ဘာကြီးလဲ

“ အခု မကြာခင် လာတော့မယ့် ကောင် က ကျော်မြင့်ဦး တဲ့ ၊ ကိုကျော် ပေါ့ ဗျာ ၊ ဒီ ခုတင် က သူ့ ခုတင် လေ ၊ ခင်ဗျား နဲ့ သူ ခုတင် ဘေးချင်း ကပ်လျက် နေရမှာ ”

“ ဪ … ကောင်းပါတယ် ”

“ ဒါနဲ့ ကိုညို အဘွားကြီး နဲ့ တွေ့ ပြီးပြီလား ”

“ အဘွားကြီး .. ဟင့်အင်း ၊ ဘယ် အဘွားကြီး နဲ့ မှ မတွေ့ရသေးဘူး “

“ မဖြစ်နိုင်ဘူး ၊ အဲဒီ အဘွားကြီး နဲ့ မတွေ့ဘဲ နဲ့ ခင်ဗျား ဒီ အဆောင် ထဲ ကို ဘယ် နည်း နဲ့ မှ မရောက်နိုင်ဘူး ”

ကိုညို သေသေချာချာ စဉ်းစားသည် ။ ဒီ ခြံ ထဲ မှာ အဘွားကြီး တစ်ယောက် ထပ် ရှိနေနိုင်သေးသည် ။

“ ကျွန်တော့် ကို ဒီ အဆောင် ထဲ ကို တော့ မမနွယ် ဆိုတဲ့ အစ်မ တစ်ယောက် က လိုက်ပို့တာပဲ ၊ အဲဒီ အဘွားကြီး ရဲ့သမီး လား မသိဘူး ”

ကိုညို့စကား ဆုံး သည်နှင့် ကိုမိုး နှင့် ကိုဇော် တို့ က အားရပါးရ ရယ်၍ လက်ဝါးများ ကို အထက် အောက် ရိုက်ပြီး ပုတ် လိုက်ကြသည် ။

“ ငါတို့ ပြောတဲ့ အဘွားကြီး ဆိုတာ အဲဒီ မမနွယ် ကိုပဲ ပြောတာပေါ့ကွ ”

“ ဟာ … သွား မလုပ်နဲ့နော် ၊ အန်တီ လို့ ခေါ်တာတောင် မှ သူ က ကြိုက်တာ မဟုတ်ဘူး ဗျ ”

“ အေး .. ရှေ့ကျရင် မမနွယ် ပေါ့ကွာ ၊ ကွယ်ရာမှာ ငါတို့ က သူ့ ကို အဘွားကြီး လို့ ပဲ ခေါ်တယ် “

ညိုမောင် သဘော တူပြီး ခေါင်း ကို ညိတ်သည် ။

ညိုမောင် ရသည့် သူငယ်ချင်းတွေ က ခင်စရာ ပျော်စရာ ကောင်း နေသဖြင့် ညိုမောင့် စိတ် ထဲ မှာ ဘာ အလုံးကြီး မှ မရှိတော့ ၊ ဒါပေမဲ့ တစ်ခုခု တော့ လိုနေသလို ထင်ရသည် ။ ညိုမောင် ခဏ စဉ်းစားသည် ။

“ ဟုတ်ပြီ ၊ ကျွန်တော် ရေ ချိုး ချင်တာ ”

ညိုမောင် ရုတ်တရက် ထ အော် သဖြင့် ကိုဇော် နှင့် ကိုမိုး ပင် လန့်၍ သွား၏ ။ ဟုတ်သည် ။ သူ ရေ မချိုးရတာ နှစ်ရက် ကျော်ခဲ့ပြီ မဟုတ်လား ။

“ ဒီ အဆောင်လေး အနောက်ဘက် မှာ ရေချိုးကန် ရှိတယ် ၊ မင်း မှာ ရေခွက် နဲ့ ဆပ်ပြာ ပါလား ”

“ အား … ”

