(၁၁)
ကိုသက်ဆွေသည် မီးခိုးရောင် ဖိယက် ကားကလေးကို ဘူတာကြီးရှေ့ ကားရပ်သော နေရာတွင် ရပ်ထားခဲ့ပြီး ဘူတာဂိတ်ဝသို့ ခြေကျင် လျှောက်လာခဲ့ လေသည်။ ဘူတာဝတွင် မြင်းလှည်းများ၊ ဆိုက်ကားများ၊ သုံးဘီး တက္ကစီကားများနှင့် ဂျစ် တက္ကစီကားများကို တွေ့ရ၏။
ကိုသက်ဆွေသည် တက္ကသိုလ်ဘက်တွင် အိမ်တစ်လုံး ရထားပြီး ရန်ကုန်က သူ့ ကားကလေးကို ယူထားခြင်း ဖြစ်လေသည်။ သူ့ အိမ်တွင် သူနှင့် သူ့ တပည့် အစေခံ နှစ်ယောက်တည်းသာ ရှိပေသည်။ ကိုသက်ဆွေသည် သည်လို တစ်ယောက်တည်း ထီးထီး နေရသည်ကို သဘောကျ၏။ မိဘတွေနှင့် ခွဲနေ သည့် အကျင့် ရှိသဖြင့်လည်း လွတ်လွတ်လပ်လပ်ပင် နေစရှိနေပေသည်။ အမှန်ကတော့ ကိုသက်ဆွေသည် အသက် ၃ဝ နားသို့ ချဉ်းကပ်လာပြီ ဖြစ်သော်လည်း မိဘနှင့် နေရသည် ဟူ၍ မရှိပေ။ ငယ်ငယ် ကတည်းက ကျောင်းအိပ် ကျောင်းစား နေခဲ့ရပြီး စစ်ကြီး ဖြစ်လာ၍ အိန္ဒိယသို့ မိဘများနှင့် အတူ ပါသွားသော အခါတွင်လည်း မိဘများက ဆင်းမလားတွင် နေ၍ သူ့ကိုမူ ဒါဂျီလင်သို့ ကျောင်းအိပ် ကျောင်းစား ပို့ထားလေသည်။ စစ် ပြီး၍ တက္ကသိုလ်သို့ ရောက်လာသည့် အခါတွင်လည်း ကျောင်းဆောင်မှာပင် နေခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရပြီးနောက်တွင် အမေရိကန်ပြည် ယေး တက္ကသိုလ်တွင် ပါရဂူ ဘွဲ့ကို ရရန် အတွက် လေးနှစ်မျှ နေခဲ့ရသည်။
ယေးမှ ပြန်လာပြီး ရန်ကုန် တက္ကသိုလ်တွင် လက်ထောက်ကထိက လုပ်စဉ်ကလည်း အိမ်မှာ မနေဘဲ ကျောင်းမှာပင် နေခဲ့ပြီး အိမ်သို့ တစ်ပတ် တစ်ခါလောက်သာ ပြန်တတ်လေသည်။
မန္တလေး တက္ကသိုလ်သို့ ပြောင်းလာသည့် နောက်တွင်မူ အိမ်သို့ ကျောင်းပိတ်မှသာ ရောက်တော့လျက် တစ်ခါတစ်ရံ မိဘများ အလည်အပတ် လာသည်နှင့် ကြုံလျှင် ရန်ကုန်ကို မရောက်တော့ဘဲ မေမြို့ကို သွား၍သာ နေခဲ့ပေသည်။
ဘူတာရုံ ဂိတ်ဝသို့ ရောက်သည်နှင့် အပြာရောင် အိုပယ် ကားကြီးတစ်စီးလျှောခနဲ ရပ်လာကာ ကားပေါ်မှ ဆင်းလာသော မောင်မောင်လတ်ကို တွေ့လိုက်ရသည်။
“ဟေ့ ကိုသက်ဆွေ၊ ဘယ်သူ့ လာကြိုတာလဲ”
မောင်မောင်လတ်က ကားပေါ်မှ အဆင်း လှမ်း၍ နှုတ်ဆက်လိုက်၏။
“ဟာ အစ်ကိုကြီးပါလား၊ မေမေ့ လာကြိုတာ”
ကိုသက်ဆွေက မောင်မောင်လတ်ကို ပြန်၍ နှုတ်ဆက်လိုက်သည်။ မောင်မောင်လတ်မှာ ကိုသက်ဆွေထက် လပိုင်းမျှလောက်သာ ကြီးသော်လည်း တခြား အရာရှိများ ခေါ်သလို “အစ်ကိုကြီး” ဟု လွယ်လွယ် ခေါ်ခဲ့သည်။
“အဘွားကြီး တစ်ယောက်တည်းလား”
“ဟုတ်တယ်၊ အစ်ကိုကြီးကော ဘယ်သူ့ လာကြိုတာလဲ”
