ဒီတစ်ခါတော့ မမနွယ် မှားပြီ ထင်ပါသည် ။
“ ကဲ … စေတနာရှင် ကို ချီတက်ကြစို့ ကွာ ၊ စောစော စားတော့ ဟင်းစုံစုံ လည်း ရ တာပေါ့ ၊ ချဉ်ရေဟင်း လည်း နှစ်ခါလောက် ဖိ တောင်းလို့ ရတာပေါ့ ”
တိုးလွင် စကား အဆုံး မှာ သူတို့အားလုံး မတ်တပ် ရပ်လိုက်ကြသည် ။
သူတို့ ရောက်တော့ ‘ စေတနာရှင် ‘ သည် လူစည်ကားစ ပြုနေပြီ ဖြစ်သည် ။ သူတို့ ထိုင်နေကျ သူတို့ အတွက် ဝိုင်း ကတော့ လူ ရှင်းနေသဖြင့် ကိုဇော် တို့ ဝမ်းသာ နေကြသည် ။
“ ဟေ့ကောင်တွေ လက် နောက် မှ ဆေး ၊ နေရာ အရင် ဦးထား ”
ကိုဇော့်စကား ကို ညိုမောင် နား မလည်ပါ ။
အပြင် မှာ ပင် စားပွဲ သုံးလေး ပွဲ လွတ်နေသည် ။ အထဲ မှာ လည်း သုံးခုံလောက် လူ မရှိပါ ။ ဘာကြောင့် စားပွဲ ကို အရင် ဦး ခိုင်းနေရသနည်း ။
ပြီးတော့ နေရာဦးကြ ထိုင်ကြတော့လည်း ကြည့်ဦး ၊ ဆိုင် အတွင်း ထဲ က မီးဖိုတွေ စီ ချပြီး ရေနွေးအိုး နှင့် ထမင်းအိုး တည်နေသည့် မီးဖိုတန်း နံဘေး က နေရာကြီး မှာ ။ အပြင် မှာ လေကလေး တဟူးဟူး နဲ့ စား ရလျှင် ပို မကောင်းဘူးလား ။
“ ကိုမိုး …. ဘယ်နေရာကြီး ထိုင် တာလဲဗျာ ၊ အပြင် မှာ ထိုင်ရတာ ပို မကောင်းဘူးလား ”
ကိုမိုး က သူ့ ကို ဘာ မှ ပြန် မပြောဘဲ တံတောင် နှင့် တွတ်ပြီး အသာနေ ဆိုသည့် သဘောမျိုး ပြသဖြင့် သူ လည်း ဘာမှ မပြောတော့ဘဲ ဝင် ထိုင်လိုက်ရ၏ ။ မီးဖို မှ အပူငွေ့သည် ပခုံးတစ်ခြမ်း ကို ခပ်ဖွဖွ တိုးဝှေ့ ၍ နေသည် ။
“ သော်သော် … အိုးအသစ် ကြာ ဦးမလား ”
“ ၁ဝ မိနစ် လောက် လို သေးတယ် ”
“ ၁ဝ မိနစ် … ”
ညိုမောင် ကိုဇော် လိုက် ပြော စကားကြောင့် သူ့ လက် က နာရီကို ငုံ့ ကြည့်လိုက်သည် ။ ညိုမောင့် ရင် ထဲ မှာ ထိတ်ခနဲ ဖြစ်သွား၏ ။ သူ့ လက် မှာ နာရီ ပါ မလာ ။ ရေ ချိုးမယ် လုပ်တုန်းက တိုင် မှာ ချိတ် ထားခဲ့ပြီး ၊ တိုးလွင် မေးတော့ သူ့ အကြောင်း ကို ပြောရင်း စကားတွေ ဆက် ကုန်ပြီးတော့ ထမင်းဆိုင် ကို တန်း ထွက် ခဲ့သဖြင့် နာရီ ကို ပတ်ခဲ့ဖို့ မေ့ သွားခြင်း ဖြစ်သည် ။
“ ဟာ .. ကျွန်တော် နာရီ ကျန်ခဲ့ပြီ သွား ယူလိုက်ဦးမယ် ”
“ ဘယ်မှာ ကျန်ခဲ့တာလဲ ”
“ အဆောင် မှာ … ”
“ ဟာ … အဆောင် မှာ ကျန်ခဲ့တာပဲကွာ ဘာ ဖြစ်လဲ ၊ မင်း က ထမင်း စားပြီးရင် ဘယ်ကို သွားဦးမှာ မို့လို့ လဲ ”
“ မသွားပါဘူး ”
