ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

 

နိဂုံးစကား – ရှေးခေတ်ဘေဘီလုံနှင့်စပ်လျဉ်း၍ 

သမိုင်းဝင် ရှေးမြို့တော်ကြီးများထဲတွင် ဘေဘီလုံလောက် လူအများအာရုံကို ဆွဲဆောင် ဖမ်းစားနိုင်သောမြို့ မရှိပေ။ ဘေဘီလုံဟု ဆိုလိုက်လျင်ပင် ကြွယ်ဝခြင်း ကြီးကျယ်ခမ်းနားခြင်း မြင်ကွင်းတွေ အာရုံထဲတွင် ထင်လာသည်။ ဘေဘီလုံကား ရတနာ ရွှေ ငွေ ကျောက်သံပတ္တမြားတွေ တကယ်ပေါကြွယ်ခဲ့သော မြို့ကြီးတစ်မြို့ ဖြစ်ချေသည်။ ကြွယ်ဝသောမြို့တမြို့ဆိုခြင်းကြောင့် ပတ်ဝန်းကျင်မှာ စိမ်းစိုသော တောနှင့်တောင်နှင့်၊ ရွှေ တွင်း ငွေတွင်း သတ္တုတွင်းတွေနှင့်၊ နဂိုမူလကတည်းက ပြည့်စုံစွာ ပါရှိလိမ့်မည်ဟု ထင်စရာရှိ၏။ သို့သော် ဘေဘီလုံက ထိုသို့မဟုတ်ပေ။ သူသည် သယံဇာတ ပေါကြွယ်ဝသူမဟုတ်။ သူတည်ရှိရာ နေရာသည် ယူဖရေးတီးစ်မြစ်နဘေးရှိ ခြောက်သွေ့သောမြေပြန့်လွင်ပြင်ဒေသဖြစ်သည်။ သူ့မှာသဘာဝ တောတောင်မရှိ။ မိုးရေမလုံလောက်သဖြင့် ကောက်ပဲသီးနှံများ ကောင်းစွာ စိုက်ပျိုးနိုင်ခြင်းမရှိ။ မြေမှ တူးဖော်၍ရနိုင်သော ရတနာဟူ၍လည်း ဆောက်လုပ်ရေးအတွက် အသုံးပြုနိုင်မည့် ကျောက်ကျင်းမျှပင် မရှိ။ ထို့ပြင် ဘေဘီလုံသည် အနီးဝန်းကျင်ရှိ မြို့ပြနိုင်ငံတို့ အဆင်ပြေပြေ သုံးစွဲနေကြသည့် ကုန်စည်ကူးသန်းရေး လမ်းမကြီးတစ်ခုပေါ်၌ ကျရောက်နေသည်လည်းမဟုတ်။ ခြုံ၍ပြောရလျှင် ဘေဘီလုံသည် သဘာဝ မျက်နှာသာပေးခြင်းခံရသော မြို့မဟုတ်ပေ။ သို့သော် ဘေဘီလုံသည် ရှိစုမဲ့စု အရင်းအမြစ်ကလေးမျှ နှင့်ပင် ကြီးပွားအောင် ကြံဆောင်နိုင်ခဲ့၏။ စင်စစ် ဘေဘီလုံကား၊ စွမ်းရည်နှင့် စိတ်ဓာတ်ရှိမည်ဆိုလျှင် မည်သူမဆို အရင်းအမြစ် နည်း သည်ဖြစ်စေ များသည်ဖြစ်စေ ကြီးမားသော ရည်မှန်းချက်ကြီးများ ထမြောက်အောင် အကောင် အထည်ဖော် နိုင်မည်သာဖြစ်ကြောင်း ပြသလျှက်ရှိသည့် အထင်ရှားဆုံး သာဓကတစ်ခုဖြစ်သည်။ ဘေဘီလုံမှာရှိသည့် ရှားရှားပါးပါး သယံဇာတပစ္စည်းမှန်သမျှသည် အလွယ်တကူ ထုတ်ယူသုံးစွဲ၍မရ။ လူသား၏ စွမ်းရည်နှင့် လုပ်အားအများကြီး စိုက်ထုတ်ပေးမှရ၏။ ဘေဘီလုံ၏ ချမ်းသာကြွယ်ဝမှု မှန်သမျှသည်လည်း ဘေဘီလုံသားတို့၏ စွမ်းအားဖြင့် ရရှိထားသည်များချည်းဖြစ်၏။ ဘေဘီလုံမှာ သဘာဝရင်းမြစ် နှစ်ခုသာရှိသည်။ မြေနှင့်ရေ။ မြေသည် သြဇာဓါတ် ပြည့်ဝ ၏။ သို့သော် မိုးခေါင်သဖြင့် ရေဝဝမသောက်ရ။ ယူဖရေးတီးစ်မြစ်ထဲမှာကား ရေတွေဖောဖော သီသီရှိ၏။  သို့ သော် သည်ရေကို ယူသုံးဘို့ ခက်၏။ မြစ်နှင့်အလှမ်းဝေးလေ ရေငတ်လေ။ သုံးရ မလွယ်သော ထိုသဘာဝ ရင်းမြစ်နှစ်ခုကို ဘေဘီလုံသားတို့ အပြည့်အဝ အသုံးချခဲ့သည်။ ဘေဘီလုံ သား ဆည်မြောင်းအင်ဂျင်နီယာများသည် သူ့ခေတ်ကာလက