မမ

(၁၅)

ကိုအောင်မိုးသည် မေ-မန်း တက္ကစီ ကားပေါ်မှ ဆင်းလိုက်ပြီး ကတ္တရာစေး လမ်းပေါ်မှ အောက်သို့ ဆင်းလိုက်သည်။ ပခုံးတွင် မန္တလေးမှ ဝယ်လာသော ပန်း မျိုးစေ့များ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များကို လွယ်အိတ်ဖြင့် လွယ်ထားလေသည်။ ကိုအောင်မိုးသည် မြက်ပင်များဖြင့် ဖုံးအုပ်လုမတတ် ဖြစ်နေသော လူသွားလမ်းကလေး အတိုင်း တောစပ်သို့ ဆင်းလာခဲ့သည်။ လမ်းဘေး တောစပ်တွင် သစ်အိုပင်ကြီးတစ်ပင် ရှိသည်။ သစ်အိုပင် ပင်စည်တွင် “သစ် တစ် ပင် ယာတောသို့” ဟူသော သင်္ဘောဆေး ဖြူဖြူဖြင့် ရေးထားသည့် သစ်သား ဆိုင်းဘုတ်ကလေးကို ချိတ်ဆွဲထားသည်။

ကိုအောင်မိုးသည် သူ့ကို အကြို လာမည့် သူကို လှမ်းမျှော်၍ ကြည့် သော်လည်း မမြင်သဖြင့် စတော်ဘယ်ရီခြံ နှစ်ခြံ ကြားမှ မြေနီ လှည်းလမ်းအတိုင်း လျှောက်လာခဲ့သည်။ ဘေးတစ်ဖက်တစ်ချက်တွင် စတော် ဘယ်ရီသီးများသည် ပြွတ်သိပ်၍ နေအောင် သီးနေကြသည်။ စတော်ဘယ်ရီ သီးမှည့်နံ့များမှာ လေထဲတွင် မျောပါလာကာ မွှေးကြိုင်လှပေ၏။

စတော်ဘယ်ရီခင်း နောက်ဘက်တွင်ကား ပန်းခြံများ ရှိပေသည်။ မေမြို့ ပန်းပင်များသည် တောထအောင် ပေါက်ကာ ရင်ခေါင်းလောက်အထိ ရှင်သန် နေကြသည်။ မေမြို့ပန်း ရောင်စုံတို့သည် အခိုင်လိုက် အဆုပ်လိုက် ပွင့်ဖူး နေကြသည်။

ကိုအောင်မိုးသည် ခင်သီသီက သူ့အား ငြင်းပယ်လိုက်ပုံ၊ ခင်သီသီတို့ အသိုင်းအဝိုင်းက သူ့အား လှောင်ပြောင် သရော်သော မျက်လုံးများဖြင့် ကြည့်ကြပုံတို့ကို တရေးရေး မြင်ယောင်လာကာ ခံပြင်းလာလေ၏။ သူနှင့် ခင်သီသီ တို့ နီးကြဖို့ အရေးသည် မိုးနှင့်မြေပမာ ဝေးကွာကြသည်ကို သိလာသောအခါတွင် စိတ်အပျက်ကြီး ပျက်လာလေသည်။ တကယ်တော့ ကိုသက်ဆွေနှင့် သူတို့ နှစ်ယောက်၏ ပြိုင်ပွဲ၌ သူသည် ရှုံးသူ ဖြစ်ပေသည်။

စတော်ဘယ်ရီခြံများကို ကျော်၍ ပန်းခင်းများဘက်သို့ ရောက်တော့မှ ကိုအောင်မိုး၏ အတွေးများသည် အစပြတ်သွားကြသည်။ ပန်းခင်း ကန်သင်းတွင် ခရမ်းရောင် ပန်းပွင့်ကလေးများ အလေ့ကျ ပေါက်နေကြသည်။ ကန်သင်းရိုးတွင် တိုင်များ ခပ်ကျဲကျဲ ထူကာ ဝါးလုံးများကို တန်း၍ ကာရံ ထားလေသည်။ ပန်းခင်းထဲတွင်း မေမြို့ပန်းများ၊ ဒေလီယာပန်းများ၊ ဟော်န် သစ္စာပန်းများ ဂေါ်ဖီပန်းများတို့သည် ရောင်စုံ ဖူးပွင့်နေကြ၏။ ပန်းတောကြီးနှင့်ပင် တူနေပေသည်။