“မမကို လာကြိုတာ၊ ဒီ ရထားနှင့် ပါမယ်လို့ သံကြိုး ရတယ်”
“ဪ မင်းကြီး ကတော်လား”
“ဟုတ်တယ်၊ မမနှင့် သိတယ် မဟုတ်လား”
“ဟုတ်ကဲ့၊ ရန်ကုန်မှာတုန်းက တစ်ခါ နှစ်ခါ တွေ့ဖူးပါတယ်၊ မင်းကြီးကော မပါဘူးလား”
“ဟာ သူကတော့ မပြောနှင့်တော့၊ ယားလို့တောင်မှ ကုတ်အားတာ မဟုတ်ဘူး၊ ခု အစိုးရ စီမံကိန်းတွေနှင့် လုံးထွေးနေတာပဲ၊ ကိုကိုနှင့်ကော သိတယ်မဟုတ်လား ”
“ဟုတ်ကဲ့၊ မင်းကြီးကိုတော့ မြင်ဖူးပါတယ်၊ တစ်ခါက သာသနာ့ ရိပ်သာမှာ ဖေဖေနှင့် ဒိဋ္ဌေဒိဋ္ဌမိတ္တံကို ဆွေးနွေးတုန်း ခဏပါပဲ၊ မင်းကြီးက ဘာသာ ရေး တော်တော် လိုက်စားဟန် တူတယ်”
“ဟာ ဘာသာရေး လိုက်စားတာတော့ မပြောပါနှင့်၊ အားရင် ကမ္မဋ္ဌာန်း ထိုင်နေတာပဲ၊ ကျွန်တော့်တောင် တစ်ခါ အထိုင်ခိုင်းလို့ ထိုင်ခဲ့ရသေးတယ်”
“လေ့ကျင့်ခန်း တစ်မျိုးပေါ့လေ၊ ဟော မီးရထား ဝင်လာပြီ”
ကိုသက်ဆွေက အင်္ဂလိပ်လို လှမ်းပြောလိုက်သည်။ သံလမ်း မီးတိုင်များ မီးစိမ်းပြ၍ နေလေပြီ။ သံလမ်းများသည် တဂျွတ်ဂျွတ် မြည်လာကြလေသည်။ ပလက်ဖောင်းပေါ်တွင် အလုပ်သမားများ၊ မီးရထား အမှုထမ်းများ၊ အကြို လာသူများနှင့် ရှုပ်ယှက်ခတ်နေပေသည်။
မီးရထားကြီးသည် အရှိန်ဖြင့် ပြေးဝင်လာရာက ရှဲခနဲ လေဘရိတ် မြည်လိုက်သံနှင့် အတူ ထိုး၍ ရပ်လိုက်သည်။ ဂတ်ဗိုလ်သည် အလံစိမ်းကို ကိုင်ကာ ဂတ်တွဲထဲမှ ခုန်ချလိုက်သည်။ ခေါင်းတွဲ စက်ခန်းမှ စက်မောင်းသူက စက်ခေါင်းထဲမှ ကိုယ်တစ်ပိုင်း ထွက်ပြီး ဂတ်ဗိုလ်၏ အချက်ပြ အလံကို လှမ်း ၍ ကြည့်နေလေသည်။
စူးရှသော ဥဩသံ ထွက်ပေါ်လာလေ၏။
ပလက်ဖောင်းပေါ်က လူအုပ်ကြီးသည် မီးရထားတွဲများ အနားသို့ တိုးဝှေ့ကပ်လာကြပြီး အလုပ်သမားများက ကုန်တင်သော လက်တွန်းလှည်းများကို အပြေး တွန်းလာကြသည်။
မီးရထားထဲမှ ခရီးသည်များကလည်း တစ်ဦးနှင့် တစ်ဦး တိုးဝှေ့ကာ ပလက်ဖောင်းပေါ်သို့ ဆင်းလာကြလေသည်။ မီးလောင်နေသော သစ်တုံး တစ်တုံးပေါ်မှ ဆင်းလာကြသော ပိုးပရွက်များကဲ့သို့ပေတည်း။
ကိုသက်ဆွေနှင့် မောင်မောင်လတ်သည် လူအုပ် ကြားထဲမှ တိုးဝှေ့ကာ အထူးတွဲများဆီသို့ လျှောက်လာခဲ့ကြလေသည်။
“ဆရာ၊ ဆရာ့ မေမေ ဟိုတွဲမှာ ပါတယ် ဆရာ”
သားရေ သေတ္တာကြီး တစ်လုံးကို မနိုင့်တနိုင် ဆွဲသွားသော လူရွယ် တစ်ယောက်က အနီးမှ ဖြတ်သွားရင်း လှမ်းအော်သွားသည်။ ရန်ကုန် တက္ကသိုလ်တုန်းက တပည့် ဖြစ်ဖူးသော ကျောင်းသား တစ်ယောက် ဖြစ်ပေ၏။ ကိုသက်ဆွေသည် ကျောင်းသား ညွှန်ပြသွားသော အထူးတွဲများဆီသို့ လူအုပ် ကြား ထဲမှ တိုးဝှေ့ လျှောက်လာခဲ့လေ၏။ မောင်မောင်လတ်မှာ လူအုပ်ကြားထဲတွင် ညပ်၍ ကျန်ရစ်ခဲ့လေသည်။
