မမ

(၁၂)

မမသည် ရေးကြီးသုတ်ပျာနိုင်လှသော သူ့ မောင်ကို လှမ်းမျှော်ကြည့်ရင်း အိမ်ထဲသို့ ဝင်ခဲ့သည်။ မောင်မောင်လတ်တို့ မန္တလေး ပြောင်းလာမှ တစ်ခေါက်မျှ မရောက်ဖူးသေးသဖြင့် အိမ်အဆင်အပြင် အနေအထားကို အကဲခတ်နေမိ သည်။

အစိုးရက သိမ်းထားသော တိုက် ဖြစ်သဖြင့် တိုက်မှာ ခေတ်ဆန်၍ ကျယ်ကျယ်ဝန်းဝန်း ရှိသည်။ ဧည့်ခန်း ပြတင်းပေါက်များမှာ မှန်တံခါး တပ်ထားသော ပြတင်းပေါက်ကြီးများ ဖြစ်၍ လင်းနေပေသည်။

ခင်ရီရီမှာ ဧည့်ခန်းရှိ ဆိုဖာတစ်ခုပေါ်တွင် ထိုင်ရင်း အလတ် မိုမိုကို စာသင်ပေးနေသည်။ မိုမိုသည် စာသင်ရင်း ရင်ဘတ် ကြယ်သီးကို ဆွဲဖြုတ် နေသည်။ ခင်ရီရီက ကြယ်သီးကို မကိုင်ဖို့ ပြောသည့် အခိုက်ကလေးတွင်သာ ငြိမ်ငြိမ် နေသော်လည်း ခဏ ကြာလျှင် ကြယ်သီးကို ဆွဲဖြုတ်နေသည်။

ခင်ရီရီသည် မောင်မောင်လတ်ကို စိတ်ဆိုးနေတုန်း ဖြစ်သဖြင့်သာ မမ အလည်လာမည့် ကိစ္စကို ဘာမျှ မဆိုင်သလို စပါးရေပိတ် ပြောလိုက်ခြင်း ဖြစ်၏။ တကယ်ကမူ မောင်မောင်လတ်ကို စိတ်ဆိုး၍ မမကို အတွေ့ မခံဘဲ နေလျှင် သူ့ဘက်က ရိုင်းရာကျမည်ကို စိုးရိမ်မိပြန်သည်။ ထို့ကြောင့် ဘူတာ သွားကြိုတုန်းက မလိုက်ဘဲ မေမေတို့ အိမ် သွား၍ ရှောင်နေခဲ့သော်လည်း မောင်မောင်လတ်တို့ ပြန်မလာမီကလေးတွင်ပင် အိမ်သို့ ပြန်လာကာ စောင့်နေခြင်း ဖြစ်နေလေသည်။ မိုမိုကို စာသင်ပေးနေသဖြင့်လည်း မောင်မောင်လတ်တို့ စီးလာသော မော်တော်ကားသံကို မကြားလိုက်မိပေ။

အိမ်ရှေ့ခန်းမှ ခြေသံကို ကြား၍ ထွက်ကြည့်လိုက်တော့မှ ဧည့်ခန်းထဲတွင် ရပ်နေသော မမကို မြင်ရသည်။

“ဟင် မမ၊ ရီတောင် မသိလိုက်ဘူး”

ခင်ရီရီက မမဆီသို့ သွားကာ မမ၏ ခါးကို သိမ်းကျုံး ဖက်လိုက်သည်။

ခုလေးတင်ပဲ ရီ၊ မောင်မောင်လတ်တော့ အစည်းအဝေး ရှိလို့ဆိုပြီး ကားပေါ်ကတောင် မဆင်းတော့ဘူး၊ ပြန်ထွက်သွလေရဲ့၊ ကလေးတွေရော”

“ရှိပါတယ်။ မိုမိုရေ ကြီးကြီး လာတယ်၊ ချိုချိုကိုလည်း ခေါ်လိုက်”

ခင်ရီရီက လှမ်း၍ ပြောလိုက်သည်။ သူ့ မျက်လုံးများကမူ သူတို့ကိစ္စကို မမ သိပြီးလေပြီလားဟု

အကဲခတ်လျက် ရှိသည်။

“ဟေ့ မိုမိုလားဟေ့၊ ကြည့်စမ်း ထွားလာလိုက်တာ၊ လာစမ်း လာစမ်း ကြီးကြီးဆီ လာစမ်း”

