ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

သတ္တမ၊ ဝင်ငွေရှာဖွေနိုင်စွမ်း တိုးတက်အောင်လုပ်ပါ။ 

“ဒီကနေ့ ခင်ဗျားတို့ကို ပိန်ကြုံတဲ့ပိုက်ဆံအိတ် ပြည့်တင်းလာစေရေးအတွက် အရေးကြီးဆုံး ဆေးနည်းတစ်ခု ကျွန်တော်ပေးပါ့မယ်၊ ဒီနည်းကတော့ ငွေနဲ့မဆိုင် လူနဲ့ ဘဲဆိုင်ပါတယ်၊ ခင်ဗျားတို့ အသီး သီးရဲ့ စိတ်ဓါတ်နဲ့ ဆိုင်ပါတယ်။ လူတွေရဲ့ ဘဝထဲ၊ လူတွေရဲ့ စိတ်သဏ္ဍန်ထဲမှာ ကိန်းအောင်း နေတဲ့၊ ၎င်း လူတွေကို အောင်မြင်မှု ရှုံးနိမ့်မှုတွေဖြစ်စေတဲ့ အရင်းခံတရားတွေအကြောင်း ကျွန်တော် ပြောမှာပါ။” သတ္တမနေ့၌အာခတ်က ယင်းသို့ အစချီလိုက်သည်။ “များမကြာခင်က လူငယ်တစ်ယောက် ကျွန်တော့်ဆီ ပိုက်ဆံချေးဖို့ ရောက်လာတယ်၊ ဘာ အတွက် ငွေလိုသလဲ ကျွန်တော်မေးတော့ ဝင်ငွေထွက်ငွေမကာမိလို့ ၊ အဲဒါနဲ့ ကျွန်တော်သူ့ကို ရှင်းပြတယ်၊ ဒီအတိုင်း ဆိုရင်တော့ မောင်ရင်က ငွေရှင်အမြင်မှာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လူတယောက်ဖြစ်နေပြီ၊ ဝင်ငွေက ထွက်ငွေထက်နည်းနေလို့ ငွေပိုငွေလျှံမကျန် သူတစ်ယောက်ဟာ ချေးငွေကို ဘယ်လိုဆပ်နိုင်မလဲပေါ့ ၊ အဲဒါ ကြောင့် သူ့ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းဟာ ငွေ ချေးဖို့ မဟုတ်ဘူး၊ အခုထက် ဝင်ငွေတိုးအောင် ကြိုးစားရှာဖို့သာဖြစ်နေတဲ့အကြောင်း ပြောပြပြီး အဲဒီအတွက် သူဘာတွေဆောင်ရွက်ဖူးတာရှိသလဲ မေးမြန်း ကြည့်တဲ့အခါ၊ “ “ကျွန်တော်တတ်နိုင်တာကတော့ သူဌေးဆီမှာ လုပ်ခတိုးတောင်းဖို့ ဘဲရှိတယ်”တဲ့။ “ပြီးခဲ့တဲ့ တလအတွင်း သူ့ကို ကျွန်တော်တင်ပြတာ ခြောက်ကြိမ်ရှိသွားပြီ၊ ဒါပေမယ့်အကြောင်း မထူးဘူး၊ ဒီထက်မကတော့လည်း ဘယ်သူမှ ပြောနိုင်မှာမဟုတ်ဘူး” လို့ သူကဆိုတယ်၊ “ကြားရတာ ရယ်စရာတော့ ရယ်စရာပဲ၊ ဒါပေမယ့် သူရိုးရိုးသားသား ပြောရှာတာပါ၊ ပြီးတော့ သူ့မှာ ဝင်ငွေတိုးတက်စေဖို့ လိုအပ်တဲ့ အရေးကြီး အရည်အသွေးတစ်ရပ် ရှိနေတာလည်း သူ့စကားအရပဲ ၊ သိရတယ်၊ဘာလဲဆိုတော့ ဝင်ငွေတိုးတက်ရရှိချင်တဲ့ ဆန္ဒတော့သူ့မှာ ပြင်းပြင်းပြပြ ရှိနေတယ် ဆိုတဲ့အချက် ပဲ၊ ဒါကြောင့်မို့ သူဌေးကို ခဏခဏသွားပြောနေတာလေ၊ အလိုဆန္ဒပြည့်ဝ ဖို့အတွက် သူလုပ်ဆောင်နေတဲ့ နည်းလမ်းကိုသာ ကျွန်တော်တို့ ရယ်ကြတာ၊ ဒီအလိုဆန္ဒရှိတာကိုတော့ အသိအမှတ်ပြုရမယ်၊ တန်ဘိုးထား ရမယ်။ “ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ခုဖြစ်မြောက်ဘို့ အတွက် ဦးစွာပထမ အဲဒီကိစ္စဖြစ်မြောက်စေ ချင်တဲ့ အလိုဆန္ဒ ရှိရမယ်လေ၊ အလိုဆန္ဒဟာ ပြင်းပြထက်သန်နေရမယ်၊ ဒါပေမယ့် ထက်သန်ရုံနဲ့ မပြီး ဘူး၊ တိကျဘို့လည်းလိုသေးတယ်၊ ယေဘူယျဆန္ဒတွေ တိတိကျကျမရှိတဲ့ ဆန္ဒတွေဟာ ခွန်အားမရှိ ဘူး၊ ဝိုးတိုးဝါးတား လိုချင်တမ်းမှန်းမှုလောက်နဲ့ ဘာမှဖြစ်မလာဘူး၊ ဥပမာဆိုပါတော့ ချမ်းသာချင် တယ်။ “ဟာ ချမ်းသာချင်လိုက်တာ” ဆိုရုံနဲ့ ချမ်းသာမလာနိုင်ဘူး၊ “ငါ ရွှေဒင်္ဂါးငါးပြားလိုချင်တယ်၊ ဘယ်အချိန် ဘယ်ကာလအတွင်းရချင်တယ်” အဲဒီလိုတိတိကျကျ ရည်မှန်းတဲ့အခါ ကျတော့မှ အဲဒါဆို ဘာလုပ်ရမလဲ နည်းလမ်းရှာဖြစ်လာတယ်၊ နည်းလမ်းတွေ့ တော့ထလုပ်၊ လုပ်တော့ ကိုယ်လိုချင်တဲ့ ရွှေဒင်္ဂါးငါးပြား တကယ်ရလာတယ်၊ ငါးပြားရပြီဆိုရင် ဆယ်ပြားရဖို့ မခဲယဉ်းဘူး၊ ပြားနှစ်ဆယ် လည်း ထိုနည်းလည်းကောင်း၊ နောက်ကျတော့ ရာဂဏန်း လောင်ဂဏန်းရည်မှန်းပြီး ကြိုးစားတဲ့ အခါ သူဌေးဖြစ်လာတယ်၊ အလိုဆန္ဒသေးသေးကစပြီး တိတိကျကျချမှတ် တိတိကျကျနည်းလမ်းရှာ တိတိကျကျလုပ်တဲ့အခါ တဖြည်းဖြည်း ကျင့်သားရလာပြီး အလိုဆန္ဒကြီးကြီးမားမားတွေ အထမြောက် အောင်လည်း လုပ်တတ်ကိုင်တတ်လာတယ်၊ “အရေးကြီးတာက ရည်မှန်းချက်မထွေပြားဘို့၊ အလိုဆန္ဒတွေ များပြားရောထွေးမနေဘို့၊ ပြီးတော့ ရည်မှန်းချက်နဲ့ ကျွမ်းကျင်မှု၊ အလိုဆန္ဒနဲ့ ပြည့်မြောက်အောင် အကောင်အထည် ဖေါ်တဲ့ အတွေ့အကြုံ၊ အဲဒါတွေ ညီညွတ်မျှတဖို့လိုတယ်၊ အတွေ့အကြုံရှိလာ ကျွမ်းကျင်လာတာနဲ့ အမျှ ရည်မှန်းချက်ဆန္ဒကို လိုက်လျောညီထွေ မြှင့်တင်သွားခြင်းအားဖြင့် တဖြည်းဖြည်း ကြီးပွားအောင်မြင် လာတယ်၊ “ကျွန်တော် စာကူးသမားဘဝမှာရှိစဉ်တုန်းက တစ်နေကုန်တစ်နေခမ်း