ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

အခန်း(၃) ပိန်ကျုံသော အသပြာအိတ်ပြည့်တင်းလာစေမည့် နည်းလမ်းခုနှစ်သွယ် 

ဘေဘီလုံ၏ ခမ်းနားကြီးကျယ်ပုံ ဂုဏ်သတင်းသည် ယနေ့ခေတ်သို့တိုင် ပျံ့နှံ့ ကျော်ကြားခဲ့၏။ မြို့တကာမြို့တို့တွင် အချမ်းသာ အကြွယ်ဝဆုံး မြို့အဖြစ် ခေတ်အဆက်ဆက် ပြောစမှတ်ပြုခဲ့ သည်။ ဘေဘီလုံ၏ ဓနဥစ္စာတို့ သည် အံ့ချီးမကုန်အောင် ရှိခဲ့သည်။ သို့ သော် အမှန်စင်စစ် ဘေဘီလုံသည် အစဉ်မပြတ် ကြွယ်ဝချမ်းသာနေသည်ကား မဟုတ်ပေ။ ဘေဘီလုံ၏ ကြွယ်ဝမှုသည် သူမြို့သား နိုင်ငံသားတို့ ဓနဥစ္စာ ကြွယ်ဝခြင်းကြောင့်သာဖြစ်သည်။ချမ်းသာ ကြွယ်ဝမလာမီကမူ သည်ပုဂ္ဂိုလ်များသည်လည်း ဓနဥစ္စာ ရှာဖွေရေးနည်းပညာများ လေ့လာသင်ကြားခဲ့ ကြရပေသည်။ တရံရောအခါက ဘေဘီလုံတွင် ဆာဂွန်ဘုရင်စိုးစံသည်။ ဆာဂွန်သည် ပြည်သူများကို ရင်ဝယ်သား ကဲ့သို့ ချစ်ခင်သည့် တရားသောမင်းဖြစ်သည်။ ဆာဂွန်သည် ရန်သူတော် အီလန်မိုက်တို့အား တိုက်ခိုက် နှိမ် နင်းပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည့်အခါ အရေးကြီးသော အခြေအနေတစ်ရပ်နှင့် ကြုံတွေ့ ရ သည်။ ရွှေတိုက်စိုးဝန်ကြီးက သူ့အား ဤသို့ ရှင်းလင်းတင်ပြသည်။ “အရှင်မင်းကြီးလက်ထက် စောစော  ပိုင်းကာလမှာ ဆည်ချောင်း ကန်မြောင်းတွေ ဖောက်၊ ဘုရား ကျောင်းကန် ဗိမာန်တော်တွေ ဆောက်တာ ကြောင့် တိုင်းသူပြည်သား သူဆင်းရဲများ အလုပ်အကိုင်ကြပြီး စားဝတ်နေရေး ပြေလည်ခဲ့ပါတယ်၊ ဒါပေ မယ့် အခုအခါ ဒီလုပ်ငန်းကြီးတွေ ပြီးစီးသွားပြီဖြစ်တဲ့အတွက် သာမန်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကုန် ကြပါတယ်။ သူတို့မှာ ဝင်ငွေမရှိတဲ့အခါ ကုန်သည်ဈေးသည်တွေ အရောင်း အဝယ် ကျဆင်းခဲ့ပါတယ်၊ လယ်သမား ယာသမားတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ရောင်းမထွက် တော့ပါဘူး၊ ပြည်သူ အများစုဟာ စားရေရိက္ခာ ၀ယ်ယူဖို့တောင် မတတ်နိုင်လောက်အောင် ဆင်းရဲမွဲတေ နေကြပါတယ်။” “တိုင်းပြည်တဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ ရွှေတိုက်တော်က ထုတ်ယူသုံးစွဲခဲ့တဲ့ ဘဏ္ဍာတော်ငွေ တွေ က ဘယ်သူတွေလက်ထဲ ရောက်ကုန်ကြလို့လဲ” လို့ ဘုရင်မင်းမြတ်က မေးသည်။ “မြို့တော်မှာရှိတဲ့ ချမ်းသာသူ လူတစုရဲ့ လက်ထဲ ရောက်သွားပါတယ်ဘုရား၊ နို့စစ်ပိတ်ပါးထဲက နို့ရည်တွေ စီးယိုကျသွားသလို တိုင်းသူပြည်သား လူအများရဲ့ လက်ထဲကိုရောက်ခဲ့တဲ့ ရွှေစ စ တွေဟာ သူတို့လက်ကြားတွေက ထွက်ကျပြီး သူကြွယ်တစုဆီမှာ သွားစုဝေးနေကြပါတယ်၊ အခုတော့ ရွှေတိုက်တော် က ရွှေစငွေ့စ စီးထွက်မှု ရပ်တန့်သွားတာကြောင့် အများပြည်သူတွေမှာ တခဏကိုင် ထားဖို့တောင် ဘာရွှေတိုငွေစမှ မရှိကြတော့ပါဘူး။” ရွှေတိုက်စိုး၏ လျှောက်တင်စကားကို နားထောင်ကာ ဘုရင်မင်းကြီးအတန်ကြာ ငေးငိုင်တွေဝေ သွားသည်။ သည့်နောက် သူမေးသည်။ “ဘာကြောင့် ဒီလူတစုက ဓနဥစ္စအားလုံး သိမ်းကျုံးရယူ သွားနိုင်ကြတာလဲ” “သူတို့က နည်းလမ်းသိကြလို့ပါ၊ အရှင်မင်းကြီး” ရွှေတိုက်စိုးကြီးကသည်။ “သူတို့ဘာသာ နည်းလမ်းသိကြ လုပ်တတ်ကိုင်တတ်ကြလို့ အောင်မြင်တာကို အပြစ်တင်လို့တော့ မဖြစ်ဘူးပေါ့ ၊ သူ့ ဘာသာ တရားသဖြင့် ရှာဖွေရရှိထားတာ ဖြစ်လေတော့ သူ့ဆီကဥစ္စာကိုသိမ်းယူပြီး မရှာတတ်မဖွေတတ် လို့ မရကြတဲ့ အခြားပုဂ္ဂိုလ်များဆီ ခွဲဝေပေးဖို့ဆိုတာလည်း မလုပ်သင့်တဲ့ကိစ္စ ဖြစ်နေတယ်” ဒီလိုဆိုရင် စီးပွားဥစ္စာမရှာတတ်တဲ့ လူတွေကို ရှာတတ်ဖွေတတ်လာအောင် သင်ကြားပေးဖို့ ကော မဖြစ်နိုင်ဘူးလား၊ နည်းလမ်းသိသွားပြီဆိုတဲ့အခါမှာ သူတို့ဘာသာ ချမ်းသာကြွယ်ဝလာအောင် ရှာကြလိမ့်မပေါ့ ” ရှင်ဘုရင်ကဆိုသည်။ “ ဒါတော့အများကြီး ဖြစ်နိုင်ပါတယ် အရှင်မင်းကြီး၊ ဒါပေမယ့် သူတို့ကို ဘယ်သူက သင်ပေးမှာ တုန်း၊ အသိပညာတွေ သင်ကြားပို့ချနေကြတဲ့ ဆရာဘုန်းကြီးတွေလည်း ငွေရှာတဲ့အတတ်ကိုတော့ မတတ် ကြဘူး” “ဒါဖြင့် ဒီမြို့မှာ ငွေရှာတတ်တဲ့အလုပ်ကို အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲ၊ အဲဒီလူကို ရှာပေါ့ ရွှေတိုက်စိုးကြီးရဲ့။” “မှန်ပါ ငွေရှာအကျွမ်းကျင်ဆုံး ပုဂ္ဂိုလ်ကတော့ အချမ်းသာဆုံး ပုဂ္ဂိုလ်ထဲကဖြစ်ရမှာဘဲ အရှင်မင်းကြီး”  “အေးလေ ဒါဆိုရှင်းနေပြီဘဲ၊ အာခတ်ပဲပေါ့ ၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ အာခတ် မဟုတ်လား၊ မနက်ဖြန် အာခတ်ကို နန်းတော်ခေါ်လိုက်ပါ။ နောက်နေ့၌ ဘု ရင့်အမိန့်တော်အတိုင်း ရွှေနန်းတော်သို့ အာခတ်ရောက်လာသည်။ အာခတ်က အသက် (၇၀) ရှိပြီ။ သို့သော် အရွယ်နှင့်မလိုက်အောင် ကျန်းမာရွှင်လန်းဆဲဖြစ်သည်။ ခါးပင် နည်းနည်း လေးမှ မကိုင်းသေး “အာခတ် မင်းဟာ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ အမှန်ဘဲလား” ရှင်ဘုရင်ကမေးသည်။ “ဒီလိုပဲ ပြောဆိုနေကြပါတယ် အရှင်မင်းကြီး” “မင်းဘယ်လိုနည်းနဲ့ ချမ်းသာလာခဲ့တာလဲ” မှန်ပါ၊ ဘေဘီလုံမြို့တော်မှာ လူတိုင်းရယူနိုင်တဲ့ အခွင့်အရေးတွေကို ယူပြီးတော့ ချမ်းသာခဲ့တာပါ” “နဂိုမူလက မင်းမှာ ဘာမှမရှိဘူးပေါ့” “အလွန်ပြင်းပြတဲ့ ချမ်းသာချင်စိတ် တခုဘဲရှိခဲ့ပါတယ်၊ ဒီအပြင်တော့ ဘာမှမရှိပါဘူး” အာခတ် တို့ နေပြည်တော်ကြီးဟာ ဒီကနေ့ မသာမယာဖြစ်နေတယ်၊ ဖြစ်ရတဲ့ အကြောင်းအရင်း ကတော့ အများပြည်သူတွေ အကြံဉာဏ်မရှိလို့ ဆင်းရဲမွဲတေနေတယ်၊ ဓနဥစ္စာ ရှာတတ်တဲ့ လူတစ်စုကဘဲ ရှိသမျှ ဓနငွေကြေးတွေကို လက်ဝါးကြီးအုပ် သိမ်းချုပ်ပြီး ချမ်းသာနေကြတယ်၊ ငါကိုယ်တော်မြတ်ရဲ့ ဆန္ဒက ဘေဘီလုံဟာ ဒီကမ္ဘာမှာ အချမ်းသာ အကြွယ်ဝဆုံးမြို့တော်ကြီး ဖြစ် စေချင်တယ်၊ အဲဒီလိုဖြစ်ဖို့ အတွက် မြို့မှာ ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေ အခုထက်မက အများကြီးရှိရ မယ်၊ ဒီလို ရှိလာအောင် မြို့က ပုဂ္ဂိုလ်တွေကို ငွေရှာနည်း အတတ်ပညာတွေ တို့ သင်ကြားပေးရလိမ့်မယ်၊ ဒီမှာအာခတ် ချမ်းသာ ကြွယ်ဝ လာအောင် လုပ်တဲ့နည်းလမ်းတွေဆိုတာ တကယ်ရှိသလား၊ အဲဒါ တွေ သင်ကြားပေးလို့ ကော ရနိုင်သလား” နည်းလမ်းတွေက တကယ်ရှိပါတယ် အရှင်မင်းကြီး၊ ပြီးတော့ လူတယောက် တတ်ထားတဲ့ ပညာ ဆိုတာလည်း တခြားလူကို သင်ကြားပေးလို့ ရစမြဲပါ၊” ရှင်ဘု ရင်မျက်နှာက တောက်ပကြည်လင်သွားသည်။ “အာခတ်၊ ငါကြားချင်တဲ့စကားကို မင်းပြော လိုက်တာပဲ၊ တိုင်းပြည်ရဲ့ အရေးကိစ္စမှာ မင်းပါဝင်ထမ်းရွက်မယ်ပေါ့ ၊ ကောင်းတယ်၊ ပထမဦးဆုံး ကျောင်းဆရာတစုကို ခေါ်လိုက်မယ်၊ မင်းရဲ့ အတတ်ပညာတွေကို သူတို့ကို အရင်သင်ပေးပါ၊ သူတို့ ကမှ တဆင့် နောက်ထပ် သင်တန်းတွေ ဆင့်ကဲဆင့်ကဲ ပေးသွားကြလိမ့်မယ်၊ နိုင်ငံတော်မှာ အသိဉာဏ်ပညာ ရှိသူ၊ စိတ်အားထက်သန်သူ မှန်သမျှ ဒီပညာ သင်ခွင့်ရကြဖို့ ငါလိုလားတယ်” အာခတ်က ရှင်ဘုရင်အား အရိုအသေပြုခစားရင်း ဆက်လက် လျှောက်တင်သည်။ “အရှင်မင်း ကြီးရဲ့ အမိန့်တော်မြတ်အတိုင်း ထမ်းရွက်ပေးဖို့ အသင့်ပါဘု