(၁၇)
“မင်း အကြောင်းကိုတော့ မမက ခဏ ခဏ ပြောတယ်”
ဒေါ်မြမြမေက မောင်သက်ဆွေကို လှမ်း၍ ပြောလိုက်သည်။ မောင်သက်ဆွေသည် အိမ်ရှေ့ဘက်သို့ လှမ်းကြည့်လိုက်ပြီး စီးကရက် တစ်လိပ်ကို မီးညှိ၍ ဖွာနေသည်။ ဒေါ်မြမြမေမှာ မီးရထားဘက် အရာရှိကြီးတစ်ဦး၏ ဇနီး ဖြစ်၍ မောင်သက်ဆွေ၏ အစ်မ ဝမ်းကွဲ ဖြစ်ပေသည်။ မမသည် အားအား ရှိလျှင် ကားတစ်စီးဖြင့် အသိ မိတ်ဆွေများ အိမ်သို့ လျှောက်လည်တတ်သည်။ မမ၏ အသိ မိတ်ဆွေများမှာလည်း အမျိုးမျိုး ရှိသည်။ ဦးသက်ထွန်းနှင့် ပတ်သက်၍ သိကျွမ်းခဲ့ရသော အရာရှိ ကြီးငယ်များ၊ မင်းကတော် စိုးကတော်များသည် လည်းကောင်း၊ မမ၏ ငယ် သူငယ်ချင်း ကျောင်းနေဖက်များသည် လည်းကောင်း၊ ဦးသက်ထွန်းနှင့် သူ အိမ်ထောင် ကျပြီးမှ သိကျွမ်းရသော ဝန်ကြီး ဝန်ကလေးများ၊ အထက်တန်းစား အရာရှိ ကြီးများ၊ နိုင်ငံခြား သံတမန်များ၊ ပါလီမန် အမတ်များ၊ ကုန်သည်များသည် လည်းကောင်း မမ၏ ပတ်ဝန်းကျင်တွင် ရှိကြသည်။ သည်အသိုင်းအဝိုင်းတွင် သူတို့သည် တစ်ယောက် အကြောင်းကို တစ်ယောက် သိပြီး ဖြစ်ကြသည်။ ဘယ် မင်းကတော်က ဒရိုင်ဘာနှင့် ဖြစ်နေကြောင်း၊ ဘယ် အရာရှိ သမီးက ဇာတ်လိုက် မင်းသားနှင့် ကြိုက်နေကြောင်း၊ ဘယ် အရာရှိက ဘယ်သူ့ကို ချောက်တွန်းကာ ရာထူး ခုန်တက်သွားကြောင်း၊ ဘယ် ကုန်သည်က ဘယ် နိုင်ငံရေးသမားကို ကပ်၍ လိုင်စင် သိန်းချီ၍ ရကြောင်း စသည့် သတင်းတွေ ကိုလည်း တစ်ယောက်နှင့် တစ်ယောက် ဖလှယ်ကြစမြဲ ဖြစ်လေ၏။
မမသည် ဘယ်အသိုင်းအဝိုင်း ရောက်ရောက် သူတို့ တစ်တွေနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်သည်။
နိုင်ငံခြား သံတမန်များ၊ အထက်တန်း အရာရှိကြီးများ အသိုင်းအဝိုင်း ရောက်လျှင် အင်္ဂလိပ် စကားကို လှပ သွက်လက်စွာ ပြောတတ်သည်။
ကမ္မဋ္ဌာန်းတရား အားထုတ်သည့် ဝန်ကြီးနှင့် နီးစပ်သော အသိုင်းအဝိုင်းသို့ ရောက်လျှင် ကမ္မဋ္ဌာန်း အကြောင်းကို ပြောတတ်သည်။ ကုန်သည် အသိုင်း အဝိုင်း ရောက်လျှင် ကုန်သည် စကားကို ပြောတတ်သည်။ မင်းကတော်`စိုး ကတော်များ ကြားထဲ ရောက်လျှင် နောက်ဆုံးပေါ် အဆင်ဆန်းများ အကြောင်းက စ၍ အမေရိကန်နှင့် နာမည် အကျော်ဆုံးသော ရေမွှေး အကြောင်း အထိ ပြောတတ်သည်။ မင်းကတော် စိုးကတော်များသည် မမကို ကြည့်၍ အလှ ပြင်တတ်ကြသည်။
