ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

တတိယ၊ သင့်နေဥစ္စာကို ဆပွားတိုးအောင် ဆောင်ရွက်ပါ။ 

“ခင်ဗျားတို့ ပိုက်ဆံအိတ်တွေ ပြည့်လာပြီ၊ ကိုယ်ရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို သိမ်းဆည်း တတ်တဲ့ အလေ့အထရလာပြီ၊ ငွေကို စနစ်တကျ ခန့်ခွဲသုံးစွဲတတ်လာပြီဆိုတဲ့နောက်မှာ စုဆောင်းမိလာ တဲ့ငွေကို တိုးပွားအောင် ဘယ်လိုလုပ်ရမလဲ၊ သူ့ကို ဘယ်လို ခိုင်းစေရမလဲဆိုတာ တစ်ဆင့်တက် စဉ်းစားရလိမ့်မယ်၊ ငွေအိတ်ကလေး ပွတ်သက်ကြည့်နေရတာလည်း တမျိုးအရသာရှိတာ အမှန်ပေါ့ ၊ ဒါပေမယ့် မတိုးပွားဘူး၊ သူ့ကိုအရင်းတည်ပြီး ဓနဥစ္စာအစုအဝေးတစ်ခု တည်ဆောက်နိုင်ဖို့လိုတယ်” တတိယနေ့၌ အာခတ်က သင်တန်းသားများကို ပြောကြားသည်။ ဘယ်လို တည်ဆောက်မလဲ၊ ဒီငွေကို ဘယ်လိုခိုင်းစေကြမလဲ၊ ကျွန်တော့်ရဲ့ ပထမဆုံး စုငွေ အထုပ်ကလေးကို ရင်းနှီးမြှုပ်နှံစဉ်ကတော့ ကံမကောင်းခဲ့ဘူး၊ အားလုံးရှုံးခဲ့တယ်၊ ဖြစ်ပျက်ပုံကို ကျွန် တော် နောက်တော့ ပြောပြပါမယ်၊ အဲဒီနောက်မှာ ဒိုင်းတွေလုပ်တဲ့ ကြေးသွန်းလုပ်ငန်းရှင် အဂ္ဂါနဲ့ အလုပ်လုပ်တော့ ပထမဆုံးအကြိမ်အဖြစ် ရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ် ခံစားရတယ်၊ အဂ္ဂါက နိုင်ငံခြားသင်္ဘောတွေနဲ့ ပါလာတဲ့ ကြေးဝါ ကုန်ကြမ်းတွေ သူ့လုပ်ငန်းအတွက် စုဆောင်းလေ့ရှိတယ်၊ ဒါပေမယ့် တစ်နှစ်စာ တစ်ခါတည်း ဝယ်ဖို့ ငွေအရင်းအနှီး မလုံလောက်ဘူး၊ အဲဒီတော့ ငွေပိုငွေလျှံရှိတဲ့ သူ့အသိ မိတ်ဆွေတွေဆီက ချေးတယ်၊ သူက အင်မတန်ဖြောင့်မတ်တည်ကြည်တဲ့ပုဂ္ဂိုလ်၊ ဒိုင်းတွေလုပ်ပြီး ရောင်းရပြီးပြီဆိုတဲ့အခါကျ တော့ ချေးငွေကိုအတိုးနဲ့ တကွ မပျက်မကွက် ပြန်ဆပ်တယ်၊ အတိုးကလည်း တော်တော ရက်ရက် ရောရောကိုပေးတာ၊ “နောက်တစ်ကြိမ် သူပိုက်ဆံချေးတဲ့အခါကျတော့ ကျွန်တော်က ပထမနှစ်ချေးလိုက်တဲ့ ငွေရင်း တင်မကဘူး၊ သူ့ဆီကရတဲ့ အတိုးငွေပါပေါင်းပြီး ချေးလိုက်တယ်၊ ဒီလိုနဲ့ ကျွန်တော်အရင်း အနှီးက တဖြည်းဖြည်း တက်လာတယ်၊ ဒီအပေါ်မှာရတဲ့ အကျိုးအမြတ်တွေကလည်း တိုးပွားလာတယ်၊ ရင်းနှီး