မမ

(၁၃)

မမ ရောက်သည်ဟု ကြားသဖြင့် ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာကြသည်။ အရာရှိ ကတော်များ၊ စစ်ဗိုလ် ကတော်များနှင့် အာဏာရ နိုင်ငံရေး ပါတီ လက်အောက်ခံ အမျိုးသမီး အဖွဲ့ ခေါင်းဆောင်များ၊ ကုန်သည်များ စသဖြင့် င်လာမစဲ တသဲသဲ ဖြစ်နေ၏။ မမသည် တစ်နေ့လုံး ဘယ်ကိုမျှ မထွက်ရဘဲ လာသမျှ ဧည့်သည်များကိုသာ ဧည့်ခံ စကား ပြောနေရသည်။ နေ့လယ် ရုံးဆင်းချိန်တွင် မောင်မောင်လတ် ပြန်မလာဘဲ ဒရိုင်ဘာသာလာ၍ ကော်ဖီဘူးနှင့် စားစရာများကို လာယူလေသည်။ မမသည် မောင်မောင်လတ်အား ညစာကို အိမ်တွင် စားရန်နှင့် စောစော ပြန်လာရန် စာရေး၍ ဒရိုင်ဘာကို ပေးလိုက်လေသည်။

ညနေတွင် မောင်မောင်လတ်သည် စောစောစီးစီး ပြန်လာကာ ညစာကို အိမ်မှာပင် စားသည်။ ခင်ရီရီနှင့် စကား ပြောသည်။ ခင်ရီရီကလည်း သူ့ကို ခါတိုင်း ခေါ်သလို “မောင်” ဟု ခေါ်သည်။ သို့ရာတွင် နှစ်ယောက်စလုံးမှာ ခပ်စိမ်းစိမ်း ဖြစ်နေသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ကွဲစကားတော့ နောက်ထပ် မပြောကြခြင်းမှာလည်း ကောင်းသော လက္ခဏာပင် ဖြစ်သည်။

ညစာ စားပြီး၍ ဝိုင်းဖွဲ့ စကား ပြောနေကြတုန်း ကားတစ်စီးဖြင့် ခင်သီသီ ရောက်လာလေသည်။ ခင်သီသီမှာ မမကို သုံးလေးခါလောက်သာ တွေ့ဖူးပေသည်။ ခင်သီသီ လာခြင်းမှာ ဝတ္တရားအရ နှုတ်ဆက်ရန် လာခြင်း ဖြစ်သော်လည်း မမလို ရန်ကုန် အထက်တန်းလွှာတွင် ထင်ရှား ကျော်ကြားလှသော မင်းကြီး ကတော် တစ်ဦး၏ သွင်ပြင် လက္ခဏာကို လည်းကောင်း၊ ဝတ်စား ဆင်ယင်ပုံကို လည်းကောင်း အကဲခတ်ရန် လာခြင်းလည်း ဖြစ်ပေသည်။

ခဏ ကြာလျှင် ခင်ရီရီ အပေါ်သို့ တက်သွား၍ ကလေး သွားသိပ်သည်နှင့် မောင်မောင်လတ်လည်း တက်လိုက်သွားလျှင် မမမှာ ပြုံး၍ ကျန်ရစ်ခဲ့လေသည်။

မမသည် ပိုးပျော့ အင်္ကျီ နက်ပြာရောင် လက်ပြတ်၊ တူတယ် လုံချည် အပြာရောင်နှင့် ဆံပင်ကို နောက်တွဲ ထုံးကာ ရိုးရိုးကလေး ဝတ်ဆင်ထားသည်။ ဟောင်ကောင်မှ ဝယ်လာသော နီလာမြှုပ် နားတောင်းကို ပန်ထားသည်။ ညာဘက်တွင် ကြိုးပျော့ လက်ကောက် တစ်ဖက်နှင့် ဘယ်ဘက်တွင် နာရီ မြှုပ်ထားသည့် ပလက်တီနမ် လက်ကောက် တစ်ဖက်ကို ဝတ်ထားသည်။ ခင်သီသီသည် ခပ်ရိုးရိုး ဝတ်ဆင်ထားပြီး ကဗျာဆန်ဆန်လှသော မမကို ငေးစိုက်ကြည့်ကာ အဝတ်အစား အဆင်အပြင်ကို အသေးစိတ် သား နေလေသည်။ နောက် မမအား သူ့ မွေးနေ့ ပြီးမှ ပြန်ရန် ပြောနေ၏။

“သီသို့ မွေးနေ့က ဘယ်တော့လဲ”

“သုံးရက်နေ့မှာပါ၊ သီသီ့ မွေးနေ့ ရောက်အောင်တော့ နေပါဦးနော် မမ”

ခင်သီသီက ခပ်နွဲ့နွဲ့ကလေး ပြောလိုက်သည်။

“နေတော့ နေချင်ပါတယ် သီသီရယ်၊ ဒါပေမဲ့ ကိုကို တစ်ယောက်တည်းရယ်၊ ပြီးတော့ သားကလည်း မေမေ မြန်မြန် ပြန်လာခဲ့ရမယ်လို့ တဖွဖွ မှာ လိုက်တော့..”

