ဘာကြီးလဲ

ညိုမောင် recrption ကို ပြန် ရောက်သဖြင့် အားလုံး ဝမ်းသာ နေကြသည် ။ recrption သည်လည်း ဝင်စာ ထွက်စာများ စာရင်း ကို လက် ဖြင့် ရေးမှတ်ခြင်း မဟုတ်တော့ဘဲ ကွန်ပျူတာ နှင့် သာ မှတ်တမ်း တင်သည် ။ ညိုမောင် သည် ထို အလုပ် ကို လုပ် ရပြီး ရုံးဆင်း ရုံးတက် လက်မှတ် ကိုလည်း ကိုင် ရသည် ။

recrption မှာ သူဇာ မရှိတော့ ။ သူဇာ က အိမ်သုံးလျှပ်စစ်ပစ္စည်း ဖြန့်ဖြူးရေးဌာန သို့ ရောက် သွားသည် ။ ပထမ မန္တလေး ရုံးခွဲဌာန သို့ ပို့မည် ဟု သတင်း ထွက်နေပြီးတော့မှ ရန်ကုန် တွင် ပြန် ကျခြင်း ဖြစ်သည် ။

ထိုကြောင့် ရာထူး တစ်ဆင့် တိုး ဖြင့် ဌာန ပြောင်း သွားသော သူဇာ နှင့် မူလရာထူး ကို ပြန်ရောက်သော ညိုမောင် တို့ လခ ထုတ်လျှင် ကျွေး ရမည် ဖြစ်သည် ။ ထို့ကြောင့် ညိုမောင် သည် သူ ရသည့် လခ ခုနှစ်သောင်း ထဲ မှ အဆောင်လခ ၊ ကားခ နှင့် ထမင်းစရိတ် ကို ဖယ် ရသည် ။ ဒါတွေက ဒီနေ့ ပြန်တာ နှင့် ရှင်းရမည့် ငွေ ဖြစ်သည် ။ သူတို့ ကို သွား ထိ ၍ မရ ။

အဆောင်လခ က တစ်သောင်း ၊ ထမင်းဖိုး က တစ်နေ့ တစ်ထောင့်ငါးရာ နှင့် ဆယ့်ကိုးရက်စာ နှစ်သောင်း ရှစ်ထောင်ငါးရာ ။ ကားခ က အသွားအပြန် ရှစ်ထောင့်ရှစ်ရာ ချန် ထားရမည် ။ ထို ငွေ သည်ပင် လေးသောင်းခုနှစ်ထောင် ရှိနေပြီ ။ အမေ နှင့် ဆရာတော် ကို တစ်သောင်းစီ လှမ်း ကန်တော့ဖို့ မဖြစ်နိုင်တော့ ။ သူ့ မှာ လက်ကျန်ငွေ က နှစ်သောင်း သုံးထောင် သာကျန် တော့သည် ။ ထို့ကြောင့် ဆရာတော် နှင့် အမေ့ ကို လခဦး အနေဖြင့် ရှစ်ထောင် ဆီ သာ ကန်တော့ နိုင်တော့သည် ။ ကားခ ရှစ်ထောင့်ရှစ်ရာ နှင့် ပေါင်းလျှင် ကျပ် ( ၁၅၈ဝဝ ) သာ ရှိတော့၏ ။ ထို့ကြောင့် သူဇာ နှင့် တစ်ယောက် တစ်ဝက် ဒကာ ခံရန် ညှိနှိုင်း ပြီး မှ ရီရီထွေး တို့ ကို ကျွေးရသည် ။ ဆရာ ကိုသက်ဝင်း က သူတို့ အကြောင်း ကို သိနေသည့် နှယ် မစားပါ ဟု အကြိမ်ကြိမ် ငြင်း နေသောကြောင့် သူတို့ အတင်း ခေါ်ပြီး ကြေးအိုး တိုက်ကြရသည် ။

ထို ကြေးအိုး တိုက်သည့် ပွဲ တွင် ဆရာကိုသက်ဝင်း က ညိုမောင့် ကို စကား တစ်ခွန်း ပြောသည် ။