ကိုသက်ဆွေသည် ကျောင်းသား ညွှန်ပြလိုက်သော အထူးတွဲကို လှမ်း၍ တက်လိုက်သည်။
သူက လှမ်း အတက်လိုက်တွင် ရထားတွဲမှ မိန်းမပျို တစ်ဦး ဆင်းလာသည်နှင့် ကြုံနေသဖြင့် လှမ်းထားသော ခြေလှမ်းကို ပြန်၍ ရုပ်သိမ်းပြီး ရှောင်ပေးလိုက်ရသည်။
မိန်းမပျို၏ အသားမှာ ဝင်း၍ ဥနေသည်။ ဆံနွယ်များကို ရွှေတလင်းပြင်လို လှပသော နဖူးပြင်၏ ညာဘက် အစွန်တွင် ဝဲချထားသည်။ စင်ရော်တောင်လို ဝိုက်ကွေး စိမ်းဖန့်သော မျက်ခုံးများအောက်မှ မျက်တောင်များ ကြားတွင် မှောင်မင်ရောင် စွဲသကဲ့သို့သော ရှည်လျား ကော့သွယ်သော မျက်လုံးရွဲကြီးများကလည်း ဝန်းစက် ညို့ရီကာ တဖိတ်ဖိတ် ရွှန်းလင်းနေကြသည်။
နှုတ်ခမ်းအစုံမှာ ပြေပြေ နီရဲကာ မသိမသာ စုထားဟန် ကြားထဲမှ ပြုံးတော့မလို ရယ်တော့မလို ဖြစ်နေလေရာ ပန်းကြာပဒုံ ငုံအဖူးလို ကြည့်၍ လှပနေသည်။ ဝင်းစက် အိသွေးသော ပါးမို့မို့ပေါ်တွင် ပန်းနုသွေး စို့နေသဖြင့် နူးညံ ပါးလွှာသော စကားဝါ ပွင့်ဖတ်ပေါ်တွင် နှင်းဆီရည် ပက်ဖျန်းထားသည်နှင့် တူနေ၏။ ပန်းလွှာပေါ်တွင် ပွင့်ဖတ်ကြောကလေးတွေ ပေါ်သလို သွယ်နွဲ့ ကြော့ ရှင်းသော လည်တိုင်တွင် အကြောစိမ်းကလေးတွေ ပေါ်နေကြသည်။
သပြေသီး မှည့်ရောင် စပတ်ကလင်း နိုင်လွန် လက်ပြတ်ကို ဝတ်ထား၍ နူးညံ့ အိစက်သော ပခုံးသားများမှာ ပွတ်လုံး ခံထားသလို ဝင်းနေပေသည်။ နိုင်လွန် အင်္ကျီထဲမှ အိဖြိုးသော ရင်မို့မို့သည် လည်းကောင်း၊ သွယ်လျသော ခါးနွဲ့နွဲ့သည် လည်းကောင်း၊ နီညိုရောင် ဂျော့ဂျက် လုံချည် အောက်မှ အိစက် ကားစွင့်သော တင်နှင့် လုံးချော ဖြောင့်စင်းသော ပေါင်တံများသည် လည်းကောင်း ကောက်ကြောင်း ထင်ရှားစွာ ရေးပြထားသော ပန်းချီကား တစ်ကားလို လှပ နေပေသည်။
ခုံမြင့် ဖိနပ် အနီကို စီးထားသဖြင့် ခြေဖမိုးများ ခြေချင်းဝတ်မှ ပြေပြေ လျှောဆင်းလာပုံမှာ ကနုတ်ပန်းနွယ် တစ်ခက်နှင့် တူပေသည်။ ခြေသည်းများ နီရဲအောင် ညီညာစွာ ဆိုးထားလေသည်။ ရဲဝံ့ ဝင့်ကြွားသော အလှနှင့် လိုက် လျော ပြေပြစ်အောင် ဆင်ယင်ထားသော အဆင်အယင်ပေတည်း။
မိန်းမပျိုသည် ပလက်ဖောင်းပေါ်သို့ ဆင်းလိုက်သည်။ ဂိုယာရေမွှေးနံ့များ မွှေးကြိုင်နေသည်။
မိန်းမပျို ဆင်းသွားတော့မှ ကိုသက်ဆွေက တွဲပေါ်သို့ လှမ်းတက် လိုက်သည်။ လှမ်းတက်ပြီးနောက် ကိုသက်ဆွေသည် မိန်းမပျိုကို နောက်ပြန် လှည့်ကြည့်လိုက်မိသည်။
