“ ငါ ပင်ပန်းတဲ့ ဒဏ် ကို ခံ နိုင်ပါတယ် တိုးလွင် ရာ ၊ ငါ ရွာ မှာ နွား နဲ့ ဖက်ပြီး လယ် ထွန်ခဲ့တဲ့ ကောင်ပါ ၊ မင်းတို့ တစ်တွေ မနက် ကျရင် အသီးသီး အလုပ် ထွက်သွားကြပြီး ၊ ငါ တစ်ယောက်တည်း ဘာမှ အလုပ် မရှိဘဲ ကျန် ခဲ့တာ ကို သာ ငါ မခံနိုင်တာ ”
“ ဒါနဲ့ပဲ ခြံ ထဲ က မြက်တွေ အုတ်တံတိုင်း ကို တွယ်နေတဲ့ နွယ်တွေ ၊ ရေညှိတွေ နဲ့ အုန်းလက်ခြောက်တွေ ကို ရှင်း လိုက်တယ်ပေါ့ ဟုတ်လား ညိုမောင် ”
စကား ပြောရင်း ဝင် လာသော မမနွယ် ကို အားလုံး က တအံတဩ ငေး လိုက်ကြသည် ။
“ ဟုတ်တယ် မမနွယ် ၊ အလကား နေရင် အလကားကောင် ဖြစ် မှာပဲလို့ ဆရာတော် က အမြဲ ပြောလို့ပါ ၊ ကျောင်း မှာ ဆိုရင်လည်း အလကား မနေရဘူး ၊ လုပ်စရာ တစ်ခုကို အမြဲတမ်း လုပ်နေရတယ် ၊ ဆရာတော် က နေ့ခင်းဘက် အိပ် တာကို မကြိုက်ဘူး ၊ အဲဒါကြောင့်ပါ ၊ ပြီးတော့ ခြံ ထဲ မှာ လည်း … ”
“ ဟိုး … ဟိုး … မမနွယ် ကို မိသန်း က အကုန် ပြောပြပါတယ် ၊ ပထမ သူတောင် မှ ဆင်းပြီး ဝိုင်း ကူဦးမလို့ တဲ့ ၊ ဒါပေမယ့် မင်း ကို ကြောက်တာနဲ့ သူ မဆင်းတာတဲ့ ”
မမနွယ် ပခုံးလေး နှစ်ဖက် ကို ကျုံ့ပြီး လက်သီးဆုပ်ကလေး ကို ရင် အရှေ့ကပ်ပြီး ပြောတာ ဖြစ်သဖြင့် အားလုံး ဝိုင်း ရယ် လိုက်ကြသည် ။
“ ကဲ .. ဒီတော့ မမနွယ် က မောင်ညိုမောင့် ကို ကျေးဇူးတင်တဲ့ အနေနဲ့ နက်ဖြန် မနက် ကို ခေါက်ဆွဲကြော်ပြီး ကျွေးမယ် ၊ မင်းတို့လည်း ပါတယ်နော် ”
“ နက်ဖြန်မနက် ဆို ကျွန်တော် မအားဘူး မမနွယ် ၊ အလုပ် ဆင်းရမယ် ”
“ ဪ … မင်း က ဘာ အလုပ် ရသွားတာလ ”
“ ပုဂ္ဂလိက အလုပ်ပါ ပဲ မမနွယ် ၊ သူငယ်ချင်းတစ်ယောက် က ပေးတာ ”
“ ညနေတော့ အားတယ် မဟုတ်လား ”
“ ညနေတော့ အားတယ် မမနွယ် ”
“ OK ဒါဆို ညနေဖက်ပေါ့ ကွာ ၊ ဟုတ်လား ”
မမနွယ် က အားလုံး ကို ပြုံး ပြပြီး ထွက် သွားသည် ။
“ အင်း … အင်မတန် ပစိဗစပ်များ တဲ့ မမကြီး နဲ့အလုပ် မရှိရင် မနေတတ်တဲ့ မောင်လေး တို့ ရဲ့ ပွဲ ကိုတော့ တို့ က အထူးတန်း ကနေ ခေါက်ဆွဲကြော် စားရင်း ကြည့် ရဦးမှာပေါ့ ကွာ ”
