မမ

(၁၄)

ခြံကြီး တစ်ခြံလုံး မီးပွင့် ရောင်စုံတို့ဖြင့် ဝင်းထိန်လျက် ရှိသည်။ ခြံစည်းရိုး ပုဏ္ဍရိတ် ချုံများပေါ်တွင် လည်းကောင်း၊ သစ်ပင်များပေါ်တွင် လည်းကောင်း မီးပွင့် ပဒေသာတို့ကို ထွန်းညှိထားသဖြင့် နီလာရောင် ရွှေရောင် မြရောင် ပတ္တမြားရောင်တို့ ပြိုးပြက်သော အသီးများ အခိုင်လိုက် သီးနေသကဲ့သို့ ထင်ရသည်။ အထက်တွင် ကြိုးများဖြင့် ဆိုင်းကာ ငရဲမီး သွင်းထားသော ပူဖောင်းရောင်စုံများကို ချိတ်ဆွဲထားသည်။ လေတိုးသည့် အခါတွင် ပူဖောင်းရောင်စုံ များသည် တအိအိ ယိမ်းနွဲ့ လွင့်ပါနေကြ၏။

ခြံဝင်းထဲရှိ မြက်ခင်းပေါ်တွင် စားပွဲဝိုင်းများကို ကုလားထိုင် ငါးလုံးခန့် ခြံရံပြီး ချထားသည်။ စားပွဲဝိုင်းတွေ ဆုံးတော့မှ ထိပ်ဖျားတွင် အငြိမ့်စင်ကြီးကို ဟိန်းနေအောင် ထိုးထားလေသည်။ အငြိမ့်စင်တွင် အစိမ်းရောင် ကတ္တီပါ ကန့်လန့်ကာကြီးမှာ တဖိတ်ဖိတ် လက်နေ၏။

မြက်ခင်းဘေး အိမ်၏ လက်ယာဘက် ဆင်ဝင်အောက်က ဝရန်တာတွင်မူ ကာလပေါ် တီးဝိုင်း တစ်ခုကို နေရာပေးထားသည်။ သည်တီးဝိုင်းမှာ အငြိမ့်ပွဲ မစမီ ဧည့်သည်များအား ဧည့်ခံ ကျွေးမွေးစဉ် ဖျော်ဖြေရန် ဖြစ်သည်။ အကျွေးအမွေးပြီးလျှင် မန္တလေး မြို့ပေါ်မှ နာမည် အကျော်ဆုံး အငြိမ့်နှင့် ဧည့်ခံရန် ဖြစ်လေသည်။

ကာလပေါ် တီးဝိုင်းမှ “အထီးကျန် ဖြစ်သော ရက်ပေါင်း ခုနစ်ရက်” အမည်ရှိ အင်္ဂလိပ် သီချင်း တစ်ပုဒ်ကို လေမှုတ် ကိရိယာများဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် တီးနေသည်။ ဘောင်းဘီ အနက်၊ ကုတ် အင်္ကျီ အဖြူ၊ ဘိုးတိုင် အနက် စည်းထားသော တူရိယာသမားများကို မီးရောင်ထဲတွင် ကြည့်ရသည် မှာ ကြည့်၍ ကောင်းနေပေသည်။

အိမ်ရှေ့တွင် မော်တော်ကားများ အစီအရီ ဆိုက်ထားကြသည်။ မော်တော် ကားများမှာ များပြားလှသဖြင့် ယာဉ်ထိန်းရဲ ဌာနမှ ရဲသားများက လာရောက်လမ်းရှင်း ပေးနေရသည်။ ခင်သီသီ၏ မွေးနေ့သို့ မန္တလေးမြို့ အထက်တန်းလွှာမှ မိန်းမ ယောက်ျားများလည်း လာကြသည်။ တက္ကသိုလ်မှ အသိုက်အဝန်းများလည်း လာကြသည်။ စစ်တပ်မှ အရာရှိများ၊ အရာရှိ ကတော်များ၊ ကုန်သည်များ၊ အစိုးရ အရာရှိကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ သတင်းစာဆရာများ စသည်ဖြင့် စုံလင်လှပေသည်။

အိမ်ဝင်းထဲက ဆင်ဝင် အောက် အထိ မော်တော်ကားများ ဝင်လာပြီးနောက် ကြွလာသော မင်းပရိသတ်ကို ချပေးခဲ့သော မော်တော်ကားများမှာ အပြင်သို့ ထွက်၍ ရပ်နေကြသည်။ ယာဉ်ထိန်းရဲများက ကားများကို နံပါတ်ပြားများထုတ်ပေးသည်။ ပွဲ အပြီးတွင် ကားများကို နံပါတ်စဉ်အလိုက် အသံချဲ့စက်မှ ခေါ်ယူရန် အတွက် ဖြစ်လေသည်။ ဤသည်မှာ ကားများ အဝင်အထွက် လွယ်ကူစေရန် ဖြစ်ပေ၏။

