(၁၆)
ဝီစီ မှုတ်သံနှင့် အတူ မီးရထားသည် ဂျိမ်းခနဲ မြည်ကာ တရွေ့ရွေ့ လိမ့်စ ပြုလာလေသည်။ မမသည် ပြတင်းဝတွင် ရပ်ကာ ပလက်ဖောင်းပေါ်တွင် ရပ်နေသော မောင်မောင်လတ်နှင့် ခင်ရီရီတို့ သားအမိ တစ်တွေကို လက်ပြပြီး တွဲထဲသို့ ဝင်လာခဲ့လေသည်။ တွဲမှာ အိပ်ခန်းတွဲ ဖြစ်၏။ အိပ်ခန်း တစ်ခန်းလုံး သူနှင့် ခင်မေတို့ နှစ်ယောက်သာ ရှိလေသည်။ ခင်မေသည် မမ၏ ပစ္စည်းများကို သိမ်းဆည်းကာ နေရာ ချထားပြီး ပြတင်းပေါက်တွင် ထိုင်ကာ ငေး၍ လိုက်ပါလာလေသည်။
မမသည် ဟင်းခနဲ သက်ပြင်း ချလိုက်ကာ ခြေထောက်များကို ထိုင်ခုံ ကူရှင်ပေါ်သို့ တင်ပြီး ထဘီ အနားဖြင့် လုံအောင် ဖုံး၍ ထွေးထားလိုက်ပြီး ကျုံ့ကျုံ့ ထိုင်လျက် ဝတ္ထု စာအုပ် တစ်အုပ်ကို ဖတ်နေလေသည်။
အစ ပထမသော် ဆူညံလှသော မီးရထား ဘီးသံများကြောင့် လည်း ကောင်း၊ အပြင်တွင် လှမ်းမြင်နေရသော မန္တလေးမြို့၏ ရှုခင်းကြောင့် လည်းကောင်း စာဖတ်ရသည်မှာ သိပ် စိတ်မဝင်စားလှပေ။
အပြင်ဘက်တွင် မိုးဖွဲကလေးများ တဖွဲဖွဲ ကျလာသဖြင့် ခင်မေသည် မီးရထား ပြတင်းပေါက်များကို လိုက်၍ ပိတ်ပြီး ထိုင်လျက် အိပ်ငိုက်နေပေသည်။
မမသည် ဝတ္ထုကို ဖတ်ရင်း မန္တလေးတွင် သူနှင့် ကိုသက်ဆွေတို့ တွေ့ခဲ့ ကြပုံကို အမှတ်ရကာ အငြိမ့်ပွဲ ကြည့်စဉ် ကိုသက်ဆွေ ပြောသွားသော စကားများကို ကြားယောင်နေပေသည်။
မမသည် ဝတ္ထု စာအုပ်ကို ပေါင်ပေါ်တွင် မှောက်လျက် တင်လိုက်ပြီး ခါးကော့၍ ရင်မော့ကာ လက်နှစ်ဖက်ကို အထက်သို့ ဆန့်တန်း မြှောက် လိုက်ပြီး အညောင်း ဆန့်လိုက်သည်။ ကိုသက်ဆွေက သူ့အား ရိသဲ့သဲ့ ပြောခဲ့သည် မှန်သော်လည်း သူ့ဘက်က ဘာတစ်ခွန်းမျှ အမှား ပြောခဲ့သည်ဟု စဉ်းစား၍ မရပေ။ သို့ရာတွင် ကိုသက်ဆွေ မျက်နှာကိုကား ရဲရဲ မကြည့်ဝံသလို ဖြစ်နေခဲ့ပေသည်။ ကိုသက်ဆွေ အကြောင်းကို စဥ်းစားမိလိုက်သည်နှင့် မမသည် သူ့ကိုယ်သူ မလုံမလဲ ဖြစ်လာလေသည်။ သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသူမှာ ခင်မေ မဟုတ်ဘဲ ကိုသက်ဆွေများလားဟု တွေးတော ကြောက်လန့် လာပေသည်။
