ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

အခန်း (၁၀) ဘေဘီလုံမှာကံအကောင်းဆုံးပုဂ္ဂိုလ်

ဝန်တင်ကုလားအုတ်တန်းကြီး၏ ထိပ်မှ ဂုဏ်ယူစွာ လိုက်ပါလာသူကား ဘေဘီလုံ၌ ကုန်သည် မင်းသားဟု ထင်ရှားသည့် ရှာရူးနာဒါ ဖြစ်သည်။ သူက ဝတ်ကောင်းစားလှ နှစ်သက်သူဖြစ်သည်။ အလွန်တန်ဘိုးကြီး၍ သားနားလှပသည့် အဝတ်တန်ဆာများ ဆင်ယင်ဝတ်စားလေ့ရှိသည်။ တိရိစ္ဆာန် ဆိုလျှင် မျိုးကောင်းမျိုးသန့်မှ သူရွေးသည်။ ယခုလည်း အလွန်ကြွကြွရွရွရှိလှသည့် အာရပ်မြင်းကြီး တစီးပေါ်မှာ သူသက်သောင့်သက်သာ လိုက်ပါလာခြင်းဖြစ်သည်။ အမှတ်တမဲ့ကြည့်လျှင် သူ့ ကို အသက်အရွယ် ကြီးရင့်သူတဦးဖြစ်ကြောင်း မှန်းဆမိရန်မလွယ်။ ဒါတွင်မက လောလောဆယ် သူ့စိတ် ထဲမှာ ပြဿနာတစ်ခုကြောင့် အနှောင့်အယှက်ဖြစ်နေ ရကြောင်း ခန့်မှန်းမိရန်က ပို၍ပင်မလွယ်။ ဒမတ်စကပ်မှ လာခဲ့သောခရီးသည် ရှည်လျားဝေးလံလွန်းလှသည်။ သဲကန္တာရတွင်းမှာ ကြုံ တွေ့ ရသည့် အခက်အခဲတွေကလည်း ပြောမကုန်နိုင်အောင်ပင်။ သို့သော် သည်ဟာတွေကို သူအရေး မစိုက်။ ခရီးလမ်းတလျှောက်ရှိ အာရပ်မျိုးနွယ်စုတွေသည် ရက်စက်ကြမ်းကြုတ်သည်။ ချမ်းသာသော ကုန်သည်အုပ်စုတွေလာလျှင် လုယက်ရန် အမြဲချောင်းနေတတ်သည်။ သို့သော် နာဒါကမမှု။ သူ့မှာ အလွန်လျင်မြန်သည့် မြင်းစီးအစောင့် စစ်သည်တွေ အလုံလောက် ပါလာသည်။ သည်လူတွေက ဓါးပြရန်ကို ကောင်းစွာ ကာကွယ်စောင့်ရှောက်နိုင်သည်။ ( ယခု သူ့ခေါင်းထဲတွင် ပြဿနာတက်နေသည်က ဒမတ်စကပ်မှ သူခေါ်လာခဲ့သည့် ယခုသူ့ ဘေးမှ လိုက်ပါလာသူ လူငယ်အတွက် ဖြစ်၏။ လူငယ့်အမည်က ဟာဒန်ဂူလာဖြစ်သည်။ ဟာဒန်သည် သူနှင့်အတူ နှစ်ပေါင်းများစွာ အတူ တကွ စီးပွားရှာခဲ့သူ အာရတ်ဂူလာ၏ မြေးဖြစ်သည်။ အာရတ်၏ကျေးဇူးက သူ့အပေါ် တသက် ဆပ်မကုန်အောင် တင်ရှိခဲ့သည်။ ထို့ကြောင့်လည်း အာရတ်၏ မြေးဖြစ်သူ ဟာဒန်ဂူလာအတွက် တခုခု ဆောင်ရွက်ပေးလိုသောဆန္ဒ သူ့မှာ ပြင်းပြခဲ့ခြင်းဖြစ်သည်။ သို့သော် သည်အတွက် စဉ်းစားကြံဆလေ အခက်အခဲတွေသာ သူတွေးမိလေ ဖြစ်နေခဲ့သည်။ ပြဿနာက သည်လူငယ်နှင့်ပင်သက်ဆိုင်သည်။ လူငယ့်ကိုယ်ပေါ်တွင် လက်စွပ်တွေ နား ကွင်းတွေ အပြည့်ဆင်ယင်ထားကာ သူမြင်နေရသည်။ “အင်း၊ မျက်နှာကို သူ့အဖိုးရဲ့ ယောက်ျားပီသ တဲ့ မျက်နှာမျိုး၊ ဒါပေမယ့် စိတ်ဓါတ်ချင်းက တစ်ခြားစီ၊ သူ့အဘိုးက အဝတ်အစား ပြီးပြီးပြောင် ပြောင်တွေ ဝတ်တဲ့လူစားမျိုးမဟုတ်ဘူး၊ သူကတော့ လက်ဝတ်ရတနာဆိုတာ ယောက်ျားတွေအတွက် အောက်မေ့တာ၊ အင်းလေ၊ သူ့ခြေထောက်ပေါ်သူရပ်တတ်အောင်ဆိုပြီး ငါခေါ်ခဲ့တဲ့ကိစ္စပဲ၊ အမွေရတဲ့ ပိုက်ဆံတွေ ထိုင်ဖြုန်းနေတဲ့ သူ့အဖေလက်ထဲ ထားခဲ့ရင် ဒီကောင်လေးလည်း လုံးဝပျက်စီးမှာ၊” ဟာဒန်ဂူလာ၏ အမေးစကားကြောင့် သူ့အတွေးစပြတ်သွားရသည်။ “အဘ ဘာကြောင့် ဒီလောက် အလုပ်ပင်ပင်ပန်းပန်းလုပ်နေရတာလဲ။ ဒီဝန်တင်တိရစ္ဆာန်တန်းကြီးနဲ့ ခရီးရှည်သွားရတာ အဘမငြီးငွေ့ ဘူးလား၊ တခါတလေ ဘဝမှာ ပျော်ပျော်နေဘို့ စိတ်မကူးဘူလား၊” ရှာရူးနာဒါကပြုံးသည်။ “ဘဝမှာ ပျော်ပျော်နေဘို့ ဟုတ်လား” သူကဆိုသည်။ “ကိုင်း မေးပါရစေကွာ၊ မင်းသာ ရှာနာဒါ ဆိုရင် ဘဝမှာဘယ်လိုတွေ ပျော်ပျော်နေမယ် စိတ်ကူးသလဲ” “အဘလောက် ပိုက်ဆံချမ်းသာရင် ကျွန်တော် မင်းသားတပါးလို နေမှာပေါ့ဗျ။ ဒီလိုပူပြင်းတဲ့ သဲကန္တာရမျိုးကိုဖြတ်ပြီး ဘယ်ခရီးသွားနေပါ့မလဲ၊ ငွေဒင်္ဂါးတွေဆိုတာ အိတ်ထဲဝင်လာတာနဲ့ ချက်ချင်း သုံးပစ်မယ်၊ အပျံစားဆိုတဲ့ အဝတ်အစားတွေ အရှားပါးဆုံး လက်ဝတ်ရတနာတွေ ဈေးကြီးပေးပြီး ဝယ် ဝတ်မယ်၊ ကျွန်တော်ကြိုက်တာ အဲဒီလိုဘဝမျိုးပဲ၊ အဲဒါမှ တကယ်နေပျော်တဲ့ဘ၀” သူက သွက်လက်စွာ ဖြေသည်။ သည်နောက် သူတို့နှစ်ယောက်လုံး အားရပါးရ ရယ်လိုက်မိကြသည်။ “မင်းအဘိုးက လက်ဝတ်ရတနာ မဝတ်ဘူးကွ၊” ရှာရူးနာဒါက အမှတ်မဲ့ ပြောလိုက်မိသည်။ သည့် နောက်မှ ရယ်သလို မောသလိုနှင့်မေးသည်။ “အလုပ်လုပ်မယ့် အချိန်လေးဘာလေးကော မအား တော့ဘူးလားကွ” “အလုပ်ဆိုတာ ကျွန်တွေအတွက်ပဲ” ဟာဒန်ဂူလာကဆိုသည်။ ရှာရူနာဒါက ဘာမျှမပြော၊ နှုတ်ခမ်းကိုသာ ကိုက်နေလိုက်မိသည်။ တိတ်ဆိတ်စွာ ဆက်၍ခရီးနှင်ခဲ့ပြီးနောက်တွင် ကုန်းစောင်းတခု၏ ထိပ်သို့ ရောက်လာသည်။ နာဒါက မြင်းကို ဇတ်သတ်ရပ်လိုက်ပြီး အောက်ဘက်ရှိ စိမ်းလန်းသော ချိုင့်ဝှမ်းလွင်ပြင်ဒေသကို ပြသည်။ “အဲဒါ ဘေဘီလုံချိုင့်ဝှမ်းလွင်ပြင်ပဲ၊ ဟိုအဝေးမှာ ဘေဘီလုံမြို့ရိုးကို ပျပျလေးမြင်ရမယ်၊ မျှော်စင်မြင့်ကြီးနဲ့ အဆောက်အဦးက ဘဲလ်ဗိမာန်တော်၊ မင်းမျက်စိကောင်းရင် မျှော်စင်ထိပ်မှာ ထွန်း ညှိထားတဲ့ ထာဝရမီးလျှံက မီးခိုးတန်းရေးရေးကို မြင်ရလိမ့်မယ်” “သြ၊ ဒါဘေဘီလုံပဲကိုး၊ ကမ္ဘာပေါ်မှာ အချမ်းသာ အကြွယ်ဝဆုံးဆိုတဲ့မြို့၊ ကျွန်တော်ရောက် ဖူးချင်ခဲ့တာကြာပြီ၊” ဟာဒန်ဂူလာက ဆိုသည်။ “ဘေဘီလုံဟာ ကျွန်တော်တို့အဘိုစပြီး စီးပွားရှာခဲ့တဲ့ မြို့ပဲ၊ ဒီမှာသူစချမ်းသာတာ၊ အဘိုးသာရှိသေးရင် ကျွန်တော်တို့ ခုလောက်ကျပ်တည်းမှာမဟုတ်ဘူး”  “သူလည်း သက်တမ်းရှိသလောက်သာ နေနိုင်မှာပေါ့ကွာ၊ ဘာကြောင့် ဒီထက်ပိုပြီး တောင်းဆို ချင် ရတာလဲ၊ မင်းနဲ့မင်းအဖေရှိသားပဲကွ၊ မင်းအဘိုးရဲ့ အခြေခိုင်ပြီးသွားလုပ်ငန်းတွေကို မင်းတို့ ဆက် လုပ်ကြပေါ့ ” “ဟာ၊ ကျွန်တော်တို့သားအဖက အဘိုးရဲ့ပါရမီမျိုး တစက်မှမပါဘူးဗျ၊ ရွှေတွေငွေတွေ အလို အလျောက် တန်းစီပြီးဝင်လာအောင်ခေါ်ယူတဲ့ အဘိုးရဲ့ လျှို့ဝှက်နည်းလမ်းတွေ ကျွန်တော်တို့ သား အဖ မရလိုက်ကြဘူး” ရှာရူဒါက ဘာစကားမျှမဆို၊ မြင်းကိုသာဇက်ပေးကာ တောင်ကြားချိုင့်ဝှမ်းထဲ ဆင်းသည် လမ်းအတိုင်း တွေးတွေးဖြင့် ဆင်းလာခဲ့သည်။ သူတို့နောက်မှ ဝန်တင်ကုလားအုတ်တန်းက ထက်ကြပ်မကွာ လိုက်ပါလာသည်။ အတန်ကြာလျှင်ပင် ဘုရင့်လမ်းမကြီးပေါ်သို့ သူတို့ ရောက်ရှိလာ ကြပြီး တောင်ဘက်သို့ ချိုးကွေ့ကြသည်။ လမ်းဘေးဝဲယာ၌ တူးမြောင်းများဖြင့် ရေသွယ်စိုက်ပျိုးသော လယ်ကွင်းပြင်များရှိသည်။ လယ် ကွင်းထဲ၌ အသက်အတော်ကြီးရင့်ပြီဖြစ်သော လူကြီးသုံးယောက် လယ်ထွန်နေကြတာ ရှာရူနာဒါ သတိပြုမိသည်။ သည်လူတွေ့ရုပ်သွင်ကို သူမြင်ဘူးနေသည်။ အံ့တော့အံ့သြစရာ၊ သည်နေရာကို လွန် ခဲ့သော နှစ်ပေါင်းလေးဆယ်လောက်က တကြိမ်သူဖြတ်သန်းဘူးသည်။ အဲသည်တုန်းက တွေ့ခဲ့ဘူး သည့် လယ်သမားတစုနှင့် ယခုလူစုသည် အတူတူဖြစ်နိုင်ပါ့မလား၊ သို့သော် သူ့စိတ်ထဲမှာတော့ သေချာနေသည်။ သည်လူတွေပဲ။ အိုသွားတာတစ်ခုပဲရှိသည်။ ကျန်တာ ဘာမှမပြောင်းလဲ။ ထယ်ထိုး သည့်လူက လက်ကြောမတင်း။ ကိုင်ထားပုံက လျော့တိလျော့ရဲ။ နွားမောင်းသည့် လူနှစ်ယောက်က လည်း ပျင်းတိပျင်းတွဲ လေးလေးကန်ကန်။ စည်ပိုင်းသစ်သားခြမ်းမှ ဖွဲ့ထားသောတုတ်နှင့် မထိတချက် ထိတချက် ရိုက်လျက်။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်တုန်းကတော့ သည်လူတွေကို သူမနာလိုဖြစ်ခဲ့ဘူးသည်။ သူတို့နှင့် နေ ရာချင်းလဲခွင့် ရမည်ဆိုလျှင် ဝမ်းသာအားရ လဲခဲ့မိလိမ့်မည်။ ယခုတော့ အခြေအနေက လုံးဝခြားနားခဲ့ပြီ။ သူ့ နောက်ဘက်က ပါလာသည့်ကုလားအုတ်တန်းကို နာဒါ ဂုဏ်ယူစွာ လှည့်ကြည့် မိသည်။ သည်အထဲမှာ မျိုးကောင်းမျိုးသန့် ကုလားအုတ်များအပြင် မြည်းတွေလဲပါသေးသည်။ သည် အကောင်တွေအားလုံး၏ ကျောပေါ်မှာ ဒမတ်စကပ်မှဝယ်လာခဲ့သည့် အဘိုးတန်ကုန်ပစ္စည်းတွေ အပြည့်အမောက်တင်လျက်။ သည်ဟာတွေအားလုံးသည် သူပိုင်ပစ္စည်းများဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရသော် ပစ္စည်းတွေသည် သူပိုင်ဓနဥစ္စာ မြောက်များစွာထဲမှ အစိတ်အပိုင်းတစ်ခုမျှ ဖြစ်သည်။ သူကဟာဒန်အား လယ်ထွန်နေသူများကို ညွှန်ပြပြီး ပြောလိုက်သည်။ “အဲဒီလူတွေဟာ လွန် ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကပုံစံအတိုင်း လုပ်နေကြတုန်းပဲကွ၊ ဘာမှမပြောင်းလဲသေးဘူး၊” “ဒီလူတွေ ဟုတ်လား၊ ဘာကြောင့် မပြောင်းလဲဘူး ပြောနိုင်သလဲခင်ဗျ” “ငါကိုယ်တိုင် တွေ့ခဲ့ဘူးတာကို ” ရှနာဒါကဖြေသည်။ | သူ့ခေါင်းထဲတွင် အတိတ်ကဖြစ်ရပ်တွေ တိုးဝှေ့နေရာ ယူလာသည်။ ဘာကြောင့် ဒီအတိတ် တွေကို မေ့မထားနိုင်ရသလဲ၊ ပစ္စုပ္ပန်မှာပဲ နေပါရော့လား၊ သူ့ကိုယ်သူ ပြောမိသေးသည်။ သို့သော် အာရတ်ဂူလာ၏ ပြုံးနေသော မျက်နှာက ပေါ်လာသည်။ သည်မျက်နှာကို မြင်ယောင်လျင်ပင် သူနှင့် သူ့အနီးရှိ လူငယ်လေးအကြား ခြားထားသည့် အတားအဆီးက ပျက်ပြယ်၍ သွားရသည်။ သို့သော် သည်လူငယ်ကို သူဘယ်သို့ ကူညီရမည်နည်း။ လူငယ်က စိတ်နေမြင့်သည်။ ပြီး ဘာကိုမျှ အလေးအနက်ထားသူမျိုးမဟုတ်။ သူ့မှာ ပိုက်ဆံသုံးချင်တာ ဖြုန်းချင်တာ လက်ဝတ်ရတနာ အဆင်တန်ဆာတွေကို မက်တာပဲ ရှိသည်။ အလုပ်လုပ်ချင်စိတ် ရှိသူမျိုးဆိုလျှင်တော့ ပေးစရာအလုပ် တပုံတပင်ရှိသည်။ သို့သော် သည်လူငယ်က အလုပ်ဆိုတာ အနိမ့်စားသတ္တဝါတွေ လုပ်သည့်အရာ ဟု ယူဆနေသည်။ ဘာပဲဖြစ်ဖြစ် နာဒါ အနေနှင့်က အာရတ်ဂူလာ၏ မျက်နှာကိုထောက်၍ တစုံတခု ပြုလုပ်ပေး ရန် တာဝန်ရှိနေသည်။ လုပ်ပြီဆိုလျှင်လည်း တဝက်တပျက်ဆိုတာမျိုးတော့မဖြစ်။ သူနှင့်အာရတ်က အလုပ်တခုကို စိတ်မပါတပါ လုပ်ရိုးထုံးစံမရှိ။ သူတို့က လုပ်မိလျှင် အပြည့်အဝ ဇောက်ချပြီး လုပ် တတ်သည့် လူစားမျိုး၊ သူ့ခေါင်းထဲ စိတ်ကူးတခုပေါ်လာသည်။ ချက်ချင်းပင် သင့်တော်ပါ့မလားဆိုသော အတွေး တွေလည်း ဝင်လာသည်။ ကိုယ့်ရပ်တည်ချက်ရော ကိုယ့်မိသားစု၏ အနေအထားပါ စဉ်းစားရဦးမည်။ သူတို့အတွက် ရက်စက်ရာ ကျနေမည်လား၊ သူတို့အတွက် စိတ်ထိခိုက် ခံစားစရာတွေ ဖြစ်နေမည် လား။ သူစဉ်းစားသည်။ သို့သော် နာဒါက ဆုံးဖြတ်ချက် မြန်ဆန်သူဖြစ်သည်။ သို့လောသို့လောတွေ ဘေးဖယ်ကာ စိတ်ကူးအတိုင်း အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ “မင်းအဘိုးနဲ့ ငါနဲ့ သိပ်အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတခု စလုပ်ခဲ့ပုံအကြောင်း မင်းစိတ်ဝင်စား မလားမသိဘူး” သူက မေးလိုက်သည်။ “အဘတို့ ပိုက်ဆံတွေ ဘယ်လိုရသလဲဆိုတာသာ ပြောပါ၊ ကျွန်တော်က အဲဒီအပိုင်းပိုသိချင် တာ။” လူငယ်ကဆိုသည်။ ရှာရူနာဒါက လူငယ့်စကားကို အလေးအနက်မထားဘဲ သူပြောလိုရာကိုသာ ဆက်ပြောသည်။ “စောစောက တွေ့ခဲ့တဲ့ လယ်ထွန်နေတဲ့လူတွေအကြောင်းက စပြောရမယ်ကွ၊ အဲဒီတုန်းက ငါ မင်းအရွယ်လောက်ပါပဲ၊ တို့လူတွေ အတန်းလိုက်ချီတက်လာတော့ တို့နဲ့ အတူပါတဲ့ မယ်ဂစ်ဒို ဆိုတဲ့ လူကြီးက လယ်သမားဟောင်းဆိုတော့ ဟိုလူတွေလက်ကြောမတင်းပုံကိုကြည့်ပြီး ရယ်တယ်၊ မယ်ဂစ်ဒို က ငါ့ဘေးနားကပ်ရက် သံကြိုးတည်းထားတာ၊ “ဟိုငပျင်းကောင်တွေကြည့်စမ်း၊ ထယ်ထိုးတဲ့အကောင် က နက်နက်ထိုးဘို့မကြိုးစားဘူး၊ နွားမောင်းတဲ့အကောင်တွေကလည်း ထယ်ကြောင်း ဖြောင့်ဖြောင့် သွားအောင် မောင်းမပေးဘူး၊ ဒီလိုထွန်ပုံမျိုးနဲ့ စပါးကောင်းကောင်း ဘယ်မှာရပါ့ မလဲကွ”တဲ့ သူက ပြောတယ်။ “မယ်ဂစ်ဒိုက အဘဘေးကပ်ရက်သံကြိုးချည်ထားတယ်လို့ ဆိုတယ်နော်၊” ဟာဒန်ဂူလာက အံ့အားသင့်ဟန်ဖြင့် မေးသည်။ “ဟုတ်တယ်၊ လည်ပင်းမှာ ကြေးဝါနဲ့လုပ်တဲ့ လည်ပတ်ကြီးတွေ တပ်ထားပြီး၊ နှစ်ယောက် ကြားမှာ သံကြိုးကြီးတချောင်း ချည်ထားတယ်၊ သူ့ဟိုဘက်ဘေးမှာဆက်လျက်က သိုးသူခိုးဇငါးဒိုး၊ ငါဟာရုန်မှာသိဘူးခဲ့တဲ့လူ၊ ဇငါးဒိုးဟိုဘက် တို့အတန်းရဲ့အစွန်ဆုံးပုဂ္ဂိုလ်က ပင်လယ်ဓါးပြလို့ ခေါ်ကြ တဲ့လူ၊ သူက နာမည်မပြောဘူး၊ ရင်ဘတ်မှာ သင်္ခင်္ဘောသားများလို မြွေနှစ်ကောင်လိမ်နေတဲ့ပုံတပုံ ဆေးမင်ကြောင်ထိုးထားတာတွေ့လို့ သင်္ဘောသားဘဲ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားကြတာ၊ တို့ကို ခေါ် လားတော့ လေးယောက်တတန်းစီ လျှောက်လို့ရအောင်ကွဲပြီး ခေါ်လာတာ” “ကျွန်တွေကိုချည်သလို သံကြိုးနဲ့ ချည်လာတာပေါ့” ဟာဒန်ဂူလာက မယုံကြည်နိုင်ဟန်ဖြင့် မေးသည်။ “ငါတချိန်တုန်းက ကျွန်တယောက်ဖြစ်ခဲ့ဘူးတယ် ဆိုတဲ့အကြောင်း မင်းတို့အဘိုး ပြောမပြဘူး လား” “အဘအကြောင်း မကြာခဏတော့ ပြောပါတယ်၊ ဒါပေမယ့် ဒီကိစ္စအရိပ်အမြွက်တောင် မဟဘူးဗျ။ “မင်းတို့အဘိုးက အင်မတန်မှယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်တယောက်ပဲကွ၊ သိပ်နှုတ်လုံတယ်။ မင်းဟာလည်းပဲ ငါ ယုံကြည်စိတ်ချနိုင်လောက်တဲ့ လူတယောက်လို့ ငါမှတ်ထားတယ်ကွ၊ ငါထင်တာ မှားသလား၊” ရှာရုနာဒါက ဟာဒန့်မျက်နှာကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။ “စိတ်ချပါ၊ ကျွန်တော် နုတ်လုံရပါစေ့မယ်၊ ဒါပေမယ့် အဘပြောတာကြားရတော့ ကျွန်တော် အံ့အားသင့်သွားတယ်၊ ဘယ်လို လုပ်ပြီး ကျွန်ဘဝရောက်သွားခဲ့သလဲ ပြောစမ်းပါအုံး၊” ရှာရူမာဒါက ပခုံးကိုတွန့်လိုက်သည်။ “ဘယ် သူမဆို ကျွန်ဘဝရောက်သွားနိုင်တာဘဲကွ၊ ငါဒုက္ခရောက်ရတဲ့ အဓိကတရားခံကတော့ ဘာလီဘီယာနဲ့ အံစာဝိုင်းပဲကွ၊ ငါကိုယ်တိုင် ကြောင့် တော့မဟုတ်ဘူး၊ ငါ့အစ်ကိုရဲ့ မိုက်မဲမှု့ဒဏ်ကို အချောင် ဝင်ခံရ တာပါ၊ အစ်ကိုက ဝိုင်းမှာ ရုန်းရင်းဆန်ခတ် ရန်ဖြစ်ကြရင်း သူ့လက်ချက်နဲ့ လူတစ်ယောက်သေသွား တယ်၊ သေသူက သူ့ သူငယ်ချင်းတယောက်ပါပဲ၊ အဲဒီကိစ္စကို တဘက်က တရားစွဲဆိုမှာ ဥပဒေအရ စီရင်ခံ   ရမှာ ကြောက်တော့ အဖေက သေသူ့ဇနီးနဲ့ ညှိတယ်၊ သူ့ကို နစ်နာကြေး ထိုက်ထိုက်တန်တန်ပေး မယ်ပေါ့ ကွာ၊ သို့သော် လောလောဆယ်မပေးနိုင်တော့ အပေါင်အဖြစ်နဲ့ ငါ့ကို ခဏအပ်ထားတယ်၊ စာချုပ်စာတမ်းနဲ့ ပေါ့၊ ဒါပေမယ့် အဖေက ငါ့ကို ပိုက်ဆံပေး မရွေးနိုင်ဘူးကွ၊ ကြာလာတော့ ဟိုမိန်း မက ဒေါသထွက်ပြီး ကျွန်ကုန်သည်လက်ထဲ ရောင်းထည့်လိုက် တာပေါ့ကွာ” “ဟာ၊ မတရားတာဗျာ” ဟာဒန်ဂူလာကဆိုသည်။ “အဲ့ဒီတော့ အဲဒီကနေ ဘယ်လိုပြန်လွတ် လာသလဲ၊ ပြောစမ်းပါအုံး” “အဲဒီအကြောင်းလည်း ရောက်ပါလိမ့်မယ်၊ ခဏနေပါအုံး၊ စောစောက စကားအတိုင်းပဲ ဆက် ပြောရအောင်၊ တို့ ကျွန်တွေ ခုနနေရာနား ဖြတ်လာတော့ လယ်ထွန်သားတွေက လှောင်ကြပြောင်ကြ တယ်၊ တယောက်ဆိုရင် သူ့ ခေါင်းက ဦးထုတ်အစုတ်ကိုချွတ်ပြီး တို့ကို အရိုအသေပြုတဲ့ပုံစံမျိုးလုပ် ပြပြီး လှမ်းအော်တယ်၊ “ဘုရင်မင်းမြတ်ရဲ့ ဧည့်သည်တော်များခင်ဗျ၊ ဘေဘီလုံ ရွှေမြို့တော်က ကြိုဆို ပါတယ်ခင်ဗျ၊ ဘုရင်မင်းမြတ်က ခင်ဗျားတို့ အတွက် မြို့ရိုးပေါ်မှာ ထမင်းစားပွဲကြီးတည်ခင်းပြီး အသင့်စောင့်ကြိုနေပါတယ်၊ ရွံ့အုတ်နဲ့ ကြက်သွန်နီဟင်းချို ကျွေးမလို့ခင်ဗျ” တဲ့။ သူအဲဒီလိုအော်တော့ ကျန်တဲ့လူတွေက တဟားဟား ရယ်ကြတယ်၊ “ပင်လယ်ဓါးပြက ဒေါသထွက်ပြီး ရေရေလယ်လယ်ဆဲတာ၊ ဒါနဲ့ ငါသူ့ကိုမေးကြည့်တယ်။ ရှင်ဘုရင်က ကျွန်တော်တို့ ကို မြို့ရိုးပေါ်မှာ စောင့်နေတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဗျ” လို့၊ “ ငါတို့ကို မြို့ရိုးဆောက်တဲ့နေရာမှာ အုတ်သယ်ခိုင်းလိမ့်မယ်လို့ ပြောတာ၊ အုတ်ခဲတွေ ခါး ကျိုးအောင် ထမ်းရတယ်၊ ခါးကျိုးပြီးမသေရင် အရိုက်ခံရပြီး သေလိမ့်မယ်၊ ငါ့ကိုတော့ ဒီကောင်တွေ ရိုက်လို့မရဘူး၊ ငါကသတ်မှာ၊”တဲ့၊ သူကဆိုတယ်။ “အဲဒီအခါ မယ်ဂစ်ဒိုကပြောတယ်၊ “အလုပ်ကြိုးစားစားလုပ်တဲ့ကျွန်ကို သခင်ကသေအောင် ရိုက်သတ်တယ်ဆိုတာ ငါလက်မခံဘူးကွ၊ အဓိပ္ပါယ်မရှိဘူး၊ သခင်တွေက အလုပ်လုပ်တဲ့ ကျွန်ကောင်း တွေကို သဘောကျတယ်၊ ကောင်းကောင်းမွန်မွန် မွေးကျွေးပြီး ခိုင်းထားမှာပဲ၊” တဲ့၊ “သူ့အယူအဆကို ဇငါးဒိုးက လက်မခံဘူး၊ “ဘယ်သူက အလုပ်ပင်ပင်ပန်းပန်း လုပ်ချင်မှာလဲ” တဲ့၊ သူကဆိုတယ်၊ “စောစောက လယ်ထွန်နေတဲ့ကောင်တွေ လုပ်တာမှန်တယ်၊ ဒီကောင်တွေ လူလည် တွေ၊ ဘယ်သူမှ ခါးကျိုးအောင် အလုပ်လုပ်မနေဘူး၊ ၀တ္တရားကျေပဲ၊” “မယ်ဂစ်ဒိုက မလျှော့ဘူး၊ အလုပ်ကို ဝတ္တရားကျေလုပ်မယ်၊ လစ်ရင်လစ်သလို ခိုကပ်နေမယ် ဆို ရင်တော့ ဘယ်တော့မှ လူလူသူသူ ဖြစ်လာမှာမဟုတ်ဘူး” တဲ့၊ သူကဆိုတယ်၊ ဥပမာ၊ လယ်ထွန် တာပဲဆိုပါတော့၊ တနေ့ ထွန်လို့ တစ်ဟက်တာပြီးတယ်ဆိုရင် ဒီကောင် အလုပ်ကောင်းကောင်း လုပ်တဲ့ လူဆိုတာ သခင့်ကသိတယ်၊ တနေကုန်လို့မှ ဟက်ကာတစ်ဝက် မပြီးချင်ဘူးဆိုရင် ဒီကောင်ခိုနေပြီ၊ သေသေချာချာ မလုပ်ဘူးဆိုတာသိတာပဲ၊ ငါကတော့ ဘယ်တော့မှ ရေသာမခိုဘူး၊ ငါကအလုပ်ကိုချစ် ကဲ့အကောင်၊ အလုပ်တခုကို သပ်သပ်ရပ်ရပ် ကျကျနနလုပ်ရမှ ကျေနပ်တဲ့ကောင်၊ ငါသိသမျှတော့ အလုပ်ဟာ လူတယောက်အတွက် အကောင်းဆုံး မိတ်ဆွေပဲကွ၊ လယ်တွေယာတွေ ကျွဲနွားတွေ ကောက်ပဲသီးနှံတွေစသဖြင့် ငါ့မှာရှိခဲ့တဲ့ ကောင်းတဲ့အရာမှန်သမျှ အလုပ်ကြောင့် ငါ ရခဲ့တာချည်းပဲ။” “ “ဟုတ်လား၊ အဲဒါတွေ အခုဘယ်ရောက်ကုန်ပြီလဲဗျ” ဇငါးဒိုးက ေ တယ်၊ “ကျုပ်ကတော့ လျင်တဲ့အကောင်တွေ အလုပ်မလုပ်ဘဲစားရတဲ့ အကောင်တွေပဲ ပိုနှိပ်တယ်လို့မြင်တယ်၊ ဟိုရောက်ရင် ခင်ဗျား သေသေချာချာစောင့်ကြည့်၊ ကျုပ်တို့အားလုံး မြို့ရိုးဆောက်တဲ့နေရာမှာ အလုပ်လုပ်ဘို့ ရောင်း စားခံရရင်လည်း ကျုပ်က ထမင်းချက်ရေခပ်လို သက်သာတဲ့နေရာမျိုးကို ရောက်နေတာ ခင်ဗျား တွေ့ရလိမ့်မယ်၊ ခင်ဗျားတို့ အလုပ်သိပ်လုပ်ချင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ အုတ်သယ်တဲ့နေရာမှာ ခါး ကျိုးအောင်လုပ်ပေတော့” ဆိုပြီး ဒီကောင်က တဟားဟား ရယ်တယ်၊ “အဲဒီညမှာ ငါရှေ့ရေးတွေ တွေးကြောက်ပြီး အိပ်မပျော်ဘူး၊ အဲဒါနဲ့ စည်းကြိုးနား မသိမသာ တိုးရွှေ့ပြီးနေတယ်၊ ကျန်တဲ့လူတွေအားလုံး အိပ်ပျော်သွားတဲ့အချိန်ကျမှ အဲဒီည ပထမပိုင်း အစောင့် တာဝန်ကျတဲ့ ဂိုဒေါ့ ဆိုကို ကိုယ့်ဆီလာအောင် မသိမသာလှည့်ပတ်ခေါ်ရတယ်၊ ဒီလူက မူလကအာရပ် ဓါးပြတစ်ယောက်ပဲ၊ ပိုက်ဆံအိတ်လုပြီးရင် လည်ပင်းပါလှီးခဲ့မှ ကိစ္စပြီးတယ်လို့ ယူဆတဲ့ လူဆိုးလူ ကြမ်းမျိုး၊” “သူ့ကိုပဲ အသာကပ်မေးရတယ်။ “ဂိုဒေါ့ ဆို၊ ကျွန်တော့်ကို ပြောစမ်းပါဗျာ၊ ဘေဘီလုံရောက်ရင် ကျွန်တော်တို့ ကို မြို့ရိုးမှာ အလုပ်လုပ်ဘို့ ရောင်းမှာလား၊” “ “ဘာလုပ်မလို့ မေးတာလဲ”တဲ့ ၊ သူကသတိထားတဲ့ပုံစံနဲ့ ပြန်မေးခွန်းထုတ်တယ်။ “ခင်ဗျာစဉ်းစားကြည့်ပေါ့ဗျာ၊ ကျွန်တော့်အသက် ငယ်ငယ်လေးရှိသေးတယ်။ လူ့ဘဝမှာ နေချင်သေးတာပေါ့ ၊ မြို့ရိုးမှာ သေအောင်လည်းမလုပ်နိုင်ဘူး၊ အရိုက်အနှက်ခံပြီးတော့လည်း မသေနိုင် ဘူး၊ သခင်ကောင်းကောင်းနဲ့ တွေ့နိုင်မယ့် နည်းလမ်းရှိရင် ပြောစမ်းပါဗျာ” လို့ တိုးတိုးလျှိုလျှိုပြော တော့၊ “သူကလည်းကျန်တဲ့သူတွေမကြားအောင် တီးတိုးလေးပဲပြောတယ်၊ “ ငါပြောမယ်၊ မင်းကတခါမှ ဂဂျီဂဂျောင်မလုပ်တဲ့အကောင် ငါ့ကိုဒုက္ခမပေးတဲ့အကောင် ငါ့ကိုဒုက္ခမပေးတဲ့အကောင့် မို့လို့ပြောတာ၊ ထုံးစုံက တို့ကျွန်ဈေးကို အရင်ဆုံးတန်းသွားပြီး အဲဒီမှာရောင်းတယ်၊ မင်းမှတ်ထား၊ ဝယ်သူတွေလာတဲ့ အခါ ကျွန်တော်အလုပ်မပျင်းပါဘူး၊ သခင်စိတ်တိုင်းကျ အစွမ်းကုန်လုပ်ပေးပါ့ မယ် စသဖြင့် သူတို့ ဝယ်ချင် လာအောင်ပြော၊ အဲဒီဈေးမှာ ဘယ်သူမှဝယ်မသွားရင်တော့ နောက်နေ့ အုတ်ခဲထမ်းရမှာပဲ၊ နေပူ ကျဲကျဲမှာ တစ်နေကုန်လုပ်ရမှာ အကြီးအကျယ် ပင်ပန်းတဲ့အလုပ်” တဲ့၊ “အဲဒီနောက် သူထွက်သွားတယ်၊ ငါလည်း သဲပြင်နွေးနွေးမှာလှဲပြီး ကြယ်ကလေးတွေမော့ကြည့် (  ရင်းနဲ့ အလုပ်ဆိုတဲ့အကြောင်းကို တွေးနေမိတယ်၊ မယ်ဂစ်ဒိုက အလုပ်ဟာသူ့ရဲ့ အကောင်းဆုံး မိတ် ဆွေဖြစ်တယ်လို့ ဆိုခဲ့တယ်၊ ငါ့အတွက်ကော သူ့နည်းတူမဖြစ်နိုင်ဘူးလား၊ အခုတွေ့ အံ့ဆဲဆဲ အန္တရာယ် ကလွတ်မြောက်အောင် ကယ်တင်နိုင်မယ်ဆိုရင်တော့ အလုပ်ဟာ ငါ့ မိတ်ဆွေကောင်းဖြစ်မှာ မုချပဲပေါ့၊ “မယ်ဂစ်ဒို နိုးလာတဲ့အချိန်ကျတော့ ကြားထားတဲ့ သတင်းကောင်းကို တိုးတိုးပြောပြလိုက် တယ်၊ တို့နှစ်ယောက်လုံးအတွက် မျှော်လင့်ချက်ရောင်ခြည်လေး ရေးရေးသန်းလာတဲ့ သဘောပဲ။ ဘေဘီလုံဆီကို တို့ဆက်ပြီး တန်းစီချီတက်ကြရတယ်၊ မွန်းလွဲပိုင်လောက်မှာ မြို့ရိုးနားရောက်လာကြ တယ်၊ အဲဒီမှာ အလုပ်လုပ်နေရသူတွေကို အတော်ဝေးဝေးကတည်းကပဲ တို့စမြင်နေ ရပြီ၊ ပုရွက်ဆိတ် အမည်းလေးတွေ ကျနေတာပဲ၊ တန်းစီပြီးတော့ မြို့ရိုးကြီးပေါ် တလှုပ်လှုပ်တက်သွားလိုက် ပြန်ဆင်း လာလိုက်၊ အနားရောက်လာတော့ ကြောက်လည်းကြောက်စရာ အံ့လဲအံ့ဩစရာ၊ အလုပ်လုပ်နေကြတာ လူထောင်ပေါင်းများစွာပဲ၊ တချို့ကကျုံးတူးတဲ့ဆီမှာ၊ တချို့ကရွံ့ တွေနယ်ပြီး အုတ်ရိုက်နေကြတယ်။ အများဆုံးကတော့ အုတ်ခဲတွေကို တောင်းကြီးတွေနဲ့ ထမ်းပြီး မြို့ရိုးပေါ်ထက်က ပန်းရံဆရာတွေဆီ သယ်ပို့ပေးနေ ရတယ်၊ တက်ရတဲ့လမ်းကလည်း မတ်မတ်ကြီးပဲ” 

[မှတ်ချက် ။ ။ ဘေဘီလုံရှေးမြို့တော်ဟောင်း၏ ကျော်ကြားလှသော မြို့ရိုးတံတိုင်းကြီး များ၊ ဗိမာန်တော်များ၊ ဥယျာဉ်ပျံများ၊ တူးမြောင်းကြီးများမှာ ကျွန်တို့၏လုပ်အားဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျွန်များမှာ အဓိကအားဖြင့် စစ်သုံ့ပန်းများဖြစ်ပြီး၊ ကျန်ပုဂ္ဂိုလ် အများအပြားမှာ ဘေဘီလုံနှင့် အနီးတခွင် မြို့ရွာများမှ ရောင်းစားခံရသူများဖြစ်၏။ ၎င်းအထဲတွင် အချို့မှာ ရာဇဝတ်မှုအတွက် အပြစ် ဒဏ်ပေးသည့်အနေဖြင့် ကျွန်အဖြစ် လေလံတင် ရောင်းချခံရသူများဖြစ်ကြပြီး၊ အချို့ မှာမူ ကြွေးတင်၍ ကျွန်ဖြစ်ကြသူများဖြစ်သည်။ ထိုခေတ်ဘေဘီလုံဒေသတွင် ငွေချေးငှားသည့် အခါ သို့ မဟုတ် ဥပဒေကြောင်း နှင့် စပ်လျဉ်းသည့် အချို့ ကိစ္စများ တာဝန်ယူရသည့်အခါ၌ မိမိကိုယ်တိုင်ကို သော်၎င်း၊ သားသမီး ဇနီး မယား စသည်တို့ကိုသော်၎င်း၊ အပေါင်သဘော ထားကြသည့်အလေ့ရှိရာ ပေးရန် တာဝန်မကျေပွန်ပါက ထိုအပေါင်ထားခံရသူမှာ ကျွန်အဖြစ် ရောင်းစားခံရလေ့ ရှိပေသည်။]