မင်းပရိတ်သတ်များသည် ဆင်ဝင် အောက်တွင် မော်တော်ကားပေါ်က ဆင်းပြီး ဆင်ဝင်ဘေး မြက်ခင်းပေါ်ရှိ ဧည့်ခံပွဲရှိရာသို့ လျှောက်လာကြသည်။

မြက်ခင်း အစပ်တွင် ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့်တို့က လာသမျှ ဧည့်ပရိသတ်ကို ဦးစွာ ဆီးကြို နှုတ်ဆက်သည်။ ဦးငွေခင်မှာ ဗန်ကောက်လုံချည် နံ့သာရောင်၊ ပိုး အပေါ် အင်္ကျီ၊ ပန်းရောင် ခေါင်းပေါင်းတို့ကို ဝတ်ဆင်ထားပြီး ဒေါ်ညွန့်ညွန့်မှာ ဘရိုကိတ် လုံချည်၊ နိုင်လွန် အထူ လက်ရှည်ကို ဝတ်ထားပြီး ပဝါကို စုံချထားသည်။ စိန်နားကပ်ကြီးမှာ ဝင်းနေ၏။

ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့်တို့ကို နှုတ်ဆက်ပြီး၍ ဧည့်ခံပွဲ ရှိရာသို့ဝင်လာလျှင် ခင်သီသီကို တွေ့ရမည် ဖြစ်၏။ ခင်သီသီမှာ ပန်းပွင့်ဖြူကလေးများ ဖောက်ထားသည့် ပန်းနုရောင် နိုင်လွန် စကတ် လက်ရှည်၊ ပန်းနုရောင် ဘရိုကိတ် လုံချည်ကို ဝတ်ထားကာ ပန်းနုသွေး ဇာပဝါကို လွှမ်းခြုံထားသည်။ ခေါင်းတွင် နှင်းဆီပွင့်ကြီး တစ်ပွင့်ကို ပန်ထားပြီး အနီရောင် ခုံမြင့်ဖိနပ် ခပ်ထူထူကို စီး၍ ထားသည်။ စိန် နားကပ်၊ စိန် ဘယက်၊ စိန် လက်ကောက်ကိုမွမ်းမံ ဆင်ယင် ထားလေသည်။ နဖူးပေါ်တွင် ဝဲချထားသော ဆံနွယ်များသည် ကောင်းကင်တွင် လွင့်နေသော တိမ်ပန်း တိမ်နွယ်တို့နှင့် တူနေသည်။

ခင်သီသီ၏ မျက်ခုံး အစုံသည် တံစဉ်ကွေး လလို ညွှတ်ကော့ နေကြသည်။ ခင်သီသီ၏ မျက်လုံးများသည် ကြယ်ပွင့်များလို ဝင်းလက်နေက သည်။ ခင်သီသီ၏ နှုတ်ခမ်းသည် ဖူးစာရေး နတ်၏ လေးကိုင်းလို ကွေးညွှတ် နေသည်။ ခင်သီသီ၏ မျက်နှာသည် လပြည့်ဝန်းလို ရွှန်းလင်းနေသည်။ ငွေခြည်ပြောက် ဇာပဝါသည် နဂါးငွေ့တန်းလို လွင့်ပါနေသည်။ ခင်သီသီ၏ အဆင်အပြင်သည် ကောင်းကင်ရှိ အရာတို့နှင့်သာ နှိုင်းအပ်သော အဆင်အပြင် ပေတည်း။

“ဪ တပ်မင်းပါ ပါလာသကိုး၊ လာမှ လာနိုင်ပါ့မလားလို့၊ လှရေ တပ်မင်းကို မင်းပဲ ဧည့်ခံလိုက်ပါ”

ခင်သီသီက လက်ထဲက ကရမက် ယပ်တောင်ကို ဖွင့်ပိတ် ကစားရင်း ခင်လှလှကို ပြောလိုက်သည်။ ခင်လှလှတို့ စုံတွဲသည် လူအုပ် ကြားထဲတွင် ပျောက်ကွယ်သွားလေသည်။

“ဟော ကိုသက်ဆွေ၊ လာ လာ ဟိုရှေ့မှာ မမရီတို့ ရှိတယ်၊ သီသီ ပြီးတော့မှ လာခဲ့မယ်၊ ဧည့်သည်တွေ လိုက်နှုတ်ဆက်ဦးမယ်”

ကိုသက်ဆွေမှာ အင်္ဂလိပ် ဝတ်စုံကို ဝတ်ထားသည်။ ဘောင်းဘီနက်၊ကုတ်အင်္ကျီ အဖြူ၊ ဘိုးတိုင်အနက်ကို စည်းထားသည်။ သွေ့ခြောက်သော ဆံပင်များသည် နဖူးပေါ်တွင် လှိုင်းတွန့်လို ဝဲနေသည်။

အရပ်အမောင်း ကောင်းကောင်း၊ ရင်အုပ် ကျယ်ကျယ်၊ အသားဖြူဖြူ နှင့် ကိုသက်ဆွေကို အနောက် နိုင်ငံ အာတ်အစားနှင့် ကြည့်ရသည်မှာ ကျက်သရေ ရှိလှပေသည်။

