ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

ဆဋ္ဌမ၊ အနာဂတ်အတွက် ဝင်ငွေသေချာအောင် ဆောင်ရွက်ရေး။ 

ဆဌမနေ့သင်ခန်းစာကို အာခတ်က ဤသို့ စတင်သည်။ “လူတိုင်းရဲ့ ဘဝဟာ ကလေးသူငယ်အဖြစ်ကစတင်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့ အဆုံးသတ်ရတယ်၊ မအိုခင် ကွယ်လွန်သွားတဲ့ လူများကလွဲရင် ဒါဟာအားလုံးရဲ့ သွားရာလမ်းကြောင်းပဲ၊ အဲဒီတော့ လူတိုင်း လူတိုင်းမှာ အိုစာမင်းစာ ရှာထားဘို့ ဆိုတာဟာ မလွဲမသွေလုပ်ရမယ့် ကိစ္စတစ်ရပ်ဖြစ်လာတယ်၊ နောက်တစ် ခုက စောစောကပြောသလို အရွယ်မတိုင်ခင် ကွယ်လွန်သွားတာမျိုး မတော်တဆဖြစ်ခဲ့သည်ရှိသော် ကျန်ရစ် သူမိသားစု ဒုက္ခမရောက်ကြရလေအောင် ကြိုတင်ပြင်ဆင်မှုပြုထားဘို့ လိုတယ်၊ “နေဥစ္စာရှာဖွေတတ်လို့ ပိုပိုလျှံလျှံရရှိလာကြတဲ့လူများဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဘို့၊ ဒါမှမဟုတ် သိမ်းဆည်းသိုမှီးဘို့ ကြံစည်ကြရလိမ့်မယ်၊ ဒီနေရာမှာ နည်းလမ်းအသွယ်သွယ်ရှိပါတယ်။ ရွှေငွေရတနာတွေကို အိုးတစ်လုံးထဲထည့်ပြီး မြေကြီးမှာ မြှုပ်ထားလို့လည်းရတယ်၊ ဒါပေမယ့် စိတ်မချရဘူး၊ ဘယ်လောက် လျှို့ဝှက်မြှုပ်ထားတဲ့ ရတနာဖြစ်ဖြစ် မပြတ်အကဲခတ်နေတဲ့ သူခိုးသူဝှက်တွေရဲ့ လက်ချက်မိ သွားနိုင်တဲ့အန္တရာယ်ရှိတယ်၊ ပြီးတော့ မြေမှာမြှုပ်ထားခြင်းအားဖြင့် ဘာမှတိုးပွားမလာ နိုင်ဘူး၊ ဒီအကြံ အစည်မျိုးကို ကျွန်တော်အားမပေးဘူး၊ “အသက်ကြီးလာတဲ့အချိန် ကိုယ့်လက်ထဲ တစ်စုံတစ်ရာရှိအောင်ဆိုပြီး တချို့က မြေလေး ယာလေး ဝယ်တယ်၊အိမ်တွေဝယ်တယ်၊ ဒါကျွန်တော်လက်ခံတယ်၊ အိမ်တို့ မြေယာတို့ဆိုတာ နောင်တနေ့ ဘယ်နေရာ ကတော့ဖြင့် ဘယ်လိုတန်ဖိုးရှိလာနိုင်တယ် ဆိုတာကို တွက်ချက်မျှော်ကိုးပြီး ဝယ်ယူထားမယ်ဆိုရင် ကိုယ့် အတွက် အကယ်လိုအပ်တဲ့အချိန်ကျတော့ တန်ဖိုးအများကြီး ပိုပြီးရနိုင်တယ်၊ ဒီကြား ထဲမှာလည်း ငှားရမ်းခ တို့လို ပုံမှန်ဝင်ငွေတွေ ရှိလာနိုင်သေးတယ်၊ “နောက်တစ်ခုက ငွေတိုးချတဲ့လူဆီမှာ အပ်ထားတာ၊ ကိုယ်တတ်နိုင်သလောက် အတင့်အသင့် စီ မှန်မှန်လေးအပ်သွား၊ အဲဒီကရတဲ့အတိုးကိုပါ အရင်းအဖြစ်ထပ်ဖြည့် ၊ တဖြည်းဖြည်းနဲ့ ငွေ လုံးငွေရင်းတခု ဖြစ်လာမယ်၊ ကျွန်တော်သိတဲ့ ဖိနပ်ချုပ်သမား တစ်ယောက်ရှိတယ်၊ အင်ဆန်ဆိုတာ၊ သူကျွန်တော့ကို ပြောပြဘူးတယ်၊ သူက ရှစ်နှစ်လုံးလုံး ငွေတိုးချေးသမားဆီမှာ တစ်ပတ်ကို ငွေဒင်္ဂါးနှစ်ပြား မှန်မှန်ပေးထား တယ်၊ မကြာခင်က ငွေချေးသမားက သူ့ကိုစာရင်းတွက်ပြလိုက်တော့ အရမ်း ဝမ်းသာအားရဖြစ်လာတယ်၊ သူ့စုငွေကို ငွေချေးသမားက လက်ရှိထုံးစံအတိုင်း လေးနှစ်မှာ ငွေရင်းရဲ့ လေးပုံတစ်ပုံ အတိုးပေးတာဆိုတော့ အခု သူ့ငွေကိုပြန်ယူရင် အတိုးရောအရင်းပါ စုစုပေါင်း ငွေဒင်္ဂါးတစ်ကောင်နဲ့ လေးဆယ်ရမယ်တဲ့၊ “အဲဒီမှာ ကျွန်တော်ကလည်း ဂဏန်းတွက်တတ်တဲ့သူဆိုတော့ သူပိုပြီးအားတက်အောင် ထပ်တွက်ပြ လိုက်တယ်၊ အခုအတိုင်း တပတ်မှာ နှစ်ပြားစီ သူနောက်ထပ်ဆက်စုမယ်ဆို ရင် ဆယ့်နှစ်နှစ်  ကြာတဲ့အခါ စုစုပေါင်း ငွေဒင်္ဂါးလေးထောင်တိတိ ရရှိမယ်ဆိုတဲ့အကြောင်း၊ အဲဒီလောက်စုဆောင်းမိ သွားပြီဆိုရင်တော့ နောက်ပိုင်းမှာ ဘာအလုပ်မှမလုပ်ဘဲ ထိုင်စားမယ်ဆိုရင်တောင် ဒီငွေနဲ့ အေးအေးဆေးဆေး ထိုင်စားလို့ ရသွားပြီ ။ “ဒါက ပိုက်ဆံအများကြီး ရှာလို့မရတတ်တဲ့ လူတစ်ယောက်ဟာတောင် နည်းနည်းချင်း မှန်မှန် စုဆောင်းသွားရင် နောင်ရေး စိတ်အေးရနိုင်တယ်ဆိုတဲ့အကြောင်း ပြောတာ၊ ဒါပေမယ့် ဒီနေရာမှာ ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခုက တစ်ဖက်မှာဖိနပ်ချုပ် သမားလို ဝင်ငွေနည်းတဲ့လူတယောက် သည်ပင် ကြိုတင်ပြင်ဆင်မယ်ဆိုရင် နောင်ရေးစိတ်အေးရနိုင်သလို နောက်တစ်ဖက် ကျပြန်တော့ ကြိုတင်ပြင်ဆင်မှု သာ မရှိဘူးဆိုရင် ဒီကနေ့ ဘယ်လောက် ဝင်ငွေကောင်းနေတဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ်၊ ငွေအရင်းအနှီး ဘယ်လောက် ကြီးမားသူဖြစ်ဖြစ် ကြီးရင့်အိုမင်းချိန်မှာ ဒုက္ခရောက်သွားနိုင်တယ်၊ အကယ်၍ အရွယ်မတိုင်ခင် ကွယ်လွန် ခဲ့မယ်ဆိုရင် သူ့မိသားစု အားကိုးရာမဲ့ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အချက်ပဲ၊ “ဒီနေရာမှာ ကျွန်တော့်ခေါင်းထဲ တွေးမိတာလေး တစ်ခုတောင် ပြောလိုက်ချင်သေးတယ်၊ တစ်နေ့ ကျရင် လာဘ်မြင်တဲ့လူတွေက မိသားစုအရေး