ဘာကြီးလဲ

၁ဝ နှစ် သား ကတည်း က ယခု အသက် ၂၄ နှစ် အထိ ဆယ်လေးနှစ် တိတိ နေ့စဉ် လိုက်နာခဲ့ရသော အကျင့်သည် မည်သို့မျှ ဖျောက်ဖျက်ပစ်၍ ရနိုင်တော့မည် မဟုတ် ဆိုတာကို ညိုမောင် နားလည်ပါသည် ။

နေ့လယ် နှင့် ညနေ တွင် ဆရာတော် က ခိုင်း၍ ဖြစ်စေ ၊ တိုက်အုပ် နှင့် ဒု – ကျောင်းထိုင်ဆရာတော် က ခိုင်း ၍ ဖြစ်စေ တစ်နေကုန် ဘယ်လောက် ပင်ပန်းထားထား မနက် ၄ နာရီ ထိုးလျှင် ညိုမောင် တို့ထကြရမြဲ ဖြစ်သည် ။

အိပ်ရာမှ ၄ နာရီထိုး တုံးခေါက်သံ နှင့် အတူ ထ ၍ မျက်နှာသစ် ပြီးသည် နှင့် စကား မပြောရဘဲ သိမ် ထဲ သို့ ကြွ၍ ဘုရား ရှိခိုးပြီးသည် နှင့် တရား ထိုင် ကြရသည် ။ ဒေါ်သိန်းဌေး နှင့် သူ့မြေးမလေး မိကူး ၊ ကြီးတော်ဆင် တို့ က မနေ့ နေ့လယ် က ဆွမ်းဘုဉ်းပေးပြီး ကျန်ခဲ့သော ဆွမ်း နှင့် ဆွမ်းဟင်းတို့ ကို စုပေါင်းပြီး သိမ်းထားသော ထမင်းကျန် ဟင်းကျန် အားလုံးကို ‘ တာလပေါ ‘ ဟင်းအဖြစ် ကျို ကြရသည် ။ ဆရာတော်ဘုရား အတွက် ကတော့ ဆွမ်းဆန်စိမ်း ထဲ မှ ဆွမ်း ကို ချက်၍ ဘုရား ကပ် ပြီးလျှင် ကျန် ထမင်း နှင့် ဆွမ်း ဘုဉ်းပေးရန် တစ်ခုခု စီစဉ်လေ့ ရှိပါသည် ။

၄၅ မိနစ် တရား ထိုင် ပြီးလျှင် စာသင်သား ကိုယ်တော်များ နှင့် ကျောင်းနေ ကိုယ်တော်များ အားလုံး ဆွမ်းစားဆောင် သို့ ဆိတ်ငြိမ်စွာ အရုဏ်ဆွမ်း ဘုဉ်းပေးရန် ကြွ ကြရသည် ။

အရုဏ်ပျို့ကာစ ညနှောင်း နှင့် နေ့အပျိုအလင်း ပါးပါး နှင့် အမှောင်နုနုကလေး ရဲ့အောက် မှာ သိမ်ကျောင်း ထဲ မှဆွမ်းစားဆောင် သို့ တိတ်တဆိတ် တန်းစီ ၍ ကြွလာကြသော ကိုယ်တော်တို့ ကို မြင်ရဖူးရသော မြင်ကွင်း ကို ၁၄ နှစ် စလုံး ညိုမောင် မြင်ခဲ့ရသော်လည်း တစ်ကြိမ် တစ်ခါမျှ ညည်းငွေ့သည် ဟူ၍ မရှိခဲ့ ။

ဆွမ်းစားဆောင် သို့ ရောက်သော အခါ ဆရာတော်ကြီး ကို စ၍ ဆွမ်း ကပ်သည် ။ ဆရာတော်ကြီး ၏ ဆုံးမစကား ( နံနက်ခင်းဩဝါဒ ) ပြီး မှ ကိုယ်တော်တို့ က တစ်ညီတစ်ညာတည်း အရုဏ်ဆွမ်း ကို ဘုန်းပေးကြသည် ။

ထို အစီအစဉ် နှင့် ပြုဖွယ် ရှိသည်တို့ မှာ ဝါလ ကင်းလွတ် ၍ နံနက် အရုဏ်ဆွမ်း အလှူရှင်များ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ တစ်ပုံစံ တည်း သာ ဖြစ်သည် ။အရုဏ်ဆွမ်း အလှူရှင် ရှိသည့်နေ့ ကျ လျှင်တော့ ညိုမောင် တို့ အလုပ် လည်း ပို ရှုပ်သည် ။ ကောင်းကောင်းလည်း စားကြရသည်မို့ ပျော်ကြသည် ။ ဆရာတော်ကြီး ၏ မျက်နှာလှုပ်ရှားပုံ ၊ သီလပေးပုံတို့ ကတော့ ဘယ်တော့မှ မပြောင်းလဲတက်ပါ ။

