ဘာကြီးလဲ

“ အေး .. အဲဒီ ခုံတန်းပြာ ဟာ မင်းတို့ မိန်းကလေးတွေ အတွက် နယ်မြေ အကုန်ပဲ ၊ အဲဒီမှာ ပဲ ထားခဲ့ ၊ ဒီ ခြံ ထဲ မှာ မိန်းကလေး ဆိုလို့ ငါ တစ်ယောက် ပဲ ရှိရမယ် ”

ညိုမောင် ပြုံး မိသည် ။

“ ဘာ ပြုံးတာလဲ ”

သူ ပြုံးမိသည့် စိတ်ကူး အတိုင်းသာ ပြော ရလျှင် ဒီ အဆောင် က ချက်ချင်း လက်ငင်း ကြွမြန်းရမှာ သေချာသောကြောင့် ဆရာတော့် ထံ မှ ယူခဲ့သည့် ငါးပါးသီလ ထဲ မှ သီလ တစ်ပါး ကျိုး ရလေသည် ။

“ ဪ … ဟိုလေ .. မမနွယ် က တကယ်စနစ်တကျ တွက် ထားတာကို တွေး မိသွားလို့ပါ ”

“ နင်တို့ လို ငတိမျိုးတွေ နဲ့ အဲဒီ လောက် စနစ် ကျထားမှ တော်ရုံ ကျတာ ၊ စနစ် ကျတယ် ကျတယ် ငါ ကတော့ ဒါဆိုရင် ဒါပဲ ၊ နောက်ဆုံး တစ်ခု ရှိသေးတယ် ၊ မင်း ဂစ်တာ တီး တတ်သလား ”

“ ဗျာ … ”

“ ဂစ်တာတီး တတ် သလားလို့ မေးတာ ”

“ ဟာ .. ဒုက္ခပဲ ၊ ကျွန် … ကျွန်တော် ဂစ်တာ မတီးတတ်ဘူး ခင်ဗျ ”

ဒီတစ်ခါတော့ မမနွယ် သည် မျက်စောင်းကြီး ကို လည်း ထိုး ၊ သက်ပြင်းကြီး ကိုလည်း ချ ၊ ခါးကြီး ကို လည်း ထောက်ခါ ညိုမောင့် ကို ဘုကြည့် ကြည့်လေသည် ။ ညိုမောင့် မှာ မျက်နှာငယ်ကလေး နှင့် ဖြစ်နေ၏ ။

“ ဒီမှာ ကိုယ်တော် ဂစ်တာ တီးတော် မမူတတ် တာ ကောင်းတာပေါ့ ရှင် ။ ကောင်းတာပေါ့ရှင် ကောင်းတာပေါ့ ၊ တီးတော် မူ တတ်ရင် ဟောဒီ တပည့်တော်မ က ည ၇ နာရီ ပဲ တီးခွင့် ပေးတယ်လို့ ပြောတော် မူ မလို့ပါ တကတည်း ”

“ ဟာ … မမနွယ် .. အဲဒီလို မပြောရဘူး လေ ၊ အဲဒါ ဆရာတော်ကြီးတွေ ကို လျှောက် မှ လျှောက် ရတာ မမနွယ် ရဲ့ ”

“ အမလေး ဒုက္ခပါပဲ ၊ မှားတော် မူ ပါတယ် ၊ မှားတော် မူ ပါတယ် ၊ အဲဒါ မင်း ကို တမင် ရွဲ့ပြီး ပြောနေတာပေါ့ ၊ သိပြီလား … သိပြီလား ”

“ ဪ … ”