အပြင်ဘက်တွင် မိုးဖွဲကျနေသဖြင့် တံခါး ပိတ်ထားပေရာ အထဲတွင် အိုက်စပ်စပ် ဖြစ်နေပေသည်။
မီးရထားသည် မြို့ကလေး တစ်မြို့ကို ကျော်ဖြတ်၍ လာ၏။ မြို့ကလေးသည် မီးပွင့်တွေ တထိန်ထိန်နှင့် နောက်တွင် ကျန်ရစ်ခဲ့လေသည်။
မမသည် ခြေထောက်ကို ခုံအောက်သို့ချလိုက်ကာ ဖိနပ်ကို မှန်းဆ၍ စွပ်လိုက်ပြီး…
“ခင်မေ ငါ့ ဆွယ်တာ အင်္ကျီ ပေးစမ်း”
“အပြင် ထွက်မလို့လား မမ”
“အေး အထဲမှာ အိုက်စပ်စပ်ကြီး၊ မွန်းနေတာပဲ”
မမသည် နို့နှစ်ရောင် သိုးမွေး ဆွယ်တာကို ကောက်၍ ဝတ်လိုက်ပြီး တံခါးကို ဖွင့်ကာ အခန်းပြင်ဘက် စင်္ကြံကလေးပေါ်သို့ ထွက်လာခဲ့သည်။
စင်္ကြံ ပြတင်းပေါက်မှ အေးမြသော လေသည် စွတ်၍ ဝင်လာလေသည်။ ရထားသည် ကျောက်ဆည် ဘူတာတွင် ခေတ္တ ရပ်လိုက်သည်။ မီးပွင့်များ ထိန်ထိန် ဝေနေသော ရွှေသာလျောင်း တောင်ကို မြင်ရပေ၏။
မမသည် ပြတင်းပေါက် ပေါင်ပေါ်တွင် လက်မောင်းထောက်၍ ကိုယ် အထက်ပိုင်း အပြင်သို့ ထုတ်ကာ ကျောက်ဆည်မြို့၏ ညကို ငေးကြည့်နေမိ လေသည်။ တိုတောင်းလှသော ရထားချိန်ကလေး အတွင်းတွင် ဆင်းသူ တတ်သူများသည် အလုအယက် ဆင်းတက်ကြလေ၏။
နောက်တွဲမှ လူများသည် သူ့ နောက်နားမှ ဖြတ်ကာ ရှေ့တွဲများဆီသို့ သွားကြသည်။ စီးကရက်နံ့သည် ပျံ့လွင့် လာလေသည်။ စားသောက်တွဲ ဆီသို့ သွားကြဟန် ရှိပေ၏။ ရထားသည် ဥသြ ဆွဲကာ ကျောက်ဆည်မှ ထွက်ခွာလာတော့မှ မမသည် အပြင်ဘက်သို့ ပြူထွက်နေသော ကိုယ်အထက်ပိုင်းကို အထဲသို့ ဝင်လိုက်ပြီး အခန်းထဲသို့ ပြန်ရန် လှည့်လိုက်သည်။
သူ့ ရှေ့တွင် ကုတ်အင်္ကျီ၊ ဘောင်းဘီရှည် ဝတ်ထားသည့် လူတစ်ယောက် ရပ်နေသည်ကို တွေ့ရလေသည်။
“မမ”
“ကိုသက်ဆွေက ဘောင်းဘီအိတ် နှစ်ဖက်ထဲသို့ လက်နှိုက်ပြီး စီးကရက်ကို နှုတ်ခမ်းတွင် ခဲထားလေသည်။
“ဟင် မောင်သက်ဆွေ”
မမ၏ တစ်ကိုယ်လုံးသည် လျှပ်စစ်ဓာတ်နှင့် တို့လိုက်သလို တွန့်သွားသည်ဟု ထင်လိုက်ရသည်။ မမသည် အလင်းတစ်ဝက် အမှောင်တစ်ဝက် ထိုးရိုက်နေသော ကိုသက်ဆွေ၏ မျက်နှာကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး မျက်လွှာကို ချထားလိုက်သည်။
