ဘာကြီးလဲ

ပြီးတော့ ရှောက်သီး ကို ထက်ခြမ်း ခွဲ ၊ တစ်စိတ် စိတ် ပြီး ထို အချဉ် ကော်ဇလုံ ကလေး နား တွင် အသာ ထားသည် ။ တောင်း ထဲက ကြက်ဥကတ်ကလေး ကို ထုတ်ပြီး ပုဆိုး ဖြင့် ထုတ်ထားသော ကြက်ဥတွေ ကို စီ သည် ။ အချဉ်ရည် စပ်ပြီးသား ဇလုံ ကို တင်သည် ။ နံနံပင်များ နှင့် ငရုတ်သီးစိမ်းတွေ က မန်ကျည်းသီး နှင့် စပ် ထားသော ငရုတ်ချဉ်ရည် ပေါ် တွင် မမွှေရသေးသဖြင့် ရောယှက် ငြိမ်သက် စုပုံ နေကြသည် ။

ဒီလို ရှေ့ခုံ ပေါ် က ကိစ္စတွေ ကို စီစဉ်သည့် အခါကျတော့ သော်သောက် ကျစ်ဆံမြီး ကို နောက်သို့ ပို့ ထားရပြန်သည် ။

ဒီတော့မှ မြေကြီး နှင့် ထိဖို့ တစ်ထွာခန့်လောက်သာ ရှိတော့သော သော်သော် ၏ ကျစ်ဆံမြီးကြီး ကို ညိုမောင် ကောင်းကောင်းကြီး သတိ ထား မိသွားသည် ။

သော်သော် ၏ ကျစ်ဆံမြီး မှာ သာမန်ဆံပင် နှင့် မိန်းကလေးတွေ စည်းလေ့စီးထ ရှိသလို ကျပ်ပြားလုံးခန့် ရိုးရိုးကျစ်ဆံမြီး မဟုတ် ၊ နှစ်ဖက် ခွဲ၍ စည်း ထားသော်လည်း ကြံစည်းထဲ မှ အတောင့်တင်းဆုံး ကြံချောင်းတစ်ချောင်းခန့် ရှိလိမ့်မည် ။ ပိုချင်လျှင် ပင် သော်သော့် ကျစ်ဆံမြီး ကပင် ပိုလိမ့်ဦးမည် ထင်သည် ။

အုန်းဆီရေ ဝထားပြီး ဆံပင်လုံးကိုယ် က ဖြောင့်ဆင်း၍ ဆံလုံး ကောင်းခြင်းကြောင့် သော်သော့် ၏ ကျစ်ဆံမြီး မှာအဆစ်စိတ်စိတ် နတ်မှောင်သော် ကြံချောင်းကြီး တစ်ချောင်းနှင့် ပို၍ တူနေသည် ။

မောင်ညို သည် သော်သော့်ဆံပင်တွေ ကိုသာ ဖြန့်လိုက်ပြီး သော်သော် ငုတ်တုတ် ကျုံ့ကျုံ့ကလေး ထိုင်နေမည်ဆိုလျှင် သော်သော့် ကို ဆံပင်တွေ က ကောင်းကောင်း ဖုံးထားနိုင်မည် ဟု ထင်သည် ။

“ ဝဏ္ဏပဘာ ၊ ကလျာဖူးသစ် ၊ ပျိုမျစ်မျစ်လျှင် ၊ ကျစ်လစ်တင့်စံပယ် ၊ လှမျိုးကြွယ်သာ ၊ ဆံနွယ်မြမြိတ်စို့ ၊ ဆင်းရောင်ပျို့ကို ၊ နတ်တို့ဆင်ထိုက်တန် … ”

ရှင်မဟာရဋ္ဌသာရ ၏ ‘ ဝဏ္ဏပဘာချီရတု ‘ ကို သတိ ရ မိသည် ။ ရှင်မဟာရဋ္ဌသာရ ကတော့ ‘ ဝဏ္ဏပဘာ ‘ ကို ‘ ဆံနွယ်မြမြိတ်စို့ ‘ ဆိုပြီး ဆံမြိတ်ကလေး ချတာကိုရေးရင်း ‘ ဝဏ္ဏပဘာ ‘ အသက် ငယ်တာကို အလှ ဖြင့် ပြ သွားခဲ့သည် ။

