ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

ဒုတိယနည်းလမ်း သို့မဟုတ် ငွေကြေးသုံးစွဲမှုနှင့် စပ်လျဉ်းသည့် အရေးကြီးသောနည်းနာတစ်ရပ် 

“ခင်ဗျားတို့အထဲက တချို့ ပုဂ္ဂိုလ်တွေ ကျွန်တော့်ကို မေးပါတယ်၊ ကိုယ်ရတဲ့ဝင်ငွေအားလုံး သုံးတာ တောင် လိုအပ်ချက်တွေမပြည့်စုံ နိုင်သေးတဲ့လူတယောက်နေနဲ့ ဝင်ငွေဆယ်ပုံတစ်ပုံကို ဘယ်လို စုဆောင်း နိုင်မှာလဲ”တဲ့။ ဒုတိယနေ့ သင်တန်းအစမှာ အာခတ်ကယင်းသို့ စကာအစပျိုးလိုက်သည်။ “ ကဲခင်ဗျားတို့ အထဲမှာ မနေ့တုန်းက ပိုက်ဆံအိတ်ပိန်နေတဲ့လူ ဘယ်နှစ်ယောက်ရှိသလဲ ” “အားလုံးပါပဲ” သင်တန်းသားများဖြေကြသည်။ “ဟုတ်ပြီ၊ အားလုံး ပိုက်ဆံအိတ်ပိန်ကြတယ်၊ ဒါပေမယ့် ရတဲ့ဝင်ငွေ ချင်းကျတော့ မတူကြဘူး မဟုတ်လား၊ တချို့က တခြားလူတွေထက် အများကြီးပိုရတယ်၊ ဒါပေမယ့် အဲဒီလိုဝင်ငွေ တွေ မိသားစု အခြေအနေတွေ မတူတဲ့ကြားက အိတ်ထဲမှာပိုက်ဆံမကျန် ကာချင်းကျတော့ တူနေကြတယ်၊ အဲ့ဒါ ဘာ ကြောင့်လဲ၊ ဒီနေရာမှာ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ သတိပြုစရာအချက်တခု ကျွန်တော်ပြောချင်တယ်၊ ဒါကဘာလဲဆို တော့ ကျွန်တော်တို့ ကိုယ်ကို ကျွန်တော်တို့ ထိန်းချုပ်မှု့မပြုဘူးဆိုရင် ကျွန်တော်တို့ရဲ့ မသုံး မဖြစ်ဆိုတဲ့ ကိစ္စတွေအတွက် ကုန်ကျငွေဟာ တိုးတက်လာတဲ့ကျွန်တော်တို့ ဝင်ငွေနဲ့ အမှီလိုက်ပြီး တက်နေ မယ် ဆိုတဲ့အချက်ဘဲ” “လိုအပ်ချက်နဲ့ အလိုဆန္ဒကို မရောထွေးကြစေချင်ဘူး၊ ဘယ်သူမဆို ဘယ်မိသားစုမဆို လိုအင်ဆန္ဒ တွေက ကိုယ့်ဝင်ငွေအရ ဖြည့်စွမ်းနိုင်တာထက် ပိုနေတာချည်းပဲ၊ ဒါကြောင့်မို့ ကိုယ်ရှိတဲ့ငွေကို ကုန်အောင် သုံးတဲ့တိုင် မပြည့်ဝနိုင်သေးတဲ့ လိုအင်ဆန္ဒတွေက ရှိမြဲရှိနေတာ” “လူတိုင်းလူတိုင်းဟာ ကိုယ်ဖြည့်ဆည်းနိုင်စွမ်းရှိတာထက်ပိုပြီး ကြီးမားလေးလံတဲ့ အလိုဆန္ဒဝန်ထုပ် ဝန်ပိုးတွေကို ထမ်းပိုးထားရတယ်၊ ဥပမာ ကျွန်တော်ဆိုပါတော့၊ ဥစ္စာဓနကြွယ်ဝတဲ့ပုဂ္ဂိုလ်အဖြစ် ခင်ဗျားတို့ မြင်ကြတယ်။ဒါပေမယ့် အဲဒီလိုကြွယ်ဝတဲ့အတွက် ကျွန်တော့်မှာ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနေပြီလို့ ယူဆရင် ခင်ဗျားတို့ မှားတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အစစအရာရာ အကန့်အသတ်တွေ ရှိနေကြ တာကိုး၊ကျွန်တော့်မှာ အချိန်က အကန့်အသတ်နဲ့ ဘဲရှိတယ်၊ ခွန်အားလည်း အကန့်အသတ်နဲ့ပဲရှိတယ်၊ ခရီး သွားမယ်ဆိုရင်လည်း သွားနိုင်တဲ့အကွာအဝေး အကန့်အသတ်ရှိတယ်၊ စားတာမှာလည်း အကန့်အသတ် ရှိတယ်၊ တစုံတရာ ပျော်ရွှင်ခံစားမယ်ဆိုရင်လည်း အကန့်အသတ်ရှိ တယ်၊” လယ်သမားရဲ့ စိုက်ခင်းပြင်မှာ ကွက်လပ်ကျန်တဲ့ နေရာမှန်သမျှ အမြစ်တွယ်လို့ရတဲ့ နေရာ မှန်သမျှ ပေါင်းပင်တွေပေါက်ကြသလို လူတွေမှာလည်း ဖြစ်နိုင်ခွင့် အလားအလာ နည်းနည်းပါးပါးရှိတဲ့ အလိုဆန္ဒမှန်သမျှဟာ ပေါက်ဖွားရှင်သန်နေကြတာပဲ၊ ဒါပေမယ့် အဆမတန်များပြားတဲ့ အဲဒီဆန္ဒတွေ ထဲက အနည်းငယ်လောက်ကိုသာ ခင်ဗျားတို့ ခံစားနိုင်ကြတယ်၊ ပြည်ဝနိုင်ကြတယ်။” “အဲဒီတော့ ကိုယ့်ရဲ့ နေထိုင်ပုံ အလေ့အထတွေကို သေသေချာချာ ဝေဖန်စီစစ်ကြစေချင်တယ်၊ အဲဒီလိုစီစစ်ခြင်းအားဖြင့် အရင်တုန်းက မသုံးရင်မဖြစ်ဘူးလို့ ခံယူခဲ့တဲ့ တချို့ကိစ္စတွေဟာ မသုံးရင် လည်းဖြစ်တယ်၊ဒါမှမဟုတ် လျော့သုံးလို့ရတယ်ဆိုတာ တွေ့ လာလိမ့်မယ်၊ ကိုယ်သုံးစွဲလိုက်တဲ့ပိုက်ဆံ တပြားတိုင်းအတွက် တပြားဘိုးပြည့်ပြည့်၀၀ ရရှိစေဖို့ဆိုတာကို လက်စွဲဆောင်ပုဒ်အနေနဲ့ ထားဘို့ လိုတယ်၊” “အဲဒီတော့ ခင်ဗျားတို့ အလိုဆန္ဒရှိတဲ့အရာ၊ ပိုက်ဆံအကုန်အကျခံပြီး ဆောင်ရွက်ချင်တဲ့အရာ စာရင်းကို ရွှံ့စေးစာချပ်မှာ ရေးထွင်းပါ၊ ပြီးရင် ဘယ်ဟာတွေကတော့ မလွဲမသွေလိုအပ်တယ်၊ ဘယ် ဟာတွေက တော့ ဝင်ငွေရဲ့ ဆယ်ပုံကိုးပုံဆိုတဲ့ သုံးစွဲခွင့် အကန့်အသတ်အတွင်း ဖြစ်နိုင်သေးရင် ဆောင်ရွက် မယ်၊ဘယ်ဟာတွေကတော့ဖြင့် လောလောဆယ်ဘယ်နည်းနဲ့မှ မတတ်နိုင်ဘူး၊ ကိုယ်ဖြည့် ဆည်းနိုင် စွမ်း မရှိတဲ့များလှစွာသော အခြားလိုအင်ဆန္ဒများစာရင်းထဲမှာပဲ အဲဒါတွေပါ ထည့်သွင်းပြီး မေ့မေ့ပျောက်ပျောက် နေလိုက်တော့မယ် စသဖြင့် သတ်မှတ်ရွေးချယ်လိုက်ပါ” အဲဒီနည်းအားဖြင့် ခင်ဗျားတို့ရဲ့ ဘတ်ဂျက်ကို စီမံခန့်ခွဲပါ၊ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို လုံးဝ မတို့ပါနဲ့၊ အဲဒါသည် ခင်ဗျားတို့ပိုက်ဆံအိတ် ပြည့်တင်းလာစေရေးအတွက်ပဲ ဖြစ်ပါစေ၊ ပိုက်ဆံအိတ် ပြည့်တင်းလာစေရေးဆိုတာကလည်း ခင်းဗျားတို့ရဲ့ ကြီးမားတဲ့ လိုအင်ဆန္ဒတစ်ခုဖြစ်ပါစေ၊ ငွေကြေး သုံးစွဲ မှုကို စောစောက ဘတ်ဂျက်ခွဲတမ်းချထားတဲ့ ဘောင်အတွင်းပဲ အမြဲရှိနေအောင် ထိန်းညှိဆောင်ရွက်ပါ။ အဲဒါသည်ပင် ခင်ဗျားတို့ ရဲ့ ဖောင်းတင်းလာမယ့် ငွေ အိတ်တွေ ပြန်လည်ပိန်ကျုံမသွားအောင် ထိန်းသိမ်းပေး မယ့် ပထမ အစောင့်အရှောက် ဖြစ်ပါစေ ” သည်အခိုက်မှာပင် သင်တန်းသားတစ်ဦး ထလာသည်၊ အနီရောင်နှင့် ရွှေရောင်ဝတ်ရုံကို ဆင်ယင် ထားသည့်ပုဂ္ဂိုလ်၊ သူကမေးသည်။ “ကျွန်တော်ဟာ လွတ်လပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ ကျေးကျွန်မဟုတ်သူ တစ်ဦးနေနဲ့ ကျွန်တော့်မှာ ဘဝရဲ့ သာယာချမ်းမြေ့စရာမှန်သမျှကို ခံစားပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ အကယ်၍ ဘတ်ဂျက်တစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာနေပြီး ကိုယ့်ကိုယ် သုံးစွဲတဲ့ ကိစ္စကို သူစီမံညွှန်ကြား တဲ့အတိုင်း လိုက်နာ ဆောင်ရွက်နေရမယ်ဆိုရင် သူ့ဆီမှာ ကျွန်ခံနေသလို ဖြစ်မနေဘူးလား၊ သူ့ကြောင့် ကျွန်တော့်ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်မှုတွေ အများကြီး ယုတ်လျော့သွားမှာပေါ့၊ ကျွန်တော့်အနေအထားက ဝန်ထုပ်တွေထမ်းပြီး ခရီးသွားနေတဲ့ ဝန်တင်လားတစ်ကောင်နဲ့ ဘာမှမခြား ဖြစ်သွားမှာပေါ့” သူ့စကားအဆုံးတွင် အာခတ်က မေးသည်။ ခင်ဗျားရဲ့ ဘတ်ဂျက်ကို ဘယ်သူက ရေးဆွဲမှာမို့လို့လဲ” “ဒါ တော့လည်း ကျွန်တော်ကိုယ်တိုင်ပဲ ရေးဆွဲရမှာပေါ့” စောဒကတက်သူကဖြေသည်။  ဟုတ်ပြီ၊ အဲဒီတော့ ခင်ဗျားပြောသလို