မြှုပ်နှံလိုက်တဲ့ ငွေတွေ ကိုယ့်အိတ်ထဲပြန်ဝင်တဲ့အချိန်မှာ အရင်ကထက်တိုးတိုး လာတာ တွေ့ရတာ လောက် စိတ်ကျေနပ်စရာကောင်းတာမရှိဘူး၊ ခင်ဗျားတို့ကို ကျွန်တော်တစ်ခုပြောချင်တယ်။ လူတစ်ယောက် ဘယ်လောက်ကြွယ်ဝသလဲဆို တာ လောလောဆယ် သူ့အိတ်ထဲ ပိုက်ဆံဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် မူမတည်ဘူး၊ သူ့ဆီကို ငွေတွေဘယ်လောက်ဝင်နေသလဲ၊ သူ့အိတ်ကို မပြတ်ဖြည့်တင်းပေးနေမယ့် ဘယ်လိုဓနစီးကြောင်းမျိုး သူ့မှာ ရှိနေသလဲဆိုတာအပေါ် မူတည်တယ်။ လူတိုင်းလိုလားအပ်တာ အဲဒါ၊ ခင်ဗျားတို့မှာရှိတာအဲဒါ၊ ကိုယ်အလုပ်လုပ်နေသည်ဖြစ်စေ၊ လည်ပတ်သွားလာနေသည်ဖြစ်စေ၊ သူ့အလိုလျောက် ကိုယ့် အိတ်ထဲကို ဝင်နေမယ့် ဝင်ငွေစီးကြောင်းတစ်ခုရှိရမယ်။” အခု ကျွန်တော်ဆိုရင် အဲဒီလိုဝင်ငွေစီးကြောင်းမျိုး ကြီးကြီးမားမားရှိတယ်၊ ဝင်ငွေကြီးမားတဲ့  ကျွန်တော့်ကို လူချမ်းသာလို့ ခေါ်ကြတာ၊ အဂ္ဂါကိုငွေချေးခြင်းဟာ ကျွန်တော့်အဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ပထမသင်တန်းဆင်းလိုက်ခြင်းပဲ၊ အဲဒီက အတွေ့ အကြုံယူပြီး နောက်ပိုင်းမှာ တိုးပွား လာတဲ့ ငွေရင်းတွေကို ချေးငှားကာ ရင်းနှီးမြှုပ်နှံတာတွေ တဖြည်းဖြည်း ချဲ့ထွင်လုပ်ကိုင်လာတယ်၊ ကျွန်တော်အိတ်ထဲကို ရွှေငွေရတနာဝင်စေမယ့် နေရာဌာန တွေဟာ အစပထမပိုင်းမှာ တစ်ခုနှစ်ခုပဲရှိခဲ့ ရာက နောက်ပိုင်းကျတော့ အများအပြားဖြစ်လာတယ်။” “အဲဒီတော့ စဉ်းစားကြည့်ပါ။ ကျွန်တော့်လုပ်အားကရတဲ့ မများလှတဲ့ဝင်ငွေကလေးက အစ တည်ပြီး ကျွန်တော့်အတွက် ငွေရှာပေးမယ့် ကျေးကျွန်တွေ၊ ရွှေထွက်မယ့် ကျေးကျွန်တွေ ကျွန်တော် ဖန်တီးရရှိခဲ့တယ်၊ သူတို့က ကျွန်တော့်အတွက် အလုပ်အကျွေးပြုတယ်၊ သူတို့ရဲ့သားသမီးတွေ၊ သူတို့ သားသမီးတွေရဲ့ သားသမီးတွေအဆက်ဆက် ကျွန်တော့်အတွက် အလုပ်လုပ်ကြတယ်၊ နောက်ဆုံးကျ တော့ သူတို့အားလုံးရဲ့ စုပေါင်းလုပ်အားနဲ့ ကျွန်တော့မှာ အခုလိုကြီးမားတဲ့ဝင်ငွေ ရရှိလာတာပဲ။” “မနေဥစ္စာဆိုတာ ဝင်ငွေအသင့်အတင့်ရှိတဲ့ လုပ်ငန်းအရင်းအနှီးတစ်ခုဖြစ်သွားရင်ကို