ဘာကြီးလဲ

ညိုမောင့် ထက် ကြီးသည် ။ စကား နည်းသည် ။ တည်ကြည်ဖြောင့်မတ်သည် ။ အလုပ် ကို စနစ်တကျ ကျွမ်းကျင်သူ ဖြစ်ကြောင်း ၊ ခိုင်းသည့် အခါတွင် ပြောသော စကားများ ကို ကြည့်၍ သိသာသည် ။

နောက် သုံးယောက် က ဝါဝါဦး ၊ သူဇာ နှင့် ရီရီထွေး တို့ ဖြစ်သည် ။

ရီရီထွေး က ကုမ္ပဏီ သို့ လူမှုရေးအရ ဖြစ်စေ ၊ အလုပ်ကိစ္စ ဖြစ်စေ ၊ တွေ့ရန် လာသော ဧည့်သည်များ အား ခဏ စောင့်ဆိုင်းရန် နေရာ ပေးပြီး ၊ ထို တွေ့ချင်သူ ရှိသည့် ဌာနသို့ ဖုန်းဆက်ပြီး ခေါ် ပေးရသည့် ကိစ္စကို လုပ်သည် ။ ထို အလုပ် သည် တစ်ရုံးလုံး မှာ ရှိသည့် ဝန်ထမ်းတွေ ဘယ် Section မှာ ရှိသည်ဆိုတာ ကို သိထားမှ ဖြစ်မည် ။ ပြီးတော့ လူမှုရေးအရ ကိစ္စ နှင့် လာသော ဖုန်းများ ကို လိုင်း ခွဲပေးရသည် ။ Solo ကုမ္ပဏီတွင် ချစ်မင်းစိုး ၊ လမင်း နှင့် MD ဒေါ်ချစ်ချစ်စု တို့မှ လွဲ၍ တိုက်ရိုက် ဖုန်း မရှိပါ ။ လုံးဝ ပေးမထားပါ ။ Reception မှ ဖုန်းလိုင်းခွဲ ဖြင့် သာ သွားရသည် ။ ထို ဖုန်းကိစ္စကို သူဇာ က ကူညီပေးတတ်ပြီး သူဇာ ၏ ပင်မ အလုပ် က ထွက်စာများ ကို Solo ကုမ္ပဏီ တံဆိပ်ရိုက်ခြင်း ၊စာအိတ်ပိတ်ခြင်း ၊ ချိတ်ပိတ်ခြင်း စသည်တို့ ဖြစ်သည် ။

ဝါဝါဦး ကတော့ ဝင်စာများ အားလုံးကို ဝင်စာနံပါတ် နှင့် အတူ မှတ်တမ်းယူ ၊ ဝင်စာနံပါတ် ရေးပြီး ၊ သူ့ ဌာနစိတ် အလိုက် ခွဲဝေပြီး ဖိုင်တစ်ခုစီ သီးခြား ခွဲပြီး MD မှ တစ်ဆင့် လမင်းစိုး နှင့် ချစ်မင်းစိုး တို့ ဆီ သို့ တင် ရခြင်း ဖြစ်သည် ။ ထို စာတွေ ကို ချစ်မင်းစိုး တို့ မောင်နှမ က ဖတ်ပြီး သူ့ Section အလိုက် ပြန် ခွဲဝေ ပေးတော့မှ လုပ်ငန်း က စ ကြခြင်းဖြစ်သည် ။

ကိုသက်ဝင်း ကတော့ နယ်ကိုယ်စားလှယ် လွှဲစာများ ၊ Bank Account များ ၊ ချက်လက်မှတ်များ ကို သီးသန့် ကိုင်သည် ။

“ ကိုညိုမောင့် ကို ကျွန်တော် ပေးချင်တဲ့ တာဝန် က ဝါဝါဦး နှင့် တွဲ ဗျာ ၊ ဘယ်လို စာ ကို ဘယ် Section ကို တင်ရတယ် ၊ ဘယ်လို ခွဲရတယ် ၊ Record ဘယ်လို သွင်းရမယ် ၊ ဝင်စာနံပါတ် ဘယ်နေရာ မှာ ရေးရမယ် ဆိုတာတွေ ကို ဝါဝါဦး က ပြပေးလိမ့်မယ် ၊ ခက်ခက်ခဲခဲ မရှိပါဘူးဗျာ ၊ Section ခွဲတာ က တစ်ပတ် ဆို မှတ်မိတာပါပဲ ၊ အရေးကြီးတာ က နံပါတ်တွေ ကို မမှားဖို့ အဓိကဘဲ ဗျ ”