မိန်းမပျိုကလည်း လက်ကိုင်အိတ် အနီကလေးကို လက်မောင်းတွင် ချိတ် ထားလျက်က လည်တိုင်ကလေး ငဲ့၍ နောက်ပြန် ကြည့်သည်နှင့် အကြည့်ချင်း ဆုံနေသည်။
မိန်းမပျို၏ မျက်လုံးရွဲကြီးမှာ အရည် လဲ့နေကြသည်ဟု ထင်ရ၏။ ကိုသက်ဆွေနှင့် မျက်လုံးချင်း ဆုံမိသည့် တစ်ခဏတွင် မိန်းမပျိုသည် နီရဲသော နှုတ်ခမ်းစုံကို စု၍ ပြုံးဟန် ပြုလိုက်ပြီးမှ လူအုပ်ထဲသို့ တိုးဝှေ့ကာ တစ်စုံတစ် ယောက်ကို ရှာဟန်ဖြင့် လှမ်းမျှော်ကြည့်နေလေသည်။ ကိုသက်ဆွေသည် အထူးတွဲထဲသို့ လျှောက်လာခဲ့သည်။
ကိုသက်ဆွေ၏ မိခင် ဒေါ်ချစ်ချစ်မှာ ပြတင်းပေါက်နားက ခုံတစ်ခုံတွင် ထိုင်နေရာက ကိုသက်ဆွေကို မြင်၍ ထလိုက်စဉ် ကိုသက်ဆွေသည် မိခင် ဒေါ်ချစ်ချစ် ရှိရာ ထိုင်ခုံသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့လေ၏။
“မေမေရိုက်လိုက်တဲ့ ကြေးနန်း ရတယ်နော်”
ဒေါ်ချစ်ချစ်က သားကို စေ့စေ့ ကြည့်၍ မေးလိုက်သည်။
“ရပါတယ် မေမေရဲ့၊ ရလို့ လာကြိုဖြစ်တာပေါ့၊ မေမေကော နေကောင်းတယ်နော်၊ ဖေဖေကော အလုပ်သိပ် များနေသလား”
ရထားတွဲ အပြင်ဘက်မှ စကား ပြောနေသော မိန်းမ အသံ တစ်သံကို ကြားရသဖြင့် ကိုသက်ဆွေက စကား ပြောရင်း နားစွင့်ထားလိုက်သည်။ အသံသာပုံကို ထောက်လျှင် စောစောက ဆင်းသွားသော မိန်းမပျို၏အသံ ဖြစ်ရမည်ဟု တွက်ထားလိုက်သည်။
“ကောင်းပါတယ်၊ ခင်မေ ငါ့ လက်ဆွဲအိတ်ထဲက အော်ဒီကလုံးဘူး ပေးစမ်း၊ ခရီးမသွားတာ ကြာလို့လား မသိပါဘူး၊ မူးနောက်နောက်နှင့်”
စောစောက တံခါးဝတွင် တွေ့ခဲ့သော မိန်းမပျိုသည် တွဲထဲသို့ ပြန်၍ တက်လာသည်။
“မမရေ၊ အိမ်က လာကြိုတဲ့ လူနှင့် တွေ့ပြီလား၊ ကြီးကြီးတော့ တွေ့ပြီ ကွယ့်၊ ဟောဒါ ကြီးကြီး သားပဲ၊ မန္တလေး ကောလိပ်မှာ ကထိက လုပ်နေတယ်၊ မောင်သက်ဆွေတဲ့”
မမ ဆိုသူ မိန်းမပျိုက မောင်သက်ဆွေကို မျက်လုံးရွဲကြီးများဖြင့် တစ်ချက်မျှ လှမ်းကြည့်ပြီး သူ့ဟန် အတိုင်း နှုတ်ခမ်းများစု၍ ပြုံးရင်း ခေါင်းညိတ် အသိအမှတ် ပြုလိုက်ကာ နွမ်းနယ်ဟန်ဖြင့်…
“မတွေ့သေးပါဘူး ကြီးကြီးရယ်၊ သံကြိုးမှ ရရဲ့လား မသိပါဘူး”
သည်တော့မှ ကိုသက်ဆွေသည် မောင်မောင်လတ်နှင့် ရုပ်ချင်း ဆင်သလိုလို ရှိသည်ကို သတိထားလိုက်မိ၏။
“ဪ မမကို ရန်ကုန်မှာတုန်းက တစ်ခါ နှစ်ခါ တွေ့ဖူးတယ်၊ အစ်ကိုကြီး လာကြိုပါတယ်၊ ရထားဆိုက်မှ ကျွန်တော်နှင့် ကွဲသွားကြတာပါ၊ ကျွန်တော် ရှာပေးပါ့မယ်”
ကိုသက်ဆွေက မမကို ပြောလိုက်ပြီး ထလိုက်သည်။
သည်တော့မှ မမက ကိုသက်ဆွေကို စေ့စေ့ ကြည့်၍ ပြုံးလိုက်ပြီး…