“အလုပ်လုပ်ရာမှာ နှေးကွေးနေတဲ့လူတွေကို ကြီးကြပ်သူတွေက ဆဲကြဆိုကြတယ်။ အစီ အတန်းလိုက် ဆင်းတက်နေတဲ့အထဲမှာ သူများနဲ့ အတူ တောက်လျှောက်လိုက်နေနိုင်မှ၊ ဘေးဘက်နည်း နည်းယိုင်ရဲ့ ထွက်လာရင် ကြာပွတ်နဲ့ လှမ်းရိုက်တယ်၊ အားပြတ်ပြီး ဘယ်လိုမှမတတ်နိုင်တော့တဲ့ တချို့ လူတွေလည်း တောင်းကြီးတွေထမ်းရင်း ခွေလဲကျသွားတာမြင်ရတယ်၊ အဲဒါမျိုးဆိုရင် ကြာပွတ်နဲ့ နာနာရိုက်ပြီး ထခိုင်းတယ်၊ တအားလှိမ့်ရိုက်နေတဲ့ကြားက ထမလာနိုင်တဲ့လူဆိုရင်တော့ ဘေးကိုတွန်း ဖယ်ထားလိုက်တာပဲ။ သူ့ဘာသာတလူးလူးတလိမ့်လိမ့်နဲ့ နောက်ဆုံး အသက်ထွက်တဲ့အထိနေပေတော့၊ နောက်ကျမှ အကုန်လုံး သရဏဂုံမတင် ဘာမတင်နဲ့ စုပေါင်းပြီးမြှုပ်မှာပဲ၊ ကြောက်စရာကောင်းလှတဲ့ အဲဒီမြင်ကွင်းကိုကြည့်ပြီး ငါကျောချမ်းသွားတယ်၊ ကျွန်ဈေးမှာချရောင်းတဲ့အချိန်၊ သခင်ကောင်းကောင်း ဆီအဝယ်မခံရရင် ငါလည်း ဒီကံကြမ္မာမျိုး ကြုံရတော့မှာကိုး၊  “ဂိုဒေါ့ဆိုပြောတဲ့အတိုင်ပဲ၊ မြို့တံခါးကြီးထဲက ဖြတ်ဝင်လာပြီးတဲ့ နောက် တို့ကို ကျွန်တောင် ကိုပို့တယ်၊ အဲဒီမှာတစ်ညသိပ်ပြီး နောက်နေ့မနက်ကျတော့ ဈေးကိုခေါ်လာပြီး နွားခြံလိုဟာမျိုးတွေထဲ မှာ ထည့်ထားတယ်၊ အဲဒီမှာကျန်တဲ့လူတွေက အရောင်းခံရမှာစိုးလို့ တယောက်နဲ့တယောက် တိုးဝှေ့ ပူးကပ်ပြီးနေကြတယ်၊ ကျွန်ထိန်းတွေက ကြာပွတ်နဲ့ရိုက်ပြီး ဟိုကောင်ထွက်စမ်း၊ ဒီကောင်ထစမ်းဆိုမှ ထွက်လာ ထလာကြတယ်၊ မယ်ဂစ်ဒိုနဲ့ ငါနဲ့ကတော့ တို့ အနားရောက်လာတဲ့ စကားလှမ်းပြောလို့ရ တဲ့လူမှန်သမျှကို လှမ်းပြီးပြောနေကြတယ်။ “ကျွန်ကုန်သည်က ဘုရင့်အောင့်တပ်ကစစ်သားတွေ ခေါ်လာတယ်၊ ပြီးတော့ တို့ အုပ်စုထဲက ပင်လယ်ဓါးပြကိုရွေးထုတ်ပြီး သံခြေကျင်းတွေခတ်တယ်၊ သူကရုန်းရင်းဆန်ခတ်လုပ်တော့ ရိုက်ကြနှက် ကြတယ်၊ သူ့ကိုခေါ်သွားတော့ တို့လည်း အတော်ကြီး စိတ်မချမ်းမသာဖြစ်ပြီး ကျန်ရစ်ကြတယ်။ “မယ်ဂဒ်ဒိုကတော့ တို့မကြာခင် တစ်ယောက်တစ်ကွဲဖြစ်တော့မယ်ဆိုပြီး စိတ်မကောင်းဘူး၊ ဝယ်သူတွေ အနီးအနားမှာမရှိတဲ့အခါတိုင်း ငါ့ကို အလုပ်ကြိုးစားလုပ်ဘို့အကြောင်း အလုပ်ဟာ နောင်တနေ့ ငါ့ အတွက် အကြီးအကျယ် အကျိုးပြုလိမ့်မယ်ဆိုတဲ့အကြောင်းတွေ တတွတ်တွတ်ပြောနေတယ်၊ “တချို့ လူတွေက အလုပ်ကို မုန်းကြတယ်ကွ၊ ရန်သူလို သဘောထားကြတယ်၊ အမှန်က မိတ်ဆွေ လို သလောထားတာ ကောင်းတယ်၊ အလုပ်ကိုချစ်တာ သာကောင်းတယ်၊ ပင်ပန်းတယ်ဆိုပြီး မညည်းနဲ့ ၊ စိတ်မပျက်နဲ့၊ ကိုယ်ဆောက်လိုက်တဲ့အိမ်ကြီး လှလှပပ ခမ်းခမ်းနားနား ဆိုရင်တိုင်ကြီးတွေ တန်းကြီးတွေ လေးလေးလံလံ ထမ်းရပိုးရတာတွေ အင်္ဂတေစပ်ဘို့ ရေကို ဟိုအဝေးကြီးက သယ်ရတာတွေဟာ ပြောပ လောက်စရာ ဒုက္ခတွေမဟုတ်တော့ဘူး၊ အဲဒီတော့ မင်းသခင်တစ်ယောက်ရမယ်ဆိုရင် အဲဒီသခင် အတွက် အလုပ်ကို အစွမ်းကုန်ကြိုးစားပြီးလုပ်ပါ၊ အဲဒါငါ့ ကို ကတိပေး၊ မင်းအလုပ်လုပ်တာ မချီး မွမ်းဘူး အသိအမှတ် မပြုဘူးဆိုရင်လည်း ကိစ္စမရှိဘူး၊ အဲဒါ အရေးမစိုက်နဲ့၊ အရေးကြီးတာ ကိုယ်လုပ်တဲ့အလုပ် ကောင်းဘို့ပဲ၊ ကျကျနန လုပ်လိုက်တဲ့ အလုပ်တခုဟာ လုပ်သူကို တနည်းမဟုတ်တနည်း ကောင်းကျိုးပြု တယ်၊ သူ့ကိုပိုပြီး အရည်အချင်းပြည့်ဝတဲ့ လူတယောက်လည်း ဖြစ်သွားစေတယ်၊ “သူအဲဒီလိုတွေပြောနေတုန်း ကိုယ်လုံးကိုယ်ဖန်ထွားထွားနဲ့ လူကြီးတယောက် ရောက်လာ တယ်။ လယ်သမားမှန်း သိသာတဲ့ပုံမျိုး၊ သူက တို့ကိုထည့်ထားတဲ့ခြံနား ရောက်လာပြီး ခိုင်းနွား ကြည့်သလို စေ့စေ့စပ်စပ်ကြည့်တယ်၊ မယ်ဂစ်ဒို က လယ်ယာအခြေအနေ စိုက်ပျိုးသီးနှံအခြေအနေ တွေမေးတယ်။ ဒီကျွန်က စိုက်ပျိုးရေးကို စိတ်လဲဝင်စားတယ်၊ ကျွမ်းလဲ ကျွမ်းကျင်ပုံရတယ်ဆိုပြီး လယ်သမားကြီး သဘောကျသွားအောင် စည်းရုံးတာပေါ့ လေ၊ တကယ်လည်း သဘောကျသွားပါတယ်၊ သူ့ကိုဝယ်မလို့ ရွေးလိုက်တယ်၊ ဈေးတော့ ကျွန်ကုန်သည်ဆီမှာ အကြိတ်အနယ် စစ်သေးတယ်၊ ပြီး တော့မှ သူ့ဝတ်ရုံ အောက်က ပိုက်ဆံအိတ် ဖောင်းဖောင်းကြီးထုတ်ပြီး ငွေရှင်းပေးတယ်၊ အဲဒီနောက် မယ်ဂစ်ဒိုလည်း သခင်အသစ်စက်စက်နောက် ပါသွားတော့တာပဲ၊ “အဲဒီမနက်ပိုင်း နောက်ထပ် ကျွန်နည်းနည်းပဲ ရောင်းရတယ်၊ မွန်းတည့်လောက်ကျတော့ ဂိုဒေါ့ ဆိုက ငါ့ကိုတိုးတိုးလာပြောတယ်၊ ကျွန်ကုန်သည်က အရောင်းအဝယ်မကောင်းလို့ စိတ်တိုနေ တယ်။ နောက်တနေ့ အထိ ဆက်ရောင်းမှာမဟုတ်ဘူး၊ ညနေစောင်းတဲ့အထိ ရောင်မထွက်ပဲ ကျန်နေတဲ့ ကျွန်တွေကို ဘု ရင့် အဝယ်တော်တွေလက်ထဲပဲ ရတဲ့ဈေးနဲ့ ရောင်းထည့်လိမ့်မယ်တဲ့၊ ငါလည်း အကြီး အကျယ် ထိတ်လန့်သွားတယ်၊ ကံအားလျော်စွာ အဲဒီအချိန်မှာပဲ လူတစ်ယောက်လာတယ်၊ စိတ် သဘော ကောင်းမယ့်ပုံမျိုး၊ သူကတို့အနားလာပြီး ဒီအထဲမှာ မုန့်ဖုတ်သမား တစ်ယောက်တလေ မပါဘူးလားလို့ မေးတယ်၊  “ဒါနဲ့ ငါလည်း သူ့အနားကပ်ပြီးပြောတယ်၊ သခင်က ကိုယ်တိုင်မုန့်ကောင်းကောင်းဖုတ်တတ် နေတာပဲ၊ မတတ်တတတ်ဖုတ်မယ့်လူမျိုး ဘာလို့ ရှာမှာလဲ၊ ကျွန်တော့်လို အလုပ်ကောင်းတဲ့ လူ တယောက်ခေါ်ပြီး သင်ပြပေးလိုက်ရင် သခင်စိတ်တိုင်းကျ ရမှာပေါ့၊ သခင်မြင်တဲ့အတိုင်း ကျွန်တော် ကျမ်းမာတယ်၊ အသက်လည်းငယ်သေးတယ်၊ အလုပ်ကိုလည်း အင်မတန်စိတ်ဝင်စားတယ်၊ ကျွန်တော့် ကိုသာဝယ်သွားပါ၊ သခင့်စီးပွားဥစ္စာ တိုးတက်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်၊” ဆိုတော့ ဒီလူကသဘောကျသွားပြီး ကုန်သည်နဲ့ စကားပြောတယ်၊ တို့ ကိုဝယ်လာတဲ့ ကုန်သည်က တလျောက်လုံး ငါ့ကို သေသေချာချာတောင် ဂရုစိုက်ကြည့်တာမဟုတ်ဘူး၊ အခုကျတော့မှ ငါကျမ်းမာ တာ၊ အားခွန်ဗလရှိတာ၊ သန္တိကောင်းတာ၊ ဟာ ငါ့ အရည်အချင်းတွေ မွမ်းနေလိုက်တာ၊ ငါ့ခမျာ နွားပွဲမှာချရောင်းခံရတဲ့ နွားချောနွားလှတစ်ကောင်အတိုင်းပဲ၊ နောက်ဆုံးတော့ အရောင်းအဝယ် တည့် သွားကြတယ်၊ သခင်အသစ်နောက်က လိုက်လာရတဲ့အချိန် ငါ့စိတ်ထဲမှာ ကိုယ့်ကိုကိုယ် ဘေဘီလုံမှာ ကံအကောင်းဆုံးပုဂ္ဂိုလ်လို့တောင် အောက်မေ့မိခဲ့တယ်။ “သူ့ အိမ်ရောက်သွားတော့လည်း ငါအတော်သဘောကျတယ်၊ ငါ့ သခင် နာနာနေ့(ဒ်)က ငါ့ကို ကျောက်ဆုံမှာ ဘာလီစေ့ အမှုန့်ကြိတ်ပုံကြိတ်နည်းသင်ပေးတယ်၊ ပြီးတော့ မုန့်ဖိုကြီးမီးမွှေးပုံ မီးသုံးပုံ၊ ပျားရည်ကိတ်အတွက် နှမ်းကြိတ်တော့ ဘယ်လို့မွတ်အောင်ကြိတ်ရတယ် စသဖြင့် အကုန်လုံး သင်ပြ ပေးတယ်၊ သူ့စပါးတွေထားတဲ့တဲထဲမှာ ငါ ကွပ်ပျစ်တစ်လုံးနဲ့ အိပ်ရတယ်၊ အိမ်ဖော်လုပ်တဲ့ ကျွန်မကြီး ဆဝပ်စတီးက သူ့အလုပ်တွေငါကူညီလို့ သဘောကျတယ်၊ ငါ့ ကိုကောင်းကောင်း ကျွေးတယ်၊ ငါမျှော် လင့်ခဲ့တဲ့ သခင်ကောင်းကောင်းရဘို့၊ သူ့အတွက် တန်ဘိုးရှိအောင် အလုပ်လုပ်ပေးဘို့၊ အဲဒီကမှ တဆင့် ကျွန်ဘဝကလွတ်မြောက်အောင် ဆက်ကြိုးစားဘို့ ဆိုတဲ့ အခွင့်အရေးလမ်းစကို တကယ်တွေ့ရပြီပေါ့ ၊ “ငါက နာနာနေ့(ဒ်)ကို ဂျုံနှံနည်း၊ ပေါင်မုန့်ဖုတ်နည်းတွေပါ သင်ပေးဘို့ ပြောတယ်၊ ငါလိုလို ချင်ချင်ရှိမှန်းသိတော့ သူကလည်း ဝမ်းမြောက်ဝမ်းသာ သင်ပေးပါတယ်၊ ပေါင်မုန့်ကောင်းကောင်းဖုတ် တတ်တော့ ပျားရည်ကိတ်လုပ်နည်းပါ သင်ခိုင်းတယ်၊ တဖြည်းဖြည်းနဲ့ အစုံလုပ်တတ်လာတယ်၊ ငါ့ကို လွှဲထားလို့ရတဲ့အခါ သခင်က သူအလုပ်သက်သာတော့ သိပ်ဝမ်းသာတယ်၊ ဒါပေမယ့် ဆဝပ်စတီးက တော့ ခေါင်းခါ တယ်၊ “သခင် အလုပ်သိပ်အားနေတာ မကောင်းဘူး” တဲ့၊  “ငါကတော့ ဒီအချိန်ဟာ ငါ့အတွက် ကိုယ့်ကိုကိုယ် ပြန်ရွေးနိုင်အောင် ကြိုးစားဝင်ငွေရှာဘို့ အကောင်းဆုံးအချိန်ပဲလို့မြင်တယ်၊ ပုံမှန်မုန့်ဖုတ်တဲ့အလုပ်က မွန်းတည့်လောက်ဆိုရင် ပြီးသွားတယ်၊ အဲဒီတော့ နေ့လယ်ပိုင်းမှာ ငါ့ ဘာသာ တစ်ခုခုကြံစည်ပြီးတော့လုပ်မယ်၊ အဲဒီက အမြတ်အစွန်းရမယ် ဆိုရင် နာနာနေ့ (ဒ်)က ငါ့ကိုလည်း စုနည်းနည်းပေးမှာပဲလို့ ငါတွေးမိတယ်၊ ဘာလုပ်ရင်ကောင်းမ လဲစဉ်းစားတဲ့အခါကျတော့ ပျားရည်ကိတ်ပဲထပ်လုပ်မယ်၊ ပြီးတော့ ကိုယ်တိုင်လျှောက်ရောင်းမယ်လို့ အကြံရတယ်၊ အဲဒီကိစ္စ နာနာနေ့(ဒ်)ကိုတင်ပြတယ်၊ “သခင် ကျွန်တော်ဖိုအတွက် မုန့်ဖုတ်ပြီးလို့ နေ့လည်ပိုင်း အားနေတဲ့အချိန်မှာ နောက်ထပ်အလုပ်တစ်ခု လုပ်ချင်တယ်၊ အဲဒီကအမြတ်အစွန်းရရင် ကျွန်တော့်ကို လည်း သုံးဘို့စွဲတို့ နည်းနည်းပေးပါလား” ဆိုတော့၊ “ “အေးကောင်းတယ်၊ ငါသဘောတူတယ်” တဲ့၊ အဲဒါနဲ့ ငါပျားရည်ကိတ်လုပ်ပြီး ကိုယ်တိုင် လည် ရောင်းမယ့်အစီအစဉ်ပြောပြတော့ သူသဘောကျတယ်၊ ဒီလိုလုပ်မယ်ကွာ” တဲ့၊ တစ်ခုနှစ်ပြားနှုန်း ရောင်း၊ တစ်ဝက်ကအရင်းပေါ့ ကွာ၊ ဂျုံဘိုးပျားရည်ဘိုးထင်းဘိုး၊ ကျန်တဲ့တစ်ဝက်က အမြတ်ပေါ့၊ အဲဒါကို မင်းနဲ့ တစ်ယောက်တစ်ဝက်ခွဲယူမယ်၊” ဆိုတော့ ငါအရမ်းဝမ်းသာသွားတယ်၊ သူက ငါ့ အတွက် အတော်ရက်ရက်ရောရော ပေးထားတာကိုး၊ မုန့်ရောင်းပြီးရင် ရောင်းရငွေရဲ့ လေးပုံတစ်ပုံ ငါ ရမယ်၊ “အဲဒီည ငါ့မုန့်ရောင်းဘို့ လင်ပန်းကြီးတစ်ခုလုပ်တယ်၊ နာနာနေ့(ဒ်)က ငါ သပ်သပ်ရပ်ရပ် ဝတ်နိုင်ဘို့ သူ့ဝတ်ရုံဟောင်းကြီး တစ်ထည်ပေးတယ်၊ ဆဝပ်စတီးက ပေါက်ပြဲနေတာတွေ ဖာထေးပြီး လျှော်ဖွတ်ပေးတယ်၊၊ “နောက်တနေ့ကျတော့ ပျားရည်ကိတ်လုပ်တဲ့အခါ ဖိုမှာဖောက်သည်တွေပေးဘို့ အပြင် ကိုယ် တိုင်ရောင်းဘို့ အတွက်ပါ ပိုလုပ်တယ်၊ မုန့်တွေက ပျားရည်နံ့ သင်းသင်းမွှေးမွှေး အညိုရောင်လေး၊ လင်ပန်းထဲမှာ ထည့်ထားတာမြင်ရတာနဲ့ စားချင်စရာ၊ အဲဒါ လမ်းထဲလျှောက်အော်ပြီးရောင်းတော့ ဘယ် သူမှမဝယ်ကြဘူးကွ၊ ငါစိတ်ဓါတ်ကျသွားတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ လုပ်မိမှတော့ ဆက်ရောင်း ရတော့မှာပဲ ဆိုပြီးလျှောက်လှည့်တဲ့အခါ တဖြည်းဖြည်း နေ့လည်ပိုင်းရောက်လာတော့ ဟိုတယောက် သည်တယောက် ဝယ်လာကြတယ်၊ အဲဒီအချိန်ကျမှ လူတွေက ဗိုက်ဆာကြတာကိုး၊ ငါ စထွက်တဲ့ အချိန်က သိပ်စောနေတာ၊ မုန့်စားချိန်ကျတော့ ဘယ်လောက်မှ ကြာကြာမရောင်းရပါဘူး၊ လင်ပန်း တခုလုံး ပြောင်သွားတာပဲ။ “နာနာနေ့(ဒ်)ကသဘောကျတယ်၊ ငါ့ကိုလည်း ပြောထားတဲ့အတိုင်ပဲဝေစုပေးတယ်၊ ကိုယ်ပိုင် ငွေလေး စကိုင်ရတော့ ငါအရမ်းဝမ်းသာတာ၊ မယ်ဂစ်ဒိုပြောတဲ့စကား ငါပြေးသတိရတယ်၊ သခင်ဆိုတာ ” အလုပ်လုပ်တဲ့ကျွန်ကို သဘောကျစမြဲပဲဆိုတဲ့စကား၊ သူပြောတာ သိပ်မှန်တာပဲလို့ ငါတွေမိတယ်။ အဲဒီည ဝမ်းသာလွန်းလို့ ငါ ကောင်းကောင်းတောင် မအိပ်နိုင်ဘူး၊ ဒီနှုန်းအတိုင်း ပိုက်ဆံ ရသွားရင် တနှစ်မှာ ဘယ်လောက်ရမယ်၊ ဘယ်နှစ်နှစ်ကြာရင် ငါ့ကိုယ်ငါ ပြန်ရွေးနိုင်မယ်ဆိုတာတွေ အထပ်ထပ် ပြန်တွက်ကြည့်နေမိတယ်၊ “နေ့စဉ် မုန့်လင်ပန်းနဲ့ ထွက်ရင်း ကိုယ့်ဆီက မှန်မှန်ဝယ်စားတဲ့ ဖောက်သည်တွေနဲ့ သိကျွမ်း လာတယ်၊ အဲဒီအထဲမှာ မင်းအဘိုး အာရတ်ဂူလာလည်း တစ်ယောက်အပါ အဝင်ပဲ၊ သူက ကောဇာကုန်သည် ကွ၊ အိမ့်ပေါက်စေ့လည်ပြီး အိမ်ရှင်မတွေဆီရောင်းရတယ်၊ သူက တမြို့လုံးအနှံ့ လှည့်ကာပဲ၊ ကောဇောတွေ အပြည့်အမောက်တင်ထားတဲ့ မြည်းတကောင်ပါတယ်၊ အဲဒီမြည်းကိုထိန်းတို့ လူမည်း ကျွန်တစ်ယောက် ပါတယ်၊ သူက ငါ့ဆီကမုန့်ဝယ်ရင် သူ့အတွက်နှစ်ခု သူ့ကျွန်အတွက်နှစ်ခု ဝယ်လေ့ရှိ တယ်၊ ဝယ်ပြီး ထွက်မသွားဘူး၊ မုန့် စားရင်းနဲ့ စကားစမြည် ပြောနေတတ် “တစ်နေ့ကျတော့ မင်းအဘိုးက ငါ့ကို တစ်သက်မမေ့နိုင်တဲ့ စကားတခွန်းပြောတယ်၊ “မင်း လုပ်တဲ့ မုန့် ငါကြိုက်တယ်ကွ၊ ဒါပေမယ့် ပိုကြိုက်တာက မင်းဒီအလုပ်ကို တလေးတစားတန်ဘိုးထားပြီး လုပ်နေတာပဲကွ၊ ဒီစိတ်ဓါတ်ကြောင့် မင်းဟာတစ်နေ့ အကြီးအကျယ်အောင်မြင်နိုင်တယ်” တဲ့၊ “မင်းကတော့ နားလည်နိုင်မှာမဟုတ်ဘူး ဟာဒန်၊ အဲဒီလိုအားပေးလိုက်တဲ့ စကားတစ်ခွန်းဟာ မြို့ကြီးပြကြီးတခုရဲ့အလယ်မှာ ကျွန်အဖြစ်နဲ့ တကိုယ်တည်းရုန်းကန်နေရတဲ့ လူငယ်တယောက်အတွက် ဘယ်လောက်အာတက်စရာ ဖြစ်မယ်ဆိုတာ၊ “ငါကြိုးစားပြီး အလုပ်လုပ်တယ်၊ တလထက်တလ ငါ့ အိတ်ထဲမှာ ပိုက်ဆံတွေ များလာတယ်။ ခါးပတ်မှာချိတ်ထားတဲ့ ပိုက်ဆံအိတ် တစ်နေ့တခြား လေးလာတာကိုသိနေ ရတာ သိပ်အရသာရှိတယ်။ မယ်ဂစ်ဒိုပြောခဲ့သလို အလုပ်က ငါ့ကိုကူညီစောင့်ရှောက်တဲ့ ငါ့ ရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်လာနေပြီ ပေါ့၊ ဒါပေမယ့် ငါ ပျော်နေတဲ့အချိန်မှာ ဆဝပ်စတီးကတော့ စိုးရိမ်ကြောင့်ကြနေတယ်၊ “ နင့်သခင်ဟာ လောင်းကစားဝိုင်းတွေချည်း သွားသွားနေတယ်၊ ငါသိပ်စိတ်ပူတာပဲ” လို့ သူက ဆိုတတ်တယ်။ “တနေ့ကျတော့ မိတ်ဆွေကြီး မယ်ဂစ်ဒို ကို လမ်းမှာသွားတွေ့တယ်၊ သူ့မြင်တော့ ငါအရမ်း ဝမ်းသာသွားတယ်၊ သူက မြည်းသုံးကောင်မှာ ဟင်းသီးဟင်းရွက်တွေ အပြည့်အမောက်တင်ပြီး ဈေး ကို သွားနေတယ်၊ ငါတော့ အခြေအနေ သိပ်ကောင်းနေတယ်ကွ” တဲ့၊ သူကပြောတယ်၊ ငါ့သခင်က ငါအလုပ်ကောင်းလို့ သိပ်သဘောကျတယ်၊ အခုငါ့ကို အလုပ်ကြပ်ခန့်ထားတယ်၊ မင်းမြင်တဲ့အတိုင်း ဈေးရောင်းတဲ့ကိစ္စလဲ ငါ့ကိုပဲ ယုံယုံကြည်ကြည်လွှဲထားတယ်၊ မိသားစုလဲ လှမ်းခေါ်ထားပြီ၊ အလုပ် ကငါ့ကို ဒီဒုက္ခကြီးထဲက ကယ်ထုတ်နေပြီကွ၊ တနေ့ ကျရင် ကိုယ့်ကိုကိုယ်ပြန်ရွေးပြီး လွတ်လပ်သူ ဘဝနဲ့ ကိုယ်ပိုင်စိုက်ခင်း ပျိုးခင်းနဲ့ နေနိုင်တော့မယ်ကွ” လို့ အားတက်သရော သူပြောသွားတယ်၊  “မယ်ဂစ်ဒိုက သူ့ရည်မှန်းချက်နဲ့ အားတက်နေသလို ငါလည်း ငါ့ အလုပ်နဲ့ငါ ဟုတ်နေတာ ပေါ့၊ ဒါပေမယ့် ငါ့သခင်နာနာနေ့(ဒ်)က အခြေအနေမကောင်းဘူးကွ၊ တဖြည်းလက်တစ်ဖြည်း သူက ငါမုန့်ရောင်းပြီး ပြန်လာမှာကိုပဲ မျှော်မျှော်လာတယ်၊ ငါရောက်လာရင် ပိုက်ဆံတွေ ရေတွက် ဝေစုခွဲ ပြီးလစ်တာပဲ၊ ငါ့ကိုလည်း မင်းဈေးကွက်ချဲ့ပါအုံး၊ ခုထက် ပိုများများရအောင် လုပ်စမ်းပါအုံးနဲ့ အမြဲ တိုက်တွန်းတယ်။ “ငါမုန့် ရောင်းထွက်တဲ့အခါ မြို့ရိုးကြီးဆောက်တဲ့နေရာတွေဆီလည်း မကြာခဏ ရောက်လေ့ရှိ တယ်၊ အဲဒီနေရာမှာ အလုပ်လုပ်နေတဲ့ လူတွေမြင်ရတော့ စိတ်မချမ်းသာစရာပေါ့ ကွာ၊ ဒါပေမယ့် အလုပ်ကြပ်တွေက မုန့်များများဝယ်လေ့ရှိတော့ သူတို့ဆီသွားသွားရောင်းရတယ်၊ တနေ့မှာ ဇငါးဒိုးကို တောင်းထဲအုတ်ခဲထည့်ဘို့ တန်းစီတဲ့နေရာမှာ သွားတွေ့ရတယ်၊ လူကပိန်ချုံးပြီး ခါးကလည်း ကိုင်း နေပြီ။ ကျောကုန်းမှာလည်း ကြာပွတ်နဲ့ အရိုက်ခံထားရတဲ့ အရှိုးရာတွေ ထပ်နေတယ်၊ ငါသနားသွား တာနဲ့ မုန့်တခုစားဘို့ပေးတယ်၊ အစာငတ်နေတဲ့ တိရစ္ဆာန်တကောင်လိုပဲ မုန့် ကိုအငမ်းမရ မြိုချတယ်၊ သူ့ကြည့်ပြီး လန့်သွားတာနဲ့ မုန့်ဗန်းတစ်ခုလုံး လှမစားခင် အမြန်လစ်ပြေးခဲ့ရတယ်၊ “အဲဒီလိုနေရင်း တနေ့မှာ အာရတ်ဂူလာက ငါ့ကိုမေးတယ်၊ “မင်းဘာကြောင့် ဒီလောက် တောင် အလုပ်ကြိုးစားနေရတာလဲ” တဲ့၊ မင်းမေးတဲ့မေးခွန်းလေ၊ မှတ်မိတယ်မလား၊ အဲဒီအတိုင်း တထပ်တည်း မင်းအဘိုးမေးတာ၊ ငါလည်းမယ်ဂစ်ဒိုက ငါ့ကို အလုပ်အကြောင်း ဘယ်လိုတွေပြောပြခဲ့ တယ်ဆိုတာရယ်၊ လောလောဆယ်မှာလည်း သူပြောတဲ့အတိုင်း အလုပ်ဟာ ငါ့ အတွက် အကောင်းဆုံး မိတ်ဆွေဖြစ်နေတယ်ဆိုတာတွေ ငါပြောပြလိုက်တယ်၊ ငါ့ပိုက်ဆံအိတ်ထဲက ဒင်္ဂါးပြားတွေလည်း ဂုဏ် ယူစွာနဲ့ပဲ သူ့ကို ထုတ်ပြလိုက်တယ်၊ တနေ့ကျရင် ငါ့ကိုယ်ငါ ပြန်ဝယ်နိုင်အောင် စုဆောင်းနေတဲ့ အကြောင်းပေါ့၊ “ “လွတ်လပ်သွားပြီးရင် မင်းဘာဆက်လုပ်မလဲ” တဲ့၊ သူကမေးတယ်၊ “ “ကုန်သည်လုပ်မယ် စိတ်ကူးထားတာပဲ” ငါကဖြေတယ်၊ “အဲဒီအချိန်မှာ သူကငါ့ကို လျှို့ဝှက်ချက်တခု ပြောပြတယ်၊ အဲဒီအချိန်အထိ ငါလုံးဝမရိပ်မိခဲ့ တဲ့ ကိစ္စတခု၊ ငါလည်းပဲ ကျွန်တယောက်ဆိုတာ မင်းမသိဘူးမဟုတ်လား၊ ငါက ငါ့သခင်နဲ့ အလုပ် စပ်တူလုပ်နေတာ”တဲ့။ “အဘ၊ ဒီစကားဒီတင်ရပ်ဗျာ၊ ကျွန်တော်မကြားနိုင်ဘူး” ရုတ်တရက် ဟာဒန်ဂူလာက လေသံ မာမာနှင့်ပြောလိုက်သည်။ “သက်သက်မဲ့ ကျွန်တော့်အဘိုးကို သိက္ခာချတာပဲ၊ အဘိုးဟာ ကျွန်မဟုတ် ဘူးဗျ” သူ့မျက်လုံးတွေ ဒေါသရောင် တောက်လာသည်။ ရှာရူနာဒါက တည်တည်ငြိမ်ငြိမ်ပင်၊ “ငါသူ့ကို တကယ်လေးစားပါတယ်၊ သူလည်းအချိန်က  ကံကြမ္မာမကောင်းလို့ အဲဒီလိုဖြစ်ခဲ့ရတာ၊ ဒါပေမယ့် အဲဒီဘဝကနေ ဒမတ်စကပ်မြို့ရဲ့ မြို့မိမြို့ဖ တစ်ဦးဘဝရောက်အောင် သူ့ကိုယ်သူ မြှင့်တင်နိုင်ခဲ့တယ်၊ အဲဒီအတွက် ငါလေးစားတာ၊ မင်းလဲ မင်းအဘိုး ရဲ့မြေပဲ၊ သူ့လို ဇွဲသတ္တိမျိုး