ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

ပဉ္စမ၊ ကိုယ်ပိုင်အိမ် တည်ဆောက်ခြင်းကို အကျိုးအမြတ်ရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဆောင်ရွက်ပါ။ 

ပဉ္စမနေ့သင်တန်းတွင် အာခတ်က စကားစတင်သည်။ “ကိုယ့်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စားဝတ်နေမှုနဲ့ တခြားချမ်းသာပျော်ရွှင်မှု ကိစ္စတွေအတွက် လျာထားသတ်မှတ်ထားတဲ့ လူတစ်ယောက်ဟာ အကယ်၍ အဲဒီဆယ်ပုံကိုးပုံထဲမှာမှ တစိတ်တဒေသကို ရင်းနှီးမြှုပ်နှံဖို့ ဖဲ့ယူဦးမယ်ဆိုရင် သူ့ရဲ့ ဓနဥစ္စာတွေဟာ တခြားသူများထက်ပိုပြီး လျင်လျင်မြန်မြန် တိုးတက်လာမှာသေချာတယ်၊” “အဲဒီလို တိုးချဲ့ခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နှံငွေကို အသုံးပြုဖို့ အသင့်တော်ဆုံး နေရာတစ်ခု ရှိတယ်။ အဲဒါက ကိုယ်ပိုင်အိမ်ယာပဲ၊ ကျွန်တော်တို့ဘေဘီလုံမှာရှိတဲ့ မြို့သူမြို့သားအများအပြားဟာ နေထိုင်ရတဲ့ အိုးအိမ့်နေရာတွေ မကောင်းကြဘူး၊ အိမ်လခတွေ အဆမတန်ပေးကြရပြီး အခန်းလေးတွေ ကျတော့ အင်မတန်ကျဉ်းမြောင်းကြတယ်၊ အိမ်ရှင်မများစိတ်ရွှင်လန်းစရာ သစ်ပင်ပန်းမန်စိုက်ဖို့အတွက် ပန်းအိုးတစ် လုံးစာနေရာတောင် မရနိုင်ကြဘူး၊ ကလေးတွေဆိုရင် ညစ်ပတ်တဲ့ လမ်းကြိုလမ်းကြား တွေထဲမှာဘဲ ကစား ကြရတယ်” “ကလေးအတွက် လွတ်လွတ်လပ်လပ်ဆော့ကစားစရာ ကွက်လပ်မရှိဘူး၊ အိမ်ရှင်မတွေအတွက် သီးပင်ပန်းပင်စိုက်စရာ မြေနေရာမရှိဘူးဆိုရင် မိသားစုတစ်စုဟာ ဘယ်သာယာချမ်းမြေ့မှုတွေ ပြည့်ပြည့်ဝဝ ခံစားနိုင်မှာမဟုတ်ဘူး။” “အလားတူ မိသားစုရဲ့ အကြီးအကဲ ယောက်ျားတစ်ယောက်အနေနဲ့ လည်း ကိုယ့်အိမ်ကိုယ့်ခြံက ထွက်လာတဲ့အသီး ကိုယ်တိုင် ခူးဆွတ်စားသုံးရတာမျိုး၊ ကိုယ့်စပျစ်ခင်းက စပျစ်သီးနဲ့ ဝိုင်အရက် ပြုလုပ် သောက်သုံးနိုင်တာမျိုးရှိတဲ့အခါ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းသလဲ၊ ကိုယ့်အိုးအိမ်ကို ကိုယ်ပိုင် ဆိုင်မယ် ဝမ်းမြောက်ဂုဏ်ယူစွာ ပြုစုပျိုးထောင်နိုင်မယ်၊ ကိုယ်ပိုင်ခြံဝင်းရှိမယ်ဆိုရင် လူတ ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာတယ်။ ဒါကြောင့်မို့ ခင်ဗျားတို့အားလုံး ကိုယ်နေတဲ့အိမ် ကိုယ်ပိုင်ဆိုင်အောင် သို့မဟုတ် ကိုယ်ပိုင်အိမ်တစ်ခုရရှိအောင် ရည်မှန်းချက်ထားပြီး ကြိုးစားဖို့ ကျွန်တော် တိုက်တွန်းချင်တယ်” “အဲဒီလို ကိုယ်ပိုင်အိမ်ယာတစ်ခုရဖို့ဆိုတာဟာ သိပ်ခက်ခဲတဲ့ကိစ္စလားဆိုတော့ မဟုတ်ပါဘူး၊ ရည်ရွယ်ချက်ခိုင်ခိုင်မာမာရှိတဲ့ ဘယ်ပုဂ္ဂိုလ်အတွက်မဆို ဖြစ်နိုင်တဲ့အရာတစ်ခုပါ၊ အခုဆိုရင် ကျွန်တော်တို့ ရဲ့ ဘုရင်မင်းမြတ်က ဘေဘီလုံမြို့တော်ရဲ့ နယ်နမိတ်တံတိုင်းကို အများကြီး တိုးချဲ့ပေးလိုက်တော့ မြို့ ဧရိယာအတွင်းမှာကို မြေလွတ်မြေလပ်တွေ အများကြီးရှိနေပြီ၊ အင်မတန်မှကို သင့်တင့် လျှောက်ပတ်တဲ့ နှုန်းထားနဲ့ အိမ်မြေတွေ ဝယ်လို့ ရနိုင်ပါပြီ။” “အိမ်ဆောက်ဖို့ ကိစ္စနဲ့ ပတ်သက်လို့လည်း ငွေချေးတဲ့လူတွေရှိတယ်၊ ဒီလူတွေက ကိုယ့်မိသားစု အတွက် ကိုယ်ပိုင်အိုးအိမ်တစ်ခု ဆောက်လုပ်ချင်တဲ့ပုဂ္ဂိုလ်မျိုးကို အသိအမှတ်ပြုကြပါတယ်၊ အုတ်သဲ စတဲ့ အိမ်ဆောက်ပစ္စည်းတွေ ဝယ်ယူဖို့ ဆောက်လုပ်ရေးသမားတွေကို အခကြေးငွေပေးဖို့အတွက် ချေးငှားလို့ရ ပါတယ်၊ တစ်ခုပဲရှိတယ်၊ စုစုပေါင်းကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်း ဘယ်ရွေ့ဘယ်မျှတော့ ခင်ဗျားတို့ဘာသာ စုဆောင်းထားရှိပြီးဖြစ်ကြောင်း ပြနိုင်ဖို့လိုတယ်၊ ဒီအိမ်ဖိုးကျေတဲ့အထိ ပေးဆပ် သွားနိုင်မယ့်လူဖြစ်ကြောင်း သူသိမှတ်ယုံကြည်သွားနိုင်ဖို့ လိုတယ်လေ။ “ကိုယ့်မှာရှိတဲ့ အခြေခံရယ် သူ့ဆီကချေးငွေရယ်နဲ့ အိမ်ဆောက်ပြီးတဲ့အခါ အရင်တုန်းက အိမ်ရှင် ကို ပေးနေ ရတဲ့အိမ်လခတွေဟာ ကိုယ်ပိုင်အိမ်အတွက် အရစ်ကျဆပ်ငွေဖြစ်သွားမယ်၊ လိုအပ်ရင် နည်းနည်း ထပ်ဖြည့်ရမှာပေါ့ ၊ နှစ်အတော်ကြာတဲ့အခါ ကြွေးကျေသွားမယ်၊ “အဲဒီအခါ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမလဲ၊ တန်ဖိုးကြီးမားတဲ့ပစ္စည်းတစ်ခု ကိုယ့်ကိုယ် ပိုင်ဖြစ်သွားပြီ၊ ရှင်ဘုရင်ကို အိမ်ခွန်မြေခွန်ပေးရတာကလွဲလို့ တခြားဘာတာဝန်မှမရှိဘူး၊ မိန်းမက မြစ်ဆိပ် မှာ အဝတ်သွားလျှော်တိုင်း ရေအိတ်နဲ့ရေခပ်လာခဲ့ ခြံထဲစိုက်ပျိုးထားတဲ့ အပင်လေးတွေကို ရေလောင်း၊ အသီးအနှံဖြစ်လာတော့ ခူးဆွတ်စား၊ ကြည့်စမ်း ဘယ်လောက် စိတ်ချမ်းသာစရာကောင်းသလဲ၊ ကိုယ်ပိုင် အိမ်ရှိတဲ့လူတစ်ယောက် ရရှိနိုင်တဲ့ ချမ်းသာသုခတွေ အမြောက်အမြားပါ၊ ဒီထဲမှာ အရေးအကြီးဆုံး အချက် တစ်ခုက အိမ်လခမပေးရတော့တဲ့အတွက် ကိုယ့်ဝင်ငွေအများကြီး အဖတ်တင်ခြင်းပဲ၊ လိုအပ်ချက်တွေ အတွက် သုံးနိုင်တယ်၊ အလိုဆန္ဒတွေ တိုးတက်ဖြည့်ဆည်းနိုင်တယ်၊ စုဆောင်း ငွေတွေ ရင်းနှီးမြှုပ်နှံငွေတွေ ကိုးချဲ့ခန့်ခွဲလာနိုင်တယ်၊ ဒါကြောင့်မို့လို့ ပိန်ကြုံနေသောပိုက်ဆံအိတ် ပြည့်တင်းလာစေဖို့ ပဉ္စမနည်းလမ်း က ကိုယ်ပိုင်အိမ်ယာတစ်ခုရရှိလာအောင် ဆောင်ရွက်ရေးပဲလို့ ကျွန်တော်ဆိုလိုက်ချင်ပါတယ်။”