“ အဲဒါများကွာ ၊ ထားစမ်းပါ ၊ ငါတို့ ဒီအဆောင်မှာနေလာတာ ၃ နှစ် ရှိပြီ ၊ အပ်တိုတစ်ချောင်း မပျောက်ဖူးဘူး ”
“ မင်း အပ်တို က ဘာ တန်ဖိုး ရှိလို့ ဘယ်သူ က ခိုး မှာလဲ ၊ ငါ့ ဟာ က နာရီ ကွ ၊ တန်ဖိုး ရှိတယ် ၊ ငါ ပြန် ယူ လိုက်ဦးမယ် ”
“ ကိုဇော် တို့ ထမင်းပူ စောင့်မှာနော် ”
“ ဟုတ်တယ် ညီမလေး ”
“ ဪ … ဟိုအစ်ကို … အဆောင် အဆင်ပြေ သွားပြီလား ”
“ ခင်ဗျာ ”
ညိုမောင် ကြောင် သွားသည် ။ သူ့ ကို မေးသော သော်သော့် ကို သူ မမှတ်မိချေ ။
“ ဆိတ်ကလီစာတစ် ၊ ငါးတန်တစ် ၊ ချဉ်ရည်ဟင်းလိုက်မယ် ”
သော်သော် မျက်နှာ က ဟင်းအိုးတွေ ဘက် သို့ ရောက် သွား၏ ။
“ ဟေ့ကောင် ညိုမောင် ၊ မင်း က သော်သော်နဲ့ ဘယ်တုန်းက သိ တာလဲ ”
“ သော်သော် … ကျွန်တော် … သူ့ ကို မသိဘူးဗျ ”
ထို စကားသံ ကြောင့် သော်သော့် မျက်ဝန်း က ညိုမောင့် ဆီ သို့ ဖျတ်ခနဲ ရောက်လာသည် ။
“ ဘာ မသိတာလဲ ၊ မမှတ်မိတာ နေမှာပါ ၊ ဖေဖေ က ဖျာလိပ်သည် ထင်ပြီး လှမ်း ခေါ် တော့ မမနွယ် တို့ အဆောင် ကို မေးလို့ ကျွန်မ တို့ လမ်း ညွှန်လိုက်တာလေ မှတ်မိပြီလား ”
“ ဟာ .. ဟုတ်ပြီ … ဟုတ်ပြီ ၊ မှတ်မိပြီ ၊ တောင်းပန်ပါတယ် ဗျာ ၊ အဲဒီတုန်းက တွေ့တဲ့ နေရာနဲ့ အခု တွေ့တဲ့ နေရာ ဆက်စပ်လို့ မရတာလည်း ပါ လို့ပါ ၊ စိတ် မဆိုးပါနဲ့ ”
“ စိတ်မဆိုးပါဘူး ၊ နောင်လည်း အားပေးပေါ့နော် ”
“ အာ.. စိတ်ချပါ ၊ ဒီ ဆိုင်မှာပဲ စား မှာပါ ၊ တိုးလွင် ငါ အဆောင် ခဏ ပြန် ဦးမယ် ”
ထ ထွက်သွားသော ညိုမောင့် ကို ကြည့်ရင်း ကိုမိုး နာမလည်နိုင် ဖြစ်၍ နေသည် ။
“ ဒီကောင် ဘာ ဖြစ်တာလဲ ကွ ၊ အဆောင် မှာ နာရီ ကျန်ခဲ့တာပဲ ၊ စိန်ထုပ် ကျန်ခဲ့တာ ကျနေတာပဲ ၊ သူ့ နာရီ ကို ကြည့်တော့ဖြင့် အစုတ် ၊ အဲဒီ နာရီ အစုတ် ကို ဘယ်သူက ယူ မှာမို့လို့လဲ ”
“ အာ …အဲဒါတော့ သူ့ ကို သွားမပြောလိုက်နဲ့ မောင်မိုးရေ ၊ အဲဒီ နာရီ ကို သူ သိပ် မြတ်နိုးတာ ၊ သူ့ အဖေ ကို သူ့ အဘိုး က ပေးခဲ့တာ ၊ သူ့ အဖေ က မသေခင် မှာ သူ့ ကို ပေးခဲ့တဲ့ တစ်ခုတည်းသော အမွေ ကလည်း ဒီ နာရီပဲ ၊ မင်း အဲဒီ နာရီ ကို သွား ထိရင်တော့ ဒီကောင် နဲ့ ပြဿနာ အကြီးအကျယ် တက် လိမ့်မယ် ”
မောင်မိုး က ပခုံး ကို တွန့်ပြီး မျက်လုံး ကို ပြူးပြ၏ ။
မောင်ဇော် စိတ်ဝင်စားတာ တစ်ခု ဖြစ်၏ ။