“မမရီ၊ မမကို အခေါ် လွှတ်လိုက်တော့လေ၊ အစ်ကိုလေးတော့ ဘယ် နေရာ ရောက်နေမှန်း မသိဘူး”

ခင်သီသီက အနားသို့ ရောက်လာသော ခင်ရီရီကို လှမ်း၍ ပြောလိုက် ၏။ မောင်မောင်လတ်နှင့် ခင်ရီရီမှာ ညီမ၏ မွေးနေ့ ပါတီသို့ ခပ်စောစောကတည်းက ရောက်နေကြလေ၏။ မမကိုမူကား ဧည့်ခံပွဲ စချိန်ရောက်မှ အခေါ်လွတ်ရန် ဖြစ်လေသည်။ ခင်သီသီသည် အိမ်က ကားကို ဒရိုင်ဘာရှာကာ မမအား အခေါ် လွှတ်လိုက်လေသည်။

ခင်သီသီသည် ကိုအောင်မိုးကို အမှတ် ရနေပြန်သည်။ ကိုအောင်မိုးအား သူ့ မွေးနေ့ ဧည့်ခံပွဲသို့ လာရန် ဖိတ်ခေါ်လိုက်ပြီး ဖြစ်သော်လည်း ယခုထက်တိုင် မပေါ်လာသေးပေ။

ခင်သီသီမှာ မြက်ခင်း အစပ်မှ နေ၍ မင်းပရိသတ်များကို နှုတ်ဆက် နေရသဖြင့် ခြေထောက်တွေ တောင့်လာသည်။ အကြော အခြင်တွေ ဆိုင်းလာ လေသည်။

“ဟော မမရယ်၊ မျှော်လိုက်ရတာ”

ခင်သီသီက မမကို လှမ်း၍ နှုတ်ဆက်လိုက်သည်။ မမသည် ခြေလှမ်း စိပ်စိပ်ကလေး လှမ်းကာ ခပ်သွက်သွက် လျှောက်လာသည်။

မမ လမ်းလျှောက်ပုံမှာ လေအပင့်တွင် ရွက်ကုန်ဖွင့်လာသော ရွက်လှေ တစ်စင်းလို ကြည့်ကောင်းနေပေသည်။

“ကား လွှတ်ဖို့ တယ်လီဖုန်း ဆက်မလို့ လုပ်တုန်း ကားရောက်လာတာ သီသီရဲ့၊ အတော်ပဲ”

မမက ပြုံး၍ ပြောလိုက်သည်။ ခင်သီသီသည် မမ တစ်ကိုယ်လုံးကို သိမ်းကျုံး၍ အကဲခတ်နေသည်။

      မမသည် ရွှေပွင့်တွေ ခတ်ထားသော အနက်ရောင် ဇာနိုင်လွန် လက်စက ကို ဝတ်ထားပြီး အနက်ပိန်းပေါ်တွင် ရွှေပွင့် စိပ်စိပ်ကလေးတွေ ပေါက်ကြဲ ထားသည့် ဘရိုကိတ် လုံချည်ကို ဝတ်ထားသည်။ ရွှေပွင့်တွေ ရက်ဖောက် ထားသော ဇာပဝါ ခြုံထားသည်။ ရွှေကြိုး ခပ်သေးသေး တပ်ထားသော ခုံမြင့်ဖိနပ် အနက်ကို စီးထားသည်။ နားတွင် အစိမ်း မှိုင်းမှိုင်း ကျောက်စိမ်း နားတောင်းကို ပန်ထားပြီး လက်တွင်မူ သာမန် ဝတ်ရိုးဝတ်စဉ်မျှသာ ဖြစ်သည့် နာရီ မြှုပ်ထားသော ပလက်တီနမ် လက်ကောက်နှင့် ရွှေကြိုးပျော့ကို တစ်ဖက်စီ ပတ်ထားသည်။ ပုလဲသွယ် တစ်သွယ်မှာ အိစက် မောက်မို့သော ရင်ညွန့်ပေါ် တွင် ဝဲကျနေသည်။

မမ၏ တစ်ကိုယ်လုံးမှာ ရွှေပွင့်တို့ ခတ်အနက်ရောင်ကို လွှမ်းခြုံထားပေသည်။ မဟူရာရောင် အင်္ကျီနှင့် ထဘီသည် မမ၏ ပေါ်လွင်သော အလှကို ထိန်းထားသလို ဖြစ်နေသည်။ မမ၏ ဝင်းဥနေသောအသားကို အနား ကွပ်ထားသလို ဖြစ်နေသည်။ ပေါ်လွင် ရဲတင်းသော အလှကို ရင့်ကျက်၍ ဣန္ဒြေ ရအောင် ထိန်းချုပ်ပေးသော အဆင်အယင်ပေတည်း။

မမသည် ခင်ရီရီ ခေါ်ရာ အငြိမ့်စင် ရှေ့ဆုံးတန်းသို့ ဣန္ဒြေရစွာ လိုက် လာခဲ့သည်။ ဘေးပတ်ဝန်းကျင်ကိုလည်း မကြည့်မိဘဲ ရှက်စနိုးဟန်ဖြင့် ဝန်းမို့သော မျက်လွှာကို ချထားသည်။ ဘေးပတ်ဝန်းကျင် စားပွဲများမှ မမကို လှမ် ကြည့်နေကြသည်ကို သတိ ထားလိုက်မိ၏။

