မမ

(၁၀)

“မောင်အောင်မိုးလားဟေ့၊ ရောက်နေတာ ကြာပြီလား”

ဒေါ်ညွန့်ညွန့်က အိမ်ပေါ်မှ ဆင်းလာ၍ နှုတ်ဆက်လိုက်သည်။ မျက်နှာ မသာမယာဖြင့် ကိုအောင်မိုးနှင့် ခင်သီသီတို့ နှစ်ယောက်တည်းကို တွေ့ရသော အခါ ဒေါ်ညွန့်ညွန့်မှာ မျက်နှာများ ပျက်သွားလေသည်။ ကိုအောင်မိုးက ပြုံး၍ နှုတ်ဆက်လိုက်၏။ ပါးစပ်ကတော့ ဘာမျှ မပြောပေ။ ခင်သီသီကလည်း စကား တစ်ခွန်းမျှ မပြောဘဲ ခေါင်းငုံ့ကာ လက်သည်းချင်း ပွတ်နေလေသည်။ မောင် အောင်မိုးကို ငြင်းပစ်လိုက်ပြီ ထင်တယ်ဟု အရိပ်အခြည်ကို ကြည့်၍ အကဲ ခတ်လိုက်ပြီး စိတ်ချရလောက်တော့မှ ဒေါ်ညွန့်ညွန့်၏ မျက်နှာတွင် ပြုံးယောင် သန်းစ ပြုလာလေသည်။

ဒေါ်ညွန့်ညွန့်က ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ကိုအောင်မိုးအား အလုပ်အကိုင် အခြေအနေကို မေးမြန်းနေသည်။ သည်တော့မှ ကိုအောင်မိုးသည် ပြန်၍ ထိုင်လိုက်ရပြန်ကာ ဒေါ်ညွန့်ညွန့်အား ပြောပြနေရသည်။ စိတ်ထဲကတော့ သိပ် မပါလှပေ။

ငါးမိနစ်လောက် အကြာတွင် အိမ်ရှေ့မှ ကားတစ်စီး ဆိုက်သံ ကြားရပြီး ခင်သီသီ၏ သူငယ်ချင်း ခင်လှလှ ရောက်လာလေသည်။ ခင်လှလှမှာ မနှစ်ကမှ ဗိုလ်မှူးကြီး တစ်ယောက်နှင့် လက်ထပ်ခဲ့သူ ဖြစ်ပေသည်။

ခင်လှလှမှာ ပိန်ပိန်ပါးပါး အသား ဖြူဖြူနှင့် ဖြစ်သည်။ သူ၏ ရင်အုံမှာ ခန္ဓာကိုယ်နှင့် မလိုက်အောင် ဖွံ့ထွားနေပေ၏။ ခင်လှလှနှင့် ခင်သီသီမှာ တက္ကသိုလ်တွင် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ကြ၏။ ခင်လှလှသည် ဗိုလ်မှူးကြီး တစ်ယောက်လို အလားအလာ ရှိသူနှင့် လက်ထပ်ခဲ့ပြီးနောက် ခင်သီသီကိုလည်း အလားအလာ ကောင်းသူ တစ်ယောက်ကိုမှ လက်ခံရန် မကြာ ခဏ နားချတတ်သည်။ ကိုသက်ဆွေအား လက်ခံရန် ခင်သီသီကို မကြာခဏလည်း တိုက်တွန်းသည်။ ကိုအောင်မိုးကိုကား လုံးဝ သဘော မကျပေ။

“သီ့ လူကလည်း ခွကျကျ”

ခင်လှလှသည် ခင်သီသီနှင့် တွေ့တိုင်း ကိုအောင်မိုးကို ပြစ်တင် ရှုတ်ချကာ သူ့ကို ရယ်စရာ ဖြစ်အောင် လုပ်ပစ်တတ်သည်။

