ဘာကြီးလဲ

ကိုမိုး နှင့် ကိုဇော် တို့ ထွက် သွားကြတော့ ၁ဝ နာရီ ၁ရ မိနစ် ရှိနေပြီဖြစ်သည် ။ မမနွယ် က ၈ နာရီ ၄ မိနစ် မှာ အိမ် က ထွက်သည် ။ မမနွယ် ၏ ညီမ တင်တင်နွယ် က ၉ နာရီ ၁ဝ မိနစ် မှာ ပုံမှန် ထွက်သည် ။ အိမ်ဖော်ကလေး မိသန်း က အိမ်နံဘေးလှေကား ကို တံမြက်စည်းလှဲခြင်း ၊ ခြေသုတ်ခုံဖုန်ခါခြင်း တို့ ကို ၉ နာရီ ၄၂ မိနစ် တွင် ပုံမှန်လုပ်သည် ။ အခုတော့ အဆောင်တစ်ခုလုံး လည်း တိတ် ၊ အိမ်တစ်အိမ်လုံး လည်း တိတ်ဆိတ်ပြီး အားလုံး အသီးသီး ကိုယ့် အလုပ် ရှိရာ ကိုယ် သွားကြပြီဖြစ်သည် ။ ည က နားထားသော အားအင် ကို အသုံးချပြီး လောကကြီး ကို ဒါမှမဟုတ် ကိုယ့် ဘဝ ကို ကိုယ် အသုံး ကျအောင် အသုံးချ နေကြပြီဖြစ်သည် ။ သူ တစ်ယောက် သာ ည က နားထားသော အားကို ဘယ်နေရာမှာ အသုံး ချ ရမှန်း မသိဖြစ်နေသည် ။

သူ သည် လူ့ လောကကြီး အတွက် ဘယ်နေရာမှာ မှ အသုံး မဝင်တော့ဘူးလား ။ ဟောဒီလောက် ပြောကျယ်လှပြီး အလုပ်တွေ ရှုပ်ပွေနေတဲ့ လောကကြီး ထဲမှာ သူ့ အတွက် လုပ်စရာ ဘာ တစ်ခုမှ မရှိတော့ဘူးလား ။ ထိုသို့ အားငယ်စိတ် နှင့် စိတ်ဓာတ် ကျပြီး ခုတင်ပေါ် တွင် လှဲနေရင်း က စိတ် ထဲမှ ဆရာတော်ဘုရား အား သတိ ရပြီးသည် နှင့် တစ်ပြိုင်နက် ဆရာတော် ၏ မိန့်ဆိုသံ ကို ပါ ပြန်လည်၍ ကြား မိသည် ။

“ ဟဲ့ … ညိုမောင် ရဲ့ ၊ ဘာမှ လုပ်စရာ မရှိဘူးဆိုတာ ကိုယ့် ကိုယ် ပေးတဲ့ ဆင်ခြေကွယ့် ၊ မင်း မျက်စိ ရှေ့ကို ကြည့်စမ်း ၊ တွေ့တဲ့အရာ က မင်း လုပ်ရမယ့် အရာပဲ ၊ မင်း စိတ်ထဲမှာ စဉ်းစားစမ်း ပေါ်လာတဲ့ အရာ က မင်း လုပ်ရမယ့် အရာပဲ ၊ နောင် ဘယ်တော့မှ ငါ့ ကို ဘာ မှ လုပ်စရာ မရှိဘူး လာ မပြောနဲ့ ”

ညိုမောင် သည် ဆရာတော်ဘုရား က မိန့်ခဲ့ဖူးသော စကား ကို ကြားလိုက်ရသဖြင့် လှဲ နေရာ မှ ငုတ်တုတ် ထ ထိုင်ပြီး မျက်စိရှေ့ တွင် ရှိနေသော ပြတင်းပေါက် ကို လှမ်း ကြည့်လိုက်သည် ။ ပြီးတော့ … ညိုမောင် ပြုံး လိုက်လေသည် ။