“ကျေးဇူးပါပဲ မောင်သက်ဆွေရယ်၊ လုပ်စမ်းပါဦး၊ မမတော့ မောနေပြီ၊ မောင်သက်ဆွေကိုတော့ မမ သိပ် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကြီးကြီးက တစ်လမ်းလုံး သူ့သား အကြောင်း ပြောလာလို့တော့ သိနေပါပြီ”
မမက ဒေါ်ချစ်ချစ်ဘက်သို့ လှမ်းကြည့်ပြီး ပြောလိုက်သည်။ သူ့အား မောင်သက်ဆွေဟု ရင်းရင်းနှီးနှီး ခေါ်လိုက်သည်ကို ကိုသက်ဆွေ သတိထားလိုက်မိသည်။ ကိုသက်ဆွေက ပြုံး၍ အပြင် ထွက်မည် အပြုတွင် ပလက်ဖောင်း လူအုပ်ကြားထဲမှ ရထားဆီသို့ လျှောက်လာနေသော မောင်မောင်လတ်ကို လှမ်းမြင်လိုက်သည်။
“ဟော ဟော ဟိုမှာ ဟိုမှာ”
ကိုသက်ဆွေက လှမ်းပြောလိုက်သဖြင့် မမသည် မောင်မောင်လတ် တွဲပေါ် တက်လာသည် အထိ မစောင့်တော့ဘဲ အောက်သို့ ဆင်းသွားပြီး နှုတ်ဆက်နေသည်။ မမ၏ သွားဟန် လာဟန်မှာ ခိုမကလေးလို ပေါ့ပါး ဖျတ်လတ် လှပေသည်။ ကိုသက်ဆွေသည် မောင်မောင်လတ်နှင့် စကားပြောနေသော မမကို လှမ်းမျှော်ကြည့်ပြီးမှ ဒေါ်ချစ်ချစ်ဘက်သို့ လှည့်လိုက်သည်။
ဒေါ်ချစ်ချစ်ကလည်း မမတို့ မောင်နှမဘက်သို့ လှမ်းလှည့်ကြည့်ရာမှ သူ့ဘက် လှည့်လိုက်ပြီး…
“ဖျတ်ဖျတ်လတ်လတ်နှင့် ချစ်စရာကလေးကွယ့်၊ အသားကလေးတွေများ နုနေတာပဲ၊ ရန်ကုန်တုန်းက မင်းကြီး ကိုယ်တိုင် ဘူတာလိုက်ပို့ပြီး မေမေနှင့် ထည့်လိုက်တာ၊ မေမေလည်း သူပါတော့ အပျင်း ပြေတာပေါ့ကွယ်၊ မင်းကို လွမ်းတော့ မင်း အကြောင်းကို တစ်လမ်းလုံး သူ့ပဲ ပြောလာရတာပဲ၊ မင်းကော နေကောင်းရဲ့လား၊ အသားတော့ နည်းနည်း ညိုသွားတယ်၊ ညိုမှာပေါ့၊ မန္တလေးက သိပ် ပူတာလေ”
“ကဲ မေမေ အိမ် ရောက်တော့မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့ ၊ မေမေလည်း ပင်ပန်းလှရော့မယ်”
ကိုသက်ဆွေက အလုပ်သမားများကို ခေါ်၍ ပစ္စည်းများကို အချခိုင်းလိုက်သည်။
မမသည် ရထားပေါ်သို့ ပြန်တက်လာကာ…
“တွေ့ပြီ ကြီးကြီးရေ၊ မောင်မောင်လတ် ဟိုဘက် တွဲမှာ မြင်လိုက်တယ် ထင်လို့ သွားရှာနေသတဲ့၊ ကြီးကြီးတို့လည်း မဆင်းကြသေးဘူးလား၊ အိမ်ရောက်မှ သားနှင့် အေးအေးဆေးဆေး စကားပြောကြရောပေါ့၊ ကြီးကြီးက သားနှင့် တွေ့တော့ လမ်းတုန်းက သား အကြောင်း ပြောပြီး အလွမ်း ဖြေခဲ့ ရတာ ခုတော့ အလွမ်း ပြေရောပေါ့”
မက ပျံ့ပျံ့ကလေး ပြုံး၍ ပြောလိုက်သည်။
“ကြီးကြီးကတော့ သားနှင့် တွေ့ရလို့ အလွမ်း ပြေသွားပါပြီ၊ မမက တော့ ခုမှ အတိုးချပြီး လွမ်းပေတော့၊ ဩော် မမမှာ ခုနစ်နှစ် သားလေး တစ် +ယောက် ရှိတယ် သားရဲ့၊ ဒီတစ်ခါပဲ သားနှင့် ခွဲဖူးလို့ ထင်ပါရဲ့၊ ဓမကလည်း တစ်လမ်းလုံး သူ့သား အကြောင်းပြော၊ မေမေကလည်း မင်းအကြောင်း ပြောရင်း စကားလက်ဆုံ ကျလာကြတယ်”