အတိဿယဝုတ္တိ သိပ် ကောင်းသော ရှင်မဟာရဋ္ဌသာရ သာ သော်သော့် ကို မြင် ရလျှင် သော်သော့် ဆံပင် ကို မည်သူမျှ မတွေးနိုင်သော အတွေး နှင့် မည်သူမျှ မရွေးနိုင်သော စကားလုံးတို့ စီကာ ညီညီညာညာ ရေးနိုင်မှာ သေချာသည် ။

ဒါပေမယ့် …

“ ဖြူစင်ထွန်းရောင်ဝင်း ၊ လှမှန်ကင်းကို ၊ ညခင်းဆည်းဆာတွင် ကျွနုပ်မြင်သည် ၊ ရယ်ရွှင် ပြုံးတုံ့မပြုံးတုံ့ ”

ဟု ပထမအပုဒ်အဆုံးတွင် စပ်ဆိုထားသည့်အတွက် ရှင်မဟာရဋ္ဌသာရ ဝဏ္ဏပဘာ ကို တွေ့တာကလည်း နေ့ခင်း ဆည်းဆာချိန်တွင် ဖြစ်ပြီး ၊ ညိုမောင် သော်သော့် ကို တွေ့ချိန်က အာရုံပျို့စ မနက်ခင်းစကြီး တွင် ဖြစ်နေသည် ။

တစ်ခုတော့ တူလိမ့်မည် ။ ဝဏ္ဏပဘာ ကို တွေ့တော့ ကိုယ်တော်ရှင်မဟုရဋ္ဌသာရ လည်း ညနေခင်း မှာ ဆိုတော့ ဗိုက် ဆာချင် ဆာနေလိမ့်မည် ။ သော်သော့် ကို မနက် အာရုံအပျို့ကြီး မှာ တွေ့ရသော ညိုမောင် လည်း ဗိုက် ဆာနေသည်ဆိုတာ ဖြစ်သည် ။

အင်း … ဆက်ပြီး တွေးလျှင်တော့ ငရဲတွေ ငအုံတွေပဲ ကြီးကုန်မလား ပညာရှိသူတော်ကောင်းတွေ က နားရင်းတွေ နားအုံတွေ ပဲ ကျင်းချင် မလားတော့ မသိ ။ ဒါနှင့် သူ တွေးတာကို ရပ်ပစ်လိုက်သည် ။

ဘာ့ကြောင့်လဲ ဆိုတော့ ထိုကျစ်ဆံမြီးကြီး နဲ့ သော်သော့် ကို အနောက်ဘက် ကနေ ကြည့်ပြီး သူ့ ရင် ထဲ မှာ ဘာလိုလို ဖြစ် သွားသောကြောင့် ဖြစ်သည် ။ ရင်ထဲ က ဘာလိုလို ဖြစ်သွားသော်လည်း လက် ကတော့ အငြိမ် မနေပါ ။ ပန်းကန်တွေချ ၊ ခုံတွေရွှေ့ထားပြီးသွားပြီ ။ မီးသွေးအိတ် ကို သော်သော် တို့ ဆိုင်ရှေ့ မျက်နှာစာ မှာ မှီချပေးပြီး သွားပြီ ။

“ အဟမ်းဟမ်း … အဟွတ် … ဟွတ် … ဟင်း အမလေး ဒီနေ့မှ တံတွေးတွေ သီးရတယ်လို့ … နော် ၊ ဒီနေ့ဟင်းကောင်း စားရမယ် ထင်တယ် ”

အဲလို နေရာမျိုး ကျတော့ မိန်းကလေးတွေ သည် ‘ တစ္ဆေ ‘ တစ်ကောင် နှင့် တူသည် ဟု ညိုမောင် ထင်သည် ။ ညိုမောင် ဘာ လုပ်ရမှန်းမသိ ပြာ သွားသည် ။ ရှင်မဟာရဋ္ဌသာရ က ‘ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ‘ ကို သာ ကြုံရခြင်းဖြစ်သည် ။ သူ က ‘ ပေါ်တင်ဟုတ်တုံ့ ၊ မဟုတ်တုံ့ ‘ ကြီးကို ကြုံရတာ ဆိုတော့ ရှင်မဟာရဋ္ဌသာရ ထက် ပို၍ ပြာ သွားသည်မှာ အမှန်ပင် ဖြစ်၏ ။