“လူက သူ့ကိုယ်သူ တိုင်းပြည်ကို ကယ်တင်တဲ့ ကယ်တင်ရှင်ကြီးလောက် ထင်ပြီး ဘဝင် မြင့်နေတာ သီရဲ့၊ ကိုယ်တို့ ဆိုရင် သူ့လောက် နားမလည်ဘူး မသိဘူး ထင်ပြီး စကားတောင် သိပ်ပြောချင်ပုံ မရဘူး၊ကိုယ်ကလည်း ဒီလို ယောင်ခြောက်ဆယ်သမားဆိုရင် ကြည့်လို့ကို မရဘူး၊ စပါးမွေး စူးတယ်”

အမှန်ကတော့ ခင်လှလှက ကိုအောင်မိုးကို မျက်ကြောမတည့်သည်မှာ သဘာဝကျပေသည်။ ကိုအောင်မိုးကလည်း ခင်လှလှလို မိန်းမမျိုးသည် အိမ်ထောင်ရေး ဈေးကွက်တွင် ယောက်ျား ကောင်းကောင်း လိုက်ရှာနေသူ တစ်ဦး လောက်သာ သဘောထားလေသည်။

“ဘယ့်နှယ် ဖောက်ပြန် ပျက်စီးနေတဲ့ ကျွန်မတို့ လောကကြီးထဲကို ပြန် ရောက်လာပြီ ဆိုပါတော့၊ ဘယ့်နှယ်လဲရှင့်၊ ကျွန်မတို့ လောကကြီးကို ပြင်လို့ရပါဦးမလား”

ခင်လှလှက ကိုအောင်မိုးကို မထေ့ထေ့ ပြုံး၍ မေးလိုက်သည်။

တစ်ခါတွင် ကိုအောင်မိုးက အထက်လွှာ လောကကို ဖောက်ပြန် ပျက်စီး နေသော လောကဟု ရှုတ်ချခဲ့သည့် စကားကို ညွှန်းလိုက်ခြင်း ဖြစ်ပေသည်။

“ကျွန်တော့်လို အညတရ တစ်ယောက် ပြောတဲ့ စကားလုံးတွေကို ဒေါ်ခင်လှလှလို တပ်မင်းကြီး ကတော် တစ်ဦးက ခုလို စေ့စေ့စပ်စပ် မှတ်ထားတယ် ဆိုရင် ကျွန်တော့်မှာ အင်မတန် ဂုဏ်တက်လှပါပြီ”

ကိုအောင်မိုးကလည်း ခပ်ထေ့ထေ့ ပြန်၍ ပြောလိုက်သည်။

“မှတ်ရတာပေါ့ရှင်၊ ကိုအောင်မိုးတို့က တိုင်းပြည်ကြီး ဘာဖြစ်မယ် ဆို တာ ဗျာဒိတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်လား၊ ဒါထက် အသီရေ၊ ကိုယ်တို့လည်း ရှေ့လလောက်မှာ မြစ်ကြီးနား ပြောင်းရလိမ့်မယ်လို့ အမိန့် လာတယ်”

ခင်လှလှက ခင်သီသီနှင့် လှည့်၍ စကား ဆက်၍ ပြောနေ၏။ သည်တော့မှ ကိုအောင်မိုးမှာ နေသာထိုင်သာ ရှိသွားလေသည်။ သူတို့ နှစ်ယောက် စကား ပြောနေကြတုန်း ခင်သီသီကိုသာ မသိမသာ ကြည့်နေမိသည်။

သူ တိတ်ဆိတ် နေသဖြင့် ဒေါ်ညွန့်ညွန့်က သူ့ဘက် လှည့်ကာ…

“ဒါထက် မောင်အောင်မိုး မန္တလေးမှာ တော်တော် ကြာကြာ နေဦးမလား၊ နိုင်ငံရေးကော လုပ်သေးသလား၊ သူပုန် ထတာကလည်း မပြီးသေးဘူးတဲ့လားကွယ့်၊ မီးရထားတွေ မိုင်းဗုံးထောင် လူတွေ သေဆိုတော့ တိုင်းပြည် နစ်နာလှ ပါပြီကွယ်”

