ဘာကြီးလဲ

ဒီအလုပ် ကို ရရန် အားခဲ လာခဲ့သော ညိုမောင့် အတွက် အားလျှော့ရုံတင် မက အားပါ ကုန် သွားခြင်း ဖြစ်သည် ။ ဒီ အလုပ် ရ မှ မဟုတ် ဘယ်အလုပ် မဆို ရအောင် လုပ် ဟူသော ဆုံးဖြတ်ချက် ဖြင့် ညိုမောင် ရန်ကုန် သို့ တက်လာခြင်းဖြစ်ပါသည် ။ ထို့ကြောင့် ညိုမောင် တုန်လှုပ်ခြင်းတော့ မဖြစ်ပါ ။ ဒါပေမယ့် အားငယ် ဝမ်းနည်းသွားသလိုတော့ အမှန်တကယ် ခံစားရပါသည် ။

သူ ခံစားနေရတာ ကို အားရပါးရ ပြောချလိုက်ရလျှင်လည်း ညိုမောင့် ရင် ထဲမှာ ပေါ့ပါး သွားနိုင်စရာ ရှိသည် ။ သို့သော် အဆောင် မှာ ဘယ်သူမှ မရှိ ။ ဒီတော့ ဝမ်းနည်းခြင်း အပေါ်မှာ အားငယ်ခြင်း က ထပ်ဆင့် ရောက်လာခြင်း ဖြစ်၏ ။

ညိုမောင် မျက်စိ ကို မှိတ်ထားလိုက်သည် ။

သူ့ ကို လှောင်ရယ် ရယ်နေသော လမင်းလေး ပုံ ပေါ်လာသည် ။ ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ ။ အဖြူတွေချည်းပဲ ဝတ်ထားသဖြင့် သူက ရင်ထဲမှာ လမင်းလေးလို့ အမည် ပေးခဲ့သည် ။ ပြန်တွေ့ရဖို့ကိုလည်း မမျှော်လင့်ခဲ့ပါ ။ ပြန်တွေ့တော့ သူ့နာမည်က ‘ လမင်းစိုး ‘ တဲ့ ။ လမင်း ကို ဆိုးမည့် သူ တော့ မဖြစ်နိုင်ပါ ။ လူတစ်ယောက် ကို လမင်း က စိုးမိုးသလို စိုးမိုးမည့် သဘောသာဖြစ်လိမ့်မည်ဟု ညိုမောင် ထင်ပါသည် ။

ညိုမောင် သည် ဤသို့ လမင်းစိုး အကြောင်း ကို တွေးရင်းနှင့် အိပ်ပျော်၍ သွားလေသည် ။ ညိုမောင် နိုးလာတော့ ညနေခင်း နေကျချိန်ကို ရောက်နေပြီ ဖြစ်သည် ။ ကိုဇော် က ဝတ္ထုစာအုပ် ကို သဲကြီးမဲကြီး ပက်လက်လှန်ရင်း ဖတ် နေသည် ။ ကိုမိုး ကတော့ ရေကန် မှ ရေ ကို အားရပါးရ ချိုး နေတာ ကြား ရသည် ။ သူ က သီချင်းကလေး နှင့် ရေချိုး နေသည့်အတွက် ကြား ရသည် ဟု ဆိုခြင်းဖြစ်သည် ။

တိုးလွင် ကို မတွေ့ ၊ အသံ လည်း မကြားရ ။ ဧကန္တ ပြန် မရောက်သေးတာ ဖြစ်လိမ့်မည် ထင်သည် ။ နေ့လယ်ခင်း အိပ်ပြီး ညနေရီ နေဝင်ချိန် မှာ နှိုးလေ့နှိုးထ ရှိသူတိုင်း ခံစားရလေ့ ရှိသော စိတ် လေးလံထိုင်းမှိုင်းခြင်း ၊ ငေါင်နေခြင်း ဆိုသော ဝေဒနာ ကို ခံစားနေရသည် ။ ညိုမောင် သူ့ လက် က နာရီကလေး ကို ငုံ့ ကြည့်လိုက်တော့ ၅ နာရီ ၄၂ မိနစ် ရှိနေပြီ ။ ကိုမိုး ပြီးရင် သူ ရေချိုး လိုက်လျှင် လန်းဆန်းသွားမည် ဟု ညိုမောင် တွေး လိုက်သည် ။ ကိုဇော် ကတော့ သူ နိုးတာကို သိသော်လည်း လှည့် မကြည့် ။ စာအုပ်ကိုသာ သဲကြီးမဲကြီးဖတ်၍နေသည် ။