“ဟင့်အင်း မမရယ်၊ သီသီ့ မွေးနေ့ ပြီးမှ လာမယ်လို့ စာရေးပါ၊ သီသီ ကိုယ်တိုင်လည်း မမကို သီသီ မွေးနေ့ ပြီးမှ ပြန်လွှတ်မယ်လို့ အစ်ကိုကြီးဆီ စာတစ်စောင် ရေးလိုက်မယ်၊ ဟုတ်လားနော် မမ”

“သီသီက ဒီလောက် နေစေချင်မှတော့လည်း မမ နေရတာပေါ့ကွယ်၊ ဒီ အချိန်ဟာ သီသီ အဖို့ အပျော်ဆုံး အချိန် မဟုတ်လား၊ သီသီရဲ့ အပျော်ဆုံး အချိန်မှာ မမပါ ရှိသင့်တယ်လို့ သီသီက ဖိတ်လို့ ရှိရင်လည်း မမက မငြင်း ရက်ပါဘူး၊ မောင်မောင်လတ် ပြောလို့ မမ သိပြီးပါပြီ၊ မောင်သက်ဆွေတောင် ဘူတာမှာ တွေ့ခဲ့သေးတယ်”

“ဪ မမ တွေ့ခဲ့သလား၊ ဒါထက် နေပါဦး၊ အစ်ကိုလေးက သီသီ့ အကြောင်း ဘာတွေများ မမကို ပြောလို့လဲ၊ ဟောဒီ အစ်ကိုလေးဟာ ဒီလို ချည်းပဲ”

ခင်သီသီက နှုတ်ခမ်းကလေး စူကာ ပြောလိုက်သည်။ မမက သီသီအား ပြုံး၍ ကြည့်ကာ…

“အတင်းအဖျင်းတွေပေါ့ကွယ့်၊ မောင်သက်ဆွေရဲ့ မေမေလည်း မမနှင့် တစ်တွဲတည်းပဲ၊ သား အကြောင်း ပြောလိုက်တာလေ တတွတ်တွတ်နှင့်”

“ဘာတွေများ ပြောလို့လဲ မမရဲ့”

ခင်သီသီက သိချင်စိတ်ကို ဖုံးဖိ၍ ခပ်ပေါ့ပေါ့ဟန်ဖြင့် မေးလိုက်သည်။

“အို စုံလို့ပဲ၊ သူ့ အမေက မောင်သက်ဆွေကို တော်တော် ချစ်ပုံရတယ်၊ မောင်သက်ဆွေဟာ ပညာ ကြိုးစားကြောင်း၊ ငယ်ငယ် ကတည်းက တခြား ကလေးတွေနှင့် မတူ ထူးခြားကြောင်း၊ လူပျိုပေါက်တုန်းက မိန်းကလေး တစ်ယောက် ရေနစ်လို့ အသက်စွန့် ကယ်ဖူးတဲ့ အကြောင်းက စပြီး စုံလို့ပဲ၊ မောင်သက်ဆွေဟာ လူတော်ကလေးပါကွယ်”

မမသည် ခင်သီသီကို ပြောပြရင်း ဘူတာရုံတွင် အလုပ်သမား မိန်းမ အား ငွေနှစ်ရာ ပေးခဲ့သည်ကိုပါ အမှတ် ရလာလေသည်။ သို့ရာတွင် သည် အကြောင်းကိုမူ ခင်သီသီအား ဖွင့်မပြောလိုက်ပေ။ မမသည် အမင်္ဂလာ အဖြစ် အပျက်ကြီးကို စိတ်ထဲတွင် ထင်မြင်ကာ ကတုန်ကယင်ကြီး ဖြစ်လာသဖြင့် အဖြစ်အပျက်နှင့် ပတ်သက်နေသည့် ငွေနှစ်ရာ ပေးသည့် ကိစ္စကိုလည်း ချန်လှပ်ထားလိုက်ခြင်း ဖြစ်ပေသည်။

“အပေါ်ထပ် မမ အခန်းက အိုက်လိမ့်မယ် ထင်လို့ အခန်း သွားရွှေ့ခိုင်းနေတာ၊ မောင်တော့ ပစ္စည်းတွေ နေရာချခိုင်းရင်း ကျန်ရစ်လေရဲ့”