“ကျွန်တော် နိုင်ငံရေး မလုပ်တော့ပါဘူး ဒေါ်ဒေါ်၊ မန္တလေးမှာလည်း ခဏပဲ၊ သိပ်ကြာကြာ မနေနိုင်ပါဘူး”

တပ်မင်းကတော် ဒေါ်ခင်လှလှမှာ ကိုအောင်မိုး နိုင်ငံရေးက ထွက်ပြီဟု ကြားသည်နှင့် ကိုအောင်မိုးကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

ခင်သီသီ၏ ရှေ့တွင် ကိုအောင်မိုးကို လှောင်ပြောင် ပစ်လိုက်ချင်သည်။

တံခါးမှ ခေါင်းလောင်းသံ ကြားရသဖြင့် အိမ်ဖော်မလေး တစ်ယောက်က သွား၍ ဖွင့်ပေးလိုက်သည်။

ကိုအောင်မိုးက ထရန် ဟန်ပြင်လိုက်၏။ အစေခံမလေး နောက်က လိုက်လာသော အသား ဖြူဖြူ ရုပ် ချောချော ထောင်ထောင်မောင်းမောင်း လူ တစ်ယောက်ကို သတိ ထားလိုက်မိသည်။ ဧကန္တ ကိုသက်ဆွေ ဆိုတဲ့လူ ဖြစ်မှာပဲ ဟု တွေးလိုက်မိသည်။ သိပ် မသေချာလှသဖြင့် ခင်သီသီကို ဖျတ်ခနဲ လှည့် ကြည့်လိုက်သည်။ ပြီး အကဲခတ်လိုက်သည်။ ခင်သီသီကလည်း ကိုသက်ဆွေ ကို ကြည့်ပြီး ကိုအောင်မိုးကို လှမ်း၍ ကြည့်လိုက်သည်နှင့် ဆုံနေသည်။

ခင်သီသီ၏ နက်မှောင်သော မျက်လုံးရွဲများမှာ တဖျတ်ဖျတ် တောက်ပ နေသည်ဟု ထင်ရ၏။ ခင်သီသီနှင့် ကိုသက်ဆွေတို့ ချစ်နေကြပြီလားဟုလည်း တွေးလိုက်မိသည်။ ကိုသက်ဆွေကို ချစ်ပြီ ဆိုလျှင် ကိုသက်ဆွေမှာ ဘယ်လို အရည်အချင်းတွေများ ရှိလို့ပါလိမ့်ဟုလည်း တွေးမိလာသည်။ ထို့ကြောင့် ခင်သီသီ ချစ်သော ကိုသက်ဆွေကို အကဲခတ်ရန် ကိုအောင်မိုးသည် ထမည် ပြုရာမှ မထသေးဘဲ ဆက်၍ ထိုင်နေလိုက်သည်။

မိမိနှင့် ပြိုင်ဘက် တစ်ယောက်ကို ကြည့်မြင်ရာ၌ ပြိုင်ဘက်ဖြစ်နေသူ၏ “ကောင်းကွက်” တွေကို ထည့်မစဉ်းစားဘဲ “ဆိုးကွက်” များကိုသာ ကြည့်သူများလည်း ရှိကြ၏။ မိမိထက် သာသွားသော ယှဉ်ပြိုင်ဘက် ဖြစ်နေသူတွင် ဘယ်အရည်အချင်းတွေက ကိုယ့်ထက် သာနေသလဲ ဟူသော စိတ်ဖြင့် “ကောင်းကွက်” များကိုသာ တွေးကြည့်သူများလည်း ရှိကြပေသည်။ ကိုအောင်မိုးမှာ ယှဉ်ပြိုင်ဘက် ဖြစ်၏။ ကောင်းကွက်များကိုသာ ကြည့်တတ်သူ ဖြစ်ပေသည်။