မမက လက်ပွေ့အိတ် အနီကို ဆိုဖာပေါ် ပစ်ချလိုက်ပြီး မိုမိုကို ဖက်ယမ်း နမ်းရှုပ်နေ၏။

ခင်ရီရီမှာ မမ၏ ပစ္စည်းများကို အစေခံများအား နေရာချထား ခိုင်းနေပေသည်။ ပြီးမှ…

“မမကတော့ သိပ် နုပြီး သိပ် လှနေတာပဲနော်”

“မမလား သိပါဘူးကွယ်၊ လူတိုင်းက ဒီလို ပြောကြတာပဲ၊ ကုသိုလ်လို့ပဲ အောက်မေ့ရမှာပေါ့ ဟဲ ဟဲ၊ မိုမိုက တူးတူးထက် ငယ်တယ်နော်’

“ငယ်တာပေါ့ မမရဲ့၊ မမတို့ ကသာ လာတုန်းက မိုမိုက ခြောက်လသား ရှိသေးတယ်၊ တူးတူးက နှစ်ခါလည် ပြီးပြီလေ”

“ဪ ဟုတ်သားပဲ၊ အငယ်ဆုံး ကလေးကော”

“အိပ်ပျော်နေတယ် မမ၊ သူလေးက သိပ် ဆိုးတယ်၊ သူ လိုတာ မရရင်လည်း စိတ်ကောက်ရတာနှင့်”

ခဏ ကြာလျှင် လိမ္မော်ရည် ပုလင်းနှင့် ဖန်ခွက်ကို အိမ်ဖော်မလေးက ငွေလင်ပန်းဖြင့် လာချ လေသည်။

“ဘယ့်နှယ်လဲ၊ ရီတို့ ကိစ္စ မမ ကြားပြီးပါပြီကွယ်”

မမက လိမ္မော်ရည် ဖန်ခွက်ကို ကောက်၍ နှုတ်ခမ်းတွင် တေ့လိုက်စဉ် ပြောလိုက်သည်။ ခင်ရီရီသည် ဘာပြန်ပြောရမှန်း မသိဘဲ ငြိမ်နေသည်။ သူ့အား အားပေး ဖျောင်းဖျလိမ့်မည်ဟု မျှော်လင့်နေမိသည်။ သို့ရာတွင် မမ ထံမှ ဘာမျှ ထွက်မလာပေ။

“အင်း မမ အနေနှင့်တော့ သူ့ဘက်က ရှေ့နေ မလိုက်ချင်ဘူး ရီ၊ သူ့ဘက်က ရှေ့နေ မလိုက်လို့ သူ့ကို ခွင့်လွှတ်ဖို့ ပြောရင်လည်း မမ မတရားဘူး၊ မမကတော့ ဒီ အကြောင်း ကြားရတာ နည်းနည်းမှ စိတ်မကောင်းဘူး”

မမက လေးတွဲ့စွာ ပြောရင်း သက်ပြင်း ချလိုက်၏။ ဖားလျား ညွှတ် ကော့သော မျက်တောင် အောက်မှ မမ၏ မျက်လုံးရွဲများမှာ မှိုင်းနေကြ၏။

မမသည် ခင်ရီရီ အနားသို့ တိုးရွှေ့ ထိုင်လိုက်ပြီး ခင်ရီရီ လက်များကို ဆုပ်နယ်နေသည်။

ခင်ရီရီကမူ ခေါင်းကိုသာ ငုံနေလေသည်။

“ရီကတော့ ကလေးတွေအတွက် စိတ်မကောင်းတာပါပဲ မမရယ်”

ခဏ ကြာတော့ ခင်ရီရီက ငိုသံပါဖြင့် ပြောလိုက်သည်။ မျက်ရည်များ သည် ပါးပြင်ပေါ်သို့ စီးကျလာ၏။

“အေးကွယ်၊ ဖြစ်ပြီးမှတော့ နောင် ဒီလို မဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာပဲ နည်းလမ်း ရှာရတော့မှာပေါ့၊ ငိုနေရုံ စိတ်ဆိုးနေရုံနှင့်လည်း ပြီးတာမှ မဟုတ်ဘဲ “

