ဘာကြီးလဲ

“ အိပ်ပါတယ် ”

“ ကောင်းပြီ .. ”

ထို စကား ကို ပြောပြီးနောက် လမင်း … နောက်မှီ ကို ပစ်လှဲချ မှီရင်း မျက်လုံများ ကို မှေး၍ မှိတ်ထားသည် ။ ပြီးတော့ ရင်တွေ လည်း ဘာကြောင့်မှန်း မသိ ၊ ခုန်၍ နေလေသည် ။ လမင်း မျက်စိ ကို ဖွင့်လိုက်ပြီး ဖုန်း ကို ကောက် ကိုင်ပြီး နံပါတ် တစ်ခု ကို နှိပ် လိုက်သည် ။

“ ခင်လေး လား ”

“ … … … … …”

“ အေး အခု လုပ်လက်စတွေ ဖြတ်ပြီးတော့ တို့ အခန်း ကို ဆင်းလာခဲ့ ဟုတ်ပြီလား“

စကား ပြောပြီးသည် နှင့် လမင်း က ညိုမောင့် မျက်ဝန်းတွေ ကို တည့်တည့် စိုက် ကြည့်လိုက်သည် ။ ညိုမောင် မျက်စိ လွှဲ ၍ သွားသည် ။ စိတ် ကို တင်းထားနိုင်သည့် အတွက် လမင်း သူ့ ကိုယ် သူ ကျေးဇူး တင်လိုက်မိသည် ။ မဟုတ်လျှင် ရင်ခုန်နေပြီ ဖြစ်သော လမင်း က မျက်ဝန်း အရင် လွှဲသူ ဖြစ်သွားမှာ သေချာသည် ။ ထိုအချိန် မှာပင် လမင်း ၏ တံခါး ခေါက်သံ ကို ကြားရ၏ ။

“ come in ”

လမင်း စကား ဆုံးတော့ မှ ကောင်မကလေး တစ်ယောက် ဝင် လာသည် ။

“ ခင်လေး မင်း အခု လုပ်လက်စ အလုပ်တွေ ကို သိမ့်သိမ့် ကို အပ်ပြီးတော့ မင်း ဟောဒီ ဆရာသမားလေး ကို … ”

ခင်လေး က ညိုမောင့် ကို လှမ်း ကြည့်သည့်အတွက် လမင်း စကား ကို ခဏ ရပ်ထားလိုက်၏ ။ ခင်လေး က ညိုမောင့် ကို မိတ်ဖွဲ့သည့် အနေနှင့် ပြုံး ပြသည် ။ ညိုမောင် သည် ခင်လေး ပြုံး ပြလိုက်သည့် တစက္ကန့်လောက် အတွင်း မှာ ပြန် ပြုံး ပြရလျှင် ကောင်း မလား ၊ မပြုံးပြရဘူးလား မဝေခွဲနိုင် သဖြင့် အူကြောင်ကြောင် ကျန်ရစ်ခဲ့သည် ။

“ Computer သင် ပေးရမယ် ၊ နေ့စဉ် သူ့ ရဲ့ မှတ်တမ်းကို တို့ ဖတ်ချင်တယ် ”

“ ဘယ်နေ့ စ မလဲ မမ ”

“ နက်ဖြန် … ၊ ဒီမှာ မင်း နက်ဖြန် သန့်ရှင်းရေး ကို ၉ နာရီ မှာ ပြီးအောင် လုပ်ပါ ၊ ပြီးရင် နာရီဝက် မင်း မနက်ခင်း စာ စားဖို့ အချိန် ပေးမယ် ၊ ပြီးရင် မင်း အပေါ်ထပ် ကို သွားရမယ် ၊ ပြီးတော့ မင်း ရဲ့ ဆရာမခင်လေး ဆီ မှာ Computer ကို အခြေခံ က စပြီး သင် ရမယ် ၊ အဲဒါ ငါ မင်း ကို ပေးတဲ့ အပြစ်ပဲ ၊ မင်း သဘော တူ ရဲ့လား ”

“ ဟာ … တူပါတယ် ၊ ခင်ဗျား တူပါတယ် ”

“ ခင်လေး သူ့ ကို ရုံးဆင်းချိန် မတိုင်ခင် ငါးမိနစ် အလိုမှာ သင်တန်း ဖြုတ် ၊ သူ မင်း ဆီ မှာ သင်တန်း တက် နေတာ ကို ဘယ်သူ မှ မရိပ်မိစေချင်ဘူး ၊ ညိုမောင် ကလည်း ဘယ်သူ့ ကို မှ မပြောရဘူး နော် ၊ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ … ခင်ဗျ ”