အငြိမ့်စင် ရှေ့မှာ မတ်တတ် ကုလားထိုင်များ မဟုတ်ဘဲ ဆိုဖာများ ချထားလေသည်။ ရှေ့ဆုံးတန်းမှာ အထူးဧည့်သည်တော်များ အတွက် ဖြစ်ပေ၏။ တိုင်း မင်းကြီး၏ ဇနီး၊ တပ်မင်းနှင့် ဇနီး စသည့် ထိပ်သီး အရာရှိများ အတွက် ဖြစ်လေသည်။

မမသည် ခင်ရီရီ ပြသော တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ဣန္ဒြေရစွာ ဝင်ထိုင်လိုက်သည်နှင့် နိုင်လွန် ဇာပဝါကို တင်းကျပ်စွာ ခြုံထားရာမှ ခပ်ပြေပြေ ဖြစ်သွားအောင် လျှော့ချလိုက်ပြီး ကိုယ်ကိုလည်း သက်သောင့်သက်သာ ရှိစေရန် ခပ်လျှော့လျှော့ မှီ၍ ထိုင်လိုက်လေသည်။ သူ့ ရှေ့က စားပွဲဝိုင်းပေါ် တွင် စားစရာများကို ချထားလေသည်။

“မမ မပြန်သေးဘဲကိုး၊ ပြန်သွားပြီလို့ ထင်နေတာ”

အသံကြားမှ မမသည် မျက်လွှာကို ချထားရာမှ သူ့ ဘေးက ဆိုဖာတွင် ထိုင်နေသူကို လှည့်ကြည့်လိုက်သောအခါ ကိုသက်ဆွေ ဖြစ်နေသည်ကို တွေ့ ရပေသည်။

မမက ပြုံးသည် ဆိုရုံမျှဖြင့် ပျံ့ပျံ့ကလေး ပြုံးလိုက်ပြီး…

“ဪ ကိုသက်ဆွေပါလား၊ မမ သုံး လေးရက် နေပြီး ပြန်မလို့ပါပဲ၊ သီသီက ဇွတ်အတင်း တားထားလို့ မပြန်ဖြစ်သေးပါဘူး၊ ကြီးကြီးကော မပါလာဘူးလား”

“မေမေ မေမြို့ တက်သွားပါတယ်၊ မေမြို့မှာ ခဏ နေပြီး ရန်ကုန်ကို လေယာဉ်ပျံနှင့် ပြန်ပါလိမ့်မယ်၊ ကျွန်တော်တောင် မေမေနှင့် လိုက်သွားမလို့ပါပဲ၊ ဒါပေမဲ့ သီသီက သူ့ မွေးနေ့မှာ နေရမယ် ဆိုလို့ နေခဲ့ပါတယ်”

ကိုသက်ဆွေ စကား ပြောပုံမှာ နူးညံ့လှပေသည်။ သူ့ အသံသည် ချိုသာ ပျော့ပျောင်းနေသည်။

မမသည် ရုပ်နှင့် အသံ လိုက်လျောလှသော ကိုသက်ဆွေကို ကြည့်နေ မိ၏။

ခဏ ကြာလျှင် ခင်သီသီ၏ မွေးနေ့ အတွက် ဆုတောင်းကြပြီး အငြိမ့် ကလေသည်။

မမမှာ လူသွားလမ်းဘေး ဆိုဖာပေါ်တွင်ရှိပြီး ကိုသက်ဆွေက သူ့ ဘေးက ဆိုဖာပေါ်တွင် ဖြစ်၏။ ကိုသက်ဆွေ၏ ဘေးတွင် တပ်မင်းနှင့် တပ် မင်း ကတော်တို့ ထိုင်နေကြသည်။ တပ်မင်း ကတော် ခင်လှလှ ဘေးတွင် ဦးငွေခင်၊ ဒေါ်ညွန့်ညွန့်တို့ ထိုင်သည်။ ဒေါ်ညွန့်ညွန့် ဘေးတွင် ခင်ရီရီ၊ နောက် မင်းကြီး ကတော်၊ တိုင်းမင်းကြီး၊ သူ့ ဘေးမှ မောင်မောင်လတ် စသည်ဖြင့် အစဉ် အတိုင်း ထိုင်နေကြ၏။

“မင်းပေါင်းစုံတဲ့ ပွဲမို့လို့ ပျော်တဲ့ ပြက်တဲ့ နေရာမှာ ညစ်ညမ်းသော ပြက်လုံးများကို ရှောင်ရလိမ့်မယ် ကိုရွှေမောင်းရေ”

“ဟုတ်ပေ့ ကိုရွှေလောင်း”

