ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

 

အခန်း(၆) ဘေဘီလုံက ဘဏ်သူဌေး

ရွှေဒင်္ဂါးပြားရေ ငါးဆယ်တိတိတဲ့။ နည်းသည့်ငွေမဟုတ်။ မှန်သည်။ ရိုဒန်၏ သားရေပိုက်ဆံ အိတ်ထဲတွင် ရွှေဒင်္ဂါးပြားငါးဆယ်တိတိ ရှိနေသည်။ ပန်းပဲဆရာ ရိုဒန်၏ဘဝမှာ တစ်ခါမျှ မမျှော်လင့်ဘူးသည့်ငွေ။ မျှော်လင့်နိုင်စရာလည်း မရှိသည့်ငွေ ။ အလွန်မှပင် ရက်ရောသဘောကောင်းလှသည့် ဘုရင်မင်းမြတ်၏ ရွှေနန်းတော်မှ ပြန်လာရာ လမ်း တလျှောက် ရိုဒန် အကြီးအကျယ်ပင် ပျော်ရွှင်ကြည်နူးလာခဲ့သည်။ သူခြေလှမ်းသွက်သွက်လှမ်း လိုက်တိုင်း သူ့ခါးပတ်မှာချိတ်ထားသည့် အသပြာအိတ်က ရွှေဒင်္ဂါးသံ တချွင်ချွင်မြည်သည်။ သူ့ ဘဝတသက်တာ ကြားရဘူးသမျှ တေးဂီတသံများထက် သာယာနာပျော်ဘွယ် ကောင်းလှသည့်အသံ။ ရွှေဒင်္ဂါးငါးဆယ်ပြားလုံးသည် သူ့အတွက်ချည်းဖြစ်သည်တဲ့။ အားလုံး ရိုဒန်ပိုင်ဖြစ်သည်တဲ့။ သူ့ကံကြမ္မာကို သူ့ဘာသာ မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ချွင်ချွင်မြည်သည့် သည်ဒင်္ဂါးပြားတွေက တန်ခိုးသြဇာ ကြီးမားလွန်းလှသည်။ သည်ဟာတွေဖြင့် သူလိုချင်သည့် ဘယ်အရာကိုမဆို ဝယ်နိုင်မည်။မြေဝယ်မည်လား၊အိမ်ကြီးရခိုင်လား၊ ကျွဲအုပ် နွားအုပ်လား၊ ကုလားအုတ်၊ မြင်း၊ မြင်းရထား ကြိုက်ရာသာပြော၊ ချက်ချင်းလက်ငင်း ဝယ်ယူ၍ရနိုင်ပြီ။ ဝယ်နိုင်သည်က ဟုတ်ပြီ။ ဘာတွေဝယ်မည်လဲ၊ သည်ငွေကို ဘယ်လိုသုံးစွဲမည်လဲ၊ ဒါက ပြဿနာ။ အဲ့သည်နေ့ ညနေဘက် ဘေဘီလုံ လမ်းသွယ်တစ်ခုထဲရှိ သူ့ညီမအိမ်သို့ ရောက်ခဲ့ပြီးသည့် နောက်တွင်တော့ သည်ငွေကိုသုံးစွဲဖို့ အရေးထက် မပျောက်ပျက်အောင် ဘယ်လိုထိမ်းသိမ်းမလဲ ဟူသည်က သူ့အတွက် အထူးပင် အရေးကြီးလာခဲ့တော့သည်။ နောက်သုံးလေးရက်အကြာ တစ်ခုသောညနေ၌ ရိုဒန်တစ်ယောက် မာသွန်၏ဆိုင်သို့ မသာမယာ မျက်နှာနှင့် ဝင်ရောက်လာခဲ့သည်။ မာသွန်က ကျောက်မျက်ရတနာနှင့် ရှားပါးအဝတ်အထည်များ ရောင်း ဝယ်သည့် ကုန်သည်ကြီးတစ်ယောက်ဖြစ်သလို ငွေတိုးချေးသည့်လုပ်ငန်းကိုလည်း တဖက်က လုပ်ကိုင်နေသူ ဖြစ်သည်။ ရှေ့ဖက်ပိုင်းရှိ ဈေးဆိုင်ခန်းထဲတွင် ခင်းကျင်းပြသထားသည်များကို လုံးဝစောင်းငဲ့မကြည့်ပဲ ဆိုင် နောက်ဘက်ရှိ နေအိမ်ခန်းဆီသို့သာ ရိုဒန်တန်းတန်းမတ်မတ် လျှောက်ဝင် သွားသည်။ သားသားနားနား ဝတ်စားထားသည့်မာသွန်က ကော်ဇောတစ်ချပ်ပေါ်တွင်ထိုင်ကာ လူမည်း ကျေးကျွန်တစ်ယောက် တည်ခင်းပြင်ဆင်ပေးသည့် ညစာကို စားသုံးလျက်ရှိ၏။ “ခင်ဗျားနဲ့ တိုင်ပင်စရာရှိလိုလာတာဗျာ၊ ကျွန်တော်ကိစ္စတစ်ခု ဘယ်လိုဖြေရှင်းရမှန်းမသိ ဖြစ်နေ တယ်” ရိုဒန်က မာသွန်ရှေ့တွင် မတ်တပ်ရပ်လျက်ပင် သူ့ပြဿနာကိုဟောဟောဒိုင်းဒိုင်း ပြောချလိုက်သည်။ မာသွန်က မော်ကြည့်ပြီးပြုံးသည်။ရိုဒန်က သူနှင့် ရင်းနှီးခင်မင်သော မိတ်ဆွေတစ်ဦးပင်ဖြစ်သည်။ “ဘယ်လိုလဲ ကိုယ့်လူ၊ ဘာတွေမဟုတ်တာလုပ်ပြီး ပြဿနာတက်လာတာလဲ၊ အံစာဝိုင်းမှာ ရှုံးလာ တာလား၊ ဒါမှမဟုတ် အပျံစား အနှိပ်စား အမျိုးသမီးတစ်ယောက်နဲ့ ငြိလာပြီထင်တယ်၊မင်းနဲ့ ပေါင်းလာတာ နှစ်ပေါင်းများစွာကြာပြီ တစ်ခါမှပြဿနာတက်တယ်၊ ငွေလိုတယ်မကြားဘူးပါဘူး၊ အခုဘယ်လိုဖြစ်တာလဲ။” “ခင်ဗျားထင်သလို မဟုတ်ဘူးဗျ၊ ကျွန်တော် ပိုက်ဆံချေးဘို့ လာတာ မဟုတ်ဘူး၊ ခင်ဗျားဆီက အကြံဉာဏ်တောင်းမလို့ လာတာ” “ဟာ ဟာ ဘယ်လိုကွာ၊ မင်းဘယ်လို ပြောလိုက်တာလဲ၊ ငွေတိုးချေးစားတဲ့လူဆီမှာ အကြံဉာဏ် လာ ကောင်းတယ်လို့ တစ်ခါမှ မကြားဘူးဘူး၊ငါ နားကြားများ လွဲရော့သလား မာသွန်က အဆင်အပြင် သားနား သလို အပြောအဆိုမှာလည်း အမူအရာပိုသူဖြစ်၏။ “မလွဲပါဘူးဗျ” “ဟုတ်သလား၊ မလွဲဘူးလား၊ ပန်းပဲဆရာရိုဒန်၊ ဓါးတွေ လှံတွေလုပ်တဲ့နေရာမှာ နာမည် ကျော်တဲ့ ရိုဒန်၊ ဟာ မင်း တော်တော်ဉာဏ်များတဲ့ ပုဂ္ဂိုလ်ပဲ၊ မာသွန်ဆီလာပြီး ပိုက်ဆံမချေးဘူး၊ အကြံဉာဏ်ပဲ လိုချင် သတဲ့၊ တော်တဲ့လူကွာ၊ လူတကာ ငါ့ဆီလာကြတယ်၊ မဟုတ်တာတွေလုပ်ပြီး အဲ့ဒီအတွက် ပိုက်ဆံလိုတော့ ငါ့ဆီက ချေးကြတာ၊အကြံဉာဏ်တော့ ဘယ်သူမှမတောင်းကြဘူး၊ သူတို့စိတ်ထဲ လိုတယ်လဲ မထင်ဘူးလေ၊ ဒါပေမယ့် မင်းစဉ်းစားကြည့် ဒုက္ခရောက်တဲ့ လူပေါင်းများစွာ အားကိုးပြုရတဲ့ မာသွန်လို ပုဂ္ဂိုလ်ထက် သူတပါးကို အကြံဉာဏ်ပေးနိုင်မယ့်သူ ရှိဦးမလား” | သည်လိုပြောပြီးသည့်နောက် သူကရိုဒန်ကိုလောကဝတ်ပြုသည်။ “ကဲ ငါနဲ့အတူ စားစမ်းပါ ကွာ၊ ဒီညနေတော့ မင်းကငါ့ဧည့်သည်ပေါ့ ရိုဒန်ရာ၊ ဟေ့ အန်ဒို” သူက လူမည်းကျေးကျွန်ကိုလှမ်း ခေါ်သည်။ “ငါ့သူငယ်ချင်း ရိုဒန်အတွက် ကောဇောတစ်ချပ်ခင်းစမ်းဟေ့၊ ဓားလှံ လက်နက်လုပ်တဲ့နေ ရာမှာ နာမည်ကြီးတဲ့ ပန်းပဲဆရာကြီးကွ၊ ငါ့ဆီကိုအကြံဉာဏ်လာတောင်းတာ၊ ဒီနေ့ အဘို့ ငါ့ အတွက် ဂုဏ်ထူးဆောင် ဧည့်သည်ပဲ၊ စားကောင်းသောက်ဖွယ်တွေပြင်ခဲ့ကွာ၊ သူ့အတွက် အကြီးဆုံးခွက်တခွက် ယူခဲ့၊ အကောင်းဆုံးဝိုင်ကို ရွေးခဲ့ ကျကျနန သောက်ရအောင်” သည်လိုမှာပြီးနောက် ရိုဒန်ဘက်သို့ လှည့်သည်။ “ကဲပြောစမ်းပါဦး၊ ဘာပြဿနာတွေများတုန်း” “ဘုရင်မင်းမြတ်က ဆုတော်လာဘ်တော် ချီးမြှင့်တယ်ဗျာ” “ဆုတော်လာဘ်တော်၊ ဘုရင်မင်းမြတ်က မင်းကို ဆုတော်လာဘ်တော် ချီးမြှင့်တဲ့ကိစ္စ မင်းမှာ ပြဿနာတက်နေတယ်၊ ဟုတ်လား၊ ဘယ်လို ဆုလာဘ်မျိုးဖြစ်နေလို့လဲ၊” “ကျွန်တော်ဘုရင့် ကိုယ်ရံတော် တပ်သားတွေအတွက် လှံတံအသစ်တွေလုပ်ပြီး နန်တော်ကို သွင်းရ တယ်၊ အဲဒါ ကျွန်တော်နောက်ဆုံးတီထွင်လိုက်တဲ့ လှံသွားဒီဇိုင်းကို ရှင်ဘုရင်က အရမ်းသဘော ကျသွားပြီး ကျွန်တော့်ကို ရွှေဒင်္ဂါး ငါးဆယ်ဆုချတယ်၊ အဲဒီအတွက် ကျွန်တော်မှာ ပြဿနာလာ တက်တယ်၊ အခုဆိုရင် ကျွန်တော့်ရွှေဒင်္ဂါးကို ဝေစုခွဲချင်လို့ လာကြတဲ့လူတွေ တနေ့ တနေ့ ရေလို့ မကုန်နိုင်ဘူးဖြစ်နေတယ်။” “ဟ ဒါသဘာဝပဲကွ၊ လူတိုင်းငွေလိုချင်ကြတယ်၊ ဒါပေမယ့် မရကြဘူး၊ အဲ့ဒီတော့ တစ်နည်း နည်းနဲ့ ရလာတဲ့လူရှိရင် အဲဒီလူဆီက အလွယ်တစ်ကူ ဝေမျှယူလို့ ရမလား မျှော်လင့်ကြတယ်၊ အဲဒါ ဘာဖြစ်လဲ၊ မပေးနိုင်ဘူးလို့ ငြင်းလိုက်လေကွာ၊ မင်းကလက်သီးပြင်းသလောက် စိတ်ကျတော့ မပြင်း ဘူးလား” “ လူအတော်များများကတော့ အလွယ်တစ်ကူငြင်းလို့ ရပါတယ်၊ တချို့ကျတော့ ငြင်းရတာထက် ခေါင်းညိတ်လိုက်တာက ပိုသက်သာမလို ဖြစ်နေတယ်၊ ဥပမာဆိုပါတော့ဗျာ၊ ကျွန်တော့်နှမက အပူကပ်လာ တာမျိုးကို ကျွန်တော်ဘယ်လိုလုပ် ငြင်းမလဲ” “ဒါပေမယ့် မင်းနှမက မင်းစည်းစိမ်ဆုံးရှုံးမှာကိုတော့ လိုလားမှာ မဟုတ်ဘူးပေါ့၊ ဟုတ်တယ်  “အင်းအခုဟာက သူ့ယောကျ် အာရမန်းကို သူက ကုန်သည်ကြီး သိပ်ဖြစ်စေချင်နေတယ်၊ သူ့ယောက်ျားဟာ အခွင့်အရေး လမ်းစမရလို့ အခုအတိုင်းဖြစ်နေရတာ၊ ကျွန်တော့်ရွှေဒင်္ဂါးတွေသာ သူ့ကို ချေးငှားလိုက်ရင် ကုန်သည်အလုပ်နဲ့ သူအများကြီး ချမ်းသာကြီးပွားလာနိုင်တယ်၊ ကျွန်တော့် ရွှေတွေကို သူ့အမြတ်အစွန်းထဲကနေ ပြန်ဖဲ့ပြီးပေးသွားနိုင်မယ်၊ သူက အဲ့ဒီလိုမြင်နေတယ်” ။ “သူငယ်ချင်း မင်းပြဿနာကတော့ တကယ့်ကို ဆွေးနွေးသင့်တဲ့ကိစ္စပဲကွ” မာသွန်ကဆိုသည်။ “ဓနဥစ္စာဆိုတာ သူ့ကိုပိုင်ဆိုင်မယ့်လူအတွက် တာဝန်တွေယူလာတတ်တယ်၊ ဓနဥစ္စာ ပိုင်ဆိုင် လိုက်တာနဲ့ တစ်ပြိုင်နက် လူတစ်ယောက်ရဲ့ အခြေအနေတွေဟာ ပြောင်းလဲသွားတယ်၊ သူနဲ့ တခြားလူတွေ ပက်သက် ဆက်စပ်နေပုံ အနေအထားတွေဟာ ပြောင်းလဲသွားတယ်၊ သူနဲ့တခြားလူတွေ  ပတ်သက်ဆက်စပ် နေပုံ အနေအထားတွေဟာ တစ်မျိုးတစ်ဖုံ ဖြစ်လာတယ်။ ငွေရှိလာတဲ့လူတစ်ယောက်ဟာ ဒီငွေ ပျောက်ပျက် ဆုံးရှုံးမှာ၊ တခြားလူတွေက လှည့်ဖြားယူငင်မှာလည်း ကြောက်လာတတ်တယ်၊ တချိန် တည်းမှာပဲ သူဟာ ကိစ္စ အတော်များများကို စီမံဖန်တီးနိုင်စွမ်းရှိသူ၊ သူတပါး ကောင်းရာ ကောင်းကျိုးတွေ လုပ်ကိုင် ပေးနိုင်သူ တစ်ဦးအဖြစ်နဲ့ သူ့ကိုသူ ကျေနပ်အားရစိတ် ဖြစ်ပေါ်နိုင်တယ်၊ သို့သော် တဖက်ကလည်းပဲ ရည်ရွယ်ချက် ကောင်းတွေနဲ့ ဆောင်ရွက်ရင်း ပြဿနာတွေ အခက်အခဲတွေ သွားကြုံ ရတာမျိုးလည်း ရှိတတ်တယ်၊ “နင်နီဗေးက လယ်သမားကြီးတစ်ယောက်အကြောင်း မင်းကြားဖူးသလား မသိဘူး၊ မာဂဓ စကား တတ်တယ်ဆိုတဲ့ လယ်သမားကြီးနဲ့ သူ့တိရစ္ဆာန်တွေအကြောင်းပုံပြင်လေ မင်းတို့ပန်းပဲသမားတွေ ပြောလေ့ ရှိတဲ့ ပုံပြင်မဟုတ်ဘူးထင်တာပဲ၊ “ငါပြောပြမယ်၊ ဒီပုံပြင်ကို နားထောင်လိုက်ပြီးရင် ငွေချေးတယ်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် ပိုက်ဆံအလွှဲအပြောင်း လုပ်ရုံသက်သက် မဟုတ် ဘူးဆိုတာ မင်း သဘော ပေါက်သွားမယ်၊ “ဒီလိုကွ အဲဒီလယ်သမားက မာဂဓကားနားလည်သူဖြစ်လေတော့ ညနေပိုင်းရောက်ရင် အိမ်ခြံထဲထိုင်ပြီး သူမွေးထားတဲ့ တိရစ္ဆာန်တွေ ပြောကြဆိုကြတာတွေကို နားစွင့်လေ့ ရှိတယ်၊ တနေ့ည တော့ နွားက သူ့ဘဝ ဒုက္ခဆင်းရဲ ကြီးမားလှပုံအကြောင်း မြည်းကို ညည်းညည်းသူနဲ့ ပြောပြနေ သံ သူကြားရတယ်၊ ငါ့မှာ တနေကုန်တနေ့ ခမ်း ပင်ပန်းကြီးခံပြီး ထွန်တုံးကိုဆွဲရတယ်၊ နေပူလို့ လည်းမနားရ၊ ခြေကုန်လက်ပမ်းကျလို့လည်း ခဏအမောမရ၊ လည်ကုပ်တွေဆိုတာ ပေါက်ပြဲနေပြီ၊ ဒါလည်းအလုပ်အလုပ်ပဲ၊ မင်းကျတော့ သက်သာလိုက်တာကွာ၊ သခင်သွားစရာ လာစရာရှိမှ ရောင်စုံ ခြုံလွှာလှလှလေး ကျောပေါ်ခင်းပြီး ကြော့ကြော့မော့မော့ သွားရတယ်၊ သခင်ဘယ်မှမသွားဘူးဆိုရင် မြက်စိမ်းစိမ်းနုနုတွေစားပြီး အားအားယားယား နားပေတော့” တဲ့ “အဲဒီတော့ မြည်းကလည်း စိတ်တိုတဲ့အခါသာ ခွါ နဲ့ ပေါက်တတ်ပေမယ့် ပင်ကိုက သဘော ကောင်းတဲ့သူဖြစ်လေတော့ နွားကြီးကိုသနားသွားတယ်၊ “အေးဗျာ၊ ခင်ဗျားတော်တော်ပင်ပန်းတာပဲ။ ခင်ဗျားသက်သာသွားအောင် ကျွန်တော်ကူညီမှဖြစ်မယ်၊ ဒီလိုလုပ်ဗျ၊” ဆိုပြီး နွားကြီးကို တစ်နေကုန် အနားရအောင် ဉာဏ်ဆင်ဖို့နည်းလမ်းပေးတယ်၊ “နောက်နေ့ မနက် ခင်ဗျားကို လယ်ထွန်ဖို့လာခေါ်တဲ့ အချိန် ခင်ဗျား မြေကြီးပေါ်လှဲအိပ်ပြီး အော်နေဗျာ၊ အဲဒါဆိုရင် လယ်ထွန်သားက ခင်ဗျား နေမကောင်းဘူး၊ လယ်ထွန်နိုင်မှာမဟုတ်ဘူးလို့ ဆိုလိမ့်မယ်” တဲ့၊ “ဒါနဲ့ နွားကြီးလည်း မြည်းအကြံပေးတဲ့အတိုင်း မနက်အိပ်ယာထ လယ်လုပ်သားလာတဲ့အချိန် နေမကောင်းချင်ယောင်ဆောင်နေတော့ လုပ်သာက လယ်သမားကြီးကို အကျိုးအကြောင်း သွားပြော တယ်၊ “အဲဒီအခါ လယ်သမားကြီးက ဘာပြန်ပြောသလဲဆိုတော့ “လယ်က နားထားလို့ မဖြစ်ဘူးကွ၊ နွားနေမကောင်းလို့ မထွန်နိုင်ရင် မြည်းကိုတပ်ပြီး ထွန်ကွာ” တဲ့၊ ဒါနဲ့မြည်းဟာ တစ်နေ့ လုံးလယ်ထွန်ရတယ်၊ သူ့မိတ်ဆွေ သက်သာစေချင်တဲ့ဆန္ဒနဲ့ ကူညီ လိုက်တာ နောက်ဆုံးတော့ နွားအလုပ် သူဝင်လုပ်ရတဲ့ကိန်းဆိုက်သွားတာပဲ၊ ညဘက်ထွန်ကဖြုတ်လို့ အိမ်ပြန်ရတဲ့အချိန် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲပြီး လည်ကုပ်ကလဲ ကြိုး စား” လို့ပြဲနေပြီ၊ အဲ စိတ်လည်းအတော်တိုနေပြီပေါ့၊ “အဲဒီညဘက် သူတို့ဘာတွေပြောကြသလဲ လယ်သမားကြီးက အသာ နားစွင့်ပြန်တယ်၊” “နွားကအရင်ပြောတယ်၊ “သူငယ်ချင်း မင်းဟာမိတ်ဆွေကောင်း ပီသပါပေတယ်ကွာ၊ မင်း အကြံဉာဏ်ကောင်းတဲ့အတွက် တနေ့လုံးအားအားယားယား သက်သောင့်သက်သာနေ ရတယ်ကွ”တဲ့၊ “ဒီလိုဆိုတော့ မြည်းက လေသံပြတ်ပြတ်နဲ့ ပြန်ပြောတယ်၊ “အေး မင်ကသက်သာတယ်၊ ငါ မသက်သာဘူးကွ” တဲ့၊ “ထုံးစံအတိုင်း သဘောကောင်းတဲ့လူက ခံရတာပဲ၊ မိတ်ဆွေမို့လို့ ကူညီပါ တယ်။ နောက်ဆုံးတော့ သူများဝန်ထုပ် ကိုယ့်ဝန်ထုပ်ဖြစ်တယ်၊ တော်ပြီ၊ နောက်ကို မင်းထွန်တုံး မင်းပဲဆွဲတော့၊ မဆွဲလို့ လည်းမဖြစ်ဘူး၊ သူရင်းငှား တစ်ယောက်ကို သခင်ပြောနေတာ ငါကြားတယ်၊ အဲဒီနွား နောက်တစ်ခါ နေမကောင်းဖြစ်ရင် သားသတ်ရုံပို့လိုက်တဲ့၊ ဟုတ်လည်းဟုတ်တယ်၊ မင်းကလည်း အလုပ်လုပ် ချင်တဲ့ကောင်မှမဟုတ်တာ” တဲ့၊ အဲ့ဒီနောက်ပိုင်းမှာ မြည်းနဲ့နွား စကားမပြောကြ တော့ဘူးတဲ့၊ တစ်ချီတည်း ဇတ်လမ်းပြတ်တာပဲ၊ ကဲ ပုံပြင်နားထောင်ပြီး မင်းဘာသင်ခန်းစာရသလဲ ရိုဒန်” မာသွန်က တစ်ဆက်တည်း မေးသည်။ “ပုံပြင်က နားထောင်လို့တော့ ကောင်းပါတယ် ဒါပေမယ့် သင်ခန်းစာဆိုတာတော့ ကျွန်တော် မမြင်တတ်ဘူးဗျ” ရိုဒန်ကဖြေသည်။ “အင်းလေ၊ငါလည်း မင်းမြင်မယ်မထင်ပါဘူး ဒါပေမယ့် သင်ခန်းစာကပါနေတယ်၊ အရှင်းလေးပဲ မင်းမိတ်ဆွေအပေါင်းအသင်းကို ကူညီချင်တယ်ဆိုရင်ကူညီပါ၊သို့သော် သူ့ကျောပေါ်ကဝန်ထုပ် ကိုယ့်ကျော ပေါ် ပြောင်းတင်တာမျိုးတော့ မဖြစ်စေနဲ့ ဆိုတဲ့သင်ခန်းစာပဲပေါ့ ကွ “အေးဗျာ ကျွန်တော်မတွေးမိဘူး၊ ဒါသိပ်ကောင်းတဲ့ သင်ခန်းစာပဲ၊ မှန်တယ်၊ ကျွန်တော့် ယောက် ဝန်ထုပ်ကို ကျွန်တော်မထမ်းနိုင်ဘူး၊ ဒါပေမယ့်ဗျာ၊ ခင်ဗျား လူတစ်ကာကို ငွေချေးနေတယ် မဟုတ်လား၊ အဲဒီ လူတွေက ခင်ဗျားကို ပြန်မဆပ်ကြဘူးလား၊” သည်လိုမေးတော့ မာသွန်ကပြုံးသည်။ အတွေ့အကြုံ ကြွယ်ဝ လှသူ၏အပြုံး။ “ဒီမှာ ရိုဒန်၊ အကယ်၍ မြီးစားတစ်ယောက်ဟာ သူ့ကြွေးကို ပြန်မဆပ်နိုင်ဘူးဆိုပါတော့၊ ဒီလူကို ချေးငှားခဲ့ခြင်းဟာ သင့်တော်မှန်ကန်တယ်လို့ ဆိုနိုင်မလား၊ မြီးရှင်တစ်ယောက်အနေနဲ့ ကိုယ်ချေး လိုက်တဲ့ ငွေဟာ မြီးစားအတွက် တကယ်အကျိုးပြုနိုင်မပြုနိုင်၊ ဒီငွေကို ဒီလူပြန်ဆပ်နိုင်မယ့်အလား အလာ ရှိ မရှိဆို တာကို ကြိုတင်ပိုင်းခြားဝေဖန်ဖို့ မသင့်ဘူးလား၊ အဲဒီလိုပိုင်းခြားဝေဖန်နိုင်တဲ့ အစွမ်း သတ္တိကော သူ့မှာ ရှိဖို့ မလိုဘူးလား၊အကယ်၍ လိမ်လိမ်မာမာမသုံးစွဲတတ်တဲ့လူကို ပိုက်ဆံသွားချေးမယ်၊ဒီလူက သုံးဖြုန်းပစ်လို့ ကုန်သွားမယ်ဆိုရင် သူ့မှာပြန်မဆပ်နိုင်တဲ့ ကြွေးမြီးတစ်ခုတိုးလာတာပဲရှိမှာပေါ့ ၊ ငွေချေးခြင်းဟာသူ့အတွက် ကောင်းကျိုးမဖြစ်ဘူး၊ ဆိုးကျိုးပဲဖြစ်မယ်၊ မင်းကိုငါ ပြမယ်၊ ငါ့ဆီမှာ အပေါင်သဘော ကတိကဝတ်သဘော ပေးထားခဲ့ကြတဲ့ ပစ္စည်းတွေ၊ တစ်ခုစီမှာ ဇတ်လမ်း တွေရှိတယ်။ ငါပြောပြမယ်” သည်လိုပြောပြီး မာသွန်က အခန်းထဲသို့ သေတ္တာကြီးတစ်လုံး မ,ယူလာသည်။သေတ္တာက အနီရောင် သားရေဖြင့်ချုပ်ထားပြီး ကြေးနီသတ္ထုဖြင့် ဒီဇိုင်းအကွက်ဖေါ်၍ကွပ်ထားသည်။ သူကသေတ္တာကို ကြမ်းပြင်မှာ ချကာ သေတ္တာရှေ့မှာ ထိုင်လိုက်သည်။ သူ့လက်နှစ်ဘက်က သေတ္တာအဖုံးပေါ်မှာ။ သူကသေတ္တာကို အရင်မဖွင့်သေးဘဲ သူ့ လုပ်နည်းလုပ်ဟန်တွေ အရင် ရှင်းပြနေသည်။ “ငါငွေထုတ်ချေးလိုက်ရတဲ့ လူတိုင်းဆီက အထိမ်းအမှတ်ပစ္စည်းတခုတော့ ဟောဒီကတိကဝတ် သေတ္တာအတွက် ငါတောင်းယူစမြဲပဲ၊ ချေးငွေပြန်ဆပ်တဲ့အချိန်အထိ ဒီပစ္စည်းဟာ ဒီသေတ္တာထဲမှာရှိနေရမယ်၊ ငွေပြန်ဆပ်ရင် ပြန်ပေးလိုက်မယ်၊ ဘယ်တော့မှ ပြန်မဆပ်ဘူးဆိုရင်တော့ ကတိမတည်သူဖြစ်ကြောင်း သက်သေအဖြစ် သူ့ပစ္စည်းက ဒီမှာထာဝရ တည်နေလိမ့်မယ်၊ “ဒီကတိကဝတ်သေတ္တာရဲ့ ပြောပြချက်အရ ငါသိလာရတဲ့ အချက်တစ်ခုက၊ စိတ်အချရဆုံး ချေးငွေ ဆိုတာဟာ အဲဒီငွေပမာဏထက် ကြီးမားတဲ့ဥစ္စာစီးပွားရှိသူကို ထုတ်ပေးလိုက်တဲ့ ချေးငွေပဲ၊ မြေယာပိုင်တယ်၊ ကုလားအုတ်တွေပိုင်တယ်၊ ရွှေငွေရတနာရှိတယ်ဆိုတဲ့ လူမျိုးတွေ၊ တစ်နည်းပြောရရင် ပစ္စည်းရောင်းပြီး ကြွေး ဆပ်နိုင်တဲ့လူတွေ၊ ဒီလူမျိုးတွေကိုချေးတဲ့အခါ တချို့ ကချေးငွေထက် အများကြီးတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာ ပစ္စည်းကို အပေါင်သဘောပေးတယ်၊ တချို့ ကအကယ်၍ချေးငွေ မဆပ်နိုင်ရင် ဘယ်မြေယာကို ပေးပါ့မယ်လို့ ကတိကဝတ်ပြုပြီး လက်မှတ်ရေးထိုးပေးထားတယ်၊ ဒီလိုချေးငွေမျိုးကျတော့ အမြဲအကျိုးအမြတ်ရတယ်။ အရင်းဆုံးမှာမပူရဘူး၊ သူက ပစ္စည်းပိုင်ဆိုင်မှုပေါ် အခြေခံပြီးချေးတာကိုး၊ “နောက်အမျိုးအစားတစ်ခုက၊ ဥစ္စာဓနမကြီးမားဘူး၊ သို့သော် ပုံမှန်ဝင်ငွေရှိသူ ဝင်ငွေရှာနိုင်သူတွေ၊ ဥပမာ မင်းလိုပေါ့ကွာ၊အလုပ်လုပ်တတ်တယ်၊အဲဒီကဝင်ငွေ ရတယ်၊ဒီလူမျိုးတွေဟာလည်း ရိုးသားဖြောင့်မတ် သူဖြစ်မယ်၊ ကိုယ်ငွေချေးထားပြီးကာမှ ကံဆိုးမိုးမှောင် မကျဘူးဆိုရင် အတိုးရော အရင်းပါ ကျေအောင်ဆပ် နိုင်ကြပါတယ်၊ ဒီငွေကတော့ လူရဲ့ အရည်အသွေးပေါ် ခြေခံပြီးချေးတာ၊ “ကျန်တာကတော့ ဥစ္စာပစ္စည်းလည်းမရှိ၊ ပုံမှန်ဝင်ငွေလည်းမရှိတဲ့လူတွေပဲ။ လူ့ဘ၀ဆိုတာကလည်း သိပ်တော့ မလွယ်ကူဘူးကွ၊ ဒီအထဲမှာ သဟဇာတဖြစ်အောင် မနေတတ်တဲ့ လူတွေ အများကြီးရှိတယ်၊ ဒီလူမျိုးကို ပိုက်ဆံသွားချေးမိရင် ချေးငွေက တပြားနှစ်ပါး ဖြစ်ချင်ဖြစ်ပါ စေ သူ့ ကတိပစ္စည်းကတော့ ဒီသေတ္တာထဲမှာ ထာဝရနေပြီး ငါ့ကို အပြစ်တင်နေတော့မှာပဲ၊ အဲ သူတို့ကိုယ်စား အာမခံတဲ့ မိတ်ကောင်း ဆွေကောင်းတွေပါလာရင်တော့လည်း တစ်မျိုးပေါ့ကွာ” သည်လိုပြောပြီး မာသွန်က သားရေသေတ္တာကိုဖွင့်သည်။ ရိုဒန်က ကြည်လိုဇောနှင့် ရှေ့သို့ တိုးလာသည်။ သေတ္တာပေါ်ဆုံးတွင် မြင်ရသည်က ကြက်သွေးရောင်အဝတ်တစ်ခုပေါ်တွင် တင်ထားသည့်ကြေးဝါ သတ္ထုဖြင့် ပြုလုပ်ထား ကော်လာကွင်းတစ်ခုဖြစ်သည်။မာသွန်ကကြေးဝါပစ္စည်းလေးကို ကောက်ယူကာ နှစ်သက်စွာ ကိုင်တွယ်ကြည့်နေသည်။ “ပိုင်ရှင်က တမလွန်ဘဝကို ကူးပြောင်းသွားပြီဆိုတော့ ဒီဟာလေးက ကိုယ့်သေတ္တာထဲ အမြဲ ရှိနေ တော့မှာပါ။ ဒီပစ္စည်းလေးကို တန်ဘိုးထားပါတယ်၊ သူငယ်ချင်းအရင်းအချာရဲ့ ပစ္စည်းကိုး၊ သူလားသွားတာ၊ သူ့အတွက်အမှတ်တရပေါ့ ၊သူနဲ့ငါ အတူတစ်ကွ ကုန်စည်ကူးသန်းရောင်ဝယ်ခဲ့ကြတယ်။ အများကြီး အောင် မြင်ခဲ့တယ်၊ တစ်နေ့မှာတော့ သူကအရှေ့ပိုင်းဒေသက မိန်းမတစ်ယောက်ကို ယူပြီး ပြန်ရောက်လာတယ်၊ ဒီမိန်းမနဲ့ လက်ထပ်တယ်၊ ဒီမိန်းမက တစ်ကယ်လဲချောပါတယ်၊ ဒါပေမယ့် တို့မိန်းမတွေနဲ့ မတူဘူး၊ အရမ်း ဆင်ကယ် ပြင်တယ်ဝတ်စားတယ်၊ မြင်ရတဲ့လူ မျက်စိကျိန်း လောက်အောင်ကို အရမ်းတောက်ပတယ်၊ ငါ့သူငယ်ချင်းက ဒီမိန်းမအလိုဆန္ဒရှိသမျှ အကုန်လုံးလိုက် လျောတယ်၊ ရှိသမျှပိုက်ဆံ ထုတ်ပေးထားတယ်၊ ပေးတော့ကုန်တာပေါ့၊ ကုန်တဲ့အခါ ငါ့ဆီရောက်လာတယ်၊ ငါလည်းသူ့ကို အကြံဉာဏ်ပေးတယ်၊ အကျိုး အကြောင်းပြောပြတယ်၊ သူသာ ထိန်းထိန်းသိမ်း သိမ်းနဲ့ လုပ်မယ်ဆိုရင် အရင် အနေအထားမျိုး ပြန်ရောက် အောင် ထူထောင်နိုင်ဘို့ ငါအကူအညီပေးမယ်လို့ ကတိပေးလိုက်တယ်၊သူကလည်းစိတ်ချ၊ အရင်ပုံစံအတိုင်း ပြန်ကြိုးစားမယ်ဆိုတာ ကျိန်တွယ်ပြီး ပြောတယ်၊ ဒါပေမယ့် တစ်ကယ့်လက်တွေမှာ ဖြစ်မလာဘူး၊ မိန်းမကို သူမထိန်းနိုင်ဘူး၊ တစ်ကြိမ်မှာ လင်မယား စကားများကြတော့ မိန်းမက ဓါးနဲ့ ထိုးမယ်လုပ်တယ်၊ အဲဒီမှာ သူက မင်းထိုးရဲလို့ ကတော့ ငါအသေခံရဲတယ်ဆိုပြီး ရင်ကော့ပေးတော့ ဟိုကစွပ်ကနဲ ထိုးချလိုက်တာ ပွဲချင်း ပြီးပဲ” “အဲဒီတော့ မိန်းမကဘာဖြစ်သွားသလဲ” ရိုဒန်ကမေးသည်။ “ဟောဒီမှာ၊ ဒါသူ့ပစ္စည်းပဲ”မာသွန်က ကြက်သွေးရောင် အဝတ်စကို ကိုင်၍ဆိုသည်။ “အမျိုးသမီးက ယောက်ျားကို ဓါးနဲ့ ထိုးမိပြီးမှ နောင်တသံဝေဂတွေရ သောက ဗျာပါဒမီးတွေ လောင်မြိုက်ပြီး ယူဖရေးတီးမြစ်ထဲ ခုန်ချသေသွားတယ်၊ သူတို့နှစ်ယောက်ရဲ့ ကတိပစ္စည်းလေးတွေ ငါ့ဆီ ကျန်ရစ်တယ်၊ကြွေးကတော့ဆုံးပေါ့ ၊စိတ်လှုပ်ရှားထကြွလွန်း ပူလောင်ပြင်းပြသူတွေဟာ၊ ငွေတိုးချေးသမား အတွက်တော့ စိတ်ချရတဲ့ ဖောက်သည်တွေမဟုတ်ဘူးဆိုတာ ဒီသေတ္တာက ပြနေတာပဲ၊ “ဟောဒီမှာ၊ ဒါကျတော့ သူတို့နဲ့မတူဘူးကွ၊” မာသွန်က နွားရိုးဖြင့် ပြုလုပ်ထားသည့် လက်စွပ် ကလေးတစ်ကွင်းကို ယူ၍ပြသည်။ “ဒါ လယ်သမားတယောက်ပိုင်တာ၊ ငါကသူ့အမျိုးသမီးဆီက  ကော်ဇော တွေ ဝယ်လေ့ရှိတယ်၊တကြိမ်မှာတော့ သူတို့လယ်တွေထဲ ကျိုင်းကောင်တွေ တအားကျ တော့ သီးနှံတွေပျက် စီးပြီး စားစရာမရှိဖြစ်တဲ့အခါ ငါ့ဆီလာတယ်၊ ငါလည်းကူညီလိုက်တယ်၊ နောက် တကြိမ်သီးနှံပေါ်တော့ ချေးထားတာပြန်ဆပ်တယ်၊ တကြိမ်ကျတော့ သူရောက်လာပြန်တယ်၊ အတော် ဝေးတဲ့အရပ်ဒေသတစ်ခုကို ခရီးသွားပြီး ပြန်ရောက်လာတဲ့ လူတစ်ယောက်က သူ့ကိုပြောတယ်တဲ့၊ အဲဒီမှာ အမွေးရှည်တဲ့ ဆိတ်ကြီးတွေ သူတွေ့ခဲ့တဲ့အကြောင်း၊ အမွေးက ရှည်လျားရုံမက အမွှေးလည်းကောင်း သိပ်လည်းနူးညံ့တဲ့အတွက် အဲဒီဆိတ်မွေးနဲ့ သာ ကော်ဇောလုပ်လိုက်ရရင် ဘေဘီလုံမှာ တခါမှမမြင်ဘူးသေးတဲ့ ကော်ဇော အကောင်းစား တွေ ရနိုင်တဲ့အကြောင်းစသဖြင့် ပေါ့ ၊ ဒီသတင်းကြားတော့ လယ်သမားက အဲဒီဆိတ်တွေ သွားဝယ်ချင်တယ်၊ သို့သော်ငွေကမရှိဘူး၊ ဒါနဲ့ငါသူ့ကို အဲဒီခရီးသွား ပြီးဆိတ်ဝယ်ဘို့ ငွေထုတ်ချေးလိုက်တယ်၊ အခုဆိုရင် သူ့ ဆိတ်အုပ်က အတော်များနေပြီ၊ နောက်နှစ်ဆိုရင် ဘေဘီလုံက သူဌေးသူကြွယ်တွေကို ဈေးအကြီးဆုံးဆိုတဲ့ ကော်ဇောတွေ ငါရောင်းတော့မယ်၊ အကောင်းဆုံးဆိုတာတွေ သူတို့သုံးရတော့မယ်။ မကြာခင် ဒီလက်စွပ်ကို ပိုင်ရှင်လက်ထဲ ပြန်အပ်ရတော့မယ်၊ သူကလည်း အမြန်ဆုံးပြန်ရွေးချင်လှပြီ” “တစ်ချို့ မြီးစားတွေက အဲဒီလို သဘောမျိုးရှိသလား” ရိုဒန်ကမေးသည်။ “မှန်တယ်၊ ငွေပြန်ရဘို့ ရည်ရွယ်ချက်နဲ့ ငွေချေးငှားတဲ့လူတွေကတော့ ဒီသဘော ရှိတတ်ကြတယ်။ ဆင်ကန်းတောတိုး လျှောက်လုပ်ပြီး အခက်အခဲကြုံလာလို့ ငွေချေးတဲ့သူများကျတော့ သတိထားကွ၊ မင်းငွေ ပြန်ရဘို့ သိပ်မသေချာဘူး” “ဟောဒီပစ္စည်းအကြောင်း ပြောစမ်းပါအုံး” ကျောက်မျက်ရတနာများ စီချယ်ထားသည့် ရွှေလက်ကောက်ကြီးတစ်ကွင်းကို ကောက်ကိုင်ကာ ရိုဒန် မေးသည်။ လက်ကောက်ဒီဇိုင်းက ခပ်ဆန်းဆန်း။ “ငါ့သူငယ်ချင်းက အမျိုးသမီးအရေးကိစ္စ စိတ်ဝင်စားပုံရတယ်” မာသွန် ကနောက်သည်။ “ကျွန်တော်က ခင်ဗျားထက် အများကြီး ငယ်သေးတယ်လေဗျာ” ရိုဒန် ကလည်း အားကျမခံ ပြန် ပြောသည်။ “ဟုတ်ပါတယ်၊ ဒါပေမယ့် အခုကိစ္စမှာတော့ အချစ်ဇတ်လမ်း ဆန်းဆန်းတပုဒ် ကြားရဘို့ မျှော်လင့် ။ ထားမယ်ဆိုရင် မင်းမှားသွားပြီကွ၊ ဒီလက်ကောက်ပိုင်ရှင်က ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီးတယောက်ပဲ၊စကား ကသိပ်များတာ၊ ဘာမဟုတ်တာတွေကို မဆုံးနိုင်အောင် လျောက်ပြောနေတတ်တဲ့ အမျိုးအစား၊သူလာရင် ငါ ရူးချင်တယ်၊ ဒီမိန်းမကြီးက အစကတော့ အတော်ချမ်းသာပါတယ်၊ ငါနဲ့ အများကြီး မဆက်ဆံဘူးတဲ့ ဖောက်သည်ဟောင်းတွေပါပဲ၊ဒါပေမယ့် နောက်ပိုင်းသူတို့မိသားစုတွေ တောက်လျှောက် ဒုက္ခရောက်ကြတယ် မိန်းမကြီးက သူ့သားကို ကုန်သည်တယောက်ဖြစ်စေချင်တယ်၊ ငါ့ဆီက ပိုက်ဆံလာချေးတယ်၊ ပြီးတော့ သူ့သားကိုဝန်တင်ကုလားအုတ်တန်းကြီးနဲ့ မြို့စဉ်လျှောက်လှည့်ပြီး ကုန်စည်ဖလှယ်တဲ့ ကုန်သည်တယောက် ။ ဆီမှာ စီးပွားစပ်တူလုပ်ဘို့ ထည့်လိုက်တယ်၊ ဒါပေမယ့် အဲ့ဒီကုန်သည်က တကယ့်လူလိမ် လူဆိုးပဲ။ ချာတိတ်ကို ဝေးဝေးလံလံ မြို့တမြို့မှာ တစိမ်းတွေကြားထဲ ပိုက်ဆံတစ်ပြားမှမပါ ဘဲ ချန်ထားခဲ့တယ်။ ကောင်လေးအိပ်ယာကမထခင် အစောကြီးလစ် ထွက်သွားခဲ့တာ၊ ဒီကောင်လေးကြီးလာတဲ့အချိန်ကျရင် သူ့အတွက်ယူတဲ့ကြွေးကို သူပြန်ဆပ်ချင်ဆပ်နိုင် မှာပေါ့ လေ၊ ဒီကြားထဲမှာတော့ အတိုးလေးတောင်မရဘူးကွ အဘွားကြီးဆီက ညည်းသံတွေပဲ ကြားနေ ရတယ်၊ ဒါပေမယ့် သူအပ်ထားတဲ့ပစ္စည်းကတော့ ချေးငွေထက် အများကြီး အဘိုးတန်ပါတယ်” “ငွေချေးတုန်းက ခင်ဗျားဆီမှာ ဒီအမျိုးသမီးကြီး အကြံဉာဏ်တွေ ဘာတွေတောင်းသေးသလားဗျ” “ဘယ်တောင်းမလဲကွာ၊ သူ့အာရုံထဲမှာ သူ့သားကို ဘေဘီလုံမှာ အချမ်းသာဆုံး သြဇာရှိန်ဝါ အကြီးဆုံး သူဌေးကြီးဖြစ်လာမယ့်သူအဖြစ် မြင်ယောင်ထားတာကိုး၊ သူ့ စိတ်ကူးအတိုင်း ဖြစ်ချင်မှဖြစ်မယ်၊ ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာမျိုး သူမကြားချင်ဘူးလေ၊ တယောက်ယောက်က အဲ့ဒါမျိုးပြောရင်သူဒေါသထွက်မှာ၊ ငါတောင်စကားရိပ်သန်းမိလို့ အဟောက်ခံလိုက်ရသေးတယ်၊ ဘာမှအတွေ့ အကြုံမရှိတဲ့ ချာတိတ်လက်ထဲ ဒီလောက်ငွေတွေအများကြီး အပ်လိုက်ရင် ဒုက္ခရောက်မယ်ဆိုတာ ငါမြင်နေ တာကိုး၊ ဒါပေမယ့် သူက အပေါင်ပစ္စည်း ထိုက်ထိုက်တန်တန် ပေးပြီးချေးတာ ဆိုတော့ ငါလည်း မငြင်းနိုင်ဘူးပေါ့ ၊ “ဒီဟာကတော့ ကုလားအုတ်ကုန်သည် နီတတူရဲ့ ပစ္စည်းကွ” မာသွန် ကကြိုးထုံးတစ်လုံးကို ယူ၍ပြသည်။ “နီဗာတူက ကုလားအုတ်တွေ များများကြီးဝယ်ချင်လို့ ငွေမနိုင်တဲ့အခါမျိုးကျရင် ငါ့ဆီ လာပြီး သူလိုသလောက် ချေးတယ်၊ ပြီးတော့သူငွေချေးထားတဲ့အမှတ်အသားအဖြစ်နဲ့ ဒီကြိုးထုံးပေးခဲ့ လေ့ရှိတယ်။ သူက အရောင်းအဝယ် သိပ်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကို စိတ်ချတယ်၊ လွတ်လွတ်လပ်လပ် ချေးငှားလေ့ ရှိတယ်၊ နီဗာတူလိုပဲ ဘေဘီလုံမှာ ငါစိတ်ချလက်ချ ချေးလိုက်နိုင်တဲ့ တခြား ကုန်သည်တွေ ရှိပါတယ်၊ အများကြီးပါပဲ၊ လုပ်ငန်းကျွမ်းကျင်တယ်၊ ပြီးတော့ ကတိလည်းတည် တဲ့ပုဂ္ဂိုလ်တွေ၊ သူတို့ဆီက အမှတ်အသား ပစ္စည်းတွေကတော့ ငါ့သေတ္တာထဲ ဝင်လိုက်ထွက်လိုက်ပေါ့ ၊ ဒီကုန်သည်ကြီးတွေဟာ ဘေဘီလုံမြို့ ကြီး သာယာဝပြောအောင် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ အရောင်းအဝယ် လွယ်ကူ ချောမွေ့ အောင် ကူညီတဲ့အတွက် ငါလည်းအများကြီး အကျိုးကျေးဇူး ခံစားရတယ် ”  မာသွန်က စိမ်းပြာရောင်တာကွိုက်ကျောက်ဖြင့် ပြုလုပ်ထားသည့် ရွှေပိုးကောင် ရုပ်ကလေးတခုကို ထုတ်ယူပြီး ကြမ်းပေါ်ပစ်ချလိုက်သည်။ “အဲဒါ၊ အီဂျစ်ပြည်က ရွှေပိုးကောင်ကွ၊ ပစ္စည်း ပိုင်ရှင်ချာတိတ်က ကိုယ်ချေးထားတဲ့ငွေ ကိုယ်ပြန် ဆပ်ရကောင်းမှန်းသိတဲ့ လူစားမျိုးမဟုတ်ဘူး၊ ပြောပြန်ရင်လည်း မကြိုက်ဘူး “ကျွန်တော့်မှာ ဒီလောက်ဒုက္ခရောက်နေတော့ ခင်ဗျားငွေ ဘယ်လိုလုပ်ပြီး ပြန်ပေးနိုင်မလဲ၊ ကိုယ်လည်းတအား ချမ်းသာနေပြီးတော့” တဲ့၊ သူကတောင်ပြန်ဟောက်ချင်သေးတယ်၊ငါဘာတတ်နိုင်မလဲ၊ ရွှေပိုးကောင်က သူ့အဖေပစ္စည်း၊ဒီလူက မချမ်းသာပေမယ့် လူကောင်းပါ၊သား ပိုက်ဆံချေးတော့ သူက သူပိုင်မြေယာနဲ့ ကျွဲနွားကို အာမခံထားပေးတယ်၊ ကောင်လေးကအစပိုင်း မှာတော့အတန်အသင့်အောင်မြင်ပါတယ်၊ ဒါပေမယ့် လူက လောဘကြီးတယ်၊ နေ့ချင်းညချင်း ချမ်းသာချင်နေတယ်။ တစ်ကယ်တမ်း လုပ်ငန်းဗဟုသုတ ပြည့်ပြည့်ဝဝရှိတာမှုတ်ဘူး၊ နောက်တော့ အကုန်လုံး ရှုံးရောဆိုပါတော့လေ။ “လူငယ်တွေက တစ်ခါ တစ်လေ ချမ်းသာချင်စိတ် သိပ်လွန်ကဲတယ်၊ သိပ်အရင်လိုတယ်၊ အဲဒီ အခါ ဖြတ်လမ်းနည်းတွေသုံးလာတယ်၊ ငွေကိုမစဉ်းမစား အလွန်အကျွံ ချေးငှားတာတွေလုပ်လာတယ်။ မနိုင်တဲ့အကြွေးတစ်ခုဟာ လူကို ဘယ်လောက်နှိပ်စက်နိုင်တယ်ဆိုတာ သူက မကြုံဘူးတော့မသိဘူး၊ ကြွေး တွင်းထဲကျသွားပြီဆိုတဲ့အခါ ပြန်တက်ဖို့ မလွယ်တော့ဘူး၊ များများချေးမိရင် ပိုနက်တဲ့တွင်းထဲကျ တယ်၊ နေမမြင် လမမြင်အောင် နက်တဲ့ကွင်းမျိုး၊ အလင်းရောင် မမြင်ရ မျှော်လင့်ချက်မရှိတဲ့ဘဝ၊ တွေးမိတိုင်း ဝမ်းနည်းစရာ နှမြောတသစရာတွေဖြစ်ပြီး မအိပ်နိုင် မစားနိုင်နဲ့ နှစ်ပေါင်းများစွာ ဒုက္ခခံပေရော့ပဲ။ ဒီလိုပြော တဲ့အတွက် ငါကပိုက်ဆံလာချေးတဲ့သူတိုင်းကို စိတ်ပျက်အောင်လုပ်သလားဆိုတော့ မလုပ်ပါဘူး၊ အားပေး ပါတယ်၊ ဒါပေမယ့် အမြော်အမြင်ရှိတဲ့အလုပ် အကျိုးအမြတ်ရှိမယ့်အလုပ်မျိုးဖြစ် စေဖို့တော့ သတိထား တယ် အဲဒါမျိုးဆိုရင် ငါထောက်ခံတယ်၊ငါကိုယ်တိုင်ကုန်သည်ဘဝ စ၀င်တုန်းကလည်း သူများဆီကချေးငွေ နဲ့ ပဲ အရင်တည်ခဲ့ရတာပဲ၊ အဲဒါနဲစပြီး အောင်မြင်မှုရခဲ့တာပဲ၊ “ဒါပေမယ့် စောစောကကိစ္စမျိုးကျတော့ မြီးရှင်ဖြစ်တဲ့ အနေနဲ့ ဘယ်လိုလုပ်မလဲ၊ ချာတိတ် က အရှိန်တက်နေတုန်းကတက်ပြီး အခုတော့စိတ်ဓာတ်ကျနေပြီ၊ ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင် တော့ဘူး၊ ကြွေးပြန်ဆပ်ဖို့ ကို သူနည်းနည်းမှ မကြိုးစားတော့ဘူး၊ သူ့အဖေဆီကမြေနဲ့ ကျွဲ နွား တွေသိမ်းဖို့ ကျတော့လည်း ငါမလုပ်ရက်ဘူး၊” “အင်း ခင်ဗျားစကားတွေနားထောင်ရတာ စိတ်ဝင်စားစရာပဲဗျာ၊” ရိုဒန်ကဆိုသည်။ “ဒါပေမယ့် ကျွန်တော့်မေးခွန်းအတွက် အဖြေမရသေးဘူးဗျ။ ကျွန် တော်ရွှေဒင်္ဂါး အပြားငါးဆယ်ကို ကျွန်တော့် ယောက်ဖကို ချေးသင့်မချေးသင့်ဆိုတဲ့ကိစ္စ၊ ဒီဟာက ကျွန်တော့်အတွက် သိပ်တန်ဘိုးကြီးတဲ့ ပစ္စည်း ဖြစ်ပေါ် တယ် ” ၊ “အေး၊ မင်းနှမဟာလည်း တစ်ကယ်အရည်အချင်းရှိတဲ့အမျိုးသမီးတစ်ယောက်ပါ၊ ငါလေးစားမှု ရှိပါတယ်၊ ဒါပေမယ့် သူ့ယောက်ျားက ငါ့ ဆီလာပြီး ရွှေဒင်္ဂါးငါးဆယ် ချေးမယ်ဆိုရင်တော့ သူ ဒီငွေကို ဘာအတွက် ဘယ်လိုအသုံးပြုမလဲ ငါမေးရမယ်၊ အကယ်၍ သူက သူလည်းပဲ ငါ့လို ကုန်သည် တယောက် ဖြစ်ချင်ပါတယ်၊ ကျောက်မျက်ရတနာတွေ အထက်တန်းစား အဝတ်တန်ဆာတွေ ရောင်းချချင်ပါတယ်လို့ ပြောမယ်ဆိုပါတော့၊ ငါထပ်မေးမယ် “မင်းမှာကုန်သွယ်မှုနဲ့ ပတ်သက်လို့ ဘယ်လိုဗဟုသုတမျိုးရှိသလဲ” “ဒီပစ္စည်းတွေကို ဘယ်နေရာမှာအသက်သာဆုံးဈေးနဲ့ ဝယ်လို့ရနိုင်သလဲ မင်းသိသလား၊ ဒါတွေကို ဘယ်နေရာတွေမှာ အမြင့်ဆုံးဈေးနဲ့ ရောင်းထုတ်နိုင်မလဲ မင်းသိသလား” စသဖြင့်၊ အဲဒီတော့ ငါဒီလိုမေးရင် သူရေရေရာရာ နိုင်မလား မင်းပြောစမ်းပါအုံး” “ဘယ်ဖြေနိုင်မလဲ” ရိုဒန်ကဆိုသည်။ “သူက ကျွန်တော့် ပန်းပဲဖိုမှာ အဓိကကူလုပ်နေတာပဲ။ တခြားဆိုင်တွေ ဘာတွေမှာလည်းအနည်းအပါးတော့ ကူလုပ်ဖူးတယ်ပေါ့ လေ။ “ဒါဆိုရင်တော့ သူ့ရည်ရွယ်ချက်က အမြော်အမြင်ရှိရှိ ချမှတ်ထားတဲ့ ရည်ရွယ်ချက်မျိုးလို့ ငါ မဆို နိုင်ဘူး၊ ဒါသူ့ကိုငါဖွင့်ပြောရမယ်၊ ကုန်သည်ဆိုတာလည်း သူ့လုပ်ငန်းသူကျွမ်းကျင်အောင် လေ့လာရ သေး တယ်၊ သူ့ရည်မှန်းချက်က ကြီးတာမှန်ပါတယ်၊ ဒါပေမယ့် လက်တွေ့မကျဘူး၊ ဖြစ်မှာမဟုတ်ဘူး၊ ငါသူ့ကို ပိုက်ဆံမချေးနိုင်ဘူး၊ “ဒါပေမယ့်၊ အကယ်၍ ငါမေးတဲ့အခါ သူနိုင်တယ်ဆိုပါတော့၊ “ဟာ၊ ကျွန်တော်ကုန်သည်တွေ ဆီမှာအများကြီးကူညီလုပ်ကိုင်ပေးဘူးတယ် ဆမာနာမှာ အိမ်ရှင်မတွေ ကိုယ့်အိမ်ကိုယ်နေရင်း တနိုင်ရက်တဲ့ ကော်ဇောတွေ ဈေးပေါပေါနဲ့ ကျွန်တော်သွားဝယ်လို့ ရတယ်၊အဲဒါတွေကို ဈေးကောင်းကောင်းနဲ့ လိုက်ရောင်း လို့ ရမယ့် ဘေဘီလုံက သူဌေးအတော်များများလည်း ကျွန်တော်သိထားတယ်၊” စသဖြင့်ပေါ့၊ အဲဒီလိုဆိုရင် တော့ ငါတစ်မျိုးပြောရမယ်။ မင်းရည်ရွယ်ချက် ကောင်းပါတယ်ကွာ၊ အကြံ ဉာဏ်လည်းမဆိုးပါဘူး၊ အောင်မြင်နိုင်ပါ တယ်၊ ရွှေဒင်္ဂါးငါးဆယ် မင်းကိုငါချေးမယ်၊ သို့သော် ငါ့ ရွှေ အတွက် စိတ်ချရအောင် အပေါင်ပစ္စည်းတစ်ခုခုတော့ ပေးထားပါ၊” ဒီလိုပြောမယ်၊ ဒီအခါ သူက “ပေါင်စရာတော့မရှိဘူး၊ ကျွန်တော့် သစ္စာ သမာဓိကိုပဲ အာမခံထားနိုင်မယ်၊ ကျွန်တော်ခင်ဗျားချေးငွေကို ကျတဲ့အထိဆပ်ပါ့မယ်လို့ ကတိပေး ပါတယ်လို့ ဆက်ပြီးပြောလာမယ်ဆိုပါတော့ အဲဒီလိုတော့မဖြစ်နိုင်ပါဘူးဗျာ၊ ကျွန်တော့်ပိုက်ဆံကို ကျွန်တော် အင်မတန် တန်ဖိုးထားပါတယ်၊ အကယ်၍ မတော်တဆ ခင်ဗျား ဆမာမာကအပြန်လမ်းမှာ ကော်ဇောတွေ ခိုးသားဓါးပြ လုယက်သွားပြီဆိုပါတော့ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုပြန်ဆပ်မလဲ၊ အဲဒါဆို ကျွန်တော် ဆုံးပြီဗျ၊” လို့ ငါ ပြန်ပြောလိုက်မယ်၊ “ဒီမှာ ရိုဒန်၊ ငွေဆိုတာ ငွေတိုးချထားသူတွေရဲ့ အရင်းအနှီး ကုန်ပစ္စည်းပဲကွ၊ ချေးရတာသိပ် လွယ်တယ်၊ ဒါပေမယ့် စဉ်းစဉ်းစားစား ချေးငှားတာမျိုးမဟုတ်ရင် ပြန်ရဖို့ သိပ်ခက်သွားတတ်တယ်။ ဒါကြောင့် မြော်အမြင်ရှိတဲ့ ငွေချေးစားသူများဟာ ဘယ်တော့မှ မစွန့်စားဘူး၊ သေချာတာကိုပဲ ချေးငှား လေ့ရှိတယ်၊ အေး၊ အခက်အခဲကြံ နေတဲ့လူကို ကူညီတယ်ဆိုတာ ကောင်းတာပေါ့ကွာ၊ ကံကြမ္မာရဲ့ ဖိစီးနှိပ်စက်မှု ခံနေရတဲ့လူကို သက်သာအောင် ဖေးမထောက်ကူတာ ဘာမကောင်းစရာရှိသလဲ၊ ကိုယ့်ဘဝ တိုးတက်မြင့်မားအောင်၊ ကိုယ့်မြို့ ကိုယ်နိုင်ငံအတွက် တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင် စတင် ကြိုးစားနေသူမျိုးကိုလည်း အားပေးသင့်တာပဲပေါ့ ၊ ဒါပေမယ့် သူတစ်ပါးကို ကူညီတယ်ဆိုတာ ပညာသတိ လေးနဲ့ ကူညီရတယ်၊ မစဉ်းစားသွားလုပ်ရင် ဟိုပုံပြင်ထဲက မြင်းလို သူများဝန်ထုပ်ကို ကိုယ့်ဝန်ထုပ်အဖြစ် လွှဲပြောင်းယူလိုက်ရတာမျိုး ဖြစ်သွားတတ်တယ်၊ “ပြောရင်းနဲ့ ဘေးချော်သွားပြန်ပြီထင်တယ်၊ ကဲဒီတစ်ခါ တော့ မင်းမေးခွန်းကို တည့်တည့်ပဲ ဖြေလိုက်တော့မယ်၊ဒီမှာရိုဒန် မင်းရွှေဒင်္ဂါးငါးဆယ်ကို မင်းထိန်းရမယ်ကွ၊ မင်းလုပ်အားကြောင့်ရတဲ့ ပိုက်ဆံ၊ မင်းရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျလို့ ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်တဲ့ပိုက်ဆံ၊ ဒါဟာ မင်းပိုက်ဆံ စစ်စစ်ပဲကွ၊ ဘယ်သူ့ကိုမှ ခွဲပေးဖို့တာဝန်မရှိဘူး၊ မင်းဘာသာစေတနာပေါက်လို့ လျှောက်ပေးချင်ရင် တော့လဲပေါ့၊ ဒါပေမယ့် အကျိုးအမြတ်ရအောင်လုပ်မယ်၊ ဒီငါးဆယ်ထက် ပိုတိုးပွားအောင် ချေးငှားမယ် ဆိုရင်တော့ သတိဝီရိယ ထားရလိမ့်မယ်၊ ပြီးတော့ နေရာအများအပြား ဖြန့်ခွဲပြီး ချေးရလိမ့်မယ်၊ ငါက ပိုက်ဆံကို ဒီအတိုင်းသိမ်းထားတာ လုံးဝမကြိုက်ဘူး၊ ငွေဆိုတာ ရှင်သန်တိုးပွားနေရမယ်၊ဒါပေမယ့် ရှင်သန် အောင် လုပ်တဲ့နေရာမှာ သိပ်စွန့်စားရမှာမျိုးကိုတော့ ငါ လုံးဝမလိုလားဘူး၊  “အဲဒီတော့ငါမေးမယ်၊ မင်းဒီလှံတံတွေ သွန်းလုပ်တဲ့အလုပ် လုပ်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ” “သုံးနှစ်တင်းတင်း ပြည့်ပါပြီ” “အခု ဆုတော်လာဘ်တော် ချီမြှင့်ခံရတာကိုဖယ်လို့ မင်းမှာဘယ်လောက် စုဆောင်းမိခဲ့သလဲ” “ရွှေဒင်္ဂါးသုံးပြားပါ” “သုံးနှစ်မှာ သုံးပြား တစ်နှစ်လုံးအလုပ်လုပ်ပြီး ခြိုးခြိုးခြံခြံ သုံးစွဲတဲ့အခါ ရွှေဒင်္ဂါးတပြား စုမိတဲ့ သဘောပေါ့ “ဟုတ်ပါတယ်” “ဒါဆိုရွှေဒင်္ဂါးအပြားငါးဆယ် စုမိအောင်ဆိုရင် နှစ်ပေါင်းငါးဆယ်လုံးလုံး အလုပ်လုပ်ရမယ် ခြိုးခြံ ချွေတာရမယ်ဆိုတဲ့ သဘောပေါ့ ” “မှန်ပါတယ်၊ တစ်သက်လုံးလုပ်မှ ရမှာပါ” “ဒါဆို မင်းနှစ်ပေါင်းငါးဆယ်လုံးလုံး ကြေးရည်ကျိုတဲ့ဖိုမှာ ချွေးတစ်လုံးလုံးလုပ်ပြီး ခြိုးခြံ ချွေတာ စုဆောင်းလာတဲ့ငွေကို မင်းနှမက သူ့ယောက်ျား ကုန်သည်ကြီးဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်ဖို့ အရေးအတွက် ယူပြီး စွန့်စားချင်တဲ့ဆန္ဒ ရှိနိုင်ပါ့မလားကွ” “ခင်ဗျားအခုပြောတဲ့ စကားလုံးတွေအတိုင်း ကြားရရင်တော့ သူလည် ဘယ်ယူချင်ပါ့မလဲ”  “ဒါဖြင့် သူ့ဆီသွားပြီးပြောကွာ၊ ငါသုံးနှစ်လုံးလုံး မနက်ကနေဝင်ထိ အလုပ်လုပ်တယ်။ အခါကြီး ရက်ကြီးကလွဲလို့ တစ်ရက်မှမနားဘူး၊ စားချင်တိုင်းလဲမစား သုံးချင်တိုင်းလဲမသုံးဘဲ ခြိုးခြံ စု ဆောင်းတယ်၊ အဲဒီလိုလုပ်တော့မှ ငါ့မှာတစ်နှစ်ကို ရွှေဒင်္ဂါးတစ်ပြားနှုန်းလောက် စုမိတယ်၊ ဒါပေမယ့် မင်းဟာ ငါအင်မတန်ချစ်မြတ်နိုးတဲ့ နှမလေးပဲ၊ မင်းယောက်ျား လုပ်ငန်းကိုင်ငန်းလုပ်ပြီး ကြီးပွားချမ်းသာတာ ငါလည်းမြင်ချင်တယ်၊ အဲ့ဒီတော့ ငါ့ကို သူ့ လုပ်ငန်းအစီအစဉ်တွေကို ပြောခိုင်း၊ ဒီအစီအစဉ်ဟာ တကယ် အောင်မြင်နိုင်သလား၊ မအောင်မြင်နိုင်ဘူးလား၊ ငါ့သူငယ်ချင်း မာသွန်ကို ငါ မေးကြည့်မယ်၊ မာသွန်က လုပ်သင့်တဲ့အစီအစဉ်လို့ ထောက်ခံရင် မင်းယောက်ျား စမ်းသပ်ကြိုးစား ကြည့်နိုင်ဖို့အတွက် ငါ့ ရဲ့ တနှစ်စာ စုဆောင်းငွေကို ငါဝမ်းသာအားရ ထုတ်ချေးလိုက်မယ်၊ အဲဒီလိုပြော ပေါ့၊ သူသာအကယ်၍ လုပ်ငန်း လုပ်ချင်စိတ် တစ်ကယ်ထက်သန်သူမှန်ရင် ဒီငွေနဲ့ သူကြိုးစားပေါ့၊ ဒီငွေရင်းနဲ့ လုပ်လို့ ရတဲ့ အတိုင်းအတာ အတွင်းမှာ အောင်မြင်အောင်လုပ်နိုင်တဲ့အကြောင်း အရင်ဆုံး သက်သေပြပေါ့၊ အကယ်၍ မအောင်မြင်ခဲ့ဘူး ဆိုရင်လည်း မင်းအပေါ်တင်တဲ့အကြွေးဟာ သူကြိုးစားပြီးဆပ်မယ်ဆိုရင်တစ်နေ့ ကျေနိုင်တဲ့ ပမာဏလောက် ပဲရှိမယ်ပေါ့၊ “ဒီလိုကွ ရိုဒန်၊ ငါဘာကြောင့် ငွေတိုးချေးသမားဖြစ်နေလဲဆိုတော့ ငါ့မှာရှိတဲ့ငွေတွေက ငါအရောင်းအဝယ်လုပ်ငန်းမှာ သုံးနိုင်တာထက်ပိုနေတယ်၊ ဒီပိုနေတဲ့ငွေကို လုပ်ငန်းလုပ်မယ့် တခြားလူ တွေ ယူသုံးကြ၊သုံးပြီးတော့ အဲဒီကအကျိုးအမြတ်ရ၊ အဲဒါကို သူတို့လည်းခံစား၊ ငါလည်းခံစား အဲဒီလိုဖြစ်စေချင် တယ်။ ဒါပေမယ့် ငါထုတ်ပေးလိုက်တဲ့ငွေ ပျောက်ပျက်ဆုံးရှုံးသွားမှာတော့ ငါမလိုလားဘူး၊ ကိုယ် ချွေတာ စုဆောင်းခဲ့တဲ့ ပစ္စည်းဆိုတော့ နှမြောတယ်၊ အဲဒီတော့ ငါမစွန့်စားဘူး၊ စိတ်ချ လက်ချပြန်ရနိုင်တဲ့ အနေ အထားမျိုးကလွဲရင် ငါမချေးဘူး၊ ဒီငွေကနေ ငါ့အတွက် အကျိုးအမြတ်တွေ ထပ်ပြီးရရှိလာဘို့ မသေချာဘဲ နဲ့ ငါမချေးဘူး၊ “ဒီမှာ ရိုဒန် မင်းကို သေတ္တာထဲက ပစ္စည်းတစ်ချို့ရဲ့ ဇတ်လမ်းတွေကို ပြောပြပြီးပြီ၊ လူတွေရဲချို့ယွင်းအားနည်းချက်တွေ၊ ကိုယ်ပြန်ပေးဆပ်နိုင်စရာနည်းလမ်း ရေရေရာရာမရှိဘဲ အတင်း ချေးချင် ငှားချင်တတ်တဲ့ လူ့သဘာဝအကြောင်းလည်း မင်းသိတန်သလောက် သိခဲ့ပြီးပြီ၊ ငွေရင်းသာ ရှိခဲ့ရင် ဘယ်လောက်မြတ်အောင်စွန်းအောင် ချမ်းသာအောင်လုပ်နိုင်မယ်လို့ သူတို့ အထင်ကြီးထင်ကြ ပေမယ့် တစ်ကယ်တမ်းကျတော့ သူတို့မှာ ထင်သလောက်ဖြစ်အောင် ဆောင်ရွက်နိုင်တဲ့ အစွမ်းသတ္တိ မရှိကြဘူး၊ လုပ်ငန်းအတွေအကြုံလဲ မရှိကြဘူး၊ “အခု မင်းမှာ ငွေရှိနေပြီ၊ ဒီငွေကနေ နောက်ထပ်တိုးပွားလာအောင် မင်းလုပ်ရတော့မယ်၊ မင်းလည်းပဲ ငါ့နည်းတူ ငွေတိုးချေးသမားတစ်ယောက် ဖြစ်လာတော့မယ်၊ ဒီငွေကိုထိန်းသိမ်းနိုင်မယ်၊ အတိုးအညွန့်ပွားအောင် လုပ်နိုင်မယ်ဆိုရင် တစ်သက်လုံးအကျိုးအမြတ်ခံစားရပြီး စိတ်ချမ်းချမ်းသာသာ မင်း နေသွားနိုင်မယ်၊ ဒါပေမယ့် အကယ်၍ဒီငွေကို လက်လွတ်ဆုံးရှုံးခဲ့မယ်ဆိုရင်တော့ တသက်ပတ်လုံး မင်းအတွက် စိတ်မချမ်းသာစရာ၊ တွေးမိတိုင်း ဝမ်းနည်းစရာဖြစ်ရလိမ့်မယ်၊   “အဲ့ဒီတော့ မင်းအိတ်ထဲက ရွှေဒင်္ဂါးတွေ မင်းဘာဖြစ်စေချင်သလဲ ပြောစမ်းပါအုံး” “လုံးဝ မပျောက်ပျက်အောင်ထိန်းသိမ်းချင်တယ်” “သိပ်မှန်တယ်” မာသွန်က အားပါးတရပြောဆိုသည်။ ဒီငွေနဲ့ ပတ်သတ်တဲ့ မင်းရဲ့ အဓိက အကျဆုံး ဆန္ဒက မပျောက်ပျက်ရေးပဲ၊ မင်းယောက်ဖလက်ထဲ ဒီငွေ အပ်ထားလိုက်ရင် ပျောက်ပျက် မသွားဘူးလို့ အာမ ခံနိုင်မလား၊ မင်းစဉ်းစား” “မသေချာဘူး၊ စိတ်မချရဘူး၊ သူကငွေကြေးထိန်းသိမ်း သုံးစွဲဘူးသူမှ မဟုတ်တာ” “ဒါဆိုရင် အပိုဆာဒါးခံစားမှု့တွေ ပွားမနေနဲ့၊ ကိုယ့်ရတနာထုပ်ကို သူများလက်ထဲ အပ်ဖို့ စဉ်းစားမနေနဲ့၊ မင်းဆွေမျိုးသားချင်းဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းဖြစ်စေ ကူညီချင်ရင် တခြားနည်းလမ်း နဲ့ကူညီ၊ ကိုယ့်စီးပွားပျက်သွားနိုင်တဲ့ နည်းလမ်းမျိုးနဲ့ မကူညီနဲ့ ပိုက်ဆံဆိုတာကောင်းကောင်း မထိမ်းသိမ်း တတ်သူလက်ထဲက အလွယ်တကူ လျောကျပျောက်ကွယ် သွားတတ်စမြဲပဲကွ၊ အဲဒါ ဘယ် တော့မှမမေ့နဲ့ ကိုယ့်ပိုက်ဆံ သူများကြောင့် ဆုံးရှုံးသွားမယ့်အစားတော့ ကိုယ့်ဘာသာ ဖြုန်းတီးရတာကမှ နည်းနည်း အရသာ ရှိလိမ့်ဦးမယ်၊ ကဲထားပါတော့၊ မင်းပိုက်ဆံ မပျောက်မပျက်အောင် ထိန်းသိမ်း ချင်တဲ့ ဆန္ဒအပြင် ဒီပိုက်ဆံနဲ့ ပတ်သတ်လို့ ဘာများ ဖြစ်စေချင်သေးသလဲ” “အခုထက်ပိုပြီး တိုးပွားလာစေချင်တယ်” “ဟုတ်ပြီ၊ ဒါလည်း အမြော်အမြင်ရှိတဲ့စကားပဲ၊ ဒီငွေနဲ့ ငွေရှာရမယ်၊ ဒီငွေဟာ ကြီးထွားလာရ မယ်။ ငွေကို လိမ်လိမ်မာမာ ချေးငှားတတ်မယ်ဆိုရင် ဒီငွေဟာ မင်းအသက်မကြီးခင် နှစ်ဆတိုးပွား လာနိုင်တယ်။ ရမ်းပြီး စွန့်စားရင်တော့ အခုရှိပြီးသားရော နောက်ထပ်တိုးလာမယ့်ဟာတွေပါ ဆုံးပါး သွားနိုင်တာပေါ့ ။ အဲဒါကြောင့်မို့ မင်းငွေနဲ့သာလုပ်ကိုင်လိုက်ရရင် ဘယ်လောက်ထိ မြတ်စွန်းသွားနိုင်တယ်လို့ တကယ် လက်တွေ့ မရှိတဲ့ စိတ်ကူးယဉ်သမားတွေက လွန်လွန်ကျွံကျွံ ပြောလာတာမျိုးကို နားမယောင်နဲ့ ၊ သူတို့က စိတ်ချရတဲ့ကုန်သွယ်မှု ဥပဒေသတွေကို သိတာ နားလည်တာမဟုတ်ဘူး၊ ငွေရှင်တစ်ယောက် အနေနဲ့ ကိုယ့်ငွေ မဆုံးရှုံးစေချင်ရင် ဒီငွေတစ်နေ့တစ်ခြား တိုးပွားလာတာ မြင်ချင် ရင် သူ့ဆီက အကျိုးအမြတ်ကို အလွန်အကျွံမတောင်းဆိုတာ အကောင်းဆုံးပဲ၊ အတိုးအညွန့်တွေ မတန်တဆ ရပါစေ့မယ်ဆိုတဲ့ အာမခံချက် မျိုးကို ယုံကြည်ပြီး ချေးငှားလိုက်မိရင် ဆုံးရှုံးမှု့ကို ဖိတ်ခေါ်တာနဲ့ အတူတူဖြစ်သွားလိမ့်မယ်၊ “ ဒါ့ကြောင့် လုပ်ငန်းကိစ္စမှာ ကျွမ်းကျင်သူတွေ၊ အောင်အောင်မြင်မြင် လုပ်ကိုင်ဆောင်ရွက်နေ တဲ့သူတွေနဲ့ ပေါင်းဖော်ပါ၊ သူတို့ရဲ့ကျွမ်းကျင်မှု သူတို့ ရဲ့အကြံဉာဏ်နဲ့ သူတို့နည်းနာတွေကို ခံယူသုံး စွဲပြီး မင်းရဲ့ငွေစာရင်းကို စောင့်ရှောက်ပါ တိုးပွားအောင်လုပ်ကိုင်ပါလို့ အကြံပေးချင်တယ်၊ အဲဒါဆို ရင် ကုသိုလ် ကံအခြေခံကောင်းလို့ ရွှေထုပ်လက်ထဲရောက်လာပြီးမှ မလုပ်တတ် မကိုင်တတ်လို့ လက်လွတ် ဆုံးရှုံးသွား ရတယ်ဆိုတဲ့ တချို့သော လူငယ်လူရွယ်များရဲ့ ကံကြမ္မာဆိုးမျိုးက မင်းကင်းဝေး လိမ့်မယ်”  “ရှင်ဘုရင့် ရိုဒန်က မိတ်ဆွေကြီးမာသွန်အား အကြံကောင်း ဉာဏ်ကောင်းပေးခြင်းအတွက် ကျေးဇူးတင် စကား ဆိုသည်။ မာသွန်က သူမှာကြားချင်သည်များကိုသာ နိဂုံးချုပ်သဘော ထပ်ပြောနေသည်။ ဆုတော်လာဘ်တော်ငွေဟာ မင်းကိုသင်ခန်းစာတွေ အများကြီးပေးလိမ့်မယ်၊ဒီငွေကြောင့် မင်းဟာ ဉာဏ်အမြော်အမြင်တွေ အများကြီး တိုးတက်လာလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီငွေ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဘို့ အတွက်ကိုပဲ မင်းမှာ သတိဝီရိယတွေအများကြီး ထားဘို့ လိုလာပြီးကိုး၊ ဒီငွေကိုဟိုလိုသုံးလိုက်ချင်၊ ဒီလိုသုံးလိုက်ချင်တဲ့ စိတ်ဓာတ်တွေက ဖျားယောင်းမြူဆွယ် နေလိမ့် မယ်၊ ဘာတွေလုပ်လိုက်ပါလား၊ ဘယ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံ လိုက်ပါလား စသဖြင့် အကြံ ဉာဏ်ပေးတာ တွေလည်း အများကြီးကြားရလိမ့်မယ်၊ အကျိုးအမြတ် ကြီးကြီးမားမား ရမယ်ဆိုတဲ့ လုပ်ငန်းပေါင်း များစွာမှာ ပူတွဲပါဝင်ဖို့ ဖိတ်ခေါ်ကြလိမ့်မယ်၊ အဲဒီအခါမျိုးမှာ ငါ့ သေတ္တာထဲက ပစ္စည်းတွေကို သတိရ၊ မင်းပိုက်ဆံ မင်းအိတ်ထပြန်ဝင်လာဘို့ မသေချာဘဲနဲ့တော့ တစ်ပြားတစ်ချပ်မှ အထွက်မခံနဲ့၊ အဲ့ဒါပဲ ကြပ်ကြပ်သတိထား နောက်ထပ်ငါ့ဆီက အကြံဉာဏ်လိုချင်တယ်ဆိုရင် အချိန်မရွေးလာခဲ့၊ ငါပေးဘို့ အဆင် သင့်ပဲ၊ “ကဲနောက်ဆုံးအနေနဲ့ မင်းမပြန်ခင် ငါ့ သေတ္တာအဖုံးရဲ့ အတွင်းထဲမှာ ရေးထွင်းထားတဲ့ ဟောဒီစာလေးကို သေသေချာချာဖတ်သွား၊ ဒါမြီးရှင်ရော မြီးစားများအတွက်ပါ သတိပေးတဲ့စာပဲ။ “နောက်တကြီးစွာမရမိစေရန် ကြိုတင်စဉ်းစားမှု အနည်းငယ်ပြုပါ” တဲ့။