ဘာကြီးလဲ

သူ နေရမည့် နေရာ သည် ဘယ်လို နေရာမျိုးလဲ ဆိုတာ ကို သူ သိချင်လှပြီ ။

ရွာ မှာ တုန်းက မြို့ တက်ပြီး အဆောင်မှာ နေရတော့မည် ဆိုကတည်းက သူ နေရမည့် အဆောင် ကို စိတ်ကူး ယဉ် ခဲ့ရတာ အကြိမ်ရေ ကား မနည်းတော့ ။ အဆောင် အကြောင်း ကို စိတ်ကူး မယဉ်ဘဲ အိပ်တဲ့ ည တစ်ည မှ မရှိ ။ ဒီလောက် စိတ်ထဲ က စွဲလန်းခဲ့ ရသော်လည်း ညိုမောင် အိမ်မက် ထဲ မှာတော့ အဆောင် အကြောင်း ကို တစ်ခါ မှ အိမ်မက် မမက်ခဲ့ပါ ။

အခု … သူ စိတ်ကူးယဉ်ခဲ့ရသော အဆောင်ကလေး ဆီ ကို ရောက်တော့မည် ။

ခုံတန်းပြာကလေး ရှိသည့် အိမ် ရှေ့မှာ ရပ် လိုက်တော့ တံခါး ကို သော့ခလောက် အကြီးကြီး အား သံကြိုးကွင်းကြီးတွေ နှင့် ချည်ထားတာကို တွေ့ရသည် ။ သော့ခလောက်ကြီး က ခြံထဲဘက် အခြမ်း မှာ ရှိနေတာမို့ လူတော့ အိမ် ထဲ မှာ ရှိရမည်ဟု ညိုမောင် တွေး လိုက်သည် ။

ခြုံကြီးထဲ က အိမ် ကို လှမ်း ကြည့်လိုက်တော့ အိမ် က ဟိုးရှေးခေတ် က အိမ်မျိုး ဖြစ်၏ ။ အိမ်နံဘေးဘက် မှ အုတ်လှေကား ဖြင့် တက်လျှင် အိမ်ရှေ့ဝရန်တာတန်း ကို ရောက်မည် ထို ဝရန်တာတန်း ကနေ ခါးပန်း ( ခပန်း ) ကို ကျော် မှ အိမ်ရှေ့ခန်း ကို ရောက်မည် ။ အိမ်ရှေ့ဝရန်တာတန်း ၏ လေးပေလောက် ကို သစ်သား ဖြင့် ရိုက်ထားပြီး အပေါ်ပိုင်း ကို တော့ သံဇကာ အကွက်ကြီးတွေ နှင့် ကာ၍ ထားသည် ။

ခြံထဲ မှာ ကတော့ အိမ်ဘေးအုတ်လမ်းကလေး ဆီ သို့ သွားသော လမ်းကလေး မှ တစ်ပါး ၊ အခြားနေရာတွေ အားလုံးမှာ မြက်ပင်တွေ အလေ့ကျ ပေါက်ပင်ရိုင်းတွေ ၊ ထိကရုန်းပင်တွေ ရှင်ရှင်သန်သန်ကြီး ကို ကြီးထွားနေတာ ကို တွေ့ရသည် ။

ညိုမောင် ခုံတန်းပြာပေါ်သို့ သူ့ ဖျာလိပ်ကြီး ကို ချသည် ပြီးတော့ ဘယ်လို ခေါ်ရလျှင် ကောင်းမလဲ ဆိုတာ စဉ်းစားရသည် ။

“ အိမ်ရှင်တို့ ”

ဟုခေါ်လျှင် ကောင်းမလား ။

“ အဆောင်ရှင်တို့ ”

ဟု ခေါ်လျှင် ကောင်းမလား ။

“ အန်တီတင်နွယ် ”

လို့ ခေါ်လျှင် ကောင်းမလား ။

“ အန်တီနွယ် ရေ ”

လို့ပဲ ခေါ်လျှင် ကောင်းမလား ။ အထဲမှာ လူ ရှိ ဟန် တူသော အိမ်ကြီး ကတော့ ပကတိ ငြိမ် နေတာကို တွေ့နေရသည် ။

