ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

 

အခန်း(၄) ကံကြမ္မာစောင့်နတ်သမီးနှင့်တွေ့ဆုံခြင်း 

လူတစ်ယောက်ကံကောင်းလာပြီဆိုလျှင် ဘယ်မျှအထိ ကံကောင်းမည်ကို ခန့်မှန်း၍မရနိုင်။ “ကိုင်းသွားလေရော့” ဟုယူဖရေးတီးစ်မြစ်ထဲ ပစ်ချသည့်တိုင် အသက်မသေရုံမက လက်ထဲပုလဲတစ်လုံးကိုင်ပြီး ပြန်တက်လာနိုင်သည်။ 

[ဘေဘီလုံစကားပုံတစ်ခု]

ကံကြမ္မာကောင်းနှင့် ကြုံကြိုက်လိုသောဆန္ဒကား ကမ္ဘာလူမျိုး တစ်ရာ့တစ်ပါးမှာရှိသော တူညီသည့် အလိုဆန္ဒတစ်ခုပင်ဖြစ်သည်။ သည်ကနေ့ လူတွေထဲမှာ အဲ့ဒီဆန္ဒပြင်းပြသလို လွန်ခဲ့သော နှစ်ပေါင်းလေးထောင်က လူများ၏ရင်ထဲတွင်လည်း အလားတူပင် ပြင်းပြင်းပြပြရှိခဲ့သည်။ ကျွန်တော် တို့အားလုံးပင် ကံကြမ္မာစောင့်နတ်သမီး၏ မျက်နှာသာပေးမှုကို ခံယူရရှိ လိုကြမြဲဖြစ်ပါသည်။ ကံနတ်သမီးသည် မည်သည့်အခါ မိမိအားမျက်စိကျလေမည်နည်း၊ မိမိအပေါ် ရက်ရက် ရောရော သဘောကောင်းလာအောင် မည်သို့ဆွဲဆောင် ခေါ်ငင်ရပါမည်နည်း။  ကံကြမ္မာကောင်ကို ဆွဲဆောင်ခေါ်ငင်နိုင်သည့် နည်းလမ်းဟူသည်ကော အမှန်တကယ်ရှိပါ၏လော။ ရှေးဘေဘီလုံသားတို့၏ ခေါင်းထဲမှာ သည်ပြဿနာ ကိန်းအောင်ခဲ့သည်။ သည်ပြဿနာကို သူတို့ ကြိုးစားအဖြေရှာကြသည်။ စစ်စစ်သည်ပုဂ္ဂိုလ်တွေသည် ဉာဏ်ပညာထက်မြတ်သူများ အတွေးအခေါ်အရာ၌ လိမ္မာသူများဖြစ်ကြသည်။ ထို့ ကြောင့်လဲ သူတို့၏ မြို့ တော်သည် ထိုခေတ်အခါက အချမ်းသာ အကြွယ်ဝဆုံး နှင့် တန်ခိုးအာဏာ အကြီးမားဆုံး ဖြစ်ခဲ့ခြင်းပင်။ ရှေးပဝေသဏီဟုဆိုရမည့် ထိုစဉ်ကာလက သူတို့ဆီတွင် စာသင်ကျောင်များ တက္ကသိုလ် ကောလိပ်များ မရှိသေးပါ။ သို့သော် အသိပညာဆည်းပူးရာ နေရာဌာနတစ်ခုကား ရှိခဲ့ပြီးဖြစ်ပါသည်။ ပညာကို လက်တွေ့ ရှာမှီးသည့် နေရာတစ်ခု။ သည်နေရာက ဘေဘီလုံ၏ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများစွာထဲတွင်မှ အထင်ရှားဆုံး တစ်ခုဖြစ်၍ ဘုရင်မင်းမြတ် စံနန်းတော်၊ ဥယျာဉ်ပျံများ၊ အထင်ကရနတ်ကွန်းကြီးများနှင့် တန်းတူ အရေးပါ ခဲ့သည်။ အဲသည်အချိန်က ဘေဘီလုံသားတို့၏ အတွေးခေါ် အယူအဆများကို ပုံသွင်းဖန်တီးရာ၌ သည် နေရာလောက် သြဇာတိက္ကမကြီးသောနေရာမရှိခဲ့။ သို့ သော် သမိုင်းကျမ်းများထဲတွင်မူ သည် နေရာအကြောင်း တစ်စေ့တစ်စောင်းမျှပင် ဖော်ပြလေ့မရှိခဲ့။ ထိုအဆောက်အဦကို ပညာ့ဗိမာန် အဆောက်အဦဟု ခေါ်ဝေါ်ကြသည်။အဲသည်နေရာတွင် စေတနာ ဆရာတို့က မိမိတတ်အပ်သမျှပညာကို အခမဲ့ ဟောပြောပို့ချကြသည်။လူအများ စိတ်ဝင်စားသောအကြောင်း အရာတို့ကို သည်နေ ရာတွင် လွတ်လွတ်လပ်လပ် ဆွေးနွေးဝေဖန်ကြသည်။ အဲသည် အဆောက် အအုံထဲမှာ ရှိစဉ်တွင် လူတိုင်းသည် တန်တူရည်တူပင်ဖြစ်သည်။ အနိမ့်ကျဆုံး ကျေးကျွန်သည်လည်း မင်းညီမင်းသား တစ်ပါးနှင့် အတွေးအခေါ်ချင်း ယှဉ်ပြိုင်ဆွေးနွေးခွင့်ရှိသည်။ ပညာ့ဗိမ္ဗာန်သို့ ပုံမှန်လာရောက်ကြသူများထဲတွင် တစ်ဦးသောပုဂ္ဂိုလ်က ဘေဘီလုံတွင်အကြွယ်ဝဆုံး ဟု လူအများသိထားကြသည့် သူကြွယ်ပညာရှိ အာခတ်ဖြစ်သည် ။အာခတ်မှာ ပညာ့ဗိမ္မာန်ထဲ၌ သီးသန့် ခန်းမတစ်ခုပင် ရှိထားသည်။သည်ခန်းမ၌ ညတိုင်းလိုလို လူစည်လေ့ရှိသည်။ လူကြီးလည်းပါသည်၊ လူငယ် လည်းပါသည်။ အဓိကတော့ လူလတ်ပိုင်းပုဂ္ဂိုလ်များ ဖြစ်သည်။ ညစဉ် သည်အခန်းမှာ စုဝေးကာ အများ စိတ်ဝင်စားသည့် အကြောင်းရပ်မျိုးစုံကို ဆွေးနွေးပြောဆိုလေ့ရှိကြသည်။ တစ်ခုသောညချမ်းမှာ သူတို့ ဆွေးနွေးဝေဖန်ကြသည့် အကြောင်းအရာတစ်ခုကို ကျွန်တော်တို့ နားစွင့်ကြည့်ကြပါစို့ ။ အ နောက်မိုးကုပ်စက်ဝိုင်းတွင် နေလုံးနီနီ ဝင်ရောက်ပျောက်ကွယ်လုအချိန် ခန်းများသို့ အာခတ် ရောက်လာသည်။ အခန်းထဲမှာ လူလေးဆယ်လောက်က သူ့အရင် ရောက်နှင့် နေကြပြီးဖြစ်သည်။ ကြမ်းပြင် တွင် ကော်ဇေားငယ်ကိုယ်စီခင်းကာ ထိုင်ထိုင် လှဲသူလှဲနေကြသည်။ အာခတ် နောက်မှဝင်သူတွေ ဝင်လာ ကြသည်။  “ဒီည ဘယ်ခေါင်းစဉ် ဆွေးနွေးကြမလဲ” အာခတ်ကမေးသည်။ ဆွေးနွေးဝိုင်းတက်လာသူတွေ တယောက်မျက်နှာ တယောက်ကြည့်ကြပြီး အတန်ကြာတော့ အရပ် ရှည်ရှည် ပုဂ္ဂိုလ်တယောက် ထလာသည်။ သူက ယက်ကန်းလုပ်ငန်း လုပ်ကိုင်သူတဦး။ “ကျွန်တော်ဆွေးနွေးစေချင်တဲ့ အကြောင်းအရာ တခုရှိပါတယ်။ ဒါပေမယ့် အာခတ်ရော ဒီကမိတ်ဆွေ တွေအတွက်ပါ ရယ်စရာလိုဖြစ်နေမှာစိုးလို့ ကျွန်တော် အပြောရခက်နေတယ်” သည်အခါ အားလုံးကပင် သူ့အား လွတ်လွတ်လပ်လပ် တင်ပြပြောဆိုဘို့ ဝိုင်းဝန်းတိုက်တွန်း ကြသည်။ သို့နှင့် သူစကားဆက်ဖြစ်သည်။ “ဒီကနေ့ ကျွန်တော်ကံကောင်းတယ်ဗျာ၊ ပိုက်ဆံအိတ်တစ်အိတ် ကောက်ရတယ်။ အထဲမှာ ရွှေဒင်္ဂါး ပြားတစ်ချို့ပါတယ်၊ဒီဟာရတော့ ကျွန်တော့်စိတ်ထဲမှာ ဒီအတိုင်းသာဆက်ပြီးကံကောင်းရင် ဆိုတဲ့အတွေး တစ်ခုပေါ်လာတယ်၊ ရှေ့ဆက်ပြီး ကံကောင်းချင်တဲ့ဆန္ဒ ကျွန်တော့်မှာပြင်းပြနေတယ်၊ တစ်ချိန်တည်းမှာ ဒီဆန္ဒမျိုးဟာ ကျွန်တော့်နည်းတူ အခြားသောသူများမှာလဲ ရှိမှာပဲလို့ တွေးလာမိတယ်၊ ဒါကြောင့်မို့လို့ ဒီကနေ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ ကံကြမ္မာကောင်းတွေ ကိုယ့်ဆီမှန်မှန်ရောက် လာအောင် ခေါ်ယူနိင်မယ့် နည်းလမ်းဆိုတာမျိုး ရှိသလား၊ မရှိဘူးလား၊ အကယ်၍ ရှိတယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေလဲ၊ အဲဒါတွေ ရအောင် ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ကြမလဲဆိုတဲ့အကြောင်း ဆွေးနွေးကြဘို့ ကျွန်တော် အကြံပြုချင်တာ  “သိပ်စိတ်ဝင်စားတဲ့ အကြောင်းအရာပါဘဲ ” အာခတ် ကမှတ်ချက်ချသည်။ “ ကျွန်တော်တို့ သိပ်ကို ဆွေးနွေးသင့်တာပေါ့ ၊ လူအတော်များများအမြင်အရတော့ ကံကောင်းတယ်ဆိုတာ ကျွန်တော်တို့ လုံးဝ ရည်ရွယ် လဲမထား၊ ဘယ်လိုအကြောင်းမှလည်းမရှိဘဲနဲ့ ကောင်းတဲ့အရာတစ်ခု အောက်တိုက်လာဖြစ်တာ၊ အလိုအလျောက် လာကြုံကြိုက်တာမျိုးကို