ကိုအောင်မိုးသည် ကိုသက်ဆွေ၌ မိမိထက် တစ်ပန်းသာနေသော အရည် အချင်းများ ရှိနေသည်ကို အလွယ်တကူပင် သတိထားလိုက်မိပေသည်။ ကိုသက်ဆွေ၏ မျက်နှာမှာ အစဉ် ချိုပြုံးနေသည်။ ဆံပင် လှိုင်းတွန့်များသည် ညာဘက် နဖူးစွန်းတွင် ဝဲကျနေကြသည်။ ထူထဲ စိမ်းဖန့်သော မျက်ခုံးအောက်မှမျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပကာ ညှို့နေသည်ဟု ထင်ရသည်။ နှုတ်ခမ်းအစုံမှာ နီထွေး၍ ပြုံးယောင် သန်းနေပေ၏။ တက်ထရွန် ရှပ်လက်ရှည် အောက်မှ ကျယ်ပြန့်သော ရင်အုပ်မှာ ယောက်ျား ပီသခြင်း၏ အမှတ် လက္ခဏာကို ဆောင်၏။ မီးခိုးရောင်ပေါ်တွင် အစိမ်းကွက် ကျဲကျဲ ရက်ထားသော ဗန်ကောက် လုံချည်ကို ခါးမှာ စည်းထားလေသည်။ ယောက်ျား ပီသသော သူတစ်ယောက်ပေတည်း။

ကိုသက်ဆွေသည် အားလုံးကို နှုတ်ဆက်ပြီးမှ ခင်သီသီကို နှုတ်ဆက်၍ ထိုင်ချလိုက်သည်။ နှုတ်ဆက်သော အခါတွင် သူ့ မျက်လုံးများနှင့် နှုတ်ခမ်းများတွင် အပြုံးသည် ပိုမို ဝင်းလက်လာသည်ဟု ထင်ရ၏။

ကိုအောင်မိုးကသာ ကိုသက်ဆွေကို စူးစိုက် အကဲခတ်နေသော်လည်း ကိုသက်ဆွေကမူ အောင်မိုးကို တစ်ချက်မျှ လှည့်မကြည့်သေးပေ။

“ဟောဒါက မန္တလေး တက္ကသိုလ်က ကထိက ဒေါက်တာ သက်ဆွေတဲ့၊ မောင်သက်ဆွေ ဒါက မောင်အောင်မိုး ဆိုတာလေ”

ဒေါ်ညွန့်ညွန့်က မိတ်ဆက်၍ ပေးလိုက်သဖြင့် ကိုသက်ဆွေက ထလာကာ ကိုအောင်မိုးကို လက်ဆွဲ နှုတ်ဆက်လိုက်ပြီး…

“ဟုတ်ကဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျောင်းမှာတုန်းက တွေ့ဖူး သလိုလိုပဲ၊ လက်စသတ်တော့ မန္တလေးကကိုး”

“မန္တလေးက မဟုတ်ဘူး ဆရာရဲ့၊ ဇာတိကတော့ ရန်ကုန်ပဲ၊ ခုတော့ ကျွန်မတို့လို ရန်ကုန်တို့ မန္တလေးတို့မှာ နေတာ မဟုတ်ဘူး၊ ဖောက်ပြန်တဲ့ အထက်တန်းလွှာတွေကို တွေ့ရလွန်းလို့ မျက်စိ စပါးမွေး စူးတယ် ဆိုပြီး အနီးစခန်းမှာ သွားနေတယ်လေ၊ ဝတ္ထုထဲက ဇာတ်လိုက်တွေလိုပေါ့”

ခင်လှလှက ပြုံးစနဲ့နဲ့ဖြင့် ပြောလိုက်၏။ ခင်လှလှ နောက်ပြောင် ပြော သည်ကို သိသဖြင့် ကိုသက်ဆွေက ချိုသာစွာ ပြုံးလိုက်ရင်း…