ကိုသက်ဆွေ၏ မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်းတို့မှာ မနေ့ ညက အငြိမ့် တွင် တွေ့ခဲ့ရသလို ပြုံးလျက် ရှိသည်။ သူ့အပြုံးသည် မမ တစ်ကိုယ်လုံးအား ပင့်ကူအိမ်တွင် မိသော ယင်ကောင်လို လှုပ်ရှားနိုင်ခြင်း မရှိအောင် လွှမ်းခြုံ ရစ်ပတ်ထားသည်ဟု ထင်လိုက်ရပေသည်။
“ဟင် မောင်သက်ဆွေ လာတာ မမတောင် မသိဘူး၊ ရန်ကုန်ကိုလား”
မမက ခဏမျှ ငိုင်နေမိရာက ဣန္ဒြေ ပြန်၍ ဆည်လိုက်ကာ အသံကိုလည်း ခပ်မှန်မှန် ဖြစ်အောင် ထိန်း၍ ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ရန်ကုန်ကိုပဲ ဆိုပါတော့”
ကိုသက်ဆွေက မမကို စေ့စေ့ ပြုံးကြည့်ရင်း ပြော၏။ သူ့ မျက်လုံးများသည် ဘေးတိုက်မှ ဖြာကျနေသော မီးရောင်တွင် တလက်လက် တောက်ပနေကြပေသည်။
“ဘာကိစ္စ”
“မသိချင်ယောင် ဆောင်မနေပါနှင့် မမရယ်၊ ကျွန်တော့်မှာ မမနှင့် ပတ် သက်တဲ့ ကိစ္စက လွဲလို့ ဘာကိစ္စ ရှိရဦးမှာလဲ၊ မနေ့ ညက အငြိမ့် ကြည့်တုန်းက ကျွန်တော် ပြောခဲ့တဲ့ စကားတွေ မမ မမှတ်မိတော့ဘူး ထင်တယ်၊ အဖော်ကောင်းရင် ငရဲပဲ လိုက်ရ လိုက်ရလို့ ပြောခဲ့တာလေ၊ ကျွန်တော့် ဘဝမှာ မမ ထက် ကောင်းတဲ့ အဖော် မရှိတော့ပါဘူး၊ ဒီလောက်ကောင်းတဲ့ အဖော်နှင့် ဆိုရင် ငရဲတောင်မကပါဘူး ငရဲဟိုဘက် ဆယ်ဘူတာအထိ သွားရပါစေ”
“အို မောင်သက်ဆွေရယ်”
မမက နီရဲသော နှုတ်ခမ်းကလေး အစုံကို လှုပ်၍ မြည်တမ်းလိုက်၏။ သို့ရာတွင် မမ၏ အသံမှာ ရထား ပြတင်းမှ တိုးဝင်နေသော လေထဲတွင် မျောပါသွားသဖြင့် မောင်သက်ဆွေထံသို့ ရောက်မလာကြတော့ပေ။
ရထားသည် တရိပ်ရိပ် ပြေးလျက် ရှိ၏။ ညအရေး၏ မဟူရာ သွေးတွင် အဝေးမှ တောခင်တန်းတို့သည် လေတွင် လွင့်နေသော ဆံမျှင် ဆံနွယ်များပမာ ရေးရေး ရိပ်ရိပ် အိပ်စက် ကျန်ရစ်ခဲ့ကြ၏။ တောခင်တန်း ထိပ်တွင် ငြိတွယ် နေကြသော ကြယ်ပွင့်များကား ဆံနွယ်ကို စိုးမိုးကြသော စိန်ဆံထိုးနှင့် တူပေသည်။
“ဆောရီး မမ၊ ကျွန်တော် ပြောလိုက်တဲ့ စကားကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်သွားရင် ကျွန်တော် တောင်းပန်ပါတယ်”