ပန်းခြံ နှစ်ခြံလောက် ကျော်မိသည်နှင့် ချုံကွယ် လမ်းအကွေ့ဆီမှ ခြူသံ တချွင်ချွင်ကို ကြားရပြီးနောက် အမိုး မပါသည့် မြင်းလှည်း ခေါင်းတုံးက တစ်စင်း ပေါ်လာလေသည်။ ဦးခမ်းလုံသည် သီချင်း တအေးအေးဖြင့် မြင်းလှည်း ခေါင်းတုံးလေးကို မောင်းလာပေသည်။

“နည်းနည်း နောက်ကျသွားတယ် ဆရာလေးရေ၊ နွားဖြူမကြီး မွှေးနေလို့”

ဦးခမ်းလုံက ကိုအောင်မိုးကို မြင်သည်နှင့် ဇက် သတ်ကာ လှမ်း၍ အော်လိုက်သည်။ ဦးခမ်းလုံသည် လှည်းခေါင်းတုံးလေးကို လမ်းကျဉ်းကလေးပေါ် တွင် ဦးပြန်လှည့်လိုက်ကာ ကိုအောင်မိုးကို သမင်လည်ပြန် ကြည့်၍ ပြုံးနေ လေ၏။ သည်အပြုံးကြောင့် မည်းနက်သော သွားများ ပေါ်လာကြကာ မျက်လုံးပေါက်များမှာ ပိတ်လုမတတ် မှေးနေကြလေသည်။

“ဟုတ်လား၊ ကျွန်တော်က ဖြူမ မနက်ဖြန် လောက်မှ သားကျလိမ့်မယ် ထင်တာ”

ကိုအောင်မိုးက ခပ်သွက်သွက် လှမ်းလာခဲ့ပြီး လှည်းခေါင်းတုံးကလေး ပေါ်သို့ တက်ထိုင်လိုက်သည်။ ကိုအောင်မိုး ထိုင်လိုက်သည်နှင့် မြင်းလှည်း ကလေးသည် မြေနီလမ်းပေါ်တွင် ပြေးနေလေသည်။

ဦးခမ်းလုံ၏ နောက်ကျောတွင် ချိတ်ထားသော ရှမ်းခမောက်ကြီးမှာ ဆောင့်လိုက်တိုင်း လှုပ်လျက် ရှိသည်။ ဦးခမ်းလုံက မြင်းလှည်း မောင်းရင် နွားကလေး ကျပုံကို ပြောပြနေသည်။

ကိုအောင်မိုးသည် သစ်တစ်ပင် ယာတော၊ ဦးခမ်းလုံ၊ ဖြူမ၊ ပန်းခင်းများ စသည့် ပတ်ဝန်းကျင်ကို ပြန်ရောက်လာတော့မှ စောစောက နောက်ကျိနေသော စိတ်တွေ ပျောက်လွင့်သွားကာ လန်းဆန်းလာသည်ဟု ထင်မှတ်လိုက် ရလေသည်။ ခင်သီသီကိုလည်း မေ့ပျောက်သွားသည်ဟု ထင်လိုက်ရသည်။

သူ့အစ်ကို ယစ်ထုပ်ကြီး ကိုအောင်ဝင်း၏ စိတ်မချမ်းမြေ့စရာ ကောင်းသောဘဝ ကိုလည်း မေ့သွားသလို ထင်ရသည်။ သည်ဝန်းကျင်ကို ပြန်ရောက်လာတော့ ကိုအောင်မိုး၏ စိတ်ထဲတွင် ယာတောမှ လုပ်ငန်းတွေကို ပြန်၍ မြင်ယောင်လာသည်။ ဆင်းရဲသော ရှမ်း ယာသမားကြီးများ၏ ဘဝကို မြင်နေလေသည်။