အလျင် အမြန် တိုးပွားလာတတ်တဲ့ သဘောရှိတယ်၊ ကျွန်တော် အဖြစ်အပျက်တစ်ခုပြောပြမယ်၊ တစ်ခါ တုန်း က လယ်သမားတစ်ယောက်မှာ သားကလေးတစ်ယောက် မွေးတော့ သူ့မှာအပိုအလျှံရှိတဲ့ ငွေဒင်္ဂါး ဆယ်ပြားကို ငွေတိုးချေးတဲ့လူဆီ သွားအပ်တယ်၊ ဒီငွေကိုငွေတိုးချေးတဲ့အထဲ ထည့်သုံးပေးပါ၊ သူ့သား အသက်နှစ်ဆယ်ပြည့်မှပဲ ပြန်ယူမယ်ပေါ့၊ ငွေချေးသမားက လက်ခံတယ်၊ လေးနှစ်ပြည့်တိုင်း ငွေရင်း ရဲ့ လေးပုံတစ်ပုံ အတိုးဖြစ်စေရမယ်လို့ ကတိပေးလိုက်တယ်၊ လယ်သမားကလည်း အတိုးငွေတွေပါ ချေးတဲ့အထဲ ထည့်သုံးဖို့ မှာထားခဲ့တယ်၊ သူ့သားအသက်နှစ်ဆယ်အရွယ်ရောက်တော့ လယ်သမားက ငွေချေးသမားဆီသွားပြီး အခြေအနေကိုစုံစမ်းတယ်၊ အဲဒီအခါ ငွေချေးသမားက သူ့ငွေတွေဟာ နှစ်ထပ်တိုးပွားနေတာဖြစ်လို့ အခုဆိုရင် နဂိုမူလငွေဒင်္ဂါးဆယ်ပြားကနေ သုံးဆယ်ပြားခွဲအထိ တိုးတက် သွားခဲ့ပြီဖြစ်ကြောင်း ပြောပြတယ်၊၊ “လယ်သမား အရမ်းဝမ်းသာသွားတယ်၊ ဒါပေမယ့် ဒီအချိန်မှာလည်းပဲ သူ့သားမှာ ငွေမလိုသေး ဘူးဆိုတော့ ပိုက်ဆံတွေကို ဆက်ပြီးချေးငှားပေးဖို့ မှာကြားပြီးထားခဲ့တယ်၊ သားဖြစ်သူက သူ့ အသက် ငါးဆယ်အရွယ် ရောက်တဲ့အချိန် အဖေလယ်သမားကြီး ကွယ်လွန်ပြီဆိုတဲ့ အချိန်ကျမှ သူ့တို့ သားအဖအပ် ထား တဲ့ငွေကို ပြန်တောင်းတဲ့အခါ ငွေချေးသမားက စာရင်းတွက်ချက်ပြီးတဲ့နောက် သူ့ကို ငွေဒင်္ဂါးတစ်ရာ ခြောက်ဆယ့်ခုနှစ်ပြားတိတိ ရှင်းပေးလိုက်သတဲ့၊ နှစ်ပေါင်းငါးဆယ်အတွင်းမှာ ဆယ့်ခုနှစ်ဆ နီးပါး တိုးပွား လာတာ၊ ဒါဟာ အရင်းအနှီးတစ်ခုရဲ့ တိုးပွားနိုင်မှုစွမ်းအားကိုပြတာ၊ ဒါ ဘာမှ လုပ်ရတာမဟုတ်ဘူး၊ ချေးထားရုံသက်သက် ပဲရှိသေးတယ်၊ “ ဒါကြောင့်မို့ ပိန်ကြုံသောပိုက်ဆံအိတ် ပြည့်တင်းလာစေအောင် ကုစားပေးမယ့် တတိယ ဆေးနည်းကတော့ ကိုယ်စုဆောင်းမိတဲ့ အဿပြာငွေဒင်္ဂါးတိုင်းကို ကျွဲနွားများသဖွယ် ထိန်းကျောင်း ခိုင်းစေဘို့ သူတို့ ရဲ့ အမျိုးအနွယ်တွေ ထပ်ဆင့်ပေါက်ဖွားပေးစေဖို့ ၊ အဲဒီနည်းအားဖြင့် ခင်ဗျားတို့ ရဲ့ ငွေအိတ် ထဲကို ဓနကြေးငွေတွေ တသွင်သွင်စီးဝင်စေဖို့ စီမံဖန်တီးရေး ပဲလို့ပြောချင်ပါတယ်။