လူပြက် နှစ်ယောက်၏ အချီအချ အသံ။

“ပျော်စေ ပြက်စေ ကလက်စေလို့ ဆိုရိုး ရှိသော်လည်း ပျော်ကြ ပြက်ကြ ကလက်ကြတဲ့ အထဲမှာ ညစ်ညမ်းသော အသုံးအနှုန်းများ မပါ သုခုမပညာ မြောက်အောင် ထိန်းသိမ်းရပေမဗျ”

“ဟုတ်ပါ့ဗျာ”

လူပြက် နှစ်ယောက်၏ အသံနှင့်အတူ ဆိုင်းမှ ပတ်တုတ်သံ။

“အသွင်မဒီလို နားဝင်ပီမြ ရွှင်ကြည်လှတဲ့ ခင်သီသီ အလှ ဆိုတဲ့ သမီးကညာ တစ်ပါးရဲ့ မွေးနေ့ ပါတီ မင်္ဂလာ နာရီ အချိန်မှာ အငြိမ်းစား အရေး ပိုင်မင်း ဦးငွေခင်နှင့် မင်းကတော် ဒေါ်ညွန့်ညွန့်တို့က ဟယ် ငရွှေမောင်းတို့ မင်းတို့လည်းပဲ တစ်ဖက် တစ်လမ်းက လာကူလှည့်ကြ၊ ကြွရောက်လာတဲ့ မင်းပရိသတ်ကို ပျော်တော်ဆက်လှည့်ကြလို့ စေခိုင်းလာတဲ့ အခါကျတော့ ကျုပ် တို့ကလည်း တတ်တဲ့ပညာ မနေသာ ဆိုသလို ပျော်တော်ဆက်ရပေလိမ့်မဗျ”

“ဟုတ်ပေ့ ကိုရွှေလောင်းရေ”

လူရွှင်တော်များက ပဏာမ လေပြည် ခင်းပြီးနောက် မင်းသမီးကို ခေါ်၍ မင်းသမီး ယိုးဒယားဖြင့် ထွက်လာသည်။ လူရွှင်တော်တွေက နောက်တစ်ချီ ပြက်လုံး ကြားညှပ်ထိုးပြီး မင်းသမီး နောက်တစ်ချီ ကကာ လူပြက်များနှင့် စကားပြောနေလေသည်။

ခင်သီသီသည် အငြိမ့်ကို ထိုင်၍ ကြည့်နေရသော်လည်း သူ့စိတ်မှာ အငြိမ့်ခုံသို့ မရောက်ဘဲ တပ်မင်းနှင့် တပ်မင်း ကတော် လင်မယား ခြားနေသော ကိုသက်ဆွေနှင့် မမတို့ ဆီသို့သာ ရောက်နေသည်။

ကိုသက်ဆွေက ကိုယ်ကို မမဘက်ရှိ လက်တင်ဘက်သို့ စောင်းငဲ့ထားပြီး မမက ကိုသက်ဆွေဘက်ရှိ လက်တင်ဘက်သို့ ကိုယ်ကို မှီထားပေရာ သူတို့ မျက်နှာ နှစ်ခုသည် နီးကပ်နေသည်။

ကိုသက်ဆွေနှင့် မမသည် ပြက်လုံးများကို သဘောကျကာ ရယ်နေကြသည်။ နောက်တစ်ချီ မင်းသမီး အကတွင် ကိုသက်ဆွေက သူ့ အိတ်ထဲမှ ငွေစီးကရက်ဘူးကို ထုတ်ကာ မမဘက်သို့ ကမ်းပေးလိုက်သည်။ မမက ကိုသက်ဆွေ လှမ်းပေးသော ဘူးထဲက ဆေးလိပ် တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းတွင် တပ်ထားလိုက်သည်။ ကိုသက်ဆွေက အိတ်ထဲမှ ဓာတ်မီးခြစ်ကိုထုတ်ကာ ပါးစပ်တွင် တပ်ထားသော စီးကရက်ကို မီးညှိပေးပြီးမှ သူ့ စီးကရက်ကို မီးညှိနေသည်။

ကိုသက်ဆွေနှင့် မမသည် မီးခြစ်ကို ကြည့်ပြီး တစ်စုံတစ်ရာ ပြောကာ ရယ်နေကြသည်။

မီးခြစ်မှာ ဂျပန်လုပ် မီးခြစ် ဖြစ်သည်။ မီးခြစ်ပေါ်တွင် မိန်းကလေး တစ်ယောက်က ခုံတန်းလျားပေါ်၌ ထိုင်နေပြီး ယောက်ျား တစ်ယောက်က ခပ်လှမ်းလှမ်းတွင် ထိုင်နေသည်။

“မီးခြစ်အား ကိုင်တွယ်ပုံကို လိုက်၍ ယောက်ျားရုပ်နှင့် မိန်းမရုပ်သည် နီးစပ်သွားကာ ဖက်ယမ်း နမ်းရှုပ်ဟန် ပေါ်လာသည်။ တစ်မျိုး ပြင်၍ ကိုင်လိုက်လျှင် မိန်းကလေးက စိတ်ဆိုးဟန် တစ်ဖက်သို့ လှည့်နေပုံ ပေါ်လာသည်။ နောက်တစ်မျိုး ပြင်ကိုင်လိုက်လျှင် ယောက်ျားက မိန်းကလေးကို ချော့မော့ နေဟန် ပေါ်လာသည်။