ဆိုတာပေါ့ ၊ တချို့ကျတော့လဲ ကံကြမ္မာကောင်းဆိုတာ အင်မတန် ရက်ရောသဘောကောင်းတဲ့ ကုသိုလ်ကံစောင့်နတ်သမီး အက်ရှတာ” စီမံဖန်တီးတဲ့အတွက် ကြောင့်ဖြစ်ရတာ၊ သူသဘောကျတဲ့လူ သူစေတနာပေါက်တဲ့လူကို သူကဖောဖောသီသီ ပေးချလိုက် တတ်တာလို့ ယုံကြည်ကြ ပြန်တယ်၊ အဲဒီတော့ ခင်ဗျားတို့ကော ဘယ်လိုယုံကြည်ကြသလဲ၊ ကျွန်တော် တို့ဆီ ကံကြမ္မာကောင်းတွေ ရောက်လာအောင် ဘယ်ပုံဘယ်နည်းနဲ့ ဆောင်ရွက်နိုင်မယ်လို့ ခင်ဗျားတို့ မြင်ကြသလဲ၊ ဆွေးနွေးကြစမ်းပါ” “ဟုတ်တယ်၊ ဟုတ်တယ်၊ လုပ်စမ်းပါ” နားထောင်လိုစိတ် ထက်သန်သူတစ်စုက တက်တက် ကြွကြွ တောင်းဆိုကြသည်။ အာခတ်ကဆိုသည်။ “ကဲ ဟုတ်ပါတယ်၊ ပထမဆုံး စောစောက ရက်ကန်းလုပ်ငန်းရှင် မိတ်ဆွေ ပြောသွားတဲ့ ကံကောင်းတဲ့အတွေ့အကြုံ မျိုး ရှိခဲ့ဘူးသူတွေက ကိုယ်တွေ့ လေးတွေ အရင် ဖောက်သည်ချကြ စမ်းပါ၊ ပြီးတော့မှ ဝေဖန်ကြ၊ သုံးသပ်ကြတာပေါ့” ပရိတ်သတ်က တစ်ယောက်မျက်နှာ တစ်ယောက် လိုက်ကြည့်နေကြသည်။ ဘယ်သူမျှ ထမလာ။ “ဟာ၊ ဘယ်လိုလဲ၊ တစ်ယောက်မှမရှိဘူးလား၊ ဒီအတိုင်းသာဆိုရင်တော့ ရက်ကန်းဆရာရဲ့ ကံကောင်း မှုမျိုးဟာ ကြုံကြိုက်ဖို့ အင်မတန် ခဲယဉ်းတဲ့အရာလို့ ဆိုရမလိုဖြစ်နေပြီ၊ ကဲ၊ ဒါဖြင့်လဲ တစ်ယောက်ယောက် တော့ပြောစမ်းပါ၊ ကံကြမ္မာကောင်းကြုံချင်ရင် ဘယ်လိုနေရာမျိုးမှာ ကျွန်တော်တို့ လိုက်ရှာကြမလဲ” အာခတ်ကမေးသည်။ “ကျွန်တော်ပြောပါ့မယ်” သားသားနားနား ဝတ်စားထားသည့် လူငယ်တစ်ယောက်က ထ၍ဆိုသည်။ “ကံစမ်းချင်တယ်ဆိုရင်တော့ ကစားဝိုင်းတွေရှိတာပေါ့ ဗျာ၊ ဟုတ်တယ်မလား၊ ကံတိုက် မတိုက် သိချင်ရင်၊ ကံကြမ္မာစောင့်နတ်သမီးက ကိုယ့်ကိုမမလား မမဘူးလားသိချင်ရင်၊အဲ့ဒီဝိုင်းတွေပဲ သွားရမှာပေါ့၊ ဒီလိုပဲသွားနေကြတဲ့လူတွေလည်း အများကြီး ရှိတာပဲ” သည်လိုပြောပြီး သူထိုင်သွားတော့ တစ်ယောက်က လှမ်းပြောသည်။ “ဟ မောင်ရင့်ကိုယ်တွေ့ လေးလည်း ဆက်ပြောဦးလေကွာ၊ ကြွေအဝိုင်းမှာ မောင်ရင်ကံစမ်းတော့ ကံနတ်သမီးက တစ်ဝိုင်းလုံးကငွေတွေ ကျုံးယူပေးလိုက်သလား၊ မောင်ရင့်အိတ်ထဲပါသမျှ အားလုံး သိမ်းယူ ထားလိုက်သလား၊ အဲဒါလေးလဲ ပြောစမ်းပါအုံး” သည်စကားကြားတော့ ပရိတ်သတ်ကရယ်ကြသည်။ ကစားဝိုင်းသို့ သွားရန် အကြံပေးသည့် ပုဂ္ဂိုလ် လေးလည်းရယ်သည်။ “ကျွန်တော့်ကိုယ်တွေ့ ကို ဖြောင့်ချက်ပေးရရင်တော့ ကံနတ်သမီးက ဝိုင်းထဲကျွန်တော် ရှိမှန်းတောင် သိပုံမရဘူးလို့ပဲဆိုရမှာပါ။ ဒါပေမယ့် ခင်ဗျားတို့အတွေ့အကြုံတွေ လည်းပြောအုံးလေ။ နတ်သမီးက ခင်ဗျားတို့ကို ကြွေအံဝိုင်းကစောင့်ပြီး ကံကြမ္မာကောင်းတွေပေးဘူး သလား၊ ပေးရင် ဘယ်လို ပေးသလဲပေါ့၊ ကျွန်တော်တို့ က ဒီမှာသူများတွေဆီက သင်ခန်းစာယူဘို့ လာနားထောင်တာပါ” “ကောင်းတယ်၊ အစပိုင်းကောင်းနေပြီ” အာခတ်ကဆိုသည်။ ကျွန်တော် တို့ဒီမှာစုကြတဲ့ ရည်ရွယ် ချက်က ပြဿနာတိုင်းကို ရှုထောင့်စုံက ဝေဖန်သုံးသပ်မိဖို့အတွက်ပဲ၊ ကံအကြောင်းပြောရင် လူအတော်များ များရဲ့စိတ်က ကြွေတစ်လက် ကြက်တစ်ခုန်ဆိုတာလို ကံကြမ္မာအလှည့်အပြောင်းလျင်မြန်တဲ့ လောင်းကစား ဝိုင်းတွေဆီ ရောက်သွားတတ်ကြတာဆိုတော့ ဆွေးနွေးတဲ့နေရာမှာ သူတို့လည်း ချန်လှန်ထားလို့ မဖြစ်ဘူး ပေါ့” “လောင်းကစားအကြောင်းပြောကြတော့ ကျွန်တော်မနေ့က မြင်းပြိုင်ပွဲကို သတိရတယ်ဗျာ” ပရိတ်သတ်ထဲမှ တစ်ယောက်ကဆိုသည်။ “ကံစောင့် နတ်သမီးဟာ ကြွေအံကစားဝိုင်းကိုရောက်မယ်ဆိုရင် မြင်းပွဲကိုလည်း ရောက်ရမှာပဲဗျ။ သားသားနားနားမြင်းကြီးတွေ ရွှေပိန်းချ ပြိုင်ရထားတွေနဲ့ ဆိုတော့ မြင်းပွဲက ကြွေအံပွဲထက် ပိုကြီးကျယ် ခမ်းနားပြီး စိတ်ဝင်စားစရာလည်း ကောင်းတာကိုဗျ။။။ ဒီမယ်အာခတ်၊ အမှန်အတိုင်း ပြောစမ်းပါဗျာ၊ မနေ့ကခင်ဗျားကို နှင်နီဗေးကမြင်းတွေလောင်းဘို့ ကံနတ်သမီးက တိုးတိုးပြောသွားတယ်မဟုတ်လား၊ ဒိုင်ဆီမှာတန်းစီတော့ ကျွန်တော်ခင်ဗျားနောက်နား လေးတင်ရှိနေတာဗျ၊ အဲဒီမြင်းညို တွေဘက်က ခင်ဗျား လောင်းကြေးထပ်တော့ ကျွန်တော် ယုံတောင်မယုံဘူး၊ ကျွန်တော်တို့ အဆီးရီးယား နယ်တစ်ခွင်မှာ ဘေဘီလုံမြင်း စိုင်လျှော်အုပ်စုကို ယှဉ်နိုင်သူမရှိဘူးဆိုတာ ခင်ဗျားလည်းသိ ကျွန်တော်လည်းသိ အားလုံး အသိဘဲမဟုတ်လား၊ ဒီလိုသိလျက်နဲ့ အဲဒီကောင်တွေဘက်က ခင်ဗျားလောင်းတယ်၊ နောက်ဆုံးကွေ့မှာ မြင်း မည်းတစ်ကောင်က အနောက်တိုက် ချော်လဲပြီး စိုင်လျှော်တွေပြေးတဲ့လမ်းမှာ သွားပိတ်တယ်၊ အဲဒီမှာ ခင်ဗျား မြင်းညို တွေကအချောင်ဝင်ဗိုလ်စွဲသွားတယ်၊ ဒီလိုကြံကြံဖန်ဖန် နိုင်မယ်ဆိုတာ ခင်ဗျားကို နတ်သမီးကတီးတိုး ပြောမသွားဘဲ ခင်ဗျားသိနိုင်မလား၊ ပြောစမ်းပါဦးဗျာ” စကားပြောသူက အာခတ်၏ မိတ်ဆွေရင်းတယောက်ပင်ဖြစ်သည်။ သူ့အားသည်မျှကံကောင်းရ ကောင်းလားဟု တမင်တကာ နောက်နောက်ပြောင်ပြောင် စွပ်စွဲပြောဆိုနေသည်ကို အာခတ်ပြီး၍ နားထောင် နေသည်။ ပြီးမှသူကဆိုသည်။ “ကျေးဇူးရှင်နတ်သမီးကို အဲဒီလိုမပြောပါနဲ့ဗျာ၊ သူကမြင်းပွဲလာပြီး ဘယ်သူဘယ်ဝါနိုင်စေ ကျန်တဲ့ လူတွေရှုံးစေဆိုတာမျိုးတော့လည်း လုပ်ပါ့မလားဗျာ၊ ကျွန်တော်ကတော့ ကံကြမ္မာစောင့် နတ်သမီးဆိုတာ လူအများအပေါ် မေတ္တာတရားထားသူ ၊ ထိုက်တန်သောသူ လိုအပ်သောသူတွေကို ဂုဏ်သရေရှိသောနည်းလမ်း အားဖြင့် ကူညီစောင်မတတ်သူ၊ အဲသလိုပဲမြင်တယ်၊ တကယ်လည်း ကျွန်တော်တော့ ကံကြမ္မာနတ်သမီးကို မြင်းပွဲတို့ ကြွေအံဝိုင်းတို့လို အနိုင်ထက် အရှုံးများတဲ့ နေ ရာဌာန မျိုးတွေမှာ လိုက်ကြည့်လေ့မရှိပါဘူး၊ ပိုပြီး တန်ဖိုးရှိတဲ့နေရာ၊ ပိုပြီးအကျိုးရလဒ် ဖြစ်ထွန်းနိုင်တဲ့ နေရာမျိုးတွေမှာသာ လိုက်ရှာလေ့ရှိတယ်။ “ဆိုပါစို့၊ ထွန်ယက်စိုက်ပျိုးတဲ့ အလုပ်တို့ ကုန်သွယ်မှု အလုပ်တို့၊ သည့်ပြင်တခြား ဘယ်အသက် မွေးဝမ်းကျောင်း အလုပ်မျိုးမှာမဆိုပါပဲ၊ လူတစ်ယောက်အနေနဲ့ အကျိုးအမြတ်ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါ တယ်၊ အလုပ်လုပ်တဲ့အကြိမ်တိုင်းမှာတော့ အမြတ်ရချင်မှရမှာပေါ့ ၊ဘာ့ကြောင့်လဲဆိုတော့ ဆုံးဖြတ်ချက် မှားသွားတာရှိနိုင်တယ်၊ အတွက်အချက်တွေ လွဲချင်လွဲနိုင်တယ်၊ တစ်ခါ တစ်ရံ ပတ်ဝန်းကျင် အခြေအနေ တွေက မမျှော်လင့်ဘဲ ပြောင်းလဲသွားတာကြောင့် ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေ အချည်းနှီး အလဟဿ ဖြစ်ရတာမျိုးလည်း ရှိနိုင်တယ်၊ ဒါပေမယ့် ဒါတွေကခြွင်းချက်ပါ၊ တကယ်တမ်းသာ စွဲစွဲမြဲမြဲ လုပ်မယ်ဆိုရင် တော့ အကျိုးကျေးဇူးခံစားရမှာ မုချပါ၊ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ အကျိုးအမြတ်ဟာ အလုပ်လုပ်သူ ဘက်က ရှိလို့ပဲ။ “လောင်းကစားဝိုင်းမှာက ဒီလိုမဟုတ်ဘူး၊ ဒါနဲ့ ပြောင်းပြန်၊ ဝိုင်းထဲမှာကြာလေ အကျိုးအမြတ် က ကစားသူထက် ကစားဝိုင်းထောင်သူဘက်ကို ရောက်လာလေပဲ၊ ဘာကြောင့်လဲဆိုတော့ ကစားဝိုင်း စီစဉ်ထား ပုံကိုက ဒိုင်လုပ်သူအတွက် အကျိုးအမြတ်တစုံတရာ သေချာအောင်လုပ်ထားတာကိုး၊ ဒါက သူ့မှာ လုပ်ငန်း လေ၊အသက်မွေးမှုတစ်ခု ဖြစ်နေတယ်၊ ဒီအပေါ်က သူအမြတ်မရလို့ မဖြစ်ဘူး၊ ဒါကြောင့်မို့ ကျွန်တော်တို့ လောင်းကြေးတွေထဲက ဘယ်နှစ်ရာခိုင်နှုန်းကတော့ အကောက်ဆိုပြီး သူ့အတွက် ယူလိုက်တာ၊ ကစားတဲ့လူ တွေစိတ်ထဲမှာ ကိုယ်နိုင်ဘို့ပဲ တွေးနေကြတာ၊ တကယ်တော့ သေချာပေါက်နိုင်တာက ကစားဝိုင်းထောင်ထား တဲ့လူ၊ ကိုယ့်အနိုင်အရှုံးက ရေရာတာမဟုတ်ဘူး၊ “ဥပမာ ကျွန်တော်တို့ အစာဝိုင်းကိုပဲကြည့် ၊ အံစာတုံးကို လှိမ့်လိုက်ပြီး ဘယ်မျက်နှာ ပေါ်မလဲ လောင်းကြတယ်၊ ကျွန်တော်တို့ကထိုးတယ်ဆိုပါတော့ အနီရောင်ပေါ်ရင်ဘာဖြစ်မလဲ၊ ဒိုင်က လေးဆလျော် မယ်၊ ဒါပေမယ့် အနီရောင်အပြင် နောက်ထပ်ပေါ်နိုင်တာ ငါးမျက်နှာရှိတယ်၊ အဲဒီထဲက တစ်ခု ခုပေါ်ရင် ကျွန်တော်တို့ လောင်းကြေးကို ဒိုင်စားမယ်၊ အဲဒီတော့ အံစာတုံးတစ်ကြိမ်လှိမ့်တိုင်းမှာ ကျွန်တော်တို့ နိုင်ခွင့် တစ်လေးရှိတိုင်း ဒိုင်အတွက် ငါးလေး ရှိတယ်၊ ကျွန်တော်တို့နိုင်ရင် လေးဆ လျော်တာဆိုတော့ သူနဲ့ ကျွန်တော်တို့ အရှုံးအနိုင်ဟာ သူကငါးဆ၊ ကျွန်တော်တို့ကလေးဆ၊ အဲဒီတော့ အကယ်၍ တစ်ညလုံး ကစားနေကြမယ်၊ အံစာကလည်း မျက်နှာစာတွေအားလုံး မျှမျှတတ လှည့် ပြီးပေါ်နေမယ်ဆိုရင် ပျမ်းမျှခြင်း သဘောအရ ဒိုင်က လောင်းကြေးငွေအားလုံးရဲ့ ငါးပုံတစ်ပုံကိုတော့ သေချာပေါက် စားသွားမှာပဲ။” “ဒါပေမယ့် အံစာဝိုင်းမှာ အများကြီးနိုင်သွားကြတဲ့ ထိုးသားတွေလည်း ရှိတာပဲ မဟုတ်လား” တစ်ယောက်က ဝင်ဆောက်သည်။ “နိုင်သူတွေရှိတာ မှန်ပါတယ်၊” အာခတ်ကဆိုသည်။ “ ဒါပေမယ့် အံစာဝိုင်းမှာ ကံကောင်းပြီး အကြီး အကျယ် ပွသွားတယ်ဆိုတဲ့လူတွေမှာ အဲဒီ ငွေဟာ ဘယ်လောက်ကြာကြာ ခံလေ့ရှိသလဲ၊ ကံကောင်းသက် ဘယ်လောက်ရှည်တတ်ကြသလဲ၊ စူးစမ်းကြည့်ကြစမ်းပါအုံး၊ ကျွန်တော်လေ့လာလို့ ရသလောက်တော့ ကျွန်တော်နဲ့ သိတဲ့ ဘေဘီလုံသား လူချမ်းသာများထဲမှာ ကစားဝိုင်းကနိုင်တဲ့ ငွေနဲ့ စပြီး ထူထောင်လာခဲ့သူ ရယ်လို့ တစ်ယောက်မှတောင် ပြောသံမကြားဖူးဘူး၊ ခင်ဗျားတို့မှာလည်း လူကုံ ထံမိတ်ဆွေတွေ အများကြီး ရှိတာပဲ၊ အဲဒီအထဲမှာ လောင်းကစားနဲ့ ကြီးပွားတဲ့လူ ဘယ်နှစ်ယောက်ပါသလဲ၊ ပြောစမ်းပါအုံး” အားလုံးတိတ်ဆိတ်နေကြသည့်အခါ အာခတ်ကဆက်၍ မေးသည်။ “ကဲ တခြားလူထဲက မသိဘူးဆိုပါတော့၊ ခင်ဗျားတို့ ကိုယ်တိုင်ကောဗျာ၊ ကစားဝိုင်းတွေ သွားဖူးကြ တာပဲ၊အမြဲတမ်း ဒါမှမဟုတ် အမြဲတမ်းနီးပါး နိုင်တဲ့လူ ရှိသလား၊ခင်ဗျားမှာ ပုံမှန်ရနေတဲ့ ဝင်ငွေဟာ ဒီဝိုင်း တွေက အဓိကရနေတာပါလို့ ပြောနိုင်တဲ့လူရှိသလား၊ ရှိတယ်ဆိုရင်တော့ ပြောလေ ဗျာ၊ တခြားလူတွေ ကို လည်း နည်းလမ်းလေးပေါ့ ” ပရိတ်သတ်ထဲမှ အချင်းချင်းလှောင်သံ ရယ်မောသံများသာ ထွက်ပေါ်လာသည်။ “ကဲ အဲဒီတော့ ကံကြမ္မာစောင့်နတ်သမီးကို ကျွန်တော်တို့ ဘယ်မှာရှာကြမလဲ၊ အံစာဝိုင်းမှာ သွားရှာ လို့ အဆင်မပြေနိုင်ဘူး၊ ပိုက်ဆံအိတ်တွေလည်း လူတိုင်းခဏခဏ ကောက်ရမနေနိုင်ဘူး၊ မြင်းရထားပြိုင်ပွဲ ကိုလည်း အထင်မကြီးနဲ့ ၊ မြင်းပြိုင်ပွဲတွေ ကျွန်တော်သွားတာ အပျော်သဘောသွားတာ၊ လောင်းတာလဲ အပျော်သဘောပဲ၊ နိုင်လို့ စီးပွားမဖြစ်ဘူး၊ ရှုံးလို့လည်း စီးပွားမပျက်ဘူး၊ ပြီးတော့ ကျွန်တော်ပြောမယ်၊ ကျွန်တော့်သူငယ်ချင်းက ဟိုနေ့ကပွဲမှာ ကျွန်တော်နိုင်သွားတာမြင်ပြီး အထင်တကြီးပြောနေတာ၊ ပုံမှန်အား ဖြင့် တော့ အနိုင်ထက် အရှုံးကများပါတယ်၊ အဲဒီတော့ခြုံပြောရရင် ဒီနေရာတွေဟာ ကျွန်တော်တို့အတွက် ရေရှည်မှာ အကျိုးအမြတ်ရှိလောက်တဲ့ ကံကြမ္မာကောင်းမျိုးကြုံရမယ့် နေရာတွေ မဟုတ်ဘူးလို့ ဆိုချင်တယ်၊ “ဒါဖြင့်ရင် ကံကြမ္မာကောင်းကို ဘယ်မှာလိုက်ရှာကြမလဲ၊ကဲကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကုန်ရောင်းကုန်ဝယ်အလုပ်တွေထဲမှာပဲ လိုက်ကြည့်ကြရအောင်ဗျာ၊ ဘယ်လိုတွေ တွေ့ရတတ် သလဲ။။ လုပ်ငန်းတစ်ခုလုပ်တယ်၊ အဲဒီမှာ ကျွန်တော်တို့ တစုံတရာရတယ်ဆိုပါစို့ ၊ ဒါကို ကျွန်တော်တို့ ကံကောင်းတယ်လို့ ဆိုလေ့ရှိသလား၊ ကိုယ်လုပ်လို့ ကိုယ်ရတယ်ပဲ ယူဆကြသလား၊ များသောအားဖြင့်တော့ ကိုယ်လုပ်ထားလို့ အကျိုးခံစားရတာပဲလို့ပဲ ပြောတတ်ကြတယ်မဟုတ်လား၊ ကျွန်တော်ကတော့ ပြန်စဉ်းစား ကြစေချင်တယ်၊ ဒါသည်ကော ကံကြမ္မာစောင့်နတ်သမီးက မျက်နှာသာ ပေးတာမဖြစ်နိုင်ဘူးလား၊ ကျွန်တော် တို့က ကျေးဇူးတင် ရကောင်းမှန်းမသိပေမယ့် သူကကျွန်တော်တို့ အပေါ် စေတနာကောင်းနဲ့ ထောက်မနေတာ ဖြစ်ချင်ဖြစ်မနေနိုင်ဘူးလား၊ ခင်ဗျားတို့ကော ဘယ်လို သဘောရသလဲ၊ ဆွေးနွေးကြစမ်းပါအုံး” သည်တွင် အသက်အတော်ကြီးရင့်ပြီဖြစ်သည့် ကုန်သည်ကြီးတစ်ယောက် ထလာသည်။ သန့်ပြန့် သားနားသော အဖြူရောင်ဝတ်ရုံ ကြီးကို အသာအယာ ဆွဲဆန့်လိုက်ပြီးနောက် စကားစသည်။ “လေးစားအပ်တဲ့ မိတ်ဆွေကြီးအာခတ်နဲ့ ဟောဒီကမိတ်ဆွေများရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော် တစ်ခု ပြောပါရစေ၊ အာခတ်ကပြောပါတယ်၊ ကျွန်တော်တို့ လုပ်ငန်းတွေလုပ်ကိုင်ကြလို့ အကျိုးကျေးဇူးတွေ ခံစား ရတဲ့အခါ ကျွန်တော်တို့စိတ်ထဲမှာ ကံကောင်းတယ်လို့ မခံယူမိတတ်ကြဘူး၊ ကိုယ်ကြိုးစားအားထုတ်ထားတဲ့ အတွက် အကျိုးကျေးဇူး ခံစားရတာသာ ဖြစ်တယ်လို့ သာမြင်တတ်ကြပါတယ်တဲ့၊ ဒါနဲ့စပ်ဆက်ပြီး ကျွန်တော် တစ်ခုစဉ်းစားမိတယ်၊ အောင်မြင်တဲ့ကိစ္စတွေကို ဖယ်ထားလိုက်၊ ကျွန်တော်တို့ ရတော့မလိုနဲ့ မရလိုက်ပဲလွတ် သွားတဲ့ကိစ္စတွေ၊ ဟာ။။ ရလိုက်ရင်ပွတာပဲ ဆိုတဲ့ဟာမျိုးတွေ၊ အဲဒါမျိုးတွေကျတော့ အကယ်၍ လွတ်မသွား ဘူး၊ ရလိုက်မယ်ဆိုပါတော့၊ဒါကိုနောက်ကြောင်း ပြန်သုံးသပ်မယ်ဆို ရင် စောစောကလို ငါလုပ်ထားလို့ ငါရ တယ်ဆိုတာမျိုး ရဲရဲတင်းတင်း ပြောနိုင်ဦးမလား၊ ကံကောင်းတယ်ဆိုတာမျိုး ပါမလာဘူးလား၊ အဲဒါလေး နည်းနည်း စဉ်းစားကြည့်ကြပါ၊ လူတိုင်းလိုလိုမှာ ဒီအတွေ့အကြုံမျိုးတွေ ရှိတတ်ကြပါတယ်” “မှန်တယ် သိပ်ကောင်းတဲ့ အကြံဉာဏ်ပဲ၊ ” အာခတ်က ထောက်ခံသည်။ “ကံကြမ္မာကောင်းနဲ့ လက်တစ်ကမ်းလေးကြံပြီးမှ ကပ်လွတ်သွားတာမျိုးတွေ တွေ့ဘူးကြမှာပေါ့ ” ဟာသိပ်ရှိတာပေါ့၊ ဆိုသောအသံတွေ နေရာအနှံအပြားက ထွက်လာသည်။ အာခတ်က ပရိတ်သတ် ကိုလိုက်ကြည့်ရင်း စောစောက ထအကြံပေးသည့် ကုန်သည်ကြီးမျက်နှာကိုမြင်ကာ စိတ်ကူးတခု ရသည်။ “ကဲကျန်တဲ့လူတွေ ခဏနေကြပါအုန်းဗျာ၊ စောစောကနောင်ကြီးပဲ ပြောစမ်းပါ၊ ဒီအကြံပေးတာ ထောက်တော့ နောင်ကြီးမှာ ကိုယ်တိုင်ကြုံဖူးတဲ့ အတွေ့အကြုံကောင်းတစ်ခုတော့ မုချရှိလိမ့်မယ်ထင်တယ်။ အဲ့ဒါလေးအရင် ကြားပါရစေ။” အာခတ် တောင်းဆိုတော့ ဝတ်ရုံဖြူပုဂ္ဂိုလ်ကြီးက ပြန်ထလာသည်။ “ဟုတ်ကဲ့၊ အခုလိုပြောခွင့်ပြုတဲ့အတွက် ဝမ်းမြောက်ကျေးဇူးတင်ပါတယ်၊ လူတစ်ယောက်ရဲ့ ဘဝမှာ ကံကြမ္မာကောင်းတစ်ခု ဘယ်လောက်အထိ နီးနီးကပ်ကပ်ကြံနိုင်တယ်၊ ဒီကံကြမ္မာကောင်းကိုမိုက် မိုက်မဲ့မဲ့ လက်လွတ်ဆုံးရှုံးခံခဲ့တဲ့အတွက် နောင်အခါ ဘယ်လောက်နှမြောတသစရာ ဖြစ်ရနိုင်တယ် ဆိုတဲ့အကြောင်း ထင်ရှားစေမယ့် ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခု ကျွန်တော်ပြန်ပြောပြချင်ပါတယ်၊ “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပါ ကျွန်တော်လူငယ်ဘဝပေါ့ ၊အိမ်ထောင်ကျပြီးကာစ ဝင်ငွေသိပ်မဆိုး တဲ့ အလုပ်ကလေးတစ်ခုလည်း ရှိနေတဲ့အချိန်၊ အဖေကတစ်နေ့ ကျွန်တော့်အိမ်ရောက်လာပြီး လုပ်ငန်းတစ်ခု မှာဝင်ရင်း နှီးမြှုပ်နှံတို့အကြောင်း အပြင်းအထန်တိုက်တွန်းတယ်။ သူနဲ့ အင်မတန် ရင်းနှီးတဲ့မိတ်ဆွေ တစ်ယောက်ရဲ့သားက မြေရိုင်းတစ်ကွက်တွေ့ ထားတယ်၊ ကျွန်တော်တို့ အပြင်မြို့ရိုးရဲ့ အပြင်ဘက်နားလေးမှာ ပဲ၊ ဒါပေမယ့် တူးမြောင်းရဲ့ဟိုအထက်ပိုင်း အတော်လှမ်းတဲ့နေရာဖြစ်လေတော့ ရေမရဘူး၊ အဲ့ဒါကြောင့် မြေလွတ် မြေရိုင်းဖြစ်နေတော၊ “အဖေ့မိတ်ဆွေရဲ့ သားက ဒီမြေကိုဈေးပေါပေါနဲ့ ဝယ်မယ်၊ ပြီးတော့ အဲ့ဒီနေရာမှာ နွားတွေနဲ့ မောင်း လို့ ရတဲ့ ရေတင်ဘီးကြီးသုံးခုဆင်မယ်၊ မြေကမြေဩဇာသိပ်ကောင်းတဲ့မြေ၊ ရေသာရမယ်ဆိုရင် အရမ်းအဖိုး တန်ပြီ၊ အဲဒါကြောင့် သူကရေတူးတဲ့အလုပ် ရေသွယ်တဲ့အလုပ်လုပ်ပြီးရင် ဒီမြေကို အစိတ်စိတ်ခွဲပြီး စိုက်ပျိုး ရေးသမားတွေကို တန်ဖိုးကြီးကြီးနဲ့ ရောင်းမယ်၊ ဒါသူ့အကြံအစည်၊ “ဒါပေမယ့် ဒီပုဂ္ဂိုလ်လေးမှာ ကလည်း ငွေကြေးကပြည့်ပြည့်စုံစုံမရှိဘူး၊ သူလည်းပဲ ကျွန်တော့်နည်းတူ ဝင်ငွေ့အသင့်အတင့်လောက်သာရှိတဲ့ လူငယ်တစ်ယောက်ပဲ၊ သူ့အဖေကလဲ ကျွန်တော့်အဖေ နည်းတူ သားသမီးတပြုံးနဲ့ ဆိုတော့ အရင်းအနှီးထုတ် မပေးနိုင်ဘူး၊ အဲဒါကြောင့် သူကစိတ်ဝင်စားတဲ့သူ တွေလိုက်စုကာ၊ ဒီလုပ်ငန်းကြီးအတွက် စုပေါင်း ဆောင် ရွက်ကြဘို့ စိတ်ထက်သန်တဲ့လူ လိုက်ရှာတာ၊ သူ့အစီအစဉ်က ကျွန်တော်တို့လိုဝင်ငွေ အသင့်အတင့်ရှိတဲ့သူ ဆယ့်နှစ်ဦး ပူးပေါင်းမယ်၊ ကိုယ့်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံလောက်စီ မှန်မှန်ထည့်သွင်းကြမယ်၊ မြေရောင်းလို့ ရ တဲ့အချိန်ကျတော့ တစ်ဦးချင်းထည့်ခဲ့တဲ့ငွေပေါ်မှာ အချိုးချပြီး အမြတ်ငွေခွဲယူကြမယ်၊ အဲသည်လို၊ “ကျွန်တော့်အဖေကပြောတယ်၊ ငါ့သားအခုလို ငယ်ငယ်ရွယ်ရွယ်မှာ ဒီလိုရင်းနှီးမြှုပ်နှံတဲ့ အလုပ်မျိုး စလုပ်ဖြစ်မှ ကြီးလာတဲ့အခါ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနေရမယ်၊ လူအများကြား လေးစားခံရတဲ့ လူ တစ်ယောက်ဖြစ်လိမ့်မယ်၊ အဖေတော့သိပ်လုပ်စေချင်တယ်၊ အဖေငယ်ငယ်တုန်းက ဒီလိုအလုပ်မျိုးမလုပ်ခဲ့မိ လို့ ဒီကနေ့အထိ မပြည့်မစုံဖြစ်နေရတာ၊ မင်းအဖေလို ဆင်းရဲချင်သလား”တဲ့၊ “ ဘယ်ဆင်းရဲချင်မလဲ” ပေါ့ ၊ ကျွန်တော်ကပြန်ပြောတယ်၊ “ ဒါဖြင့် အဖေပြောတဲ့အတိုင်းလုပ်ပါကွာတဲ့၊ “အဖေ့အမှားကို သင်ခန်းစာယူပါ၊ အဖေ သားအရွယ် တုန်းက လုပ်သင့်လုပ်ထိုက်ရက်နဲ့ မလုပ်ခဲ့တဲ့အလုပ် အခုသားလုပ်စမ်းပါ၊ အခုသားရနေတဲ့ ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံကို အဲဒီလုပ်ငန်းထဲမှာဝင်ပြီး ရင်းနှီးမြှုပ်နှံလိုက်ပါ၊ ဒီလုပ်ငန်းက အစပြုပြီး ရင်းနှီးမြှုတ်နှံမှု့တွေ ဆက် ဆက်ပြီး လုပ်ဖြစ်သွားရင် အဖေအရွယ်လောက်ရောက်တော့ သား လူကုံထံကြီးတစ်ယောက်ဖြစ်နေလိမ့်မယ်” တဲ့၊ “အဲဒီတော့ ကျွန်တော်ကပြန်ပြောတယ်၊ “ အဖေ့စကားတွေ တန်ဖိုးရှိတာ ကျွန်တော်သိပါတယ်၊၊ ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်လဲ ကျွန်တော်ဖြစ်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ လက်ရှိ ဝင်ငွေနဲ့ စာတော့ သုံးစရာစွဲစရာတွေက အဆမတန် များပြားနေတယ်၊ အဖေပြောသလိုလုပ်ဘို့ ကျွန်တော့်မှာ မလွယ် ဘူးဖြစ်နေတယ်၊ ပြီးတော့အဖေရာ ကျွန်တော်ငယ်ပါသေးတယ်၊ အဖေ့အရွယ်လောက် ရောက်ဘို့ အများကြီး လိုပါသေးတယ်၊ ဒီကြားထဲ အချိန်တွေမနည်းပါဘူး’ ဆိုတော့၊ “အဖေက စိတ်မကောင်းဘူး၊ “အဖေလည်း သားအရွယ်တုန်းက ဒီလိုဘဲတွေးခဲ့တာပဲ သား၊ ဒါပေမယ့် နှစ်ပေါင်းများစွာဆိုတဲ့ အချိန်တွေဟာ ဒီလိုပဲ ရွှေ့ ရင်းဆိုင်းရင်း ကုန်သွားတာပဲ၊ အဖေဘာမှ တောင် မလုပ် လိုက်ရဘူး”တဲ့၊ အဖေက ကျွန်တော့်ကို ချော့ချော့မော့မော့နဲ့ ပြောတယ်၊  “ဒါ ပေမယ့် ကျွန်တော်ကမရဘူး၊ ဒီခေတ်က အဖေတို့ခေတ်နဲ့ မတူတော့ပါဘူးအဖေရာ၊ ကျွန်တော်အလို မဖြစ်စေရဘူး စိတ်ချပါ” လို့ ပြောလိုက်တယ်။ “အဖေက အလွယ်တကူ တော့ မလျော့သေးဘူး၊ “သား၊ ဒါမင်းအတွက် အခွင့်အရေးကြီးနော်၊တကယ့် ကိ ချမ်းသာဖို့လမ်းစ၊ အဖေတော့ လုံးဝနှောင်နှေး မနေစေချင်ဘူးကွာ၊ မနက်ဖြန်ပဲ အဲဒီလူငယ် ဆီသွားပြီး ဆွေးနွေးကွာ၊ သားသူနဲ့ ပူးတွဲပြီးလုပ်လိုက်ပါ၊ အခွင့်အရေးဆိုတာ ကြာကြာမဆိုင်းဘူး၊ အခု ရှိပေမယ့် တော်ကြာ ရှိချင်မှရှိတော့မှာ၊ စဉ်းစားမနေနဲ့ကွာ၊ မနက်ဖြန် သွားဖြစ်အောင်သာ သွားလိုက် ပါ” လို့ အတင်း အကျပ် တိုက်တွန်းသွားတယ်၊ “ဒါပေမယ့် အဖေအဲ့ဒီလောက်တိုက်တွန်းတဲ့ကြားက ကျွန်တော်မပြောဖြစ်ခဲ့ဘူး၊ စဉ်းစားသလို ချင့် ချိန်သလိုနဲ့ နေ့ရွှေ့ညရွှေ့ ရွှေ့ရင်း အချိန်ကုန်ခဲ့တယ်၊ အဲဒီချိန် အရှေ့ပိုင်းကလာတဲ့ ကုန်သည်တွေနဲ့ ပါလာ တဲ့ အဝတ်အစားတွေကလည်း အရမ်းလှအရမ်းခေတ်စားတာကို၊ မိန်းမကလည်း ဝယ်ချင်ဝတ်ချင်၊ ကျွန်တော် ကလည်း ထိုနည်း၎င်း၊ ကိုယ့်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံ လုပ်ငန်းထဲထည့် ရမယ်ဆိုရင် ဒါတွေမဝယ်နိုင်တော့ဘူး လေ၊ နောက်ဆုံးတော့ ဒီလုပ်ငန်းထဲမဝင်ဖြစ်ခဲ့ဘူးပေါ့ ဗျာ၊ အဲ့ဒီမဝင်ဖြစ်တဲ့ လုပ်ငန်းက လူတစ်ကာမျှော်လင့် ထားတာထက် အကြီးအကျယ် အောင်မြင်ဖြစ်ထွန်းသွားသဗျာ၊ အဲဒီ တုန်းက ငွေရင်းထည့်ခဲ့တဲ့လူတွေ အဆ မတန် အကျိုးအမြတ်ရကြတော့မှ ကျွန်တော့်မှာ နှမျောမဆုံး နောင်တရမဆုံးဖြစ်လိုက်ရတာ၊ အဲဒါပါပဲ။ ကျွန်တော် မခံယူခဲ့မိလို့ ကံကြမ္မာကောင်းတစ်ခု လက်လွှတ် ဆုံးရှုံးခဲ့တဲ့အကြောင်း ကျွန်တော့်ကိုယ်တွေ့ ဇာတ်လမ်းတစ်ခုပါ” “ဒီအဖြစ်အပျက်အရ ကြည့်မယ်ဆိုရင်တော့ ကံကြမ္မာကောင်းဆိုတာ အခွင့်အရေးကိုအရယူတတ်တဲ့ လူတွေအတွက် အသင့်ရှိနေတာလို့ ဆိုရလိမ့်မယ်” နေလောင်မျက်နှာနှင့် အသားညိုညို ပုဂ္ဂိုလ်တယောက်က မှတ်ချက်ချသည်။ “လူတယောက်မှာ ဓနဥစ္စာတခု စုဝေးမိလာဘို့ အစကလေး တခုတော့ ပထမဆုံးရှိရမှာပဲ။ ကိုယ့်ဘာသာလုပ်အားနဲ့ ရှာဖွေလို့ရလာတဲ့ ရွှေစသို့မဟုတ် ငွေစပေါ့ လေ၊ နည်းချင်နည်းမယ် များချင် များ မယ်၊ အဲ့ဒါကိုအရင်းအနှီးအဖြစ် ပြောင်းလဲနိုင်ရမယ်။ အဲဒါဟာ အစပဲ၊ ဥပမာ ကျွန်တော်ဆိုပါတော့၊ မွေးမြူ ရေးသမားပါ၊ ကျွန်တော်ဒီကနေ့ ကျွဲ၊နွား၊သိုး၊ ဆိတ်တွေ အတော်များများပဲ ပိုင်ပါတယ်၊ ဒါပေမယ့် စ,တုန်း က နွားလေးတစ်ကောင်နဲ့ စခဲ့တာ၊ အဲဒီတုန်း က ကျွန်တော်အရွယ်တောင် မရောက်သေးပါဘူး၊ ချာတိတ် ကလေးတစ်ယောက်ပါပဲ၊ ကျွန်တော်ရှိတဲ့ ငွေစလေးနဲ့ နွားပေါက်လေးတစ်ကောင်ဝယ်တယ်၊ အဲဒါလေးကို မွေးတယ်၊ ဒါပေမယ့် ဒီကောင်လေးဟာ ကျွန်တော့်အတွက် သိပ်ကိုအရေးကြီးတယ်၊ဒါဟာ ဒီကနေ့ ကျွန်တော် စုဆောင်းမိတဲ့ ဥစ္စာဓနရဲ့ အရင်းမူလ အစပဲကိုး။” “တစ်နည်းပြောမယ်ဆိုရင်တော့ အဲဒီနွားကလေးမွေးလိုက်မိခြင်းသည် ကျွန်တော့်ဆီရောက်လာတဲ့ ကံကြမ္မာကောင်းကို ကျွန်တော် လက်ခံလိုက်ခြင်းပဲ၊ ဒါဟာကြီးကျယ်လှတဲ့ ကံကြမ္မာမဟုတ်ပါဘူး၊ လူတိုင်း လူတိုင်း အမြဲတစေ ကြုံတွေရနိုင်တဲ့ ကံကြမ္မာကောင်းမျိုးတစ်ခုပါ၊ လူတိုင်းရဲ့ဘဝမှာ အဲသည်လို လုပ်အားနဲ့ စားသောက်တဲ့ဘဝကနေ ကိုယ်စုဆောင်းမိတဲ့ ရွှေစငွေစကို အရင်းအနှီးပြုပြီး အဲဒီက အကျိုးအမြတ် တိုးပွား အောင်လုပ်နိုင်တဲ့ အနေအထားမျိုးရောက်အောင် လုပ်ဘို့ ဟာ အင်မတန်အရေး ကြီးပါတယ်၊ အဲဒီအပြောင်း အလဲကို တချို့ လူတွေက ငယ်ရွယ်စဉ်ကတည်းက ရကြတယ်၊ ဒီလူတွေ ဟာ တခြားလူတွေထက် ငွေကြေး အရာမှာ အဆမတန်အောင်မြင်သွားခဲ့ကြတယ်၊ တချို့ကျတော့ ဒီ အပြောင်းအလဲကို အတော်နောက်ကျမှ  ရကြတယ်၊ ရှေ့ကပြောသွားတဲ့ မိတ်ဆွေရဲ့ဖခင်လို ကံဆိုးတဲ့ ပုဂ္ဂိုလ်များကျတော့ တစ်သက်လုံး ရမသွားကြ ဘူး၊ “စောစောကမိတ်ဆွေအနေနဲ့ လည်း သူ့ အဖေပြောတဲ့ အချိန်ကသာ အဲဒီကံကြမ္မာကောင်းကို ခံယူခဲ့ မယ်ဆိုရင် အင်မတန်စောစီးတဲ့အချိန်ကပဲ သူအများကြီးချမ်းသာခဲ့မှာပေါ့ ” “ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော့်ကိုလဲ စကားတခွန်းပြောခွင့်ပြုပါ ” ပုဂ္ဂိုလ်တစ်ယောက် ထ၍ဆိုသည်။လူကစကားသံရော ရုပ်ဆင်းသဏ္ဍာန်အရပါ နိုင်ငံခြားသားတစ်ယောက်ဖြစ်မှန်း သိသာ သည်။ “ကျွန်တော်က ဆီးရီးယန်း လူမျိုးတစ်ယောက်ပါ၊ ခင်ဗျားတို့ဘာသာစကားကို သိပ်မကျွမ်းကျင်တော့ အသုံးအနှုန်း ရိုင်းသလိုဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ကြပါဗျာ၊ ပထမမိတ်ဆွေကြီးနဲ့ ပတ်သတ်ပြီး မှတ်ချက် ။ ကလေးတစ်ခုချချင်လို့ပါ။ ကျွန်တော့်အမြင်တော့ အဲဒီမိတ်ဆွေကြီးက အခွင့်အရေးကို သွက်သွက်လက်လက် မယူတတ်ဘူး၊ ဖင်လေးနေတယ်လို့ ခေါ်မလားဗျာ၊” “ဖင့်နဲ့ တယ်ပေါ့ ဗျာ၊ အချိန်ဆွဲနေတယ်ပေါ့ ” တစ်ယောက်ကဝင်လောက်သည်။ “အဲဟုတ်တယ်၊ အချိန်ဆွဲတာ” ဆီးရီးယားလူမျိုးကဆိုသည်။ “အခွင့်အရေးကို လာတဲ့အချိန်မှာ သူ မယူဘူး၊ စောင့်နေတယ်၊ အကြောင်းပြချက် မရေမရာနဲ့ အချိန်ကုန်ခံနေတယ်၊ အခွင့်အရေးဆို တာက ဒီလို နှေးကွေးတဲ့လူတွေကိုမစောင့်ဘူး၊ လူတစ်ယောက်ဟာ ကံကောင်ချင်ရင် မြန်ရမယ်၊ လက် မြန်ခြေမြန် ရှိရ မယ်၊ အခွင့်အရေးပေါ်လာတဲ့အချိန်မှာ လက်မြန်ခြေမြန်မဆွဲရင် အချိန်ဆွဲတဲ့ ဖင့် နွဲ့တဲ့ ကျွန်တော်တို့ မိတ်ဆွေ ကြီးလို လက်လွတ်ဆုံးရှုံးရမှာပဲ” အဝေဖန်ခံရသော ကုန်သည်ကြီးကထလာပြီး ဆီးရီးယားလူမျိုးဘက်သို့ ဦးညွှတ်နတ်ဆက်ကာ “အခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်မှတ်ချက်ချဖော်ရတဲ့ နိုင်ငံခြားသားမိတ်ဆွေကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ” ဟူ၍ ရယ်ရယ်မောမော ပြန်ကြားပြောဆိုသည်။ “ကဲ နောက်ထပ်အလားတူ အတွေ့ အကြုံမျိုးတစ်ခုလောက် ကြားပါရစေဦးခင်ဗျာ၊ ယောက် ယောက်ပြောစမ်းပါအုံး၊” အာခတ်က တောင်းဆိုလိုက်သည်။ “ကျွန်တော်ပြောပါ့မယ်” ဝတ်ရုံအနီဝတ်ထားသည့် လူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်တစ်ယောက်က ဆိုသည်။ “ကျွန်တော်က တိရစ္ဆာန်ဝယ်ရောင်းတဲ့ ပုဂ္ဂိုလ်ပါ၊ အဓိကတော့ ကုလားအုတ်တို့ မြင်းတို့ အရောင်း အဝယ်လုပ်ပါတယ်၊ တစ်ခါတစ်လေလည်း သိုးတို့ဆိတ်တို့ပါလုပ်ပါတယ်၊ ကျွန်တော်အခုပြောမှာ ကျွန်တော့် ကိုယ်တွေ့ပါပဲ၊ အဖြစ်မှန်အတိုင်း မချွင်းမချန်ပြောပါ့မယ်၊ တစ်ညမှာ အခွင့်အရေးတစ်ခု ကျွန်တော့်ဆီရောက် လာပါတယ်၊ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အချိန်မျိုးပါ၊ ဒါ့ကြောင့်လည်းပဲ ဒီအခွင့်အရေးကို ကျွန်တော် လက်လွတ်ခဲ့တယ်လို့ ထင်ပါတယ်၊ နားထောင်ပြီးတဲ့အခါ ခင်ဗျားတို့ ဆုံးဖြတ်ကြပါ၊ “တစ်နေ့ ကျွန်တော်ကုလားအုတ်အရှာထွက်တဲ့ခရီးက ပြန်ရောက်လာတယ်၊ခရီးကဆယ်ရက်လောက် ကြာခဲ့တယ်ဗျာ၊ ပြီးတော့ အလုပ်လည်းမဖြစ်တော့ လူကစိတ်ခပ်ပျက်ပျက်နဲ့ပေါ့ ၊ အဲ့ဒါမြို့ထဲ လဲဝင်ခါနီးရော မြို့တံခါးပိတ်သွားပြီဆိုတော့ အကြီးအကျယ် ဒေါသထွက်တာပေါ့ဗျာ၊ ဒါပေမယ့် ဘာတတ်နိုင်မလဲ၊ အခိုင်း အစေတွေကို ညအိပ်ဖို့ အတွက် တဲတစ်လုံးမြန်မြန်ထိုးခိုင်းရတာပေါ့၊ ညစာလဲ မြို့ထဲရောက်မှ စားမလို့ ရည်ရွယ်လာတာဆိုတော့ စားစရာ မည်မည်ရရ မပါဘူးဗျာ ၊ ရေတောင် ကောင်းကောင်းမရှိဘူး၊ အဲဒီလိုနဲ့ စိတ်လဲပျက်၊ ဒေါသလည်းထွက်နေတဲ့အချိန် အသက်ကြီးကြီးပုဂ္ဂိုလ် တစ်ယောက် ကျွန်တော့် အနားရောက် လာတယ်၊ သူလည်းမြို့ တံခါးပိတ်ချိန် မမှီလိုက်တဲ့ လူတစ်ယောက်ပါပဲ။ “ “မိတ်ဆွေကြီးတဲ့” သူကစကားစတယ်၊ “မိတ်ဆွေကြီးကြည့်ရတာ ကျွဲနွားကုန်သည်လို့ ထင်ပါတယ်၊ အကယ်၍ ဟုတ်ခဲ့မယ်ဆိုလို့ ရှိရင် ကျေးဇူးပြုပြီး ကျွန်တော့်သိုးအုပ်ကို ဝယ်စေချင်ပါတယ်ဗျာ” တဲ့၊ “ကျွန်တော့်သိုးတွေက သိပ်ကောင်းတဲ့သိုးတွေပါ၊ မကြာခင်ကမှ မောင်းလာခဲ့တာ၊ အမျိုးသမီးက အပြင်းဖျား တယ်ဆိုတော့ ကျွန်တော့်မှာ ဒါတွေ စောင့် ရောင်းမနေနိုင်တော့ဘူး၊ အကယ်၍ မိတ်ဆွေသာ ဝယ်မယ် ဆိုရင် ကျွန်တော်ချက်ချင်းပဲ လှည့်ပြန်တော့မယ်” လို့ဆိုတယ်၊ “သူပြောတဲ့အချိန် မှောင်ကလဲမှောင်နေပြီဆိုတော့ သိုးတွေသေသေချာချာ ကြည့်လို့တော့မရဘူး ပေါ့ဗျာ၊ ဒါပေမယ့် အော်သံတွေ ကြားနေရတာနဲ့တင် အတော်ကြီးတဲ့သိုးအုပ်ဆိုတာတော့ သိနိုင်ပါတယ်၊ ပြီးတော့ဆယ်ရက်လောက် ကုလားအုတ်လိုက်ဝယ်ပြီး မည်မည်ရရမရခဲ့တာ ဆိုတော့ သူနဲ့ အရောင်းအဝယ် ဖြစ်ရင် မဆိုးဘူးလို့လည်း တွေးမိလိုက်တယ်၊ တကယ်စကားပြောကြတော့ သူ့မှာ လည်း သူ့အပူနဲ့ သူ ဆို တော့ ဈေးမကိုင်ရှာဘူး၊ အတော့ကိုသက်သာတဲ့ ဈေးနဲ့ ပေးတယ်၊ ဒါနဲ့ ကျွန်တော် သဘောတူလိုက်တယ်၊ ကိုယ့်အလုပ်ကလဲ ဘာမှမရှိဘူးလေ၊ မနက်မြို့တံခါးဖွင့် ရင် ကျွန်တော့်လူတွေကို ဒီသိုးအုပ်မောင်းသွင်းခိုင်း၊ မြို့ထဲမှာရောင်းလိုက်ရင် အမြတ်ကအတော်များများကိုရမှာ သေချာနေတယ်၊ ကံပေးလို့ ရတာ၊ “ဒါနဲ့ ဈေးစကားပြတ်ပြီဆိုတဲ့အခါ ကျွန် တော့်လူတွေခေါ်ပြီး မီးတုတ်တွေညှိ မီးရောင်နဲ့ သိုးတွေရေတို့ခိုင်းတယ်၊ ပိုင်ရှင်ကတော့ မိုးကောင်ရေ ကိုးရာပါတယ်လို့ ဆိုထားတယ်၊ အဲဒါ သေချာအောင် လုပ်ရမှာကိုး၊ ဒါနဲ့တိုတိုဘဲဆိုကြပါစို့ ၊ သိုးတွေက အစာမစားရ ရေမသောက်ရ၊ မီးတုတ်တွေနဲ့ လူတွေ ရုတ်ရုတ်သည်းသည်းဆိုတော့ သူတို့လည်းဂနာမငြိမ် ဟိုပြေးသည်လွှား ပတ်ချာလည်ပြီးဘယ်လိုမှ ရေတွက် မရဖြစ်နေတယ် အဲ့ဒါနဲ့ ကျွန်တော်ကပိုင်ရှင်ကိုပြောတယ်၊ ခင်ဗျားသိုးတွေ မနက်ကျမှ ရေမယ်ဗျာ၊ ပြီးရင် ငွေရှင်းပေးမယ်လို့ ခပ်ပြတ်ပြတ်ပေါ့ လေ ကျွန်တော်ကပြောလိုက်တယ်။ “ဟိုလူကတောင်းပန်တယ်ဗျ၊ အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ၊ ခင်ဗျားစိတ်မချရင် ကျွန်တော့်ကို ပိုက်ဆံ သုံးပုံနှစ်ပုံပဲချေ လိုက်ပါ၊ ကျွန်တော်ခု ညတွင်းချင်ပဲ ထွက်ချင်လို့ပါ၊ ကျန်တဲ့ငွေကို မနက်ပိုင်း သိုးကောင်ရေတိတိကျကျရေတွက်ပြီးတဲ့အခါ ကျွန်တော့်တပည့်ကိုရှင်းပေးလိုက်ပါ၊ စိတ်အချရဆုံး တပည့်တယောက် ကျွန်တော်ထားခဲ့ပါ့မယ်” တဲ့ “ဒါပေမယ့်ကျွန်တော်က နည်းနည်းမှမလျှော့ဘူးဗျ၊ ဒီညတော့ပိုက်ဆံမပေးနိုင်ဘူးပဲ အပြတ် ငြင်းမိ တယ်၊ နောက်နေ့ မနက်ကျတော့ ကျွန်တော်အိပ်ယာက မထရသေးဘူး မြို့ တံခါးကြီးဖွင့်တော့ မြို့ထဲက သိုး ဝယ်တဲ့လူလေးယောက် အစောကြီးပေါက်ချလာပြီး သိုးတွေလုဝယ်ကြတာဗျ ၊ မြို့ထဲမှာ ကောလဟာလတွေ ပြန့်နေတာ ကျွန်တော်ကမသိဘူး၊ ရန်သူလာတိုက်မယ်၊ မြို့ကြီးအဝိုင်းခံရနိုင်တယ် ဆိုတာမျိုးတွေ ပြောနေ တော့ စားနပ်ရိက္ခာဈေးတွေ တအားတက်နေတယ်၊ သိုးတွေကိုဗျာ ကျွန်တော့်ကို ထိုးရောင်းတဲ့ဈေးထက် သုံးဆလောက်ပေးပြီးဝယ်သွားကြတယ်၊ ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ကံကြမ္မာကောင်းတခုဟာ လက်ထဲ ရောက်သလောက်ဖြစ်ပြီးမှ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်” “မှတ်သားလောက်စရာ ဖြစ်ရပ်တစ်ခုပါပဲ” အာခတ်က မှတ်ချက်ချသည်။ “ကဲဒီဖြစ်ရပ်က ကျွန်တော် တို့ ဘာသင်ခန်းစာတွေ ထုတ်ယူလို့ ရနိုင်မလဲ” “ကိုယ့်အတွက် အကျိုးအမြတ်သိပ်သေချာနေတဲ့ အရောင်းအဝယ်မျိုးမှာ အမြန်ဆုံးငွေချေပြီး သေချာ အောင်လုပ်လိုက်တာ ကောင်းဆုံးပဲဆိုတဲ့ သင်ခန်းစာတစ်ခုရတာပေါ့ ” မြင်းကုန်းနှီးပြုလုပ်ရောင်း ချသည့် လုပ်ငန်းရှင်ကြီးတစ်ဦးက ဝင်ရောက်မှတ်ချက်ချသည်။ “ဈေးတော်နေပြီ၊ အမြတ်အစွန်းသေချာ နေပြီဆိုရင် ဘာထပ်ပြီး ရှည်နေစရာ အကြောင်းရှိသလဲ၊ အဲဒါကိုယ့်အားနည်းချက်ကို ကိုယ်အလိုလိုက်နေတာ၊ ဒါမျိုးကို တားဆီးကာကွယ်ရမယ်၊ တခြားလူကိုသတိထားသလို ကိုယ့်အားနည်းချက်ကိုလည်း ကိုယ်သတိထားရမယ်။ လူဆိုတာ ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်ပြောင်းသွားတတ်တဲ့ သဘောရှိတယ်၊ အဲဒီလိုပြောင်းတာမှာမှ ပိုဆိုးတဲ့အချက်က မှန်နေတာကနေ အမှားဘက်ကို ပြောင်းတာဗျ၊ မှားနေပြီဆိုရင် တော်တော်နဲ့ မပြောင်းဘူး၊ ခေါင်းမာမာနဲ့ ပေကပ်ခံနေတာ၊ ဂနာမငြိမ်တဲ့လူတွေမှာ စောစောကပြောသလို မှန်နေပြီးသားကို အမှားဘက် ပြောင်းသွားတာမျိုးတွေများတယ်၊ ရစရာရှိတဲ့အခွင့် အရေးဟာ အဲဒီမှာသွားတာပဲ၊ ကျွန်တော်ဆိုရင် ပထမဆုံး ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တတ်တာ ထုံးစံပဲ၊ ဒါပေမယ့် အရောင်းအဝယ် တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့်ဘက်ကသာနေလျှက်နဲ့ ကျွန်တော်အမြဲ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တယ်၊ စောစောက သိုးဝယ်တဲ့ပုဂ္ဂိုလ် ဖြစ်တာဒါပဲ၊ ဒါအားနည်းချက်၊ တစ်နည်းပြောရရင် မကောင်းတဲ့အကျင့်လေး၊ ဒါပေမယ့်နောက်ပိုင်းကျတော့ အဲဒီကိုယ့်အားနည်းချက်ကို ကိုယ်မြင်ပြီး ကျွန်တော်ကာကွယ်တယ်၊ အဲဒါက ဘာလဲဆို တော့ တိတိကျကျပြောဆိုပြီးတာနဲ့ ချက်ချင်း စရံငွေကောက်ပေးလိုက်တဲ့နည်းပဲ၊ ဒီနည်းနဲ့ ကိုယ့် အားနည်းချက်ကို ကိုယ်ကာကွယ်တော့မှ နောက်ပိုင်းမှာ ကံကြမ္မာကောင်းတွေ လက်ထဲရောက်ပြီးမှ ခုန်ထွက် သွားတယ်ဆိုတဲ့ နှမြောစရာဖြစ်ရပ်မျိုးတွေနဲ့ ကင်းဝေးသွားတော့တာပဲ။” “ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော့်ကို နောက်တစ်ကြိမ် စကားပြောခွင့်ပြုကြပါအုံး” ဆီးရီးယားလူမျိုးက ထလာပြန်သည်။ “အခု ကြားခဲ့ရတဲ့ ဇာတ်လမ်းတွေက တစ်ဆင်တည်းချည်းပါပဲ၊ အခွင့် အရေး လက်လွတ်ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အတူတူပါ၊ စောစောက ကျွန်တော်တို့ ပြောခဲ့ကြတဲ့ ဖင့်နွဲ့မှု၊ အချိန်ဆွဲမှုပါပဲ၊ ရောက်လာတာက တစ်ကယ့်အခွင့်အရေး၊ တကယ့်ကံကြမ္မာ ကောင်း၊ ဒါပေမယ့် လက်ခံသူက အချိန်ဆွဲသမားဖြစ်နေတယ်၊ လက်ငင်းအချိန်ဟာ အကောင်းဆုံး အချိန်ပဲဆိုပြီး အမိအရ ဖမ်း မယူလိုက်ဘူး၊ အဲဒီတော့မရဘူး၊ မအောင်မြင်ဘူးပေါ့” “ဟုတ်ပါတယ်၊ မိတ်ဆွေပြောတဲ့စကားတွေက အမြော်အမြင်ရှိတဲ့စကားတွေပါ” ကျွဲနွားကုန် သည်ကဆိုသည်။ “စောစောက အဖြစ်အပျက်နှစ်ရပ်လုံးမှာ ကံကြမ္မာကောင်းတွေဟာ အချိန်ဆွဲမှုရဲ့ လက်က ထွက်ပြေးခဲ့တာချည်းပါပဲ၊ဒါပေမယ့် ဒါဆန်းသလားဆိုတော့ မဆန်းဘူးဗျ၊ ကျွန်တော်တို့ အားလုံးမှာ အချိန် ဆွဲတတ်တဲ့ စိတ်သဘာဝကိုယ်စီ ရှိနေကြတယ်၊ ချမ်းသာတာတော့ ကျွန်တော်တို့ အားလုံး ချမ်းသာချင်တဲ့ လူချည်းပဲ၊ဒါပေမယ့် ချမ်းသာဖို့ အခွင့် အလမ်းပေါ်လာပြီဆိုတာနဲ့ ကျွန်တော်တို့ကိုယ်ထဲက အချိန်ဆွဲတတ်တဲ့ သဘာဝက နိုးကြားထကြွလာပြီး လုပ်စရာရှိတဲ့အလုပ်ကို နေ့ရွှေ့ ညရွှေ့ ရွှေ့ခိုင်းတော့တာပဲ၊ သူ့စကား နား ထောင်တဲ့အခါ ကျွန်တော်တို့မှာ ရန်သူ့စကား နားထောင် သလိုဖြစ်တာပဲ၊ ရန်သူမှာမှ အဆိုးဝါးဆုံး ရန်သူ  လိုဖြစ်နေတယ်။ “ကျွန်တော်ငယ်ငယ်တုန်းက ဒီသဘောကိုမသိဘူး၊ ဆီးရီးယားကမိတ်ဆွေ သိပ်သဘောကျတဲ့ ဖင့်နွဲ့ တယ်၊ အချိန်ဆွဲတယ်ဆိုတဲ့ စကားလုံးမျိုးတွေနဲ့ ဆက်စပ်မစဉ်းစားမိဘူး၊ ကျွန်တော့်စိတ်မှာ စောစောက အရောင်းအဝယ်ကိစ္စလို ကျွန်တော် မအောင်မြင်ခဲ့တဲ့ဟာတွေအတွက် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်လွဲမှားမှုကိုပဲ အပြစ်တင်နေမိတတ်တယ်၊ ငါဆုံးဖြတ်ချက် မှားသွားတယ်၊ ဒါပဲ၊ နောက်ကျတော့ တစ်မျိုးပြောင်း စွပ်စွဲပြန် တယ်၊ ငါခေါင်းမာတာ၊ အလွယ်တကူ အလျော့မပေးတတ်ကာ၊ အဲဒီလို၊ ဒီအထိလဲ မှားနေတာပေါ့ လေ။ နောက်ဆုံးကျတော့မှ အဖြစ်မှန်ကို ကျွန်တော်ရှင်းရှင်းမြင်တယ်၊ ထလုပ်ရမယ့်အချိန်မှာမလုပ်ဘဲ ရွှေ့ဆိုင်းနေ တတ်တဲ့ အကျင့်ကြီး ချို့ယွင်းချက်ကြီးကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနေတာ၊ ဒါငါ့ အပြစ်လို့ အမှန် အတိုင်းမြင်တဲ့အချိန်မှာ ကိုယ့်ကိုကိုယ် အကြီးအကျယ် ဒေါသဖြစ်တာ၊ ဒါပေမယ့် အဲဒီဒေါသစိတ် အဲဒီကိုယ့် အပြစ်ကြီး ကိုယ်မုန်းတီးတဲ့စိတ်တွေ ပြင်းထန်တဲ့အတွက်ကြောင့်ပဲ ကျွန်တော့်ကိုယ်ကျွန်တော် ပြတ်ပြတ်သား သားကြီး ပြင်ဆင်ဖြစ်ခဲ့တယ်၊ အဲ့ဒီစိတ်တွေ တွန်းပို့တဲ့အားနဲ့ပဲ အောင်မြင်မှုလမ်းကြောင်းပေါ် ကျွန်တော် ၊ ရောက်ခဲ့တယ်။ ” “ကျေးဇူးပြုပြီး ပထမဇတ်လမ်းပြောခဲ့တဲ့ မိတ်ဆွေကုန်သည်ကြီးကို မေးခွန်းတစ်ခုလောက်မေး ခွင့်ပြုပါ” ဆီးရီးယားမှ ပုဂ္ဂိုလ်ကပင် စကားစပြန်သည်။ “မိတ်ဆွေကြီးခင်ဗျား၊မိတ်ဆွေကြီး ကြည့်ရတာ အင်မတန်မှ သပ်ရပ်သားနားမှုရှိပါတယ်၊ စကားပြောဆိုပုံကလည်း အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ လက္ခဏာများအပြည့်ပါပဲ၊ ကျေးဇူးပြုပြီး အချိန်ဆွဲတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြောစမ်းပါ။ ဒီကနေ့ကာလမှာ မိတ်ဆွေကြီးရဲ့ အတွင်းစိတ်က နည်းနည်းဆိုင်းစမ်းပါဦးကွ လို့ တီတိုးပြောလာတဲ့ အခါ မိတ်ဆွေကြီးနားထောင်သေးသလားခင်ဗျာ” “ မထောင်တော့ပါဘူးခင်ဗျာ၊ ကျွန်တော်လည်းပဲ စောစောက ကျွဲ နွား ကုန်သည်ကြီး ပြောသွားသလို အချိန်ဆွဲတတ်တဲ့ ကျွန်တော့်အကျင့်ဆိုးကိုကျွန်တော့်ဘာသာသိမြင်ပြီး ပြင်ခဲ့ပါတယ်၊ဒီအကျင့်ဆိုးကို အနိုင် ယူနိုင်ခဲ့ပါတယ်၊” ၀တ်ရုံဖြူနှင့် ကုန်သည်ကြီးက ဖြေသည်။ “တစ်ချိန်တုန်းကတော့ ဒီအကျင့်ဆိုးဟာ ကျွန်တော့်ကိုနှိပ်ဖွက်နေတဲ့ ရန်သူကြီးတစ်ယောက်ပေါ့ ၊ ကျွန်တော်ပျက်စီးရာ ပျက်စီး ကြောင်းတွေ ဖန်တီးတို့ အမြဲအကွက်ချောင်းနေတာ၊ ကျွန်တော်ကိုယ်တွေ့ကြုံခဲ့တာ စောစောက ကျွန်တော်ပြောခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ထဲ မဟုတ်ပါဘူး၊ အလားတူ ဆင်တူရိုးမှား အဖြစ်အပျက်ပေါင်း များစွာကြုံခဲ့ပါတယ်၊ အခွင့်အရေးတွေ ကြိမ်ဖန်များစွာ မောင်းထုတ်ခံခဲ့ရပါတယ်၊ ဒါပေမယ့် ဒါ ဒီလိုဖြစ်တာပါလား၊ ငါဒီလိုတွေ ဆုံးရှုံးနစ်နာနေခဲ့ရတာပါလားလို့ သေသေချာချာ သဘောပေါက် ပြီးတဲ့နောက်မှာတော့ သူ့ကိုအနိုင်ယူဘို့ ဘာမှမခဲယဉ်းတော့ပါဘူး၊ ကိုယ့်စပါးကျီဝင်ခိုးနေတဲ့သူခိုးကို သိလျက်နဲ့ တော့ ဘယ်ပိုင်ရှင်က ခွင့်ပြုနေမလဲ။ ကိုယ့်ဆိုင်လာဝယ်မယ့် ဖောက်သည်တွေကို နှင်လွှတ်နေတဲ့လူမျိုး၊ ကိုယ့်အမြတ်အစွန်းတွေ အလစ်သုတ်နေ တဲ့လူမျိုးကိုလည်း တကယ်အကြောင်း သိပြီဆိုရင်တော့ ဘယ်လက်ခံထားတော့မလဲ။ ဒီအတွင်း ရန်သူ အကြောင်း ကောင်းကောင်းသိတာနဲ့ တပြိုင်နက် သူ့ကိုကျွန်တော်အပြတ်ရှင်းတာပဲ၊ ဒီလိုပဲ ဘေဘီလုံမှာရှိတဲ့ ကြွယ်ဝတဲ့ ဓနဥစ္စာ ရတနာ တွေကို ကိုယ့်အတွက် တစ်ဖို့ တစ်စု ရချင်တဲ့လူတိုင်း ဦးစွာပထမ ကိုယ့်မှာရှိနေ တဲ့ အချိန်ဆွဲတတ်ခြင်းဆိုတဲ့ အတွင်းရန်သူကို အရင်အနိင်ယူဘို့ လိုလိမ့်မယ်လို့ ကျွန်တော်ပြောချင်တယ်၊ ကဲ အာခက် ကေ ပြောစမ်းပါအုံး၊ ခင်ဗျားက ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတော့ အများက  ခင်ဗျားကို ကံအကောင်းဆုံးပုဂ္ဂိုလ်၊ အလုပ်လုပ်ရာမှာ ကံအလိုက်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်နေကြတယ်၊ ကျွန်တော်ပြောတဲ့ အတွင်းရန်သူကိစ္စမှာ ခင်ဗျားအမြင်ကို ကြားစမ်းပါ ရစေ” “ နောင်ကြီးအယူအဆနဲ့ တစ်သားတည်းပါပဲ ” အာခတ်ကဖြေသည်။ “ ကျွန်တော့် ဘဝသက်တမ်း တလျှောက် လူပေါင်းမြောက်များစွာကို မျိုးဆက်နဲ့ ချီပြီး ကျွန်တော်စောင့်ကြည့်ခဲ့ဘူးပါတယ်၊ ကုန်သည်တွေ၊ အတတ်ပညာလိုက်စားသူတွေ၊ အသိပညာရှင်တွေ၊ လုပ်ငန်းစုံနယ်စုံပါပဲ၊ အဲဒီပုဂ္ဂိုလ်တွေ သူတို့ဘဝနယ်ပယ် အသီးသီးမှာ လှုပ်ရှားကြတဲ့အခါ သူတစ်ပါထက် ထူးခြားအောင်မြင်မှု ရဘို့ အခွင့်အလမ်းတွေ လူတိုင်ကိုယ်စီ ကြံကြတွေ့ကြရတာပါပဲ၊ အဲဒီမှာ တချို့က ကြုံသမျှအခွင့်အရေးကို အမိအရယူတယ်၊ ကိုယ့်ရည်မှန်းချက် ကိုယ့်အလိုဆန္ဒ ပြည့်ဝဖို့ အတွက် အစဉ်တစိုက် အားထုတ်ကြတယ်၊ အဲဒီတော့ ဒီလူတွေ အောင်မြင်သွားကြ တယ်၊ လူအများစုကတော့ အခွင့်အရေးကိုယူရမှာ မဝံမရဲသလို တွန့်ဆုတ်တွန့်ဆုတ် လုပ်ကြတယ်၊ စဉ်းစား သလို ချင့်ချိန်သလို နှောင့်နှေးကြန့်ကြာအောင် လုပ်ကြတယ်။ ဒီလူတွေဟာ တဖြည်းဖြည်း နောက်ကျကျန်ရစ် ပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားကြတယ်။” ထို့နောက်အာခတ်က ယက်ကန်းလုပ်ငန်းရှင်ဘက်သို့ လှည့်၍ဆိုသည်။ “ကဲ ကံကြမ္မာကောင်း အကြောင်းဆွေးနွေးဘို့ စအကြံပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီး၊ ခင်ဗျားသဘောထားပြောစမ်းပါအုံး၊ စောစောက ဆွေးနွေးကြတာတွေ နားထောင်ပြီးတဲ့နောက် ခင်ဗျားခေါင်းထဲမှာ ဘယ်လိုကောက်ချက် ချမိသလဲဗျာ” “ကံကြမ္မာကောင်းဆိုတာကို ကျွန်တော် ရှုထောင့်တစ်မျိုးကမြင်လာပြီ ဆို ရမှာပေါ့ ခင်ဗျာ၊ နဂိုတုန်းက တော့ ကံကောင်းမှုဆိုတာ ကိုယ့်ဘက်က ဘာအားထုတ်မှုမှ ပြုလုပ်စရာမလိုဘဲနဲ့ လူတယောက် အလိုလိုရရှိ လာနိုင်တဲ့ အင်မတန်နှစ်သက်စရာ အခြင်းအရာတစ်ခုလို့ မြင်ခဲ့တယ်၊ အခုတော့ ကံကြမ္မာကောင်းဆိုတာ ထိုင်စောင့်နေယုံ သက်သက်နဲ့ ဖြစ်လာတာမျိုး မဟုတ်ဘူး၊ ကံကြမ္မာ ကောင်းကြုံချင် ရင် ပေါ်လာတဲ့ အခွင့်အရေးကို အမိအရယူရလိမ့်မယ်၊ ထထကြွကြွ လုပ်ရလိမ့်မယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားပြီ၊ နောင်ဆိုရင် အခွင့်အရေးတွေကို ကျွန်တော့်အတွက် အကောင်းဆုံး ကံကြမ္မာတွေအဖြစ် ပြောင်းလဲပစ်ဘို့ ကျွန်တော်ကြိုးစားတော့မယ်” “သိပ်ကောင်းတယ်ဗျာ၊ ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ သဘောတရားအမှန်ကို ခင်ဗျား ဆုပ်ကိုင်မိ သွားတာပဲ” အာမတ်ကမှတ်ချက်ချသည်။ “ကံကြမ္မာကောင်းဆိုတာ အခွင့်အရေးရဲ့ နောက်က လိုက်ပါစမြဲ ဖြစ်တယ်၊ သူ့ဘာသာ ရှေ့က လာလေ့မရှိဘူးဆိုတာ ကျွန်တော်တို့အခု တွေ့ခဲ့ရပြီ၊ ဒီမှာ သာဓက နှစ်ခု ကျွန်တော်တို့ မြင်ခဲ့ရတယ်၊ ကျွန်တော်တို့မိတ်ဆွေ ကုန်သည်ကြီးဟာ ကံကြမ္မာစောင့် နတ်သမီးက သူ့ကို မြေရိုင်းဖော်တဲ့လုပ်ငန်းအသွင်နဲ့ အခွင့်အရေးပေးလာစဉ်က ယူလိုက်မိရင် ကံကြမ္မာကောင်း ကြုံခဲ့ရမှာပဲ။ အခွင့်အရေးကိုမယူတော့ ကံကောင်းခွင့်ဆုံးရှုံးခဲ့ရတယ်၊ အလားတူ သိုးကုန်သည်ကြီးဟာလည်း သိုးတစ်အုပ် ကို အင်မတန်သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူခွင့်ရတယ်၊ ဒါပေမယ့် အခွင့်အရေးကို အမိအရ မယူဘူး မလိုအပ်ဘဲ နှောင့်နှေးခဲ့တယ်၊ ဒါ့ကြောင့်ကံကြမ္မာကောင်းတစ်ခု လက်လွတ်ခဲ့ ရတယ်၊ ဒီသာဓကတွေကနေ ထင်ထင်ရှားရှား ထွက်ပေါ်လာတဲ့အချက်က ခုနမိတ်ဆွေ ရှုမြင်သွားသလို ကံကြမ္မာကောင်းတွေသည် အခွင့် အရေးကို အမိအရဖမ်းယူခြင်းဖြင့်သာ ကြုံကြိုက် ရရှိနိုင်တယ် ဆိုတဲ့ မှန်ကန်ချက်ပဲ။  “အခွင့်အရေးကို အမိအရယူဘို့ နိုးကြားတက်ကြွနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ကံကြမ္မာစောင့် နတ်သမီးရဲ့ အာရုံစိုက်မှု့ကို ခံရစမြဲပဲ၊ ကံကြမ္မာစောင့်နတ်သမီးဟာ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို စောင့် ရှောက် ကူညီဖို့ အမြဲ အဆင်သင့်ရှိနေတယ်၊ ထကြွနိုးကြားသူတွေကို နှစ်သက်တယ်၊ “ထကြွနိုးကြားမှု့၊ အခွင့်အရေးကို မပြတ်ရှုမြင်ပြီး အလျင်မြန် ရယူတတ်မှု့အားဖြင့်သာ ကံကြမ္မာကောင်းတွေ အဆက်မပြတ် ကြုံကြိုက်နိုင်တယ်၊ အောင်မြင်ကြီးပွားသူတစ်ဦး ဖြစ်လာနိုင်တယ်”