ရား၊ ကျွန်တော်မျိုးမှာရှိတဲ့ ဓနဥစ္စာ ရှာ ဖွေနည်း အတတ်ပညာတွေကို ကိုယ့်နိုင်ငံသား ညီနောင်သားချင်းများရဲ့ ဘဝအဆင့်မြင့်မားရေးနဲ့ အရှင်မင်းမြတ် ဘုန်းကျက်သရေ တိုးတက်ရေးအတွက် ဝမ်းမြောက်ဝမ်းသာ ဖြန့်ချီဝေငှပါမယ်၊ ရွှေတိုက်စိုးကြီးကို သာ ကျွန်တော်မျိုးအတွက် သင်တန်းသားတစ်ရာနဲ့ ခန်းမတစ်ခုစီစဉ်ပေးဖို့ မိန့်ကြားပေးတော်မူပါ၊ တရံရောအခါ က ဘေဘီလုံမှာ အပိန်ကြုံဖြစ်တဲ့ ကျွန်တော်မျိုးရဲ့ ငွေအသပြာအိတ်ကို ဖောင်းတင်း ပြည့်ကားလာအောင် လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းခုနှစ်သွယ်ကို သင်ကြားပြသပေးပါ့မယ်” ။ နောက် ရက်သတ္တနှစ်ပတ်ခန့် ကြာသည့်အခါ ဘုရင်မင်းမြတ်၏ အမိန့်တော်အတိုင်း ဆရာ အာခတ် သင်ကြားပို့ချမည့် ဓနုသင်တန်းကို အထူးရွေးချယ်ထားသော သင်တန်းသားတစ်ရာဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။ နေ ရာက ဘေဘီလုံပညာဗိမာန် အဆောက်အဦးရှိ ခန်းမကြီးတစ်ခုထဲတွင် ဖြစ်သည်။ စက်ဝိုင်းခြမ်းပုံ ခုံတန်းများမှာ နေရာယူထားကြသည့် ဓနသင်တန်းသားများရှေ့တွင် အာခတ် ထိုင်လျှက်ရှိပြီ။ သူ့အနီး ခုံမြင့်တစ်လုံးပေါ်တွင် အမွှေးနံ့သာများ ပူဇော်ထွန်းညှိထားသည့် မီးခွက် ကလေး တစ်ခုမှ မီးခိုးငွေ့များ လွင့်ပျံ့လျက်ရှိသည်။ “ အဲဒါ ဘေဘီလုံမှာ အချမ်းသာဆုံးဆိုတဲ့ပုဂ္ဂိုလ်ပဲကွ” သင်တန်းသားတစ်ယောက်က အနီးရှိ အဖော်အား တီးတိုးပြောနေသည်။ ရုပ်ရည်ကတော့ တို့တတွေနဲ့ဘာမှ မခြားနားဘူး” ထိုစဉ်ပဲ အာခတ် သူ့နေရာမှထလာပြီး စကားစတင်သည်။ “ဘုရင်မင်းမြတ်ရဲ့ သစ္စာရှိ ကျေးကျွန်ပီသစွာ ကျွန်တော် ဒီနေရာကိုလာပြီး တာဝန်ထမ်းဆောင်ခြင်း ဖြစ်ပါတယ်၊ ကျွန်တော် ငယ်စဉ်က ဆင်းရဲပါတယ်၊ သို့ သော် ချမ်းသာချင်တဲ့ဆန္ဒတော့ အင်မတန်ပြင်းပြခဲ့တယ်။ အဲဒီနောက် မှာတော့ ချမ်းသာ ကြွယ်ဝလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေ အသိပညာတွေ ကျွန်တော်ရရှိပြီး တကယ် လည်း ချမ်းသာအောင် ကြိုးစားလုပ်ကိုင်နိုင်ခဲ့ပါတယ်၊ အခုဘုရင်မင်းမြတ်က ကျွန်တော်ရဲ့ အဲဒီအသိ ပညာတွေ နည်းနာတွေကို ခင်ဗျားတို့ဆီ ဖြန့်ချီပေးပါလို့ အမိန့်တော်ရှိထားပါတယ်၊ “ဒီနေ ရာမှာ ဦးစွာပထမ ပြောချင်တာက ကျွန်တော် စီးပွားဥစ္စာတွေကို