“ရီကလည်း ပြီးပြီးသား ပြီးပါစေတော့လို့ ထားတာပါပဲ၊ ဒါပေမဲ့ ရီ့ကို သူ မချစ်ဘူး ထားဦး၊ ကလေးတွေ အတွက်တော့ ထည့်ပြီး စဉ်းစားဖို့ ကောင်းပါတယ် မမရယ်၊ ရီကလည်း ဒါပဲ တွေးပြီး ဒေါသ ထွက်တာပါ၊ တကယ်ဆိုတော့ ကွဲကြဖို့ ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ သူနှင့် ရီ နှစ်ယောက် အနေနှင့် ပြတ်ပြတ်စဲစဲ နေနိုင်တယ် ထားဦး၊ ကလေးတွေ အတွက်…”

ခင်ရီရီက ရှေ့ဆက် မပြောနိုင်ဘဲ ရှိုက်နေ၏။

“ကဲပါကွယ်၊ ကွဲ စကားတော့ ပြောမနေပါနှင့်၊ ရီ လုပ်ချင်တဲ့ မမကိုသာ ပြောစမ်းပါ”

မမက ခင်ရီရီကို ကရုဏာသက်စွာ ကြည့်ရင်းမေးလိုက်သည်။

“ရီလည်း ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး မမ၊ ဝန်ခံပါတယ်၊ ရီဟာ အိမ်မှာ နွဲ့ဆိုး ဆိုးတတ်တယ်၊ အိမ်မှု ကိစ္စကို နာမလည်ဘူး၊ ရီ့မှာ အိမ်ထောင်ရှင်မ တစ်ယောက်အနေနှင့် အရည်အချင်း မပြည့်စုံဘူး ယောက်ျားရဲ့ အလိုက် မသိတတ်ဘူး၊ ရီ့မှာ သူ့ကို ချစ်တယ်ဆိုတဲ့ အရည်အချင်း တစ်ခုပဲ ရှိတယ်၊ သူ့ကို ယုံတယ်၊ အားကိုးတယ်၊ ရီ့ စိတ်ထဲမှာ သူဟာ ရီ တစ်ယောက်က လွဲလို့ ဘယ်မိန်းမကိုမှ ချက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ သူနှင့် အိမ်ထောင်ကျလို့ ကလေး သုံးယောက်တောင် ရပြီ ဒီလို ကိစ္စမျိုး နှင့် ပတ်သက်လို့ သူ့ အပေါ်မှာ တစ်ခါမှ သံသယ မဖြစ်မိခဲ့ဘူး၊ ခုတော့…”

ခင်ရီရီသည် ဆက်၍ မပြောနိုင်ဘဲ ရှိုက်နေပြန်၏။

“သူ့ဟာမဆီက ပေးတဲ့ စာကို တွေ့တော့မှ သိတော့တာပဲ၊ လက်စတတ်တော့ ချိန်းချိန်ပြီး တွေ့နေကြတာ မမရဲ့၊ အိမ်မှာ ကလေးတွေ စာသင် နေရာက အထွက်ခိုင်းပြီး တစ်လကို သုံးရာ ပေးထားတယ်။ ရီက လခ အပြည့် မရလို့ မေးတော့ ဂေါ့ဖ် ကလပ်ကို ပေးရလို့၊ ဆိုရှယ်ကလပ်ကို ပေးရလို့ ညာပြောတယ်၊ ရီကိုကလည်း အလို့ပါ၊ စာတွေ့တော့ ရီက စာမပြဘဲ မေးတယ်၊ အဲဒါလည်း ရီ့ကို လိမ်ပြောတယ်၊ နောက်ဆုံး ရီက စာထုတ်ပြတော့မှ ဝန်ခံတော့တယ်၊ သူ့ဟာမနှင့် ဒီလိုသာ မပြတ်မစဲ လုပ်နေကြဦးမယ် ဆိုရင်တော့ ရီနှင့် သူ အတူ နေဖို့ ခက်တယ် မမ”

      “အို ဟုတ်ပါတယ်၊ ဒီလို ဘယ်နေလို့ ဖြစ်မလဲ၊ မမ နားလည်ပါတယ်”

မမက ခင်ရီရီ၏ လက်ဖျားကို ညှစ်၍ စိတ်အား ထက်သန်စွာ ပြောလိုက်၏။

“မမပဲ စဉ်းစားကြည့်လေ၊ သူကတော့ သူဟာမနှင့် ကွယ်ရာမှာ ပျော်လို့ အကြည်ဆိုက်နေကြတာ၊ ရီမှာတော့ မျက်ရည်နှင့် မျက်ခွက်”

“ခုတော့ သူလည်း နောင်တ ရဟန် တူပါပြီ ရီရယ်”

“မမ ရှေ့မို့လို့ပါ မမရယ်”

“အို ဒီလိုတော့ မဟုတ်ပါဘူး ထင်ပါတယ် ရီရဲ့၊ ကိုယ့် မောင်မို့လို့ ကိုယ် ပြောနေတာ မဟုတ်ပါဘူး၊ မမ အကဲခတ်လို့ ရသလောက်တော့ တကယ် နောင်တ ရပုံပါပဲ၊ သူ မှားတဲ့ အကြောင်း ရီ့ကို ခွင့်လွှတ်ဖို့ မမက ဖျောင်းဖျပေးဖို့ အကြောင်း မမကို တဖွဖွ ပြောလာပါတယ်၊ သိသလောက်တော့ သူဟာ ကလေးတွေ အတွက်လည်း တွေးပြီး စိတ်မကောင်းဘူး၊ နောက်တစ်ခုက ရီ့ကိုလည်း သူ ချစ်တယ်၊ ရီ့ကို သူ ဘယ်လောက် ချစ်တယ် ဆိုတာတော့ မမလည်း ကောင်းကောင်း သိပါတယ်ကွယ်၊ မမရယ် ကျွန်တော့် အတွက်နှင့် ရီ သိပ်စိတ်ထိခိုက်နေပြီ၊ ကျွန်တော် ရီ စိတ်ထိခိုက်အောင် လုပ်မိပြီ၊ ရီ ခွင့်လွှတ်အောင် ကျွန်တော် ဘယ်လို လုပ်ရပါ့မလဲနှင့် တဖွဖွပဲ”

ခင်ရီရီသည် သူ့ယောက်မ၏ စကားများကို နားထောင်ရင်း ငေးစိုက်နေလေသည်။ သူ့ မျက်လုံးတွင် မျက်ရည်စများမှာ ခြောက်သွေ့စ ပြုလာပြီ ဖြစ်၏။

“ရီလည်း သူ့ကို သနားတော့ သနားပါတယ်၊ ခု ကိစ္စဟာ သူ့ အပြစ်ဆို တာ သူ သဘောပေါက်ရင်တော့ သူလည်း စိတ်ကောင်းနိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ့ဟာမနှင့် ဒီအတိုင်းသာ ဆက်နေရင် ရီ ဘယ့်နှယ်လုပ် နေရမလဲ မမ၊ ဒီအတိုင်း နေသွားကြရင် ရီလည်း စိတ်ဆင်းရဲ သူလည်း စိတ်ဆင်းရဲ၊ အို …မကောင်းပါဘူး မမရယ်”

ခင်ရီရီမှာ မျက်လုံးမှ မျက်ရည်တွေ စီးကျလာပြန်၏။

“သူ့ဟာမက ရီထက် လှတယ်၊ ငယ်တယ်၊ ကောလိပ် ကျောင်းထွက် ပညာတတ် မမရဲ့၊ ဒီတော့ ရီ့ထက် ခေတ်မီတယ်၊ ဒီ့မှာ သူ မက်လောက်အောင် ရုပ်လည်း မရှိတော့ဘူး၊ ဒီလင်ကို ပြုစုရ ကလေးတွေ မွေးရတာနှင့်ပဲ အရွယ်လည်း ကျပြီ၊ ဒီတော့ သူ့ အနေနှင့် ရီ့ထက် ငယ်လည်းငယ် ချောလည်းချောတဲ့ သူ့ဟာမကို သူ စွဲမှာပဲ မမ၊ မမ ဖျောင်းဖျပေမဲ့ ရီတော့ သိပ် မထင်ဘူး”

“ကိုယ့်မောင် အကြောင်း သိနေတော့ မမ ပြောချင်တာ တစ်ခုတော့ ရှိတယ်၊ အဲဒါကို ရီက…”

မမက စကား မဆက်ဘဲ ခင်ရီရီကို အကဲခတ်သလို လှမ်းကြည့်နေသည်။

“ပြောပါ မမ၊ ကောင်းမယ် ထင်တယ် ဆိုတာသာ ပြောပါ၊ ရီ နားထောင် ပါ့မယ်”

“မောင်မောင်လတ်မှာ ပြောလွယ် မေ့လွယ် ပျောက်လွယ်တဲ့ အကျင့် ရှိတယ်ဆိုတာ မမ သိတယ်၊ အမှား လုပ်မိရင်လည်း နောင်တရ လွယ်တယ်၊ ဒီတော့..”