ညိုမောင် သည် သူ့ မျက်စိ ရှေ့ မှာပင် သူ့ အလုပ် ကို ရှာဖွေ တွေ့ရှိသွားသောကြောင့် ဖြစ်လေသည် ။

အဆောင် သို့ အစောဆုံး ပြန် ရောက်သူက ကိုဇော် ဖြစ်ပြီး ရောက် ကတည်း က ရေ ပင် မချိုးနိုင် ၊ ခုတင်ပေါ် မှာ မှောက်ရက်ကြီး ငြိမ် ၍ နေသည် ။ ကိုဇော့် ပုံစံ က သားကောင် တစ်ကောင် မှ မရခဲ့သည့် မုဆိုးကြီး တစ်ယောက် နှင့် တူသည် ဟု ညိုမောင် ထင်သည် ။

စိတ် ညစ်နေ သူ တစ်ယောက် ကို အနှောက်အယှက် မပေးချင်တာနဲ့ ညိုမောင် လည်း တိတ်တိတ်ကလေး ပင် နေ လိုက်သည် ။ မှောင်စ ပျိုးတော့ ကိုမိုး ပြန် ရောက်လာသည် ။ ရောက်သည်နှင့် ကိုမိုး က ရေတစ်ခွက်ဝဝ သောက်ပြီး ရေ တန်း ချိုးသည် ။

“ ငါ က တစ်နေကုန် ပန်းထိမ်ခုံ ပေါ် မှာ ငုတ်တုတ် ထိုင်ရင်းက တကုတ်ကုတ် နဲ့ နေ ရတာကွ ၊ အဆောင် ပြန်ရောက်လို့ ရေ ချိုး လိုက်ရရင် သိပ် အရသာရှိတာ ၊ ရေချိုး ကာမှ အရသာတစ်မျိုး ရှိတာကွ ၊အဲဒါကို ငါ တို့ အညောင်းသမားတွေပဲ သိထားတာ ” ဟု ပြောတတ် လေ့ ရှိသည် ။ တိုးလွင် ရောက်လာတော့ ၇ နာရီ ထိုး တော့မည် ။ တိုးလွင် အိုဗာတိုင် ဆင်းခဲ့ရ လို့ ဟု ဆိုသည် ။ တိုးလွင် ရေချိုးပြီး သူတို့ ထမင်းဆိုင် ကို ထွက် ခဲ့ကြသည် ။ ကိုဇော် ကတော့ မလိုက် ၊ ကိုဇော် က “ ငါ အရက် သောက်ရင်း နဲ့ စားခဲ့ပြီးပြီ ” ဟုဆိုသည် ။

ထုံးစံအတိုင်း ၊ သူတို့ ဟင်း နှစ်ပွဲ နှင့် လူ သုံးယောက် စား ကြသည် ။ သူတို့ ပုံမှန် ထိုင်နေကျ ဟင်းအိုးနား က ခုံ မှာ က လူ ရှိနေသည် ။ ညိုမောင် တို့ ငါးတန်တစ်ပွဲ နှင့် ဝက်သားတစ်ပွဲ ကို မှာသည် ။ ပြီးတော့ ချဉ်ပေါင် နှင့် မျှစ်ကြော် ၊ ငါးပိရည် ၊ တို့စရာ ၊ မုန်လာဥချဉ်ရေဟင်း တို့ မှာ အလကား ရရှိသဖြင့် ထမင်းပွဲ မြိုင် သည် ဟု ဆိုနိုင်သည် ။

“ ဪ … . ဟေ့ကောင် ၊ တနင်္လာနေ့ မင်း တို့ အောင်စာရင်း ထွက်မယ် တဲ့ ”

