ဘာကြီးလဲ

ညိုမောင် အကောင်းဆုံး ဘယ်လို ပြန် ဖြေရမလဲ ဆိုတာကို စဉ်းစားသော်လည်း စဉ်းစား မရ ၊ တစ်ဖက် က အရမ်း လော ကြီး နေသည် ။ စိတ်လှုပ်ရှားမှု အရမ်း များနေသည် ။

“ လမင်း …”

တစ်ဖက် က ဖုန်း ထဲ မှ တုန်လှုပ်နေသော အသံ ကို ကောင်းကောင်း ကြားနေရ၏ ။ အကောင်းဆုံး က ဖုန်း ချ လိုက်တာပဲ ဖြစ်လိမ့်မည် ။ လက်ထဲ က ဖုန်း ကို တစ်ချက် ကြည့် ပခုံး ကို တွန့်ပြီး ဖုန်း ပေါ် တင် လိုက်သည် ။ ဖုန်စုတ်စက် ယူ တော့မှ တံခါးဝ မှာ သူ့ ကို မျက်မှောင်ကျုံ့ ပြီး ကြည့် နေသော လမင်းစိုး ကို ထိတ်လန့်ဖွယ်ရာ တွေ့ ရလေသည် ။

လမင်းစိုး သည် ညိုမောင့် ကို စိတ်ပျက်လက်ပျက် ကြည့်ရင်း ခေါင်း ကို ခါရမ်းကာ သူ့ ခုံ တွင် ဝင် ထိုင်သည် ။ ညိုမောင် နာရီ ကို ကြည့်တော့ ၉ နာရီ ထိုးပြီး ၂ မိနစ် ရှိနေပြီ ဆိုတာကို တွေ့ရသည် ။ သူ ကိုင်လိုက် သော ဖုန်း သည် ၉ နာရီ တိတိ မှာ လမင်းစိုး နှင့် ချိန်းထားသော ဖုန်းများ ဖြစ်နေသလား ဟု သူ အတိတ်တလန့် တွေးလိုက်မိသည် ။

“ တို့ … မင်း ကို ဘယ်လို လုပ်ရမလဲ ”

ညိုမောင် ဘာမျှ မပြောနိုင်ပါ ။ လမင်း ၏ စားပွဲခုံ ကိုသာ ကြည့် နေလိုက်သည် ။

“ ဒီ ဖုန်း ကို မင်း ကိုင်ခွင့် မရှိဘူး ၊ မင်း မှ မဟုတ်ဘူး ၊ ဒီ ကုမ္ပဏီ က လူ ဘယ်သူ မှ ကိုင်ခွင့် မရှိဘူး ၊ နောက်ဆုံး တို့ ကိုကို ချစ်မင်းစိုး တောင်မှ မကိုင်ရဘူး ကွ ၊ သိရဲ့လား ”

“ ဖုန်း က နှစ်ကြိမ် တောင် ခေါ်တာနဲ့ အရေးကြီးတဲ့ ဖုန်းများလား ဆိုပြီး ကိုင်မိတာပါ ”

“ သေလိုက်စမ်း ၊ သူ့ ဘာသာ အကြိမ် တစ်သန်း မြည်မြည်ပေါ့ ကွ ၊ မင်း နဲ့ဘာ ဆိုင်လို့လဲ ”

“ ကျွန်တော် ကတော့ စေတနာ နဲ့ ကိုင်တာ အမှန်ပါ ၊ ပေးချင်တဲ့ အပြစ် ပေးပါ ”

“ ကောင်းတယ် ၊ မင်း က လုပ်ချင်တာ လုပ်ပြီးရင် ပေးချင်တဲ့ အပြစ်ပေးပါ တောင်းလိုက် နဲ့ ဟုတ်လို့ ၊ မင်း ကို အပြစ် ပေးရတဲ့ ငါ့ ကို ကျတော့ ဝန်ထမ်းတွေ က မယ်ကုဝဏ် ကျနေတာပဲ ၊ ဒီ မှာ ညိုမောင် သန့်ရှင်းရေး ဆိုတာ ဒီ ရုံး မှာ အနိမ့်ဆုံး ကွ ၊ အဲဒီ အဆင့် ထက် မင်း ကို ငါက ဘယ်လို လျှော့ လို့ ရတော့မှာလဲ ”