“ ကောင်းပြီး နက်ဖြန် အားလုံး အဆင်ပြေပါစေ ခင်လေး ပြန်လို့ရပြီ ”

ညိုမောင့် ရင် ထဲ တွင် အူမြူးလျက် ရှိသည် ။

ညိုမောင် သည် Computer ဆိုတာကြီး ကို နှိပ်ချင်နေတာ တတ်ချင်နေတာ ကြာပါပြီ ၊အခု အပြစ် ပေးသည့် အနေဖြင့် တက်ခွင့် ရတော့မည် ။ အဲဒီလို မှန်းသိလျှင် ထိုထက် ကြီးသော အပြစ် ကို ပင် လုပ် ပစ်လိုက်ချင်ပါသည် ။

“ ကဲ .. ညိုမောင် ”

“ ဟုတ်ကဲ့ ခင်ဗျ ”

“ ဒီနေ့ မင်း ပြန် နားမယ်ဆိုရင် နားလို့ ရပြီ ၊ အခု တို့ပေးတဲ့ အပြစ်ကို ဘယ်သူ့ ကို မှ တော့ ပြောလို့ မရဘူး ဆိုတာ မင်း ကြပ်ကြပ် သတိထားနော် ၊ ကဲ … ပါလေ မင်း ကို ငါ ဒီမှာ မထားတာပဲ ကောင်းပါတယ် ၊ ထားရင် မင်း ဝမ်းသာလွန်ပြီး လျှောက် ပြော နေမှာ စိုးရတယ် ၊ ပြန်တော့ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ ခင်ဗျ ၊ အခု ပြန်ပါ့မယ် ခင်ဗျ ”

ဝမ်းသာအားရ ထွက်သွားသော ညိုမောင့် ကို ကြည့်ပြီး လမင်း စိတ်ချမ်းသာ နေသည် ။ ဒီလို အပြစ်မျိုး ကို နောက် များများ ပေးမှ ဟု သူ့ ကိုယ် သူ ပြောလျက် ရှိ၏ ။

သာမန်ပုထုဇဉ်များ ဖြင့် ဖွဲ့စည်းထားသော လောက တွင် ဖြစ်ချင်တာ နှင့် ဖြစ်နေတာသည် တစ်မျိုးစီ ဖြစ်၍ နေချင်လည်း နေမည် ဖြစ်သည် ။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ ထိုသို့ ဖြစ်ရသော အကြောင်းတရား ကလည်း ရှိနေခဲ့တာ သေချာသည် ။

ကိုကို သည် သူ ရောက်သင့်သော အချိန် ထက် လေးလစာ နောက်ကျပြီးမှ မြန်မာနိုင်ငံ သို့ ပြန်ရောက်ခဲ့သည် ။

ရောက်ရောက်ချင်း နေ့မှာပင် ကိုကို က သူမ ထံ သို့ ဖုန်း ဆက်ပါသည် ။ တစ်ရက် နှစ်ရက် လောက် နေပြီး သူ အနား ယူပြီး ရှေ့ အစီအစဉ်တွေ ကို သူ အကြမ်းဖျင်း ဆွဲပြီးမှ လမင်း နှင့် တွေ့မည် ဟု ကြို၍ အကြောင်း ကြားထားသည် ။

ဒီနေ့ သည် ကိုကို ချိန်းထားသော နေ့ ဖြစ်သည် ။

လမင်း ကလည်း ကိုကို မရှိခိုက် ကုမ္ပဏီ ၏ အပြောင်းအလဲများ အတွက် တိကျသော အစီရင်ခံစာ နှင့် တိကျသော ငွေကြေး ရှင်းတမ်း ကို ထုတ်ပြီး အသေအချာ စီစစ်ပြီး ဖြစ်ပါသည် ။

မောင်နှမတွေ ချစ်ခြင်း သည် ကုမ္ပဏီစည်းကမ်း ၏ အပြင်ဘက် တွင် ရင်ထဲ ရှိသမျှ ချစ်ခွင့် ရှိပါသည် ။ သို့သော် ထို ချစ်ခြင်း ကို ကုမ္ပဏီစည်းကမ်း နှင့် ရောထွေးပစ် ၍ မရ ။ အဲဒါ သူတို့ မောင်နှမ အခု ထိ လိုက်နာခဲ့သော စည်းကမ်း ဖြစ်သည် ။ ကိုကို သည် လမင်း ၏ လူမှုရေး အစီရင်ခံစာ ( ဝန်ထမ်းများ နှင့် ) ငွေကြေး အစီအရင်ခံစာ တို့ကို ခင်မေရာ ဖတ်ပြသမျှ အသေအချာ အာရုံစိုက် နားထောင်ပါသည် ။ အားလုံး ပြီးဆုံးသွားတော့မှ ကိုကို က သူ့ စာအုပ် ထဲ မှာ မှတ်စရာ ရှိတာတွေ ကို မှတ်သည် ။ ပြီးတော့ မှ …