ညိုမောင် ခေါင်း ကို ကုတ်သည် ။ မပါ ။ သူ အရေးအကြီးဆုံး ပစ္စည်း ကိုမှ မေ့ကျန် လာခဲ့သည် ။ လမ်း မှာ ဝယ်ဖို့ကိုလည်း မစဉ်းစားမိခဲ့ ။

“ ကဲ … ကဲ ဒါဆိုလည်း ငါ့ ရေခွက် နဲ့ ဆပ်ပြာခွက် ပဲ ယူသွားတော့ ၊ ဟော ဟိုမှာ အပြာရောင်ကလေး … ဇော် … လို့ အင်္ဂလိပ်လို ရေး ထားတယ် ၊ ဆပ်ပြာခွက် လည်း အဲဒီ ထဲ မှာ ရှိတယ် ”

“ ကျေးဇူးပဲ … ကိုဇော် ရာ ”

ညိုမောင် ရေခွက် ကို ယူပြီး အိမ် ပေါ် မှ ဆင်းခဲ့ပြီး အုတ်ကန် ကို ရှာသည် ။ တွေ့တော့ ရေညှိတွေ က အုတ်ကန် တစ်ခု လုံး ကို စိမ်းစိမ်းထ ၍ နေသည် ။ လူ တစ်ယောက် စာ သွားလမ်းကလေး က လွဲ၍ ကျန် နေရာတွေ မှာ မြင်ရိုင်းပင်ကြီးတွေ က ဟီးဟီးထ နေသည် ။

ညိုမောင် .. ခေါင်း ကို ခါ လိုက်သည် ။ ပြီးတော့ အဆောင် ထဲ ပြန် ဝင်လာခဲ့သည် ။ ပြီးတော့ ပိုက်ဆံအိတ် ကို ယူ၍ ပြန် ထွက်သွား၏ ။

“ ဒီကောင် က မင်း ပစ္စည်း ကို သုံးချင်ပုံ မရဘူးနဲ့ တူတယ် ကွ ”

“ ဒီကောင့် ပုံ ကြည့် ရတာ ဒီလိုတော့ ဟုတ်မယ် မထင်ပါဘူး ၊ သတိရတုန်း ဝယ်ထားလိုက်မယ် ဆိုတဲ့ သဘောမျိုး နေမှာပါ ”

ကိုဇော် က အေးအေးဆေးဆေးပင် ပြောသည် ။ ကိုဇော် ဒီနေ့ အရာရာကို သည်းခံ နေနိုင်သည် ။ ခွင့်လွတ် ပေးနိုင်သည် ။ မနက်က သူ့ ဆီက အကျီအကောင်းစား ကိုမှ ရွေးပြီး ငှားဝတ် သွားသော တိုးလွင်ကြီး ကို ပင် ခွင့်လွှတ် နေမိသည် ။ ကိုတိုး တို့ Company က ဝတ်စုံပေးသော်လည်း Company မှ အပြန် သူ့ ကောင်မလေး နှင့် လျှောက်လည်ရန် အတွက် ငှားသွားခြင်း ဖြစ်သည် ။

ကိုဇော် စိတ်သဘောထား ကြီး မှာပေါ့ ။ ဒီနေ့ ဘာမှ မဟုတ်ဘဲ လေပေး ဖြောင့် ရုံကလေး နှင့် ငွေငါးသိန်း လောက် ရလာတာကိုး ။ ဒီတော့ ကိုဇော် အတွက် လောကကြီး သည် အားလုံး လှပ၍ နေလေသည် ။

