ဘာကြီးလဲ

“ အဲဒီ အတွက်တော့ ဘာမှ မပူနဲ့ သော်သော် ၊ ကိုယ် လည်း လခ ထုတ်ရင် အဆောင်လခ ရယ် ၊ ထမင်းစရိတ် ရယ် ၊ လမ်းစရိတ် ရယ် ၊ ရွာ က မေမေ နဲ့ ဆရာတော့် ဆီ ပို့ရတာနဲ့ ဆို သုံးထောင် အပြင် ပို မကျန်တော့ဘူး ၊ အခု နည်းနည်းပါးပါး ဆွဲ ထားရတာလေးတွေတောင် ရှိ သေးတယ် ”

ပြီးတော့ ညိုမောင် ရယ်လေသည် ။ ထို ရယ်သံ မှာ သော်သော် ရယ်သော ရယ်သံနှင့် သိပ် မကွာလှချေ ။

“ သော်သော် မလုပ် ဝင်တုန်းက လခ ထုတ်ရင် သော်သော့် ဆံပင်တွေ အတွက် ရွေတစ်မတ်သား လောက် ပါတဲ့ ဆံထိုးကလေး တစ်ခု လုပ်မယ်လို့ စိတ်ကူး ထားတာ ၊ အခုတော့ ရွှေဆံထိုး မပြော နဲ့ ရွှေကလစ်နား ကို တောင် မသီနိုင်ဘူး ”

‘ဟာ .. အဲဒါ ဆိုရင်တော့ ကျွန်တော် နဲ့သော်သော် တူ သွားပြီ ၊ ကျွန်တော်လည်း အလုပ် ရ ကာစ က ဆွစ်ဇာလန်မိတ် ဒီ နာရီကလေး ကို ရွှေကြိုးကလေး နဲ့ လဲပြီး ပတ် ချင်တာ ၊ အခုထိ ဆန္ဒ မပြည့် နိုင်ဘူး ၊ လက်တလော ပြဿနာတွေ ကို အရင် ဖြေရှင်း နေရတာကိုး ”

ညိုမောင့် စကား ဆုံးတော့ နှစ်ဦး သား တိတ်ဆိတ်စွာ လမ်းလျှောက် ဖြစ်ကြသည် ။ ခံစားချက် တူ သော ဝေဒနာ ကို တစ်ယောက် နှင့် တစ်ယောက် နားလည် ကြပါသည် ။ ထိုအချိန်တွင် သော်သော် က ပြည်လမ်းမ နံဘေး သို့ ထိုး ရပ်လိုက်သော လမင်းစိုး ၏ အမိုးဖွင့်ကား အဖြူကလေး ကို တွေ့ လိုက်ရသည် ။ လမင်းစိုး က ညိုမောင် နှင့် သူ့ ကို ငေး၍ ကြည့် ပြီးမှ ကား ကို ရပ်ခြင်း ဖြစ်ပါသည် ။ သော်သော် လမင်းစိုး ထံ မှ မျက်နှာ ကို လွှဲ လိုက်ပြီး သူ နှင့် ညိုမောင် လျှောက်နေသော အင်လျားကန်ဘောင် ကို ကြည့်တော့ ရှားရှားပါးပါး အစိမ်းနုရောင် ခုံကလေး တစ်ခုံ အား နေတာ ကို တွေ့ရ၏ ။

“ ကိုညိုမောင် ခုံကလေး မှာ ခဏ ထိုင် ရအောင်နော် ”

သော်သော့် စကား ကြောင့် ညိုမောင် ဝမ်းသာ၍ သွားသည် ။ ခုံကလေး တစ်ခုံ လွတ်နေတာကို တွေ့တော့ သူ က ‘ ခဏ ထိုင်ကြရအောင် ‘ ဟု ပြောဖို့ စိတ်ကူး လိုက်မိသေးသော်လည်း သော်သော် က သူ့ ကို တစ်မျိုး ထင် သွားမှာ စိုးပြီး ပြော မထွက်ခဲ့ပါ ။ အခု သော်သော် က ပြောတော့ အဆင် ပြေ၍ သွားသည် ။