ဒီလို အခြေအနေမျိုး ဆိုလျှင် ညိုမောင် အမြဲ တွေဝေနေတက်လေ့ ရှိသည် ။ မခေါ် မဖြစ်မို့ တကယ် ခေါ် ဖြစ်သွားတော့ …

“ အန် .. အန်တီ ရေ .. အန်တီ .. ”

ခြံကလေး ထဲ မှ ဘာတုံ့ပြန်မှုမျှ မရ ၊ ထိုကြောင့် ညိုမောင် အား ပို ရှိသွား၏ ။

“ အန်တီ .. အန်တီ … အန်တီ ရေ … ”

ခြံကလေး ထဲ မှာ ရှိသည့် အိမ်ကလေး ထဲ မှ တစ်စုံတစ်ရာ လှုပ်ရှားသွားသည် ဟု ညိုမောင် ထင်သည် ။ ထိုကြောင့် ပို၍ အော် သည် ။

“ အန်တီ .. အန်တီ … အန် … ”

“ လာပြီ လို့ ငါ ပြန် ပြောနေတာ ကို ဘာဖြစ်လို့ ဒီလောက် အော် ရတာလဲ ဟင် ”

တင်းမာပြတ်သား စူးရှသော အသံကြောင့် ညိုမောင် ဘာ ဆက်ပြောရမှန်း မသိတော့ဘဲ လန့်သွားသည် ။ ရင် လည်း တော်တော် တုန်သွား၏ ။ခဏကြာတော့ ဘေးတံခါး မှ အသက် လေးဆယ် ကျော် ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့် နှင့် မျက်နှာထား တင်းတင်း နှင့် အမျိုးသမီး တစ်ယောက် ထွက် လာသည် ။ ဘေးလှေကားသုံးထစ် ကို ဆင်းပြီး ကတည်း က ခြံဝ က ညိုမောင့် ကို ရင်ဆိုင်သော အကြည့် သည် တော်တော် ကြောက်စရာ ကောင်းသော အကြည့် ဖြစ်သည် ။ ခက်ထန်သော အကြည့်မျိုး မဟုတ်ဘဲ တင်းမာပြတ်သားသော အကြည့် ဟု ဆိုလျှင် ပို မှန်လိမ့်မည် ဖြစ်သည် ။ထိုအမျိုးသမီးကြီး သည် ဒေါ်တင်နွယ် သာ ဖြစ်ရမည် ။

“ ကျွန်တော် အဆောင် … နေဖို့ လာတာပါ ”

“ အဆောင် က လူ ပြည့်သွားပြီ … ”

“ မဟုတ်ပါဘူး ၊ ဆရာတော် ရေး ပေးလိုက်တဲ့ စာ ပါ ပါတယ် ခင်ဗျ ”

ထုံးစံ အတိုင်း ညိုမောင် က သူ့ စစ်လွယ်အိတ်ကြီး ကို ဖြုတ်ပြီး အသေအချာ သိမ်းထားသော စာ ကို ထုတ်၍ ပြသည် ။အမျိုးသမီးကြီး က မျက်မှောင် ကိုကျုံ့ရင်း စာ ကို ဖတ်သည် ။ ပြီးတော့မှ မျက်နှာပေါ်ရှိ တင်းမာမှု က လျော့ကျသွားပြီး ….

“ အေး … ငါ က ဆရာတော့် ဆီ က လူ ရှိလို့ လူ ပြည့်သွားပြီ လို့ ပြောတာ ၊ မင်း က ဆရာတော် ဆီ က လူ ဆိုတော့ ပြီးပြီပေါ့ ”

အမျိုးသမီးကြီး က ပြောရင်း တံခါးသော့ ကို ဖွင့် ။ သံကြိုးကြီးများ ကို ဖြည်သည် ။ ညိုမောင် လည်း ကျောပိုးအိတ် ပြန်လွယ် ၊ ဖျာလိပ် ကို ထမ်းပြီး အန်တီကြီး နောက် လိုက် ခဲ့ရ၏ ။ သူတို့ နေရမယ့် အဆောင် က အိမ် အနောက်ဘက် ရှိ ကြမ်းခင်း ၊ ပျဉ်ကာသွပ်မိုး သပ်ရပ်သော အဆောင်ကလေး သာ ဖြစ်ပါသည် ။

“ ကဲ … မင်း က နောက်ဆုံး ရောက်လာတဲ့ သူ ဆိုတော့ ဟိုဘက်ထောင့် က ကျန်တဲ့ ခုတင် မှာ နေရာ ရမယ် ”

“ ဟုတ်ကဲ့ … အန်တီ ”

ညိုမောင့် စကား ဆုံးတော့ အန်တီကြီး က ညိုမောင့် ကို စူးခနဲ နေသော အကြည့် ဖြင့် စိုက်၍ ကြည့်သည် ။

ညိုမောင် ကြောင် သွားသည် ။ သူ ပြောသည့် စကား ထဲ မှာ မှားစရာ ဘာမှ မရှိပါ ။

“ မင်း … ငါ့ ကို နောက် မမနွယ် လို့ ခေါ် ရမယ် ကြားလား ”

“ ဟုတ်ကဲ့ .. အန် … အဲ မမနွယ် ”

မမနွယ် က အဆောင် ထဲ သို့ ဝင်သွားသည် ။ ညိုမောင် က ပခုံး ကို တွန့်ကာ နောက် မှလိုက် ဝင်သွားသည် ။

“ မင်း အဆောင် နေ ဖူးသလား ”

“ မနေဖူးဘူး ခင်ဗျ ”

“ အေး … အဲဒါဆိုရင် ငါ ပြောတာ နား ထောင် ၊ မင်း တို့ အဆောင် ကို သန့်ရှင်းရေး နေ့စဉ် လုပ်ရမယ် ၊ ငါ့ အဆောင် က ပွစိရှုပ်ယှက် နေတာ ငါ မကြိုက်ဘူး ၊ အမှိုက် ကို မြေကြီးပေါ် မပစ်ရဘူး ၊ ဟိုမှာ အမှိုက်ပုံး ၊ အဲဒီ အထဲ ထည့် ရမယ် ၊ ပြီးတော့ ဘယ် သူငယ်ချင်း ကိုမှ ဘာအကြောင်းနဲ့မှ ညအိပ် လက်မခံရဘူး ၊ အဆောင်တံခါး ကို ၇ နာရီ မှာ ပိတ်တယ် ၊ အဲဒီထက် နောက်ကျရင် ကြုံရာ အိပ်ပေတော့ ၊ တံခါးသော့ ကို ငါ တစ်ယောက် ပဲ ကိုင်တယ် ”

မမနွယ် သည် မောသွားသလို ခဏ နားသည် ။

“ နောက်ပြီးတော့ အဆောင် မှာ ဘာ တစ်ခုမှ ချက်ပြုတ်စားလို့ မရဘူး ၊ မင်း တို့ အဆောင် မှာ ထင်း ၊ မီးသွေး ဘာမှ မသုံးရဘူး ၊ လျှပ်စစ်မီးဖိုအတွက်လည်း ငါ က ဘာ ပလပ်ပေါက် မှ တပ် ပေးမထားဘူး ၊ စာမေးပွဲနား နီး တာတို့ ဖျားတာ နာတာတို့ ရှိရင်တော့ ခေါက်ဆွဲထုပ် တို့ ကြာဇံထုပ် တို့ ပြုတ် သောက်ရအောင် ငါ ပလတ်ပေါက် တစ်ခု ချပေးထားမယ် ၊ အေး .. နောက်ဆုံး နဲ့ အရေးအကြီးဆုံး ကတော့ မိန်းမ ကိစ္စ ပဲ ၊ ဒီ အဆောင် ထဲ ကို ဘယ် မိန်းမ မှ ဝင်ခွင့် ဘာအကြောင်းနဲ့ မှ မပေးဘူး ။ သူငယ်ချင်းတို့ ရည်းစားတို့ မထားရဘူး မပြောဘူးနော် ၊ ပါ လာရင် ရှေ့မှာ ခုံတန်းပြာ တွေ့ခဲ့တယ် မဟုတ်လား ”

“ ဟုတ်ကဲ့ .. အန် .. အဲ မမနွယ် ”

မမနွယ် က မျက်စောင်း အလတ်စား တစ်ချက် ထိုးလေသည် ။