“နောင်တရ လွယ်ပေမဲ့ နောင်တ ရတာကို မေ့ပြီး နောက်တစ်ခါ ပြန်လုပ်တာပဲ မမ၊ မမ မောင် အကြောင်း မမ မသိဘူးနော်”

“ဟုတ်ပါတယ်၊ အမှားကို ဝန်ခံပြီး ပြန်လုပ်ချင် လုပ်တတ်တဲ့ ဝသီလည်း ရှိတယ်ဆိုတာ မမ သိပါတယ်၊ ဒါပေမဲ့ ဒီကိစ္စမှာတော့ သူလည်း တော်တော် နောင်တ ရလိမ့်မယ်လို့ မမ ထင်ပါတယ် ရီရယ်၊ ဒီတော့ မမ ပြောချင်တာက ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါ၊ ပြတ်စဲဖို့ ဆိုတာကလည်း စိတ်ဆိုးတုန်းမို့လို့ စဉ်းစားမိကြတာပါ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်၊ တကယ် ခေါင်းအေးအေးနှင့် စဉ်းစားတဲ့အခါကျတော့ ကလေးတွေအတွက် စဉ်းစားရဦးမယ်၊ နှစ်ဖက် လူကြီးတွေကို ထည့်စဉ်းစားရဦးမယ်၊ ပတ်ဝန်းကျင်ကို ထည့်စဉ်းစားရဦးမယ်၊ ကိုယ့်သိက္ခာ ကိုယ့်ဂုဏ် ကိုယ့်အဆင့်အတန်းကို ထည့်စဉ်းစားရဦးမယ်၊ အို စဉ်းစားစရာတွေ အများကြီးပဲ ရီ၊ မမက ခုလို ပြောနေတာဟာ ရီ့ကို ကိုယ်ချင်း မစာလို့ ပြောနေတာ မဟုတ်ဘူး၊ ဒီ့ပြင် အကြောင်းတွေ အသာထား၊ ယောက်ျား တစ်ယောက်ဟာ ကိုယ့် မိန်းမကို ဘေးချိတ်ပြီး တခြား မိန်းမ တစ်ယောက်နှင့် ကျူးလွန် ဖောက်ပြားမိတယ် ဆိုရင်ပဲ ဒီယောက်ျားဟာ တော်တော် အပြစ်ကြီးလှပြီ၊ ဒီတော့ မမလည်း ရီကို ကိုယ်ချင်းစာပါတယ်၊ ဒါပေမဲ့ မမ သဘောက တော့ ရီဟာ သူ့ကို တကယ် ချစ်သေးတယ် ဆိုလို့ ရှိရင် ရီရဲ့ အသည်းနှလုံးထဲမှာ သူ့ကို ချစ်တဲ့ စိတ်ကလေး ရှိနေသေးရင် သူ့ကို ဒီ တစ်ခါတော့ ခွင့်လွှတ်လိုက်ပါနော်။ ညီမကို မမ ခု ပြောတာဟာ သူ့ရဲ့ အစ်မ တစ်ယောက် အနေနှင့် ပြောနေတာ မဟုတ်ပါဘူးကွယ်၊ မိန်းမသား တစ်ယောက် အနေနှင့်ပြောနေတာပါ၊ ဟုတ်လားနော် ရီ၊ ဒီ တစ်ခါတော့ နောက်ဆုံးပါကွယ်၊ နော်… နော်”

မမက စိတ်အား ထက်သန်စွာ ပြောပြနေ၏။ သည်တော့မှ ခင်ရီခရီမျာ လည်း တောင်းပန်နေသော မမကို အားနာ သနားကြီး ဖြစ်၍လာသည်။

“ဒီ တစ်ခါတော့ ရီ့အနေနှင့် မမ သဘော အတိုင်းပါပဲ၊ ကဲ… လာ၊ မမလည်း ရီတို့ကိစ္စ ပြောနေရတာနှင့် နားပဲ မနားရသေးဘူး၊ မမ နေဖို့ အပေါ်ထပ်မှာ အခန်း ပြင်ထားတယ်”

      ခင်ရီရီက မမကို ခါးမှ ဖက်၍ အပေါ်ထပ်သို့ ခေါ်သွားလေသည်။ သည်တော့မှ မမ၏ မျက်နှာမှာ ကြည်လင် ဝင်းပလာ

ကာ နှုတ်ခမ်းတွင် အပြုံးပန်းပွင့် ဖူးပွင့်လာပေတော့သည်။