“ဪ အနီး စခန်းမှာ နေသလား၊ အေးတော့ အေးမှာပဲ၊ ဒါပေမဲ့ ပျင်း စရာတော့ ကောင်းလိမ့်မယ် ထင်တယ်နော်”

“ဟုတ်ကဲ့ ပျင်းတယ် ပျော်တယ်ရယ်လို့ မဟုတ်ပါဘူး၊ အခွင့်မသင့် တော့ ဒီလိုပဲ တော်ရာ ချောင်မှာ ခိုရတာပေါ့”

“ကျွန်တော်လည်း တောသဘာဝကို သဘောကျတယ်၊ တောမှာ နေရ တာဟာ စိတ်ချမ်းမြေ့လိမ့်မယ်လို့ ထင်တယ်”

ကိုသက်ဆွေက ပြောလိုက်သည်။

အမှန်ကတော့ ကိုသက်ဆွေသည် လိုက်လျောညီထွေ ပြောလိုက်ခြင်းမျှသာ ဖြစ်၏။ လူတစ်ဖက်သား အကြိုက်ကို လိုက်တတ်၍လည်း ကိုသက်ဆွေ အပေါင်းအသင်းများ အလယ်တွင် မျက်နှာ ပွင့်လန်းသူ ဖြစ်နေပေသည်။

“ဒါပေမဲ့ ဆရာရယ်၊ ခဏ တစ်ဖြုတ်လောက်သာ ကောင်းမှာပါ၊ ကြာတော့လည်း ငြီးငွေ့စရာ ဖြစ်လာမှာပေါ့”

ခင်လှလှက ဝင်၍ ပြောလိုက်ပြီး အစေခံမလေး ကမ်းပေးလာသော လိမ္မော်ရည် ဖန်ခွက်ကို ယူပြီး စက္ကူစုပ်တံကို လှပစွာ ကိုင်ကာ စုပ်နေ၏။

“ကြာရင်တော့လည်း မပြောတတ်ဘူးပေါ့လေ၊ ရှမ်းပြည်နယ်က ရှုမျှော်ခင်းတွေ လှပြီး ရာသီဥတု ကောင်းတော့ ပျော်စရာ ကောင်းမလားလို့ပါ”

ကိုသက်ဆွေက ကိုအောင်မိုးကို တစ်လှည့် ခင်သီသီကို တစ်လှည့် ကြည့် ၍ ပြောလိုက်သည်။ ကိုသက်ဆွေက စကားကို ဖောင်လောက်အောင် ပြောနေ သဖြင့် ဒေါ်ညွန့်ညွန့်မှာလည်း ငြိမ်၍ နေသည်။ ခင်လှလှမှာလည်း ကိုအောင်မိုးကို မစတော့ဘဲ ကိုသက်ဆွေကိုသာ အထင် ကြီးသော မျက်လုံးများဖြင့် ကြည့်နေလေ၏။ ကိုသက်ဆွေကမူ အမေရိကန်ပြည် ကျေးတော ရှုခင်း သာယာ ပုံများကို ပြောပြနေပေသည်။

ကိုအောင်မိုးမှာလည်း ကိုသက်ဆွေ၏ အမေရိကန် ချီးမွမ်းခန်းကို နားထောင်ကာ ဘာမျှ မပြောဘဲ ငြိမ်သက်နေ၏။ ထ၍ ပြန်ချင်လှပြီ ဖြစ်သော်လည်း သူ့ ခန္ဓာကိုယ်ကြီးက မရွေ့ဘဲ ထိုင်လျက်သားပင် ရှိနေပေသည်။

အမေရိကန် ကျေးတော ရှုခင်း သာယာ လှပပုံမှနေ၍ အမေရိကန် ပညာရေးစနစ် အကြောင်း ရောက်သွားကြပြန်သည်။ ထိုမှတစ်ဆင့် မြန်မာ ကျောင်းသားများ အကြောင်း ရောက်သွားကြပြန်လေသည်။

