ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

အသပြာအိတ်ပြည့်တင်းလာစေမည့် အခြေခံ ပထမနည်းလမ်း 

အာခတ်က ထိုင်ခုံဒုတိယတန်းတစ်နေရာမှာ ထိုင်နေသည့် လေးနက်ပုံရသော ပုဂ္ဂိုလ်တယောက်ကို အရင်ဆုံး လှမ်းမေးသည် သူငယ်ချင်း၊ ခင်ဗျားဘာအလုပ် လုပ်သလဲ” “ကျွန်တော်စာကူးစာရေးပါ၊ ရွှံ့စေးပြားတွေမှာ စာထွင်းတဲ့အလုပ်ကို လုပ်ပါတယ်” “ဟာ အဲဒါ ကျွန်တော်ပထမဆုံး လုပ်ခဲ့ဘူးတဲ့အလုပ်ပဲ၊ ဒါဆို ခင်ဗျားမှာ ချမ်းသာဖို့ အခွင့် အလမ်းဟာ ကျွန်တော်နဲ့ အတူတူလောက်ရှိတယ်” နောက်ဘက်ပိုင်းတနေရာရှိ မျက်နှာနီနီနှင့် လူတစ်ယောက်ကို အာခတ်မေးပြန်သည်။ “ခင်ဗျားကော စားဝတ်နေရေး အတွက် ဘာအလုပ်လုပ်သလဲဗျာ” “ကျွန်တော် သားသတ်လုပ်ငန်း လုပ်ပါတယ်၊ ဆိတ်မွေးတဲ့လူတွေဆီက ဆိတ်တွေဝယ်ပြီး အသား ကို အိမ်ရှင်မတွေဆီ ရောင်းတယ်၊ သားရေကို ဖိနပ်ချုပ်သမားတွေဆီ သွားသွင်းရပါတယ်” “ခင်ဗျားအလုပ်ကလည်း ဝင်ငွေရတဲ့အလုပ်ဆိုတော့ ကျွန်တော့်နည်းတူ ချမ်းသာကြွယ်ဝနိုင်တဲ့ အခွင့် အရေးရှိပါတယ်” ထိုနည်း၎င်းပင် အာခတ် အခြားသော သူများကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်၍ မေးသည်၊ မေးမြန်းပြီး သည့်အခါ၌ သူက စကားစတင်သည်။ “ကဲတပည့်တို့ လောကကြီးမှာ လူတွေဝင်ငွေရရှိနိုင်တဲ့ နည်းလမ်းတွေ ဘယ်လောက်ပေါများ လဲဆိုတာ အခုခင်ဗျားတို့ မြင်တွေ့ခဲ့ရပြီ၊ အဲဒီနည်းလမ်း သို့မဟုတ် လုပ်ငန်းမှန်သမျှဟာ လူတွေဆီ ကို စမ်းရေစီးသလို စီးဆင်းလာနေတဲ့ ရွှေဒင်္ဂါးတန်း ငွေဒင်္ဂါးတန်းတွေပဲ၊ အလုပ်လုပ်တဲ့ လူတိုင်းဟာ ဒီစီးကြောင်းထဲက အသပြာကို ကိုယ့်အိတ်ထဲ မြောင်းသွယ်လို့ ရသလောက် သွယ်ယူနေကြတဲ့ သဘောပါပဲ။ တနည်း ပြောရရင် အလုပ်လုပ်တဲ့လူတိုင်းရဲ့ ပိုက်ဆံအိတ်ထဲကို အသပြာစီးကြောင်းတခု မပြတ်စီးဝင်နေတယ် လို့ ကျွန်တော်တို့ မြင်နိုင်တယ်၊ ဟုတ်တယ်မလား” သင်တန်းသားအားလုံးက ဟုတ်ကြောင်းဖြေကြသည်။ “ကောင်းပြီ၊ လူတိုင်းမှာ အသပြာစီးကြောင်းတစ်ခုရှိတယ်ဆိုရင် ချမ်းသာချင်တဲ့ လူတယောက် ဟာ သူ့မှာရှိပြီးသား ခိုင်မာပြီးသားဖြစ်တဲ့ အဲဒီဝင်ငွေစီးကြောင်းကိုပဲ အခြေခံပြီး မကြံစည်မကြိုးစားသင့်ဘူးလား”  သည်အချက်ကိုလည်း သင်တန်းသားများ သဘောတူညီကြသည်။ သည်နောက် အာခတ်က ကြက်ဥကုန်သည်ဟုဆိုသော ပုဂ္ဂိုလ်အားမေးသည်၊ ခင်ဗျား ကြက်ဥ တောင်းတလုံးထဲကို နေ့စဉ် မနက်ပိုင်းမှာ ကြက်ဥဆယ်လုံးထည့်မယ်၊ ညနေပိုင်းမှာ ကိုးလုံးပြန်ထုတ်ယူမယ် ဆိုပါတော့၊ ကြာရင်ဘာဖြစ်လာမလဲ” “တောင်းထဲမှာကြက်ဥတွေပြည့်လာမှာပေါ့” “ဘာကြောင့်လဲ” “နေ့တိုင်း တောင်းထဲကို ကြက်ဥတစ်လုံးစီ ဖြည့်ပေးသလို ဖြစ်နေတာကိုး” သည်အခါ အာခတ်က အတန်းသာများအားလုံးကို ပြုံး၍ကြည့်ပြီးပြောသည်။ “ခင်ဗျားတို့ အထဲမှာ ပိုက်ဆံအိတ်ပိန်နေတဲ့ လူတွေရှိသလား” ပထမ သူတို့ပြုသည်။ ထို့ နောက်ရယ်ကြသည်၊ အဲသည်နောက်မှာ ပြားချပ်နေသော သူတို့ ပိုက်ဆံအိတ်တွေကို ဝှေ့ရမ်းပြုကြသည်။ ဟုတ်ပြီ၊ အခု ကျွန်တော် ခင်ဗျားတို့ကို အဲဒီပိန်နေတဲ့ပိတ်ဆံအိတ်တွေကို ပြည့်ဝလာစေမယ့် ဆေးနည်းတစ်ခုပေးမယ်၊ အဲဒါကဘာလဲဆိုတော့ စောစောကကြက်ဥကုန်သည်ကို ကျွန်တော်ပြောခဲ့တဲ့ အတိုင်းလုပ်ဖို့ပဲ၊ ခင်ဗျားတို့ ပိုက်ဆံအိတ်ထဲကို ပိုက်ဆံဆယ်ပြားဝင်ရင် ကိုးပြားကိုထုတ်သုံးပါ။ တစ်ပြားကို ချန်ထားပါ၊အဲဒီနည်းစနစ်ကို စတင်ကျင့်သုံးတာနဲ့ တပြိုင်နက် ခင်ဗျားတို့ပိုက်ဆံအိတ်တွေ ဖောင်းစပြု လာပါလိမ့်မယ်၊ အိတ်ထဲမှာ ရွှေငွေ စတွေနဲ့ လေးလံလာတာနဲ့ အမျှ ခင်ဗျားတို့ စိတ်ချမ်း သာမှု့ ရလာလိမ့် မယ်၊ ကိုယ့်ကိုယ်ကို ကျေနပ်အားရမှု ရှိလာကြလိမ့်မယ်။ `ကျွန်တော်ပြောတဲ့ နည်းလမ်းတွေက လွယ်ကူလွန်းအားကြီးတဲ့အတွက် ခင်ဗျားတို့ အထင် မသေး ကြပါနဲ့ ၊ မလှောင်ကြ မရယ်ကြပါနဲ့၊ အမှန်တရားဆိုတာတွေဟာ အမြဲတမ်း အဲသလိုရိုးစင်းတယ်၊ ရှင်းလင်း လွယ်ကူတယ်၊ ခင်ဗျားတို့ကို ကျွန်တော် ဘယ်ပုံဘယ်နည်း ချမ်းသာခဲ့တယ်ဆိုတဲ့ အကြောင်း ပြောပြမယ်လို့ ကတိပေးခဲ့တယ်၊ ချမ်းသာဖို့အတွက် ကျွန်တော်ပထမဆုံး စတင်ခဲ့တာ ဒီနည်းလမ်းပဲ၊ နဂိုတုန်းက ကျွန်တော်ပိုက်ဆံအိတ်လည်း ပိန်ကပ်ပြားချပ်နေခဲ့တာပေါ့ ၊ ကျွန်တော့် အလိုဆန္ဒတွေ ဘာတခုမှ ဖြည့်ဆည်း မပေးနိုင်ခဲ့တဲ့ အဲဒီအိတ်ကြီးကို ကျွန်တော်အမြဲ ကျိန်ဆဲနေခဲ့တော၊ ဒါပေမယ့် အဲဒီအိတ်ထဲကို ပိုက်ဆံ ဆယ်ပြားထည့်ပြီးရင် ကိုးပြား) ထုတ်သုံးစွဲတဲ့စနစ်ကို လက်တွေ့ ကျင့်သုံးတတ်လာပြီးတဲ့နောက်မှာ ကျွန်တော့်အိတ် တဖြည်းဖြည်း ဖောင်းလာခဲ့တယ်၊ ခင်ဗျားတို့လည်း အဲဒီအတိုင်း ကျင့်သုံးမယ်ဆိုရင် ကျွန်တော့် နည်းတူဖြစ်မှာပဲ။   “ဒီနေရာမှာ ထူးဆန်းတဲ့အချက်တခု ကျွန်တော်ပြောရဦးမယ်၊ ဘာကြောင့် ဒီလို ဖြစ်သလဲ ဆိုတာတော့ ကျွန်တော်လည်းမသိဘူး၊ အဲဒါကဘာလဲဆိုတော့ အိတ်ထဲဝင်လာတဲ့ ဆယ်ပြားထဲက ကိုးပြား ကိုသာ ထုတ်သုံးပေမယ့် ကျွန်တော် အရင်ကထက် အသုံးအစား ကျပ်မသွားတဲ့ အကြောင်းပါ နဂို မူလ အနေအထိုင်ထက် လျော့ပါးမသွားဘူး၊ နောက်တချက်က ဒီနည်းစနစ်ကျင့်သုံးပြီး များမကြာမီမှာဘဲ အိတ်ထဲကို ငွေကြေးတွေအရင်ထက် အလွယ်တကူဝင်လာတယ်။ ဒါကတော့ ဘုရားသခင်ရဲ့ အလိုတော်ဘဲလို့ ကျွန်တော်ဆိုချင်တယ်၊ ရသမျှငွေကို ကုန်အောင်မသုံးဘူး၊ တစိတ်တပိုင်း ချန်ထားတတ် စုဆောင်းတတ်တယ် ဆိုတဲ့လူဆီကို ငွေတွေဟာ ရှောရှောရှုရှု ဝင်လာလေ့ရှိတယ်၊ ဝင်သမျှငွေကို အကုန် သုံးတဲ့ ပိန်ကျုံသောအိတ်နဲ့ လူမျိုးကိုတော့ ရတနာရွှေငွေတွေဟာ ရှောင်ဖယ်သွားလေ့ရှိတယ်၊ ဒါကျွန်တော် ကိုယ်တွေ့ဘဲ၊” အဲဒီတော့ ခင်ဗျားတို့ ဘယ်အရာကို လိုချင်တောင့်တကြမလဲ၊ စားကောင်းသောက်ဖွယ်တွေ၊ ဝတ်ကောင်းစားလှတွေ၊ အဆောင်အယောင် အဆင်တန်ဆာတွေ၊ တစ်ဒင်္ဂ တစ်ခဏသုံးပြီး ပျောက် ပျက်ကုန်ဆုံးသွားမယ့်ဟာတွေလား၊ ဒါမှမဟုတ် စိန်ရွှေ ရတနာ၊ မြေယာ၊ သိုး ဆိတ် ကျွဲ နွားနဲ့ တခြား ဝင်ငွေတိုးပွားမယ့်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေလား၊ အိတ်ထဲက ထုတ်သုံးလိုက်တဲ့ ငွေတွေက ပထမ အမျိုးအစား လိုအင်ဆန္ဒတွေအတွက် ဖြစ်လိမ့်မယ်၊ အိတ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ဟာတွေကတော့ ဒုတိယ အမျိုးအစား ပစ္စည်းတွေ ပိုင်ဆိုင်ရရှိစေလိမ့်မယ်” “ကျွန်တော်ပေးချင်တဲ့ ပထမသင်ခန်းစာက ဒါပါပဲ၊ ပိန်ကြုံနေတဲ့ ကျွန်တော့် အသပြာအိတ် ၊ ပြည့်တင်းလာအောင် အားဖြည့်ပေးခဲ့တဲ့ ပထမဆုံးဆေးညွှန်းက အိတ်ထဲထည့်လိုက်တဲ့ ပိုက်ဆံ ဆယ်ပြားမှာ ကိုးပြားကိုပဲ သုံးတယ်ဆိုတဲ့ လေ့ကျင့် ခန်းပဲ၊ အဲဒီ အချက်မမှန်ဘူးလို့ ယူဆလို့ရှိရင် မနက်ဖြန်ကျတော့ ကျွန်တော့်ကိုပြောပါ၊ ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးကြတာပေါ့ ၊ ဒီနေ့ အဘို့တော့ ဒါလောက်ပါပဲ။”