ဒေါ်ချစ်ချစ်က မမကို ပြောပြီး ကိုသက်ဆွေဘက်ကိုပါ လှည့်ပြောလိုက်၏။
“ဟုတ်တယ် မောင်သက်ဆွေ၊ ကြီးကြီးက မောင်သက်ဆွေ အကြောင်း ပြော၊ မမက တူးတူး အကြောင်း ပြောနှင့် စကားလက်ဆုံ ကျလာ လိုက်ကြတာ တစ်လမ်းလုံးပဲ”
မမကပါ ကိုသက်ဆွေကို ပြုံး၍ ပြောလိုက်သည်။ မမ၏ အပြုံးမှာ နှစ်လိုဖွယ် ကောင်းသော အပြုံးပေတည်း။
“ကဲ ပစ္စည်းတွေ ကားပေါ် ရောက်ကုန်ပြီ၊ သွားကြဦးစို့”
မောင်မောင်လတ်က ပလက်ဖောင်းပေါ်မှ ရပ်၍ ခေါ်လိုက်သဖြင့် မမက မောင်မောင်လတ်နှင့် ဒေါ်ချစ်ချစ်ကို မိတ်ဆက်ပေးပြီးနောက် ကိုသက်ဆွေတို့ သားအမိကို နှုတ်ဆက်၍ ထွက်သွားသည်။
မမ၏ လမ်းလျှောက်ပုံမှာ တောင့်တင်း စိုပြည်သော ခန္ဓာကိုယ်နှင့် လိုက်အောင် ပေါ့ပါး ဖျတ်လတ်လှပေ၏။ ရေမွှေးနံ့သည် တသင်းသင်းပျံ့၍ ကျန် ရစ်ခဲ့သည်။
“မင်းကြီး ကတော်က ချစ်စရာကလေး”
ဒေါ်ချစ်ချစ်က ပြောလိုက်သည်။ သည်စကားလုံးများမှာ ကိုသက်ဆွေ ပြောချင်သော စကားလုံး ဖြစ်ပါ၏။ ကိုသက်ဆွေသည် စိုပြည် လှပသော မမကို မျက်စိ တစ်ဆုံး ကြည့်ကာ ကျန်ရစ်ခဲ့သည်။
မောင်မောင်လတ်နှင့် အတူ မမ ပျောက်ကွယ်သွားတော့မှ…
“ကဲ မေမေတို့လည်း သွားကြစို့၊ မင်း ကားကော အပြင်ဘက်မှာလား၊ ဟဲ့ ခင်မေ၊ လာ ဘာငေးနေတာလဲ”
ဒေါ်ချစ်ချစ်က အိမ်ဖော် မိန်းကလေးကို လှမ်း၍ ခေါ်လိုက်သည်။ ကိုသက်ဆွေက ဒေါ်ချစ်ချစ်ကို တွဲခေါ်ပြီး အောက်သို့ ဆင်းလာခဲ့သည်။ အိမ်ဖော်မ လေးက ဒေါ်ချစ်ချစ်၏ လက်ကိုင်အိတ်၊ မှီအုံး စသည်တို့ကို ပိုက်၍ နောက်မှဆင်းလိုက်လာသည်။
ကိုသက်ဆွေတို့ သားအမိ ပလက်ဖောင်းပေါ်သို့ ရောက်သည်နှင့်၊ ပလက်ဖောင်းပေါ်မှ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကာ ထိတ်လန့်စွာဖြင့် မီးရထား နောက်တွဲများဘက်သို့ ပြေးသွားနေသည်ကို မြင်လိုက်ရသည်။ ဂတ်ဗိုလ်နှင့် ရုံပိုင်တို့လည်း ပျာယီးပျာယာဖြင့် မီးရထား နောက်တွဲများဘက်သို့ ပြေးသွားနေသည်ကို မြင်လိုက်ရသည်။ တစ်ခုခုတော့ ဖြစ်သည်ဟု ထင်ရပေသည်။
ခဏကြာမှ လူ အချို့ ပြန်လာကြကာ…
“ကျွတ် ကျွတ် ကျွတ် ကျွတ် မျက်နှာ တစ်ခုလုံး ရစရာ မရှိတော့ဘူး၊ သူ့ ဘာသာ သူ လှဲချတယ်လို့ ပြောတာပဲ”
ခရီးသည်များမှာ ကိုယ့် ထင်မြင်ချက်ကို တစ်ယောက် တစ်ပေါက် ပြောလာကြသည်။ လူအုပ်ကြီးနှင့် အတူ ညပ်ပါလာသော မောင်မောင်လတ်နှင့် မမတို့ကိုလည်း မြင်ရလေသည်။ သူတို့ နှစ်ယောက်မှာလည်း တစ်စုံတစ်ရာကို စိုးရိမ်နေပုံ ရလေသည်။