“ကျွန်တော်တို့လည်း ကျောင်းသား ဘဝက လာတာပါပဲ၊ ဒါပေမဲ့ ခုခေတ် ကျောင်းသားတွေဟာ ဆရာကို ဆရာလို ရိုသေရမှန်း မသိကြဘူး၊ အရေးရှိရင် သမဂ္ဂ ဖွဲ့ပြီး ဆူပူဖို့လောက်ပဲ ကြည့်နေကြတာပဲ၊ ခုလည်း တန်းခွဲတန်းချစနစ် ဆိုတာကို ကန့်ကွက်နေကြပြန်ပြီ၊ တန်းခွဲ တန်းချ လုပ်မှ တက္ကသိုလ်ဟာ လူသန့်ပြီး တက္ကသိုလ်နှင့် တူလာမှာပေါ့၊ ခုတော့ တက္ကသိုလ်ဟာ ဇရပ် နှင့် တူနေပြီ၊ လူပေါင်းစုံ လာတာပဲ”

ကိုသက်ဆွေက တက္ကသိုလ်တွင် ကျောင်းသားတွေ ပြည့်ကျပ်နေသည်ကို ဋီကာချဲ့၍ ပြောနေသည်။

“လူပေါင်းစုံတာတော့ မပြောနှင့်တော့၊ အိမ်ကို လာလာပြီး နေတဲ့ ဒိုဘီကုလားကတောင် သူ့ သားကို တက္ကသိုလ်မှာ ထားနေပြီ”

ခင်လှလှက မဲ့ရွဲ့၍ ပြောလိုက်ပြီး လိမ္မော်ရည် ဖန်ခွက်ကို စားပွဲပေါ်မှ ငွေလင်ပန်းထဲသို့ ချထားလိုက်၏။

“ကျွန်တော့် သဘောကတော့ တက္ကသိုလ်ကို လူတွေ များများ လာနေ ကြတာကို ကြိုက်တယ်၊ တက္ကသိုလ်ဟာ အထက်တန်းလွှာ သားသမီး တစ်စုရဲ့ အိမ်ထောင်ရေး အရောင်းအဝယ်လုပ်တဲ့ နေရာမှာ ရှိုးပြတဲ့ ပြခန်းကြီး တစ်ခုဘူး မဖြစ်သင့်ဘူး”

      ဗုံး ပေါက်ကွဲသလို ထွက်လာသော ကိုအောင်မိုး၏ စကားများကြောင့် ကိုသက်ဆွေမှာ အံ့အားသင့်သွားဟန် ရှိပေသည်။ သို့ရာတွင် ချက်ချင်း ပြန်၍ ပြုံးလိုက်ပြီး…

“ဟုတ်ပါတယ်၊ ဒီလို ဆိုရင်လည်း တက္ကသိုလ်ဟာ ပညာတတ်တွေကို ဘယ်မှာ မွေးထုတ်ပေး နိုင်ပါ့မလဲ”

ခင်လှလှကမူ ကိုအောင်မိုးဘက်သို့ မျက်စောင်း ထိုးလိုက်ပြီး နှုတ်ခမ်းမဲ့ လိုက်သည်။ ဘာမျှတော့ မပြောပေ။

“ဪ ဒါထက် လာမယ့် လဆန်း ၃ ရက်နေ့မှာ သီရဲ့ မွေးနေ့ ပါတီ လုပ်မလို့၊ အငြိမ့် ငှားရမလားလို့ စိတ်ကူးထားတယ်၊ အမာစိန်ရဲ့ အငြိမ့် ဆိုတာ နာမည် ကြီးလွန်းလို့ ဒေါ်ဒေါ်တို့လည်း မကြည့်ဖူးသေးတာနှင့်”

“ကောင်းတယ် ကြီးကြီးရဲ့၊ အရင် တပ်မင်းကြီး ပြောင်းတုန်းက အမာစိန်အငြိမ့်နှင့်ပေါ့”

“ကျွန်တော်လည်း ကျောင်းမှာ ကြည့်ဖူးတယ်၊ တော်တော် ကောင်းသားပဲ”

ကိုသက်ဆွေကရော ခင်လှလှကပါ ထောက်ခံကြသည်။ ကိုအောင်မိုးကမူ ဘာမျှ ပြန်မပြောပေ။ ကိုအောင်မိုးသည် သည်စကားဝိုင်းထဲတွင် ကြာကြာ မနေချင်တော့ပေ။ ထို့ကြောင့် အားလုံးကို နှုတ်ဆက်ကာ ထလိုက်၏။

ခင်သီသီကိုလည်း စေ့စေ့ကြည့်၍ နှုတ်ဆက်လိုက်၏။ ခင်သီသီ့ မျက်နှာ မသိမသာ ညှိုးနေသည်ဟု ထင်မိပေသည်။ ကိုအောင်မိုးက နှုတ်ဆက်ပြီး အထလိုက်တွင် ဦးငွေခင်မှာ ခြံထဲက လမ်းလျှောက်ပြီး အိမ်ထဲသို့ ဝင်လာလေသည်။

“ဟေး မောင်အောင်မိုးပါလားကွ၊ မန္တလေး ရောက်နေတာ ဘယ်တုန်းကလဲ”

ဦးငွေခင်က ကိုအောင်မိုးကို ဝမ်းသာအားရ နှုတ်ဆက်နေပြီး ကိုသက် ဆွေကိုမူ ပြုံး၍ ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

ဦးငွေခင်က ကိုအောင်မိုးကို ဝမ်းသာအားရ နှုတ်ဆက်သလောက် ကိုသက်ဆွေကို ဝတ်ကျေတန်းကျေမျှသာ နှုတ်ဆက်သဖြင့်လည်း ခင်သီသီမှာ ကိုသက်ဆွေကို အားနာသလို ဖြစ်နေပေသည်။

ကိုအောင်မိုးက ဦးငွေခင်နှင့် စကား အနည်းငယ် ပြောပြီး အားလုံးကို နှုတ်ဆက် ထွက်သွားလေသည်။

ဒေါ်ညွန့်ညွန့်က လှမ်း၍…

“မောင်အောင်မိုးရေ၊ မင်း ညီမ သီသီ့ မွေးနေ့ကျရင် လာဖြစ်အောင် လာ နော်၊ ဖိတ်စာလည်း ပို့လိုက်မယ်”

ကိုအောင်မိုး ပြန်သွားပြီး တော်တော် ကြာမှ ခင်လှလှနှင့် ကိုသက်ဆွေ တို့ မရှေးမနှောင်း ပြန်သွားကြသည်။

ခင်သီသီသည် အပေါ်ထပ် သူ့ အိပ်ခန်းထဲသို့ တက်လာကာ ပြတင်းပေါက် တံခါးကို ဖွင့်လိုက်သည်။

လေပြည်သည် တညင်းညင်း တိုက်ခတ်လာပေသည်။ ပြတင်းပေါက် အောက်နားတွင် ပွင့်နေသော ဆောင်တော်ကူး ပန်းရုံမှ ပန်းရနံ့တို့သည် သင်းပျံ့ နေသည်။ လမင်းသည် တိမ်လွှာတွေ ကြားထဲမှာ ပုန်းကွယ်နေပေရာ လရောင် ငွေရည်များသည် ရွှန်းလင်းခြင်း မရှိတော့ဘဲ မှုန်မှိုင်းနေသည်ဟု ထင်ရ၏။ ကြယ်ပွင့်များကြောင့် ကောင်းကင်သည် ငွေဇာမှော်ပွင့်တို့ ပေါက်ကြံထားသော ပိုးကတ္တီပါ တစ်စကို ဖြန့်ကျင်းထားသလို ရှိပေသည်။