“ ဟုတ်ကဲ့ … ကျွန်တော် ကြိုးစားပါ့မယ် ”

ညိုမောင် တကယ်ပင် ကြိုးစားပါသည် ။ ခက်တာက ဝါဝါဦး ရော သူဇာ နှင့် ရီရီထွေး တို့ ကပါ ညိုမောင့် ကို “ ဦး ” ဟု ခေါ်ကြခြင်းပင် ဖြစ်သည် ။ သူ့ ထက် ငယ်သည် ဆိုတာ ကိုတော့ ညိုမောင် သိပါသည် ။ သို့သော် ဦး ဟု ခေါ် တာတော့ လွန်သည် ဟု ထင်သည် ။

ဝါဝါဦး ဆိုသည့် ကောင်မလေးကလေး က ဝဝကစ်ကစ်ကလေး ခင်ချင်စရာ ကောင်းသည် ။ ရယ် လိုက်ရင် ပါးချိုင့်ကလေး ကလည်း ပါ သေး၏ ။ သူ့ နှမ သာ ဆိုလျှင် ညိုမောင် သည် ဝါဝါဦး ကို ပါးဆွဲလိမ်ပြီး စ စနေ မိ မှာ သေချာသည် ။

ဆယ့်တစ်နာရီ ထိုးလောက် မှာ ဝင်စာတွေ ကျဲသွားသည် ။

“ ကဲ … ဦး ခဏနား လို့ ရပြီ ၊ ညနေ ၃ နာရီ လောက်မှ ပြန် အလုပ် ရှုပ်မှာ ”

“ နင် တို့ ထက် ငါ က အသက် ကြီးတာ တော့ သိ ပါတယ် ဟာ ၊ ဒါပေမယ့် ဦး လို့ ခေါ်ရုံ လောက်တော့ မဟုတ်သေးဘူး နဲ့ တူတယ် ”

“ အာ … ဘာဖြစ်လို့ မတူရမှာလဲ တူတာပေါ့ ၊ ဝါဝါ တို့ က ခုမှ ၁ဝတန်း အောင် တာ ၊ နေပါဦး ဦး တို့ ကို ဘွဲ့ရ ခေါ်တာ ဦး က ဘာဖြစ်လို့ ဒီ Reception ကို ရောက်လာရတာလဲ ”

“ အင်းလေ ကျန်တဲ့ လူတွေ ကျတော့ ရေးရာတွေ ကိုင်ရတယ် ”

“ ယောကျာ်းလေး နှစ်ယောက် မှာ တစ်ယောက် ကို ဒု – ခွဲမှူး လား ဖြစ်သွားတယ် ၊ ဦး ကျမှ ဘာဖြစ်လို့ ဒီကို ကျရတာလဲ ”

“ ဟဲ့ … ကောင်မလေးတွေ …”

ဝါဝါ တို့ သုံးယောက် ဇက်ကလေးတွေ ပုပြီး လျှာကလေးတွေ တစ်လစ် ဖြစ်ကုန်ကြ၏ ။ ကိုသက်ဝင်း သည် ကိုယ် နှင့် မဆိုင်သော ကိစ္စများ ကို စပ်စုတာ မကြိုက်ပါ ။

“ ရပါတယ် ကိုသက်ဝင်း ရဲ့ ၊ သူတို့က ရိုးရိုး မေးတာပဲ ဟာ ၊ ကျွန်တော် က ဒီ အလုပ်က လွဲရင် ဘယ်အလုပ် ကို မှ မလုပ်ဖူးဘူးလေ ၊ ဒီနေရာ က အောက်ခြေ အကျဆုံး နေရာလို့ ဟို … အဲဒီလေ … ”

ညိုမောင် က လမင်း ရှိရာ အခန်း ကို လက်ညှိုး ထိုး ပြရင်း လမင်းစိုး ကို ဘယ်လို နာမ ၊ ဝိဂြိုလ် ပြုရမယ် မှန်း မသိ ဖြစ်နေ၏ ။

“ အို … လက်ညှိုးကြီး မထိုးနဲ့လေ ၊ အဲဒီ မမ ကို GM လို့ ခေါ်ရင် ရတယ် ”

