ဘာကြီးလဲ

“ ကိုညိုမောင် အဲဒီ နေရာ ကို သော်သော် ရမှာလားဟင် ”

“ ဒါတော့ ငါ ဘယ် သိနိုင်မှာလဲ ဟာ ”

“ ကိုညိုမောင့် တုန်းက ဘယ် အကပ် နဲ့ ရတာလဲ ”

“ ဘုရား အကပ် နဲ့ ”

“ ကိုညိုမောင် မနောက်နဲ့ နော် ”

“ မနောက်ပါဘူး ၊ ကျွန်တော် က ဓဇဂ္ဂသုတ် ပဲ ရွတ် သွားတာ ”

“ တကယ်လား ”

“ တကယ်ပေါ့ ၊ သော်သော် ဓဇဂ္ဂသုတ် ကို အခုမှ ကျက် မနေနဲ့တော့ ၊ မေတ္တာသုတ် ပဲ ကျက်တော့ ၊ ပြီးတော့ ဆံပင်တွေ ကို ဂရုစိုက် ”

“ ဟင် … ဆံပင်တွေ နဲ့ ဘာဆိုင်လို့လဲ ”

“ လူတွေ က သော်သော့် ဆံပင်တွေ ကို တွေ့ လိုက်ရင် စေတနာ ရှိ သွားတက်ကြတယ် ၊ ကျွန်တော် လည်း အဲဒီ ဆံပင်တွေ ကို မြင်ပြီး သော်သော့် ကို … ”

“ အင်တာဗျူး က ဘယ်နေ့လဲ ဟင် ”

ညိုမောင် ဘာစကား မှ မပြောနိုင်တော့ဘဲ သော်သော့် ကို ငေး ကြည့်နေမိသည် ။ သော်သော် သည် သူ ဆက် ပြောမည့် စကား ကို မကြားချင်၍ စကား လမ်း လွှဲလိုက်ကြောင်း သိသာသည့် မျက်နှာလွှာ ကို ချ၍ ငြိမ် နေသည် ။

“ လာမယ့် စနေနေ့ မှာ သော်သော် ၊ တစ်ခု သတိထားဖို့ ကတော့ သော်သော် အဲဒီ အလုပ် မှာ ရဖို့ မရဖို့က ကျွန်တော် နဲ့ ဘာမှ မဆိုင်ဘူး ၊ ကျွန်တော် စွမ်းဆောင် မပေးနိုင်ဘူး ၊ အတွေ့အကြုံ အရ ပြောပြပါ ဆိုရင်တော့ GM လမင်းစိုး ကို သတိထားပြီး ဖြေ ဖို့ပါပဲ ”

“ အဲဒီနေ့ ကျရင် ကိုညိုမောင် က … ”

သော်သော် စကား မဆုံးခင်ပင် ညိုမောင် ထွက် သွားသည် ။ သော်သော့် ရင်ထဲ မှာ ခံစားရသော ဝေဒနာ ကို သော်သော် ပဲ သိပါသည် ။ ဒီ ည ဘုရား ရှိခိုးလျှင် ကိုညိုမောင့် ကို ပထမဦး ဆုံး အမျှ ဝေဖို့ ဆုံးဖြတ် လိုက်၏ ။ သော်သော် တတ်နိုင်တာ ဒါပဲ ရှိပါသည် ။