သော်သော် ကတော့ နှုတ်ခမ်း ကို တစ်ချက် ဆွဲဆန့်ရင်း မော်မော့် ကို မျစ်စောင်း တစ်ချက် ထိုး၍ လှမ်း ကြည့်လိုက်သည် ။ မော်မော် က စပ်ဖြဲဖြဲ နှင့် ထမင်းအိုးကြီး ထဲ က ထမင်းတွေ ကို ချေ၍ ချေ၍ နေသည် ။ မော်မော် မွှေးထားသော မီးသွေး က မီးတောက်အရှိန် ရစ ပြုနေပြီ ။ လမ်းဘေး မီးတိုင်များ ၏ အလင်းရောင် လမ်းပေါ်မှာ ပျောက်လုလု ဖြစ်ကာ ကောင်းကင် တွင် အလင်းသစ် အုံ့ပျပျ ဖြစ်လာနေသည် ။ အမှောင် သည် ပြိုကွဲစ ပြု လာနေသည် ။ ငှက်ကလေးတွေ အော်သံ ကို ကြား ရသည် ။ အိမ်တွေ တိတ်ဆိတ်နေကြဆဲ ၊ ကားလမ်းမ ဘက်မှ ကား ဖြတ်မောင်းသည့် အရှိန်သံ က ခပ်စိတ်စိတ် ဖြစ်၍ လာနေပြီ ။

ထိုအချိန် သည် နေ့တစ်နေ့ ၏ အနူးညံ့ဆုံး အလှဆုံးအချိန် ဆိုတာကို ညိုမောင် အခုထိ ခံစား၍ရဆဲ ပင် ဖြစ်သည် ။

နာရီ ကို ကြည့်တော့ ၅ : ၁၂ မိနစ် ။ ရွာကျောင်း မှာ ဆိုရင် ကိုယ်တော်တွေ သိမ် မှ ဆွမ်းစားဆောင် သို့ ကြွပြီးစ ဖြစ်လိမ့်မည် ။

“ ကြက်ဥကြော် နဲ့ ပဲ စား မှာလား ”

“ ဗျာ … ဟာ စားလို့ ရပြီလား ”

“ ခဏနေရင် ရပြီလေ ၊ ကြက်ဥကြော် နဲ့ စားမှာ ဆိုရင် ကြက်ဥ ကြော် လိုက်တော့မလို့ ၊ ဟင်း နဲ့ ဆိုရင်တော့ ခဏ စောင့် ၊ ဖေဖေ ဟင်းအိုးတွေ လာ တော့မှာ ၊ ဟာ … ဟိုမှာ လာ နေပြီ ”

“ ဘာ ဟင်းတွေလဲ ဟင် ”

“ ဝက်ချို ၊ ဝက်စပ် ၊ ကြက်သား ငါးဖယ် ၊ ဘဲချဉ်ရေ ၊ အမဲကြော် ”

“ ဟာ အဲဒါဆိုရင် ဝက်ချို နဲ့ စားမယ် ၊ အချဉ် ကို ရှောက်သီးချဉ် ပဲ လုပ် ပေးနော် ”

“ ရမယ် … ”

“ ဟာ … မင်း က ဘယ်လိုဖြစ်တာတုံး ကွ ဖျာ မရောင်းတော့ဘဲ စားပွဲထိုး ဖြစ်သွားပြီလားကွ ၊ ဟား .. ဟား … ဟား .. ဟား ”

သော်သော်တို့ ဖေဖေ က ဟင်းအိုးတွေ ကို ဆင့်စီ ၍ သယ် လာရင်း အားရပါးရ ရယ်မောရင်း နှုတ်ဆက် စကား ဆိုသည် ။ သော်သော် တို့ ဖေဖေ သည် ပျော်ပျော် နေ တတ်ပုံ ရသည် ။ သူ့ သမီး နှစ်ယောက် အနား ရောက်နေသူ သူ့ ကို စိတ် ထဲ က ရိုးရိုး ပဲ တွေးသည် ။ စ တောင် စ လိုက်သေးသည် ။ သူ ဒီရပ်ကွက်လေး ကို ရောက်တော့ အဆောင် မတွေ့ခင် ပထမဦးဆုံး စကား ပြောခွင့် ရသော သူသည် သော်သော် တို့ ဖေဖေ မဟုတ်ပါလား ။