ခင်သီသီသည် သည်မီးခြစ်ကို မြင်ဖူးလေသည်။ သာမန်အားဖြင့် ကြည့်လျှင် မိန်းကလေး တစ်ယောက်နှင့် ယောက်ျားလေး တစ်ယောက် ခုံတန်းလျား တစ်ခုပေါ်တွင် ခပ်လှမ်းလှမ်း ထိုင်နေကြပုံမျှသာ ဖြစ်၏။ သို့ရာတွင် မီးခြစ် အား ကိုင်တွယ်ပုံကို လိုက်၍ ပွေ့ဖက် နမ်းရှုပ်ဟန်၊ စိတ်ကောက်ဟန်၊ ချော့ မြူဟန်တို့ကို ရေးချယ် ပြထားပေသည်။

ခင်သီသီသည် စီးကရက် မီးညှိပေးသည်ကို လည်းကောင်း၊ မီးခြစ်ကို ကြည့်၍ နှစ်ယောက်သား ရယ်နေကြပုံကို လည်းကောင်း သတိ ထားလိုက်မိရာက မျက်နှာပျက်သွားလေသည်။

“လူပြက်တွေက တော်တော် ရယ်ရသား သီရဲ့”

ခင်လှလှက သူ့ဘက် လှည့်ပြောလိုက်တော့မှ ခင်သီသီမှာ ဣန္ဒြေ ဆည်ကာ ပြုံး၍ ခေါင်းညိတ်ပြီး အငြိမ့်စင်ဘက်သို့ မျက်လုံးများကို လွှတ်လိုက်ရသည်။ သို့တိုင်အောင် သူ့ စိတ်မှာ ကိုသက်ဆွေနှင့် မမဆီသို့သာ ရောက်နေလေသည်။

လူပြက်တွေ ပြက်လုံး ထိုးပြီး အငြိမ့် မင်းသမီး နောက်တစ်ချီ ကသည့် အခါတွင်မူ ခင်သီသီ၏ မျက်လုံးများသည် ကိုသက်ဆွေနှင့် မမဘက်သို့ ဝဲ၍ သွားပြန်သည်။

မမ၏ နိုင်လွန် ဇာပဝါမှာ ပခုံးမှ လျှောလာပြီး တင်ပါးနားတွင် ပုံလျက် ကျနေသည်။ အစွန်း နှစ်ဖက်မှာ ကုလားထိုင်ပေါ်မှ လျှောကျကာ မြေကြီးနှင့် ထိ၍ နေသည်။ ကိုသက်ဆွေသည် မြေကြီးတွင် ပုံကျနေသော ပဝါစကို ကောက်ယူလိုက်ပြီး မမအား ခြုံပေးနေသည်။

မမကလည်း ရင်ကို ခပ်ကြော့ကြော့ကလေး ကော့ပေးလိုက်ပြီး အလိုက်သင့်ပင် နေလိုက်သည်။

ခင်သီသီ့ စိတ်ထဲတွင် ဒေါသတွေ ပွက်ပွက် ဆူလာသည်ဟု ထင်လိုက် ရ၏။ အော်၍ ငိုပစ်လိုက်ချင်သလို ရင်ထဲတွင် လှိုက်ဖို၍ လာ၏။ လက်ဖျား ခြေဖျားများမှာ အေးစက်နေလေသည်။ မျက်နှာမှာ မီး အဟပ် ခံလိုက်ရသလို ထူပူလာသည်။

ခင်သီသီသည် ဆိုဖာ နောက်မှီကို အားရပါးရ ပစ်မှီကာ ကရမက် ယပ်တောင်ဖြင့် ယပ်ခပ်နေသည်။ သို့ရာတွင် လူနံ့၊ စီးကရက်နံ့တွေကြောင့် ခေါင်းထဲက မူးနောက်နောက် ဖြစ်လာလေသည်။

ခင်သီသီသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သို့ရာတွင် ကိုသက်ဆွေနှင့် မမကို ကြည့်ချင်သဖြင့် မျက်လုံးများကို ဖွင့်၍ လှမ်းကြည့်လိုက်သည်။ ကိုသက်ဆွေနှင့် မမကား ပတ်ဝန်းကျင် တစ်ခုလုံးတွင် သူတို့နှစ်ယောက်တည်းသာ ရှိတော့သလို ရယ်ကာမောကာဖြင့် စကားလက်ဆုံ ကျနေကြသည်။ ကိုသက်ဆွေ၏ ခံ့ညား တည်ကြည်သော မျက်နှာသည် ချိုပြုံး ရွှင်ပျနေသည်ဟု ထင်ရ၏။ မမက ပြုံးလိုက်လျှင် မမ၏ အပြုံးသည် ကိုသက်ဆွေထံသို့ ကူးစက်သွားပြီးနောက် အပြုံးချင်း ရောယှက်နေကြ၏။