“ ငါတို့ ဒီ အဆောင် မှာ နေတာ သုံးနှစ် ကျော် ပြီ ၊ မမနွယ် က ငါတို့ ကို တစ်ခါမှ မုန်တို့ စားစရာတို့ မကျွေးခဲ့ဖူးဘူး ”
“ အင်း .. မင်း ကရော ဘယ် နှစ်ခါ ခြံတွေ ရှင်း ၊ ရေကန်တွေ တိုက် လုပ်ခဲ့ဖူးလို့လဲ ”
တိုးလွင် စကား ကြောင့် ကိုမိုး စပ်ဖြဲဖြဲ လုပ်ပြီး ဘာ မှ ဆက် မပြောတော့ဘဲ တိတ် သွားသည် ။
“ အင်း … .ညိုမောင် … မင်း က မမကြီး အတွက် မောင်လေး ၊ ကျစ်ဆံမြီး အတွက် အဖော် ၊ ဟို ဘယ်သူ တိုးလွင် ကုမ္ပဏီ က … ”
“ လမင်းစိုး က … လေ ”
“ အေး .. အေး … လမင်းစိုး အတွက် ရန်ဘက် ဟုတ် ဟုတ်သေးတော့ကွာ ၊ ဟား … ဟား … ဟား … ဟား ”
နောက်တစ်နေ့ မနက် မှာ ညိုမောင် သော်သော် တို့ ဆိုင်မှာ နာရီ တကြည့်ကြည့်ဖြင့် ဦးလေးသန်း တို့ ကို စောင့် ရသည် ။ ဆိုင်မှာ သော်သော် တော့ မရှိ ။ သော်သော် က ( I.C ) ခေါ် Industrial Chemistry ( ကုန်ထုတ်ဓာတုဗေဒ ) ဘာသာရပ် ကို တက္ကသိုလ် မှာ နေ့ ( Day ) တက်ရောက် သင်ယူ နေသဖြင့် နေ့လယ် လောက် မှ ပြန် ရောက်တက်သည် ။ အခု စာမေးပွဲ နား နီး သဖြင့် သော်သော် ကျောင်း ကို ပို၍ အာရုံ စိုက် နေရသည် ။ ဒီတော့ အဝေးသင် ယူထားသော မော်မော် ပို၍ ပင်ပန်းနေသည် ။
“ ကိုညိုမောင် နာရီ တကြည့်ကြည့် နဲ့ ဘာ ဖြစ်နေတာလဲ ၊ ဘယ်သူ နဲ့ ချိန်း ထားလို့လဲ ”
“ ဦးလေးသန်း တို့ အဖွဲ့ နဲ့ ”
“ ဦးလေးသန်း ၊ အဝိစီတွင်း တူးတဲ့ ဦးလေးသန်း လား ”
“ ဟုတ်တယ် ၊ ကျွန်တော် သူတို့ နဲ့ အတူ လိုက် လုပ်မလို့ ”
“ ဟာ .. ကိုညိုမောင် ကလည်း ကုမ္ပဏီ မှာ လုပ် မှာဆို ”
“ မရလို့ပေါ့ မော်မော် ရယ် ၊ ဘဝ ဆိုတာ ကျ ရာပေါ့ ”
မော်မော် က ညိုမောင့် ကို တအံ့တဩ ငေး၍ နေသည် ။
ဦးလေးသန်း တို့ လာတော့ ၉ နာရီ ၂၁ မိနစ် ။ အလုပ် မှာ ညိုမောင် ကောင်းကောင်း လုပ်နိုင်ခဲ့သည် ။ နဂို ကတည်း က သွက်လက်ခြင်း ၊ အပင်ပန်းခံနိုင်ခြင်း ၊ ပညာတတ် တစ်ယောက် ဖြစ်သဖြင့် သဘောတရား ကို သိ သွားသည် နှင့် တွက်ချက်ပြီး ဖြစ်နိုင်ချေ ရှိသည် ကို လုပ်တက်ခြင်း တို့ကြောင့် ဦးလေးသန်း တို့ အဖွဲ့ က ညိုမောင့် ကို သဘော ကျ ကြလေသည် ။