“ ထိုင်လေ သော်သော် ၊ ကျွန်တော် လည်း အဆောင် ရောက်ရင် ဘာအလုပ် မှ မရှိတာ ”

ညိုမောင် နှင့် သော်သော် ခုံတန်းကလေး မှာ ဝင် ထိုက်လိုက်ကြသည် ဆိုတာကို သူ မျက်မြင် ဒိတ္ထ တွေ့ခြင်းပင် ဖြစ်ပါသည် ။

သူရင်တွေ ဗလောင်ဆူသွား၏ ။

သို့သော် … သူ နှင့် အတူ ပါလာသော ယမင်းမ က ပီကေဖောက် မပျက်ဘဲ ပြောသည် ။

“ လမင်း အဲဒါ အဖြေ မဟုတ်ဘူး ၊ အဖြေ ကို ရောက်အောင် သွားဖို့ အကောင်းဆုံး အထောက်အကူ ပဲ ၊ အားလုံးဟာ လမင်း ရဲ့ လက် ထဲမှာ ဆိုတာကို ယုံစမ်းပါကွာ ”

“ လမင်း အခု သွား တွေ့ပစ်လိုက်ချင်တာ ”

“ အဲဒါဆို မင်း ရှုံးသွားမှာပေါ့ ၊ ဒီအဖြစ်အပျက် ကို မင်း သေသေချာချာ စောင့် ကြည့်ချင်ရင်တော့ ခွင့်ပြုတယ် ၊ ဒီခုံ က ထ ရင် ညိုမောင် က ကောင်မလေး ရဲ့ လက် ကို ကိုင်ပြီး ထ မှာမဟုတ်ဘူး ၊ သူတို့ ချစ်သူ မဖြစ်ကြသေးဘူး ၊ ဖြစ်ဖို့ ကလည်း ရာခိုင်နူန်း တော်တော်လေး နည်းတယ် ၊ အဲဒါ အမှန်ပဲ ”

“ ကောင်းပြီ ယမင်းမ ၊ ငါ စောင့်ကြည့်မယ် ”

“ ဒါဆို ကား ကို ရှေ့ဆက်မောင်း ၊ ကွေ့ရမယ့် နေရာ ရောက်မှ ကွေ့ ပြီး ဟိုဘက် ပလက်ဖောင်း က နေ စောင့် ကြည့် ”

ကန်ရေပြင် ကို ဖြတ် တိုက်လာသော လေပြေ သည် တစ်ခုခု ကိုရည်ရွယ်ထား သလိုပင် ။ ညိုမောင် နှင့် သော်သော် အကြား သို့ ဖြတ်၍ တိုက်သည် ။ ညိုမောင် နှင့် သော်သော် သည် တစ်နေ့လုံး air-con အခန်းထဲ တွင် နေရသော်လည်း ကန်ရေပြင် ကို ဖြတ်တိုက်လာသော လေပြေ ၏ လတ်ဆတ်မှုမျိုး ကို မရပါ ။ အခု ခံစားရသော စိတ် ထဲ မှာ လန်းဆန်း၍ နေသည် ။ အာရုံက သစ်၍ နေသည် ။

ညိုမောင် သည် သော်သော့် ကို စကား စဖို့ ကြိုးစား ကြည့်သည် ။ သို့သော် ညိုမောင် သည် သူ ပြောရမည့် စကား ၏ နောက် တွင် ထိန်းချုပ်ထားရသည့် ခံစားမှုကြီး တစ်ခု ရှိနေသလို ခံစားရသည် ။