ခင်သီသီသည် မကြည့်ဘူးဟု စိတ်က တင်းသော်လည်း မမနှင့် ကိုသက်ဆွေဘက်သို့သာ ကြည့်နေမိသည်။ ဇာနိုင်လွန် အနက် အောက်မှ အိစက် သွယ်ပျောင်းသော လက်မောင်းများကလည်း စွဲမက်စရာ၊ ပုလဲသွယ် ရစ်ထားသည့် လည်တံ ကြော့ကြော့ကလည်း စွဲမက်စရာ၊ နဖူးတွင် လွင့်နေသော ဆံနွယ်များ ကလည်း စွဲမက်စရာ၊ သေးသွယ် နီထွေးသော လက် ခြေ လှုပ်ရှားပုံကလည်း စွဲမက်စရာ၊ နိုင်လွန် အင်္ကျီထဲက တွဲ့တွဲ့ ပျောင်းအိသော ရွှေရင်စိမ်းမြခဲက လည်း စွဲမက်စရာ၊ ဘရိုကိတ် ထဘီ အောက်မှ လုံးချော ကားစွင့်သော တင်ပါး ကလည်း စွဲမက်စရာ။ ကိုသက်ဆွေ စွဲမက်မည် ဆိုလျှင်လည်း စွဲမက်ပမပေါ့။ မမက ချောပေသကိုး။

ခင်သီသီက မူးရိပ်ရိပ် ဖြစ်လာ၍ အသက်ရှူ မဝသလို ဖြစ်လာပြီး ခေါင်းကို ဆိုဖာ နောက်မှီသို့ လှန်ချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ ပတ်တုတ်သံကြီးမှာ ရင်ဝကို အလုံးကြီး တက်ဆောင့်လိုက်သလို ဖြစ်သွားသည်။ လူပြက်တွေ ပြက်လုံး ထိုးလိုက်သဖြင့် ဝေါခနဲ ရယ်သံကြီးမှာ တဘက်ကြီး တစ်ကောင် နားနားသို့ ကပ်၍ အော်လိုက်သလို ထင်မိသည်။ အငြိမ့်မင်းသမီး၏ မြူးကြွသော သီချင်းသံမှာ မျောက်မင်း အူသံကို ကြားရသလို အမင်္ဂလာ ဖြစ်နေသည်။

“ဘာဖြစ်လို့လဲ သမီးလေး”

ဒေါ်ညွန့်ညွန့်က ခင်သီသီဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။

“ခေါင်းထဲမှာ မူးနောက်နောက်ကြီး ဖြစ်နေတယ် မေမေ”

“ပင်ပန်းလွန်းလို့ ထင်တယ်၊ သမီး သိပ် မူးနေရင် တိုက်ထဲ သွားပြီး လှဲချည်လေ၊ မေမေလိုက်ပို့မယ်”

“နေပါစေ မေမေ၊ သမီး ဘာသာ သွားမယ်”

ခင်သီသီသည် ခင်လှလှကိုသာ နှုတ်ဆက်၍ မသိမသာ ထလာခဲ့သည်။ ကိုသက်ဆွေနှင့် မမမှာ စကား ကောင်းနေကြ၍ သူ ထသွားသည်ကို မမြင်လိုက်ပေ။

“မမ မနက်ဖြန် ပြန်မယ်နော်”

“ဟုတ်တယ် မောင်သက်ဆွေ၊ ပြန်ဖြစ်လိမ့်မယ်၊ ကိုကိုနှင့် သားချည်း ထားပစ်ခဲ့ရတာ”

“မမရယ်၊ လာမှတော့ အေးအေးဆေးဆေး နေရောပေါ့၊ မေမြိုတို့ စစ်ကိုင်းတောင်တို့ လိုက်မပို့ရပါလား”

“ဒီလို ပြောဖော်ရတာကိုပဲ ကျေးဇူးတင်လှပါပြီ မောင်သက်ဆွေ”

မမက ညှို့အား ကောင်းသော မျက်လုံးများဖြင့် မောင်သက်ဆွေကို ကြည့် ၍ ပြောလိုက်သည်။ မောင်သက်ဆွေကလည်း မမ၏ မျက်လုံးများကို တည့်တည့်ကြီး ပြုံး၍ ကြည့်နေသည်။ သူတို့ မျက်လုံး နှစ်စုံသည် ညှို့အား ပြိုင်နေ ကြသလို ထင်ရပေ၏။

“ပါးစပ်ကတင် ပြောတာ မဟုတ်ပါဘူး မမရဲ့၊ မမ သွားချင်တဲ့ နေရာ ဆိုရင် စိတ်ထဲကလည်း လိုက်ပို့ဖို့ အဆင်သင့် ရှိပါတယ်၊ အဖော် ကောင်းရင် ငရဲ လိုက်မယ့်သူပါ မမရဲ့”

“အံမယ်လေး၊ မမကလည်း ငရဲကို မခေါ်ပါဘူးကွယ်၊ စကား တတ်လှ ချည်လား”

မမက အဝေးသို့ တစ်ချက်မျှ လှမ်းမျှော်ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော် စကား ပြောတတ်လို့ မဟုတ်ပါဘူး မမရဲ့၊ မမရဲ့ အလှက စေ့ဆော်နေတဲ့ အတွက် ခုလို စကား ပြောတတ်လာတာပါ”