ခင်ရီရီက ရှက်စနိုး ပြုံး၍ ပြန်ပြောသည်။

“အို ရီကလည်းကွယ် ကိစ္စ မရှိပါဘူး၊ အိုက်တဲ့ နေရာ လာတာ အိုက်မှာပေါ့ ၊ မမက ဘယ်နေရာ အိပ်ရ အိပ်ရ အိပ်ပျော်တာပဲ၊ ရီတို့ အစ်ကိုကြီးကတော့ နည်းနည်း ချေးများတယ်၊ နွေ ဆိုရင် ည တော်တော်နှင့် အိပ်မပျော်ဘူး”

မမက ပြန်လည်၍ အလွမ်းသင့်ကြဟန် တူသော ခင်ရီရီကို အကဲခတ်၍ ပြုံးနေသည်။

ခင်ရီရီ၏ မျက်နှာမှာ ကြည်လင် ဝင်းပလာသည်ဟု ထင်ရသည်။ မောင်မောင်လတ် ဆင်းလာသော အခါ မောင်မောင်လတ်မှာလည်း ရွှင်ပျနေသည်။ တစ်ယောက်နှင့် တစ်ယောက်ပင် နောက်ပြောင် ကျီစယ်နေကြသည်ကို တွေ့ ရသော အခါ ပြန်၍ အလွမ်း သင့်သွားကြပြီဟု တထစ်ချ ယူဆထားလိုက် သည်။

နောက် စားပွဲပေါ်က ဓာတ်ပုံ စာအုပ်များကို ကြည့်ရင်း အသိမိတ်ဆွေ များ အကြောင်းကို ပြောနေကြခိုက် အိမ်ရှေ့မှ ကားတစ်စီး ဆိုက်သံ ကြားရ ပြန်သဖြင့် အားလုံး တံခါးဝသို့ ကြည့်လိုက်ကြသည်။

အစေခံမကလေးက တံခါး ဖွင့်ပေးလိုက်သောအခါ ကားမီးရောင် အောက်တွင် ပြုံးရယ်နေသော ကိုသက်ဆွေ။

မမသည် ကိုသက်ဆွေကို မြင်လိုက်တော့ ရွှင်လန်း အားရှိ သွားသလို ခံစားမိသည်။ တပြိုင်တည်းမှာပင် ကိုသက်ဆွေ၏ ရက်ရော ဖော်ရွေမှု၊ ငွေ နှစ်ရာပေးခဲ့သည့် ကိစ္စ၊ နောက် အလုပ်သမား ရထား ကြိတ်မိသည့် အဖြစ်အပျက်ကို သွား၍ အမှတ်ရလိုက်သည်။ အမင်္ဂလာ အဖြစ်အပျက်ကြီးကို တွေးလိုက်၌ မိသည်နှင့် မမ ရင်ထဲတွင် ကတုန်ကယင်ကြီး ဖြစ်လာပြန်လေသည်။

ကိုသက်ဆွေသည် အားလုံးကို ပြုံး၍ နှုတ်ဆက်ကာ မောင်မောင်လတ်နှင့် စကား ပြောနေသည်။

ခဏကြာတော့ မောင်မောင်လတ်နှင့် စကား ပြောပြီးသဖြင့် ပြန်ရန် အားလုံးကို နှုတ်ဆက်လိုက်သည်။

“ဟင် ပြန်တော့မလား ကိုသက်ဆွေ”

“ပြန်ဦးမယ် ရီရီ၊ ကိစ္စကလေးတွေ ရှိနေလို့၊ ကဲ အားလုံး သွားမယ်နော်”

ကိုသက်ဆွေက မမနှင့် ခင်သီသီကို တစ်လှည့်စီ ကြည့်ပြီး နှုတ်ဆက်ထွက်ခွာသွား လေသည်။

“မနက်ဖြန် ပညာရေး ဝန်ကြီး ရောက်မယ်လေ၊ အဲဒါ သူတို့ တက္ကသိုလ်ကလည်း ဒင်နာ ပေးချင်လို့ ပရိုဂရမ်ထဲ ထည့်ပေးစမ်းပါလို့ လာပြောတာ ကိုသက်ဆွေက ခင်သီသီ ရှိတော့ နည်းနည်းလည်း ရှက်ဟန် တူပါရဲ့၊ ဟဲ ဟဲ”

မောင်မောင်လတ်က သူ့ ခယ်မချောကို နောက်နေသည်။

ခင်သီသီမှာ မျက်နှာကလေး နီရဲ သွားရာက… “အို ကိုလေးကလည်း ဟု” ဆိုကာ ရှက်ပြုံး ပြုံးရင်း ခေါင်းငုံ့နေလေသည်။

မမ၏ ချစ်စရာ ကောင်းသော မျက်လုံးများကမူ ပြုံးနေသည်ဟု ထင်ရ ပေ၏။