“ နွေဦး ကံကော်များ ဪ … ခြံထဲပွင့်ဝေ ဆွတ်သင်း … ပျံဝေမြဲ .. ဝါရွှေနု ပွင့်ဖြူ .. ဪ … နိုးပြီလား ”

သီချင်းကလေး ဖြင့် ဝင် လာသော ကိုမိုး က ရေခွက် ကို တင်ရင်း လှမ်း မေးသည် ကို သူ ခေါင်းညိတ် ပြလိုက်ပြီး အပြင်းကြော ဆန့်လိုက်သည် ။ ပြီးတော့ သူ့ ဘယ်လက် လက် မှာ ပတ်ထားသည့် နာရီကလေး ကို ချွတ်ပြီး တိုင်မှာ ရိုက် ထားသော သံချောင်းကလေး မှာ လှမ်း ချိတ်လိုက်သည် ။ ဒီ သံချောင်းကလေး ကို အရင် သူ့ ခုတင် မှာ နေ သွားသူက ဘာ အတွက် အသုံးချဖို့ ရိုက် ထားတာလည်းတော့ မသိ ၊ ညိုမောင့် အတွက်ကတော့ သူ့ နာရီကလေး ချိတ်ရန်အတွက် အလွန် အသုံးတည့်လှသည် ။

ညိုမောင် သည် တိုင် မှာ ချိတ် ထားသော နာရီကလေး ကို မြတ်မြတ်နိုးနိုး ကြည့်လိုက်သည် ။ နာရီကလေး က မင်း က ဘာ ကြည့်တာလဲ ၊ ငါ နေကောင်းပါတယ် ကွ ၊ ငါ က ဒေါင်ဒေါင်မြည်ပါ ဆိုသော သဘော နှင့် တဆတ်ဆတ် လည်၍ ပြနေသည် ။ သို့သော် နာရီလက်ပတ်ကြိုး က ဟောင်း လှပြီ ၊ အနားတွေ ဖွာနေသော လည်သာလတ်ပတ်ကြိုး ဖြစ်၏ ။ သူတို့ ရွာ မှ သွားလျှင် ပထမဦးဆုံး တွေ့ရသည့် မြိုင်ဝန်ကားကြီးဂိတ် မှ တစ်ဆိုင်တည်း ရှိသော နာရီဆိုင် မှ ဝယ် လဲ ခဲ့ခြင်းဖြစ်သည် ။ ထို ကတည်း က ညိုမောင် ဆုံးဖြတ်ချက် ချ ခဲ့တာက ဒီ နာရီကလေး ကို နောက် တစ်ကြိမ် လဲသည့် အခါတွင် အကောင်းစား ရွှေရည်စိမ်လက်ပတ် ကို ဝယ် လဲ နိုင်တော့မှပဲ လဲ တော့မည် ဟု ဆုံးဖြတ်ချက် ချခဲ့သည် ။ ညိုမောင်သည် နာရီလေးကို အလွန် တန်ဖိုးထားသည် ။ သူ့ အသက် ပြီးလျှင် ဒုတိယ တန်ဖိုး အထားဆုံး ဟု ဆိုလျှင်ပင် လွန်လိမ့်မည် မထင်ပါ ။ ညိုမောင် တိုင် မှာ ချိတ် ထားသော နာရီကလေး ကို လက် ဖြင့် အသာ လှမ်းပုတ်လိုက်ပြီး ပြုံးရင်း ထ ရပ်ကာ ရေ ချိုးရန် အင်္ကျီ ချွတ်လိုက်သည် ။

ညိုမောင် ရေချိုး နေစဉ် မမနွယ် ဆိုင် မှ ပြန်လာဟန် တူသည် ။ မမနွယ် သည် ရန်ကင်းစင်တာ မှာ ကီမိုနိုပါတိတ် နှင့် ယနေ့ခေတ် အဝတ်အထည်ဆိုင် ဖွင့်ထားကြောင်း ကို ကိုမိုး ကပြောပြထား သဖြင့် ညိုမောင် သိရသည် ။ မမနွယ် မှာ တင်မေသွယ် ဆိုသော ညီမလေး တစ်ယောက် ရှိပြီး ၊ MA ဆက် တက်ပြီး ဆရာမ လုပ်ရန် ကြိုးစားနေသည် ဟု ကိုမိုး က ဆိုသည် ။ တစ်ဆက်တည်း ကိုမိုး ပြောသည့် စကား က …