ညိုမောင် ရင် မခုန်တော့ပါ ။ ဝက်သား က တစ်ပန်းကန် မှာ သုံးတုံးသာပါသဖြင့် နောက်ထပ် တစ်တုံး ထပ် မယူမိအောင် သတိထားရင်း ငါးတန်ဗိုက်သား တစ်ဝက် ကို သာ အနှစ်များများ နှင့် ခပ်ပြီး ပဲစောင်းခါးသီး မြှုပ် ၊ ငါးပိရည် ကို ဆမ်း ၊ငါးတန်သား နည်းနည်း ဖဲ့ ထည့် ၊ ခရမ်းကြွပ်သီး တစ်စိတ် ကို အပေါ် က တင်ရင်း အားရပါးရ စား ပစ်လိုက်သည် ။ ပြီးတော့ ရေနွေးကြမ်းပူပူ ကို မှုတ်၍ သောက်သည် ။

“ မျှော်လင့်စရာ ဘာမှ မရှိဘူးကွာ ”

“ အေးကွာ … ငါ လည်း စိတ် မကောင်းပါဘူး ၊ မင်း က တစ်ရုံးလုံး မှာ အရေးအကြီးဆုံး လူ နဲ့ မှ … ”

“ တော်ပါတော့ … တိုးလွင် ရာ ”

ညိုမောင် တားသံကြောင့် စကားဝိုင်း သည် တိတ်၍ သွားသည် ။ ထမင်း စား ပြီးတော့ မော်မော် က ထန်းလျက်ခဲ သုံးလေးလုံး နှင့်ရေနွေးအိုး အသစ် ကို လာ လဲ ပေးသွားသည် ။ ဒီအချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် စကား မပြောနိုင်ကြ ။ လူ ကျ ချိန်ဖြစ်သည် ။

ညိုမောင်တို့ ထန်းလျက်ခဲကလေး ကိုက် ၊ ရေနွေးကြမ်းကလေး မှုတ် သောက် နှင့် အချိုတည်း နေချိန်တွင် …

“ မောင်ရင် … စားပြီးသွားပြီလား ”

ညိုမောင့် ပခုံးကို ပုတ်၍ ဝင်ထိုင်သူက ဦးလေးသန်း ဖြစ်သည် ။ ဦးလေးသန်း က ညိုမောင် တို့ အဆောင်လမ်း နှင့် နှစ်လမ်းကျော် လောက်မှာ နေသည့် အဝီစိတွင်း တူးသမားကြီး ဖြစ်သည် ။

“ ဟာ .. ဦးလေးသန်း ကျွန်တော်တို့ အခုပဲ ပြီးတာ ၊ ဦးလေး ရော ”

“ ပြီးပြီပေါ့ကွာ ၊ မင်း အလုပ် ရပြီလား ”

“ အာ … မရသေးဘူး ဦးလေးသန်း ”

“ အေး ဒါဆိုရင် နက်ဖြန် ငါတို့ တွင်းသစ် တစ်ခု စ ကြမှာ ၊ တို့ အထဲ က တစ်ယောက် နေမကောင်း ဖြစ်လို့ ဒီ တွင်းသစ် မှာ မဝင်နိုင်ဘူး ၊ အဲဒါ မင်း လုပ်နိုင်မလားလို့ ”

ညိုမောင် က လွန်ခဲ့သည့် သုံးလေးရက် က ဦးလေးသန်း နှင့် ထမင်းဆိုင် မှာ စကားလက်ဆုံ ကျရင်းယ အလုပ်အကြောင်း ပြော မိရာမှ အလုပ် ရချင်ကြောင်း ပြော ထားမိသဖြင့် ဦးလေးသန်း က ယခု ပြောခြင်း ဖြစ်သည် ။

“ ကျွန်တော် က ဘာ လုပ်ရမှာလဲ ဦးလေးသန်း ရဲ့ ၊ အဝီစိတွင်း တူး တာကို ကျွန်တော် က ဘာတစ်ခု မှ မသိဘူးနော် ”

“ ဟာ … စစချင်းကတော့ လူကြမ်းပေါ့ ကွ ၊ ငါတို့ ခိုင်းတာ လိုအပ်တာလေးတွေ လုပ်ပေါ့ ၊ နောက်ကျင်းတွေ နောက်ကျင်းတွေ ကျတော့ မျက်မြင် နဲ့ ကိုယ့် အတွေ့အကြုံ နဲ့ တတ် လာတာပေါ့ကွ ၊ မင်းတို့ က ပညာတတ် တွေပဲ ကွာ ၊ သင်ရလှ တစ်လပေါ့ ”