အရိုးသားဆုံး အကျိုး နွံဆုံး နည်းလမ်းမျိုးနဲ့ ရှာခဲ့ခြင်းဖြစ်ပါတယ် ဆိုတဲ့အချက်ပါ၊ ခင်ဗျားတို့အပါအဝင် ဘယ်ဘေဘီလုံမြို့သား ထက်မှ ကျွန်တော် အခွင့်အရေးတစ်စုံတစ်ရာ ပိုမရခဲ့ပါဘူး၊ ကျွန်တော်ရဲ့ ဥစ္စာတွေကို သိုလှောင်ခဲ့တဲ့ ပထမဆုံး ဘဏ္ဍာတိုက်က ပိုက်ဆံအိတ်ဟောင်းတခုပါ၊ အဲဒီပိုက်ဆံအိတ်ဟာ အမြဲဟောင်းလောင်း ဖြစ်နေတော့ ဒီအိတ်ကို ကျွန်တော်စိတ်ညစ်ပါတယ်၊ ဒီအိတ်ကြီး ဘယ်တော့ဖောင်းလာမလဲ၊ ဒီအိတ်ထဲ က ရွှေသံတချွင်ချွင် ဘယ်တော့ကြားရမလဲ၊ ကျွန်တော်အမြဲတမ်းတတယ်၊ ပိန်နေတဲ့အသပြာအိတ် တအိတ် ဖောင်းတင်းလာစေမယ့် ဘယ်လိုနည်းလမ်းတွေရှိသလဲ ကျွန်တော်အမြဲလိုက်ရှာတယ်၊ အဲဒီလို ရှာရင်းနဲ့ နောက်ဆုံးမှာ ကျွန်တော် စုစုပေါင်း နည်းလမ်းခုနှစ်သွယ် သွားတွေ့ပါတယ်” ။ အခု ကျွန်တော်ရှေ့မှာ စုဝေးရောက်ရှိနေတဲ့ ခင်ဗျားတို့ကို ဒီနည်းလမ်းတွေ ကျွန်တော်တင်ပြမယ်၊ ဓနဥစ္စာ ရှာဖွေလိုတဲ့ ဘယ်ပုဂ္ဂိုလ်မဆို အသုံးပြုနိုင်တဲ့ နည်းလမ်းတွေပါ၊ နည်းလမ်းခုနှစ်သွယ် ကို တနေ့ နည်းလမ်းတစ်သွယ်နီ ကျွန်တော်ခုနှစ်ရက်တိတိ ဆက်တိုက် ရှင်းပြသွားပါမယ်၊ ဂရုစိုက် နားထောင်ပေးကြပါ ၊ ပြီးတော့ ကျွန်တော်ကို ငြင်းခုံဝေဖန်ပါ၊ ခင်ဗျားတို့အချင်းချင်းလည်း ဆွေးနွေးကြပါ၊ ဒီသင်ခန်းစာတွေ နည်းလမ်းတွေကို ကျေကျေညက်ညက် နားလည်သွားပြီဆိုရင် ခင်ဗျားတို့ အသပြာ အိတ်ထဲမှာ မျိုးစေ့တွေ ချမိပြီပဲ၊ ဒီသင်ခန်းစာတွေ ရပြီးတဲ့နောက် ခင်ဗျားတို့ကိုယ်တိုင် ဒီနည်းနာတွေကို ကျွမ်းကျင်လိမ္မာစွာ အသုံးချပြီး ဓနဥစ္စာတွေ တဖြည်းဖြည်း စုဝေးမိအောင် လုပ်ဆောင်ကြပါ၊ ကိုယ်တိုင် ကျင့်သုံး အောင်မြင်ပြီဆိုမှ ခင်ဗျားတို့ဟာ သူတစ်ပါးကို ချမ်းသာကြွယ်ဝ ရေးနည်းလမ်းတွေ ဖြန့်ဖြူး ပေးဖို့ အဆင်သင့်ဖြစ်လိမ့်မယ်။” “အဲဒီတော့ ပထမဆုံး ကျွန်တော် ခင်ဗျားတို့ အိတ်တွေ ဖောင်းလာစေမယ့် နည်းလမ်းတွေကို အရိုးစင်း အရှင်းလင်းဆုံး ပြောပါ့မယ်၊ ဒါက တကယ်ကြီးကျယ်တဲ့ ဓနဗိမာန်ကြီး တည်ဆောက်ဖို့ အတွက် အခြေခံအုတ်မြစ်ပါ ၊ အခြေခံအုတ်မြစ်ခိုင်မာမှ အပေါ်ကို ဆက်တက်လို့ ရပါလိမ့်မယ်၊ အဲဒီအခြေခံ အုတ်မြစ် အတွက် ပထမဆုံးအုတ်ချပ်၊ သို့မဟုတ် ပိန်ကြုံသော ပိုက်ဆံအိတ် ဖောင်းတင်းလာစေရေးအတွက် ပထမဆုံး နည်းလမ်းက……”