ဒီတော့မှ ညိုမောင် သဘော ပေါက်၍ ခေါင်း ကို ကုတ်ရင်း စပ်ဖြဲဖြဲ ဖြစ်သွားသည် ။

“ အင်း … တော်ပါသေးရဲ့ သိတော် မူပေလို့ ၊ ကဲ .. ကိုယ်တော် ကျွန်မလည်း ပြောစရာ ကုန်ပြီ ခေါင်းလည်း တော်တော်လေး နောက်သွားပြီ အဲဒီတော့ မင်း အဆောင် မင်း သွားနားတော့ ၊ မင်း က နောက်ဆုံး ရောက်တဲ့ လူ ဆိုတော့ လွတ်နေတဲ့ ကုတင် က မင်း အတွက်ပဲ ၊ သွားတော့ ”

“ ဟုတ် … ဟုတ်ကဲ့ ”

ညိုမောင် ဖျာလိပ်ကြီး ထမ်းပြီး လှည့် ထွက်ခဲ့သည် ။ စိတ် ထဲမှာ အခု မှ ပေါ့ ၍ သွား၏ ။

“ ဪ … ဟေ့ .. ဟေ့ ည ကျရင် မင်း နာမည် အဖေ နာမည် နိုင်ငံသားစစ်ဆေးရေးကတ် မိတ္တူ နဲ့ ဓာတ်ပုံ သုံးပုံ လာ ပေးထား ၊ မင်း ကို အဆောင်နေ ဧည့်စာရင်း တိုင် ရမှာ ၊ ဓာတ်ပုံ ရိုက်ပြီးသား မရှိရင် သွား ရိုက်ထား ”

“ ဟာ .. ရှိပါတယ်ခင်ဗျ ၊ ရှိပါတယ် ၊ ကျွန်တော့် မှာ ဓာတ်ပုံတွေ ရိုက်ပြီးသားတွေ အများကြီး ပါလာပါတယ် ”

“ အေး … ဒါဆိုလည်း ပြီးရော ”

လောကကြီး ထဲ မှာ ဒီလို အူကြောင်ကြောင် ငတိကလေးတွေ လည်း ရှိပါသေးလား ဆိုတာ ဒေါ်တင်တင်နွယ် ခေါ် မမနွယ် ကောင်းကောင်း သဘော ပေါက်သွားလေသည် ။

ညိုမောင် ရွာ မှာ တုန်းက သူ အကြိမ်ကြိမ် အိမ်မက် မက် ခဲ့ရသော အဆောင်ကလေး ကို ဝင်ပြီး အခန်း ကို ငေး နေမိသည် ။ ခုတင် လေးခု ရှိပြီး ခုတင် တစ်ခု နံဘေး တွင် သုံးပေခွဲ အမြင့် ရှိသော သစ်သားခုံကလေးတွေ တစ်ခု စီ ရှိသည် ။ ကျန် ခုတင် ၃ ခု ကတော့ အိမ်ရာခင်းတွေ ၊ စောင်တွေ ၊ ခေါင်းအုံးတွေ ခုတင် နံဘေး က စင်ကလေး ပေါ် မှာ လည်း နာရီတွေ ၊ ရေခွက်တွေ ၊ မှန်တွေ ၊ ဘီးတွေ စသည့် တိုလီမိုလီ ပစ္စည်းကလေးတွေ နှင့် ရှိ နေကြသည် ။ ညိုမောင့် ကို စောင့် နေသော ခုတင်ကလေး တစ်လုံး သာ ဘာပစ္စည်း မှ မရှိ ။ ပကတိ ဟာလာဟင်းလင်း ဖြစ်လျက် ရှိသည် ။

ခုတင်ကလေး သည် သစ်ရိုင်း ပကာသား ဖြင့် ရိုက် ထားသော ခုတင်ကြမ်းကလေး တစ်လုံး သာ ဖြစ်ပါသည် ။ ခုတင်ကလေး သည် သူ့ ကို ရှက်ပြီး ခေါင်းကလေးကို ငုံ့ထားသော အပျိုမလေး တစ်ယောက် နှင့် တူသည် ဟု ညိုမောင် ထင် ချင်သည် ။