“ ဟုတ်ပြီ ၊ သူ က ပြောပြီးတော့ မှ ခန့် တာပါ ၊ ကျွန်တော် က လည်း အခြေခံ အဆင့် က စပြီး သင်တာ အကောင်းဆုံး ဆိုတော့ ကျေနပ် ပါတယ် ”

“ ဦး က ဘာ နဲ့ဘွဲ့ ရတာလဲ ဟင် ”

“ အီကို နဲ့ ”

“ ဟင် … ဒါဆို ရေးရာ တစ်ခုတော့ ကောင်းကောင်း ထား လို့ရတာပဲဟာ ၊ တလောက ရိုးရိုး ဘွဲ့ရတာတွေ ကို တောင်မှပဲ ရေးရာတွေ မှာ တွဲဖက်တွေ ခန့်တဲ့ ဟာ အခု Reception မှာ များ လာ တွဲ ရတယ်လို့ ”

“ နောက်ကျတော့လည်း မ GM က ခန့်မှာပေါ့ ဟာ ”

ညိုမောင့် စကား ဆုံးတော့ ဝါဝါဦး တို့ သုံးယောက် လမင်း ရှိသည့် အခန်းဘက် ကို ကြည့်၍ ရယ် လိုက်ကြသည် ။ ဝါဝါ တို့ ရယ်တာက ညိုမောင် ၏ ‘ မ GM ‘ ဆိုသော အခေါ် ကို သဘော ကျသောကြောင့် လမင်း အခန်း ကို လှမ်း ကြည့်ရင်း ရယ်ကြခြင်း ဖြစ်သည် ။

“ GM ဆို ရပါပြီ ဦး ရဲ့ ”

“ လူကြီး ဆိုတော့ လေးစားရမယ်လေ ဟာ ”

ညိုမောင့် စကား ဆုံးတော့ ကောင်မကလေးတွေ က ရယ်ပြီး သူ ရှိရာ အခန်းဘက် ကို လှည့်လှည့် ကြည့် ကြကြောင်း ကို အခန်း ထဲ က လမင်း တွေ့ နေရသည် ။ ဧကန္တ ဒီ ကောင် သူ့ ကား ကို တွန်း ပေးခဲ့ရတဲ့ အကြောင်း ကို ဖောက်သည် ချနေတာပဲ ဖြစ်ရမည် ။

တွေးပြီးသည် နှင့် တွေးပြီး သော အတွေး ကို ယုံကြည်သော ယုံကြည်မှု နှင့် ထို ယုံကြည်မှု မှ လာသော ဒေါသ ကို လမင်း တဆက်တည်း လက်ခံ လိုက်သည် ။ ဒီနေ့မှ အလုပ် ဝင်တဲ့ သူ က ဒီကလေးမတွေ နဲ့ ဟီးဟီးဟားဟား ဖြစ်စရာ ဆိုလို့ သူ့ အကြောင်း ကို ပြောတာ တစ်ခုပဲ ဖြစ်ရမည် ။ သူ့ အကြောင်း ဆိုလျှင် လည်း ‘ ကား ‘ ကိစ္စ သာ ဖြစ်ရမည် ။

လမင်းစိုး သည် သူ့ ကိုယ် သူ တော်တော် ဒေါသ ဖြစ်၍ သွားသည် ။ ကိုကို့ ကို အတိုက်အခံ ပြောပြီး ဒီငတိ ကို မခန့်ဘဲ ထားလျှင် ရလျက်သားနှင့် ဥက္ကာကျော် နှင့် အလဲအလှယ်သဘောမျိုး လုပ်၍ ထည့် ခဲ့မိသည် ။ အခု ဒီ ကောင် က သူ့ အရှက် ကို ခွဲ နေပြီ ။ ဒီ ကောင်မလေးတွေ သိသွားလျှင် သူ ကားပျက်သည် ကို တစ်ရုံးလုံး သိ ကြလိမ့်မည် ။ ဒါဆိုလျှင် အင်တာဗျူး မေးသည့် နေ့ က အဖြူရောင်ဝတ်စုံ နှင့် ကုမ္ပဏီ တစ်ခုလုံး က ငေး ခဲ့ရသော သူမ သည် လမ်း မှာ ကား ပျက်နေသည် ။ ထို့ကြောင့် အင်တာဗျူး အချိန် ကို ရွေ့ခြင်း ဖြစ်သည် ဆိုတာတွေပါ မီးခိုးကြွက်လျှောက် ပေါ်ကုန်တော့မည် ။