နေ့ရက်တို့ မည်သည် ကုန်ဆုံးလွယ်လှသည် ။

ကိုယ် က သူငယ်ချင်း တစ်ယောက် နှင့် လက်ဖက်ရည်ဆိုင် မှာ စကားလက်ဆုံ ဝင်နေချိန်တွင် လည်းကောင်း ၊ Chess တစ်ပွဲ ကို စိတ်ရော ဝိညာဉ် ပါ ထိုး နေရသော အချိန်တွင် လည်းကောင်း ၊ စာ တစ်အုပ် ကို ဖတ်ရင်း မျက်စိများ ညောင်း လာသဖြင့် အိပ် လိုက်မိသော အချိန်တွင် လည်းကောင်း ၊ ညနေရီဆည်းဆာ အလှတွင် တွေ့ရသော ကောင်မလေးများ ကို ငေးနေချိန်တွင် လည်းကောင်း ၊ ဘာမှ အရေမရ အဖတ်မရ ပျော်ရွင်သည် ဆိုရုံ တွေ့ရာ မိတ်ဆွေများ နှင့် စကား ပြောနေချိန်တွင် လည်းကောင်း ၊ လေးဖြူ နှင့် ထူးအိမ်သင် တို့ ၏ သီချင်းများ ကို လိုက် ညည်းနေချိန်တွင် လည်းကောင်း ၊ အချိန် သည် ထိုထိုသော ခံစားချက်များ အတွက် လုံးဝ စောင့်နေလိမ့်မည် မဟုတ်ဘဲ သင် နှင့် မိတ်ဆွေများ ( သို့ ) သင့် မိတ်ဆွေ မဟုတ်သော သင်မသိသောသူများ ၏ လက် ထဲ မှ နာရီ တွင် လက်တံကလေး သည် လည်နေမြဲ ဖြစ်သည် ။

ထို သူ သည် သင် နှင့် မသိသော်လည်း သင် က ‘ ဘယ်နှနာရီလဲ ‘ ဟု မေး လိုက်လျှင် သူ ပြောသော ‘ နာရီ သည် သင့် နာရီ ဖြစ်သည် ။ သင် နှင့် မသိခြင်း ကြောင့် သင့် နာရီ သည် ပြောင်းလဲစရာ အကြောင်း မရှိချေ ။

ယခု Solo ကုမ္ပဏီ က လူ နှစ်ဆယ့်တစ်ယောက် ရွေးသည့် ထဲ တွင် သော်သော် အရွေး ခံရသည် ။ သော်သော် Solo ကုမ္ပဏီ မှာ အလုပ် ဝင်နေတာ ၄ လ ရှိသွားပြီ ဖြစ်သည် ။

ညိုမောင် သည် မနက်ခင်း တိုင်း သော်သော် နှင့် ရုံးအတူ သွားရခြင်း ၊ ညနေရီတိုင်း သော်သော် နှင့် ရုံးအတူ ပြန် ရခြင်းတို့ ကြောင့် ဝါဆိုဝါခေါင်မိုး တွင် ကန်စွန်းညွန့် ခေါင်းမော့ သကဲ့သို့ ခေါင်းမော့ ၍ နေ၏ ။

အဲဒီနေ့က ညိုမောင် အလုပ်တွေ ပြီး သွားသော်လည်း သော်သော့် အလုပ်တွေ မပြီးသေးသဖြင့် ညိုမောင် အောက်ထပ် မှ သော်သော် ဆင်း အလာ ကို စောင့်၍ နေခဲ့သည် ။ တော်တော် နှင့် မဆင်းလာသဖြင့် ညိုမောင် အပေါ်ထပ် သို့ တစ်ခေါက် ပြန်တက်တော့ သော်သော် မည်သူမျှ မရှိတော့သည့် အခန်းထဲတွင် ကျစ်ဆံမြီး ကျစ်၍ နေသည် ။

ဒီလိုမျိုး တွေ့လိုက်ရတော့ သူ အစိုးရိမ်ကြီးစွာ အောက်ထပ် မှာ စောင့်နေသော အဖြစ် ကို တွေးပြီး ချက်ချင်း ရလာသော ဒေါသ ဖြင့် ပြော မိသည် ။

“ ငါ ကတော့ အောက် မှာ နင် ဆင်းမလာလို့ စိတ်ပူ လိုက်ရတာ ၊ နင် က ဒီ ကျစ်ဆံမြီး ကို ပဲ ဟုတ်တယ် ”

“ မကျစ်လို့ ဘယ်လို ဖြစ်မလဲ ၊ ကား ပေါ်ကျရင် ဆံပင်တွေ က ဟို လူ့ မျက်နှာ ထိ ၊ ဒီ လူ့ မျက်နှာ ထိ နဲ့ အားနာစရာ မကောင်းဘူးလား ”