အရုဏ်ဆွမ်း ဘုဉ်းပေးပြီးသည် နှင့် စာသင်သား တို့ က စာ အံကြရသည် ။ ညိုမောင် တို့ က ရှင်းစရာ ရှိတာ ရှင်း ၊ ချန်စရာ ရှိတာ ချန် ၊ သိမ်းစရာ ရှိတာ သိမ်း လုပ်ကြရသည် ။ ၈ နာရီ ခွဲ ၉နာရီ အထိ စာသင်သား တို့ ရော ၊ ကိုယ်တော် တို့ ပါ ခဏ နားခွင့် ရကြပြီး ၊ ၉ နာရီ ထိုးသည် နှင့် မိမိတို့ ဆွမ်းထောက် ထား သော ဒါယကာ ဒါယိကာမ တို့ ၏ အိမ် အသီးသီး သို့ ဆွမ်းခံ ကြွကြရသည် ။

ဆွမ်းခံ ပြန် လာလျှင် ညိုမောင် တို့ က ဆွမ်း နှင့် ဆွမ်းဟင်းများ ကို ကပိ္ပယကြီး စီစဉ်သည့်အတိုင်း စီစဉ်၍ ၁၁ နာရီ ခွဲ တွင် ဆရာတော်ကြီး က ဆွမ်း ကို မြတ်စွာဘုရား အား အရင် ကပ်ပြီးမှ ဆွမ်းစားခွင့် ရကြသည် ။

ထိုသို့ ပြုမှုဆောင်ရွက်ချက်များ သည် နေ့စဉ် ညစဉ် မပြောင်းလဲသော ဖြစ်စဉ်များသာ ဖြစ်သည် ။ ထိုစည်းကမ်း ထိုအလေ့အကျင့် ကြား မှာ ကြီးပြင်းလာခဲ့သော ညိုမောင် သည် အခု မနက် ၄ နာရီ မှာ နိုးနေတာ ဘာမှ မဆန်းပါ ။

သူ့ အခန်းဖော်တွေ ကတော့ ခြင်ထောင်တွေ ထဲ မှာ ပုံစံအမျိုးမျိုး နှင့် အိပ်ပျော်လျက် ရှိကြသည် ။ ညိုမောင် ကတော့ ဆက် အိပ် နေ၍ မရတော့သော ကြောင့် သူ့ ကိုယ် သူ သိသဖြင့် ခြင်ထောင် ထဲ မှ ထွက် ၍ မျက်နှာ ကို သေသေချာချာ သစ် ပြီး မဟာမြတ်မုနိပုံတော် ကို သာ အာရုံ ပြု၍ ဘုရား ရှိခိုးသည် ။

ဘုရား ရှိခိုးတော့ အခန်းဖော် သူငယ်ချင်းတွေ ကို အားနာ ရသဖြင့် ကျောင်း မှာ ရှိခိုးသလို သိမ်ကြီး တစ်ခုလုံး ဟိန်း သွားအောင် အားရပါးရ ရှိခိုးခွင့် မရဘဲ အသံဖွဖွ နှင့်သာ ရှိခိုး ရသဖြင့် အား မရပါ ။ ဒီအချိန် ဆို ကျောင်း မှာ ကိုယ်တော်တွေ ကလည်း သူ့လို ပဲ ဘုရား ဝတ်တက် နေပြီ ဟု ကြည်နူးစွာ တွေးလိုက်မိတော့ သူ့ အာရုံထဲတွင် သိမ်ကြီး ထဲ မှ ဘုရားဝတ်တက်သံများ ကို ကြည်နူးစွာ ကြားရလေသည် ။

ဘုရား ဝတ်တက် ပြီးတော့ ညိုမောင့် ပြဿနာ က ဗိုက် ဆာခြင်း ပင် ဖြစ်သည် ။ ထို အကျင့်သည်လည်း ၁၄ နှစ်လုံးလုံး နေ့စဉ် ပြုခဲ့သော အကျင့် ဖြစ်သဖြင့် ဖျောက်၍ မရနိုင် ၊ ညိုမောင် နာရီ ကို ကြည့်လိုက်တော့ ၄ါ် ၄၈ မိနစ် ။ ဒီအဆောင် က လမ်းထိပ် ကို ထွက်လျှင် ၅ မိနစ် ကြာမည် ။ သူတို့ အဆောင်လမ်းသွယ် မှ မြေနီ မိန်းလမ်းမကြီး ကို ရောက်ပြီး နောက်ထပ် ၅ မိနစ် လောက် ထပ် လျှောက်လိုက်လျှင် ကားလမ်းမ ကိုရောက်မည် ။ ထို ကားလမ်းမ ဝဲယာ မှာတော့ နံနက်စောစော ထွက်တက်လေ့ ရှိသော လက်ဖက်ရည် ၊ မုန့်ဟင်းခါး တစ်ဆိုင် ဆိုင်တော့ ရှိနိုင်လိမ့်မည် ဟု ညိုမောင် တွေးပြီး အင်္ကျီလက်ရှည် ကို ဝတ်ရင်း တိုးလွင် ကို နိုး ရလျှင် ကောင်းမလား ဆိုပြီး ခြင်ထောင် ကို မကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ် နေသော တိုးလွင် ကို တွေ့ရသဖြင့် မနိုးရက်တော့ဘဲ တစ်ယောက်တည်း ထွက် လာခဲ့သည် ။

