ဘာကြီးလဲ

“ သော်သော် ”

ညိုမောင် အထိတ်တလန့် ခေါ်သော အသံ ဖြစ်ပါသည် ။

“ ရပါတယ် ကိုညိုမောင် သော်သော့် ဆီ မှာ အမြဲတမ်း စားဖြစ်နေတဲ့ လူတွေ က စ ရင် သော်သော် ခံနေရ စမြဲပါ ၊ ကြက်မြစ်ကြက်သည်း ဆိုလို့ အသည်းတုံး ကို အရင် စ ထည့်လည်း သော်သော့် ကို အဲဒီ လူ နဲ့ စကြတာပဲ ၊ ကြက်ရိုးဟင်း ဆို လို့ အတောင်ပံတွေ ထည့်ပေးရင်လည်း စ ကြတာပဲ ၊ တစ်ခါတလေ ကျတော့ သော်သော့် ကိုယ် သော်သော် သိပ် ဝမ်းနည်းတယ် ၊ အဲဒီလို စ တဲ့ လူတွေ ကို သော်သော် ရန် မတွေ့ရဲဘူးလေ ၊ ပြန် ပြောရင် ဖောက်သည် ပျက်မှာပေါ့ ၊ သော်သော် ဟာ မြားပစ်ကွင်း က မြားပစ် တဲ့ စက်ဝိုင်း လိုပါပဲ ၊ သူတို့ လေ့ကျင့်ကြတာပါ ၊ သော်သော် က ငြင်းဆန်ခွင့် မရှိဘူး ၊ဒါကြောင့် သော်သော် အလုပ် ပြောင်းချင်တာပေါ့ ၊ ကိုညိုမောင် လည်း ဝမ်းနည်း မနေပါနဲ့ ”

သော်သော် နှင့် သူ့ အကြား တွင် ထိုသို့ ဘဝ ဆန်သော ခံစားဆက်နွယ်မှုများ လည်း ရှိပါသည် ။ထို့ကြောင့် သော်သော် နှင့် သူ သည် ဘဝ ဆန်သည် ။ လက်တွေ့ ဆန်သည် ။ နီးစပ် နိုင်သည် ။

လမင်းစိုး ကတော့ သူ့ ဘဝ အတွက် စိတ် ဖြေစရာ အိမ်မက် တစ်ခု ဖြစ်သည် ။ လူ တစ်ယောက် မှာ အဲဒီလို အခွင့်အရေးမျိုး ရှိသည် မဟုတ်လား ။

သူတို့ အဆောင် လမ်း ထဲ က ပြောင်းဖူးပြုတ် ရောင်းသော ကောင်မလေး က မင်းသား ‘ … … ..’ ကြိုက်သည် ဟု ဆိုသည် ။ သူ ကြိုက်သော ထိုမင်းသားကလေး က မကြာမီ အိမ်ထောင်ပြု၍ သွား၏ ။ ဒီတော့ သူ့ ကို ပြောင်းဖူးပြုတ် ဝယ်နေကျ ဖောက်သည်တွေ က ထို မင်းသားလေး ၏ မင်္ဂလာဧည့်ခံပွဲ ပါ ဂျာနယ်များ ကို ပြသည့်အခါ သူ က အေးအေးသက်သာ ပင် ဖတ် ပါသည် ။ သူ့ ထံ မှာ ဒေါသ မတွေ့ရ ။ ဝမ်းနည်းခြင်း စိုးစဉ်မျှ မရှိ ။ သူသည် ပြုံး၍ နေလေသည် ။ ပြီးတော့ သူ က …

“ သူ ယူတဲ့ ကောင်မလေး က လည်း လှ လိုက်တာ လိုက်တယ် နော် ”

“ အောင်မယ် ကောင်မ ၊ ညည်း က သူ့ ကို ချစ်တယ် ဆို အခု ဟို က ယူ သွားပြီ ဘယ်လို လုပ်ကြမလဲ ”

ဒီတော့ ထို ပြောင်းဖူးပြုတ် ရောင်းသည့် ကောင်မလေး က ပြောင်းဖူးတောင်း ကို ကောက် ရွက်ရင်း ပြောသည် ။