ညိုမောင် ဘာမှ မပြောနိုင်တော့ဘဲ ခေါင်း ကို ငုံ့ လိုက်မိသည် ။

ဖုန်း ထဲ က လူ ပြောတဲ့ စကား ကို ဖွင့် ပြောလိုက်လျှင် ကောင်းမလား ၊ ဒါပေမယ့် ဆက် တွေးတော့ မပြောတာ က ပို ကောင်းလိမ့်မည် ဟု ညိုမောင် သဘော ရသည် ။ သူ ပြောပြ လိုက်လျှင် လမင်းစိုး ထို လူ့ဆီ လှမ်းပြီး ဖုန်းဆက် မေးမည် ။ ဟို တစ်ဖက် က လမင်း ကိုင်တာ မဟုတ်မှန်း သိတော့ ‘ မဟုတ်ဘူး ‘ ဟု ငြင်းဖို့ က များသည် ။ အဲဒါဆိုလျှင် သူ ပို ပြဿနာ တက် သွားနိုင်သည် ။

“ နေစမ်းပါဦး မင်း က ဘယ်သူ နဲ့ စကား ပြောနေတာ လဲ ၊ ဆိုလိုတာ မင်း နဲ့ ဖုန်းဆက်တဲ့ လူ နဲ့

ဘာ စကား တွေ ပြောကြလဲ ”

“ ကျွန် … ကျွန်တော် က ဘာမှ မပြောပါဘူး ၊ ဟိုဘက် က ပဲ ပြောတာပါ ”

“ ကောင်းပြီ ၊ ဟိုဘက် က ဘာတေွ ပြောလဲ ”

“ သူ ပြောတာတွေ ကို ကျွန်တော် ဘာမှ နားမလည်ဘူး ”

“ မြန်မာလို ပဲ ပြောတာ မဟုတ်လား ”

“ ဟုတ်ပါတယ် ၊ မြန်မာ လို ပဲ ပြောတာပါ ”

“ ယောက်ျားလေးလား ၊ မိန်းကလေးလား ”

“ ယောက်ျားလေး ပါ ”

“ တို့ ကို ဘယ်လို ခေါ်သလဲ ၊ ညီမလေး လို့ ခေါ်လား ”

“ လမင်း … လို့ပဲ ခေါ်ပါတယ် ”

လမင်း နည်းနည်း စိတ်ညစ်သွားသည် ။ အခု ညိုမောင် ပြောပုံ အရ ဆိုလျှင် ကိုကို တော့ မဖြစ်နိုင် ။ ယမင်းမ လည်း မဟုတ် ။ ယောကျာ်းလေး ထဲ က ဆိုတော့ သူ့ ကို အသည်းအသန် လိုက်နေတဲ့ မင်းခိုက်စိုးစန် လား ၊ မင်းခိုက်စိုးစန် လုပ်သော အစီအစဉ် ဖြစ်သည့် ပဟေဌိနန်းတော် တွင် သူ့ ကို စပွန်ဆာ ယူဖို့ နှင့် သူ့ မော်ဒန်ကဗျာအသစ်တွေ ကို ပေးဖတ်ဖို့ ဖြစ်ချင် ဖြစ်နိုင်သည် ။

“ အဲဒီ လူ က ကဗျာဆန်ဆန် စာဆန်ဆန် စကားတွေ မင်း ကို ပြော သေးလား ၊ မင်း ချက်ချင်း နားမလည်နိုင်တဲ့ စကားမျိုးတွေ လေ ”

“ အဲဒီလိုလည်း မပြောပါဘူး ”

လမင်း သည် သူ ပြောသမျှ ကို ဖုန်စုတ်စက် ကို လက် နှစ်ဖက်ဖြင့် ကိုင်ရင်း မဝံ့မရဲ မျက်ဝန်းများ နှင့် ဖြေနေသော ညိုမောင့် ပုံစံ ကို တွေ့ပြီး ဘာကြောင့်မှန်း မသိ ပျော်၍ သွားသည် ။ လူ့ စိတ် ဆိုတာ အင်မတန် ပြောရ ခက်သည် ဟု ပညာရှင်တွေ အားလုံး က နားလည် ထားကြသည် ။ လမင်း လို စိတ် သိပ်မြန်သည့် မိန်းကလေး ရဲ့ စိတ် ဆိုတော့ စိတ်လျင်မြန်နူန်း က မြန်လွန်း သဖြင့် ပို၍ နားလည်ရ ခက်ပါသည် ။

