ဘာကြီးလဲ

ဒါပေမယ့် လမင်းစိုး က ကြောင်၍ မသွား ၊ ပို၍ သွက်သည် ။

“ ကျွန်မ ကို ကားလေး တစ်ချက်လောက် ကူပြီး တွန်း ပေးပါလားရှင် ၊ ဟိုလေ ကျွန်မ ကား က ပေါ့ ပါတယ် ၊ ပြီးတော့ အရှိန်ကလေး နည်းနည်း ရရင် စက် နှိုးမှာပါ ။ အဲဒီလို ခဏ ခဏ ဖြစ်တတ်လို့ပါ နော် … တွန်းပေး နော် ”

လမင်းစိုး သည် ထို စကားတွေ ကို မျက်လုံးကလေး ပြူးပြလိုက် ၊ ခေါင်းကလေး ကို ငဲ့လိုက် ၊ ယိမ်းလိုက် ၊ ပခုံးကလေး ကိုတွန့်လိုက် ၊ နူတ်ခမ်းကလေး ကို စူလိုက် ဖြင့် ပြောသွားပြီး ကားတံခါး ကို ဖွင့်၍ ကားမောင်းသော နေရာ တွင် ဝင် ထိုက်လိုက်သည် ကို ညိုမောင် ငေး နေမိသည် ။

ညိုမောင့် မှာ ဘာ ပြောစရာမှ မရှိတော့ပါ ။

ကား ကို တွန်းရန် သာ ရှိ တော့၏ ။

“ တွန်း ”

အမိန့်ပေးသံ ပါသော စကားတစ်ခွန်း ဖြစ်သည် ။ သို့သော် ညိုမောင် တွန်းပါသည် ။ ခြေ ကို ကန်ကာ စစချင်း အနည်းငယ်သာ အား စိုက်လိုက်ရပြီးသည့် နောက် သိပ် အား မစိုက်ရတော့ဘဲ ကားကလေး က အရှိန်ဖြင့် လှိမ့် ၍ သွားသည် ။ ညိုမောင် သွက်သွက်ကလေး တွန်း ပေးလိုက်ချိန် တွင် ကားစက် ကို နှိုးတော့ ကားစက် က နှိုး ၍ သွားသည် ။

ဓာတ်တိုင် နှစ်တိုင်စာ လောက် သာ ညိုမောင် တွန်း လိုက်ရပါသည် ။ စက်နှိုး သွားသော ကား ကို ကောင်မလေး က ရပ် ထားရင်းက လီဗာ ကို အဆုံး ထိ နင်း ကြည့်သည် ။ ပြီးတော့ Slow အထိ ချ ကြည့်သည် ။ ပြီးတော့ ပုံမှန် ပြန် နင်းကြည့်သည် ။ အားလုံး OK ။

ကား ကို စိတ်တိုင်း ကျ သွားတော့ မှ ကားလမ်းနံဘေး က နေ လျှောက် သွားသော ညိုမောင် နောက်သို့ ကား ကို ဘီးလှိမ့်ရုံကလေး လှိမ့်ပြီး ညိုမောင် ရှေ့ က နေ ရပ် လိုက်သည် ။

“ ဟေ့ … ရော့ … ”

ပြောပြီးတော့မှ လူးဝစ်ဘော်တန်လက်ကိုင်အိတ် အသစ် ၏ ခလုတ် ကို ရုတ်တရက် ရှာ မတွေ့ ဖြစ်နေသည် ။ အခုမှ ဝယ်ပြီး ပထဆုံး ဖွင့် ရတာရော ကားတွက် စိတ် လော ရတာ ရော ကြောင့် ဖြစ်မည် ထင်သည် ။

ညိုမောင် ကလည်း ဘာမှန်း မသိ၍ ကြောင် ကြည့်ရင်း ရပ်နေမိသည် ။

လမင်းစိုး ဟိုနှိပ် ဒီနှိပ် လျှောက် နှိပ်တော့မှ လက်ကိုင်အိတ် က ပွင့်တော် မူသည် ။ တော်ပါသေးရဲ့ ။ နို့မို့ဆို အရှက် ကွဲရဦးမည် ။ လမင်းစိုး တစ်ထောင်တန် တစ်ရွက် ကို ထုတ်ပြီး လက်ညှိုး နဲ့ လက်ခလယ် ကြား မှာ ညှပ်၍ လှမ်း ပေးသည် ။

ညိုမောင့် မျက်နှာ ရှိန်းခနဲ ဖြစ်သွားသည် ။

“ ဟာ … မဟုတ်တာဗျာ ၊ ဘာမှ မဟုတ်ဘဲနဲ့ မပေးပါနဲ့ ၊ မယူပါရစေနဲ့ ”

“ မင်း က တို့ ကို ကူညီတယ်လေ ၊ အဲဒီ တန်ဖိုး ကို အသိအမှတ် ပြုတာပါ ”