မကြာခင် သူငယ်ချင်း ဖြစ် သွားလိမ့်မည် ဟု ညိုမောင် သိ နေပါသည် ။ ခုတင်ကလေး ပေါ် သို့ အမေ ပေး လိုက်သော ဖျာ ကို ခင်းသည် ။ ပြီးတော့ အဘွား ထည့် ပေးလိုက်သော ဂွမ်းစောင် ကို ခင်းသည် ။ ပြီးတော့ ဒေါ်လေး ထည့် ပေးလိုက်သော ခေါင်းအုံး ၊ သူ ခြုံနေကျ အညာစောင် အနီကွက်ကလေး ။ နံဘေး က စားပွဲကလေး ပေါ် မှာတော့ ပရိတ်ကြီးဆယ့်တစ်သုတ် ၊ သူ ကျက်နေကျ အင်္ဂလိပ်စကားပြော စာအုပ် ၊ ပြီးတော့ အလတ်စား အဘိဓာန် စာအုပ် ၊ မှတ်စုစာအုပ် ဖောင်တိန် နှင့် ခဲတံတွေ ထည့် သည့် ကွန်ပါဘူးကလေး ။ အားလုံး နေသားတကျ ပြင်ဆင်ပြီးတော့ သူ့ ကျောပိုးအိတ်ကြီး ကို ခုတင် အောက် ကို သွင်း လိုက်ပြီး စိတ် ကို လျှော့ ချရင်း သူ ပိုင် ခုတင်ကလေး မှာ လှဲ လိုက်တော့မှ သူ ဘယ်လောက် ပင်ပန်းနေသည် ဆိုတာကို သိ ရသည် ။

ဒီနေ့ သည် ရန်ကုန်မြေ ကို သူ ပထမဦးဆုံး ခြေ စ ချသည့်နေ့ ဖြစ်သည် ။ သူ့ အတွက် နောက်ဘက် ကို တစ်လှမ်း မှ ဆုတ်ခွင့် မရှိသော ကျားကုတ်ကျားခဲ နေရာကလေး တစ်နေရာ လည်း ဖြစ်၏ ။ ဒီနေရာကလေး ကနေ သူ့ ကို လွင့်စင်ထွက်သွားအောင် လုပ်မည့် စိန်ခေါ်မှုတွေ အများကြီး ရှေ့ မှာ ရှိနေမှာ သေချာသည် ။ ကြိုဆိုမည့် လက် ကတော့ ခုထိ မတွေ့ရသေး တွေး၍ ပင် မရသေး ။

သို့သော် .. ဘယ်လိုစိန်ခေါ်မှုမျိုး ကိုပဲ ဖြစ်ဖြစ် ၊ ဒီနေရာကလေး ကနေ သူ့ ကြံ့ကြံ့ ခံ ခုခံတော့မည် ဟု ညိုမောင် ရဲရင့်စွာ ဆုံးဖြတ်ချက် ချလိုက်သည် ။ ထိုသို့ တွေးရင်းနှင့် နှစ်ရက် ဆက်တိုက် အိပ်ကောင်းခြင်း မအိပ်ခဲ့ရသော ညိုမောင် သည် အိပ်ကောင်းခြင်း ထဲ သို့ ရောက် သွားလေသည် ။

အိမ်စက်ခြင်း ဟူသော တွင်းနက်ကြီး ထဲ သို့ ညိုမောင် ၏ စိတ်အားအင် တစ်ခုလုံး။အဆုံးအစ မဲ့ နှစ်သက်စွာ မျော ကျသွားလေသည် ။

ဟက်ဟက်ပက်ပက် အားရပါးရ ရယ်သံကြီး ကြောင့် ညိုမောင် အိပ်ရာမှ လန့်ပြီး နိုးလာသည် ။ နိုးကာစ က သူ သည် သူ့ အိမ် မှာ အိပ်နေသည် ဟု ပဲ ထင် လိုက်မိသေး၏ ။ နောက်တော့မှ သူ့ ဦးနှောက် သည် ချက်ချင်း အလုပ် လုပ် လိုက်သည် ။

ရန်ကုန် ၊ အဆောင် ၊ မမနွယ် စည်းကမ်းများ …..