မရှိဘူးလား၊ ယောက်ျားကောင်းဆိုတာ လက်တွေ့ ဘဝကို ရင်ဆိုင်ရဲရတယ်၊ အဖြစ်မှန်ကို လက်ခံနိုင်စွမ်းရှိရတယ်၊ ကိုယ့်ကိုကိုယ် လိမ်ညာဖုံးကွယ်ပြီး မင်းနေမလား၊” ဟာဒန်ဂူလာက မြင်းပေါ်မှာ ခပ်မတ်မတ်ထိုင်လိုက်သည်။ ချုပ်တည်းထားရသည့်လေသံဖြင့် သူပြန်ပြောသည်။ “ကျွန်တော့်အဘိုးကို တမြို့လုံးတရွာလုံးချစ်ကြတယ်ဗျ။ သူဆောင်ရွက်ခဲ့တဲ့ ပရဟိတလုပ်ငန်း တွေဆိုတာ ရေတွက်လို့ တောင် မကုန်နိုင်ဘူး၊ ဒမတ်စကပ်မှာ အငတ်ဘေးကြီးဆိုက်တော့ သူ့ပိုက်ဆံ တွေနဲ့ အီဂျစ်သွားပြီး ဂျုံတွေဝယ်တယ်၊ သူ့ကုလားအုတ်တန်းကြီးနဲ့ပဲ ဒါတွေသယ်လာပြီး တမြို့လုံး လျှောက်တာ၊ အခုတော့ အဘက ကျွန်တော့်အဘိုးဟာ ဘေဘီလုံမှာ ကျွန်ဖြစ်ခဲ့တဲ့လူတယောက်၊ လူရာမဝင် လူတန်းမစေ့တဲ့ လူတယောက်လို့ ပြောနေတယ်။” “မှန်တယ်၊ ဘေဘီလုံမှာ ကျွန်တယောက်အဖြစ် ဆက်နေခဲ့မယ်ဆိုရင်တော့ မင်းပြောသလို လူ ရာမဝင် လူတန်းမစေ့တဲ့ လူတယောက် ဖြစ်နေခဲ့မှာပဲ၊ ဒါပေမယ့် သူ့ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်ပြီး ဒမတ်စကပ်ရဲ့ ထိပ်ဆုံးပုဂ္ဂိုလ်ကြီးတယောက် ဖြစ်လာတယ်၊ အဲဒီလိုစွမ်းရည်ထူးရှိတဲ့ ပုဂ္ဂိုလ်မို့လည်း နောက်ပိုင်း သူ့ဘဝမှာ ကံမကောင်း အကြောင်းမလှဆိုတာမျိုး မကြုံရအောင် နတ်ဘုရားတွေက စောင့်ရှောက်ကြတာ၊ သူ့ကို ချီးမြှောက်ဂုဏ်တင်ကြတာ၊” ဟာဒန့်စကားကို တုန့်ပြန် ဖြေကြားပြီးသည့်နောက် ရှာရူနာဒါက သူနှင့် အာရတ်ဂူလာတို့ အကြောင်း ဆက်၍ပြောသည်။ “သူလည်းကျွန်တယောက်ပဲဆိုတာ ဖွင့်ဟပြီးတဲ့နောက် အာရတ်က သူဟာ ကျွန်ဘဝကလွတ် မြောက်ချင်စိတ် ဘယ်လောက် ထက်သန်ပြင်းပြခဲ့တယ်ဆိုတာ ငါ့ကိုပြောပြတယ်၊ အဲဒီအတွက် သူငွေ တွေရှာခဲ့ စုဆောင်းခဲ့တယ်၊ အခုဆိုရင် ကိုယ့်ကိုကိုယ် ပြန်ရွေးနိုင်လောက်တဲ့အတိုင်းအတာအထိ သူ့မှာ စုမိနေပြီ၊ ဒါပေမယ့် တကယ်ဆုံးဖြတ်ရမယ့်အချိန်မှာ ချီတုံချတုံဖြစ်နေတယ်၊ လောလောဆယ်မှာ အရောင်းအဝယ်တွေက အရင်လောက်မကောင်းတော့ သခင့်အရိပ်အောက်က ထွက်လာပြီးတဲ့နောက်မှာ ဒုက္ခရောက်မှာ သူကြောက်နေတယ်၊ “ငါကလည်း အဲဒါ အဓိပ္ပါယ်မရှိတဲ့အကြောင်း သူ့ကို ဖိပြောတယ်။ ခင်ဗျားသခင်ကို ဆက်ပြီး မှီခိုမနေနဲ့တော့၊ လွတ်လပ်တဲ့လူတစ်ယောက်ရဲ့ စိတ်ဓါတ်မျိုး အပြည့်အဝမွေးစမ်းပါ၊ လူသစ်စိတ်သစ်နဲ့ ကြိုးစားပြီး အောင်မြင်အောင်လုပ်ပေါ့ဗျ၊ ခင်ဗျားဘာလုပ်ချင်သလဲ အရင်ဆုံးစဉ်းစား၊ အဲဒီရည်မှန်း ချက်နောက်က ဝိရိယလိုက်နိုင်ရင် ခင်ဗျားလို ရာရမှာပဲ” လို့ ၊ ငါအဲဒီလိုပြောတော့ သူနည်းနည်းရှက် သွားတယ်၊ သူ့သတ္တိနည်းနေတယ်ဆိုတာလည်း သူ့ဘာသာ ကောင်းကောင်းမြင်သွားတယ်၊ ငါဒီလိုပြော တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းပြောပြီး ထွက်သွားတယ်၊ 

[မှတ်ချက်။ ။ ရှေးခေတ်ဘေဘီလုံ၌ ကျွန်များနှင့် ပတ်သတ်သည့် ဓလေ့ထုံးစံများ ဥပဒေ စည်းကမ်း များ အသေးစိတ် တိတိကျကျ ရှိပြီး ၎င်းအတိုင်လည်း တင်းတင်းကျပ်ကျပ် လိုက်နာကြရ၏။ သို့သော် ၎င်းဓလေ့စည်းကမ်းများမှာ ယနေ့လူများအဘို့ မျက်စိလည်စရာဖြစ်သည်။ ဥပမာ-ကျွန်တဦးသည် ကိုယ်ပိုင်ဓနဥစ္စာများ ပိုင်ဆိုင်နိုင်ကြ၏။ သူ၌သူ့ ကိုယ်ပိုင်ကျွန်ရှိနိုင်၏။ ထိုကျွန် ကို သူ့ သခင်က ပိုင်ဆိုင်ခွင့်မရှိချေ ကျွန်များသည် ကျွန်မဟုတ်သူများနှင့်လည်း အိမ်ထောင်ပြုနိုင်ကြ၏။ လွတ်လပ် သော(ကျွန်မဟုတ်သော) မိန်းမသည် မည်သူနှင့် အိမ်ထောင်ပြုသည်ဖြစ်စေ ၎င်းမှ မွေးဖွားသူတို့သည် လွတ်လပ်သူများဖြစ်ကြ၏။]

ဘေဘီလုံ၌ ကုန်သည်ဈေးသည် အများအပြားပင် ကျွန်များဖြစ်ကြသည်။ အတော်များများမှာ သခင်များနှင့် လုပ်ငန်းစပ်တူ လုပ်ကိုင်နေသူများဖြစ်ပြီး၊ သူ့အတိုင်းအတာနှင့်သူ ချမ်းသာသူများ ဖြစ်ကြ၏။ “တစ်နေ့ မြို့တံခါးဘက်ရောက်တော့ အဲဒီမှာလူတွေအများကြီး စုဝေးနေတာ တွေ့ရ တယ်။ နီးရာလူတယောက်မေးကြည့်တော့၊ ခင်ဗျား မကြားဘူးလား၊ ကျွန်တယောက်က ဘုရင့်အစောင့် စစ်သည် တယောက်ကို သတ်ပြီးထွက်ပြေးတာ ပြန်ဖမ်းမိထားလို့ အမှု့စစ်ဆေးပြီး သေဒဏ်အမိန့် ချထားတယ်၊ မသေမချင်း ကြိမ်ရိုက်ပြီးစီရင်မှာ၊ ရှင်ဘုရင်ကိုယ်တိုင် လာကြည့်မယ်တဲ့” လို့ သူကပြောတယ်၊ “အကျဉ်းသားကို ကားစင်တင်တဲ့နေရာနားမှာ လူတွေကြိတ်ကြိတ်တိုးနေတယ်၊ မုန့်ဗန်းမှောက် မှာစိုးလို့ အဲဒီနားမသွားပဲ အနီးမှာရှိတဲ့ ဆောက်လက်စ မြို့ရိုးပေါ် တက်ကြည့်တယ်၊ ငါအဲဒီမှာ နေဗျူခတ်(ဒ)နက် ဇာဘုရင်ကြီးကို ကံကောင်းဘုန်းကောင်း ဖူးမြင်ခွင့် ရတယ်၊ ဘုရင်ကြီးက ရွှေပိန်းချ မြင်းရထားကြီးစီးပြီး ကြွချီလာတာ၊ အဆောင်အယောင် အခမ်းအနားဆိုတာက ပြောမနေနဲ့၊ ရွှေရောင် ငွေရောင် ကတ္တီပါရောင်တွေ ဖိတ်ဖိတ်တောက်နေတာပဲ၊ အဲဒီလောက်ကြီးကျယ်ခမ်းနားတာမျိုး ငါတခါ မှမမြင်ဖူးဘူး၊ “ကြိမ်တကယ်ရိုက်တော့ ငါ့ နေရာကမမြင်ရတော့ဘူး၊ ဒါပေမယ့် အကျဉ်းသားရဲ့ အော်သံတွေ တော့ ကြားနေ ရတယ်၊ ပထမတော့ ငါ့စိတ်ထဲမှာ ဘုရင်မင်းမြတ်လို ဘုန်းကျက်သရေနဲ့ပြည့်စုံပြီး စိတ်ဓါတ်လည်းမြင့်မားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဟာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့အလုပ်တခုကိုကြည့် နိုင် မြင်နိုင်ပါ့မလား အောက်မေ့တယ်၊ ဒါပေမယ့် သူက ဒီရှုခင်းကိုကြည့်ပြီး သူ့နောက်လိုက်နောက် ပါတွေနဲ့ ရယ်ရယ်မောမော နောက်ပြောင်ပြောဆိုနေတာလှမ်းမြင်ရတော့ အော်- သူကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်သူပါကလားဆိုတာ ငါ သဘောပေါက်လိုက်တယ်၊ ဒါကြောင့်လည်း ဒီမြို့ရိုးကြီး တည်ဆောက်တဲ့ကိစ္စမှာ ကျေးကျွန်တွေကို မညှာမတာ ညှင်းဆဲခိုင်းစေနေတာကိုး လို့လည်း တဆက် တည်း တွေးမိလိုက်တယ်။ “အကျဉ်းသားလေတော့ သူ့အလောင်းကို တိုင်တတိုင်မှာ ကြိုးတချောင်းနဲ့ ဇောက်ထိုးကွဲထား ခဲ့တယ်၊ အားလုံးအတွက် နမူနာပြထားတဲ့သဘောပဲ၊ လူပရိတ်သတ် အတော်လေးကျဲသွားတော့မှ ငါ အနားကပ်ကြည့်တယ်၊ အကျဉ်းသားရဲ့ ရင်ဘတ်မှာ မြွေနှစ်ကောင်လိမ်နေတဲ့ပုံတပုံ ဆေးမင်ကြောင်ထိုး ထားတာမြင်တော့မှ ဟာ ပင်လယ်ဓါးပြပါလားလို့ ငါသိလိုက်ရတယ်၊ “နောက်တစ်ကြိမ် အာရတ်ဂူလာနဲ့ တွေ့တော့ သူက လုံးဝပြောင်းလဲနေပြီ၊ အရမ်းတက်တက် ကြွကြွနဲ့ ငါ့ကိုနှုတ်ဆက်တယ်၊ “ဟေ့၊ မင်းအပေါင်းအသင်း ကျွန်မဟုတ်တော့ဘူးကွ၊ လွတ်လပ်သူ တယောက်ဖြစ်သွားပြီ၊ မင်းပြောတဲ့စကားတွေမှာ တန်ခိုးဣဒ္ဓိပါဒ် ပါတယ်ကွ၊ အခုဆိုရင် အရောင်းပြန် တက်နေပြီ၊ အမြတ်လဲ တိုးလာနေပြီပေါ့ကွာ၊ ငါ့မိန်းမက အရမ်းပျော်နေတယ်၊ သူလည်းလွတ်လပ်သူ တယောက်ပါပဲ၊ ငါ့သခင်ရဲ့တူမကွ၊ သူကတော့ မြို့တရွာသွားချင်တဲ့ဆန္ဒရှိတယ်၊ ငါတ ဖြစ်ခဲ့ဘူးတယ်ဆိုတာ ဘယ်သူမှမသိနိုင်မယ့် သူစိမ်းရပ်ရွာပေါ့ကွာ၊ ကလေးတွေမျက်နှာ မငယ်အောင် လို့ပါပဲ၊ အခုတော့ ငါ့ ရဲ့ အကောင်းဆုံးမိတ်ဆွေဟာ အလုပ်ပဲကွ၊ အလုပ်ကပဲငါ့ ကို ကျွန်ဘဝကလွတ် အောင် ကယ်တင်ခဲ့ပြီးပြီ၊ အခုဆက်ပြီး ကို လုပ်ရည်ကိုင်ရည်တက်အောင် ကိုယ့်ကိုကိုယ် ယုံကြည် စိတ်ထက်သန်အောင် အားပေးကူညီနေဆဲပဲ” တဲ့၊ “သူ့ခြေအနေကြားရတော့ ငါလည်း အရမ်းဝမ်းသာသွားတယ်၊ အမှန်တော့ သူကပဲငါ့ ကို အမြဲ အားပေးကူညီနေတာ၊ ကြိုးစားဘို့ အမြဲတိုက်တွန်းနေတာ၊ သူယုံကြည်စိတ်နည်းနေတဲ့အချိန် ငါပြော လိုက်တဲ့ အားပေးစကား ဝေဖန်စကားတခွန်းက သူ့ကို လမ်းမှန်လျှောက်ဖြစ်အောင် တစ်စိတ်တစ်ပိုင်း အဆောက်အကူပေးလိုက်နိုင်တယ်ဆိုတာကြားရတော့ သူ့ကို ကျေးဇူးတုန့်ပြန်လိုက်ရသလိုပါပဲ။  “ဒီလိုနဲ့ တညနေမှာတော့ ဆဝပ်စတီးက အတော်ကြီး စိတ်မချမ်းမသာဖြစ်နေတဲ့အမူအရာနဲ့ ရောက်လာတယ်၊ နင့်သခင်တော့ ဒုက္ခရောက်တော့မှာပဲ၊ အခုပြဿနာပေါ်နေပြီ၊ အရင်လတွေကတည်း က လောင်းကစားဝိုင်းမှာ သူပိုက်ဆံအများကြီး ရှုံးရှုံးနေတာ၊ လယ်သမားကိုလည်း စပါးဘိုးမပေးနိုင် ဘူး၊ ငွေတိုးချေးသမားကိုလည်း တပြားမှ ပြန်မဆပ်နိုင်ဘူး၊ အခု ဒီလူတွေအားလုံး စိတ်တိုနေကြပြီ၊ ဘယ်သူကမှ မဆိုင်းနိုင်ကြတော့ဘူး” လို့ သူကဆိုတယ်၊ “သူ့မိုက်ပြစ်နဲ့ သူခံရမယ့်ကိစ္စ ကျွန်တော်တို့သွားပူနေလို့ ဘာအဓိပ္ပါယ်ရှိမလဲ၊ ကျွန်တော်တို့က အုပ်ထိန်းသူမှ မဟုတ်တာ” လို့ ငါက မစဉ်းမစား ပြန်ပြောတယ်။ “ဟဲအရူး၊ နင်ဒီလောက်တောင် နားမလည်ဘူးလား” တဲ့၊ ဆဝပ်စတီးက ငါ့ကို ကရုနာဒေါ သောနဲ့ ပြောတယ်၊ “သခင်က ငွေချေးတော့ နင့်ကို အပေါင်ထားပြီးချေးတာ ပိုင်ဆိုင်ခွင့်လက်မှတ်ကို ငွေတိုးချေးသမားလက် အပ်ထားရတယ်၊ ကြွေးမဆပ်နိုင်ရင် ငွေရှင်က နှင့် ကိုသိမ်းပြီး ရောင်းစားခွင့်ရှိ တယ်။ ငါတော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး၊ သခင်ဟာ လူကောင်းပါ၊ ဘာကြောင့် ဒီလို တွေ ဖြစ်လာရသလဲမသိဘူး၊” တဲ့၊ “ဆဝပ်စတီပြောတာအားလုံး အ အမန်ချည်းပဲ နောက်နေ့မနက် ငါမုန့်ဖုတ်နေတုန်းပဲ ငွေချေးသမား ရောက်လာတယ်၊ သူနဲ့အတူ ဆာဆီဆိုတဲ့ လူတယောက်ပါလာတယ်၊ ဒီလူက ငါ့ကိုအကဲခတ် ကြည့်ပြီး ဒီကောင်လောက်ဆိုရင် ဖြစ်တယ်တဲ့၊  “ငွေချေးသမားက ငါ့သခင် အပြင်ကပြန်ရောက်တဲ့အထိတောင် မစောင့်ဘူး၊ ဆဝပ်စတီကိုသာ ငါ့ ကိုသိမ်းသွားတဲ့အကြောင်း ပြောလိုက်ဘို့ မှာခဲ့တယ်၊ ငါလည်း မုန့်တောင် ပြီးအောင်မဖုတ်ရဘူး ကိုယ်ပေါ်ကအဝတ်နဲ့တင် လိုက်ခဲ့ရတယ်၊ ခါးမှာတော့ ငါစုထားတဲ့ပိုက်ဆံထုတ်ကလေး တွဲလျက်ပေါ့ ၊ “ငါ့ မျှော်လင့်ချက်ကလေးဟာ လေဆင်နှာမောင်းမိတဲ့သစ်ပင်လို အမြစ်ပါမကျန်အောင်နှုတ်ပြီး လွှင့်ပစ် ခံလိုက်ရတယ်၊ လောင်းကစားဝိုင်းနဲ့ ဘာလီဘီယာကြောင့် ငါ့ဘ၀ ဒုတိယအကြိမ် ပျက်စီးရပြန် တာပဲ။ “ဆာဆီဆိုတဲ့လူက တုံးတိတိမာကျောကျောနဲ့၊ အပြောအဆိုအမူအရာ ကြမ်းတမ်းတယ်၊ မြို့ထဲ ဖြတ်ပြီးခေါ်လာတုန်း လမ်းမှာ ငါကသူ့ကို ငါ နာနာနေ့(ဒ်) အတွက် ဘယ်လောက်အလုပ်လုပ်ပေးတဲ့ အကြောင်း သူ့ဆီမှာလည်း အလားတူလုပ်ပေးနိုင်တဲ့အကြောင်း ပြောပြတယ်၊ ဒါပေမယ့် သူ့ဆီက ပြန်ထွက်လာတဲ့ စကားကြောင့် ငါ စိတ်ဓါတ်ကျသွားတယ်၊ “ “အဲဒီလိုအလုပ်မျိုးတွေ ငါစိတ်မဝင်စားဘူးကွ၊ ငါ့သခင်လည်းမကြိုက်ဘူး၊ ရှင်ဘုရင်က သူ့ကို တူးမြောင်းကြီးဖောက်တဲ့နေရာမှာ တစိတ်တပိုင်းဝင်ပါတို့ တာဝန်ပေးထားတယ်၊ ငါ့ကိုလွှတ်ပြီး ခိုင်းတဲ့သခင်ကလည်း ဆာဆီ၊ နောက်ထပ်ကျွန်တွေဝယ်ကွာ၊ ကြိုးစားလုပ်၊ အလုပ်မြန်မြန်ပြတ်ပစေ၊” “ဒီတူးမြောင်းကြီးက သဲကန္တာရခေါင်ခေါင်မှာ တို့တူးရတာ၊ သစ်ပင်တပင်မရှိဘူး၊ တစ်ချို့ နေ ရာမှာ ခြုံပုတ်သေးသေး တခုတ လေရှိတာ၊ နေဆိုတာ ပူခြစ်တောက်နေတာပဲ၊ စည်ပိုင်းထဲကရေတောင် ပူလွန်းလို့ မသောက်နိုင်ဘူး၊ မင်းမျက်စိထဲ မြင်ယောင်ကြည့်၊ ကျွန်အလုပ်သမားတွေတန်းစီပြီး တူး လက်စမြောင်းကြီးထဲဆင်း၊ မြေကြီးတွေ တောင်းနဲ့ အပြည့်ထည့်၊ မြောင်နှုတ်ခမ်း ဆင်းလမ်းတက်လမ်း အတိုင်းထမ်းတက်၊ ပြီးတော့ပြန်ဆင်း၊ ပြီးရင်ပြန်တက်၊ မနက်နေထွက်က နေဝင်အထိ၊ အစာကျွေး တော့ ဝက်စာကျွေးတဲ့ခွက်မျိုးနဲ့ ထည့်ကျွေးတာ၊ ဝက်တွေလိုပဲ အားလုံးစုပြုံတိုးဝှေ့ပြီး စားရတာ၊ တို့အတွက်လဲမရှိဘူး၊ ခင်းအိပ်ဘို့ ကောက်ရိုးတောင်မရှိဘူး၊ အဲဒါ တူးမြောင်းအလုပ်စခန်းကို ရောက် သွားတဲ့အချိန်မှာ ငါတွေ့ ရတဲ့အနေအထား၊ အဲဒီရောက်ပြီးတဲ့နောက် ငါ့ ပိုက်ဆံအိတ်ကို မှတ်မှတ်သား သား တနေရာမှာ တွင်းတူးပြီးမြှုပ်တယ်၊ စိတ်ထဲမှာတော့ ငါ့ ပိုက်ဆံလေး ငါပြန်မှတူးနိုင်ပါအုံးမလား လို့လည်း တွေးမိတယ်၊ “အစပိုင်းမှာတော့ တူးမြောင်းအလုပ်ကိုလည်း စိတ်ရှည်ရှည် ဇွဲရှိရှိလုပ်ပါသေးတယ်၊ ဒါပေ မယ့် လချီပြီးကြာလာတော့ စိတ်ဓါတ်ကျချင်လာတယ်။ လူကလည်းအားနည်းလာပြီး ပူလွန်းလို့ဖြစ်တဲ့ ကန္တာရအဖျားက ငါ့ကိုယ်ထဲဝင်လာတယ်၊ ခံတွင်းပျက်ပြီး ဘာမှမစားချင် မသောက်ချင်ဖြစ်လာတယ်၊ ညဆိုရင် ဘယ်ညာလူးလိမ့်နဲ့ တညလုံးမအိပ်နိုင်ဘူး၊ မအိပ်နိုင်လေ ကိုယ့်ဘ၀အဖြစ်ဆိုးပုံတွေတွေးပြီး စိတ်ညစ်လေပဲ။ “စိတ်ညစ်ညစ်နဲ့ လျှောက်တွေးရင်း ဇငါးဒိုးပြောတဲ့စကားတွေလည်း ပြန်ကြားမိတယ်၊ အလုပ် ခွင်ထဲမှာ ဦးကျိုးအောင် နာလံမထူနိုင်အောင် ဆင်းရဲဒုက္ခခံမယ့်အစား တတ်နိုင်သမျှ ခိုကပ်နေမယ် ဆိုတဲ့အယူအဆ၊ ဒါပေမယ့် ဇငါးဒိုးနဲ့ နောက်ဆုံးတွေ့ဆုံခဲ့ရပုံကို ပြန်မြင်ယောင်တော့ သူ့လမ်းစဉ် လည်း  တကယ်တမ်းမနိပ်လှဘူးဆိုတာ စဉ်းစားမိပြန်တယ်၊ “ဒီလိုပဲ ပင်လယ်ဓါးပြရဲ့ သူသေကိုယ်သေခံချမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လည်း အကျပ်အတည်း မျိုးက အောင်အောင်မြင်မြင် ထွက်နိုင်မှာမဟုတ်ဘူးဆိုတာ သူ့ရဲ့ သွေးသံရဲရဲခန္ဒာကိုယ်ကို မျက်စိထဲ ပြန်မြင်မိတိုင်း သတိရတယ်၊ “ဖြစ်နိုင်ချေအရှိဆုံးဟာ မယ်ဂစ်ဒိုရဲ့လမ်းစဉ်ပဲ၊ နောက်ဆုံးအကြိမ် သူနဲ့ တွေ့ခဲ့ပုံကို ငါမြင်နေ တယ်၊ အလုပ်လုပ်လွန်းလို့ သူ့လက်တွေမှာ အသားမာတက်နေတယ်၊ ဒါပေမယ့် သူ့ရင်ထဲ ပေါ့ပါး ရွှင်လန်းနေတယ်၊ သူမျက်နှာမှာ စိတ်ချမ်းသာမှု လက္ခဏာတွေ မြင်နေရတယ်၊ သူ့အယူအဆသာ အမှန်ဆုံး အကောင်းဆုံးပဲလို့ ငါသဘောပေါက်တယ်၊ “ဒါပေမယ့်လည်း ဘဝင်မကျစရာ အကြောင်းတွေတော့ရှိနေတယ်၊ ငါလည်းမယ်ဂစ်ဒိုလောက် အလုပ်စိတ်ထက်သန်တာပဲ၊ တကယ်လုပ်တဲ့နေရာမှာ သူတောင် ကိုမှီမှာမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီ လောက်လုပ်တဲ့ကြားက ငါဘာကြောင့် မအောင်မြင်ရသလဲ၊ ချမ်းသာသုခနဲ့ ဘာကြောင့် ဒီလောက် နေ ရတာလဲ၊ မယ်ဂစ်ဒိုစိတ်ချမ်းသာနေတာဟာ အလုပ်ကြောင့်သက်သက်မှ ဟုတ်ရဲ့လား၊ နတ်ဘုရား တွေကိုယ်တိုင်က သူ့အတွက် အောင်မြင်မှုတွေ ပျော်ရွှင်စရာအနေအထားတွေ တမင်တကာ ဖန်တီးပေး နေလို့လား၊ ငါကတော့ အောင်မြင်မှုမရ ချမ်းသာသုခလည်းမရဘဲ တသက်လုံး အလုပ်တွေသာကျုံး လုပ်ရင်း တဘဝကုန်ရတော့မှာလား၊ ဒီလိုတွေ လျှောက်တွေးမိတယ်။ ဒီပြဿနာတွေ ဘယ်သူ့ မေးရ မှန်းလည်းမသိ၊ တယောက်တည်း ခေါင်းထဲ ချာလပတ်လည်နေတယ်၊ “နောက် ရက်ပေါင်းအတော်များများ ကြာပြီးတဲ့တနေ့ ပြဿနာတွေလည်း အဖြေမရနိုင်သေး၊ ရှေ့ဆက်ပြီး ခံနိုင်ရည်လဲမရှိတော့ဘူးလို့ ထင်ရတဲ့အချိန်မျိုးမှာ ဆာဆီကငါ့ ကိုအခေါ်လွှတ်တယ်၊ ငါ့ကို ဘေဘီလုံပြန်ခေါ်မလို့ ငါ့သခင်ဆီက လူတယောက် လွှတ်လိုက်တယ်တဲ့၊ ပိုက်ဆံအိတ်ကို ပြန်ပြီး ပေစုတ်ပြတ်နေတဲ့ အဝတ်အစားနဲ့ပဲ ငါပြန်လိုက်ခဲ့ရတယ်။ “နောက် ရက်ပေါင်းတောင် ထင်ရတဲ့အချိန်မျိုးမှာ ဘေဆိုက်ဆံအိတ်ကို ပြန်တွေးပြီး ‘လမ်းခရီးတစ်လျှောက်လုံး ခေါင်းထဲမှာ အတွေးမုန်တိုင်းက အကြီးအကျယ် မွှေနှောက်လိုက် ပါလာတယ်။ ငါကို လောလောဆယ် ဆီပူအိုးထဲက ဆွဲထုတ်လိုက်ပြီ၊ ဒါပေမယ့် အေးချမ်းသာယာတဲ့ နေ ရာကိုရောက်မလား အိုးအောက်မီးဖိုထဲ ကျသွားလေမလား၊ ငါဘယ်လိုမှ ကြိုတင်တွက်ဆလို့မရနိုင် ဘူး၊ ဒုက္ခတွေချည်း ဆက်တိုက်ကြုံခဲ့ရသူမို့ အဆိုးဘက်ကိုပဲ အာရုံရောက်နေတယ်၊ ငါ့အတွက် ပြစ် ဒဏ်တွေဟာ မပြီးစီးနိုင်တော့ဘူးလား၊ နောက်ထပ်ဘယ်လိုဒုက္ခ ဘယ်လိုကံကြမ္မာဆိုးမျိုးတွေ ငါရင် ဆိုင်ရဦးမှာလဲဆိုတာ တွေပဲ တွေးပူနေမိတယ်၊ “ငါ့ သခင်ရဲ့ အိမ်ခြံဝန်းထဲအဝင်မှာ အာရတ်ဂူလာကို မမျှော်လင့်ဘဲ ဘွားကနဲတွေ့လိုက်ရတော့ ငါအကြီးအကျယ် အံ့အားသင့်သွားတယ်၊ ငါကုလားအုတ်ပေါ်ကဆင်းဘို့ သူလက်ကမ်းပေးတယ်၊ ပြီး တော့ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ညီအစ်ကိုတယောက် ပြန်တွေ့ရသလို ပွေ့ဖက်နှုတ်ဆက်တယ်၊  “သခင့်ဟောင်းအိမ်ကနေ သူနဲ့ အတူထွက်လာတော့ ငါက သူ့နောက်က ကျွန်တယောက်လို {{ ကျိုးကျိုး လိုက်မလို့လုပ်တယ်၊ သူကလက်မခံဘူး၊ သူက ငါ့ပခုံးကိုဖက်ပြီးပြောတယ်၊ “ငါမင်းကို လိုက်ရှာတာ နေရာတွေနှံနေပြီ၊ နောက်ဆုံးလက်လျှော့တော့မလို့ လုပ်နေတဲ့အချိန် ဆဝပ်စတီးနဲ့ တွေ့ တယ်၊ ဆဝပ်ဆတီးက ငွေတိုးချေးသမားနာမည်ပြောပြတယ်၊ ငွေတိုးချေးသမားဆီကနေ မင်းကိုခေါ်သွားတဲ့ ဆာဆီရဲ့သခင် ကျွန်ပိုင်ရှင်သူဌေးကြီးဆီ ရောက်တယ်၊ ငါလိုချင်မှန်းသိတော့ ၊ ဒီအဘိုးကြီးက မတရားဈေးကိုင်တယ်၊ လွန်လွန်ကျွံကျွံကြီးကို ကောင်းတာ၊ ဒါပေမယ့် ငါ ပေးလိုက်တယ်။ မင်က သူ တောင်းသမျှထက် ပိုတန်ပါတယ်၊ ငါ အခုအခြေအနေ ရောက်တဲ့အထိ အောင်မြင်လာတာ မင်းရဲ့အယူ အဆ မင်းရဲ့လုပ်ပုံကိုင်ပုံတွေက ငါ့ကိုအမြဲ လှုံ့ဆော်နှိုးဆွပေးခဲ့လို့ပဲ” “မယ်ဂစ်ဒိုရဲ့ အယူအဆပါ၊ ကျွန်တော့်ကိုယ်ပိုင်မဟုတ်ပါဘူး” ငါက ကြားဖြတ်ပြောတယ်၊ “အေး၊ မင်းနဲ့ မယ်ဂစ်ဒိုရဲ့ အယူအဆပေါ့ကွာ၊ မင်းတိုနှစ်ယောက်လုံးကို ငါကျေးဇူးတင်ပါ တယ်။ ကဲ ငါတို့ အခု ဒမတ်စကပ်ကို သွားကြမယ်၊ အဲဒီမှာ ငါနဲ့လက်တွဲလုပ်မယ့်လူ လိုနေတယ်ကွ၊” တဲ့၊ ပြီးတော့သူက “နေအုံး ဒီမှာတခုရှိသေးတယ်၊ မင်းအခုချက်ချင်းလက်ငင်း လွတ်လပ်သူတဦးဘဝ ရောက်ရစေမယ်” ဆိုပြီး သူ့ဝတ်ရုံထဲထည့်လာတဲ့ အုတ်ခွက်စာချပ်တခုကို ထုတ်လိုက်တယ်၊ ငါ့ ကိုဝယ် လာတဲ့ စာချုပ်စာတမ်းပေါ့ ကွာ၊ ငါ့ ကိုပိုင်ဆိုင်ကြောင်း အထောက်အထား လက်မှတ်ပေါ့၊ အဲဒီစာချုပ် ကို သူကိုင်မြှောက်ပြီး လမ်းခင်းကျောက်ပေါ် ပေါက်ထည့်လိုက်တယ်၊ ပြီးတော့ အကျိုးအပဲ့တွေကို လုံးဝကြေမွသွားအောင် ခြေထောက်နဲ့ အားရပါးရ လိုက်နင်းခြေပစ်လိုက်တယ်၊ “ငါကတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်၊ ဘေဘီလုံမှာ ငါကံအကောင်းဆုံးလူပဲ၊ လို့ လည်း တွေးမိလိုက်တယ်၊ “အမှန်တော့ မင်းမြင်တဲ့အတိုင်း အလုပ်ကို တန်ဘိုးထားတဲ့စိတ်က ငါ့ကို အဆိုးဝါးဆုံး ဒုက္ခ တွင်း ထဲက ဆယ်တင်သွားတာပဲ၊ အလုပ်သာလျှင် ငါ့ ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်ကြောင်း အတည်ပြု လိုက်တဲ့ သဘောပဲ၊ မင်းစဉ်းစားကြည့်၊ ကျွန်ဈေးတန်းမှာတုန်းကလည်း ငါဟာ သိပ်အလုပ်လုပ်ချင်တဲ့ ကျွန်တစ် ယောက်ဖြစ်ကြောင်း ဝယ်သူတွေသိအောင် ပြောဆိုကြေညာနိုင်လို့ မြို့ရိုးဆောက်တဲ့ ကျွန် အလုပ် စခန်းကို မရောက်ဘဲ သဘောကောင်းတဲ့ သခင်ဆီရောက်ခဲ့တယ်၊ အဲဒီသခင့်ဆီမှာရှိစဉ် အလုပ် ကို အားကြိုးမာန်တက် လုပ်နေတာမြင်တဲ့အတွက် မင်းအဘိုးအာရတ်ဂူလာက သဘောကျတယ်၊ အထင် ကြီးတယ်၊ ငါ့ကို အရမ်း ခင်မင်တယ်၊ ဒါကြောင့် ငါ့ကို ဈေးကြီးကြီးပေးဝယ်တာ၊ ပြီးတော့ သူ့ပါတနာ အဖြစ် အတူတူ တွဲလုပ် ဘို့ ခေါ်ခဲ့တာ” သူ့စကားဆုံးတော့ ဟောဒန်ဂူလာကမေးသည် ။  “ကျွန်တော့်အဘိုး ချမ်းသာတာကော အလုပ်ကြောင့်သက်သက်ပဲလား” “အေး၊ ဟုတ်တယ်၊ သူအောင်မြင်ကြီးပွားရတဲ့ တခုတည်းသောသော့ချက်ဟာ ဒါပဲလို့ ငါမြင် ခဲ့တယ်၊” ရှာရူနာဒါ ကဆိုသည်။ “မင်းအဘိုးဟာ အလုပ်ကို အင်မတန်ခင်တွယ်တဲ့ပုဂ္ဂိုလ်၊ သူအလုပ် ကြိုးစားလွန်းလို့ နတ်ဘုရားတွေ သူ့ကိုကျေနပ်အားရကြတယ်၊ သူ့ကို ဆုလာဘ်သပ္ပကာတွေ ဖောဖော သီသီချီးမြှင့်ကြတယ်၊ ငါ အဲဒီလိုမြင်တယ်၊” “ကျွန်တော် သဘောပေါက်ပါပြီ၊” ဟာဒန်ဂူလာက တွေးတွေးဆဆ ဆိုသည်။ “အဘိုးဟာ သိပ်အလုပ်လုပ်တယ်၊ သူ့ ဇွဲလုံ့လရယ် အဲဒါကြောင့်ရလာတဲ့ အောင်မြင်မှု့ တွေရယ်ကို လေးစား အားကျတဲ့အတွက် သူကို မိတ်ဆွေသင်္ဂဟတွေ အများကြီး ပေါင်းသင်းဝန်းရံလာတယ်၊ အလုပ်နဲ့ အလုပ်ရဲ့ ဆုလာဘ်တွေကြောင့် အဘိုးဟာ ဒမတ်စကပ်မှာ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီး၊ လူအများလေးစား တဲ့ပုဂ္ဂိုလ်ကြီး ဖြစ်လာတယ်၊ အဘိုးနဲ့ ပတ်သတ်ပြီး ကျွန်တော်အထင်ကြီးခဲ့ အားကျခဲ့တဲ့အရာမှန်သမျှ ဟာ အလုပ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတာတွေချည်းပဲ၊ ဒါကို ကျွန်တော်မမြင်ခဲ့ဘူး၊ ကျွန်တော့်စိတ် ထဲမှာ အလုပ်ဆိုတာ ကျွန်တွေနဲ့သာဆိုင်တယ်၊ ငါတို့နဲ့ ဘာမှမပတ်သတ်ဘူးလို့ ထင်ခဲ့မိတယ်၊” “လူသားတွေအတွက် ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်စရာ နည်းလမ်းတွေ အမြောက်အများရှိ တယ်ကွ” ရှာရူနာဒါကဆိုပြန်သည်။ “အဲဒီ ပျော်ရွှင်မှုတမျိုးစီဟာ သူ့နေရာနဲ့သူ တန်ဘိုးရှိပါတယ်၊ ဒါပေမယ့် အလုပ်ကိုတော့ မမှီဘူးကွ၊ အလုပ်ဟာ ကျွန်တွေအတွက်သက်သက်ဖြစ်မနေတာ ငါအများ ကြီးစိတ်ချမ်းသာတယ်၊ အဲဒီလိုသာဖြစ်နေရင် အလုပ်ကပေးတဲ့ ကျေနပ်အားရမှု ဝမ်းသာကြည်နူးမှုတွေ ကို ငါခံစားခွင့်ရမှာ မဟုတ်ဘူး၊ လောကကြီးမှာ ငါကျေနပ်နှစ်သက်တဲ့အရာတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် အလုပ်ကိုတော့ ဘယ်အရာမှ အစားမထိုးနိုင်ဘူးကွ” ရှာရူနားဒါနှင့် ဟာဒန်ဂူလာတို့ မြင်းကိုယ်စီဖြင့် ဆက်လက်ခရီးနှင်လာကြသည်။ ဘေဘီလုံ၏ မြင့်မောက်သော မြို့ရိုးကြီးအနီး သူတို့ချဉ်းကပ်မိကြသည်။ မြို့ရိုးကြီး၏အရိပ်ကို ခိုကာ မြို့ တံခါးဝ ဆီသို့ ဆက်လှမ်းခဲ့ကြသည်။ ကြေးဝါဖြင့်ပြုလုပ်ထားသည့် ကြီးမားလေးလံသော တံခါးကြီးများ၊ မြို့ တံခါးဝသို့ သူတို့ရောက်လျှင် အစောင့်စစ်သည်များက ပျာပျာသလဲ ခရီးဦးကြိုဆိုသည်။ ရှာရုနာဒ အာ အကြီးအကဲတဦးပမာ အရိုအသေပြုကြသည်။ သူက ဘေဘီလုံမှာ အများလေးစားသည့် မြို့မိ မြို့ဖတဦး မဟုတ်လား။ နောက်မှလိုက်ပါသည့် ဝန်စည်စလယ်တင် ကုလားအုတ်တန်းနှင့် တပည့်တပန်းများကို ဦးဆောင်ကာ ဘေဘီလုံမြို့ ကော်လမ်းမထဲ ရှာရုနာဒါ ဝင်ရောက်လာခဲ့သည်။ ကျွန်တော့်အဘိုးလို ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်ဖို့ အမြဲရည်မှန်းခဲ့တာ” သူ့အနီးမှလိုက်ပါလာ  သည့် ဟာဒန်ဂူလာက ဖွင့်ဟသည်။ “ဒါပေမယ့် အဘိုးဘယ်လိုလူစားမျိုးဆိုတာ လုံးဝမသိခဲ့ဘူး၊ အခု အဘ ပြောတော့မှ သိရတယ်၊ သိလာတော့ ကျွန်တော် ပိုလေးစားတယ်၊ ပိုအားကျတယ်၊ အဘိုးလိုဖြစ် အောင် ကြိုးစားချင်စိတ်တွေ ပိုထက်သန်လာတယ်၊ အဘကိုလည်း အခုလိုအဘိုးအကြောင်းပြောပြတာ အဘတို့ အဘိုးတို့ရဲ့ အောင်မြင်မှု လမ်းစဉ်တွေ ပြောပြတာအတွက် ကျွန်တော်သိပ်ကျေးဇူးတင်တယ်၊ ဒီကျေးဇူးကို ကျေအောင် ဆပ်နိုင် ပါ့မလားလို့ တောင် ကျွန်တော်စိုးရိမ်တယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့ကစပြီး အဘိုးတို့ အဘတို့ လမ်းစဉ်အတိုင်း အစွမ်းကုန် ကြိုးစားမယ်၊ အခုစတင်တဲ့အချိန်မှာ အဘိုးလိုပဲ လက်ဖဝါး ခြေဖဝါးနဲ့ ကျွန်တော်စမယ်၊ ဒီလက်ဝတ်ရတနာတွေ ဝတ်ကောင်းစားလှတွေ မလိုဘူး၊ ဒါ တွေဟာ ကျွန်တော် ရှာဖွေထားတာလည်းမဟုတ်လို့ လောလောဆယ် ကျွန်တော်နဲ့ မထိုက် တန်ဘူး၊ ကျွန်တော့် အဓိဌာန်နဲ့ လဲ မကိုက်ညီဘူး၊” သည်လိုပြောဆိုကာ ဟာဒန်ဂူလာက သူ့နားနှစ်ဘက်နှင့် လက်ချောင်းများမှာ ဆင်ယင်ထား သည့် ကျောက်မျက်ရတနာစီခြယ်ထားသော နားကွင်းများ လက်စွပ်များကို ချွတ်သည်။ ထိုနောက် မြင်းကို အသောဇတ်သတ်ကာ နောက်သို့ ဆုတ်လိုက်ပြီး အတွေ့အကြုံများသလောက် အမြော်အမြင်ကြီးမားလှသည့် ဘေဘီလုံသူကြွယ်ကြီး ရှာရူနာဒါ၏နောက်မှ လေးစားရိုကျိုးစွာ လိုက်ပါခဲ့လေသည်။