“ သော်သော် … နင် နဲ့ ညိုမောင် စ သိတာကို ငါတို့ နားလည်အောင် ပြောပြပါဦး ဟ ၊ နင်တို့ နှစ်ယောက် ပြော သွားတာ ငါ တို့ နား မရှင်းဘူး ”
“ ဒီလို ကိုဇော် ရ ၊ အိမ် မှာ က တစ်ယောက်အိပ် ဖျာ တစ်ချပ် လို နေတာ ကြာလှပြီ ”
သော်သော် က ညိုမောင် နှင့် ဇာတ်လမ်း ကို လည်း ပြောရင်း ဟင်း ကို လည်း ထည့် ရင်း ၊ ထမင်း ကို လည်း ခူး ရင်း ရှေ့ မှာ ခေါ်တာ လိုတာတွေ ကို လည်း လှမ်း အော်ရင်း ခြေမျက်စိ ကို ထိလုနီးပါး ရှည်သော သူ့ ကျစ်ဆံမြီး ကို လည်း ထိန်းသိမ်းရင်း နှင့် ကိုဇော့် ကို ညိုမောင့် အကြောင်း ကိုပြောပြ သွားသဖြင့် တိုးလွင် ရော မောင်မိုး ရော ပါ ကြား သွားကြသည် ။
“ ဟေ့ကောင် …. ငတိုး ၊ မင်း အညာသား က ကြာ ရင် ငါတို့ ကို ကျော် တက် ရုံ တင် မဟုတ်ဘူး ၊ ဝင်ပါ တိုက် သွားမလားတောင် မသိဘူး ကွ ”
ကိုဇော့် စကား ကြောင့် တိုးလွင် တို့ အားလုံး ရယ်လိုက်ကြသည် ။
ညိုမောင် ပြန် ရောက်လာတော့ လက် ထဲ မှာ နာရီ ပါလာသည် ။ ထမင်းစားပွဲ ပေါ်မှာလည်း ပူပူနွေးနွေးထမင်း ပန်းကန်တွေ ရောက်နေပြီ ဖြစ်သည် ။ တိုးလွင် တို့ က လူ လေးယောက် ကို ဟင်း သုံးပွဲ သာ မှာ သည် ။ ဝက်သား နှင့် မျှစ်ချဉ် တစ်ပွဲ ၊ ငါးကြင်းရေချို တစ်ပွဲ ၊ ပုစွန်ကျော့ကလေးတွေ တစ်ပွဲ ၊ အရံဟင်း က ဂေါ်ဖီကြော် နှင့် မရမ်းသီးငါးပိချက် ဖြစ်၏ ။
ထမင်းပူပူကလေး နှင့်ဆိုတော့ လျှောခနဲ လျှောခနဲ ဝင် သွားကြသည် ။ နောက် လိုက်ပွဲတွေ မှာ ကြတော့မှ ဒီ ခုံမှာ ဘာကြောင့် ကျောအပူ ခံ ပြီး ထိုင်ကြသည် ဆိုတာ ကို ညိုမောင် သဘော ပေါက်သွားသည် ။
လိုက်ပွဲ မှာရင်း သူတို့ က ကြက်သားဟင်းရည်ကလေး ဆမ်းပါဦး ၊ ဝက်ချိုဟင်းရည်ကလေး ဆမ်းပါဦး ၊ ဝက်သားနှင့် မျှစ် ပန်းကန် ကို ပေးတာ မျှစ်နှင့်အရည်ကလေး ထည့်ပေးပါဦး ၊ ငါးကြင်းရေချိုဟင်းရည်ကလေး ထည့်ပေးပါဦး ဟု ကပ်၍ တောင်းကြသည် ။
ဟင်းအိုးတွေ နှင့် နီး နေသဖြင့် သော်သော် နှင့် မော်မော် တို့ က တခြား ဟင်းပွဲတွေ ထည့်ရင်း အလိုက်သင့် ဘာမှ မပြောတော့ဘဲ ထည့် သွားကြ၏ ။ ပုစွန် ကို တော့ မတောင်း ကြပါ ၊ ‘ စေတနာရှင် ‘ ဟူသော နာမည် နှင့် လိုက်သော ထမင်းဆိုင်ကလေး ဟု ညိုမောင် ထမင်း စားရင်း တွေး မိပါသည် ။
ညိုမောင့် မျက်ဝန်းတွေ ဖျတ်ခနဲပွင့်လာတော့ ညိုမောင် ခုတင် ဘေး က သူ့ နာရီကလေး ကို ယူ ကြည့်လိုက်တော့ တစ်မိနစ် မလွဲ မနက် လေးနာရီ တိတိ ပင် ဖြစ်သည် ။