“ ဒါဆိုရင်လည်း ကျွန်တော့် ကို တစ်ခုလောက် ပြန် ကူညီပါလား ”

“ ဘာလဲ ရှင့် ကိုတော့ ကား နဲ့တင်ပြီး လိုက် ပို့ မပေးနိုင်ဘူး ”

လမင်းစိုး ၏ စကားသံ က မာသည် ။ မျက်နှာ အမူအရာ က ချက်ချင်း ပြောင်း၍ သွား၏ ။ ညိုမောင် လန့် ၍ သွားသည် ။

“ ဟာ .. ကျွန်တော် တောင်းမယ့် အကူအညီ က အဲဒါမျိုး မဟုတ်ဘူးခင်ဗျ ၊ ကျွန်တော် မနေ့ က မှ ရန်ကုန် ကို ရောက်တာပါ ”

“ အဲဒါတွေက ကျွန်မ နဲ့ ဘာမှ မဆိုင်ဘူး ၊ ရော့ … ဒါ ယူလိုက် ပြီးပြီ ”

“ ဟာ … မယူပါရစေနဲ့ ဗျာ ၊ ကျွန်တော် မျက်စိ လည်နေလို့ အဲ့ဒါ ကျွန်တော့် ကို တဆိတ်လောက် လမ်းညွှန် ပေးပါလား ”

လမင်းစိုး လီဗာ ကို ပုတ်ရင်း တစ်ချက် စဉ်းစားသည် ။ ပုံစံ က တော့ တောသား မှန်း မပြောလည်း သိတယ် ဆိုတာ မျက်မြင် ဖြစ်သည် ။ သူ့ ကို ကူညီထားခဲ့တော့ ဒီလောက် တော့ ကိုယ် က ပြန် ကူညီသင့်သည် ဟု ထင်သည် ။

ကော်လံလည်ကတုံး အသစ် ၊ လုံချည် က အသစ် ကို ရေ မချဘဲ ဒီ အတိုင်း ဝတ်ထားသဖြင့် ခေါက်ထားသော နေရာ က ကော့လန်၍ နေသည် ။ ကြည့်ရတာ ရယ်ချင်စရာ ။ လွယ်အိတ်ကြီး ကလည်း လွယ်လို့ ၊ ဘော်တန်လူးဝစ် လွယ်အိတ် ထင်ပါရဲ့ ။

“ လိပ်စာပါလား ”

“ အာ .. ပါ ပါတယ်ခင်ဗျ ”

ညိုမောင် က ကမန်းကတမ်း လွယ်အိတ် ထဲ က တိုးလွင် ပေးထားသော Solo လိပ်စာ ကတ်ပြားကလေး ကို ထုတ်၍ ပေးလိုက်သည် ။

ညိုမောင် လှမ်းပေးသော ကတ် ကို တွေ့လိုက်ရတော့ လမင်းစိုး ခေါင်း ထဲ မှာ ‘ ဝုန်း ‘ ခနဲ ပေါက်ကွဲသံ ကို ကြားလိုက်သလို ဖြစ်သွားသည် ။ ရင်ခုန်သံလည်း တဒုတ်ဒုတ် မြည်၍လာသည် ။ ချက်ချင်း ရရှိသော ဒေါသ ဖြင့် မော့ ကြည့်တော့ သူ့ ကို လိပ်စာကတ် ပေးသူ က ရိုးရိုးသားသား သိချင်စိတ် ၏ စိတ်အားထက်သန်မှု ဖြင့် သူ့ ကို ငေး၍ ကြည့် နေတာကို တွေ့ရသည် ။

ထို လူ့ ကို လည်း လမင်းစိုး တစ်ခါ မျှ မမြင်ဖူးပါ ။ ထို လူ က လည်း လမင်းစိုး ကို Solo ကုမ္ပဏီပိုင်ရှင် ဟု သိထားပုံ မပေါ်ပါ ။ လမင်းစိုး သည် ဒေါသ ကို ခဏ သိမ်းလိုက်သည် ။

“ မင်း .. အဲဒီကို ဘာ သွား လုပ် မလို့လဲ ”

“ အင်တာဗျုး သွား ဖြေမလို့ပါ ၊ အင်တာဗျုး အချိန် က ၉ နာရီခွဲ ကနေ ၁ဝ နာရီခွဲ ကို ပြောင်း လိုက်လို့ မနက် က ဘာမှ မစားခဲ့ရတာ နဲ့ တစ်ခုခု စားဖို့ ထွက်လာရင်း မျက်စိတွေ လည်ကုန်လို့ပါ ၊ သိရင် တစ်ဆိတ် လောက် … ”

“ သေဟဲ့ … နန္ဒိယ … ”

