ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

အခန်း (၈) ဘေဘီလုံမှကုလားအုတ်ကုန်သည်

ဗိုက်ဆာလေလေ ဦးနှောက်ကပိုကြည်လင်လေ စားကောင်းသောက်ဖွယ် အနံ့တွေကို ပိုပြီး အာရုံ ခံစားမိလေပဲ။ အဲသည်လို တာခက်တွေးနေမိသည်။ အဖူးယာ၏သား တာခက်။ ကာခက် အလွန်အမင်း ဆာလောင်မွတ်သိပ်နေသည်။ သူအစားမစားရကာ နှစ်ရက်လုံးလုံး ရှိခဲ့ပြီ။ စောစောက ဟိုအိမ်တအိမ် ခြံစည်းရိုးပေါ်ကျော်ပြီး ခိုးဆွတ်ခဲ့တဲ့ သဖန်းသီးနှစ်လုံးကလွဲလျှင် ပေါ့။ နောက် တစ်လုံးခူးမည်အပြု အိမ်ရှင်မိန်းမမြင်ပြီးလှမ်းဆဲသဖြင့် ဒလကြမ်းပြေးခဲ့ရသည်။ ဟိုမိန်းမက လမ်းထဲ ထွက် လိုက်လာသေးသည်။အသံကျယ်ကျယ်နှင့် တအားကုန်းအော်နေသည့် ထိုမိန်းမ၏ အသံက သူဈေးထဲရောက် သည်အထိ နားထဲညီနေဆဲဖြစ်သည်။ စင်စစ် သည်ဆဲသံ နာခံခဲ့ရသဖြင့် သာ ဈေးသည်မတွေ၏ တောင်းထဲက သစ်သီး လှလှပပတွေကို မနှိုက်မိအောင် သူထိန်းထားနိုင်ခြင်းဖြစ်သည်။ ယခုမှပင် ဈေးထဲမှာ စားသောက်ဖွယ်ရာတွေ များပြားလှပုံ နှင့် အနံအသက်တွေ မွှေးပျံလှခြင်းကို သူအထူးသတိပြု နေမိတော့သည်။အဲသည်နောက် ဈေးအနီးစားသောက် ဆိုင်ရှေ့ သူရောက်လာသည်။အသိအကျွမ်း တစုံတစ်ယောက် တွေလိုတွေ့ငြား ခေါက်တုန့်ခေါက်ပြန်လျှောက် သည်။ ကြေးပြားတစ်ပြားလောက် ချေးငှားမည့်သူတွေ့လျှင် ဆိုင်ထဲဝင် သွားမည်။ ကြေးပြာသာပါလျှင် သဘောမကောင်းသည့် အဲသည်ဆိုင်ရှင်က အပြုံးနှင့်ကြိုကာ သူ့ကို ထမင်းပွဲဟင်းပွဲ ချပေးလိမ့်မည်။ ငွေလက်ငင်းမပါလျှင်တော့ ဝင်ဘို့ မစဉ်းစားနှင့်။ သည်လူက အင်မတန်ရိုင်းသည့်ပုဂ္ဂိုလ်။ သည်လို တွေးတွေးသွားနေဆဲ သူမတွေ့ချင်ဆုံး ပုဂ္ဂိုလ်တယောက်နှင့် တည့်တည့် ကြီးတိုး သည်။ ကုလားအုတ်ကုန်သည် ဒါဗာဆား။ အရပ်ရှည်ရှည် အရိုးအဆစ်ကြီးကြီးနှင့်ပုဂ္ဂိုလ်။ တာခက် ပိုက်ဆံ အနည်းအပါးစီ ချေးငှားသုံးစွဲသော အသိမိတ်ဆွေ အတော်များများရှိသည့်အနက် ဒါဗာဆားကမလွယ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ပိုက်ဆံကို ကတိအတိုင်း ပြန်မဆပ်သေးသည့်ကိစ္စ အတွက် ဒါဗာဆားနှင့် တွေတိုင်း တာခက် အပြောအဆိုခံနေ ရသည်။ တဖက်သားစိတ်ညစ်အောင် အလွန်နှိပ်စက်တတ်သည့်ပုဂ္ဂိုလ်။ ဒါဗာဆား မျက်နှာကတော့ သူကိုမြင်သည်နှင့် လင်း၍သွားသည်။ “ဟား၊ တာခက်ပါလားကွ၊ ငါလိုက်ရှာနေတဲ့ပုဂ္ဂိုလ်ပဲ၊ ပြီးခဲ့တဲ့လတုန်းက ကြေးနီပြားနှစ်ပြား၊ ဒိအရင်က ငွေဒင်္ဂါးတပြား ချေးသွားတဲ့ ပုဂ္ဂိုလ်၊ တကယ့်ကိုအဆင်သင့်ပဲကွာ၊ အဲဒီပိုက်ဆံတွေ ဒီနေ့ ပြန်ရရင် အဘိုးတန်တာပဲ၊ သုံးစရာ လေးတွေ ရှိနေတယ်ကွ၊ ဘယ်လိုလဲကိုယ့်လူ၊ ဘယ်လိုလဲ” တာခက် အကြီးအကျယ်ရှက်ကာ မျက်နှာကြီးနီမြန်းသွားသည်။ သူဘာပြန်ပြောရမှန်းမသိ။ အထူးသဖြင့် ဗိုက်ထဲမှာ အစာမရှိသည့် ယခုလိုအချိန်မျိုးတွင် စကားသွက်လှသူ ဒါဗာဆားနှင့်အချေအတင် ပြောနိုင်စွမ်း သူ့မှာလုံးဝမရှိ။ “ဆောရီးပဲဗျာ၊ ကျွန်တော်တောင်းပန်ပါတယ်” ဟူ၍ပဲ လေသံပျော့ပျော့နှင့် သူပြောမိသည်။ “ဒီနေ့တော့ ကျွန်တော့်အိတ်ထဲ ကြေးနီပြားလည်းမရှိလို့ ကျွန်တော် မပေးနိုင်သေးပါဘူးဗျာ” “မရှိရင်လည်း ရှိအောင်လုပ်ပေါ့ ကွာ” ဒါဗာဆားက လျှော့မပေး၊ “ ကြေးနီပြားနှစ်ပြား ငွေဒင်္ဂါး တပြားလောက်ကတော့ ရအောင်ရှာရင် ရတာပေါ့ကွာ၊ ရှာပြီးရင် သူများဆီက ချေးထားတာ ပြန်ဆပ်ပေါ့ ၊ ကိုယ့်အဖေရဲ့ မိတ်ဆွေလည်းဖြစ်၊ ကိုယ်အလိုရှိချိန်မှာ ရက်ရက်ရောရော သဘောကောင်းကောင်းနဲ့ ကူညီထား တဲ့လူတယောက်ကို ကိုယ့်ဘက်က ပြန်သိတတ်ရမှာပေါ့၊” “ကုသိုလ်ကံက တချက်ကလေးမှ မျက်နှာသာမပေးတော့ ကျွန်တော်ဘက်က ဘယ်လို လုပ် ပြန်သိတတ်နိုင်မလဲဗျာ” “ဟ၊ ကုသိုလ်ကံကို လွှဲမချနဲ့လေကွာ၊ ကိုယ့်ချို့ယွင်းချက်ကြောင့် ဖြစ်တဲ့ကိစ္စကို မဆိုင်တာသွား အပြစ်ဖို့ မနေပါနဲ့၊ ချေးပြီးသားပိုက်ဆံ ပြန်မဆပ်ဘဲ နောက်ထပ်ချေးဘို့ ငှားဘို့ပဲ၊အာရုံစိုက် နေတဲ့လူနောက် ကို ကံကောင်းတွေ ဘယ်တော့မှမလာဘူး၊ကံကြမ္မာဆိုးတွေပဲ တကောက်ကောက်လိုက် နေလိမ့်မယ်၊ ကဲ၊ ကဲ၊ လာစမ်းပါ ကိုယ့်လူ၊ ငါဗိုက်ဆာနေပြီ၊ တခုခုစားရင်း မင်းကို ပုံပြင်တပုဒ် ငါပြောပြမယ်” အားမနာပါးမနာ အပြောအဆိုခံရခြင်းအတွက် တာခက် အတော်ကြီး အခံရခက်နေသည်။ | သို့ သော် သူသိပ်ဝင်ချင်နေသည့် စားသောက်ဆိုင်ထဲလိုက်ပါရန် ဖိတ်ခေါ်ခံရသည်ဆိုတော့ တော်ပေ သေးသည်ဟု ဆိုရမည်ပေါ့။ ဒါဗာဆားက သူ့အား ဆိုင်ခန်းထောင့်တနေရာသို့ ခေါ်သွားသည်။ အဲသည်မှာ ကော်ဇော ငယ်ကလေးကိုယ်စီနှင့် သူတို့ ထိုင်နေကြသည်။ ဆိုင်ရှင် ကောက်စကာ ပြုံးရွှင်စွာဖြင့်ရောက်လာသည်။ ဒါဗာဆားကတော့ ထုံးစံအတိုင်း ရင်းရင်းနှီးနှီး အားမနာပါးမနာပင် နှုတ်ဆက်သည်။ “ဟေ့ ကန္တာရဖွတ်ကြီး၊ ငါ့အတွက် ဆိတ်ခြေ ဆောက်တချောင်းယူခဲ့ကွာ၊ အသားများများ အဆီများများ၊ ပြီးတော့ပေါင်မုန့် ပေး၊ အသီးအရွက်ရှိသမျှ အစုံချ၊ ဆာလှပြီကွ၊ ကောင်းကောင်းစားပစ်မယ်၊ ဟောဒီက ငါ့ မိတ်ဆွေတို့လည်း မမေ့နဲ့ ၊ သူ့ အတွက် ရေတစ်ချိုင့်ယူခဲ့၊ အေးပစေကွနော်၊ ရာသီဥတုက သိပ်ပူတာ၊” ( တာခက် စိတ်ဓါတ်ကျသွားသည်။ သူဆိတ်ခြေထောက်တစ်ချောင်းလုံး ထိုင်စားနေသည်ကို ကိုယ်ကရေသောက်ပြီး ထိုင်ကြည့်နေ ရမည့်အဖြစ်။ ။ ဘာစကားမျှ သူမဆိုနိုင်။ ဆိုစရာစကားလည်း သူ့မှာမရှိ။ ဒါဗာဆားကတော့ နည်းနည်းလေးမျှပင် နှုတ်ဆိတ်နေတတ်သူမျိုးမဟုတ်။ ဆိုင်ထဲမှာရှိနှင့် သည့် အခြားစားသောက်သူများကို ပြုံးကာရယ်ကာ လက်ဝှေ့ယမ်းကာဖြင့် ပြောဆိုနုတ်ဆက်နေသည်။ သူနှင့်မသိသူဟူ၍လည်း မရှိသလောက်ပင်။ အဲသည်နောက် တာခက်ကို စကားပြန်စသည်။ “အူရ်ဖာဘက်က ပြန်ရောက်လာတဲ့ ခရီးသည်တစ်ယောက်ပြောတာ ငါကြားရတယ်၊အဲဒီက သူဌေး တစ်ယောက်အိမ်မှာ ထူးခြားတဲ့ကျောက်တမျိုးကို ပါးပါးလွှာလွှာလေးဖြစ်အောင် လှီးပြီးအိမ်ပြတင်းပေါက်မှာ အချပ်လိုက်ကပ်ထားတာ သူတွေ့ခဲ့တယ်တဲ့၊ မိုးရွာတဲ့အခါ အိမ်ထဲမိုးမပက်အောင်ပေါ့ကွာ၊ ဒီကျောက်ချပ်က အပြင်ကိုလည်း ထွင်းဖောက်ပြီး မြင်နိုင်တယ်တဲ့၊ဒါပေမယ့် သူ့အရောင်က အဝါ ရောင်ဖြစ်နေတော့ ဒီပြတင်း ပေါက်ကအပြင်ကို လှမ်းကြည့်လိုက်ရင် မြင်ရပုံက တကယ့်ပကတိအရှိနဲ့ မတူဘဲ တစ်မျိုးကြီးဖြစ်နေတယ်တဲ့၊ အဲဒါ မင်းဘယ်လိုမြင်သလဲ တာခက်၊လူတစ်ယောက်ရဲ့ မျက်စိမှာ ကမ္ဘာလောကကြီးဟာ သူ့သဘာဝ အတိုင်း  မရှိဘဲ တစ်မျိုးတစ်မည် ဖြစ်နေနိုင်သလား” “ဖြစ်နိုင်တာပေါ့ ” တာခက်ကဖြေသည်။သို့သော် မေး၍သာဖြေရသည် ၊ သူအာရုံက ဒါဗာဆား၏ စကားထက် သူ့ရှေ့မှာချထားသည့် အဆီများအသားများသော ဆိတ်ခြေထောက် ထွားထွားကြီး ပေါ်မှာ ပို၍စူးစိုက်နေသည်။ “မှန်တယ် တာခက်၊ ဘာကြောင့်ဒီလို ပြောနိုင်သလဲဆိုတော့ ငါကိုယ်တိုင် ကမ္ဘာလောကကြီးကို သူ့အရှိအမှန်မဟုတ်တဲ့ အရောင်အသွေးပေါင်းစုံနဲ့ ကြည့်ခဲ့မြင်ခဲ့ဘူးလို့ပဲ၊ ငါ အခုပြောမှာက ပထမဆုံးအကြိမ် အသွေးအရောင်အမှန်အကန်နဲ့ ပြန်မြင်မိလာခဲ့တဲ့ ငါ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းပုံပြင်” “ဒါ ဗာဆားပုံပြောမလို့တဲ့ ၊ ”နားစွန်နားဖျား ကြားသူတစ်ယောက်က သူ့အနီးရှိ ပုဂ္ဂိုလ်အား တီးတိုး ပြောဆိုသည်။ သူတို့ ကော်ဇောတွေ တွေ့လာကြသည်။ တခြားစားသောက်နေသူ များလည်းကြားသိကာ ဒါဗာဆားအနီးမှာ စက်ဝိုင်းခြမ်းပုံ ဝန်းရံလာသည်။ သူတို့ဆီက စားသံဝါးသံတွေ တာခက် နားမှာ ဆူညံနေ သည်။ ဆိတ်ခြေထောက်တွေ ဆိတ်ပေါင်တွေ သူ့အနီးမှာ ဝှေ့ကာယမ်းကာရှိနေသည်။ သူတစ်ယောက်တည်း သာစားစရာမရှိ၊ဒါဗာဆားကလည်း နည်းနည်းစားပါဟူ၍ တစ်ခွန်းမျှမပြော။သူဖဲ့၍ပဲ့ကျသည့် ပေါင်မုန့်စကို ပင် မေးငေါ့မပြေ။ “ငါ အခုပြောမယ့်ပုံပြင်က၊” ဟူ၍ အစချီလိုက်ပြီးနောက် ဒါဗာထားက ဆိတ်ပေါင်ကို တကိုက် ကိုက်သည်။ “ငါ့ဘဝ စောစောပိုင်းနဲ့ ဆိုင်တယ်၊ ငါကုလားအုတ်ကုန်သည်တယောက်ဖြစ်လာ ခဲ့ပုံအကြောင်း ဆိုပါတော့ကွာ၊ငါဟာတခါတုန်းက ဆီးရီးယားမှာ ကျွန်တယောက် ဖြစ်ခဲ့ဘူးတယ်ကွ၊ အဲဒါ မင်းတို့ကြားဘူး ကြသလား” အံ့အားသင့်သည့်အသံများ ပရိတ်သတ်ကြားတွင် ပြန့်ပွားသွားသည်။ သည်အသံတွေ နားထောင် ၊ ပြီး ဒါဗာဆားက ကျေနပ်ဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေသည်။ “ငါငယ်ငယ်တုန်းက” ဒါဗာဆားက ဆိတ်ပေါင်ကိုနောက်တကိုက် ကိုက်လိုက်ပြီး သူ့စကားကို ဆက်သည်။ “ငါ့ အဖေရဲ့ လုပ်ငန်းကိုသင်တယ်၊ ကုန်းနှီးတွေ လုပ်တဲ့လုပ်ငန်းပေါ့ကွာ၊ အဖေ့အလုပ်ကို ဝင်ကူ လုပ်ရင်းနဲ့ အိမ်ထောင်ကျတယ်၊လူကငယ်သေးတယ် လုပ်ငန်းပိုင်းမှာလည်း သိပ်ကျွမ်းကျင်တာ မဟုတ်တော့ ဝင်ငွေကများများမရဘူးပေါ့၊ မိန်းမနဲ့ အသင့်အတင့် နေနိုင်စားနိုင်ရုံ လောက်ပဲရတယ်၊ ဒါပေမယ့် လူက အကောင်းကြိုက်တယ်၊ ကောင်းတာတွေလိုချင်တယ်၊ ကိုယ့်ဝင်ငွေနဲ့ အလှမ်းမမှီတဲ့ဟာ တွေ၊ အဲဒီအချိန်မှာ ဒီလိုကောင်မျိုးကို အားပေးအားမြှောက်လုပ်တဲ့ဈေးသည်တွေနဲ့ သွားတွေ့တယ်။ လက်ငင်းမပေးနိုင်လည်း ကိစ္စမရှိဘူး၊ ယူသွား၊ နောက်မှပေး၊ အဲဒါမျိုးတွေ၊ လူကငယ်တယ် အတွေ့  အကြုံကလည်း မရှိဘူးဆိုတော့ အကြွေးရတိုင်းယူတာ ကိုယ့်ဝင်ငွေထက်ပိုသုံးတာဟာ မွဲဆေးဖော်တာ၊ နောင်တစ်နေ့ ဒုက္ခလှလှကြီးရောက်ဖို့ ကိစ္စကို ဖန်တီးနေတာဆိုတဲ့အကြောင်း ငါသဘောမပေါက်ခဲ့ဘူး၊ ဝတ်ကောင်းစားလှမြင်ရင်ဝယ်၊ ဇိမ်ခံပစ္စည်း တွေ အိမ်အတွက် မိန်းမအတွက်ဝယ်၊ အကုန်လုံး အကြွေး နဲ့ ချည်းပေါ့ လေ။” “အစပိုင်းတော့ ဟုတ်နေသေးတယ်၊ ဟိုလူ့ကြွေးလေး ဖဲ့ပေးလိုက်၊ ဒီလူ့ကြွေးလေး ဖဲ့ဆပ်လိုက်၊ နောက်ကျတော့ ကြွေးကတဖြည်းဖြည်း ပတ်ချာလည်လာပြီ၊ ကိုယ်ရတဲ့ဝင်ငွေက ကြွေးတွေသာ နှံအောင်ဆပ် နေ ရင် တပြားမှ ကျန်မှာမဟုတ်ဘူး၊ လက်ငင်း စားရေးနေရေးက ရှိသေးတယ်၊ အဲဒီတော့ ကြွေးရှင်တွေကို ရှောင်လာရတယ်၊ သူတို့ကလည်းကိုယ့်နောက်လိုက်၊ တဂျီဂျီကောင်း၊ စိတ်ညစ်စရာ ဖြစ်လာတယ်။ ဆိုင်ကြွေး တွေမပေးနိုင်တော့ သူငယ်ချင်းတွေဆီကချေး၊ သူတို့ကြွေးတွေလည်း မဆပ်နိုင်၊ မုန့်လုံးစက္ကူကပ်ဖြစ်ပြီး ပြဿနာက ပိုဆိုးလာတယ်၊ အခြေအနေမသာယာတော့ မိန်းမက သူ့အဖေ အိမ်ပြန်ပြေးတယ်၊ ငါလည်း တယောက်တည်း ပတ်လည်ဝိုင်နေတဲ့အကောင်ဖြစ်လာတော့၊ ကဲ တရွာမပြောင်း သူကောင်းမဖြစ်ဘူး ဆိုပြီး ဘေဘီလုံကခွာဘို့ ဆုံးဖြတ်တယ်၊ တခြားမြို့မှာ ကြီးပွားအောင်ကြံမယ်ပေါ့၊ “အဲဒီနောက် နှစ်နှစ်လုံးလုံး ငါဟာ ဝန်တင်ကုလားအုတ်တွေနဲ့ ခရီးလှည့်လည် ကုန်သွယ်ကြတဲ့ ပုဂ္ဂိုလ်တွေဆီမှာ အလုပ်လုပ်ခဲ့တယ်၊ ခြေသလုံးအိမ်တိုင်ဘဝ အောင်မြင်မှု့လည်း လုံးဝကင်းမဲ့ခဲ့ တဲ့ဘဝပေါ့ ၊ ဒီဘဝကို ငြီးငွေ့ တော့ ဒီထက်ဆိုးတဲ့ဘဝထဲ ငါရောက်သွားပြန်တယ်၊ ဓါးပြဖြစ်သွားတာ။ သဲကန္တာရထဲ လက်နက်မပါဘဲ ဖြတ်သန်းမိတဲ့ ကုန်သည် ကုလားအုတ်တန်းတွေကို ဟိုနေရာ ဒီနေရာတွေက စောင့်ပြီး လုယက်ကြတဲ့ တောပုန်းပြအုပ်စုတစုထဲ ငါ ရောက်သွားတာ၊ ငါ့ အဖေသာသိရင် မဲ့အလုပ်မျိုးပေါ့ ဒါပေမယ့် ငါကတော့ အဲ့ဒီအချိန်မှာ လောကကြီးကို အရောင်ပါတဲ့ မှန်နောက်ကကြည့်နေရ တာဖြစ်လေတော့ အမှန်အတိုင်း မမြင်ဘူး၊ ကိုယ့်ဘဝဘယ် လောက်အထိ ပျက်စီးကျဆင်းနေသလဲ မသိနိုင် ခဲ့ဘူး။ “ဓါးပြတိုက်ကြတော့ ပထမအကြိမ်မှာ အတော်လေးတယ်၊ ရွှေဒင်္ဂါးတွေ ပိုးထည်တွေ တခြား အဖိုးတန်ကုန်ပစ္စည်းတွေ အများကြီးရတယ်၊ တိုက်ရာပါပစ္စည်းတွေ ဂျီနီယာမြို့ကိုသယ်ပြီး ထုခွဲရောင်းတယ်၊ ရသမျှပိုက်ဆံကို ဝေစုခွဲပြီး သုံးကြဖြုန်းကြတယ်၊ ငွေကုန်တော့ နောက်တကြိမ် တိုက်တယ်၊ ဒါပေမယ့် ဒုတိယအကြိမ်မှာ ကံမကောင်းဘူး၊ တိုက်ပြီး လုပြီးတဲ့အချိန်မှာ ကိုယ့်ထက် အင်အားကြီးတဲ့ အုပ်စုကြီးတစု ဓါးလှံလေးမြားတွေနဲ့ ရောက်လာတယ်၊ ဒီလူတွေက တို့တိုက်တဲ့နယ်မြေ က ဒေသခံတိုင်းရင်းသားအုပ်စု၊ ကုန်သည်တွေက သူတို့ ကိုကာကွယ်စောင့်ရှောက်ဘို့ အခကြေးငွေပေးပြီးငှါးထားတာ၊ အဲဒီ ကာကွယ်ရေး အုပ်စုလက်မှာ တို့ခေါင်းဆောင်နှစ်ယောက် အသတ်ခံရတယ်။  ကျန်တဲ့တို့ အားလုံးကိုတော့ ဒမတ်စကပ်ကိုခေါ်သွားပြီး အဲဒီမှာ ကျွန်အဖြစ်နဲ့ လေလံပစ်ရောင်းတယ်။ “ငါ့ကို ဆီးရီးယားလူမျိုး သဲကန္တာရဒေသလူမျိုးစု ခေါင်းဆောင်တယောက်က ငွေဒင်္ဂါး နှစ်ပြား နဲ့ဝယ်တယ်၊ ဆံပင်ကို ခေါင်းတုံးရိတ်လိုက်ပြီး ဝတ်စရာနံငယ်ပိုင်းတခုပဲ ပေးထားတယ်၊ တခြား ကျွန်ပေါင်း များစွာနည်းတူပေါ့ ၊အဲဒီအချိန်အထိ ငါသိပ်မဖြုန်သေးဘူး၊တနေ့ကျပြန်လွတ်မှာပဲ ၊ လောလောဆယ်တွေ့သမျှ ကြုံသမျှဟာ ဘဝစွန့်စားခန်းတွေ၊ နောင်တနေ့ ပြန်ပြောလို့ကောင်းမယ့် အတွေ့အကြုံတွေ၊ ဒီလိုပဲသဘောထား တယ်၊ ငါ့သခင်က ငါ့ကိုသူ့မိန်းမလေးယောက်ဆီ ခေါ်သွားပြီး၊ ဟောဒီမှာ ကျွန်တယောက်ငါဝယ်လာတယ်၊ နင်တို့ လိုချင်တယ်ဆိုရင် ဒီကောင့်ကို သင်းကွပ်ပြီးပေး ထားမယ်လို့ ပြောတော့မှ ငါအကြီးအကျယ် ချောက် ချားသွားတယ်၊  “ဟာ-ငါ့ ဘဝတော့ တကယ့်ကိုတွင်းထဲကျပြီလို့ တွေးလိုက်မိတယ်၊အဲဒီသဲကန္တာရသားတွေက အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့လူတွေ၊ ငါ့ မှာ ခုခံစရာလက်နက်မရှိ၊ လွတ်မြောက်စရာ လမ်းလဲမရှိ၊သူတို့ လုပ်သမျှခံရမယ့် အခြေအနေဖြစ်နေတယ်၊ ကြောက်ကြောက်နဲ့ငါဒီမိန်းမလေးယောက် အရိပ်အကဲကို ကြည့် တယ်၊ ကြင်နာသနားမယ့်လက္ခဏာများ တစွန်းတစတွေရလေမလားပေါ့ ၊ မယား ကြီးဖြစ်တဲ့ ဆီရာဆိုတာက ကျန်တာတွေထက် နည်းနည်းအသက်ကြီးတယ်၊ ငါ့ကိုကြည့်တဲ့ သူ့မျက် နှာမှာ ဘာခံစားမှု့မှ မမြင်ရဘူး၊ မျှော်လင့်ချက်ကင်းစွာနဲ့ သူ့ဆီကခွာပြီး နောက်တယောက်ကို ကြည့်တယ်၊ မိန်းမက အတော်ချောတယ်၊ ဒါပေမယ့် တကယ့်မာနအတုံးအခဲပုံမျိုး၊ ငါ့ကိုခွေးတကောင် ကြောင်တကောင်လောက်တောင် စိတ်ဝင်စားပုံ မပြဘူး၊ အငယ်မနှစ်ယောက်ကတော့ မျောက်ပွဲကြည့် နေရသလို ခိုးခိုးခစ်ခစ်နဲ့ ၊ “အဲဒီမှာ စီရင်ချက်ကို စောင့်စားနေရတဲ့ အချိန်ပိုင်းကလေးဟာ တကမ္ဘာလောက်ကြာတယ် ထင်ရ တယ်၊ မိန်းမတွေက ဆုံးဖြတ်ချက်ချဘို့ ကိစ္စ တယောက်ကိုတယောက် လွှဲနေကြတယ်၊ နောက်ဆုံးတော့ ဆီရာ ဆိုတဲ့မိန်းမက အေးစက်စက်လေသံနဲ့ ပြောတယ်၊ “ သင်းကွပ်တွေက ကျွန်မတို့ဆီမှာ အများကြီးရှိနေပြီပဲ၊ ကုလားအုတ်ထိန်းသမားသာလိုနေတာ၊ ရှိတာတွေက တယောက်မှ အသုံးမကျဘူး၊ ဒီနေ့ပဲ ကျွန်မအမေနေမကောင်းလို့ သွားမလို့ဟာ ကုလားအုတ် ထိန်းဘို့အတွက် ဘယ်ကျွန်တယောက်မှ အားကိုမရလို့ စိတ်ညစ်နေတယ်၊ သူ့ကို မေးကြည့် စမ်းပါ။ ကုလား အုတ် ကောင်းကောင်းကိုင်တတ်သလားလို့” ဆိုတော့ သခင်ကငါ့ကိုမေးတယ် မင်း ကုလားအုတ် ကိုင်တတ် သလား” တဲ့။  “ငါအကြီးအကျယ်ဝမ်းသာသွားတာကို ဖုံးဖိပြီးဖြေရတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ကုလားအုတ်ကို ဒူးထောက်ခိုင်းတတ်ပါတယ်၊ ဝန်တင်ဝန်ချလုပ်တတ်တယ်၊ ခရီးရှည်သွားရင်လည်း အရမ်း မပင်ပန်းအောင် ထိန်းခေါ်သွားတတ်ပါတယ်၊ လိုအပ်ရင် ကုန်နှီးတို့ ကကြိုးတန်ဆာတို့ကိုလည်း ပြင်ပေးနိုင်ပါတယ်” ဆို တော့ ငါ့သခင်က “ ဒီကောင်မဆိုးဘူးဆီရာ၊ စကားလည်းရှင်းအောင်ပြောတတ်တယ်၊ ကဲ မင်းလိုချင်ရင် ဒီကောင့်ကို ကုလားအုတ်ထိန်းဖို့ ယူလိုက်၊” လို့ အမိန့်တော်မြတ်ချမှတ်တယ်၊ “ဒါနဲ့ ဆီရာ့လက်ထဲရောက်တယ်၊ အဲ့ဒီနေ့ပဲ နေမကောင်းတဲ့ သူ့အမေဆီ သွားတဲ့အခါ သူ့ ကုလားအုတ်ကို ရှေ့ကကြိုးဆွဲပြီး လိုက်ပို့ ရတယ်၊ လမ်းမှာ သူ့ကိုပြောပြတယ်၊ သူကယ်ဆယ် လိုက်တဲ့ အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ငါကမွေးရာပါ ကျွန်မဟုတ်ဘူး၊ လွတ်လပ်သူတယောက် က မွေးဖွားခဲ့ သူဖြစ်တဲ့အကြောင်း၊ ငါ့ အဖေဟာ ဘေဘီလုံမှာ ဂုဏ်သရေရှိတဲ့ ကုန်းနှီးလုပ်ငန်းရှင် တယောက်ဖြစ်ကြောင်း တွေ ပြည့်ပြည့်စုံစုံ ပြောလိုက်တယ်၊ ဒါတွေနားထောင်ပြီး သူပြန်ပြောလိုက်တဲ့ မှတ်ချက်စကားကြားရတော့ ငါ အတော်ကြီး ဒုက္ခရောက်သွားတယ်၊ သူ့စကားတွေက ငါ့အတွက် တကယ်အလေးအနက် စဉ်းစား ရမယ့် ဟာတွေဖြစ်နေတယ်၊ တကယ့်ကို အတွေးအခေါ် ပြည့်ဝတဲ့ စကားတွေ။ “မင်းမှာရှိတဲ့ ချို့ယွင်းအားနည်းချက်တွေကြောင့် ဒီဘဝအထိ မင်းရောက်လာခဲ့တာမဟုတ် လား၊ အဲဒီတော့ မင်းကိုယ်မင်း နဂိုတုန်းက လွတ်လပ်သူပါလို့ ဘယ်လိုပြောနိုင်ပါ့မလဲ” တဲ့။ “လူတစ်ယောက်ရဲ့ ဝိညာဉ်ထဲ အတွင်းသဏ္ဍန်ထဲမှာ ကျွန်စိတ်စွဲကပ်ပါလာခဲ့ရင် အဲဒီလူဟာ ကျွန်က မွေးမွေး သခင်ကမွေးမွေး တနေ့မှာ ကျွန်ဘဝကျရောက်မှာပဲ၊ စိတ်ဓါတ်ကအဆင့်အတန်းနိမ့်တော့ လူကိုယ်တိုင်လည်း နိမ့်တဲ့အဆင့်ဆီ လျှောဆင်းသွားတာ၊ လွတ်လပ်တဲ့စိတ် သခင်စိတ်ပြည့်ဝထက်သန်တဲ့လူကျတော့ ဘယ်လို ဒုက္ခ အခက်အခဲတွေ ကံကြမ္မာဆိုးတွေ ကြုံ ရပါစေ၊ သူ့မြို့ရွာမှာ ဂုဏ်သရေရှိသူ တစ်ဦးအဆင့်ရောက် အောင် တက်လာကြမှာပဲ ” တဲ့ သူပြောခဲ့တယ်။ “ဒီလိုနဲ့ တနှစ်ကျော်လောက် ငါကျွန်ဘဝမှာကျင်လည်ခဲ့ရတယ်၊ ဒါပေမယ့် ကျွန်တွေကြား မှာသာနေတယ်၊ သူတို့နဲ့ တသားတည်းမဖြစ်ခဲ့ဘူး၊ တနေ့ ဆီရာကငါ့ကိုမေးတယ်၊ “ည နေပိုင်း အလုပ် အားတဲ့အချိန် တခြားကျွန်တွေအချင်းချင်း ရောရောနှောနှော ပျော်ပျော်ပါးပါးနေကြတယ်၊ မင်းက ဘာ ကြောင့်ထဲမှာ တစ်ယောက်တည်း ထိုင်နေ ရတာလဲ”တဲ့ “ငါကပြန်ဖြေတယ်၊ “ကျွန်တော်ခင်ဗျားပြောတဲ့စကားတွေ စဉ်းစားနေတာပါ။ အကယ်၍ ကျွန်တော့်မှာ ကျွန်စိတ်ရှိခဲ့ရင် ကျွန်တွေနဲ့ ရောရောနှောနှောနေမိမှာပေါ့ ၊ အခု ကျွန်တော် မနေနိုင်ဘူး၊ ဒါကြောင့် သီးခြားခွဲထိုင်နေ ရတာ၊” ဆိုတော့၊ “ငါလည်းတသီးတခြားသမားပဲ” တဲ့၊ သူကတီးတိုးဖွင့်ပြောတယ်၊ “ငါမိဘက ချမ်းသာ တယ်၊ ငါ့ အတွက် မင်္ဂလာခန်းဝင်ပစ္စည်း အများကြီးပေးနိုင်တယ်၊ ဒီယောက်ျားက ငါ့ကိုယူတာချစ်လို့ မဟုတ်ဘူး၊ ပစ္စည်းမက်လို့ယူတာ၊ မိန်းမဆိုတာ ယောက်ျားရဲ့ ချစ်ခင်နှစ်သက်မှု့ကို လိုချင်တာပဲ၊အခုငါ့မှာ ယောက်ျားရဲ့ မေတ္တာကိုလည်းမရဘူး၊ သားသမီးလဲ မထွန်းကားဘူးဆိုတော့ ငါလည်းမင်းလို တယောက်တည်းသမား ဖြစ်နေတယ်၊ ဒါပေမယ့် ငါ ယောက်ျားတယောက် ဖြစ်မယ်ဆိုရင်တော့ အသေသာ ခံချင်ခံသွားမယ်၊  မင်းလိုတော့ ကျွန်ဘဝမှာ နေနေမှာမဟုတ်ဘူး” လို့ဆိုတယ်၊ “ အခုလောလောဆယ် ခင်ဗျားကျွန်တော့်ကို ဘယ်လိုမြင်သလဲ၊ ကျွန်တော့်မှာ လွတ်လပ်သူ တစ်ယောက်ရဲ့ စိတ်ထားမျိုးရှိသလား၊ ဒါမှမဟုတ် ငါကောက်မေးလိုက်တော့၊ ကျွန်တယောက်ရဲ့ စိတ်ထား မျိုး ရှိနေသလား” သူက မေးခွန်းနဲ့ ပဲ ပြန်တုန့်ပြန်တယ် “ဘေဘီလုံမှာ မင်းတင်ခဲ့တဲ့အကြွေးတွေကို မှန်မှန်ကန်ကန် ပြန်ဆပ်ချင်တဲ့စိတ် မင်းမှာရှိသလား” တဲ့၊ “ ဆပ်ချင်ပါတယ်၊ ဒါပေမယ့် ဆပ်မှမဆပ်နိုင်တာ” ဆိုတော့ သူက “ပြန်ဆပ်ချင်တယ်လို့ မင်းဆိုတယ်၊ ဒါပေမယ့် တကယ်တမ်းထိထိ ရောက်ရောက် မကြိုးစားဘူး၊ ဒါကြောင့်မို့ နှစ်ကာလတွေသာ ကုန်ခဲ့ပြီး မဆပ်နိုင်ခဲ့ဘူးဆိုတော့ မင်းမှာသခင်စိတ် ရှိတယ် ဘယ်ပြောနိုင်ပါ့မလဲ၊ ကျွန်ဖြစ်မယ့် စိတ်မျိုးပဲ မွေးထားတယ်လို့ ဆိုရမှာပေါ့၊ မင်းမှာ ကိုယ့်ကိုယ် ကိုယ် လေးစားမှု့မှမရှိတာ၊ ကိုယ့်ကတိသစ္စာကို ကိုယ်တန်ဖိုးထားတဲ့စိတ်မှ မရှိတာ၊ ကိုယ့်ကိုယ် ကိုယ် လေးစားသူဟာ ကိုယ်ယူထားတဲ့ကြွေးကို ကျေအောင်ပြန်ဆပ်ရတယ်၊” လို့ဆိုတယ်၊ “ “ဆီးရီးယားမှာ ကျွန်ဖြစ်နေတဲ့လူ ဘေဘီလုံကကြွေးကို ဘယ်လိုဆပ်နိုင်မှာလဲ။” ငါကငြင်းတော့ “ ဒါဆိုလဲ ဆီးရီးယားမှာဘဲ တသက်လုံး ကျွန်ဘဝနဲ့ နေတော့ပေါ့၊ မင်းကလူပျော့လူညံ့ပဲ” တဲ့၊ “ ကျွန်တော် လူပျော့လူညံ့ မဟုတ်ဘူးဗျ” ဆိုတော့၊ ““ဒါဖြင့် မညံ့ကြောင်း သက်သေပြလေ”တဲ့။ “ “ဘယ်လိုပြရမလဲ” ငါကမေးတယ်။ “မင်းတို့ ဘေဘီလုံ ဘုရင်မင်းမြတ် သူ့ရန်သူတွေကိုတိုက်တဲ့အခါ ဘယ်လိုတိုက်သလဲ၊ ရှိသမျှ အင်အားကိုသုံး နည်းလမ်းမျိုးစုံထုတ်သုံးပြီး တိုက်တယ်မဟုတ်လား၊ အခုလဲ မင်းမှာကြွေးတွေဟာ ရန်သူ တွေပဲ၊ ဒီရန်သူတွေမောင်းထုတ်လို့ ဘေဘီလုံက မင်းထွက်ပြေးလာရတာ၊ ကြွေးရန်သူကို ပြန်မ တိုက်ဘဲ ရှောင်တိမ်းနေခဲ့တဲ့အတွက် ရန်သူက ပိုပိုပြီး အင်အားကြီးမားသွားတာ၊ ယောက်ျားပီပီသသ သခင်စိတ် အပြည့်အဝနဲ့ ခုခံတိုက်ခိုက်ခဲ့မယ်ဆိုရင် ဒီရန်သူကိုနိုင်ရမှာပေါ့၊ အဲဒါဆိုရင် ကိုယ့်မြို့ ကိုယ့်ရွာမှာ ဂုဏ်သိက္ခာရှိသူ တစ်ယောက်အဖြစ်နဲ့ ဆက်ပြီးရပ်တည်နေနိုင်မှာပေါ့ ၊ အခုတော့ ဒီလိုတိုက် ခိုက်ရဲတဲ့ စိတ်ဓာတ်မရှိခဲ့လို့ ဂုဏ်သိက္ခာ တဖြည်းဖြည်းလျောကျပြီး နောက်ဆုံး ဆီးရီးယားမှာ ကျွန်လာဖြစ်တဲ့ကိန်း ဆိုက်တာပဲ” တဲ့၊ “သူ ရက်ရက်စက်စက် ပြောချလိုက်တဲ့စကားတွေကို အပြန်ပြန်ကြားယောင်ပြီး၊ သူ့ကိုချေပတဲ့ စကားလုံးတွေ၊ ငါဟာပင်ကိုယ်အားဖြင့် ကျွန်စိတ်ရှိသူတယောက်မဟုတ်ဘူးလို့ သက်သေထူနိုင်မယ့် အကြောင်းပြချက်တွေ ငါ့ ရင်ထဲက အများကြီးထွက်လာတယ်။ဒါပေမဲ့ သူ့ကို ပြောခွင့်မကြုံခဲ့ဘူး၊ အဲဒီနောက် သုံးရက်လောက်ကြာတဲ့အခါမှာတော့ ဆီရာရဲ့ လက်စွဲ အစေခံမက ငါ့ကိုလာခေါ်တယ်။ “ဆီရာနဲ့ တွေ့တော့ သူက ငါ့အမေ အသည်းအသန်ဖြစ်နေပြန်ပြီ” တဲ့၊ “အိမ်မှာရှိတဲ့ ကုလားအုတ်တွေထဲက အကောင်းဆုံးနှစ်ကောင်ရွေးပြီး ကုန်းနှီးတင်၊ ရေအိတ်တွေ ရိက္ခာအိတ်တွေ အပြည့် တင်၊ ခရီးဝေးသွားရမှာ၊ စားဖိုထဲမှာ ငါ့ ကောင်မလေးရှိတယ်၊ စားနပ်ရိက္ခာ သူစီစဉ်ပေးလိမ့် မယ်” လို့ ငါ့ကိုညွှန်ကြားတယ်၊ ကုလားအုတ်မှာ အထုပ်အပိုးတင်တော့ ကောင်မလေးပေးလိုက်တဲ့ ရိက္ခာတွေက များလှချည်လားလို့ ငါတွေးမိတယ်၊ ဆီရာ့အမေ နေတဲ့နေရာက သိပ်အဝေးကြီးမဟုတ်ဘူး၊ တစ်နေ့ ခရီးတောင် မရှိချင်ဘူး၊ ခရီးသွားတော့ ဆီရာကရှေ့က ကုလားအုတ်ကို အစေခံမလေးက နောက်က ကုလားအုတ်ကိုစီး၊ ငါက ဆီရာကုလားအုတ်ကို ကြိုးဆွဲပြီး ရှေ့ကလျှောက်ရတယ်၊ ဆီရာ အမေအိမ်ရောက်တော့ နေဝင်ချိုးဖျပဲရှိသေးတယ်၊ ဆီရာက အစေခံမကို အလုပ်တခု ခိုင်းထား လိုက်ပြီး နှစ်ယောက်တည်းရှိတော့မှ ငါ့ကိုပြောတယ်၊ “ ဒါဗာဆား၊ မင်းမှာ ကျွန်စိတ်ရှိသလား၊ လွတ်လပ်သူစိတ်ရှိသလား” တဲ့၊ “လွတ်လပ်သူစိတ်ရှိပါတယ်” ငါပြတ်ပြတ်သားသားပြောတယ်၊ “ “ဒါဖြင့် မင်း အခုသက်သေပြဘို့ အခွင့် အရေးရပြီ၊ ခုလောက်ရှိရင် မင်းသခင်ရော သူ့တပည့် တွေပါ အရက်အလွန်အကျွံ မူးပြီး လဲနေရော့မယ်၊ ဒီကုလားအုတ် နှစ်ကောင်ကိုယူပြီး မင်းပြေးပေတော့၊ ဒီအိတ်ထဲမှာ မင်းသခင်ရဲ့ အဝတ်တစုံပါတယ်၊ အဲဒါဝတ်ပြီးရုပ်ဖျက်လိုက်ရင် မင်းကို ကျွန်မှန်းသိကြမှာ မဟုတ်ဘူး၊ ငါ့ ယောက်ျား ကိုတော့ အမေကိုပြုစုနေတုန်း မင်းကုလားအုတ်နှစ်ကောင်ခိုးပြီး ထွက်ပြေး တယ်လို့ ပြောလိုက်မယ်” ဆိုတော့၊ ငါလည်းသူ့ကို၊ “ခင်ဗျားကတော့ တကယ့်ကို တော်ဝင်ဘုရင်မစိတ်ထားမျိုးရှိတဲ့ အမျိုးသမီးတစ်ယောက် ပါပဲဗျာ၊ ခင်ဗျား စိတ်ချမ်းသာမှု ရဘို့အတွက်ဆိုရင် ကျွန်တော် အစွမ်းကုန် ဆောင်ရွက်ပေးချင်ပါတယ်” လို့ ပြောမိတယ်။ “ဒါပေမယ့် သူကပြောတယ်၊ “လင်ကိုပစ်ပြီးထွက်ပြေးတဲ့ မိန်းမတယောက်အတွက် ရပ်ဝေးမြေခြား တစိမ်းတရံဆံတွေကြားမှာလည်း စိတ်ချမ်းသာမှုကို ရှာတွေ့နိုင်မှာမဟုတ်ဘူး၊ မင်းလမ်းကိုပဲ မင်းသွားပါ၊ သဲကန္တာရနတ်တွေ မင်းကိုစောင့်ရှောက်ပါစေလို့ ငါဆုတောင်းလိုက်မယ်။ မင်းသွားရမယ့် ခရီးက သိပ်ဝေး တယ်၊ အစာမရှိ ရေမရှိတဲ့ခရီးကြမ်း” တဲ့၊ “ဒါနဲ့ ငါလည်းနှောင့်နှေးမနေတော့ပဲ သူ့ကိုသာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုပြီး အမှောင်ရိပ်နဲ့အတူ လစ်ထွက်လာခဲ့တယ်၊ ဖြတ်သန်းရမယ့်နယ်မြေက ငါလုံးဝမကျွမ်းတဲ့နယ်မြေ၊ ဘေဘီလုံက ဘယ်အရပ်မျက်နှာလောက်မှာရှိလိမ့်မယ်ဆိုတာ မှန်းဆနိုင်ရုံလောက်ပဲရှိတယ်၊ ငါဦးတည် ရမယ့်လမ်းကြောင်းရဲ့ထိပ် ဟိုအဝေးဆီမှာ တောင်ကုန်းတွေရှိတယ်၊ ဒီတောင်တွေဆီဦးတည်ပြီး ကန္တာရ ထဲ ရဲရဲတင်းတင်း ဖြတ်သန်းလာခဲ့တယ်၊ ကုလားအုတ်တကောင်ကိုစီး၊ နောက်တကောင်ကို ကြိုးတန်းလန်း နဲ့ဆွဲပေါ့၊အဲ့ဒီညတညလုံး နောက်နေ့ တစ်နေ့လုံး ခရီးနှင်တယ်၊ သခင့်ပစ္စည်းခိုးပြီး ထွက်ပြေးတဲ့ ကျွန်တွေကို ဖမ်းမိရင် ဘယ်လိုရက်ရက်စက်စက် စီရင်တတ်တယ်ဆိုတာလဲ သိထားတော့ လမ်းတလျောက်လုံး တထိတ် ထိတ် တလန့်လန့်ပဲ၊ “အဲဒီနေ့ညနေပိုင်းလောက်ရောက်တော့ သဲကန္တာရပြင်ကြီးဆုံးသွားပြီး ကုန်းမြေအစပ်ရောက် တယ်၊ ဒါပေမယ့် ဒီနေရာကလည်း သဲကန္တာရလောက်ပဲဆိုးတဲ့နေရာ၊ အင်မတန်ကြမ်းတမ်းတဲ့ကုန်းမြေ၊ ကျောက်စိုင်ကျောက်ခဲ့ အချွန်အတက်တွေချည်းဆိုတော့ ကုလားအုတ်တွေလည်း ခြေထောက်တွေကွဲကြ ရှကြတယ်၊ ပင်ပင်ပန်းပန်း တစ်ထစ်ချင်း တစ်လှမ်းချင်းနဲ့ပဲ အဲဒီနေရာကို ဖြတ်သန်းရတယ်၊ လမ်းမှာလူလည်းမတွေ့ တိရစ္ဆာန်လည်းမတွေ့ ရဘူး၊ဘယ်တွေ့ပါ့မလဲ၊ ဘယ်သူမှကို နေလို့မရတဲ့ အရပ်ကိုး ဒီနေ ရာ ဒီဒေသကိုဖြတ်သန်းပြီး အသက်ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်တဲ့ လူတောင်မှ ရှိဘူးရဲ့လား မသိဘူး၊ ဒါပေမယ့် တရက်ပြီးတရက် ငါကတော့ဆက်ပြီး သွားနေတယ်၊ တဖြည်းဖြည်းရိက္ခာလဲကုန် ရေလဲ ကုန်သွားတယ်၊ နေကလည်းပူလိုက်တာ တစ်နေ့လုံး မီးမြိုက်ခံနေရသလိုမချိမဆန့်ပဲ၊ ကိုးရက် မြောက်တဲ့နေ့ ညပိုင်းကျတော့ ကုလားအုတ်ပေါ်ကဆင်းတဲ့အချိန်မှာ လူကလုံးဝ အားပြတ်သလောက် ဖြစ်နေပြီ၊ စိတ်ထဲ မှာတော့ ကုလားအုတ်ကျောပေါ် နောက်တစ်ကြိမ်ပြန်တက်နိုင်မှာ မဟုတ်တော့ဘူး လူသူကင်းမဲ့တဲ့ ဒီအခေါင်အဖျားအရပ်မှာ တစ်ယောက်တည်း သေပွဲဝင်ရတော့မှာပဲလို့ တွေးမိတယ်၊ “ဒါပေမယ့် ကြာကြာမတွေးဖြစ်ဘူး၊ မြေကြီးပေါ်မှာ အိပ်ပျော်သွားလိုက်တာ မနက်နေ အရုဏ်တက်မှနိုးတယ်၊ ဒါနဲ့ ထထိုင်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်တယ်၊ မနက်စောစောဆိုတော့ လေက ဇဧမြမြပဲ၊ ကုလားအုတ်တွေက မလှမ်းမကမ်းမှာ၊ သူတို့လည်း မိုင်တွေနေကြတဲ့ပုံမျိုး၊ ပတ်ဝန်းကျင် ကြည့်လိုက်တော့ ကျောက်တုံးကျောက်ခဲတွေ သဲပြင်သဲကွက်တွေနဲ့ မညီညာတဲ့မြေပြင်ကိုပဲ နိမ့်တဲ့နေရာနိမ့် မြင့်တဲ့နေရာမြင့်နဲ့ မျက်စိတစ်ဆုံးမြင်နေရတယ်၊ ဆူးပင်တစ်ချို့ကလွဲလို့ ဘာအပင်မှ မရှိဘူး၊ ရေတပေါက် တစ်စက်လောက် တွေ့ရနိုင်တဲ့ လက္ခဏာလုံးဝမရှိ၊ တစ်ကယ့်ကို တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတခုပဲ၊ ဒါ ငါ့ဘဝ နိဂုံးချုပ်ရမယ့်နေရာလား၊ အဲသလိုငါတွေးမိတယ်၊ အဲဒီအချိန် ငါ့ဦးနှောက်က အရမ်း ကြည်လင် နေတယ်၊ တသက်နဲ့တကိုယ် ဘယ်တုန်းကမှ ဒီလောက် မကြည်လင်ဖူးဘူး၊ ခန္ဒာကိုယ်ရဲ့ ကိစ္စတွေဟာ လုံးဝအရေးမပါသလို ဖြစ်နေတယ်၊ ခြောက်သွေ့ကွဲအက် ပြီးသွေးထွက်နေတဲ့ နုတ်ခမ်းတွေ၊ ယောင်ရမ်း နေတဲ့လျှာနဲ့ အစာမရှိတဲ့ ဝမ်းဗိုက်တွေအားလုံးမှာ မနေ ကခံစားနေရတဲ့ အင်မတန်ပြင်းထန်တဲ့ ဝေဒနာတွေ အားလုံးဟာ ဘယ်ရောက်ကုန်မှန်းမသိ၊ လုံးဝပျောက်ကွယ်သွားသလို ဖြစ်နေတယ်။ “ရှုချင်ဖွယ်မရှိတဲ့ ဟိုအဝေးဆီကို မျှော်ရင်း ငါ့ခေါင်းထဲကို မေးခွန်းတခု ဝင်လာပြန် တယ်၊ “မင်းဟာ ကျွန်စိတ်ရှိသူလား” ဆိုတဲ့မေးခွန်း၊ မေးခွန်းကရှင်းသလို အဖြေကလဲ ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်းပဲ။ ကျွန်စိတ်ရှိသူသာမှန်ရင် ဒီနေရာမှာတင် လက်လျှော့လိုက်တော့၊ ဒီမှာပဲလှဲအိပ် လိုက် အသေခံလိုက်တော့၊ ကန္တာရထဲ လဲသေတယ်ဆိုတာ သခင့်လက်ကထွက်ပြေးတဲ့ ကျွန်တွေရဲ့ သေရိုးသေစဉ်နည်းလမ်းပဲ။  “အကယ်၍ သခင်စိတ်ရှိတဲ့လူ၊ အညံ့အခံ အရှုံးမပေးတဲ့လူမျိုးဆိုရင်ကော ဘာလုပ်မလဲတဲ့၊ ဘာမှအထူးစဉ်းစားနေစရာ မလိုဘူး၊ ဘေဘီလုံကို မရောက်ရောက်အောင်ပြန်၊ ကိုယ့်ကို ယုံယုံကြည် ကြည် ချေးငှားခဲ့တဲ့လူတွေကိုကြိုးစားပြီး ကြွေးပြန်ဆပ်၊ ကိုယ့်ကိုတကယ် ချစ်ခဲ့ယုံမက်ခဲ့တဲ့ ဇနီးသည်နဲ့ ပြန်ပေါင်းသင်း၊ ချမ်းသာသုခပြည့်ဝတဲ့ အိမ်ထောင်တခုထူထောင်၊ စိတ်ညစ်ခဲ့ရတဲ့ကိုယ့်မိဘတွေလည်း ကိုယ့်အတွက် စိတ်အေးချမ်းမှု ရအောင် အားရကျေနပ်မှု့ရှိလာအောင် ပြန်အားထုတ်၊ ဒါပဲပေါ့၊ “ကြွေးတွေဟာ မင်းရန်သူတွေပဲ၊ ဒီရန်သူတွေမောင်းထုတ်လို့ ဘေဘီလုံက မင်းထွက်ပြေး လာရတာ” ဆိုတဲ့ ဆီရာပြောခဲ့တဲ့စကား ပြန်ကြားယောင်တယ်။ အဲဒီတုန်းက ဘာကြောင့် ယောက်ျားပီပီသသ သခင်စိတ်အပြည့် အဝနဲ့ မခုခံခဲ့သလဲ၊ မိန်းမ သူ့အဖေအိမ်ဆင်းသွားတာ ငါဘာ လို့မတားခဲ့သလဲ ကိုယ့်ဘာသာ အံ့အားသင့်စွာနဲ့ ပြန်တွေးမိတယ်၊ အဲဒီအချိန်မှာ တကယ့်ကိုထူးထူး ဆန်းဆန်း အံ့သြစရာကိစ္စတခု ထဖြစ်တယ်၊ အဲဒါဘာလဲဆိုတော့ ပတ်ဝန်းကျင်လောကကြီးကို အရင်တုန်းကတခါမှမမြင်ဘူးတဲ့ အသွင်အပြင်သစ်တခုနဲ့ ရုတ်တရက်ကြီးမြင်လိုက်ရတာ၊ အရင်တသက်လုံး အရောင်ပါတဲ့ မှန်တချပ်နောက်ကကြည့်နေခဲ့ရာက ရုတ်တရက် အဲဒီမှန်ကိုဖယ်ရှားလိုက်သလို လောက ကြီး လူ့ဘဝကြီးကို အရင်ကနဲ့လုံးဝကွဲပြားခြားနားတဲ့ အမြင်သစ် ရှုထောင့်သစ်နဲ့ ငါမြင်လိုက်ရတယ်၊ “အဲဒီနေရာမှာတင် အမြင်လဲပြောင်းစိတ်ဓါတ်လဲပြောင်းသွားတယ်၊ စောစောတုန်းက ဟောဒီ သဲကန္တာရအစပ်မှာ ငါသေတော့မလားတွေးနေတာ၊ အခုလုံးဝပြောင်းလဲသွားပြီ၊ ဒီနေရာမျိုးမှာ ငါလုံးဝ မသေဘူး၊ ငါ့မှာလုပ်စရာတွေရှိတယ်၊ အဲဒါတွေငါလုပ်မယ်၊ ပထမဆုံး ဘေဘီလုံကိုပြန်မယ်၊ ရှင် တွေတယောက်ချင်းလိုက်တွေ့ပြီး အကျိုးအကြောင်းပြောပြမယ်၊ နှစ်ပေါင်းများစွာ အရပ်တကာ လျှောက်သွားရင်း ဘယ်လိုဘယ်လို ဒုက္ခမျိုးစုံတွေကြုံခဲ့တယ်၊ ဒါပေမယ့် အခုပြန်လာပြီ၊ ခင်ဗျားတို့ ကြွေးတွေ အားလုံးကြေတဲ့အထိ ပြန်ဆပ်မယ်၊ အမြန်ဆုံးကျေအောင်ဆပ်နိုင်ဘို့ ကျွန်တော်ကြိုးစားမယ်။ စသဖြင့် ငါပြောမယ်၊ ပြီးတော့ မိန်းမနဲ့ပြန်ပေါင်းသင်းနိုင်အောင်၊ သူ့ကို အိမ်တဆောင် မီးတပြောင်နဲ့ တင့်တောင့်တင့်တယ်ထားနိုင်အောင် ငါကြိုးစားမယ်၊ ဘေဘီလုံမှာ ဂုဏ်သရေရှိပုဂ္ဂိုလ်တယောက် ငါ ပြန်ဖြစ် လာစေရမယ်၊ ငါ့မိဘတွေ ငါ့ အတွက် ဂုဏ်ယူဝင့်ကြွားနိုင်အောင် ငါကြိုးစားမယ်၊ “ကြွေးတွေဟာ ငါ့ ရန်သူတွေဆိုပေမယ့် ကြွေးရှင်တွေက ငါ့မိတ်ဆွေတွေ၊ အသိအကျွမ်းတွေ ပဲ။ ငါ့ကိုယုံကြည်လို့ စိတ်ချလို့ ငွေထုတ်ချေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ယုံကြည်ပြန်ရအောင်သာ ငါ ကြိုးစားရမယ်၊ “အဲဒီစိတ်ဓာတ်နဲ့ အားခဲပြီးငါထတယ်၊ ဒါပေမယ့် ခြေထောက်ကမခိုင် ဒယီးဒယိုင်နဲ့ပေါ့၊ ယိုင်နေတဲ့ကြားက ငါ့ကိုယ်ငါ အားပေးတယ်၊ အစာမစားရတော့ ဘာဖြစ်သလဲကွ၊ ရေမသောက်ရတော့ ဘာဖြစ်သလဲကွ၊ ဒါတွေဟာ ဘေဘီလုံကို သွားတဲ့လမ်းခရီးမှာ တွေ့ရမယ့် အသေးအမွှားကိစ္စတွေ၊ ငါ့ရင်ထဲမှာ အဲသည်လိုကြံ့ခိုင်စိတ်တွေနဲ့ နိုးကြားတက်ကြွလာတယ်၊ ရန်သူကိုအနိုင်ယူမယ် မိတ်ဆွေ တွေကို ကျေးဇူးတုန့်ပြန်မယ်ဆိုတဲ့ လွတ်လပ်သူရဲ့စိတ် သခင်တယောက်ရဲ့စိတ်ဓါတ်တွေ လှုပ်ရှားရိုက်ခတ်လာတယ်။ “ကုလားအုတ်တွေကို လှမ်းခေါ်လိုက်တဲ့အချိန် ငါ့ အသံက သိပ်မပီချင်သေးဘူး၊ အက်ကွဲနေဆဲပဲ၊ ဒါပေမယ် မနေ့ကနဲ့ မတူဘဲ တက်ကြွတဲ့လေသံပါနေတာ ဒီကောင်တွေရိပ်မိတယ်၊ မှေးမှိန်နေ တဲ့ သူတို့ မျက်လုံးတွေ အရောင်တောက်လာတယ်။ သူတို့ ထို့ကြိုးစားကြတယ်။ တကယ့်ကို ဇွဲကြီးတဲ့ ကောင်တွေ ထလိုက် ပြန်ခွေလဲကျသွားလိုက်နဲ့ အကြိမ်ကြိမ်ပဲ ကြည့် ရတာသနားစရာ၊ ဒါပေမယ့် မလျှော့ဘူး၊ ခြေထောက်လေးချောင်းပေါ်ရပ်နိုင်တဲ့အထိ မရအရကြိုးစားပြီး ထကြတယ်၊ ထလို့ ရပြီ ဆိုတာနဲ့ တပြိုင်နက် ငါ့ စိတ်ထဲမှာ ဘေဘီလုံရှိတဲ့နေရာလို့ စွဲမှတ်ထားတဲ့ မြောက်အရပ်စူးစူးကို ဦးတည်ပြီး ထွက်ခဲ့ကြတာပဲ၊ “နောက်ပိုင်းမှာ ရေတွေ့တယ်၊ မြက်ပင် သစ်သီးဝလံပင်ပေါက်တဲ့နေရာမျိုး မြေဆီလွှာရှိတဲ့ နေရာမျိုးကို ရောက်လာတယ်၊ လွတ်လပ်သူရဲ့စိတ်ဓာတ် အပြည့်အ၀ဝင်လာပြီဆိုတဲ့အခါ တွေ့ ရသမျှ အခက်အခဲတွေဆိုတာ ကြောက်ရွံ့ နောက်တွန့် စရာမဟုတ်၊ ဖြေရှင်းစရာ ပြဿနာတွေလောက်ပဲဖြစ်လာ တယ်၊ ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာတယ်၊ ကြိုးစားပြီးဖြေရှင်းတယ်၊ ကျေးကျွန်စိတ်ရှိတဲ့လူလို ကျွန်တော်ဘာမှ မတတ်နိုင်ပါဘူး၊ ကျွန်တော်က လူစဉ်မှမမှီတာ၊ ကျွန်တယောက်ပဲဟာ၊ ဆိုပြီး ညည်း တွားမနေဘူး၊ ထွက်ပြေးရှောင်တိမ်းတာမျိုး မလုပ်ဘူး၊ အခုလည်းပဲ ဘေဘီလုံကို ဘယ်လိုရောက်နိုင် မလဲစူးစမ်းရင်း ရှာဖွေရင်း မေးမြန်းရင်းနဲ့ လမ်းစရတယ်၊ နောက်ဆုံးတော့ အိမ်ပြန်ရောက်တာပဲပေါ့။ “အဲဒီတော့ မင်းကောဘယ်လိုလဲတာခက်၊ အခု မင်းဗိုက်ထဲ ဟာလာဟင်းလင်း ဖြစ်နေတဲ့အချိန် ခေါင်းက အရမ်းကြည်လင်မနေဘူးလား၊ ကိုယ့်ကိုကိုယ် လေးစားတဲ့လမ်းကြောင်းပေါ် ပြန်လျှောက်ချင်တဲ့ စိတ် ရှိမလာသေးဘူးလား၊ လောကကြီး လူ့ဘဝကြီးကို သူ့အသွေးအရောင် အမှန်အကန်အတိုင်း မြင်မလာ သေးဘူးလား၊ ကြွေးတွေ ဘယ်လောက်များပစေ ဒီကြွေးကိုကျေအောင် ငါဆပ်မယ် ဘေဘီလုံမှာ ဂုဏ်သရေ ရှိတဲ့ ပုဂ္ဂိုလ်တယောက် ပြန်ဖြစ်လာအောင် ငါကြိုးစားမယ်ဆိုတဲ့ စိတ်တွေ ဖြစ်ပေါ်မလာသေး ဘူးလား၊” တာခက် မျက်လုံးအစုံမှာ မျက်ရည်များစို့လာသည်။ သူဒူးထောက်ပြီးထိုင်လိုက်သည်။ “ခင်ဗျားကျွန်တော့်ကို အမြင်သစ်တခု ပေးလိုက်တာပါပဲ၊ အခုပဲ ကျွန်တော့်ရင်ထဲမှာ လွတ်လပ်သူ တယောက်ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့စိတ်တွေ လှုပ်ရှားတက်ကြွနေပါပြီ” ဟုသူဆိုလိုက်သည်။ စောစောက ဇာတ်လမ်းကို စိတ်ဝင်တစား နားထောင်နေခဲ့သည့် ပုဂ္ဂိုလ်တဦးက သူသိချင် သည်ကို ဖြတ်၍မေးသည်။ “ဘေဘီလုံကို ရောက်ပြီးတဲ့နောက် ခင်ဗျားဘဝ ပြန်ထူထောင်ပုံလေး ပြောပြစမ်းပါအုံး” “ဖြစ်အောင်လုပ်မယ်လို့ သဋ္ဌာန်ချထားပြီးရင် နည်းလမ်းဆိုတာ တွေ့စမြဲပဲကွ”  ဒါ ဗာဆား ကဖြေသည်။ “ဘေဘီလုံမှာ ငါ့ဘဝပြန်မြင့်မားလာရမယ်လို့ အခိုင်အမာ ဆုံးဖြတ်ပြီးပြီဆိုတဲ့နောက်မှာ စဉ်းစားမိတဲ့အလုပ်ကို အရင်ဆုံးကောက်လုပ်တာပဲ၊ ပထမဆုံး ငါ့ကြွေးရှင်တွေကို တယောက်ပြီးတယောက် လိုက်တွေ့ တယ်၊ တောင်းပန်တယ်၊ ခင်ဗျားတို့ ကြွေးတွေ ကျေအောင်ဆပ်ဘို့ ကျွန်တော် သံဒိဋ္ဌာန် ချထား ပြီးပါပြီ၊ ကျွန်တော်ကြိုးစားရှာဖွေပြီး မှန်မှန်ဆပ်သွားပါ့မယ်၊ နည်းနည်း ကြာနေခဲ့သည်ရှိသော် သည်းခံ ကြပါ၊ အဲဒီလိုတွေ လိုက်ပြောတယ်၊ ဒီလိုပြောတော့ အများစုက ဝမ်းသာကြပါတယ်၊ ဆဲတဲ့ လူတွေ လဲရှိတာပေါ့ကွာ၊ အတော်များများကပဲ သူတို့ ကူညီပါ့မယ်လို့ ပြော တယ်ကွ၊ အဲဒီအထဲမှာ တစ်ယောက် ကတော့ ငါ့မှာလိုအပ်နေတာကို တကယ်ထိထိရောက်ရောက် အကူ အညီပေးခဲ့တယ်၊ သူက ငွေတိုး ချေးစားတဲ့ မာသွန်၊ ငါ့ အကြောင်းတွေ သူ မေးရင်နဲ့ငါဆီးရီးယားမှာ ကုလားအုတ်ထိန်းသမား လုပ်ခဲ့ဖူးတယ် ဆိုတာသိသွားတော့ ကုလားအုတ်ကုန်သည်ကြီး နီဗာတူးဆီ ငါ့ ကိုပို့တယ်၊ အဘိုးကြီးက ဘုရင်မင်းမြတ် ချီတော်မူမယ့်အရေးအတွက် ကုလားအုတ် ကောင်းကောင်း သန့်သန့် တွေ အမြောက် အများ ဝယ်ယူ ပေးသွင်းဘို့ အမိန့် ရထားတာ၊ သူနဲ့ငါနဲ့က တကယ့်ကို အံဝင် ခွင်ကျဖြစ်သွားတယ်။ တဖြည်းဖြည်းနဲ့ ငါ ချေးထားသမျှကြွေးတွေအားလုံး တပြားမကျန် ငါပြန်ဆပ်နိုင်ခဲ့တယ်။ ကြွေးကြေတာနဲ့ အမျှ လူကြားထဲမှာ ခေါင်းမော့ရပ်နိုင်လာတယ်၊ လူအများယုံကြည်စိတ်ချတဲ့ လူတစ်ယောက်ဘဝ ငါပြန်ရလာတယ်” စကား ဆုံးတော့ ဒါဗာဆား အစားအသောက်ဘက်ပြန်လှည့်သည်။ “ဟေ့၊ ကောက်စကော၊ တကယ့်ပက်ကျိပဲကွာ၊ သိပ်နှေးတဲ့အကောင်” သူကမီးဖိုထဲရှိ ကောက်စကာကြားအောင် လှမ်းအော်သည်။ “မင်းဟင်းတွေက အေးစက်နေတာပဲ၊ ကင်ပြီးကာစ အသားပူပူနွေးနွေး ပေးစမ်းပါကွ၊ ဟောဒီက တာခက်အတွက်လည်း လုပ်စမ်းပါ၊ နည်းနည်းမလုပ်နဲ့ များများလုပ်ခဲ့၊ ငါ့သူငယ်ချင်းရဲ့ သားကွ၊ သူလည်းဆာလှရော့မယ်၊ ငါနဲ့အတူစားရအောင် မြန်မြန်ယူခဲ့စမ်းပါ” ဘေဘီလုံမှ ကုလားအုတ်ကုန်သည်ကြီး ဒါဗာဆား၏ ဇတ်လမ်းပုံပြင်က သည်တွင်ပြီးဆုံး သည်။ အမှန်တရားတရပ်ကို ပီပီပြင်ပြင် သိမြင်ပြီးသည့်နောက်တွင် သခင်ဘဝ လမ်းကြောင်းမှန်ပေါ် သို့ သူပြန်လည် ရောက်ရှိသွားခဲ့သည်။ သည်အမှန်တရားကား သူ့အရင် ရှေးပဝေသဏီကပင် ဉာဏ်အမြော်အမြင်ရှိသူတို့ သိမြင်ခဲ့ပြီးသော အရာတခုသာဖြစ်သည်။ သည်အမှန်တရားက လမ်းပြသဖြင့် ခေတ်အဆက်ဆက် မြောက်မြားစွာသောလူတို့ အခက်အခဲ အကျပ် အတည်းပေါင်းစုံက လွတ်မြောက်ကာ ဘဝအောင်မြင်မှု ရရှိခဲ့ကြသည်။ နောင်လာမည့် ခေတ်အဆက်ဆက်တွင်လည်း ယင်း၏တန်ခိုးစွမ်းအားကို သိမြင်သောသူတို့အား ယင်းက ဘဝအောင်မြင်ရေးအတွက် ဆက်လက်လမ်းပြ ရှေ့ဆောင်သွားပေဦးမည်။ ယင်းအမှန်တရားကား “ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ရန် အဓိဋ္ဌာန်ပြတ်သားခိုင်မာပြီဆိုက ယင်းအား အကောင်အထည်ဖော်ရန် နည်းလမ်းမှန်ကို ရှာတွေ့မြဲဖြစ်သည်” ဟူသော အချက်ပေတည်း။