ဝန်တင်လားပဲထားပါ တော့၊ ဒီလားဟာ သူ့ကျောပေါ် တင်မယ့်ဝန်ထုပ်ကို သူကိုယ်တိုင် စီစဉ်ခွင့်ရှိမယ်ဆိုပါတော့၊ သူ့အတွက်အသုံးမဝင် အကျိုးမရှိတဲ့ အထည် အလိပ်တွေ ကော်ဇောတွေ သူတင်မလား၊ ဘယ်တင်ပါ့မလဲ၊ သဲကန္တာရခရီးအတွက် သူ့မှာလို အပ်မယ့် ကောက်ရိုးတို့ မြက်ခြောက်တို့တင်မယ်၊ တခြားစားနပ်ရိက္ခာတင်မယ်၊ သောက်ရေတင်မယ်၊ ဒါပဲပေါ့” “ဘတ်ဂျက်လို့ဆိုတဲ့ အဲဒီလို ငွေကြေးကို စနစ်တကျ ခန့်ခွဲသုံးစွဲမှုတစ်ခုရဲ့ ရည်ရွယ်ချက်က ကိုယ့် ပိုက်ဆံအိတ် ပိန်မသွားရေး၊ တစ်နေ့တခြား ပြည့်တင်းလာရေးပဲ၊ သူ့အလုပ်က ခင်ဗျားမှာ မဖြစ်မနေ လိုအပ် တဲ့ဟာတွေရယ်၊ တခြားအလိုဆန္ဒတွေထဲက ဖြစ်နိုင်သမျှရယ်ကို ရရှိအောင် အထောက် အကူပေးဖို့ဘဲ။ တစ်နည်းပြောရရင် တကယ်တမ်း နှစ်နှစ်ကာကာမရှိတဲ့ တစ်ဒင်္ဂ အလိုဆန္ဒတွေကြောင့် ခင်ဗျားရဲ့ငွေကြေး စွမ်းအားတွေကုန်ခမ်းပြီး တကယ့်လိုအပ်ချက်တွေ၊ ထိုက်တန်တဲ့အလိုဆန္ဒတွေ မဖြည့်ဆည်းလိုက်ရတာမျိုး မဖြစ်အောင် ကာကွယ်ပေးဖို့ အတွက် သူကရှိနေတော၊ ဘတ်ဂျက်ဆိုတာ မှောင်နေ တဲ့ဂူထဲကို ထိုးပြလိုက်တဲ့ အလင်းရောင်တစ်ခုပါပဲ၊ ခင်ဗျားပိုက်ဆံအိတ်ထဲက ငွေယိုပေါက်တွေကို သူ ကပြလိမ့်မယ်၊ ယိုပေါက်တွေ မြင်ရင် ပိတ်နိုင်ပြီပေါ့၊ တကယ်အကျိုးရှိမယ့် ကိစ္စရပ်တွေအတွက် ငွေကို စနစ်တကျသုံးစွဲတတ်ဖို့ သူက အဆောက်အကူပေးလိမ့်မယ်” “အဲဒီတော့ ပိန်ကျုံနေတဲ့ပိုက်ဆံအိတ် ပြည့်တင်းလာအောင် ကုစားပေးမယ့် ဒုတိယဆေးနည်း ကတော့ အဲဒီဘတ်ဂျက်ပဲ၊ ငွေကြေးကို စနစ်တကျ ခန့်ခွဲသုံးစွဲခြင်းပဲ၊ ခင်ဗျားတို့မှာ မဖြစ်မနေ သုံးစွဲရမယ့် ကိစ္စတွေအတွက် ငွေကြေး သတ်သတ်မှတ်မှတ်ရှိဖို့၊ အဓိပ္ပါယ်ရှိသော အလိုဆန္ဒတွေ၊ လျောက် ပတ်သော ချမ်းသာပျော်ရွှင်မှုတွေအတွက် အကုန်အကျခံနိုင်ဖို့ အဲဒီသုံးစွဲမှု နှစ်ရပ်ပေါင်းသည် ခင်ဗျား တို့ဝင်ငွေရဲ့ ဆယ်ပုံကိုးပုံဆိုတဲ့ ဘောင်အတွင်းမှာရှိဖို့ ဘတ်ဂျက်ကိုစီစဉ်ရေးဆွဲပါ၊ ပြီးတော့ အဲဒီအတိုင်း လိုက်နာ ကျင့်သုံးပါ”