ဟု စိတ် ထဲ က အော်ရင်း လမင်းစိုး သူ့ နဖူး ကို သူ စိတ် ထဲက ထု ပစ်လိုက်သည် ။ ရုတ်တရက် ဘာလုပ်ရမှန်း မသိ ၊ ခဏတော့ ဖြစ်သွား၏ ။ စိတ်ကို တည်ငြိမ်အောင် ပြန် ထိန်းလိုက်သည် ။ ကိုယ် က အင်တာဗျုး ရမည့် လူ နှင့် ဒီထက် ပို မဆက်ဆံသင့် ဟု ယူဆလိုက်သည် ။

“ အဲဒီ လိပ်စာ ကို မသိဘူး ”

ပြောပြီး မှ မှားသွားမှန်း သိ လိုက်သည် ။ သူ နှင့် ဒီလူက အင်တာဗျုး အခန်း ထဲ မှာ ပြန် တွေ့ကြရဦးမှာ မဟုတ်လား ၊ သွားပြီ ။

“ ရော့ .. ရော့ ယူလိုက် ”

“ အာ … ကျွန်တော် ပိုက်ဆံ မယူပါဘူး ၊ မသိရင်လည်း ရပါတယ် ”

ညိုမောင် က လမင်းစိုး လက်ညှိုး နှင့် လက်ခလယ်ကလေး နှင့် ညှပ်ထားသော တစ်ထောင်တန် နှင့် လိပ်စာကတ် နှစ်ခု မှ လိပ်စာကတ် ကို သာ ရွေး ယူလိုက်သည် ။

လမင်းစိုး ၏ ညာဘက်လက် သည် အပေါ် ကို မြောက် တက်သွားပြီး တစ်ထောင်တန်ကလေး က ဇောတ်ထိုးဂျွမ်းပြန် အကျမှာ အဖြူရောင်ကားကလေး က ဝေါခနဲ မောင်း ထွက်သွားသဖြင့် ပိုက်ဆံကလေး သည် ကား နောက် ကို အရှိန်ဖြင့် ပါ သွားကာ လေထဲ တွင် ဝဲပျံရင်း မှ ကားလမ်းနံဘေး တွင် ထူထပ်စွာ ပေါက် နေသော မြက်ပင်များ ပေါ် တွင် ငြင်သာစွာ တင်ကျန်ရစ်ခဲ့လေသည် ။

ညိုမောင် သည် လမင်းစိုး ၏ ကားအဖြူကလေး ကို ငေး ၍ နေမိသည် ။ ညိုမောင် ငေး နေသော လမ်း ၏ မျက်စိတစ်ဆုံး ကို ရောက်တော့ ကားကလေး ဆတ်ခနဲ ကွေ့ချပြီး ညိုမောင့် မြင်ကွင်း ထဲ ကနေ ပျောက် ၍ သွားသည် ။

ရန်ကုန်သူ တွေ တကယ် ချောတယ် ဆိုတာ ကို ညိုမောင် နဖူးတွေ့ ဒူးတွေ့ ကြုံ လိုက်ရသဖြင့် လုံးဝ လက်ခံသွားပြီ ဖြစ်လေသည် ။ ကားလေး က လည်း အဖြူရောင် ၊ ဝတ်ထားတာ က လည်း တစ်ကိုယ်လုံး အဖြူရောင် … ဆိုတော့ ဒီကောင်မလေး ကို ညိုမောင် က ‘ လမင်းလေး ‘ ဟု သူ့ ဘာသာ အမည် ပေးလိုက်၏ ။

ပြီးတော့ မြင်ပင်ရှည်တွေ ပေါ် မှာ ကိုယ်ဖော့ ၍ ပလက်ကလေး လှန် အိပ်နေသော တစ်ထောင်တန်ကလေး ကို သွား ကောက်ပြီး ကားကလေး ထွက်ရာ ဘက်သို့ပင် လမ်းလျှောက်ခဲ့သည် ။

သူ့ နာရီ ငုံ့ကြည့်တော့ ၉ နာရီနှင့် ၄၁ မိနစ် ရှိနေပြီ ၊ ၁ဝ နာရီခွဲ ဖို့ အချိန် ၄၁ မိနစ် တိတိ လို သေးသည် ။ ထိုအချိန်တွင်း သူ ကုမ္ပဏီ ကို ပြန် ရောက်ဖို့ လိုသည် ။

ညိုမောင် သည် တဆတ်ဆတ်ဖြင့် သွား နေသော နာရီကလေး ကို ညာဘက်လက်ဖဝါးကလေး နှင့် အုပ်ပြီး ပြုံး လိုက်သည် ။ ထို နာရီကလေး ကို သူ့ အဘိုး က သူ့ အဖေ ကို ပေး ခဲ့သည် ။ သူ့ အဖေ က သူ ၈ တန်း ဖြေသည့် နေ့ မှာ ဒီ နာရီကလေး အမွေ ပေးခဲ့သည် ။