“ ဗိုက်ဆာလို့ ဦး ရယ် ၊ ဝိုင်း လုပ်ပေးရင် ပို မြန် မလားလို့ ဝိုင်း ကူတာပါ ”

“ ဪ … စေတနာ နဲ့ မဟုတ်ဘူးပေါ့ လေ ”

“ အာ … အဲဒါလည်း ပါ ပါတယ် ၊ ဒါပေမဲ့ လူ ဆိုတာ အတ္တ က အရင်လေ ၊ အတ္တဟိတ ၊ ပရဟိတ္တ ပေါ့ ”

“ ဝက်ချိုပဲ နော် ”

“ အင်း … ”

သော်သော် ဖေဖေ က ဓာတ်ဘူး ထဲ က ရေနွေးကြမ်း ကို ထည့်သည် ။

“ ကဲ ..စားစား .. ငါ လည်း ပြန် နှပ်လိုက်ဦးမယ်ကွာ ”

ကြာညို့ ရနံ့သင်းသင်းနှင့် ဝက်ချိုအရည်ဆမ်းထားပြီး ဝက်သားသုံးထပ်သားနှစ်တုံး ၊ အသားတစ်တုံး ၊ ငရုတ်သီးစိမ်းကလေးတွေ ပါသော ကြက်သွန် နှင့် ဂေါ်ဖီ ကို ရှောက်သီး ညှစ်ထားသော အချဉ် စသည်တို့ နှင့် နံနက်ခင်း ထမင်းကြော် ကို စားကာ ရေနွေးကြမ်း ပူပူကို ‘ ဝူးခနဲ ‘ မှုတ် သောက်လိုက်ရသော ပြည့်စုံသည့်အရသာနှင့် စတင်ဖွင့်လှစ်ခဲ့သော ညိုမောင်၏ မနက်ခင်းသည် လှပ၍နေလေသည် ။

လမ်းသွား လမ်းလာ တစ်ယောက်စ နှစ်ယောက်စ ကို တွေ့ရပြီ ဖြစ်သည် ။ ညိုမောင် ထမင်းပန်ကန် တစ်ဝက် လောက် အရောက် မှာ လူ တစ်ယောက် ဝင် ထိုင်သည် ။

“ အချစ်ကလေးရေ ဝက်စပ် ထည့် ”

ညိုမောင့် ဘေးနား က ခုံ မှာ ဝင်ထိုင်ရင်း ပြောလိုက်သော လူ ၏ စကားကြောင့် ညိုမောင့် ပါးစပ် ထဲ မှ ထမင်းကြော် တစ်လုတ် သည် ကို့ရို့ကားယား ဖြစ်သွားသည် ။ သော်သော့် ကို လှမ်းငေးတော့ မျက်နှာမှာ ဘာမှ အပြောင်းအလဲ မရှိ ။ ‘ အချစ် ‘ ကလေးရေ ဟု ခေါ်သည့် လူ က ညိုမောင် နှင့် အသက် ရွယ်တူလောက် ရှိလိမ့်မည်ထင်သည် ။

သော်သော့် ကို ကြည့်ရတာ ကြားရဖန် များ သဖြင့် နားရည် ဝနေသည် နှင့် တူသည် ။ ညိုမောင့် ရင် ထဲ မှာ တစ်ခုခု ကို ဆုံးရှုံး သွားရသလို ခံစား လိုက်ရ၏ ။

“ မိကျစ် … ငါ့ ကိုတော့ ကြက်ဥကြော် နဲ့ပဲ ဟေ့ ၊ ငရုတ်သီးကြော် များများ ထည့် မိကျစ် ရာ ၊ ဝက်ရည် လည်း ဆမ်း ”

“ သိပါတယ် ဦးမောင် ရာ ၊ မိကျစ် က ဘယ်တုန်းက လက် တို ဖူးလို့လဲ ”

“ ကျစ် ကလည်း နင် ဒီနေ့ လက်တို ပါ ”

“ ကဲ ..တော်ပြီ ၊ ရော့ … ”

ညိုမောင် အခု မှ သက်ပြင်း ချနိုင်သည် ။