“ ကျစ်မယ် ဆိုလည်း အောက် ကို အရင် ဆင်းပြီး ငါ့ ရှေ့ ရောက်မှ ကျစ် ပေါ့ ”

“ အမလေး ပိုင်စိုးပိုင်နင်း နဲ့ ”

“ အဲဒီလို မဟုတ်ပါဘူးဟာ ၊ ငါ နင့် အတွက် စိတ် ပူသွားလို့ပါ ”

ညိုမောင့် အသံ က ပျော့ သွားသည် ။ သော်သော် က လည်း နောက်ဆုံး ကျစ်ဆံမြီး ကို ဝက်ဝံရုပ် ခေါင်းစည်းကြိုးကလေး နှင့် စီး လိုက်သည် ။

ညိုမောင် နှင့် သော်သော် သည် ကုမ္ပဏီ တစ်ခုလုံး မှာ ဘယ်သူမှ မရှိ ဆိုသော လွတ်လပ်မှု နှင့် တံခါးကို စေ့ပိတ်ရင်း ပခုံးချင်း ထိ၍ သီ၍ အတူ တွဲ ထွက်သွားသည်ကို အခန်း ထဲ မှ မြင် နေရသော လူ တစ်ယောက် ရှိပါသည် ။

ထို လူ မှာ … ။

အဲ့ဒီနေ့က သော်သော် နှင့် ညိုမောင် တို့ လှည်းတန်း မှတ်တိုင် တွင် ဆင်းပြီး ပြည်လမ်း အတိုင်း ရန်ကုန်တက္ကသိုလ် ရှိ ပလက်ဖောင်း ဘက် မှ လျှောက်ခဲ့ကြသည် ။ တိတ်တဆိတ် လျှောက်လာကြရင်း အတွေးကိုယ်စီ သက်ပြင်း မချဖြစ်သော အသက်ရှူခြင်း ၏ အကြွင်းအကျန် ကိုယ်စီ နှင့် လျှောက် လာခဲ့ ကြသည် ။

တစ်ယောက် နှင့် တစ်ယောက် တစ်စုံတစ်ရာ စည်းကမ်း မထားပါဘဲ တိတ်ဆိတ်နေသော တိတ်ဆိတ်မှု ကို ညိုမောင် က ပင် အရင် စတင် ဖြိုခွဲရသည် ။

“ မနက်ဖက် ထမင်းကြော်ဆိုင် မထွက်နိုင်တော့ သော်သော် တို့ အခြေအနေ အဆင်ပြေရဲ့လား ”

ညိုမောင် သည် ထို စကား ကို စ မေးစဉ် ကရော မေး နေတုန်း မှာရော ၊ မေး ပြီးတော့ရော သော်သော့် မျက်နှာ ကို အစဉ်တစ်စိုက် စိုက်၍ ကြည့် နေခဲ့သဖြင့်သာ သော်သော် ၏ ယဲ့ယဲ့ကလေး အပြုံး ကို မြင် ရခြင်းဖြစ်ပါသည် ။

“ ထမင်းကြော်ဆိုင် က တစ်မနက် ကို တစ်ထောင် ၊ ထောင့်ငါးရာ လောက်တော့ ကျန်တယ်လေ ၊ အဲဒီ ဝင်ငွေ တော့ လျော့သွားတာပေါ့ ၊ အဲဒီ ဝင်ငေွ နေရာမှာ သော်သော် လခ ကို ဖြည့် လိုက်ရတော့ ဒုံရင်းပဲပေါ့ ”

သော်သော် က စကား ဆုံးတော့ ရယ် လိုက်သည် ။ ရယ်သံ က ခြောက်ကပ် နေသည် ။ ထို ရယ်သံ ၏ အဓိပ္ပာယ် ကို ညိုမောင် နားလည်ပါသည် ။ ထိုကြောင့် အားပေဖို့ တာဝန် ရှိသည် ဟု လည်း တွေးမိသည် ။