“ မင်း … လမင်းစိုး ကို ခွင့်လွှတ်တဲ့ နည်း နဲ့ နိုင်အောင် တိုက်ခိုက် နိုင်တာ ငါ သိပ် သဘောကျတယ် ညိုမောင် ”

ဆရာ့ စကား ကြောင့် ညိုမောင် တော်တော် အံ့ဩသွားသည် ။

“ မင်း ကသာ တုံ့ပြန်မှု ပြင်းထန်မယ် ဆိုရင် မင်း ဒီ အလုပ်က ထွက် သွားရလောက်ပြီ ”

“ ကျွန်တော် နားမလည်ဘူး ဆရာ ”

“ အေး … နားမလည်ပေမယ့် မင်း လုပ်ခဲ့ပြီးပါပြီ ၊ မင်း ကို နေ့ခင်းဘက် ကွန်ပျူတာ သင်ပေးတာ ၊ ဒီနေရာ ပြန် ထားတာတွေ က မင်း ရဲ့ အနိုင်တွေ ပေါ့ ကွ ”

“ အာ … ဆရာ ဒီ ကိစ္စ ကို ဘယ်လို လုပ် သိတာလဲ ဆရာ ”

“ မင်း ရဲ့ ကွန်ပျူတာ ဆရာမ ခင်လေး က ငါ့ တပည့် အရင်းပါ ကွ ”

ညိုမောင် အိမ် ပြန်လာသည့် လမ်း တစ်လျှောက် တွင် စဉ်းစား လာခဲ့သည် ။ ဆရာ က သူ လမင်းစိုး ကို နိုင်ခဲ့သည် ဟု ပြောသည် ။ သို့သော် သူ သိရသမျှ အားလုံးမှာတော့ သူ သည် လမင်းစိုး ကို နိုင်ခဲ့တာ တစ်ခု မှ မရှိဟုထင်သည် ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင်တော့ သူ လမင်းစိုး ကို ချစ်သည် ။

ဒါပေမယ့် သူ့ အချစ် က ‘ ချစ်သည် ‘ ဟု သိပြီး ကတည်း က စိတ် ထဲ တွင် မည်သူမျှ မသိရသော ကမ္ဘာလေး တစ်ခု ကိုပါ ညိုမောင် ဖန်တီးခဲ့သည် ။ သူ သည် လမင်းစိုး ကို ဘယ်လို ဘယ်လောက် ပဲ ချစ်ချစ် ထို အချစ် ကို ပိုင်ဆိုင်နိုင်စရာ အကြောင်း မရှိ ဆိုတာ လမင်းစိုး ကို ချစ်သော သူ့ အသိ ကိုယ်တိုင် က နားလည် ထားသည် ။

ထို့ကြောင့် လမင်းစိုး သူ့ အပေါ် မှာ မည်သို့ပင် သဘောထားစေ သူ့ မှာ ခွင့်လွတ်နိုင်သော နေရာကလေး တစ်ခုတော့ ဘယ်သူ မှ မသိဘဲ ရှိနေသည် ။ ဆရာ ပြောသော မင်း နိုင်တယ် ဆိုသော စကား မှာ ထိုနေရာကလေး ကို ဆရာ က မသိသဖြင့် ပြောခြင်းသာ ဖြစ်ရမည် ဟု သူ သိသွားသည် ။

ညိုမောင် လမင်းစိုး ကို အရမ်း ချစ်ပါသည် ။ ဒီ ရုံး ထဲ မှာ ရော ။ လမင်းစိုး ၏ စီးပွားရေး လူမှုရေး အသိုင်းအဝိုင်း ထဲ မှာ ရော လမင်းစိုး ကို ချစ်သူတွေ များစွာ ရှိနိုင်ပါသည် ။ သို့သော် လူ အသီးသီး ထဲ တွင် သူ သည် အသံ အတိတ်ဆုံး လမင်းစိုး ကို ချစ်သူ ဖြစ်ပါသည် ။