ဒါဆိုလျှင် အခု သူ တွေ့နေရသော လူ နှစ်ယောက် သည် သူ နှင့် အတူ နေရမည့် အခန်းဖော်တွေ သာ ဖြစ်ရမည် ။

“ ဆောရီး ဗျာ ၊ ကျွန်တော်တို့ ရယ်သံ ကြောင့် နိုးသွားတာ ထင်တယ် ”

“ ဟာ … မဟုတ်ပါဘူး ၊ ရပါတယ် ၊ ကျွန်တော် လည်း ရောက်လာတော့ ခရီး ပမ်းတာ နဲ့ တုံးခနဲ အိပ် ပျော်သွားတာ ၊ အခု နိုးတာ နိုးချင်လို့ပါ ၊ Battery ပြည့်သွားတဲ့ သဘောပေါ့ဗျာ ၊ ကျွန်တော် က မပြည့်သေးရင် ရယ်သံ မပြောနဲ့ ဆင် အော်သံတောင် မနိုးဘူး ”

သူတို့ သုံးယောက် ရယ် ဖြစ်လိုက်ကြသည် ။

“ ကျွန်တော် က ဇော်သစ်နိုင် ပါ ၊ ကိုဇော်လေး လို့ ခေါ်ကြတယ် ၊ ဒီကောင် က မိုးမြတ်ဝင်း ကိုမိုး ပေါ့ ”

အသီးသီး ကမ်းပေးလာသော လက်တွေ ကို ညိုမောင် လိုက် ဆွဲ နူတ်ဆက် ပြီးတော့ မိတ်ဆက် ရသည် ။

“ ကျွန်တော် က ညိုမောင် ပါ ၊ ရွှေဘို ဘက် က ပါ ”

“ ရွှေဘိုမြို့ပေါ်ကလား ”

“ အာ … မဟုတ်ဘူးခင်ဗျ ၊ ရွှေဘိုမြို့ ကနေ ကျွန်တော် တို့ ရွာ ကို တစ်ရက်သွားရသေးတယ် ၊ လမ်း က နေ့ဝက်လောက် အထိပဲ လှည်းလမ်း ပေါက်တယ် ၊ ကျန်တာ ကုန်းကြောင်း ပဲ “

“ အား … တော်ပြီ တော်ပြီ ဟက်စကီး တစ်စင်းလောက် ဝယ် နိုင်မှပဲ လိုက် လည်တော့မယ် ”

သူတို့ သုံးယောက် ရယ် ဖြစ်ကြပြန်သည် ။

“ ခင်ဗျား က ကျွန်တော့် အတွက် တော့ Lucky man ပဲ ၊ ကျွန်တော် က ကားပွဲစား ပါ ၊ ဒီ ငဖွတ်တွေ နဲ့ နေရတာ ဒီ တစ်လ လုံး တစ်ခါမှ အလုပ် မဖြစ်ဘူး ၊ ကဲ .. အခု ခင်ဗျား ရောက်လာတော့ မှ ပဲ ဒီနေ့ ကျွန်တော် လေးပုံး လောက် ရလာတယ် ၊ ပြီးရင် ဆိုင် သွားမယ် ကွာ ”

“ ဟာ … တိုးလွင်ကြီး ကို မစောင့်တော့ဘူး လား ”

“ ဟေ့ကောင် ကိုမိုး ၊ ငါ ပြောကတည်း က ပြီးရင် ဆိုတဲ့ စကား ပါတယ်နော် ၊ ဟို ငတိ company က ပြန်လာမှ ပေါ့ကွ ”

ပြောစရာ စကား ကုန်သွားသဖြင့် ညိုမောင် က သူ့ ခုတင်ကလေး ပေါ် မှာ ထိုင်သည် ။