တွေးပူသူတွေအတွက် အဆင်ပြေမယ့် ငွေစု နည်းလေးတစ်ခု တီထွင်လာနိုင်တယ်၊ ခင်ဗျား လစဉ်ငွေ နည်းနည်းစီသာ ကျွန်တော့ဆီ မှန်မှန်အပ်ပါ၊ ဒီလိုအပ်ဆဲကာလမှာ ခင်ဗျားကွယ်လွန်ခဲ့သည်ရှိသော် မိသားစုအတွက် အထောက်အကူရမယ့် ငွေကြေး ပမာဏ၊ ဘယ်လောက် ဘယ်ရွေ့ပေါ့၊ အဲဒါကို သူတို့ကိုထုတ်ပေးပါ့မယ်၊အကယ်၍ ဒီကြားထဲ ခင်ဗျားမသေဘဲ ကျွန် တော့်ဆီမှန်မှန် စုရင်း ခင်ဗျားကွယ်လွန်ရင် ကျွန်တော်ထုတ်ပေးရမယ့် ပမာဏ အထိ ပြည့်သွားခဲ့ရင်လည်း ခင်ဗျာ ငွေ ခင်ဗျားပြန်ယူပါ ဆိုတာမျိုး လုပ်လာနိုင်တယ်၊ ဒီလူသေရင် မိသားစု ဒုက္ခမရောက်စေရပါဘူးလို့ အာမခံရင်း နဲ့ ဟိုလူ့ငွေကရမယ့် အတိုးကို အပြန်အလှန်သဘော သူတို့ကစားတဲ့နည်းပေါ့၊ ဒီနည်းမျိုး ပေါ်လာမယ်ဆို ရင် ကျွန်တော်က သဘောကျတယ်၊ လူတွေအတွက် အများကြီး စိတ်ချမ်းသာစရာတစ်ခု ဖြစ်သွားမယ်၊ ဒါပေမယ့် ဒီနေ့တော့ မဖြစ်နိုင်သေးဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်က လူ့သက်တမ်းတွေနဲ့ ချီပြီး လုပ်ရမှာဖြစ်တယ်၊ သားစဉ်မြေးဆက် အခွန် ရှည်တည်တံ့ဖို့ လိုတယ်၊ လုပ်ငန်းရှင်ကလည်း ရှင်ဘုရင်လောက် ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့ လိုတယ်။ “အဲဒါကတော့ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှုတစ်ခုပါ။ ဒီကနေ့ အဘို့မှာ ကျွန်တော်တတ်နိုင်တာ စောစောပိုင်း ကျွန်တော်ပြောခဲ့တဲ့ အိုးအိမ်မြေယာ ဝယ်ယူစုဆောင်းတဲ့နည်း၊ အချိန်ကာလနဲ့ အမျှ တဖြည်းဖြည်း တိုးပွားနေမယ့်နေ ရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံတဲ့နည်း၊ စတာတွေရှိပါတယ်၊ ဒီနည်းတွေ အားဖြင့် မိမိကြီးရင့်အိုမင်းချိန်တွေမှာ ချို့တဲ့နွမ်းပါးမနေအောင် ကာကွယ်နိုင်တယ်၊ မတော်တဆမိမိ စောစီးစွာ ကွယ်လွန်ခဲ့ရင်လည်း ကျန်ရစ်သူမိသားစု ဒုက္ခမကြီးမားရအောင် စောင့်ရှောက်ထောက်ကူနိုင် မှာ ဖြစ်ပါတယ်။ “ဒါ ကြောင့်မို့ ဒီကနေ့ ကျွန်တော်ပြောချင်တဲ့ ပိန်ကြုံသောအသပြာအိတ် ပြည့်တင်းရေးဆိုင်ရာ ဆဌမနည်းလမ်းက ဘယ်သူမှပြေးမလွတ်နိုင်တဲ့ အိုနာသေဘေးအရေးကိစ္စများအတွက် ကြိုကြိုတင်တင် ပြင်ဆင်ထားဘို့ ပါပဲလို့ ကျွန်တော်တင်ပြပါရစေ”