မမ

(၁)

မောင်မောင်လတ်သည် အိပ်ရာမှ နိုးလာကာ မျက်လုံးများကို ဖွင့်လိုက်ပြီး အကြောအခြင်တွေကို ညှစ်ထုတ်နေလေသည်။ လက်က နာရီကို ကြည့်လိုက်သောအခါ ခုနစ်နာရီ ထိုးနေပြီ ဖြစ်သည်။ သူသည် ဝါးခနဲ သမ်းဝေကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်လေသည်။

သူ အိပ်နေသော နေရာမှာ သူ့ ဇနီးနှင့် အတူ အိပ်နေကျ အိပ်ခန်းထဲက နှစ်ယောက်အိပ် ကျွန်း ခုတင်ကြီးပေါ်တွင် မဟုတ်ဘဲ အိမ်အောက်ထပ် ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ဖြစ်၏။ သုံးမတ်လုံးခန့်ရှိ ကြိမ်လုံးကြီးများကို ဘောင်ခတ်၍ ခွေကာ ကူရှင်ကြီးများ ခံ၍ ထားသော ဆိုဖာကြီးပေါ်တွင် မောင်မောင် လတ်သည် ခေါင်းအုံး မရှိ၊ စောင် မရှိဘဲ တစ်ညလုံး အိပ်ပျော်နေခဲ့သည်။ သူ့ ကိုယ်တွင် ရှပ်အင်္ကျီ လက်ရှည်၊ ဘိုးတိုင် အနက်၊ သက္ကလတ် ဘောင်းဘီရှည်နှင့် ရှူး ဖိနပ်တို့ကိုလည်း မနေ့ ညက အတိုင်း ဝတ်လျက်သား တွေ့ရသည်။ ကုတ်အင်္ကျီက ခပ်လှမ်းလှမ်းရှိ ဆိုဖာပေါ်တွင် ပုံလျက်သား ရှိနေပေသည်။

မောင်မောင်လတ်သည် ဆိုဖာကြီးပေါ်တွင် အိခနဲ နေအောင် လှိမ့်လိုက်ပြီး တစ်ရေးလောက် အိပ်မည်ဟု မှိန်းလိုက်ပြန်သည်။ သူသည် အပြာနုဖဲစပေါ်တွင် ပန်းခက်တွေ ထိုးထားသည့် ဆိုဖာ မှီအုံးကို ရင်ခွင်တွင် ပိုက်ပြီး တစ်ဖက်သို့ စောင်းလိုက်သည်။ သို့ရာတွင် အိပ်လို့ကား မပျော်တော့ပေ။

အိပ်ခန်းထဲသို့ မရောက်ဘဲ ဆိုဖာပေါ်တွင် ဘယ်ပုံ ရောက်ခဲ့သည်ကို ပြန်၍ စဉ်းစားနေမိ၏။ မနေ့ ညက မီးရထား ဟိုတယ်တွင် မိတ်ဆွေ တစ်ဦး အမေရိကသို့ ပညာသင် သွားမည် ဖြစ်၍ ကပွဲတစ်ခု ရှိရာ ထို ကပွဲတွင် မောင်မောင်လတ်သည် အရက်ကို တစ်ခွက်ပြီး တစ်ခွက် သောက်ခဲ့သည်။ မိန်းမတွေနှင့် တစ်ယောက်ပြီး တစ်ယောက် တွဲ၍ ကခဲ့သည်။ သည်မျှလောက် ကိုသာ မှတ်မိတော့သည်။ ဘယ်လို အိမ် ပြန်ရောက်လာသည်ကိုမူ စဉ်းစား၍ မရတော့ပေ။

မှန်ပြတင်းကို ကာထားသည့် ခန်းဆီးများ ကြားမှ နေရောင်သည် အခန်းထဲသို့ ဖြာကျလာ၏။ သည်တော့မှ မောင်မောင်လတ်သည် ဗြုန်းခနဲ ပြန်၍ ပက်လက်လှန်လိုက်သည်။ နောက် လက်နှစ်ဖက်ကို ဆန့်တန်း၍ ကမ်းပေး လိုက်၏။ သို့ရာတွင် အနားတွင် ဘယ်သူမှ မရှိပေ။ သူနှင့် ခင်ရီရီတို့၏ အိမ်ထောင်သက်တမ်း ခုနှစ်နှစ်လုံးလုံး မောင်မောင်လတ်သည် ဘယ်တော့မှ ကိုယ်တိုင် မထခဲ့ဖူးပေ။ သူက လက်များ ဆန့်တန်း၍ ကမ်းပေးလိုက်သည်နှင့် ချစ်ဇနီး ခင်ရီရီသည် ကမ်းလာသော လက်များကို ဆွဲကာ သူ့ကို အိပ်ရာမှ ဆွဲထူမြဲ ဖြစ်၏။ ယခုတော့ အနားတွင် ချစ်ဇနီး ခင်ရီရီလည်း မရှိပေ။