မြင်းလှည်းကလေးသည် ပန်းခင်းများ၊ သရက်ခြံများ၊ ဟင်းသီးဟင်းရွက် ခြံများကို ကျော်လာလေသည်။ ခြံတစ်ခြံကို ကွေ့လိုက်သည်နှင့် သစ်တစ်ပင် ယာတောသည် ဘွားခနဲ ပေါ်လာလေသည်။ မှိုင်းပြာသော တောင်ရိပ်ကို မှီလျက် စိမ်းစိုသော ခင်တန်းများကြားတွင် လဲလျောင်းသလို ဖြစ်နေသော သစ်တစ်ပင် ယာတောကို ပြန်လာရသည်မှာ စိတ်ကြည်နူးဖွယ်ပါတကား။

မြင်းလှည်းကလေးသည် စမ်းချောင်းကလေးကို ကူးထားသော သစ်သားတံတားကို ကျော်ဖြတ်ကာ ဝါးလုံးတန်းများ ကာထားသော ခြံဝင်းထဲသို့ ဝင်လာခဲ့ပြီး နွား တင်းကုပ် ရှေ့တွင် ရပ်လိုက်သည်။

ကိုအောင်မိုးက နွား တင်းကုပ်ထဲသို့ ဝင်သွားသည်။ ဦးခမ်းလုံမှာ မြင်းလှည်း ဖြုတ်၍ နွားတင်းကုပ်ဘက်သို့ ကူးလာခဲ့လေသည်။ တင်းကုပ်တွင် ပူနွေးကာ ကောက်ရိုးနံ့၊ မြက်ခြောက်နံ့၊ နွားချေးနံ့တို့ဖြင့် မွှေးနေပေသည်။ တစ်ဖက်က နွားထီး နှစ်ကောင်မှာ ကောက်ရိုးများကြားတွင် စမြုံ့ပြန်နေကြရာက ဗြုန်းခနဲ ထရပ်လိုက်ကြသည်။

ကိုအောင်မိုးသည် နွားနှစ်ကောင်ကို လက်ဖြင့် ပွတ်၍ နှုတ်ဆက်ပြီး ဖြူမကို သွားကြည့်နေသည်။ နောက် နီညိုရောင် နွားကလေးကို ကောက်၍ ပွေ့လိုက်သည်။

“အမွေးကတော့ ဖအေ့ အမွေးဗျ၊ ကြည့်စမ်း ဦးခမ်းလုံ၊ နောက်ခြေ နှစ်ချောင်း ကျဲနေပုံကတော့ မအေ့ အတိုင်းပဲ”

ကိုအောင်မိုးသည် နိုင်ငံရေးက ထွက်ပြီးနောက် သစ်တစ်ပင် ယာတောကို ဦးစီး လုပ်ကိုင်ခဲ့သည်။ အစိုးရထံမှ မြေဧက တစ်ရာခန့်ကို ဂရန်ခံကာ လုပ်ခြင်း ဖြစ်၏။

ယာတော အရင်းအနှီး စရိတ်ကို သူ့ အဖေထံမှ တောင်းပြီး တောကို မီးရှို့ရသည်။ နောက် လယ်ထွန်စက်တစ်လုံး ဝယ်ကာ သစ်မြစ်သစ်အုံများကို ထွန်ယက် ပစ်လိုက်ခြင်းဖြင့် မြေမှာ စိုက်ပျိုးနိုင်သော မြေ ဖြစ်လာလေသည်။ မြေတစ်ကွက်တွင်မူ သူ နေဖို့ အိမ်ကလေး တစ်လုံး ဆောက်လိုက်သည်။

အိမ်နှင့် ခပ်လှမ်းလှမ်းတွင် နွားတင်းကုပ်၊ မြင်းဇောင်း၊ ကြက်ခြံ၊ ထွန်စက်နှင့် ယာအလုပ်သမားများ အတွက် တန်းလျားတစ်လုံး ဆောက်လိုက်ရသေးသည်။

သည်စရိတ်များဖြင့် ယာတော ရင်းနှီး စရိတ်မှာ တစ်ဝက်ကျော်ကျော်လောက် ကုန်သွားပေရာ ဧက တစ်ရာလုံး မလုပ်နိုင်ဘဲ ဧက ငါးဆယ်ကျော် လောက်ကိုသာ စမ်းသပ်လုပ်ကိုင်ခဲ့ရခြင်း ဖြစ်လေ၏။