အထူးချွန် အထက်မြတ်ဆုံး ပညာသည်များ ဖြစ် ကြသည်။ သူတို့ တည်ဆောက်ဖောက်လုပ်ခဲ့သည့် ဆည် တာတမံ တူးမြောင်းများကို ယနေ့ ခေတ်လူများပင် အံ့သြချီးကျူးရဆဲဖြစ်သည်။ သည်တမံတူးမြောင်းတွေဖြင့် ခြောက်သွေ့သော လွင်ပြင် ဒေသကို မြစ်ရေပြည့်အောင်ပေးကာ သစ်ပင်သီးနှံတို့ ပွင့်လန်းဝေဆာစေခဲ့သည်။ ဘေဘီလုံ ဆည် မြောင်းစနစ်ကား ကမ္ဘာ့သမိုင်းတလျှောက် အစောဆုံး အင်ဂျင်နီယာဆိုင်ရာ စွမ်းဆောင်မှုတရပ် ဖြစ်ခဲ့ သည်။ ဆည်ရေပေးစနစ်ဖြင့် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်သည့် ထိုမျှကျယ်ပြောသော မြေယာမျိုး သည့်အရင်က ကမ္ဘာတွင် မမြင်ဘူးခဲ့။ ကံအားလျော်စွာ ဘေဘီလုံ၏ ရှည်လျားသောသမိုင်းတလျောက် အုပ်စိုးခဲ့သော မင်းဧကရာဇ် တို့သည်လည်း အရည်အချင်း ပြည့်ဝသူများဖြစ်ခဲ့ကြသည်။ အခြားတပါးသော မြို့ပြ ပြည်ရွာများကို တိုက်ခိုက်သိမ်းပိုက်ခြင်း ယင်းတို့၏ ဥစ္စာဓနများအား လုယက်ယူငင်ခြင်းမျိုးကို ရံဖန်ရံခါမျှသာ သူတို့ ပြုလုပ်ဘူးကြသည်။ ဘေဘီလုံသားတို့ တိုက်ခိုက်ခဲ့သော စစ်ပွဲများသည် များသောအားဖြင့် အနီး ဝန်းကျင် မြို့ပြနိုင်ငံတို့နှင့်ဖြစ်သော စစ်ပွဲများဖြစ်ပြီး၊ အဓိကမှာ ဘေဘီလုံ ၏ ကြွယ်ဝလှသော နေ ဥစ္စာကို သိမ်းပိုက်လို၍ တိုက်ခိုက်လာကြသူများရန်မှ ကာကွယ်ကြရခြင်းသာဖြစ်သည်။ ဘေဘီလုံ၏ ထူးချွန်သော ဘု ရင်ဧကရာဇ်တို့ သမိုင်းဝင်ထင်ရှားရခြင်းသည် ဉာဏ်အမြော်အမြင်ကြီးမားခြင်း၊ တရား မျှတခြင်းနှင့် စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ခြင်းတို့ ကြောင့်သာဖြစ်သည်။ ကမ္ဘာ့လူမျိုး တစ်ရာ့တပါး တို့ ရိုကျိုး ခန့်ညားရသော ဘုန်းတော်အကြီးမြတ်ဆုံး မင်းဧကရာဇ်ဖြစ်လိုသော တရားလွန်ဆန္ဒဖြင့် တိုင်းတကာ ပြည်တကာကို လှည့်လည်စစ်ထိုးနေလိုသော ရှင်ဘုရင်မျိုး ဘေဘီလုံတွင် မည်မည်ရရ မရှိခဲ့။ ယခုအခါ၌ကား ဘေဘီလုံသည် မြို့ကြီးပြကြီးတခုအဖြစ် မတည်ရှိတော့။ ဘေဘီလုံကို နှစ်ပေါင်းထောင်ချီအောင် တည်ဆောက်ခြင်း ထိန်းသိမ်းပြုပြင်ခြင်းများ ပြုလုပ်ခဲ့သည့် စွမ်းရည်ထက် မြက်လှသောပုဂ္ဂိုလ်တို့ ယုတ်လျော့ပျောက်ကွယ်သွားကြပြီး များမကြာမီပင် ဘေဘီလုံသည် မြို့ဟောင်း မြို့ပျက်အဖြစ် မှေးမှိန်တိမ်ကောသွားခဲ့သည်။ ဘေဘီလုံမြို့ဟောင်းသည် ယနေ့ အီရတ်နိုင်ငံမြို့တော်ဘဒတ်၏ တောင်ဘက် မိုင်ခြောက် ဆယ်ခန့် အကွာ၌ တည်ရှိသည်။ တချိန်က ဆည်ရေသောက် မြေယာများဖြင့် ထွန်းကားစည်ပင်ခဲ့သည့် ဤဒေသသည် ယခုအခါ၌ ထိုဆည်ကန်တူးမြောင်တို့ မပေါ်ပေါက်မီ ကာလကကဲ့သို့ ခြောက် သယောင်းသည့် လွင်တီးခေါင် ကန္တာရဒေသ ပြန်ဖြစ်လျက်ရှိသည်။ လေဝှေ့တိုင်း လွင့်ပျံ့လာသည့် သဲမှုန်များကို