မမနွယ် အိပ်ရာက နိုးတော့ ဘလက်ကော်ဖီတစ်ခွက် ဖျော် သောက်သည် ။

နေ့လယ် အိပ်ရာ က အထ လေးလံထိုင်းမှိုင်း နေတာတွေ နည်းနည်းတော့လျော့ သွား၏ ။ ပြီးတော့ ဘာရယ် မဟုတ် ၊ အဆောင် ရှိရာ ပြတင်းပေါက် သို့ မမနွယ် ထွက်ခဲ့သည် ။ အရင် က ဆိုလျှင် မမနွယ် သည် ထို ပြတင်းပေါက် ကို သွားလေ့ မရှိပါ ။ ထို ပြတင်းပေါက် ကို အမြဲ ပိတ်ထားလေ့ ရှိ၏ ။ သူ့ နှမ ထားထားနွယ် နှင့် အိမ်ဖော်မကလေး မိသန်း ပင် ထို ပြတင်းပေါက် နား သို့ မကပ်ရ ။ အခုတော့ ဘာရယ် မဟုတ် အဆောင်သား အသစ် ရောက် လာသဖြင့် ဘာများ ထူးဆန်း နေမလဲ ဆိုတာ ပြတင်းပေါက် ကို ဖွင့်၍ ကြည့် လိုက်သည့်အခါ မမနွယ် မျက်လုံး ပြူး၍ သွားလေသည် ။

ညိုမောင် … ။

ရေညှိတွေ တက်ချင်တိုင်း တက်ပြီး စိမ်း နေသော အုတ်ကန်ကြီး ကို သံဘရပ်စ် ဖြင့် ကုံး၍ တစ်မျိုး ၊ ထ၍ တစ်ဖုံ ငုတ်တုတ် တစ်ပုံစံ တိုက်၍ နေသည် ။ ရေကန် ပတ်ပတ်လည် မှာ ပေါက်နေသော မြက်ပင်ရှည်ကြီးတွေ ကိုလည်း ပေါက်တူး ဖြင့် ပေါက် ထားပြီး ဖြစ်သဖြင့် ရှင်း၍ နေသည် ။ မမနွယ် ဘက် က မြင်နေရသော ရေကန် ၏ မျက်နှာပြင် နှစ်ဖက်စလုံး မှာ ဘာ ရေညှိမှ မရှိတော့ ။ ဖြူဖွေး ကာ အင်္ဂတေသား ဖြင့် သန့်စင်၍ နေသည် ။ ညိုမောင် သည် ရေ ကုန် ၏ နောက်ဆုံးဘက် မျက်နှာပြင် ကို သံဘရပ်စ် ဖြင့် အားသွန်ခွန်စိုက် တိုက်၍ နေသည် ။

မမနွယ် ဒေါသ အရမ်း ထွက် သွားသည် ။

ဒါ … ဟိုကောင်တွေပဲ ဖြစ်ရမယ် ။ အဆောင်ကျောင်းသားသစ် ရောက်တယ် ဆိုပြီး တမင် ပညာပေးတာ ပဲ ဖြစ်ရမယ် ။ တွေ့ကြသေးတာပေါ့ ။

“ ဒီမယ် … မင်းတို့ အဲဒါမျိုး ဗိုလ် ကျတာ ကောင်းသလားကွ ”

“ ခင်ဗျာ .. ”

ကိုမိုး စာအုပ် ဖတ်ရင်း က ကြောင် ၍ သွားသည် ။ မမနွယ် ဒေါသ က မျက်နှာတစ်ခုလုံး နီရဲ နေအောင် ကို ထင်ထင်ရှားရှားကြီး ရှိ၍ နေသည် ။ ကိုဇော် က တော့ သူ့ နား ထဲတွင် ထည့် ထားသည့် mp3 စီဒီပလေယာကလေး နှင့် မို့ မမနွယ် ၏ အသံ ကို မကြား ၊ လက်ဖျောက်ကလေး တီးကာ တီးကာ ဖြင့် ခေါင်းကလေး ကို ညိတ်ရင်း ညိတ်ရင်း က နေသည် ။

မမနွယ် သည် ကိုဇော် အနား သို့ သွားကာ နား ထဲ မှ earphone ကို ဆွဲ ဖြုတ်ပစ်လိုက်သည် ။