အထူးသဖြင့် အားလျှင် မမသည် ဒေါ်မြမြမေ အိမ်သို့ မကြာခဏ ပေါက်၍ လာတတ်သည်။ ဒေါ်မြမြမေ အိမ်ကို အရင်တုန်းက သည်လောက် အဝင် အထွက် ရှိလှသည် မဟုတ်သော်လည်း မန္တလေးက ပြန်လာပြီး ကတည်းက မောင်သက်ဆွေကို သူ့ အစ်မ ဒေါ်မြမြမေ၏ အိမ်တွင် မကြာခဏ တွေ့ရတတ် သဖြင့် အားလျှင် ရောက်၍ လာတတ်သည်။ ပျင်းလျှင် မောင်သက်ဆွေပါ ဝိုင်းဖွဲ့၍ ပိုကာ ဒေါင်းကြသည်။ တစ်ခါတစ်ရံ မောင်သက်ဆွေနှင့် အတူ ကပွဲများသို့ သွားတတ်ကြသည်။
မောင်သက်ဆွေကလည်း မမ ရှိသည့် နေရာသို့ ရောက်၍ လာတတ် သည်။ အခွင့် ကြုံတိုင်း မမ၏ အချစ်ကို ဖွင့်ဟ တောင်းခံတတ်သည်။ အစတော့ မမသည် မောင်သက်ဆွေကို ကြောက်သလိုလို ရှိသော်လည်း နောက်တော့ သာယာသလိုလို ဖြစ်လာသည်။
သို့ရာတွင် မောင်သက်ဆွေက သူ့ အချစ်ကို ဖွင့်ဟပြောသည့် အခါတိုင်း မမသည် ညင်ညင်သာသာဖြင့် ငြင်းခဲ့သည်သာ ဖြစ်သည်။
“မမ ကြည့်ရတာ တစ်မျိုးပဲ၊ မန္တလေးက ပြန်လာ ကတည်းက နုပျိုလာ သလိုပဲ၊ မမက နုပျိုသလောက် ဦးသက်ထွန်းကတော့ တစ်နေ့တခြား အိုစာလာတယ် ထင်ရတယ်၊ ငါတော့ ဒီလောက် အသက်ကြီးတဲ့ ယောက်ျား ရတဲ့ မမကို တွေးမိတိုင်း သနားတယ်”
ဒေါ်မြမြမေက ပြုံး၍ ပြောလိုက်သည်။
“ဒီနေ့ မမ လာဦးမလား”
“မင်း မရောက်ခင်လေးတင် သူ့ဆီက ဖုန်း လာတယ်၊ လာခဲ့မယ်တဲ့၊ ဟော ပြောရင်း ဆိုရင်း ကားသံ ကြားတယ်”
အိမ်ရှေ့မှ ကားဆိုက်သံ ကြားရ၏။ ဒေါ်မြမြမေသည် မောင်သက်ဆွေ ကို ပြုံးကြည့်ကာ တံခါးပေါက်သို့ လျှောက်သွားသည်။
ကား တံခါး ပိတ်သံနှင့် အတူ မမသည် လက်ပွေ့အိတ်ကို လက်မောင်း ချိတ်ကာ အခန်းထဲသို့ ဝင်လာ၏။
“စောစော လာမလို့ပဲ မြရေ၊ အပ်ချုပ်ဆိုင် ဝင်နေလို့၊ မန္တလေးက ပြန်လာကတည်းက အင်္ကျီတွေ အပ်ထားတာ သွားကို မရွေးနိုင်သေးလို့ ခုမှ ရွေးခဲ့တယ်”
မမက ဒေါ်မြမြမေကို ပြုံး၍ ပြောလိုက်သည်။