သည်တစ်ခါတော့ မမသည် ဘာမျှ မပြောတော့ဘဲ အပေါ်တွင် လွင့်နေသော ပူဖောင်းများကို ငေးကြည့်နေမိလေသည်။ ကိုသက်ဆွေက ခုလို ပြောလိုက်သဖြင့် မျက်နှာကလေး နီရဲကာ ရှက်သွေးတွေ ဖျာလာသော်လည်း စိတ်ထဲမှာ ကျေနပ်သလို ဖြစ်နေမိသည်။ ဇာတ်စင်ပေါ်မှ အငြိမ့် မင်းသမီးမှာ သီချင်း တစ်ပုဒ်ကို ဆို၍ ကနေသည်။

“ကျွန်တော် ပြောတာ မဟုတ်ဘူးလား မမ”

“ဟင်”

မမမှာ အိပ်ရာမှ လန့်နိုးသူလို ကိုသက်ဆွေကို လှည့်ကြည့်လိုက်သည်။

ကိုသက်ဆွေ၏ အပြုံးမှာ မမ၏ မျက်လုံးများကို ထိုးဖောက် သွားသလို ထင်ရ၏။

“ဪ ကျွန်တော် ပြောတာ မဟုတ်ဘူးလားလို့ မေးတာပါ၊ ဘာတွေများ တွေးနေတာလဲ”

မမက နှုတ်ခမ်းများ စေ့လျက်က ပြုံးလိုက်ရင်း …

“ဪ ဘာမှ မတွေးပါဘူး၊ ပူဖောင်းကလေးတွေ လှလို့ ကြည့်နေတာပါ”

“ဟုတ်တယ်နော်၊ ပူဖောင်းကလေးတွေက အလှသား”

ကိုသက်ဆွေက လေတွင်လွင့်နေသော ပူဖောင်းများကို တစ်ချက်မျှ မော်၍ ကြည့်လိုက်ရင်း မမကို ပြုံး၍ ကြည့်လိုက်လေသည်။

“လှတော့ လှပါရဲ့ မောင်သက်ဆွေရယ်၊ ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်သလဲ မမရဲ့”

“အထဲမှာ ငရဲမီး ရှိတယ် မောင်သက်ဆွေ”

“ရှိပါစေ မမရယ်၊ ဒီလို လှတဲ့ ပူဖောင်းကလေးတွေထဲက ထွက်လာတဲ့ ငရဲမီးကြောင့်တော့ အဆိပ် သင့်ချင်လည်း သင့်ပါစေ၊ အဖော် ကောင်းရင် ငရဲတောင် လိုက်မယ့် လူဟာ ဒီလောက် ငရဲမီးကိုတော့ မမှုပါဘူး”

“ဟော မောင်သက်ဆွေ၊ ဟိုမှာ ခင်သီသီ အိမ်ထဲ ဝင်သွားပြီ၊ ဘာများ ဖြစ်လို့ပါလိမ့်”

မမက လူတွေကို ကွေ့ရှောင်ကာ တိုက် ဆင်ဝင်အောက်သို့ ဝင်သွား သော ခင်သီသီကို လှမ်းမြင်လိုက်သဖြင့် ကိုသက်ဆွေကို ပြောလိုက်သည်။

ကိုသက်ဆွေသည် မမ မျက်လုံးများ သွားရာဆီသို့ လိုက်ကြည့်ရာက…

“ပင်ပန်းလို့ ထင်ပါရဲ့ မမရယ်၊ သီသီက ကျန်းမာရေး သိပ် မကောင်း ဘူး”

နှစ်ယောက်သား စကားပြတ်သွားကာ အငြိမ့်စင်ဘက်သို့ လှည့်ကြည့် နေမိကြသည်။ မမသည် အငြိမ့် ကြည့်ရသည်ကိုလည်း စိတ်မဝင်စားတော့ဘဲ ခေါင်းနောက်လာသည်။ ရင်ထဲမှာ တလှပ်လှပ် ခုန်လာလေသည်။

“မောင်သက်ဆွေ၊ ရီ့ကို ခေါ်ပေးပါကွယ်၊ မမ ပြန်ချင်ပြီလို့”

မမက ကိုသက်ဆွေကို လှမ်းပြောလိုက်သည်။ ကိုသက်ဆွေက မမကို တအံ့တသြ ငေးကြည့်ကာ…

“ဟင် ပြန်တော့မလား မမ”

“ပြန်မှပဲ မောင်သက်ဆွေ၊ မနက်ကျရင်လည်း ခရီး သွားရဦးမှာ”

မောင်သက်ဆွေက ဘာမျှ မပြောတော့ဘဲ ခင်ရီရီကို သွား၍ ပြောသဖြင့် ခင်ရီရီက ထလာကာ ကားဒရိုင်ဘာကို ရှာ၍ အပို့ခိုင်းလိုက်သည်။ မမသည် မောက်သက်ဆွေကိုသာ နှုတ်ဆက်၍ ထလာခဲ့လေသည်။