ကိုသက်ဆွေက မတုန်မလှုပ် ကျောက်ရုပ်လို ရပ်နေသော မမကို ကြည့်၍ လှိုက်လှဲစွာ ဆို၏။ သည်လိုကျတော့လည်း ကိုသက်ဆွေသည် အင်မတန် သိမ်မွေ့သော လူယဉ်ကျေး တစ်ယောက်ဟန် ပေါက်နေသည်။
“မမကို သနားရင် ဒီစကားတွေ မပြောပါနှင့် မောင်သက်ဆွေ၊ သနားကြင်နာတတ်တဲ့ လူ တစ်ယောက် ဆိုရင် မောင်သက်ဆွေ ပြောတာတွေကို မမ မေ့လိုက်ပါရစေ မောင်သက်ဆွေ၊ မောင်သက်ဆွေရဲ့ စကားတွေကိုလည်း မောင်သက်ဆွေ ကိုယ်တိုင် မေ့ပစ်လိုက်ပါလို့ မမ တောင်းပန်ပါတယ်”
မမက ခေါင်းမဖော်ဘဲ ဆွယ်တာ အင်္ကျီ ရင်စေ့မှ တွဲလောင်း ချထားသော ပန်းဖွား ကြိုးကလေးကို ပွတ်တိုက်ရင်း ပြောနေ၏။
“ကျွန်တော် ပြောတဲ့ စကားတွေကို မေ့ပစ်ပါ ဆိုရင် မေ့လို့ ရပါတယ်မမ၊ ဒါပေမယ့် မမရဲ့ စကားတွေ၊ မမရဲ့ အပြုမူတွေ၊ မမရဲ့ ဟန်ပန်တွေကိုတော့ ကျွန်တော် မေ့လို့ မရနိုင်ဘူး ထင်ပါတယ်၊ ဒီလို မေ့လို့ မရကောင်းလားလို့ ကျွန်တော့်ကို ကြင်နာတဲ့ နှလုံးသား မရှိဘူး၊ စောင့်စည်းအပ်တဲ့ အကျင့်သိက္ခာ မရှိဘူးလို့ ဆိုချင်ရင်လည်း ဆိုနိုင်ပါတယ် မမရယ်”
“တော်တော့ မောင်သက်ဆွေ တော်တော့၊ မမ မကြားချင်ဘူး”
မမက အသံကို မြှင့်၍ အော်လိုက်သည်။ မမ၏ မျက်လုံးများသည် ဝင်းဝင်း တောက်နေကြ၏။ မျက်နှာသည် နီရဲလျက် ရှိ၏။ မမသည် ဗြုန်းခနဲ တံခါးကို ဖွင့်ကာ အိပ်ခန်းထဲသို့ ဝင်လိုက်ပြီး အိပ်ရာပေါ်တွင် မှောက်လျက် လှဲချလိုက် မိသည်။
မောင်သက်ဆွေ၏ စကားများသည် တမာလို ခါးသည်ဟု ဆိုရမည်လား ပျားရည်လို ချိုသည်ဟု ပြောရမည်လား၊ ဒါကိုလည်း မမ မဝေခွဲနိုင်ပေ။ လင်ရှိ တစ်ယောက် အနေဖြင့် ဆိုလျှင် မောင်သက်ဆွေ၏ စကားများသည် တမာတွင် ဆေးခါး စွက်သလို ခါးသက်လွန်းလှ၏။ သို့ရာတွင် မိန်းမချော တစ်ယောက်
အနေဖြင့် ကြည့်လျှင် ကိုသက်ဆွေသည် သူ့ အလှ ပင့်ကူအိမ်တွင် စေးဖွဲ့ ငြိတွယ်ခြင်း ခံရသည့် သားကောင် တစ်ကောင်မျှသာ ဖြစ်၏။ သည်ဘက်က လှည့်၍ တွေးတော့လည်း ကိုသက်ဆွေ၏ စကားများသည် ပျားရည်လို ချိုမြိန်သည်ဟု ထင်ရပြန်ပေသည်။
