်ကဲ့ပါ ခင်ဗျ ၊ ခွင့်ပြုပါဦး ”

အင်တာဗျူးခန်းမ ထဲ က ထွက် လိုက်တော့ ညိုမောင် ပေါ့ပါးလန်းဆန်း၍ သွားသည် ။ ဒါပေမယ့် သူ ဒီ အလုပ် ကို မရနိုင်တော့ ဆိုတာတော့ သေချာနေပြီ ဖြစ်ကြောင်း ကောင်းကောင်းကြီး သိလေသည် ။ သူ ကိုဝင်းထွန်း ကို စောင့်မယ် ပြောပြီးထားသဖြင့် အပြင်ခန်းမ ထဲ မှာပင် ထိုင် နေလိုက်သည် ။ ၁ဝ မိနစ်လောက် ကြာတော့ ဝင်းထွန်း ပြန်လာသည် ။

“ အခြေအနေ ကောင်းလား …. ”

“ ဟာ .. MD ဆိုတဲ့ အမျိုးသမီး က တော်တော့် ကို ရစ်တာဗျာ ၊ ရတာ မရတာတော့ ကံတရားပဲ … ခင်ဗျား ရော ”

“ ကျွန်တော့် ကို လည်း ရစ်တာပါပဲဗျာ ၊ သူ့ အစ်ကို က မှ တော် သေးတယ် ”

“ ဪ … သူတို့ က မောင်နှမတွေလား ”

“ ဟုတ်တယ်ဗျ ၊ ကိုချစ်မင်းစိုး က အကြီး တဲ့ ၊ ကျွန်တော် ကတော့ မျှော်လင့်ချက် မရှိပါဘူး ၊ ကျွန်တော့် လိပ်စာ ယူ ထားဗျာ ၊ ခင်ဗျား လိပ်စာလည်း ပေးထားခဲ့ ၊ နောင် အလုပ် တွေ့တော့လည်း အတူတူ လျှောက်ကြတာပေါ့ မဟုတ်ဘူးလား ”

အဆောင် ကို ပြန်ရောက်တော့ ဘယ်သူမှ မရှိသည်နှင့် ညိုမောင် ခုတင်ပေါ် လှဲရင်း သူ ဒီနေ့ မနက် ဖြစ်ခဲ့တာတွေကို တွေးနေမိသည် ။ သူ ကားတွန်းပေးခဲ့သော လမင်းကလေး သည် Solo ကုမ္ပဏီ ၏ ဒုတိယဥက္ကဋ္ဌ MD ဖြစ်နေသည် ။ ထို ကောင်မလေးကို သူ က ကူညီပြီး ကား တွန်းပေးခဲ့သည် ။ ပုံပြင်ထဲ မှာ ဒါမှမဟုတ် ရုပ်ရှင်တွေ ဘာတွေ ထဲ မှာ ဆိုလျှင်တော့ သူ့ ဘဝသည် အလွန်တစ်ရာ အဆင်ပြေ သွားဖို့ ရှိသည် ။ အခု တကယ် လက်တွေ့ ကျတော့ ဘာတွေ ဖြစ်ကုန်မှန်း မသိ ။