ဧက ငါးဆယ်ကျော်လောက် အနက် ဆယ်ဧကလောက်ကို ဂျုံ စိုက်သည်။ ဂျပန်မှ ရာမီ ခေါ် ပိုးစာပင်မျိုးကို မှာယူကာ တစ်ဧက နီးပါးလောက် စမ်း၍ စိုက်ကြည့်သည်။ ထို့ပြင် ပြောင်းဖူး၊ ပဲပုပ်၊ နာနတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး စသည်တို့ကိုလည်း ကျိုးကျဲ ပျိုးထားလိုက်သည်။

စမ်းချောင်း နားက နှစ် ဧကလောက် မြေကွက်ကိုမူ ပန်းခင်းများ စိုက်ထားသည်။ ကြက်ဆူပင်များကိုကား စမ်းသပ် စိုက်ပျိုးသည့် အဆင့်တွင် ရှိသေး၏။ ဘယ် လောက် အောင်မြင်မည်ကို မပြောနိုင်သေးပေ။

ကိုအောင်မိုးသည် တင်းကုပ်ထဲက ဖြူမတို့ သားအမိကို ကြည့်ပြီးနောက် အိမ်ဘက်သို့ လျှောက်လာခဲ့သည်။ သူ့အိမ်မှာ သက်ငယ်မိုး ထရံကာ ဖြစ်၍ ကျယ်ဝန်း သန့်ရှင်းသည်။ ပြတင်းပေါက် ခပ်ကျယ်ကျယ် ဖောက်ထား၍ လေကောင်း လေသန့်လည်း ရသည်။

ကိုအောင်မိုး အဖို့ သည်အိမ်ကလေးနှင့် သစ်တစ်ပင် ယာတောသည် ကမ္ဘာလေး တစ်ခု ဖြစ်၏။

သူ့တွင် မြတ်နိုးသော စာအုပ်တွေ ရှိသည်။ သတင်းစာကိုမူ နံနက် လင်းလျှင် ဦးခမ်းလုံက မေ-မန်း ကားလမ်းက ခြံများသို့ နွားနို့ ပို့ရင်း လက်ဖရည်ဆိုင် တစ်ဆိုင်မှ ဝင်၍ ယူခဲ့ရ၏။ တစ်ရက်လောက်တော့ နောက်ကျပေသည်။ သို့ရာတွင် သူ့ အိမ်ကလေးတွင် ဂျပန်လုပ် ရေဒီယို အသေးစားကလေး တစ်လုံး ရှိသဖြင့် အရေးကြီးသော သတင်းများကိုမူ နေ့ချင်းပင် သိနိုင်ပေသည်။

သည်ကမ္ဘာလေးကို သူ့ စိတ်ကြိုက် ပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်လာ အောင် ဖန်တီးရန်မှာ အိမ်ထောင် တစ်ခု ရှိဖို့သာ လိုပေသည်။

ကိုအောင်မိုးသည် မိန်းမ တစ်ယောက်ကို ချစ်သောကြောင့် အိမ်ထောင် တည်လိုခြင်း မဟုတ်ဘဲ အိမ်ထောင် တစ်ခု တည်ရန် အတွက်သာ မိန်းမ တစ်ယောက်ကို ချစ်ခြင်း ဖြစ်ပေ၏။

သူ ချစ်လိုသည့် မိန်းမမျိုးသည် ခင်သီသီ ဖြစ်ကြောင်းကို တွေ့ခဲ့ရသည်။ သို့ရာတွင် မန္တလေးမှ ပြန်လာခဲ့ပြီးနောက်တွင်မူ ကိုအောင်မိုးသည် သူ့ အကြံကို လက်မြှောက်ချင်သလိုလို ဖြစ်လာပေသည်။

ကိုအောင်မိုးသည် လွယ်အိတ်ထဲတွင် ပါလာသည့် ပန်းမျိုးစေ့နှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ်ကလေးများကို အံကလေးများ လုပ်ထားသော ဗီရိုထဲတွင် သိမ်းထားလိုက်သည်။

နောက် ဦးခမ်းလုံ၏ မိန်းမ မစိမ့် လာပေးသော နွားနို့ ပူပူ တစ်ခွက်ကို သောက်ပြီး ကြက်ခြံဘက်သို့ ထွက်လာခဲ့၏။