ရထားသည် တရိပ်ရိပ်နှင့် ပြေးနေ၏။ ဒက်ဒက် ဒက်ဒက် မြည်သော ရထားဘီးသံသည် မမ၏ နှလုံးခုန်သံလိုပင် လျင်မြန်သည်ဟု ထင်၏။ အပြင်ဘက်တွင်ကား ညဉ့်သည် မှောင်မြဲ မှောင်လျက် ရှိသည်။ မြို့ငယ်များကို ဖြတ်သန်းလာသော အခါကျမှ မီးပွင့်များ၊ မီးချောင်းများကို မြင်ရ၏။ သို့ရာတွင် မီးပွင့်များသည် အိပ်မက်ထဲမှာလို ကွယ်ပျောက်သွားကြပြန်ကာ အမှောင်သည်သာ ကြီးစိုးနေ၏။
မမသည် အမှောင်ထဲတွင် ပြေးသွား တိုးဝင်နေသော မီးရထားကြီး၏ အဖြစ်ကို စဉ်းစားမိကာ အားငယ်သလို ခံစားရသည်။
မမသည် တစ်ညလုံး အိပ်၍ မပျော်ဘဲ လူးကာလွန့်ကာဖြင့်သာ အချိန် ကုန်ခဲ့ရသည်။ နံနက်လင်းခါနီးတော့မှ မှေးခနဲ ထိုင်လျက်သား အိပ်ပျော် သွားသည်။ သူ ပြန်နိုးလာသော အခါတွင် မီးရထားသည် ရန်ကုန်နားသို့ ချဉ်းကပ်လာပြီ ဖြစ်၏။
အရှေ့ဘက် လယ်ကွင်းများနှင့် ကောင်းကင်တို့ ထိတွေ့ရာ မိုးကုပ် စက်ဝိုင်းတွင် ပတ္တမြားရည် ဆိုး၍ ရောင်နီ ပျိုးလာတော့မှ မမ၏ စိတ်အား ငယ်ခြင်းတို့သည် ပျောက်ကွယ်သွားကြ၏။ ရန်ကုန် နားသို့ ရောက်သည်နှင့် မမသည် အိမ်ကို ပို၍ အမှတ်ရလာ၏။ လင်နှင့် သားကို တွေ့ရတော့မည်ဟူသော အသိဖြင့် ရွှင်မြူး၍ လာပေသည်။
ရန်ကုန် ဘူတာကြီးထဲသို့ မီးရထား ဆိုက်လိုက်သည်နှင့် များပြားလှသော လူအုပ်ကြီးထဲမှ လင်တော်မောင် ဦးသက်ထွန်းကို လှမ်းရှာဖွေမိသည်။ ခဏ ကြာတော့မှ သက္ကလတ် အပေါ် အင်္ကျီ၊ ပလေကပ် လုံချည်နှင့် လည်စည်းကို ဖရိုဖရဲ ပတ်ထားသည့် ဦးသက်ထွန်းအား လှမ်းမြင်လိုက်ရသည်။
မမက လက်ပြ၍ နှုတ်ဆက်လိုက်တော့မှ ဦးသက်ထွန်းသည် ခပ်သုတ်သုတ် လျှောက်လာ၏။
မမသည် ဦးသက်ထွန်းနှင့် တကယ် တွေ့လိုက်တော့ ရထားပေါ်တုန်းက လွမ်းခဲ့ရသလို နှစ်နှစ်ခြိုက်ခြိုက် မရှိလှဘဲ ဟာသလိုလိုကြီး ဖြစ်နေ၏။ လင်ရယ်လို့ အဝေးက မှန်း၍ လွမ်းရသလောက် နီးနီးတွေ့ရသော အခါ လေးလေးပင်ပင် မရှိလှသော သူ့အဖြစ်ကို သူ သတိထားလိုက်မိသည်။ သည်လို ဟာတာတာ ခံစားချက်မျိုးကို အရင်တုန်းက ခံစားခဲ့ဖူးသော်လည်း မမသည် ကိုယ့်ကိုယ်ကိုယ် သတိ မထားခဲ့မိပေ။ ယခုမှပင် သတိထားမိခြင်း ဖြစ်ပေသည်။