ရွှံ့စေးပြားမှာ စာတွေထွင်း ရတယ်၊ တစ်နေ့လုံး ခါးချည့်အောင်လုပ်ပြီးတဲ့အခါ ကြေးနီပြား တပြားနှစ်ပြားရတယ်၊ ဒါပေမယ့် ကျွန်တော် တပြားနှစ်ပြားရတဲ့အချိန် ကျွန်တော့်ထက် အများကြီးပိုရတဲ့သူတွေရှိတာ ကျွန်တော်သွားတွေ့တယ်၊ ဒီလူတွေ ဘာကြောင့်ပိုရသလဲဆိုတော့ အရှင်းလေးပါပဲ၊ သူတို့က ကျွန်တော်ထက် အများ ကြီး သပ်သပ်ရပ်ရပ် လှလှ ပပကူးတတ်ပြီး အများကြီးလည်း ပိုမြန်ကြတာကိုး၊ အဲဒါနဲ့ ဒီလူတွေထက် မက ငါရရမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်ကြိုးစားတယ်။ အလုပ်ထဲစိတ်ပါလက်ပါနဲ့ တကယ်မြှပ်နှံပြီး လုပ်တော့ များမကြာခင်ပဲ သိသိသာသာ ကျွမ်းကျင်လာတယ်၊ လက်ရာကောင်းလာတယ်၊ မြန်လည်း မြန်လာတယ်၊ နောက်ကျတော့ ကျွန်တော်ထက် စာချပ်များများ ပိုရေးနိုင်တဲ့လူ မရှိသလောက်ဖြစ်လာတယ်၊ အရည်အချင်း တက်လာတာ နဲ့ အမျှ အကျိုးခံစားခွင့်လည်း တပြိုင်တည်း တွဲပြီးတက်လာတယ်၊ ကျွန်တော့်အားထုတ်မှုကို အသိအမှတ်ပြုဖို့ အလုပ်ရှင်ဆီ ခြောက်ကြိမ်သွားပြောနေစရာမလိုဘူး၊ “လုပ်ငန်းကျွမ်းကျင်လာတာနဲ့ အမျှ ဝင်ငွေကလည်း လိုက်ပြီးတိုးလာတာ သဘာဝပါပဲ။ အတတ်ပညာသည်ဟာ ပညာစွမ်းထက်လေ ကြေးများများရလေပဲ၊ ပညာစွမ်းထက်ဖို့အတွက် နည်းနာ တွေ သူများထက်တတ်အောင် လေ့လာရတယ်၊ ကိရိယာတန်ဆာပလာ ကိုင်တွယ်ရာမှာ သူများထက် ကျွမ်းကျင်အောင် လေ့ကျင့်ရတယ်၊ ရှေ့နေရှေ့ရပ်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းရတဲ့လူဟာ ဥပဒေ ပညာကျွမ်းကျင်တဲ့ တခြားပုဂ္ဂိုလ်များနဲ့ တိုင်ပင်နှီးနှောရတယ်၊ သူများအတွေ့အကြုံတွေက ပညာယူရ တယ်၊ ဆေးပညာနဲ့ အသက်မွေးဝမ်းကျောင်းပြု ရတဲ့လူတွေလည်း အလားတူပဲ၊ ရောဂါကိစ္စ ဆေးဝါးကိစ္စ မပြတ်ဆည်းပူး မှတ်သားရတယ်၊ ကုန်သည်ပွဲစားများလည်း ထိုနည်းလည်းကောင်းပဲ ကိုယ့်လုပ်ငန်းမှာ ကျွမ်းကျင်နေ တတ်မြောက်နေအောင် အမြဲအားထုတ်ရတယ်၊ “လူတွေရဲ့ အရေးကိစ္စဟာ အမြဲပြောင်းလဲနေသလို ပညာရပ်တွေကလည်း မပြတ်တိုးပွားနေ တတ်တယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပညာ ကိုယ့်လုပ်ငန်းတိုးတက်အောင် ကြိုးစားအားထုတ်တဲ့ လူတွေက အမြဲအားထုတ်နေတာကိုး၊ ဒါနဲ့ အမှီလိုက်နိုင်မှ ကိုယ့်လုပ်ငန်းနယ်ပယ်မှာ အမြဲ ရှေ့တန်းက ရှိအောင် ကြိုးစားနေမှ အောင်မြင်ရှင်သန်မှာ၊ ပေါ့ ပေါ့ လျော့လျော့နေရင် နောက်ကျကျန်နေခဲ့မှာ၊ “လူတစ်ယောက်ရဲ့ ဘ၀ အမြဲဖွံ့ဖြိုးတိုးတက်နေဘို့ အများကြားမှာ အောင်မြင်သူ ဂုဏ်သိက္ခာရှိ သူတဦးအဖြစ် ရပ်တည် နေနိုင်ဘို့ အရေးကြီးတဲ့ အချက်တစ်ရပ် ဒီမှာတစ်ဆက်တည်း ပြောချင်သေးတယ်။ အဲဒါက ကိုယ့်ကိုကိုယ် လေးစားမှုရှိရေးဘဲ၊ ကိုယ့်ကိုကိုယ် မလေးစားတဲ့လူကို တခြားသူများ ကလည်း လေးစားကြမှာမဟုတ်ဘူး၊ အဲဒီတော့ အများရဲ့ လေးစားခံရသူတစ်ဦး ဖြစ်လာရေးအတွက် ဦးစွာပထမ ကိုယ့်ကိုကိုယ် လေးစားမှုပြုရလိမ့်မယ်၊ မိမိကိုယ်ကို လေးစားတဲ့အပြုအမူအကျင့်အကြံ တွေ မွေးမြူကျင့်ကြံရလိမ့်မယ်၊ အဲဒါတွေက အရေးကြီးကားအချို့ကို ပြောရရင်၊ “သူတစ်ပါးဆီက အကြွေးယူတာ ချေးငှားတာတွေကို အလျင်အမြန်ဆုံးပေးချေတဲ့ အလေ့ အကျင့်မွေးဖို့ ၊ ပြီးတော့ ကိုယ်ပြန်မပေးနိုင်လောက်တဲ့ အတိုင်းအတာအထိ များများကြီး မချေးဘို့ အကြွေးမယူဘို့၊ “ကိုယ့်မိသားစုရဲ့ ချီးမွမ်းစကား ကျေးဇူးတင်စကား ဆိုခြင်းခံရအောင် မိသားစုကို ဂရုစိုက် တတ်ဘို့၊ “မတော်တဆ မိမိကွယ်လွန်သွားသည်ရှိသော် ကျန်ရှိတဲ့ မိမိပိုင်ပစ္စည်းများနဲ့ ပတ်သက်လို့ အငြင်းပွားခြင်း မရှိရအောင် တိကျတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ တကွ သေတမ်းစာသဘောမျိုး ရေးသား ထားဘို့ ၊ “ကံကြမ္မာဆိုးတစ်ခုခုကြောင့် ထိခိုက်နစ်နာကြ ဒုက္ခရောက်ကြသူများအပေါ် စာနာစိတ်ထားပြီး မိမိတတ်နိုင်တဲ့ အတိုင်းအတာအတွင်းက ထောက်ပံ့ကူညီကြဖို့၊ မိမိနဲ့နီးစပ်ခင်မင်သူများအပေါ် နှုတ်၏ စောင်မခြင်း၊ လက်၏တင်မခြင်းများနဲ့ ချီးမြှင့်ဖို့ ၊ အစရှိတာတွေပါပဲ၊ “အဲဒီတော့ ပိန်ကြုံသောပိုက်ဆံအိတ် ပြည့်တင်းလာအောင်ကုစားပေးမယ့် ဆေးနည်းများထဲက သတ္တမမြောက်နဲ့ နောက်ဆုံးဖြစ်တဲ့ ဆေးနည်းသည် လုပ်ငန်းမှာပိုပြီး ပတ်နပ်ကျွမ်းကျင်အောင် မပြတ်ဆည်းပူးလေ့လာခြင်းအားဖြင့် မိမိရဲ့ လုပ်ငန်းစွမ်းရည် သို့မဟုတ်ငွေရှာမှု စွမ်းရည်တိုးတက် အောင် ဆောင်ရွက်တို့နဲ့ တစ်ဖက်ကလည်းမိမိကိုယ်ကိုလေးစားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် မိမိရဲ့ အပြုအမူများကို စောင့်ထိန်းလေ့ကျင့်ဘို့ ဆိုတာဘဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်၊ မိမိကိုယ်ကို လေးစားခြင်း၊ မိမိရဲ့ အရည်အသွေး တိုးတက်ထက်မြက်လာမှုကို အားကိုးယုံကြည်ခြင်းတွေကြောင့် လုပ် ငန်းကိုင်ငန်းတွေမှာ အောင်မြင်ပြီး မိမိရဲ့ လိုအင်ဆန္ဒတွေ တနေ့တခြား ပို၍ပို၍ ပြည့်ဝလာပါလိမ့်မယ်။ “ကျွန်တော် ဒီနေ့ အထိ တင်ပြခဲ့တဲ့ ပိန်ကြုံသောပိုက်ဆံအိတ် ပြည့်တင်းရေး ဆေးနည်း ခုနစ် ချက်ဟာ ကျွန်တော့်ရဲ့ ဘဝ သက်တမ်းတစ်လျှောက် ကိုယ်တိုင်ရရှိခဲ့တဲ့ အောင်မြင်မှု အတွေ့ အကြုံများထဲက ထုတ်ယူရရှိခဲ့တာဖြစ်ပါတယ်၊ ဓနဥစ္စာ ကြွယ်ဝချင်တဲ့ပုဂ္ဂိုလ်တိုင်း ဒီဆေးနည်းများ အတိုင်း လိုက်နာ ကျင့်သုံးခြင်းအားဖြင့် ကျွန်တော်နည်းတူ အောင်မြင်မှုရရှိလာပါလိမ့်မယ်လို့ ကျွန်တော် တိုက်တွန်း ပြောဆို ချင်ပါတယ်။  “ဘေဘီလုံဟာ ခင်ဗျာတို့ထင်တာထက် အများကြီး ချမ်းသာကြွယ်ဝတဲ့မြို့ပါ၊ ဒီမြို့ဟာ ဒီ ထက်မက ကြီးပွားတိုးတက်လာပါလိမ့်ဦးမယ်၊ ဒီမြို့မှာ ခင်ဗျားတို့အားလုံးအတွက် ချမ်းသာနိုင်တဲ့ အခွင့်အလမ်းတွေ အပြည့်အဝရှိနေတယ်ဆိုတာ ယုံကြည်ထားကြပါ ၊အဲဒီအခွင့်အလမ်းတွေကို ရယူကြ ခံစားကြပါ ချမ်းသာအောင်ကြွယ်ဝအောင်အားထုတ်ကြစမ်းပါ၊ “ကိုယ်တိုင်ကြိုးစား အောင်မြင်ပြီးတဲ့အခါမှာလည်း ကိုယ်အောင်မြင်ခဲ့တဲ့ နည်းနာနိဿယတွေ ကြီးပွားချမ်းသာရေး အလေ့အကျင့်တွေကို အခြားသော ဘေဘီလုံသား ညီနောင်သားချင်းများကို ရက်ရက်ရောရော သဘောထားကြီးစွာ ဝေငှကြပါ၊ သူတို့လည်း ကြီးပွားချမ်းသာချင်စိတ် ထက်သန် လာအောင် ကြီးပွားရေးအတွက် တကယ်အားထုတ်ကြိုးပမ်းလာကြအောင် တိုက်တွန်းနှိုးဆော်ကြပါ။ ဘေဘီလုံရဲ့ နေဥစ္စာတွေဟာ မျှဝေလို့မကုန်နိုင်ပါဘူးလို့ ကျွန်တော်ပြောကြားလိုက်ပါရစေ”