သူ့ ဘဝ သည် အလွန် တန်လှ သော်သော့် လို မိန်းကလေးမျိုး နှင့် သာ ထိုက်တန်ပါသည် ။ သူ သော်သော့် ကို ချစ်သည် ဟု တွေးလိုက်လျှင် သွေးသားလည်ပတ်မှု မြန်ဆန်လာသည် ။ မျှော်လင့်ချက် သည် သူ နှင့် လက်တစ်ကမ်းစာ အကွာအဝေး မှာ ရပ်နေသလို ထင် ရ၏ ။ သူ သော်သော့် ကို ချစ်သည့် အတွက် အရာရာ သည် သူ့ အပြောအဆို ၊ သူ့ အနေအထိုင် ပေါ်တွင် သက်ရောက်မှု နှင့် တန်ပြန်သက်ရောက်မှု ရှိသည် ။

သော်သော် က သူ့ ကို ဟင်း တစ်တုံးလောက် ပို ထည့် ပေးလိုက်လျှင် ကိုဇော် တို့ အဖွဲ့ က အသံတွေ ဆူညံပြီး ထွက် လာတက်သည် ။ သူ က အလုပ် အပြန် နို့ဆီခွက်ဖြင့် လုပ်သော နို့ကြက်ဥပူတင်း ကို ဝယ် လာပြီး သော်သော့် ကို ပေးလျှင် မော်မော် က လည်း သူ့ အတွက် ပါသည့် တိုင် ကိုဇော် တို့ နှင့် ရော၍ အော်ကြ ဟစ်ကြသည် ။

တစ်ခါတစ်ရံ ထမင်းဆိုင် တွင် ထမင်း စားပြီး အထ ထီး မေ့ကျန်ခဲ့သဖြင့် သော်သော် က အူယားဖားယား လိုက် ပေးလျှင် သူ့ သူငယ်ချင်းတွေ က အသံသေး အသံကြောင် ဖြင့် ဝိုင်း အော်ကြသည် ။ နောက်တစ်နေ့ ထမင်းစားချိန် သို့ ရောက်လျှင် သူ့ ကို ထီး မမေ့ဖို့ အကြိမ် တစ်သန်း လောက် ပြော တတ်ကြသည် ။ ထိုအချိန်တွင် သော်သော် သည် ဟင်း ကို ခပ်ရင်း ထမင်း ကို ပြင်ရင်း မျက်နှာ က ရဲ နေတက်၏ ။

ဒီတော့ သူ တောင်းပန်ဖို့ လိုပြီ ဟု ယူဆပြီး သော်သော် ဈေး အပြန် မှာ သော်သော် ဆွဲ လာသော ခြင်းတောင်း ကို ကူ ဆွဲပေးရင်း တောင်းပန်ရသည် ။

“ သော်သော် ကိုဇော် တို့ ကိုတိုးလွင် တို့ စ တာ ကို စိတ် မဆိုးပါနဲ့နော် ၊ ကျွန်တော် လည်း သူတို့ ကို နောက် မစဖို့ တောင်းပန် ခိုင်းထားပါတယ် ၊ စိတ် မဆိုးပါနဲ့ နော် သော်သော် ”

သော်သော် ခဏတော့ တိတ်ဆိတ်၍ နေသည် ။

ထိုသို့ တိတ်ဆိတ်နေသော အချိန် တွင် သော်သော့် မျက်ဝန်း မှာ မျက်ရည်တွေ ဝိုင်း၍ လာသည် ဟု သူ ထင်သည် ။

မည်သူမှ မရောက်ဖူးသေးသည့် ကျွန်းကလေး တစ်ခု ကို ပင်လယ်ရေတွေ ဝိုင်းထားသလိုမျိုး သော်သော် ၏ မျက်ဆံနက်ကလေး ကို မျက်ရည်တွေ ဝိုင်း၍ ထားသည် ။

မျက်ရည် ၏ အင်အား သည် ထိုထက် အား ကောင်းလာလျှင် သော်သော့်မျက်ဆံနက်ကလေး ကို ဖုံးအုပ် သွားတော့မည် ။ ဒါဆိုလျှင် ပါးပြင် ပေါ် သို့ မျက်ရည် ကျ လာတော့မည် ။

ညိုမောင့် ရင်ထဲ လှိုက်ခနဲ တစ်ချက် ဖြစ်သွားပြီး ရင်ခုန်သံတွေလည်း ပူးကပ်၍ ကုန်သည် ။