“မျှော်လိုက်ရတာ မမရယ်”
ဦးသက်ထွန်းက မမ လက်တွင် ပိုက်လာသော ကုတ်အင်္ကျီ စသည့် တိုလီမိုလီ ပစ္စည်း ကလေးတွေကို ဆီးကြိုယူရင်း ပြောလိုက်၏။
“တူးတူးကော နေကောင်းရဲ့လား ကိုကို၊ ဘာဖြစ်လို့ မခေါ်ခဲ့သလဲ”
“အမယ်လေး မမ သားက သူ့ မေမေကို လွမ်းလို့ ငိုလိုက်တာ မပြောနှင့်တော့၊ မခေါ်ခဲ့တာက ကျောင်းပျက်မှာ စိုးလို့ပါ”
ဦးသက်ထွန်းက အပြင်မှ ရပ်ကာ တွဲထဲတွင် ရှိနေသေးသည့် ခင်မေကို ပစ္စည်းတွေ အသိမ်းခိုင်းနေသည်။
မမသည် မောပန်းနွမ်းနယ်စွာဖြင့် ပစ္စည်းတွေကို လိုက်၍ စစ်ဆေးနေသည်။
ကိုသက်ဆွေသည် ကုတ်အင်္ကျီကို လက်တွင် ပိုက်လျက် သားရေသေတ္တာကို လက်တစ်ဖက်မှ ဆွဲကာ ပလက်ဖောင်းပေါ်သို့ ဆင်းရန် ရပ်လိုက်ပြီး မျက်လုံးများဖြင့် မမကို လိုက်လံ ရှာဖွေနေမိသည်။ လမ်းလျှောက်လျှင် လှုပ်လီ လှုပ်လဲ့ နွဲ့ယိမ်းသော မမ၏ ကိုယ်ဟန်ကို ကြည့်လိုသေး၏။ နွမ်းလျော့သည့် ကြားကပင် အပြုံးဖြင့် ဝင်းလက်နေတတ်သော မမ၏ မျက်နှာကို မြင်လိုသေး၏။ စမ်းရေ စီးသံလို ချိုလွင် အေးမြသော မမ၏ အသံကိုလည်း ကြားလိုပါသေး၏။
ကိုသက်ဆွေ၏ မျက်လုံးများသည် မမကို လိုက်လံ ရှာဖွေနေကြ၏။ သို့ရာတွင် သူ့ မျက်လုံးများသည် မမကို မတွေ့ကြဘဲ တွဲဝနားတွင် အလုပ်သမားများအား ပစ္စည်း သယ်ခိုင်းနေသော ဦးသက်ထွန်းကို သွား၍ မြင်လျက်သား ဖြစ်နေလေသည်။ သည်တော့မှ မမ အနားတွင် ဦးသက်ထွန်း ရှိပါသေးလား ဆိုသည့် ခံစားမှုသည် ရင်ထဲမှာ ရိုက်ခတ်လာ၏။ ကိုသက်ဆွေသည် မမမှာ လင်ယောက်ျား ရှိသည်ကို အစကတည်းကပင် သိ၏။ သို့ရာတွင် သည်အသည်း သည်ရင်ထဲတွင် ခံစားချက် တစ်ရပ် အနေဖြင့် ရိုက်ခတ်လာအောင် စူးရှခြင်း မရှိခဲ့ပေ။ ယခု ဦးသက်ထွန်းကို မျက်စိရှေ့တွင် ဘွားဘွားကြီး မြင်လိုက်တော့မှ အသိမှာ ပို၍ စူးရှလာသည်။ ခံစားချက်သည် ရိုက်ခတ်လာသည်။
ပစ္စည်းများကို အလုပ်သမားများက သယ်သွားကြပြီးနောက် ဦးသက်ထွန်းက မမ၏ ဝါဝင်း အိစက်သော လက်မောင်းအိုးများကို ကိုင်ကာ တွဲခေါ်သွားသည်။ ပိုင်ဆိုင်ခြင်း၏ အမှတ် လက္ခဏာပေတည်း။