အဆောင် ရောက်တော့ ရေချိုး ပြီးတာ နဲ့ မမနွယ် ၏ ပါတီ သို့ ရောက်သွားသည် ။ အဲဒီတော့မှ ခေါက်ဆွဲကြော် မဟုတ်တော့ဘဲ ထမင်း ကျွေး တာ ဆိုတာကို သိရသည် ။
“ ပထမတော့ ခေါက်ဆွဲ စီစဉ်မလို့ပဲ ၊ ဒါပေမယ့် ညနေစာ ဆိုတော့ မင်းတို့ တင်းတိမ်မှာ မဟုတ်ဘူး ။ ဆိုင်တွေ ပိတ်ချိန် ကျမှ ထမင်း ဆာနေရင် မင်းတို့ ကို ဒုက္ခ ပေးသလို ဖြစ်နေမှာ စိုးတာနဲ့ ” ဟု မမနွယ် က ဆိုသည် ။
ထမင်းဝိုင်း မှာ ဟင်းတွေ ကလည်း စုံသည် ။ ငါးခေါင်း ၊ ကြက်သား ၊ ငါးဘတ်မွှေ နှင့် ဆိတ်ကလီစာ တို့ ဖြစ်၏ ။ ဟင်းချို က ချဉ်ပေါင်အဖြူ ကို ကြက်သွန်ဖြူကလေးတွေ ခတ်ပြီး ပုစွန်ခြောက် နှင့် ချက် ထားသည် ။ပြီးတော့ ငါးဖယ်သုတ် ။
သူတို့ လေးယောက် စား လိုက်ကြတာ ဝေသာလီပြည် ကို ဘီလူး ကျ တာကမှ နည်းနည်းကြာ ဦးမည် ။ မမနွယ် မှာ “ ဪ … အိမ်ဟင်း အိမ်ထမင်း နဲ့ ဝေး နေကြတဲ့ သူတို့ တစ်တွေ စား လိုက်ကြတာ ၊။အားရစရာကြီး ” ဟုတွေးရင်း စိတ် ထဲ မှာ ကြည်နူးရသည် ။
ထမင်း စားပြီးတော့ အချိုပွဲ က ဆနွင်းမကင်း ၊ ကျောက်ကျော ၊ ပန်းသီးနှင့် သစ်တော်သီးရေခဲစိမ် ။ လက်ဖက် ။
အဲဒီတော့မှပင် ။ မမနွယ် နှင့် ညီမ ဖြစ်သူ ထားထားသွယ် တို့ က တစ်စုံ ၊ မောင်ညို တို့ က တစ်ဖက် ဝရန်တာ မှာ ထွက်ပြီး စကား ပြော ဖြစ်ကြသည် ။ အများဆုံး ကတော့ မောင်ညို့ အကြောင်းတွေ က များ ပါသည် ။
“ ကျွန်တော့် ရွာ က မုံရွာ ရဲ့ ဆားလင်းကြီး ကနေ ဟိုဘက် ကို ဆက် သွားရသေးတယ် မမနွယ် ရဲ့ ဝေးတယ် ၊ သာယာအေးရွာ တဲ့ ”
“ မောင်ညို မိသားစု က ဘယ်နှယောက် လဲ ”
“ ငါးယောက် မမနွယ် ၊ ကျွန်တော် က အကြီးဆုံး ၊ ကျွန်တော့် အောက် က ညီလေး ၊ ပြီးတော့ အငယ် ညီမလေး နှစ်ယောက် ၊ အငယ်ဆုံး က ညီလေး ပါ ၊ ဖေဖေ ဆုံးပြီး နောက်နှစ် ပဲ ဆရာတော် က ကျွန်တော့် ကို ကျောင်း ခေါ်ပြီး တာဝန် ယူလိုက်တာ ကျွန်တော် ဆယ့်နှစ်နှစ်သား လောက်မှာပါ ”