“ မင်း မေသွယ့် ကိုတော့ ညီမလေး တစ်ယောက် လို ခင် ပေါ့ကွာ ၊ ငါ နဲ့ မေသွယ် က … ”

“ ဟာ … ဘာလဲ … ဖြစ်နေပြီလား ”

“ သိပ်မကြာခင် ဖြစ်တော့မှာ ”

“ စကား ရထားပြီလား ”

“ အင်း … ပါးရိုက် ခံရမယ်တဲ့ ၊ ကိုယ့် အိမ် နဲ့ ကိုယ် နေနိုင်အောင်ပဲ အရင် ကြိုးစားပါဦး တဲ့ ၊ သူ ပြောတဲ့ စကားတွေက ငါချစ်တာနဲ့ ဘာဆိုင်လို့လဲကွာ ၊ မဟုတ်ဘူးလား ”

သူ ကတော့ အခုမှ ရောက်တာ တစ်ရက် နှင့် တစ်ပိုင်းမို့ မေသွယ့် ကို မတွေ့ဖူးသေးပါ ။ မမနွယ် က အိမ်ပေါ် သို့ တက်ရန် လှေကားသုံးထစ် ကို တစ်ထစ် တက်ပြီးမှ သူ့ ဘက် သို့ လှည့်၍ လှမ်း အော်မေးသည် ။

“ ကောင်လေး မနက် က အဆင်ပြေလား ”

ညိုမောင် က ခေါင်း မှ ရေလောင်း အချနှင့်မို့ ရုတ်တရက် မဖြေနိုင် ။ မျက်နှာ မှ ရေ သပ်ပြီးမှ ပြန် ဖြေရသည် ။

“ ဟုတ်ကဲ့ မမနွယ် ပြေပါတယ် ”

“ အေး … အေး ရပါစေကွာ ”

“ ဟုတ်ကဲ့ မမနွယ် ”

ဒါမျိုး ကို မုသားစကား ဟုခေါ်နိုင်သား ဟု ညိုမောင် စဉ်းစားနေမိသည် ။ သူ အမှန်အတိုင်း ဖြစ်ခဲ့တာကို မမနွယ် နားလည်အောင် ရှင်းပြနေလျှင် သူ က အဆုတ် အအေးပတ် သွားနိုင်သည် ။ မမနွယ် လည်း လှေကားထစ် မှာ မိနစ် အစိတ် လောက် စိတ် မဝင်စားချင်ပဲ ရပ် နေလိမ့်မည် ။ ပြီးတော့ သူ့ ကိုလည်း စိတ် မှ နှံ့ ရဲ့လားဟု ထင်ချင် ထင်မည် ။ ဒီတော့ အခုလို မုသားမျိုး သည် အခြေအနေ အချိန်အခါ အရ ပြုသင့်သော မုသား ဟု ညိုမောင် ယုံကြည် လိုက်သည် ။

ညိုမောင် ရေ သုတ်နေတုန်း တိုးလွင် ရောက်လာသည် ။

“ ငါ ပြန်ရောက်တော့ ဒစ်စပါတ် က ကောင်မလေးတွေ က ပြော တယ်ကွ ၊ မင်း က လည်း ပြန်မယ် ဆိုရင်လည်း သူတို့ ကို ပြန်မယ် လို့ ပြော သွားရောပေါ့ ၊ ငါ က မင်း ရှိသေးတယ် ဆိုပြီး လျှောက် ရှာလိုက်ရတာ ၊ ဦးဌေးဝေ လည်း ၃ နာရီခွဲ လောက် မှ ပြန် ဝင်လာတာ တွေ့တယ် ၊ ဘယ်လိုလဲ အဆင် ပြေတယ် မဟုတ်လား ”

“ မပြေဘူး တိုးလွင် ၊ မင်းတို့ ကို ငါ ဘာ ဖြစ်ခဲ့တယ်ဆိုတာ အစအဆုံး ပြောမယ်ကွာ ”