“ ကောင်းပြီ မင်း မှာ အပြစ် ရှိလား ”

“ ဟုတ်ကဲ့ ၊ ကျွန် … ကျွန်တော့် ကို အလုပ် ထုတ်မယ့် အပြစ် ကလွဲလို့ ကြိုက်တဲ့ အပြစ် ပေးပါဗျာ ၊ ကျွန်တော် ရအောင် လုပ်ပါ့မယ် ၊ ဒီတစ်ခါတော့ ခွင့်လွှတ် ပေးပါ ”

ညိုမောင့် ပုံစံ ကို ကြည့်ပြီး လမင်း စိတ်လွတ်လက်လွတ် ကို ရယ်မော ပစ်လိုက်သည် ။ ဘာပဲဖြစ်ဖြစ် လမင်း သည် ညိုမောင် နှင့် အတူ ရှိသော အချိန်တွေ ဆိုလျှင် စိတ် ချမ်းသာသည် ။ စူးရှသော်လည်း ဖြူစင်သည့် မျက်ဝန်း ၊ နှီးတစ်ပြားစာ ပမာဏ ရှိပြီး နက်မှောင်နေသည့် ကြောက်စရာ မျက်ခုံး ရှိသော်လည်း ထို မျက်ခုံး ကို ဘယ်တော့မှ ကျုံ့လေ့ မရှိ ။ ဆံပင် က တောရပ်ကွက် ထဲ က ဆိုင်မျိုးတွေ မှာ ညှပ် ထားဟန် တူသည် ။ ဘယ်လို မှ ပုံပန်းမကျ ။ ခန္ဓာကိုယ် က ကျစ်လစ်သည် ။ အောက်နူတ်ခမ်း သည် ဖူးဖူးလုံးလုံးကလေး ဖြစ်နေသဖြင့် လေးထောင့်စပ်စပ် မေးရိုး ၏ တင်းမာသော အား ကို လျှော့ချပေး သလို ဖြစ်နေသည် ။ အင်း ညိုမောင် သည် စနစ်တကျ ပြုပြင်လိုက်လျှင် လူချောကလေး တစ်ယောက် ဖြစ်လာနိုင်သည် ။

မိန်းကလေး တန် မဲ့ ယောကျာ်းလေး တစ်ယောက် ရဲ့အလှအပ ကို ဒီလောက် စမ်းစစ်နေစရာ မလို ဟု လမင်း ဆုံးဖြတ်ပြီး ညိုမောင့် ထံ မှ အကြည့် ကို ခွာလိုက်သည် ။

“ ထိုင်ပါ ”

“ ခင်ဗျာ ”

“ အဲဒီ ရှေ့ က ခုံမှာ ဝင် ထိုင်လိုက် လို့ ပြောတာ ”

ညိုမောင် မဝံ့မရဲ ပင် ဖုန်စုပ်စက် ကို အသာ ချပြီး လမင်းစိုး ရှေ့ မှ ခုံတွင် မရဲတရဲ ဝင်ထိုင်သည် ။ လမင်း သည် ဘာမှ မဟုတ်ဘဲ နှင့် သူ့ ကို မကြည့်သော ညိုမောင့် ကို ကြည့်ပြီး ဘယ်တုန်းက မှ မပျော်ခဲ့ရဘူးသော ‘ အပျော် ‘ မျိုး နှင့် ပျော် နေခဲ့သည် ။ လမင်း လူများစွာ ကို အနိုင် ရပြီးခဲ့ပါပြီ ။ ဒါပေမယ့် ဒီလို အပျော်မျိုးတော့ မပျော်ဘူးခဲ့ ။

“ မနက် သန့်ရှင်းရေး လုပ်ပြီး ပိုတဲ့ အချိန်တွေမှာ ဘာ လုပ်လဲ ”

“ စတိုအခန်း ထဲ မှာ အင်္ဂလိပ်စာ ကျက်ပါတယ် ၊ ဒါမှ မဟုတ်ရင် ”

ညိုမောင် က စကား ကို မဆက်ဘဲ ရပ်၍ထား၏ ။

“ အမှန်အတိုင်းပြောပါ ”

လမင်း အသံ က မခက်ထန် သော် လည်း အမိန့်ပေး သံ မှန်း သိသာသည် ။