အဆောင် အပြင် ကို ရောက်တော့ ကောင်းကင်ပေါ် မှာ အမှောင် နှင့် အလင်း သည် လောက သဘာဝ ကို သူ့ ဘက် ကိုယ့် ဘက် သို့ ပါအောင် ဆွဲယူ လု နေကြသည်ဟု ညိုမောင် ထင်သည် ။ မမှိတ်သေးသော လမ်းမီးများ က အလင်းရောင် လာတော့မည့် မနက်ခင်းဘက်ကလား ၊ သူတို့ လင်းခဲ့ရသော အမှောင်ဘက် ကလားတော့ မသိ အစွမ်းကုန်တော့ လင်း နေကြသည် ။

တိတ်ဆိတ်ပြီး လူတွေ အိပ်နေကြသည့် တစ်ဖက် တစ်ချက် အိမ်တွေ ကြား မှ ညိုမောင် တိတ်ဆိတ်စွာပင် လမ်းလျှောက် လာခဲ့သည် ။ ထိုအချိန် တွင် တိုက်သော လေတွင် ရနံ့တစ်ခု ပါသည် ။ ဘာကြောင့်လဲတော့ မသိ ထိုအချိန်တွင် တိုက်သော လေပြေ ၏ ရနံ့ သည် တစ်နေ့လုံး ဘယ်အချိန် မှာ မှ ရလေ့ မရှိ ။ အလင်းနုရနံ့ နှင့် အမှောင်ဖျော့ရနံ့ ကြား မှ လေပြေ ၏ ရနံ့ တစ်ခုဖြစ်သည် ။

လမ်းထိပ် ကို ရောက်တော့ ကားလမ်းမ ဘက် သို့ အထွက် မှာ ညိုမောင် မြင် လိုက်ရသော မြင်ကွင်းကြောင့် ဝမ်းသာ သွားသည် ။ ‘ စေတနာရှင် ‘ ထမင်းဆိုင် ရှေ့မှာ ခုံတန်းရှည် နှင့် ပန်းကန်တွေ ခွက်တွေ အိုးတွေ ကို တွေ့ရသောကြောင့် ဖြစ်သည် ။ ‘ စေတနာရှင် ‘ ထမင်းဆိုင် ထဲ မှာ မဟုတ်ဘဲ ထမင်းဆိုင် နံဘေး က ဓာတ်တိုင်အောက် တွင် ဖြစ်သည် ။ မနက်ခင်း စားစရာ တစ်ခုခု ကို ရောင်းတာတော့ သေချာပြီ ဖြစ်သည် ။

ဆိုင်နား ကို ရောက်တော့ မော်မော် တစ်ယောက် တည်း ထင်းခြောက်ကလေးတွေ နှင့် မီး မွှေးနေတာ ကို တေွ့ရသည် ။

“ ဟာ … အခုမှ မီး မွှေးနေတာလား ”

“ ဩ … ဖျာသည်ကြီး ပါလား ၊ ဒီအချိန်ကြီး ဘာ ထွက် လုပ်တာလဲ ”

“ ဗိုက်ဆာလို့ပါ ဘာ ရောင်းတာလဲ ဟင် ”

“ ဧကန္တ အိပ်ရာ ပြောင်းလို့ အိပ် မရဘူးနဲ့ တူတယ် ဟုတ်တယ်ဗျ အိပ်ရာ ပြောင်းရင် အိပ်မရတက်ဘူး ၊ ကျွန်တော်လည်း ဒီလိုပဲ ”

မော်မော် သည် ယောက်ျားလျာကလေး တစ်ယောက် မဟုတ်ပါ ။ သို့သော် ယောက်ျားလေး အင်္ကျီသာ ဝတ် တက်လေ့ ရှိပြီး စကား ပြောလျှင် ‘ ခင်ဗျား ‘ ‘ ကျွန်တော် ‘ နှင့် မန္တလေးသူ တွေ ပြော သလို ပြောတက်လေ့ ရှိတာ ကို ညိုမောင် သတိ ထား မိသည် ။