မမက ပိုင်းပင်လို မြင့်ကျိုင်း၍ မိုးမခပင်လို သွယ်နွဲ့ကာ ငုပန်းပင်လို လှနေသည်။ ဦးသက်ထွန်းက ခေါင်း ပြောင်ပြောင်၊ ပါးစို့ အစ်အစ်၊ နှုတ်ခမ်း ထူတွဲတွဲနှင့် မန်ကျည်း ငုတ်တိုလို အကျည်းတန်သည်။
ကိုသက်ဆွေသည် ညီညွတ် ပြေပြစ်ခြင်း မရှိသော မမတို့ လင်မယားကို လှမ်းကြည့်ကာ ရင်ထဲမှာ ပူလောင်လာ၏။ လည်ချောင်းတွေ ခြောက်ကာ ရေငတ်သလို ဖြစ်လာ၏။
မမကို ကြည့်ရသည်မှာ စမ်းရေအိုင် တစ်အိုင်ကို တွေ့လိုက်ရသလိုပင် ဖြစ်၏။ သို့ရာတွင် ကြည်လင် သန့်ရှင်းသော စမ်းရေအိုင်ကို ဝက် တစ်ကောင် မွှေနှောက်ခဲ့ချေပြီတကား။
ကိုသက်ဆွေသည် လူအုပ်ကြားထဲမှ တိုးဝှေ့ကာ ဦးသက်ထွန်းနှင့် မမ တို့ ဘက်သို့ လျှောက်လာပြီး မျက်နှာချင်း ဆိုင်မိသည်နှင့် ပြုံး၍ နှုတ်ဆက် လိုက်၏။
မမကလည်း နွမ်းနယ်စွာ ပြုံး၍ သူ့ကို နှုတ်ဆက်၏။ နွမ်းနယ်သည့် ကြားထဲက ပြုံးစေကာမူ မမ အပြုံးမှာ တစ်ဖက်လူကို လန်းဆန်းစေသောအပြုံး ဖြစ်ပါသည်။
“ဒါက ရာဇဝင် ကထိက မောင်သက်ဆွေလေ”
မနှစ်မြို့ဟန်ဖြင့် ကိုသက်ဆွေကို အကဲခတ်နေသော ဦးသက်ထွန်းကို လှည့်ကြည့်၍ ပြော၏။
ဦးသက်ထွန်းနှင့် ကိုသက်ဆွေသည် တစ်ယောက်ကို တစ်ယောက် ကြည့် ၍ ပြုံးကြ၏။
ကိုသက်ဆွေ၏ အေးစက်သော အပြုံးသည် ဦးသက်ထွန်း၏ အေးစက်သော အပြုံးနှင့် ခိုက်မိသွားကြ၏။
ကျောက်ခဲကို တံစဉ် ခတ်သကဲ့သို့သာတည်း။
“တွေ့ဖူးသားပဲ၊ သွားတုန်းက အမေနှင့် သွားပြီး ပြန်တော့ သားနှင့် ပြန် လာတာပေါ့ ဟုတ်လား၊ ဟဲ ဟဲ”
ဦးသက်ထွန်းက မပြုံးချင် ပြုံးချင် ပြုံး၍ ပြောပြီးမှ မမဘက် လှည့်၍ ပြောလိုက်သည်။
“ဟုတ်ကဲ့၊ မေမေက မေမြို့ တက်သွားပါတယ်”
“ခွင့်နှင့် ပြန်လာတာ ထင်တယ်၊ ဟုတ်လား၊ မောင်သက်ဆွေက အမေကို တစ်ယောက်တည်း ထားခဲ့တာကိုး၊ ဟဲ ဟဲ ကဲ သွားကြဦးစို့၊ သွားဦးမယ် နော်”
“ဟုတ်ကဲ့၊ မပြန်သေးခင်တော့ မမတို့ဆီ လာခဲ့ပါ့မယ်”
ကိုသက်ဆွေက ဦးသက်ထွန်း နှုတ်ဆက်သည်ကို ခေါင်းညိတ်၍ အမှတ်ပြုပြီးနောက် မမဘက်သို့ လှည့်၍ ပြော၏။