သည်တော့မှ မောင်မောင်လတ်သည် အိပ်ခန်းထဲက ကျွန်း ခုတင်ကြီး ပေါ်တွင် ချစ်ဇနီး ခင်ရီရီနှင့် အိပ်နေခြင်း မဟုတ်ဘဲ အောက်ထပ် ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် စောင် မရှိ၊ ခေါင်းအုံး မရှိ၊ အဝတ်အစားလဲခြင်း မရှိဘဲ တစ်ယောက်တည်း အိပ်ပျော်နေသည့် အဖြစ်ကို အမှတ်ရလာသည်။ ကိုယ့်အဖြစ်ကိုယ် အမှတ်ရသည်နှင့် မောင်မောင်လတ်၏ မျက်နှာသည် ညိုမှိုင်းကာ မျက်မှောင်ကြီး ချီထားလိုက်သည်။

မောင်မောင်လတ်သည် ဟင်းခနဲ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး အဖြစ်အပျက်များကို ပြန်၍ စဉ်းစားမိသည်။ သူနှင့် ချစ်ဇနီး ခင်ရီရီတို့ ရန်ဖြစ်ကြသည်ကို မြင်ယောင်လာသည်။ သူ့အဖြစ်ကို သူ တွေးမိလာသည်။

“ငါ့ကိုတော့ ရီက ခွင့်လွှတ်တော့မှာ မဟုတ်ဘူး ထင်တယ်၊ ဒါတွေဟာ ငါ့ အပြစ်တွေချည်းပဲ၊ ငါ့ကြောင့် ဖြစ်ရတာတွေ၊ ငါကြောင့် ..”

မောင်မောင်လတ်သည် စိတ်ထဲတွင် ရွတ်ဆိုရင်း သက်ပြင်းကို ချလိုက် သည်။

လွန်ခဲ့သည့် သုံးရက်က မောင်မောင်လတ်နှင့် ခင်ရီရီတို့သည် ရန်ဖြစ်ခဲ့ ကြ၏။ မောင်မောင်လတ်သည် အိမ်တွင် ကလေးများအား စာသင်ပေးနေသည့် ကပြား ဆရာမကလေးနှင့် ပလူးပလဲ လုပ်နေသည်ကို ခင်ရီရီ တွေ့သွားသည့်နောက် လင်မယား နှစ်ယောက် အကြီးအကျယ် စကား များခဲ့ကြသည်။

ခင်ရီရီက သည်လောက် သစ္စာမဲ့သည့် ယောက်ျားနှင့် မပေါင်းနိုင် တော့ပါဟု ငိုကြီးချက်မနှင့် ဆိုသည်။ လင်မယား ရန်ဖြစ်သည်မှာ သုံးရက် ရှိသွားပြီ ဖြစ်သော်လည်း ယခုတိုင် တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြဘဲ သုန်သုန်မှုန်မှုန် လုပ်နေကြသည်။

သူတို့ လင်မယား ကိစ္စမှာ အစေခံများက အစ အားလုံး သိနေကြသဖြင့် ဘယ်သူမှ စကား ဟ ဟ

မပြောရဲဘဲ ဆိတ်ဆိတ်သာ နေကြလေသည်။ သည်အတိုင်း ဆိုပါက မောင်မောင်လတ်နှင့် ခင်ရီရီတို့ အကြင် လင်မယား အဖြစ် ပေါင်းသင်းနေခြင်းသည် ဘာ အဓိပ္ပာယ် ရှိပါဦးမည်နည်း။

ခင်ရီရီသည် ရန်ဖြစ်ပြီးကတည်းက မောင်မောင်လတ်ကို မျက်နှာချင်း မဆိုင်တော့ဘဲ မင်္ဂလာ တံခါး ရှေ့ရှိ သူ့မိဘများ အိမ်သို့ ကလေးတွေကိုခေါ်သွားပြီး တစ်နေ့လုံး သွားနေသည်။ ညကျမှ ပြန်လာကာ အခန်း တံခါးကို အတွင်းက ပိတ်၍ အိပ်နေတတ်သည်။ ကလေးများမှာ အကွပ်အထိန်း မရှိ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်။ ဒရိုင်ဘာ လင်မယားနှင့် ထမင်းချက် လင် မယားတို့ကလည်း ရန်ဖြစ်နေကြသည်မှာ တစ်အိမ်လုံး ကမ္ဘာ ပျက်သကဲ့သို့ ပေတည်း။