“ ဪ … ”
“ ဘွဲ့ ရ ပြီးတော့ ဆရာတော် အဆက်အသွယ် နဲ့ ပဲ ၊ အခု ရန်ကုန် မှာ အလုပ် လျှောက်ဖို့ လာတာပါ ”
“ မင်း ဒီ ဘွဲ့ကို မန္တလေး မှာ ကျောင်း တက်ပြီး ယူ ခဲ့တာလား ”
“ ဟုတ်ပါတယ် ၊ ဆရာတော် ရဲ့ ဒါယကာ တစ်ယောက် အိမ် မှာ ဝိုင်းလုပ်ဝိုင်းစား နဲ့ နေရင်း ဒီ ဘွဲ့ ကို ယူ ခဲ့တာပါ ၊ ကျောင်းစရိတ် ကို တော့ ဆရာတော် က ပဲ ထောက်ပံ့ပါတယ် ၊ အခုတော့ အလုပ် ရရင် ကျွန်တော့် အလှည့်ပေါ့ မမနွယ် ရယ် ”
“ အေးပေါ့ကွာ ၊ လူငယ် တစ်ယောက် ရဲ့ အနာဂတ် မှာ တောက်ပတဲ့ အိမ်မက် တစ်ခု ကတော့ အမြဲတမ်း ရှိကြစမြဲပါပဲ ၊ အဲ့ဒီလို ကံ ၊ ဉာဏ် ၊ ဝီရိယ နဲ့ သွား ကြရတဲ့ အခါမှာ ဉာဏ် နဲ့ ဝီရိယ ကို သာ ငါတို့ ပိုင်တယ် ၊ ကံ ကို ငါတို့ မပိုင်ဘူး ၊ အခု မင်းတို့ မမနွယ် ရဲ့ အဆောင် မှာ နေတယ် ဆိုတာ ခဏတာ ခိုလှုံတာပါ ၊ နောင် လေးငါးဆယ်နှစ် ကြာလို့ ပြန် တွေ့ကြတဲ့ အခါကျတော့ မင်းတို့ အားလုံး ဟာ မမနွယ် က လေးစားလောက်ရတဲ့ သူတွေ ဖြစ် နေပါစေလို့ မမ ဆုတောင်းပါတယ် ကွာ ”
ထိုနေ့ ထမင်းကျွေးပွဲကလေး သည် နွေးထွေးသော အနာဂတ် ဆွေးနွေးပွဲလေး တစ်ခု လည်း ဖြစ်ပြီး မမနွယ် နှင့် သူတို့ ပိုမို ရင်းနှီးစေ သည့် ပွဲကလေးလည်း ဖြစ်သွားပါသည် ။
မောင်ညို တို့ အဖွဲ့ အား နှင့် ခွန် နှင့် အလုပ် ကို ညာသံ ပေးပြီး အားတက်သရော လုပ်နေချိန် တွင် မောင်ညို တို့ တူးနေသော တွင်း နားတို့ ဆေးပေါလိပ်ကလေး သောက်ရင်း လာကြည့်နေသော လူတစ်ယောက် ကို ညိုမောင် သတိထား မိသည် ။ အဝီစိ တူး တာ ကို ဒီလိုပဲ မမြင်ဖူးတဲ့ သူတွေ လာနေကျမို့ သိပ် ထူးဆန်းသူ တစ်ယောက် မဟုတ် ဟု ညိုမောင် သဘော ထား လိုက်သည် ။ သို့သော် သေသေချာချာ ကြည့်တော့မှ ထို လူ ၏ မျက်လုံးများ သည် ဦးလေးသန်း ၏ မျက်နှာ ကို သာ ကြည့်နေချင်း ဖြစ်ကြောင်း ညိုမောင် ကောင်းစွာ သဘော ပေါက်၍သွားသည် ။