ညိုမောင် သည် လူဆန်သော ခံစားချက် နှင့် လူ တစ်ယောက် ဖြစ်ပါသည် ။

သူ သည် လူ တစ်ယောက် လို ပဲ ခံစားပါသည် ။ သူ့ ရင် ထဲ မှာ လမင်းစိုး ကို ဖြစ်နိုင်ချေမဲ့ ‘ ချစ် ‘ သည် ။ သော်သော့် ကို တော့ ဖြစ်နိုင်ချေ ရှိရှိနှင့် ချစ် ပါသည် ။ ညိုမောင် သည် ‘ အချစ် ‘ ဆိုသော ခံစားချက် ကို ထိုသို့ ထားမိသည့် အတွက် သစ္စာ မရှိသူ ဟု စွပ်စွဲမည့် အစား လူ အဆန်ဆုံး လူတစ်ယောက် ဟု သာ သတ်မှတ် ထားချင်ပါသည် ။

သူ သော်သော့် ကို ချစ်သော အချစ် မှာ သော်သော် က ကျိန်းသေ ပြန်ချစ်လိမ့်မည် ဟုလည်း ညိုမောင် ယူဆ မထားပါ ။ သော်သော် သည် သူ့ ကို မချစ်ဘဲ ငြင်း နိုင်ပါသည် ။ စိတ် ဆိုး နိုင်ပါသည် ။ မုန်း သွားနိုင်ပါသည် ။ အထင် သေး သွားနိုင်ပါသည် ။ သို့သော် ဘာပဲဖြစ်ဖြစ် ထို တုံ့ပြန်မှု သည် တကယ့် တုံ့ပြန်မှု တစ်ခု ဖြစ်သည် ။

သို့သော် လမင်းစိုး ကို ချစ်သော အချစ်တွင် မတော့ ထို အရာတွေ တစ်ခု မှ ခံစားခွင့် မရှိပါ ။ သူ က လမင်းစိုး ကို ရပိုင်ခွင့်မဲ့ စိတ်ကူးအချစ် အဖြစ် ထားသောကြောင့် ဖြစ်သည် ။ လမင်းစိုး ကို ချစ်သည် ဆိုသော စကား ကို သူ က လွဲ၍ မည်သူမှ သိလိမ့်မည် မဟုတ်ပါ ။

“ သော်သော် ဘာတွေ စဉ်းစားနေတာလဲ ”

“ ဪ … ဘာရယ် မဟုတ်ပါဘူး ၊ ကုမ္ပဏီ မှာ လေ ချစ်တီးစုသလိုမျိုး စုပြီး ၊ ငွေ ယူကြတာတို့ ဘာတို့ မရှိဘူးလား ဆိုတာ ကို တွေး နေတာ ”

“ ဘာလုပ်ဖို့လဲ သော်သော် ”

“ ပြောပြီးပြီပဲ ၊ ရွှေနည်းနည်း ပါတဲ့ ကလစ်အကောင်းစားလေး တစ်ခု လိုချင်ပါတယ် ဆို ”

“ အရင်တုန်းကတော့ စုကြဘူးတယ် တဲ့ ၊ နောက်ကျတော့ ပြဿနာတွေ တက်တာ နဲ့ ရပ်သွားကြပြီး ၊ ဒီလို ငွေကြေးကိစ္စ အရှုပ်အရှင်းတွေ ကို လမင်းစိုး က လုံးဝ ပိတ်ပစ်လိုက်တယ် ၊ လပေး အထည်တို့ ထမင်းချိုင့်တို့ မိတ်ကပ်တို့ ရောင်းတာတွေပါ ခွင့် မပြုတော့တာတဲ့ ”

“ လခ ထဲ က စုရမယ် ဆိုရင်တော့ မလွယ်ဘူး ”

“ စိတ်ဓာတ် မကျပါနဲ့ တစ်နှစ် ပြည့်ရင်တော့ ဘောနက်စ် ရပါတယ်“ ”

“ ဟင် .. ဟုတ်လား ၊ များလားဟင် ”