ရန်ဖြစ်သည့် နေ့က မောင်မောင်လတ်သည် မီးရထား ဟိုတယ်တွင် ဝီစကီ နှစ်ခွက်လောက် သောက်ပြီး ခင်ရီရီနှင့် ကလေးတွေ စားရန် ခရု ခေါက်ဆွဲကြော် လေးထုပ် ဝယ်လာခဲ့သည်။ ကားကို ဂိုထောင်ထဲသို့ အသွင်းခိုင်းပြီး အိမ်ထဲသို့ ဝင်လာခဲ့၏။ ခါတိုင်းဆိုလျှင် ခင်ရီရီသည် တစ်ကိုယ်လုံး မွှေးကြိုင် အောင် ခြယ်သကာ သူ့ကို တံခါးဝမှ နှုတ်ဆက်လေ့ ရှိ၏။ သို့ရာတွင် ယနေ့တော့ တိုက်ရှေ့က ဘိလပ် တံခါးမှာ ပိတ်ထားကာ သော့ခလောက်ကြီး ခတ် ထားသည်။ အစေခံမလေးက လာဖွင့်ပေးတော့မှ အထဲသို့ ဝင်ခဲ့ကာ ခင်ရီရီကို လိုက်ရှာသည်။ နောက်ဆုံးကျတော့မှ ခင်ရီရီသည် အိပ်ခန်းထဲက ခုတင်ပေါ်တွင် မှောက်လျက် ငိုနေသည်ကို တွေ့ရ၏။ ခင်ရီရီ လက်ထဲတွင်တော့ ဆရာမက မောင်မောင်လတ်ထံသို့ ပေးသော စာရွက်ပြာကလေး။

“ဒါက ဘာလဲ”

မောင်မောင်လတ်က အိပ်ရာပေါ်တွင် မှောက်၍ တရှုံ့ရှုံ့ ငိုနေသော ခင်ရီရီကို ချော့မည် အပြုတွင် ခင်ရီရီက အော်လိုက်၏။ ခင်ရီရီ၏ အသံမှာ တင်းမာ လှသည်။ သူ့ မျက်လုံးများမှာ ဒေါသကြောင့် ဝင်းဝင်း တောက်နေ၏။

သည့်နောက်တော့ တစ်ယောက် တစ်ခွန်း စကားများကြသည်မှာ တစ်အိမ်လုံး စီစီညံသွားလေသည်။ မောင်မောင်လတ်သည် အမှန်ကို ဖွင့်၍ ဝန်ခံကာ ခွင့်လွှတ်ရန် တောင်းပန်ရမည့် အစား ‘ဘူး’ ကွယ်ကာ သူ့ကိုယ်သူ အပြင်းအထန် ကာကွယ်သည်။ လက်ဆုပ် လက်ကိုင် မိထားလျက်နှင့် မောင်မောင်လတ်က ဇွတ်ငြင်းသောအခါ ပို၍ ဒေါပွ လာ၏။ နဂိုက စိတ် ထက်ရသည့် အထဲတွင် လင်ယောက်ျား၏ သစ္စာ မဲ့ပုံကို လက်ဆုပ်လက်ကိုင် မိထားလျက်က ဇွတ်အတင်း ခံငြင်းနေသည်ကို တွေ့ရပြန်သဖြင့် ယမ်းအိုးလို ပေါက်ကွဲ ထွက်လာကာ အိပ်ရာဘေး စားပွဲပေါ်က ဆေးလိပ်ပြာခွက်ဖြင့် လှမ်း၍ ပေါက်လိုက်သည်။ အရှောင်ကောင်း၍ မောင်မောင်လတ်တွင် အထိအခိုက် မရှိခြင်း ဖြစ်ပေ၏။ သည်ကတည်းက ခင်ရီရီသည် မောင်မောင်လတ်နှင့် စကားလည်း မပြော၊ မျက်နှာချင်းလည်း မဆိုင်ဘဲ နေခဲ့ခြင်း ဖြစ်ပေသည်။

ချမ်းမြေ့ သာယာသော အိမ်ထောင်များတွင်မူ ပျော်ရွှင်ခြင်းသည် ထောင့်တိုင်းမှ ပေါ်လာတတ်၍ ချမ်းမြေ့ သာယာခြင်း မရှိသော အိမ်ထာင်တိုင်းမှာကား စိတ်ဆင်းရဲခြင်းသည် ထောင့်တိုင်းမှ ပေါ်လာတတ်ပေသည်။

“ခွင့်လွှတ်ဖို့ တောင်းပန်ရ ကောင်းမလား၊ သူ့ မိဘတွေ အိမ် ခေါ်သွားပြီး ရှင်းပြရရင် ကောင်းမလား”

မေးခွန်းများသည် မောင်မောင်လတ်၏ ဦးနှောက်ကို တဒေါက်ဒေါက် တီးခေါက် နေကြ၏။ သို့ရာတွင် ဘာကိုမျှ အဖြေ မရပေ။

မောင်မောင်လတ်သည် စိတ်ပျက် လက်ပျက်နှင့် စားပွဲပေါ်ရှိ ယွန်းစီးကရက်ဘူးထဲက စီးကရက် တစ်လိပ်ကို ဆွဲ၍ ဖွာရှိုက် နေလေသည်။