“ကဲ လာပါ၊ ပါတီတွေ အစည်းအဝေးတွေ မသွားရင်တော့ ညဦးပိုင်းဆိုရင် အိမ်မှာ အမြဲရှိတယ်၊ ဟုတ်လား မမ”
ဦးသက်ထွန်းက ကိုသက်ဆွေကို ကြည့်ပြီး မမကိုပါ လှမ်း၍ ပြောလိုက်သည်။
မမသည် ဘာမျှ ပြန်မပြောဘဲ ခေါင်းညိတ် ပြလိုက်ပြီး နှစ်ယောက်သား ဘူတာရုံ အပြင်ဘက်သို့ ထွက်လာကြပြီး ဘူတာရုံရှေ့တွင် ရပ်ထားသည့် ချက်ပလက် ကားကြီးပေါ်သို့ တက်ထိုင်လိုက်ကြသည်။
“မောင်သော်ရေ၊ အသံလွှင့်ရုံကို မောင်းဟေ့၊ ဩော် မမရေ ကိုကို စီမံကိန်း ကော်မရှင် အစည်းအဝေး ရှိတယ်၊ အဲဒီကနေပြီး ရုံးဆက်တက်မယ်၊ အိမ်ကို မလိုက်တော့ဘူး၊ ဟုတ်လား နော်”
ဦးသက်ထွန်းက မမကို ပြောပြီး မမ၏ လက်ဖျားများကို ဆုပ်နယ်နေသည်။
“ပင်ပန်းလှချေလား ကိုကိုရယ်”
“အေးကွာ၊ ကိုယ့် မိန်းမနှင့် ကိုယ်တောင် အေးအေးဆေးဆေး မနေရပါဘူး၊ တစ်နေရာ သွားပြီး အေးအေးဆေးဆေး နေချင်လှပြီ”
အသံလွှင့်ရုံတွင် ဦးသက်ထွန်းကို ချပေးခဲ့ပြီး ကားသည် တက္ကသိုလ် ရိပ်သာလမ်း အင်းလျားကန်စွယ်ရှိ ခြံကြီး တစ်ခြံထဲသို့ ချိုးဝင်ခဲ့ပြီး တိုက်ဆင်ဝင် အောက်တွင် ထိုးရပ်လိုက်သည်။
“ဟော မေမေ ပြန်လာပြီ၊ မေမေ ပြန်လာပြီ”
တူးတူးက အိမ်ပေါ်ထပ်က ပြေးဆင်းလာ၏။
တူးတူးမှာ ကျောင်းတက်တော့မည် ဖြစ်၍ အဝတ်အစားများလဲကာ လွယ်အိတ်ကို လွယ်ထားလေသည်။ တူးတူးကို မြင်လိုက်တော့ မမသည် ရင်ထဲမှာ ကြည်လင် ချမ်းမြေ့၍ သွားသည်ဟု ထင်ရ၏။
အမေတူ သားကို မြင်လိုက်ရတော့ အပန်းပြေ သွားသလို ထင်ရ၏။ မမသည် တူးတူးကို ပွေ့ဖက် နမ်းရှုပ်ပြီး ခင်ရီရီတို့ ပေးလိုက်သည့် လက်ဆောင်များကို ထုတ်ပေးနေသည်။
“ချိုချိုက လေးတန်း ရောက်ပြီ သားရဲ့၊ ပိုပိုကတော့ တစ်တန်းပဲ ရှိသေးတယ်၊ သိပ်စာဖတ်တတ်နေပြီ၊ သားလည်း စာမြန်မြန် ဖတ်တတ်အောင် ကြိုးစားနော် ဟုတ်လား၊ ရော့ ချိုချိုက သားစားဖို့တဲ့ သစ်ကြားသီးတွေ ပေးလိုက်တယ်”
တူးတူးက သစ်ကြားသီးများကို ဘောင်းဘီအိတ် နှစ်ဖက် ပြည့်အောင် ထည့်နေသည်။ တူးတူး ကျောင်းသို့ ထွက်သွားတော့မှပင် မမ အိမ်ပေါ်သို့ တက်လာခဲ့ရလေတော့သည်။