“ ညိုမောင့် ရဲ့ နောက်ဆုံး အစီအစဉ် ကို သိချင်တယ် ”

“ ဒါဆိုရင် ညီမလေး ပြော တာထက် ၊ ခင်လေး ပြောတာ ပို တိကျလိမ့်မယ် ၊ ညီမလေး ခင်လေး ကို ခေါ် ပေးပါ့မယ် ၊ ခင်လေး မရောက်ခင် ညီမလေး သိချင်တာတွေလည်း ရှိသေးတယ် ကိုကို ၊ ကဲ .. ခင်မေရာ သွားလို့ ရပြီနော် ”

လမင်း ၏ ယဉ်ကျေးစွာ နှင့် အပြုံး ကို ခင်မေရာ လိုက်နာရန် မှ တစ်ပါး အခြား နည်းလမ်း မရှိပါ ။ ခင်မေရာ ထွက်သွားတော့ မှ …

“ မြသဇင် က ဘာဖြစ်တာလဲ ကိုကို ၊ ကိုကို့ ကို ညည်းငွေ့တာလား ၊ ညီမလေး ရဲ့အကျိုးစီးပွား ကို သူ က ဆောင်ရွက် မပေးနိုင်တာလား ”

ကိုကို သည် လမင်း ၏ စကား ကို အတော်ကြီး ကို သတိထား ဖြေဖို့ ကြိုးစားနေတာ တွေ့ရသည် ။ ကိုကို သည် ငယ်စဉ် ကတည်း က တစ်ပါးသူ ထိခိုက်မည့် ကိစ္စကို အလွန် ရှောင်ချင်သူ ဖြစ်သည် ။ အခုလည်း ကိုကို သည် ထို အခြေအနေတွင် ရောက်နေမှန်း လမင်း သိပါသည် ။ လမင်း ကိုကို့ ကို သနားပါသည် ။ သို့သော် အမှန်အတိုင်း လည်း သိချင် နေပါသည် ။

“ သူ ကိုကို့ ကို ပြော လိုက်တဲ့ စကားတွေ ထက် သူ ကိုကို့ ကို မပြောလိုက်တဲ့ စကားတွေ ကို ကိုကို သိသမျှ ပြောပြမယ် ညီမလေး ”

“ ပြောပါ … ကိုကို ညီမလေး ကလည်း အဲဒီ စကား ကို ပဲ စိတ်ဝင်စားတယ် ”

ကိုကို သည် နူတ်ခမ်း ကို သပ်သည် ။ ပြီးတော့ ခေါင်း ကို ဖြည်းဖြည်းချင်း ခါသည် ။

“ ကိုကို ဟာ စီးပွားရေး အတွက် သူ့ အပေါ်မှာ မှီခိုနေတယ် လို့ သူ က ထင် နေတယ် ညီမလေး ၊ ဒါပေမယ့် သူ အဲဒါ ကို ကူညီချင်တယ် ၊ ဘာကြောင့်လဲ ဆိုတော့ ကိုကို က တစ်ချိန် ကျရင် သူ့ ကို လက်ထပ်မယ် ဆိုတာ သူ သိ နေလို့ပဲ ”

“ အဲဒါ ညီမလေး နားလည်တယ် ကိုကို ”

“ အခု ကိစ္စ ကျတော့ ကိုကို့ အကျိုးစီးပွား မဟုတ်ဘဲ ညီမလေး ရဲ့အကျိုးစီးပွား ဖြစ်နေတယ် ၊ သူ ကိုကို့ ကို မပြောဘဲ ချန်ထားတဲ့ စကား ကတော့ ရှင့် အတွက်တင် မဟုတ်ဘူး ၊ ရှင့် ညီမ အတွက်ပါ ကျွန်မ ကို အသုံးချ နေတယ် ဆိုတဲ့ စကားပဲ ၊ အဲဒီ စကားကို သူ ထုတ်မပြောဘူး နော် ၊ အဲဒီ စကား ကို သူ ထုတ်မပြောတဲ့ အတွက် သူ နဲ့ ကိုကို နဲ့ စေ့စပ်ရေး ဟာ ပျက်ဖို့ အကြောင်း အထိ ရောက်သွားပြီ ညီမလေး ”