မော်မော် က မီး စွဲကာ စ ထင်းချောင်းကလေးတွေ အပေါ် မှာ မီးသွေးခဲကလေး ကို မီး စွဲအောင် တင် နေသည် ။ သူ့ ကို မော့ မကြည့်ဘဲ မီးသွေး ထည့် ရင်း ပြောခြင်း ဖြစ်၏ ။

“ အင်း … ကျွန်တော် က နိုးနေကျ မို့ နိုးတာပါ ၊ ဒါနဲ့ ဘာ ရောင်း တာလဲ ဟင် ”

“ ထမင်းကြော် … ခေါက်ဆွဲသုပ် ”

“ ဟာ … တော်သေးတာပေါ့ ဗျာ ၊ ကျွန်တော် က ကားလမ်း ကို ထွက်ပြီး ဆိုင်လျှောက် ရှာတော့မလို့ ”

“ ခင်ဗျား က ကျွန်တော်တို့ နေ့တိုင်း ရောင်းတာ မသိဘူးလား ၊ အေးလေ ခင်ဗျား က အခုမှ အဆောင် ကို ပြောင်းတာ ဆိုတော့ ”

“ ဒီအချိန် ရောင်းရရဲ့လား ဗျ ”

“ အမလေး ဒီ အချိန်မှာ အလုပ် စ ဆင်းတဲ့ သူ ရှိတယ် ၊ အလုပ် က ပြန်တဲ့ သူ ရှိတယ် ၊ ကုန်စိမ်းတို့ ငါးတို့ ကြို တဲ့ သူတွေ ရှိတယ် ၊ ပြီးတော့ ခင်ဗျားတို့ လို လူမျိုးတွေ ရှိတယ် ”

မော်မော် က သူ့ စကား ကို သူ သဘော ကျပြီး ရယ် နေသည် ။

“ ဟော မမ တောင် လာနေပြီ ”

မော်မော့် စကားကြောင့် ညိုမောင် လှမ်း ကြည့်တော့ ထမင်းအိုးကြီး ကို ပုးဆိုးကရွတ်ခွေ နှင့် ရွက် လာသည် ။ လက်နှစ်ဖက် မှာ က တစ်ဖက် မှာ ပလတ်စတစ်ရေပုံး ၊ တစ်ဖက်မှာ က ထိုင်ခုံ နှင့် ပိုက်ဆံဘူး ။

ညိုမောင် ကမန်းကတန်း ပြေး သွားပြီး သော်သော့် လက် ထဲက ပလတ်စတစ်ရေပုံး တို့ ကို အရင် ယူပြီး ။ ပြီးတော့မှ ကျန်သည့် လက် ထဲ က ပစ္စည်းတွေ ကို ယူ သည် ။ သော်သော် က ..

“ ရပါတယ် ” တို့ “ အားနာလိုက်တာ ” တို့ ဘာမှ မပြောသဖြင့် ညိုမောင် ကလည်း စိတ် မကျဉ်းကြပ်တော့ဘဲ အလွယ်တကူ ကူညီ လိုက်နိုင်သည် ။

“ ပန်းကန်တွေ ဘယ်လို စီသလဲ ”

“ ပန်းကန် က သုံးမျိုး ပဲဟာ ၊ ထမင်းကြော် နဲ့ အသုပ် ပန်းကန်ရယ် ၊ အသုပ် အတွက် ဟင်းချိုပန်းကန် ရယ် ၊ ထမင်းကြော် အတွက်အချဉ်ပန်းကန် ရယ် ”

“ ဒါဆို ရပြီ … ”

ဘုန်းကြီးကျောင်းသား လုပ် ခဲ့သော ညိုမောင် သည် ဒီ ပန်းကန် စီ တာ လောက်တော့ အပျော့ပင် ဖြစ်သည် ။ ထိုအချိန်တွင် သော်သော် က သူ့ ရင်ဘတ် အရှေ့ သို့ ပို့ထားသော ကျစ်ဆံမြီးရှည်ကြီး ကို နောက် သို့ ပစ် ပို့ရင်း အိမ် က အသင့် လှီးထားပြီးသား ဂေါ်ဖီထုပ် နှင့် ကြက်သွန် တို့ ကို ပလက်စတစ် တစ်ခွက် တစ်ခွက် စီ ဖယ်၍ ငရုတ်သီးစိမ်း နှင့် ဆား ကို ဖြူးသည် ။ ဟင်းခတ်မှုန့်ကလေး နည်းနည်း ထည့်၏ ။