ကာကွယ်ရန်အတွက် မြက်ရိုင်းအချို့နှင့် ပြောက်တိပြောက်ကျား ခြုံပင်ငယ်များသာ ကျန် ရှိတော့သည်။ စပါးသီးနှံတို့ဖြင့် စိမ်းလန်းသော စိုက်ခင်းများ မမြင်ရတော့။ တိုက်တာအိမ်ခြေ တို့ဖြင့် စည်ပင်လှသော မြို့တော်ကြီးလည်း သည်နေရာတွင် မရှိတော့။ ရှည်လျားလှသော ဝန်တင် ကုလားအုတ်တန်းကြီးဖြင့် ခရီးနှင်လာသည့် ကုန်သည်အုပ်စုကြီးများကိုလည်း မတွေ့ကြရတော့။ အိမ် မွေးတိရစ္ဆာန်တစုနှင့်အတူ ဟိုမှသည်သို့ ရွှေ့ပြောင်းနေထိုင်တတ်သည့် အာရပ်မျိုးနွယ်စုများသာ သည် ဒေသတခွင်တွင် ကျဲပြန့် နေထိုင်လျက်ရှိတော့သည်။ ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းနျစ်ထောင် လောက်က စတင်ဖြစ်ပေါ်ခဲ့သည့် ဘေဘီလုံ၏ ပြောင်းလဲသွားသော အနေအထားဖြစ်၏။ တနည်းဆို သော် ဥရောပတွင် ခရစ်ယာန်ယဉ်ကျေးမှု ထွန်းကားပေါ်ပေါက်စကာလမှာပင် ဘေဘီလုံသည် ရှေးမြို့ တော်ဟောင်းဘ၀ ကျရောက်ခဲ့သည်ဟု ဆိုနိုင်သည်။ ယူဖရေးတီးစ်မြစ်ဝှမ်းဒေသ၏ ယဉ်ကျေးမှု တိမ်ကောပပျောက်သွားပြီးသည့်နောက်တွင် ယခင် တိုက်တာအိမ်ရာတို့ နေရာ၌ တောင်ကုန်းကြီးငယ်များ ဖြစ်ပေါ်လာခဲ့သည်။ ဖြတ်သန်းသွားလာကြသော ခရီးသည်တို့သည် ဤနေရာ၌ ကုန်းကြီးကုန်းငယ် ပေါလှသည်ဟူသည်မှအပ ထူးထူးခြားခြား စိတ် ဝင်စားမှုမရှိခဲ့ကြ။ ပြီးခဲ့သောရာစုနှစ် အနည်းငယ်အတွင်းမူ ရှေးဟောင်းသုတေသန သမားတို့ ဤ နေ ရာသို့ အဆက်မပြတ် ရောက်ရှိလာခဲ့ကြသည်။ သူတို့အား စတင်ဆွဲဆောင်သောအရာမှာ ရှားရှား ပါးပါး တခါတရံ မိုးလေသည်းထန်ချိန် အဆိုပါ တောင်ကုန်းကြီးငယ်တို့ကို ရေတိုက်စားရာမှ ပေါ် ထွက်လာသည့် ရှေးမြေအိုး မြေခွက်များ အုတ်ကျိုး အုတ်ပဲ့များ ဖြစ်၏။ ဥရောပနှင့် အမေရိကရှိ ပြတိုက်များ၏ ထောက်ပံ့ငွေဖြင့် မြို့ဟောင်းတူးဖော်ရေးအဖွဲ့များသည် ဒေသသို့ လာရောက်ကြပြီး၊ တောင်ကုန်းများကို တူးဆွဖော်ထုတ်ကြသည်။ သည်အခါ မြို့ဟောင်း ကြီးငယ်တွေ ပေါ်လာသည်။ သည်အထဲတွင် ဘေဘီလုံလည်းတခုအပါအဝင်ဖြစ်သည်။ နှစ်ပေါင်းနှစ်ထောင်မျှသော ကာလ အတွင်း လေနှင့်အတူ လွင့်ပျံ့လာသည့် ဖုံမှုန့်သဲမှုန့်များသည် လူသူကင်းမဲ့သည့် အဆောက်အဦး များကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းရင်း တိုက်တာအိမ်ရာများကို တောင်ကုန်းများအဖြစ်သို့ ပြောင်းလဲ ပစ်ခဲ့သည်။ အိမ်ရာဆိုရာ၌လည်း အပေါ်ပိုင်းများမပါ အောက်ခြေပိုင်းများ လောက်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။ အဆောက်အဦးများမှာ အဓိကအားဖြင့် အုတ်အင်္ဂတေတို့ဖြင့် ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သော် လည်း နံရံနှင့် အမိုးအကာများမှာ ရေလေတို့ တိုက်စားမှုဒဏ်ကြောင့် ပွန်းပဲ့ပျက်စီးကာ မြေမှုန် သဲမှုန်ဘဝသို့ ကူးပြောင်းသွားခဲ့ကြသည်။ တချိန်က ကြီးကျယ်ခမ်းနားသော ဘေဘီလုံသည် မြေကြီးအောက် ရောက်သွားပြီဆိုသည့် အခါ ပေါ်ယံရုပ်ဒြပ်သာမက အမည်နာမပင် ပျောက်ကွယ်ခဲ့တော့သည်။ သည်နေရာတွင် ဘေဘီလုံ ဆိုသော မြို့ကြီးတစ်မြို့ ရှိခဲ့ဘူးသည်ဟူ၍ တစ်စွန်းတစ်စ ပြောပြနိုင်သူပင် မရှိခဲ့တော့။ ရှေးဟောင်း သု တေသနသမားတို့ တကုန်းချင်း တတောင်ချင်းတူးဆွကာ နန်းတော်ကြီး မြို့ရိုးကြီး ဘုရားရှိခိုး ကျောင်းကြီး ဂူဗိမာန်ကြီးများနှင့် လမ်းကြီးလမ်းငယ်များကို စနစ်တကျ ဖော်ထုတ်ရင်းဖြင့်သာ တချိန် သောအခါက သည်နေရာတွင် အလွန်ကြီးကျယ်စည်ကားသော မြို့ကြီးတမြို့ ရှိခဲ့သည်၊ ထိုမြို့ ကား ဘေဘီလုံတည်းဟူ၍ သိရှိလာခဲ့ကြခြင်းဖြစ်သည်။ ရှေးဟောင်းသုတေသီတို့က ဘေဘီလုံ အပါအဝင် ယူဖရေးတီးစ်နှင့် တိုက်ဂရစ်မြစ်နှစ်မွှာကြားရှိ ရှေးမြို့ဟောင်းများသည် သမိုင်းမှတ်တမ်းမှတ်ရာ တိတိကျကျရှိသည့် ရှေးခေတ်ဦး လူ့ယဉ်ကျေးမှု့ အဆောက်အအုံများထဲတွင် အစောဆုံးဖြစ်သည်ဟု ယူဆကြသည်။ ဘေဘီလုံသည် လွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ ခန့်ကပင် တည်ရှိခဲ့လိမ့်မည်ဟု ပညာရှင်တို့ ခန့်မှန်းတွက်ချက်ကြသည်။ ဘေဘီလုံ မှ တူးဖော်ရ ရှိသည့် မှတ်တမ်းမှတ်ရာများထဲတွင် နေကြတ်ပုံအကြောင်း မှတ်တမ်းတခုပါ ရှိရာ ယင်း တွင် ဖော်ပြထား ချက်ကိုယူ၍ ယနေ့ ခေတ် နက္ခတ္တဗေဒ ပညာရှင်တို့ က ထိုနေကြတ်ပုံမျိုး ဘေဘီလုံမြို့ တည်ရာအရပ်မှ မြင်ရနိုင်မည့် နှစ်ကာလကို ပြန်လှန်တွက်ချက်နိုင်ခဲ့ကြသည်။ သုတေသီတို့ ဖော်ထုတ်ချက်အရ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ ခန့်က ဘေဘီလုံတွင် ဆူမာရိုက်လူမျိုးတို့သည် မြို့ရိုး မြို့ တံခါး အဝန်းအရံများအတွင်း၌ နေထိုင်လျက်ရှိခဲ့ကြောင်း သိရှိရသည်။ သည့်ထက် မည်မျှ စောစောကတည်းကပင် ၎င်းပုံစံမျိုး နေထိုင်တတ်ခဲ့ကြောင်းကိုကား မသိ နိုင်ကြပေ။ ထိုခေတ် ဘေဘီလုံသားဆူမာရိုက်တို့သည် မိမိတို့ လုံခြုံမှုအတွက် အကာအရံများ တည် ဆောက်တတ်ရုံမျှသာ ယဉ်ကျေးကြသည်မဟုတ်။ အသိအမြင်ကျယ်သူ။ ပညာတတ်သူများလည်း ဖြစ် ကြသည်။ သိရှိရသလောက် ကမ္ဘာမှတ်တမ်းများအရ ၎င်းတို့သည် ကနဦး နက္ခတ္တဗေဒ ပညာရှင်များ၊ ကနဦး သင်္ချာသမားများ၊ ကနဦး ငွေကြေးပညာရှင်များနှင့် စာ” ဟူသည်ကို ပထမဆုံး တီထွင်သုံးစွဲ ကြသူများဟု ဆိုရမည်ဖြစ်သည်။ ဘေဘီလုံသားတို့၏ ဆည်ကန်တူးမြောင်းစနစ်များအကြောင်း ပြောခဲ့ပြီးဖြစ်သည်။ တူးမြောင်း နေရာဟောင်းများမှာ သဲဖို့သဖြင့် တိမ်ကော ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ သို့သော် ခြေရာကောက် ၍ကား ရသေးသည်။ အချို့ တူးမြောင်းကြီးများမှာ မြင်းဆယ့်နှစ်ကောင် ရင်ပေါင်တန်း စီးသွားနိုင် လောက်အောင် ကျယ်ဝန်းသည်။ တူးမြောင်းဖြင့် ရေသွယ်သောအလုပ်သာ ၎င်းတို့ လုပ်ကြသည်မဟုတ်။ ယူဖရေးတီးစ်နှင့် တိုက်ဂရစ်မြစ်တို့၏ မြစ်ဝဒေသများရှိ ကျယ်ပြန့်သော ရွှံ့ညွန်တောကြီးများကို စိုက်ပျိုးမြေအဖြစ် ပြောင်းလဲ ပစ်နိုင်ရန်အတွက်လည်း ရေနုတ်မြောင်းများကို စနစ်တကျ အကွက်ချ တူးဖော်ခဲ့သည်။ ပြင်ပပုဂ္ဂိုလ်များထဲမှ ဘေဘီလုံအကြောင်း မျက်မြင်ကိုယ်တွေ့ ရေးသားခဲ့သည့် တဦးတည်း သောပုဂ္ဂိုလ်မှာ ဘေဘီလုံပြည်ကြီး ကောင်းစားစဉ်ကာလက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ် ခဲ့ဘူးသော ဂရိသမိုင်းဆရာ ခရီးသည်ကြီး ဖဲရိုဒိုးတပ်(စ) ဖြစ်သည်။ ဘေဘီလုံမြို့ကြီးကို ကွက် ကွက်ကွင်းကွင်းမြင်အောင် သူ ဖော်ပြခဲ့သည်။ ဘေဘီလုံသားတို့၏ ထူးခြားသော ဓလေ့စရိုက်များကို လည်း သူမှတ်တမ်းတင်သည်။ ထို့ပြင် ဘေဘီလုံဒေသမှ မြေယာတို့ မြေဆီဩဇာ ပြည့်ဝလှပုံနှင့် ဂျုံဘာလီ စသည်တို့ အထွက်ကောင်းလှပုံ အကြောင်များလည်း သူဖော်ပြခဲ့သည်။ ဘေဘီလုံ၏ ကြီးကျယ်ခမ်းနားမှု့များ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော်လည်း ဘေဘီလုံသားတို့  ၏ အသိပညာနှင့် ဉာဏ်အမြော်အမြင်များကား နှောင်းလူတို့ အတွက် ကျန်ရှိနေဆဲဖြစ်သည်။ သည် အတွက်မူ ၎င်းတို့၏ မှတ်တမ်းရေးထိုးခြင်းအလေ့အထများကို ကျွန်တို့ကျေးဇူးတင်ကြရမည်ဖြစ်သည်။ ထိုခေတ်ထိုအခါက စက္ကူမပေါ်သေးသည်ဖြစ်ရာ မှတ်တမ်းများကို ရွှံ့စေးပြားများတွင် ရေးထိုးကြရ သည်။ စိုစိုထိုင်းထိုင်း ရွှံ့စေးချပ်ပေါ်တွင် စူးနှင့်ထွင်း၍ ရေးပြီးနောက်၊ ၎င်းစာချုပ်ကို အုတ်ဖုတ်သလို ဖုတ်လိုက်သောအခါ အုတ်ကြွပ်ပြားကဲ့သို့ မာကြောခိုင်ခံ့သော စာချပ်” များရလာသည်။ ယင်း အုတ်ခွက်စာချပ်များမှာ အလျားရှစ်လက်မ အနံခြောက်လက်မ အထူ တစ်လက်မခန့် ရှိတတ်ကြသည်။ ၎င်းစာချုပ်များကို သည်ကနေ့ စက္ကူများသုံးစွဲသလို အတော် တွင်တွင်ကျယ်ကျယ်ပင် သုံးစွဲခဲ့ ကြသည်။ ကမ္ပည်းစာတန်းများရေးထိုးသည်။ ကဗျာလင်္ကာ ရေးသားသည်။ သမိုင်းများ၊ ဘုရင့်အမိန့် တော်ပြန်တမ်းများ၊ ကိုဓဥပဒေများလည်း သည်စာချပ်တွေမှာပင် မှတ်တမ်းတင်သည်။ ထို့ပြင် မြေ ယာ၊ ကျေးကျွန်စသည့် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု့ဆိုင်ရာ အထောက်အထားများ၊ စာချုပ်စာတမ်းများ၊ ကတိပြုလက်မှတ်များ၊ ပေစာများ စသည်တို့ အတွက်လည်း သည်စာချပ်များကိုပင် အသုံးပြုကြသည်။ မြို့ဟောင်းမှ တူးဖော်ရရှိသည့် အဆိုပါ စာချပ်များကိုဖတ်ရှုကာ ရှေးဘေဘီလုံသားတို့၏ နေ့စဉ် လူနေမှု ဘဝခြေအနေများကိုလည်း အသေးစိတ် လေ့လာ သိရှိနိုင်ခဲ့ကြသည်။ ဥပမာ- ကုန်စုံဆိုင် ပိုင်ရှင်တယောက် ရေးထိုးခဲ့သည်ဟု မှတ်ယူရမည့်စာချပ်တစ်ခုတွင် ၎င်း၏ဆိုင်သို့ မည်သည့်နေ့ ရက် က မည်သို့သော အမည် နာမရှိသည့် ဈေးဝယ်သူတဦး နွားမတကောင်နှင့် ရောက်ရှိပြီး ၎င်းနွားမကို ဂျုံခုနှစ်အိတ်နှင့် လဲလှယ် ကြောင်း၊ ဂျုံသုံးအိတ်ကို လက်ငင်းယူသွားပြီး၊ ကျန်လေးအိတ်ကို ၎င်းအလိုရှိ သောအချိန် လာယူလျှင် ပေးရန်ဖြစ်ကြောင်း ရေးမှတ်ထားသည်ကို တွေ့ရှိရ၏။ စာချပ်များမှာ မြို့ဟောင်းကြီးကို ဖုံးအုပ်နေသည့် သဲမှုန့် မြေမှုန့်များအောက်တွင် မပျက်မစီး တည်ရှိနေရာ ရှေးဟောင်းသုတေသနသမားတို့ အနေနှင့် စာချပ် ဆောင်သောင်းများစွာ စုဆောင်းရရှိခဲ့ ပြီးဖြစ်သည်။ တချို့နေရာများတွင်မူ စာကြည့်တိုက်ကြီးတစ်ခုလုံးလောက်ပင် တူးဖော်ရရှိခဲ့ကြသည်။ ဘေဘီလုံ၏ ထူးကဲအံ့သြဖွယ်များထဲတွင် အထင်ရှားဆုံးတခုက မြို့ကိုဝန်းရံထားသည့် မြင့်မား ထူထဲလှသော မြို့ရိုးကြီးဖြစ်သည်။ ရှေးခေတ်လူတို့ ပြောစမှတ်ပြုကြသည့် ကမ္ဘာ့အံ့ချီးဖွယ်ရာ ခုနှစ်ပါးထဲတွင် ဘေဘီလုံမြို့ရိုးကြီးအား အီဂျစ်ပြည်မှ ပိရမစ်ကြီးများနှင့် တတန်းတည်း ထည့်သွင်း ဖော်ပြ ခဲ့၏။ မြို့၏မူလပထမမြို့ရိုးကို တည်ဆောက်သူမှာ အဦးပိုင်းကာလ ဘေဘီလုံတွင် စိုးစံခဲ့သော ဘု ရင်မ ဆယ်မီရာမိ(စ) ဖြစ်၏။ သို့သော် ထိုပထမမြို့ရိုးဟောင်းကို သည်ခေတ်တူးဖော်သူ တို့အစ ရှာမရကြပေ။ ရှေးမှတ်တမ်းမှတ်ရာများအရသာ ၎င်းသည် အမြင့်ပေ ငါးဆယ် ခြောက်ဆယ် မျှရှိပြီး၊ အပြင်ဘက်မျက်နှာကို မီးသင့်အုတ်များဖြင့် ပြုလုပ်ထားကြောင်း မြို့ရိုးအပြင်နားကပ်လျက် နက်ရှိုင်း သော ရေကျုံးတစ်ထပ် ကာရံ ထားကြောင်းများ သိရှိရသည်။ နောက်ပိုင်းတည်ဆောက်သည့် ပို၍ထင်ရှားကျော်ကြားသော မြို့ရိုးကြီးမှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်းခြောက်ရာခန့်က ဘုရင်နာဗိုပိုလတ်ဆာ ဆောက်လုပ်စေခဲ့ခြင်းဖြစ်၏။ မြို့ရိုးသစ်ကြီးမှာ ကြီး ကျယ်လွန်းလှသည်ဖြစ်ရာ ၎င်းလက်ထက်တွင် မပြီးစီးနိုင်ဘဲ သားတော် နေဗျူခတ်(ဒ)နက်ဇာ လက် ထက်တွင်မှ အပြီးသတ်ရ၏။ နေဗျူခေတ်(ဒ)နက်ဇာကား ခရစ်ယာန်သမ္မာကျမ်းတွင် ဖော်ပြခြင်းခံရ၍ အလွန်ထင်ရှားလှသော ဘေဘီလုံမင်းတစ်ပါး ဖြစ်ပေသည်။ ၎င်းမြို့ရိုးသစ်ကြီး၏ အမြင့်နှင့် အလျားတို့မှာ ကြားရသူတို့ ယုံဖွယ်ရာမရှိအောင် ကြီးမားလှ ၏။ အခိုင်အမာရေးသားသော အချို့ မှတ်တမ်းများအရ မြို့ရိုး၏အမြင့်သည် ပေတရာ့ခြောက်ဆယ်ခန့် ရှိသည်ဟု ဆိုပေရာ ယနေ့ ခေတ်ဆယ့်ငါးထပ် အဆောက်အဦ တခုစာမျှရှိ၏။ ပက်လည်အလျားကား အနည်းဆုံး ကိုးမိုင် အများဆုံး ဆယ့်တစ်မိုင် ခန့်လောက်အထိရှိသည်။ မြို့ရိုး၏ ထိပ်မျက်နှာစာမှာ အလွန်ကျယ်ဝန်းလှ၍ မြင်းခြောက်ကောက်ကသည့် ရထားကြီးတစီးလုံးပင် မြို့ရိုးထက်၌ လှည့်ပတ် မောင်းနှင်သွားနိုင်သည်ဆို၏။ ထိုမျှကြီးကျယ်လှသော အဆောက်အအုံကြီးသည် ယခုအခါ၌ အောက်ခြေအုတ်မြစ်ပင်လျှင် တစိတ်တဒေသမျှသာ ကျန်ရစ်တော့အောင် ပျောက်ကွယ်သွားခဲ့သည်။ ပျက်စီးယိုယွင်းရခြင်းအကြောင်းရင်း များအနက် ရေလေနေတို့ တိုက်စားခြင်းထက် ပို၍အဓိကကျသော အချက်တခုမှာ နှစ်ပေါင်းများစွာ ကာလအတွင်း ၎င်းဒေသတခွင်တွင်နေထိုင်သည့် အာရပ်တို့ အဆောက်အဦးများကို ဖြိုဖျက်ယူငင် ကြခြင်း ဖြစ်၏။ ရှေးခေတ်ဘေဘီလုံမြို့ တော် ဖွဲ့စည်းတည်ဆောင်ထားပုံမှာ ယနေ့ ခေတ် မြို့ပြများနှင့် သဘော ချင်းဆင်တူ၏။ မြို့တွင်း၍ လမ်းကြီးလမ်းငယ်များ ဈေးဆိုင်ကနားများရှိ၏။ အရပ်ထဲ လှည့်လည် ရောင်းချသည့် ခေါင်းရွက်ဗျက်ထိုးဈေးသည်များလည်းရှိ၏။ ခမ်းနားလှသော ဘုံဗိမာန်များ ဘုရားရှိခိုး ကျောင်းများနှင့် ၎င်းတို့ကိုကြီးမှုးလျက် သီတင်းသုံးနေထိုင်ကြသော ဘုန်းတော်ကြီးများ ဘာသာရေး အကြီးအကဲများရှိ၏။ မြို့တော်တွင်း၌ ဘုရင်မင်းမြတ်နှင့် မှုးမတ်ဗိုလ်ပါများအတွက် တသီးတစ်ခြား လုံခြုံစွာ စီမံထားသော နန်းမြို့ ရှိ၏။ နန်မြို့ကို ကာရံထားသော တံတိုင်းများမှာ မြို့တွင်းရှိ အခြား နံရံတံတိုင်းများအားလုံးထက် မြင့်၏။ ဘေဘီလုံသားတို့ သည် ပန်းချီ ပန်းပု အနုပညာများ၌လည်း ကျွမ်းကျင်လိမ္မာကြ၏။ ပန်းထိမ် အတတ် ပန်းတဉ်းအတတ် စသည်များလည်း ကောင်းစွာတတ်မြောက်ကြ၏။ သူတို့၌ ကျွမ်းကျင်သော ယက်ကန်းပညာသည်များရှိ၏။ စိုက်ပျိုးရေးသုံး ကိရိယာ တန်ဆာပလာများ စစ်လက်နက်ပစ္စည်း များကို တီထွင်ပြုလုပ်တတ်သည့် သတ္တု ကျွမ်းကျင်သူများရှိ၏။ ဘေဘီလုံ ပန်းထိမ်ဆရာတို့သည် အလွန်လက်ရာမြောက်သော လက်ဝတ်ရတနာများ ဖန်တီးပြုလုပ်ခဲ့ကြသည်။ ကြွယ်ဝသော မြို့သူမြို့ သားတို့၏ သင်္ချိုင်းနေရာများမှ တူးဖော်ရရှိသည့် လှပဆန်းကြယ်သော ရတနာပစ္စည်းများကို ကမ္ဘာ့ ပြတိုက်ကြီးများတွင် ယနေ့ပြသထားပေသည်။ |  ကမ္ဘာကြီး၏ အခြားသောနေရာ အားလုံးနီးပါးလောက်တွင် ကျောက်ပုဆိန်များ ကျောက်လက် နက်များ သုံးစွဲနေကြဆဲအချိန်၌ ဘေဘီလုံသားတို့သည် သတ္ထုဖြင့်ပြုလုပ်သော ပုဆိန်များ၊ လှံများ သတ္ထုခေါင်းစွပ် မြားတံများဖြင့် အမဲလိုက်ခြင်းစစ်တိုက်ခြင်းများ ပြုလုပ်နေခဲ့ကြပေပြီ။ ထို့ပြင် ဘေဘီလုံသားတို့သည် ကုန်သွယ်မှု့အတတ်ငွေကြေးအတတ်တို့တွင်လည်း ကျွမ်းကျင် တတ်သိကြသူများဖြစ်၏။ သမိုင်းမှတ်တမ်းများအရ ၎င်းတို့သည် ကမ္ဘာ၌ ငွေကြေးဟူသည်ကို ပထမဆုံး တီထွင်သုံးစွဲကြသူများဖြစ်၏။ အလားတူပင် ငွေချေးစာချုပ်၊ ကတိစာချုပ်၊ မြေယာစသည်တို့ ပိုင်ဆိုင်မှု့ဆိုင်ရာ အထောက်အထား စာချုပ်စာတမ်းဟူသည်များကိုလည်း ၎င်းတို့ပင် အဦးအစ အသုံး ပြုခဲ့ကြပေသည်။ ဘေဘီလုံမြို့ကြီး ထွန်းကားစည်ပင်လျက်ရှိသည့် နှစ်ကာလများစွာအတွင်း ယင်းအား တိုက်ခိုက် သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော ရန်သူပေါင်းမြောက်မြားစွာ ရှိခဲ့ဖူး၏။ မြို့ကိုဝန်းရံကြ ပိတ်ဆို့ ကြ၏။ မြို့တိုင်းပေါ် ကျော်တက်နိုင်ရန် ကြိုးစားကြ၏။ ထိုးစစ်ဆင်သောတပ်များမှာ တခါတရံ စစ်သည် အင်အား သိန်းချီသည်အထိ ကြီးမားများပြားကြ၏။ စစ်ဆင်ရန်အတွက် လက်နက်ရိက္ခာ စသည်များကို နှစ်နှစ် သုံးနှစ် ကြိုတင်စီစဉ် ပြင်ဆင်ပြီးမှ စစ်ပွဲစတင်နိုင်ကြ၏။ ၁စုနှစ်များစွာကာလအတွင်း ထိုမျှကြီးမားသော အင်အားတို့ အကြိမ်ကြိမ် ထိုးနှက်မှု့ဒဏ်ကို ဘေဘီလုံသည် ကြံ့ကြံ့ခံနိုင်ခဲ့၏။ သို့သော် ဘီစီ ၅၄၀ ခန့် တွင်မူ ရန်သူ့လက်တွင်း ကျဆင်းခဲ့ရလေ သည်။ မြို့ရိုးတံတိုင်းကြီးကို ရန်သူတို့တက်ရောက် သိမ်းပိုက်နိုင်ခဲ့၍ကား မဟုတ်။ ဥပါယ်တံမျဉ်ဖြင့် လှည့်ဖြား သည်ကို ခံလိုက်ရခြင်းဖြစ်၏။ ထိုစဉ်က ဘေဘီလုံတွင်စိုးစံလျက်ရှိသော ရှင်ဘုရင်နာဘိုနီဒတ်(စ) သည် အကြံပေးပုဂ္ဂိုလ်တို့ ဖြားယောင်းပြောဆိုသည့်အတိုင်း လိုက်နာလျက် ရန်သူဘုရင် ဆီးရပ်(စ)၏ တပ်များကို မြို့တွင်းမှမခံဘဲ မြို့ပြင်သို့ ထွက်၍တိုက်၏။ မြို့ပြင်တိုက်ပွဲတွင် အရေးနိမ့်၍ ဘေဘီလုံ တပ်များ ဝေးရာ ပြေးကြသော် ဆီးရပ်(စ)သည် ဟင်းလင်းပွင့်သော မြို့တံခါးမှ အတားအဆီးမဲ့ ဝင်ရောက်ကာ မြို့ကို သိမ်းပိုက်လေသည်။ ယင်း၏ နောက်တွင်မူ ဘေဘီလုံ၏ ဂုဏ်သရေသည်၎င်း၊ တန်ခိုးရှိန်ဝါတို့သည်၎င်း တောက် လျောက်ပင် ကျဆင်းခဲ့၏။ ရာစုနှစ်အနည်းငယ်ကြာသောအချိန်၌မူ သြဇာကျသွားသော မြို့ပြနိုင်ငံတို့ ထုံးစံ အတိုင်း လူသူတို့ စွန့်ခွာခြင်း ရွှေ့ပြောင်းခြင်းဖြင့် တဖြည်းဖြည်း အစောင့် အရှောက်ကင်းသောမြို့ ပိုင်ရှင်မဲ့ သောမြို့ ဖြစ်လာခဲ့သည်။ ထိုအခါ မြေစိုင်မြေခဲ့တွင် အခြေခံလျက် တည် ထောင်ရယူခဲ့သော ကြီးကျယ် ခမ်းနားမှုတို့သည် ရေလေတို့ ဖြိုဖျက်တိုက်စားမှု့ဒဏ်ကြောင့် မြေမှန်မြေသား ဘဝသို့ပင် ပြန်၍ စုတေ လာခဲ့ ရသည်။ ဘေဘီလုံ၏ ကျဆင်းခြင်းကား နောက်တကြိမ် ပြန်နာလံမထူနိုင်အောင် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် မြို့ပြ အဆောက်အအုံများသာ ပျောက်ဆုံးခဲ့သည်။ ယင်း၏ယဉ်ကျေးမှု အမွေ အနှစ်များကားနှောင်းလူတို့ထံ အမြောက်အများပင်တင်ကျန်ရစ်ခဲ့သည်။ မြို့ကံကိုင်းများ ဘုရားကျောင်း အဆောက်အအုံကြီးများ မြေမှန်ဘဝပြောင်းလဲခဲ့သည်မှာ နှစ်ပဋိစ္ဆေရ ကြာပြီဖြစ်သော်လည်း ဘေဘီလုံ ကပေးခဲ့သော အသိဉာဏ် ပညာအမွေတို့ ကား ယနေ့ ခေတ်တိုင် အခွန့်ရှည် တည်တံ့ခဲ့ပေသည် ။