လူအုပ်ကြီး ပြိုဆင်းလာသဖြင့် သူတို့သည် ကိုသက်ဆွေတို့ ရှိရာ တွဲဘေးနားတွင် လာ၍ ရပ်လိုက်ကြသည်။
ကိုသက်ဆွေနှင့် မောင်မောင်လတ်သည် ဒေါ်ချစ်ချစ်၊ မမနှင့် ခင်မေတို့ကို တွဲပေါ်သို့ ပြန်တက်စေကာ လူအုပ်ကြီး ပြိုဆင်းသည့်ဘက်သို့ လိုက်သွား လေသည်။
မီးရထား နောက်တွဲများဘက်တွင် မီးရထား အလုပ်သမား တစ်ဦးမှာ နောက်ဆုတ်လာသော ခေါင်းတွဲက ကြိတ်သွားသဖြင့် သွေးသံ အလိမ်းလိမ်းဖြင့် လဲကျနေသည်။
လူအုပ်ကြီးက သံလမ်းဘေး အလောင်းနားတွင် ဝိုင်းအုံနေကြလျက် ရှိပြီး တစ်ယောက် တစ်ပေါက် ပြောဆိုလျက် ရှိ၏။ အချို့ အရက် မူး၍ လဲကျ သွားသည်ဟု ဆိုသည်။ အချို့ကမူ သတ်သေသည်ဟု ပြောကြသည်။ ဘယ် သတင်းကို အမှန်ဟုတော့ ရေရေရာရာ မသိကြပေ။
ကိုသက်ဆွေနှင့် မောင်မောင်လတ်တို့ ပြန်မလာမီ ဒေါ်ချစ်ချစ်နှင့် မမ တို့မှာ သတင်းကို ကြားပြီးပေပြီ။
“ဟာ မြင်လို့ မကောင်းပါဘူး မမရာ၊ ပေါင်နှင့် မျက်နှာကို နှစ်ဖက်ကြိတ် သွားတာ”
မောင်မောင်လတ်မှာ ပြန်ပြောရင်း မျက်နှာကို ရှုံ့မဲ့ထားလေသည်။ ကို သက်ဆွေကမူ ဘာမျှ ပြန်မပြောပေ။ နုပျို ခံ့ညားသော သူ့ မျက်နှာ မသာမယာပင် ဖြစ်နေလေသည်။
“ကြီးကြီးရယ် ကျွန်တော်ဖြင့် သွားကြည့်မိပြီးမှ စိတ်မကောင်း ဖြစ်နေတယ်၊ မိန်းမက ယောက်ျားကို အတင်း ဖက်ဖက်ပြီး ငိုလို့၊ ကလေးတွေကတော့ ဘာမှန်း မသိရှာဘူး၊ လူတွေ ကြည့်ကြည့်ပြီး ငိုနေတယ်၊ ခမျာမှာ လင်လုပ်စာ အပေါ်မှာ မှီခိုနေရတော့ ဘယ်လောက် ဒုက္ခ ရောက်ရှာမလဲ မသိဘူး”
မောင်မောင်လတ်က စိတ်မကောင်း ဖြစ်ဟန်ဖြင့် ပြောပြနေသည်။
မမသည် နီရဲသော နှုတ်ခမ်း အစုံကို ဟကာ မျက်လုံး ကလယ် ကလယ်ဖြင့် နားထောင်နေ၏။ နီရဲသော နှုတ်ခမ်းများကြားမှ ညီညာ ဖြူဖွေးသော သွားများကို မြင်ရပေသည်။
“မိန်းမ လုပ်တဲ့ လူကို သနားပါတယ် မောင်မောင်လတ်ရယ်”
မမက သက်ပြင်းကို ရှိုက်၍ စိတ်မကောင်းဟန်ဖြင့် ဆိုလိုက်သည်။ ကို သက်ဆွေသည် မမကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး တွဲအောက်သို့ ဆင်း သွားလေ၏။
“မေမေ ခဏနော်၊ ကျွန်တော် ခု ချက်ချင်း ပြန်လာခဲ့မယ်”
ကိုသက်ဆွေသည် တွဲနောက်ပိုင်းသို့ လူအုပ်တွေ ကြားထဲမှ တိုးဝှေ့၍ ထွက်သွားလေသည်။
ခဏ ကြာ၍ ကိုသက်ဆွေ ပြန်ရောက်လာသောအခါ မောင်မောင်လတ်မှာ မန္တလေး အကြောင်းကို ပြောပြနေသည်။
“ကဲ မေမေ သွားကြစို့”
ကိုသက်ဆွေက ခေါ်လိုက်သဖြင့် ဒေါ်ချစ်ချစ်၊ မောင်မောင်လတ်၊ မမနှင့် အိမ်ဖော်မကလေးပါ ဆင်းလာကြသည်။ ရှေ့မှ ကိုသက်ဆွေနှင့် ဒေါ်ချစ်ချစ်က လျှောက်လာပြီး နောက်မှ မောင်မောင်လတ်နှင့် မမ လိုက်လာကြသည်။