“ သွား .. မင်းတို့ ပါ သွား ဝိုင်းလုပ် ”

“ ခင်ဗျာ … ”

“ ဘာ အခုမှ ဘာခင်ဗျာ … ဘာခင်ဗျာ လုပ်နေတာလဲ ၊ ငါ ကလည်း အဲ့ဒီလို ဗိုလ် ကျတာမျိုး ဆို သိပ် မုန်းတာ သိရဲ့လား မောင်ဇော် ရဲ့ ၊ မင်း လည်း နေစရာ မရှိလို့ နေတဲ့လူ ၊ သူ လည်း နေစရာ မရှိလို့ နေတဲ့ လူ ၊ ဘဝတူ ချင်း မင်းတို့ ဗိုလ် မကျချင်ပါနဲ့ကွ ၊ သွား .. မင်းတို့ ပါ ဝိုင်းလုပ် .. ဒါပဲ ”

ကိုဇော် နှင့် ကိုမိုး တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့် ကာ ဘာ လုပ်ရမှန်း မသိ ဖြစ်နေကြသည် ။

“ သွား .. ဝိုင်းလုပ်လို့ ပြောနေတာ မကြားဘူးလား ”

“ ကျွန်တော်တို့ မမနွယ် ပြောနေ ၊ ဆူနေတာတွေကို ဘာမှ နားမလည်ဘူး မမနွယ် ၊ ဘာကို သွား လုပ်ရမှာလဲ ”

“ အောင်မာ … မင်းတို့ ဒီနေ့မှ အသစ် ရောက်လာတဲ့ ကောင်လေး ကို ပညာ ပေးပြီး ရေကန် ဆေးခိုင်းထားတယ် မဟုတ်လား ”

“ ခင်ဗျာ ”

ညိုမောင့် ဆီ ရောက်သွားကြတော့ ညိုမောင် လည်း အံ့ဩ၍ နေသည် ။

“ မဟုတ်ဘူး အန်တီ ၊ အဲ … မမနွယ် ၊ ကျွန်တော့် ဘာသာ ကျွန်တော် တိုက်တာပါ ၊ ကျွန်တော့် ကို သူတို့ က မခိုင်းပါဘူး ၊ ရေချိုး ဖို့ လာတော့ ရေကန် က တော်တော်ကြီး ကို အခြေအနေ ဆိုးနေတာ နဲ့ … ”

“ အေးပေါ့ … အေးပေါ့ ၊ ငါ နားလည်ပြီ ၊ မင်း က လူ လို သိတတ်တာကိုး ၊ ဒီမှာ ရှိတဲ့ ကောင်တွေ ကတော့ ရေကန် ဒွတ် တက်ရုံ မကလို့ ရေကန်ကြီး ပြိုကျသွားလည်း ကျန်တဲ့ နေရာမှာ ရှိတဲ့ ရေ ကို ချိုးမှာပဲ ၊အဆောင် ကို ပိုက်ဆံ ပေးပြီး နေတာ ကိုယ့် အိမ် မဟုတ်ဘူး ဆိုတဲ့ စိတ်တွေ နဲ့ နေကြတဲ့ ကောင်တွေ လေ .. သွား .. ဝိုင်း လုပ်ပေးလိုက် ”

“ ဟာ … ပြီးပြီ မမနွယ် ရေကန် ထဲ က ရေတွေ ဖောက်ချဖို့ပဲ ကျန်တော့တာ ၊ ဘာမှ မလိုတော့ဘူး ၊ ရပြီ … မမနွယ် … ရပြီ ”

မမနွယ် က ဖင်ကုတ် ခေါင်းကုတ် လုပ်နေကြသော ကိုဇော် တို့ ဘက်သို့ လှည့်ကာ …

“ ဝမ်းသာ သွားကြတယ် မဟုတ်လား ”

“ မဟုတ်ပါဘူး ၊ ဝမ်းမသာပါဘူး ”