ခင်သီသီသည် တစ်ဖက်ရှိ ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့်တို့ အခန်းဘက် ဆီမှ တီးတိုး ပြောသံများကြောင့် နားစွင့်လိုက်သည်။ သဲကွဲစွာ မကြားရသော် လည်း သူ့ကိစ္စကို တိုင်ပင်နေကြမှန်းကိုကား ခွဲခြား၍ ရပေသည်။

“မင်းဟာ မာန ဆိုလို့ ရွေးစေ့လောက်မှ မရှိဘူး၊ ကောင်မလေးကို ဗန်း ပြပြီး မောင်သက်ဆွေကို မြှူဆွယ်နေတယ်လို့ အများက ထင်ကြရင် ဘယ် လောက် ရှက်စရာ ကောင်းမလဲ ထွီ”

“ကျွန်မက ဘာများ စကား လွန်သေးလို့လဲ ကိုခင်ရဲ့”

“စကား မလွန်ပေမဲ့ မင်း လုပ်တာ ဟုတ်သလားကွ၊ မွေးနေ့ ပါတီက ဘာလုပ်ရအောင် လုပ်ရတာလဲ၊ မွေးနေ့ ပါတီ မလုပ်တော့ ဘာဖြစ်သလဲ၊ လုပ်ရင်လည်း တော်ရုံတန်ရုံ လုပ်ရောပေါ့၊ လူတွေ ဖိတ်ပြီး ကျုပ်သမီး အသက် ၂၁ နှစ် ရှိပြီတော့၊ ဈေး များများ ပေးနိုင်မယ့်လူ ရမယ် ဆိုတာမျိုး နှင့် မတူဘူးလား၊ သူ ကြိုက်တဲ့လူ သူ ယူပါစေ၊ တို့နှင့် ပေါင်းရမှာ မဟုတ်ဘူး၊ သူနှင့် ပေါင်းရမှာ၊ ပိုက်ဆံ ရှိရှိ မရှိရှိ အကျင့်စာရိတ္တ ကောင်းတယ်၊ ပညာ အသင့်အတင့် ရှိပြီး စဉ်းစားဉာဏ် ရှိတယ်၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းမယ် ဆိုရင် ပြီးတာပဲ၊ အခုတော့ မင်း လုပ်ပုံက…”

ဦးငွေခင်၏ အသံမှာ တဖြည်းဖြည်း ကျယ်လာ၏။

“တိုးတိုး ပြောပါတော့၊ ကိုခင့် အလိုသာ ဆိုရင် ကျုပ် သမီးတွေ ဘယ် တော့မှ လင်ကောင်း ရမှာ မဟုတ်ဘူး”

“ဟေ လင်ကောင်း ရဖို့ တွေးပူတယ် ဆိုတာက သမီး မကောင်းတဲ့ မိဘတွေ တွေးပူတဲ့ အတတ်ကွ၊ ငါ့ သမီးဟာ အရည်အချင်း ရှိတဲ့ သမီးကောင်း တစ်ယောက် ဆိုရင် လင်ကောင်း လိုက်ရှာနေစရာ မလိုဘူး၊ မယားကောင်းကို လိုက်ရှာတဲ့ လူက လာလိမ့်မယ်၊ ဘာမှ ပူစရာ မလိုဘူး၊ ခုတော့ သမီး လင်ကောင်း ရချင်လို့ လိုက်ရှာလွန်းအားကြီးတော့ ကိုယ့်ဘက်က ဘယ်လောက် ရှက်စရာ ကောင်းသလဲ၊ ခု သမီးတွေ အတွက် မင်း ယောက်ျား အရှာကောင်းလို့ ရီရီ ဘယ်လောက် စိတ်ဆင်းရဲနေရပြီလဲ”

“တော်ပါ၊ ဒါ မဆိုင်ပါဘူး”

နောက်တော့ တတွတ်တွတ်သာ ကြားရသည်။ ဘာမျှ မသဲကွဲတော့ပေ။