“ ကျွန်တော် အစား ဝင်တဲ့ လူ က နေကောင်းလာတော့ရော ၊ ဦးလေးသန်း ရဲ့ ကျွန်တော် က သူ့ နေရာ ကို လု သလိုကြီး ဖြစ် မနေဘူးလား ”

ညိုမောင့် စကား ကြောင့် ဦးလေးသန်း က ရယ်လေသည် ။

“ အေး … အေး ၊ ဒီကောင် နေကောင်း သွားရင် ငါတို့ အဖွဲ့ဆီ အလည်ကလေးပဲ လာ ပါ စေဦးကွာ ၊ ငါတို့ လုပ်ငန်း က လူ ပုံသေ မရှိဘူးကွ ၊ တွင်း ဆက်တိုက် ရနေရင်တော့ တစ်မျိုးပေါ့ ကွာ ၊ ဒီ တွင်း ပြီးလို့ နောက်တစ်တွင်း မရှိဘူး ဆိုရင် အလုပ် က ရပ်သွားရော ၊ ငါတို့က တစ်နေ့ လုပ် ၊ တစ်နေ့ စား သမားတွေ ဆိုတော့ ဗိုက် က မရပ်ဘူးလေ ၊ ဒီတော့ တွင်း ရတဲ့ သူ ဆီ လိုက်ရတာပဲ ၊ ငါ့ တွင်း မှာ ငါ က ဆရာ ဆိုပေမယ့် လူများ တွင်း မှာ ငါ က နောက်လိုက် ဖြစ်ချင်လည်း ဖြစ် သွားတာမျိုးကွ ၊ ဒါပေမယ့် ငါ့ ကို တွင်းဆရာ မှန်း သိ ကြတော့ သက်သက်သာသာ နဲ့ ဆုံးဖြတ်ရတာတွေပဲ လုပ် ရတာပေါ့ကွာ ၊ ကိုယ့် တွင်းလောက် ပိုက်ဆံ မရပေမယ့် လူကြမ်း ထက်တော့ ပိုတာပေါ့ ”

“ ဘယ်နေ့ … စ မှာလဲ ဦးလေးသန်း ”

“ စ ဆို နက်ဖြန်ပဲ ကွ ၊ မင်း လိုက်ဖြစ်ရင် ဒီ ဆိုင် ကပဲ စောင့် နေ ငါတို့ ဒီ ဝင်ခေါ်မယ် လေ ”

“ ထမင်း ကျွေး လား ဦးလေးသန်း ”

“ ထုံးစံအတိုင်း ကတော့ ထမင်းဖိုး မပါဘူးကွ ၊ ဒါပေမယ့် အခု တူးရမယ့် တွင်း က ဘုန်းကြီးကျောင်း မှာ ဆိုတော့ ကျွေးလိမ့်မယ် ထင်တာပဲ ”

“ ဟာ .. ဘုန်းကြီးကျောင်း မှာ လား ၊ ဒါဆို ကျွန်တော် လိုက်မယ် ဦးလေးသန်း ၊ နက်ဖြန် ၉ နာရီ ကျွန်တော် ဒီမှာပဲ စောင့် နေမယ် ”

ထမင်းဆိုင် က အပြန် လမ်း မှာ သူတို့ သူငယ်ချင်းတွေ အတွေး ကိုယ်စီ နှင့် တိတ်တဆိတ် ပင် လမ်းလျှောက် လာကြသည် ။ အဆောင် ကို ရောက်တော့ တိုးလွင် က …

“ မင်း တခြား အလုပ် တစ်ခုခု ကို ရှာ သင့်တယ် ညိုမာင် ၊ ဒီကောင် က ပင်ပန်းလိမ့်မယ် ”