“ ကျုပ်တို့ က သူ့ ကို ချစ်တာ ၊ သူ ဘယ်သူ နဲ့ညားညား ချစ်တာ က ချစ်တာပဲ အေ့ ”

ညိုမောင် လမင်းစိုး ကို ချစ် တာ လည်း ထိုနည်းလည်းကောင်း ဖြစ်လိမ့်မည် ထင်ပါသည် ။

လူ တစ်ယောက် တွင် တကယ့် အချစ် နှင့် စိတ်ကူးယဉ် အချစ် ဆိုတာ ရှိကြစမြဲ ဖြစ်သည် ။ ယောကျာ်းလေး ရော မိန်းကလေး ပါ ထို အချစ် နှစ်ချစ် ကို မလွန်ဆန် နိုင်ကြပါ ။ ကိုရီးယားမင်းသားကလေး ကို အရမ်း ချစ်တာပဲ ဟု ကောင်မလေး တစ်ယောက် က သူ နှင့် ချစ်သူ ဖြစ်နေသော သူ့ ချစ်သူ ကို ပြောပြလျှင် သူ့ ချစ်သူ က မည်သို့မျှ စိတ် မဆိုးသည့် အပြင် ထို ကိုရီးယားမင်းသားကလေး နှင့် ဆက်သွယ်နိုင်သော လိပ်စာ ကို ပင် ‘ online ‘ ပေါ် မှ တစ်ဆင့် ရှာဖွေပေးဦးမည် ဖြစ်သည် ။

ညိုမောင် သည် ‘ လမင်းစိုး ‘ ကို အဲဒီလို ချစ်သည် ။

မျှော်လင့်ချက် သည် … မရှိ ။

သူ နှင့် ဘဝ တူသော သော်သော့် ကို တော့ ဘဝတူချင်း မို့ မျှော်လင့်ချက် နှင့် ချစ် ပါသည် ။ ‘ အချစ် ‘ သည် ဂုဏ် ယူပြီး ပြောဖို့ အကောင်းဆုံး ခံစားမှု ဖြစ်ပါသည် ။ သို့သော် လူတိုင်း သည် ကိုယ် တစ်ကယ် ချစ်သော အချစ် ကို အမေ့ ခံပြီး ဘဝ အတွက် ရလာသော ‘ အချစ် ‘ ကို သာ တန်ဖိုး ထားသလို မြင့်မြတ်ကြီးကျယ် သလို ဟန်ဆောင်လေ့ ရှိပါသည် ။

ညိုမောင် တို့ ဝန်ထမ်းများ အားလုံး ကို ရုံးအားရက် တစ်ရက် ပေးပြီး အခမ်းအနားကလေး တစ်ခု လုပ် ပေးသည် ။ ထို အခမ်းအနား တွင် ဘူဖေးလ် ကျွေးပြီး သူတို့ ကုမ္ပဏီ ၏ အကြီးအကဲ ကိုယ်တိုင် က နောက်ထပ် စတင်မည့် Programme အတွက် ကုမ္ပဏီ ကို ကူညီနိုင်မည့် လူများစွာ လိုအပ်နေကြောင်း ပြောသွားခဲ့သည် ။

ပြီးတော့ ကုမ္ပဏီ ၏ GM ဖြစ်သူ လမင်းစိုး မှ ကုမ္ပဏီ နှစ်ပတ်လည်တွင် တစ်နှစ်တာ အကောင်းဆုံး ဆုရသူများ စာရင်း ကို ကြေညာသည့် အခါ ညိုမောင့် ၏ ဆရာ ကိုသက်ဝင်း ပါသည် ။ ညိုမောင့် ဆရာမ ခင်လေး ပါသည် ။ ဝါဝါဦး နှင့် ရီရီထွေး တို့ လည်းပါသည် ။ ပျော်စရာ ကောင်းသော နေ့ တစ်နေ့လည်း ဖြစ်ပါသည် ။