ဘူတာ ဂိတ်ဝနား အရောက်တွင် မီးရထား အလုပ်သမား ခေါင်းဆောင် တစ်ဦး အပြေးလိုက်လာကာ…
“ဒီမှာ ခင်ဗျာ၊ သေသွားတဲ့ ကျွန်တော်တို့ သမဂ္ဂဝင် အလုပ်သမား အတွက် ငွေနှစ်ရာ ထည့်တဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ နာမည်ကလေး တစ်ဆိတ်လောက် သိပါရစေ၊ ပြီးတော့ ဒီ ငွေကို ဘယ်လို အသုံးပြုစေချင်သလဲ ဆိုတာလည်း အမိန့် ရှိပါ”
ကိုသက်ဆွေက မီးရထားလုပ်သမား သမဂ္ဂ ခေါင်းဆောင်ကို လှည့်ကြည့်၍ ပြုံးလိုက်ကာ…
“ကိစ္စ မရှိပါဘူး၊ အမည် မဖော်လိုသူ တစ်ဦးလို့ပဲ ထည့်လိုက်ပါ၊ ကျန်ရစ်တဲ့ မိန်းမနှင့် ကလေးကို ထောက်ပံ့ချင်လည်း ထောက်ပံ့ပေါ့ ဗျာ”
“ဟေး ကိုသက်ဆွေ၊ လက်စသတ်တော့ ခင်ဗျား ငွေသွားထည့်တာကိုး အေးဗျာ ကျွန်တော်လည်း ရုံးကနေပြီး အထည့်ခိုင်းလိုက်ရမယ်၊ ကောင်းတယ် ကောင်းတယ်၊ ကဲ ကြီးကြီး ကျွန်တော်တို့ကို ခွင့်ပြုပါဦး”
မောင်မောင်လတ်နှင့် မမသည် ဘူတာရုံ ရှေ့သို့ သူတို့ကားဝင်လာသည် အထိ ရပ်စောင့်နေကြသည်။ ကိုသက်ဆွေတို့ ကားမှာ ထွက်ခွာသွားလေသည်။
“နှစ်ပိုင်း ပြတ်သွားတယ်လို့ ပြောတာပဲ”
“ကျုပ်တော့ သဘော ကျတယ်၊ ဘာ ဝေဒနာမှ မနေရတော့ဘူး။ သေရင်တော့ ဒီလို သေတာကမှ ခပ်ကောင်းကောင်း ရှိသေး”
သူတို့ အနားက ဖြတ်သန်းသွားကြသူများက ထင်မြင်ချက်တွေ အမျိုးမျိုး ပေးသွားကြ လေသည်။
မော်တော်ကား ဆင်ဝင်ရှေ့ ရောက်လာသဖြင့် မောင်မောင်လတ်နှင့်မမသည် ကားပေါ်သို့ တက်ထိုင်လိုက်ကြ၏။
မမသည် ကားပေါ်သို့ တွင် စကားတစ်လုံးမျှ မပြောဘဲ မျက်နှာ မသာမယာ ဖြစ်လာလေသည်။
“ဟင် မမ ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား”
“ကြာပါပြီ၊ ကျောင်းမှာ ကတည်းက တွေ့ဖူးနေတာပဲ၊ ကျွန်တော်တို့ထက်တော့ နည်းနည်း ဂျူနီယာ ကျတယ် ထင်တယ်၊ ခု ခင်သီသီနှင့်..’
“မမ သိပါတယ်၊ ကဲ ဆိုစမ်းပါဦး မင်း ကိစ္စ၊ မင်းက စာ တစ်စောင် ပေ တစ်ဖွဲ့ ရေးလိုက်လို့ ငါ လိုက်သာ လာရတယ်၊ ဘာမှန်းတောင် မသိဘူး၊ ကိုကိုတောင် လိုက်လာမလို့ မအားတာနှင့် နေရစ်ခဲ့တာ”
“အင်း ကျွန်တော့် ကိစ္စကတော့ မမပဲ ဖြေရှင်းပေးနိုင်မယ် ထင်လို့ ခေါ် ရတာပဲ”
“ပြောစမ်းပါဦး၊ မင်း ကိစ္စကို”
မောင်မောင်လတ်က ခြွင်းချန်သင့်သည်ကို ခြွင်းချန်ကာ သူနှင့် ခင်ရီရီ တို့ ကိစ္စကို ဇာတ်ကြောင်း ပြန်လေ၏။ အိမ်ရောက်လျှင် မောင်မောင်လတ်မှာ ထမင်းမစားတော့ဘဲ အစည်းအဝေးသို့ ထွက်သွားလေ၏။