ကိုဇော် စာအုပ် ဖတ်တာ ရပ် သွားသည် ။ ကိုမိုး က သီချင်းညည်း တာ တိတ် သွားသည် ။တိုးလွင် က သူ့ ခုတင် ပေါ် တွင် ထိုင် ချလိုက်ရင်း သူ့ မျက်နှာ တည့်တည့် ကြည့်ရင်း မေး သည် ။

“ မင်း … ဘာတွေ ဖြစ်ခဲ့လို့လဲ ညိုမောင် ”

ညိုမောင် က သူ ဖြစ်ခဲ့သည့် ပြဿနာအားလုံး ကို ပြော ပြလိုက်တော့ သူငယ်ချင်းတွေ အားလုံး ဝူးဝူးဝါးဝါး ဖြစ်ကုန်သည် ။

“ ဟာ … ဒါ ဘာသဘောလဲ ကွ ၊ မင်း က သူ့ ကို ကူညီခဲ့တာတောင် သူ က ဘာဖြစ်လို့ ဒီလောက် ရစ်ရတာလဲ ၊ သူ က ပြန် မကူညီချင် နေကွာ ၊ ထပ် ရစ်တာကြီး ကတော့ တရား လွန်တာပေါ့ ၊ သူ က ဘာ မို့လို့လဲ ”

ကိုမိုး က ဒေါသတကြီး ဝင် အော်သည် ။ တိုးလွင် က …

“ မင်း … လမင်း အကြောင်း ကို မသိလို့ အဲဒီလို ပြောတာ ငမိုး ၊ လမင်း က Solo မှာ ဘုရင်မ ပဲ ၊။သူ့ အစ်ကို ကတောင် သူ့ ကို နိုင်တာ မဟုတ်ဘူးကွ ၊ သူ က ထင်ရာ လုပ်တာ ၊ သူ့ အစ်ကို က လူအေး ၊လူမှန် မို့ သာ ငါတို့ တော်တော် သက်သာနေတာ ”

“ သွားစမ်းပါ ငတိုး ရာ ၊ ဒီမှာ ဟေ့ကောင် ရွှေ ချည်းပဲ ပစ္စည်း လုပ်လို့မရဘူးကွ သိလား ၊ ကြေး ရော ရတယ် ၊ ကြေး ရော ရတယ် ၊ သူ ဘုရင်မ ဖြစ်တယ် ဆိုတာ သူ့ ကို ဘုရင်မ ဖြစ်အောင် လုပ် ပေးနေတဲ့ လူတွေ ရှိနေလို့ ဖြစ်တာပါ ကွ ”

“ ငါတို့ က သူ့ ကို ဘုရင်မ နေရာ ပေးမထားရင် Solo ကနေ Solo တီးလုံးကလေး နဲ့ ကပြီး ထွက် သွားရမှာပေါ့ကွ ”

“ အေးပါ ၊ မင်းတို့ ရဲ့ ရပ်တည်ချက် ကို ငါ နားလည်ပါတယ် ၊ အဲဒီ အပေါ်မှာ သူ က အခွင့်ကောင်း ယူ နေတာပေါ့ကွ ၊ ငါတို့ ဗုဒ္ဓဘာသာတွေ ပဲ ကွာ ၊ ကိုယ့် အပေါ် မှာ ကျေးဇူး ရှိတဲ့ လူ ကို ကျေးဇူး ပြန် မဆပ်ချင်ရင် နေ ၊ ထပ်ပြီးတော့ စော်ကားတာ တော့ တရား မဲ့ လွန်း လူမဆန်လွန်း အားကြီး ပါတယ်ကွာ ၊ မင်း မို့လို့ ညိုမောင် ငါ သာ ဆို အဲဒီလို ပြောပြီး ထွက် လာခဲ့တယ် ”

တွေ့ရ သိရတာ တစ်ရက် နှစ်ရက် သာ ရှိ သေးသော်လည်း ကိုမိုး သည် သူ့ ဘက် က မခံမရပ်နိုင် ဖြစ်ပြီး ဒေါသတကြီး ဖြစ် နေသည်ကို ငေးရင်း ညိုမောင့် ရင်ထဲ နွေးထွေး ၍ သွား၏ ။