တစ်နှစ်တာ အတွင်း အကောင်းဆုံး တာဝန် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ ကိုအဆင့် တိုးပေးသည် ။ လစာတွေ တိုး ပေးသည် ။ ရီရီထွေး ၊ ဝါဝါဦး ၊ ဆရာမခင်လေး နှင့် ဆရာကိုသက်ဝင်း တို့ ပျော် ကြသည် ။

လမင်းစိုး သည် စာရင်းများ ကို ဖတ်ကြား ပြီးနောက် အသံ ကို တည်ငြိမ်စွာ ထိန်းလိုက်သဖြင့် အောက်မှ ပျော်ရွင်နေသူများ အားလုံး လမင်းစိုး ထံ သို့ အာရုံတွေ ကို ပို့ လိုက်ကြရသည် ။

လမင်းစိုး က အောက်ပါ စကားများ ကို တည်ငြိမ်စွာ ပြော သွားခဲ့သည် ။

“ ကျွန်မတို့ ကုမ္ပဏီ က နောက်ထပ် ခြေလှမ်း အသစ် ကို စ ချင်ပါတယ် ၊ အဲဒီ အတွက် ကျွန်မ တို့ မှာ အရည်အချင်း ပြည့်ဝတဲ့ လူတွေ လိုပါတယ် ၊ ဒီတော့ ကျွန်မ တို့ လူရွေး ပဲ လုပ်ရပါ့မယ် ၊ အခု လက်ရှိ ဝန်ထမ်းများ ရော ၊ ကျွန်မတို့ ထုတ်ပြန်တဲ့စည်းကမ်း နှင့်ကိုက်ညီသူများ အားလုံးရော လျှောက်ထား နိုင်ပါသည် ။ အားလုံးသော ဝန်ထမ်းတွေ ဟာ ကျွန်မ တို့ မောင်နှမ နဲ့ မိသားစု ဖြစ်ပါတယ် ၊ လုပ်ဖော်ကိုင်ဖက် လည်း ဖြစ်ပါတယ် ၊ ပြီးတော့ ရန်သူ လည်း ဖြစ်နိုင်ပါတယ် ဆိုတာ ကို ပြောကြားရင်း နိဂုံးချုပ်ပါတယ် ”

အဲဒီနေ့က ပျော်ရွင်စရာပွဲ ကို မည်သည့် ပြဿနာ မှ မရှိဘဲ ကျင်းပပြီးစီးသွားခဲ့သည် ။ နောက်နေ့ အလုပ်လျှောက်လွှာ Form တွေ ကို ထုတ် ပေးနေသည့် နေရာ သို့ ညိုမောင် သုံးကြိမ် လောက် ရစ်ဝဲရစ်ဝဲ လုပ်ပြီးမှ င်္သမာ သွား ယူတော့ ဒေါ်မြသန်း က ညိုမောင့် ကို မသင်္ကာ သလိုကြည့်သည် ။

“ ဘာလဲ မင်း က ထပ် လျှောက်ဦးမလို့လား ”

“ မဟုတ်ဘူး ကျွန်တော့် ညီမကလေး အတွက်ပါ ”

“ ဟုတ်လို့လားဟယ် ”

ညိုမောင် ပြောရ ကြပ်၍ သွားသည် ။ လိမ်တော့ ညာတော့မည် ဆိုလျှင် ဆရာတော့် စကား က အရင် ဦးလေ့ ရှိ၏ ။

“ ရပ်ကွက် ထဲ မှာ နှမလေး လို နေတာပါ ၊ Form ပေးပါ ဗျာ ၊ အဲဒါတွေ က မမ ကိစ္စ မဟုတ်ပါဘူး ”

ဒီလိုနှင့် Form ကို ယူပြီး သော်သော့် ကို ပေးရသည် ။ သော်သော် ကလည်း နောက်ဆုံး နှစ် ကို ဖြေပြီး အောင်သည် ။ ဘွဲ့ ကတော့ မယူရသေး ၊ သော်သော် သည် နှံကောင်လေး တစ်ကောင် ခုန်ပေါက် နေသလို ကို ဝမ်းသာ နေသည် ဟု ညိုမောင် ထင်သည် ။