မမသည် ဂျော့ဂျက် နိုင်လွန် ၁၂ ဝတ်စာကို နာမည်ကြီး အပ်ချုပ်ဆိုင်တွင် အပ်ထားခဲ့သည်။ အပ်ချုပ်ဆိုင်မှာ ရုပ်ရှင် မင်းသမီးများ၊ တက္ကသိုလ် ကျောင်းသူများ၊ မင်းကတော်များ၏ လက်စွဲ အပ်ချုပ်ဆိုင် ဖြစ်သည်။ မမနှင့် ဒေါ်မြမြမေသည် နောက်ဆုံးပေါ် အဆင်ဆန်းများ အကြောင်းကို ပြောလာကြသည်။ အနားရောက်တော့မှ မမက မောင်သက်ဆွေကို ပြုံး၍ နှုတ်ဆက် လိုက်သည်။
“ဆိုင်မှာ အတွင်းဝန် ဦးမြသွေး သမီးနှင့်တောင် တွေ့ခဲ့သေးတယ်၊ ကလေးမလေးက အင်ဂျင်နီယာ တစ်ယောက်နှင့် မင်္ဂလာ ဆောင်တော့မယ် ဆိုပါလား မြရဲ့”
“ဟုတ်တယ်၊ မြလည်း ကြားတယ်၊ သူတို့ချင်းလည်း ချစ်နေကြတယ်ဆို ထင်ပါရဲ့”
“တောက်တီးတောက်တဲ့ မြရယ်၊ လူကြီးချင်း ပေးစားတာပါ၊ ကောင်မလေးက ကောလိပ် ကျောင်းသားလေး တစ်ယောက်နှင့် ချစ်နေသတဲ့၊ ဒါပေမဲ့ ကောင်လေး မိဘများက တောက မထင်မရှား ဆိုတော့ မပေးစားဘူးလို့ ငြင်း လွှတ်လိုက်ပြီး ခု အင်ဂျင်နီယာကလေးနှင့် ပေးစား လိုက်တာတဲ့၊ အေးလေ နောက်တော့လည်း ချစ်ချင် ချစ်လာမှာပေါ့၊ လောကမှာ လူ အမျိုးမျိုး ရှိတယ်ဆိုရင် စိတ် အမျိုးမျိုး ရှိမယ်၊ အသည်းနှလုံးလည်း အမျိုးမျိုး ရှိမယ်၊ ဒါကြောင့် အချစ် ဆိုတာလည်း အမျိုးမျိုး ရှိမှာပေါ့”
မမက လှမ်းပြောရင်း မောင်သက်ဆွေကို ကြည့်၍ မျက်နှာချင်းဆိုင် ထိုင် လိုက်သည်။
“ရောက်နေတာ ကြာပြီလား မောင်သက်ဆွေ”
“ဟုတ်ကဲ့၊ နည်းနည်း ကြာသွားပါပြီ”
“ဪ ဒါထက် မမ၊ မန္တလေး ခင်ရီရီဆီက စာ ရတယ်၊ ခင်သီသီ တစ်ယောက် တော်တော် နေထိုင်မကောင်း ဖြစ်နေသတဲ့”
“အို ဟုတ်လား၊ ဒီ့ပြင် ဘာတွေများ ရေးလိုက်သေးသလဲ မမ”
မောင်သက်ဆွေက သူ ခင်သီသီအား ပိုးနေကြောင်း စာထဲတွင် ပါလာ သလားဟု မလုံမလဲ ဖြစ်လာသဖြင့် မေးလိုက်သည်။ ဒေါ်မြမြမေသည် အိမ်နောက်ဖေး ထမင်းစားခန်းထဲသို့ ဝင်သွားသည်။
“အို ရေးလိုက်တာတွေကတော့ စုံလို့ပါပဲ၊ မမလည်း ဒီ အကြောင်းတွေ မောင်သက်ဆွေကို အေးအေးဆေးဆေး ပြောချင်သေးတယ်၊ အမှန်ကတော့ မောင်သက်ဆွေဟာ သိပ် မိုက်တယ် မောင်သက်ဆွေ”
“ဘာမိုက်တာလဲ မမရဲ့၊ ကိုယ့်ကို မချစ်နိုင်ပါဘူးလို့ ငြင်းနေတဲ့ မိန်းမ တစ်ယောက် နောက်ကို ကောက်ကောက်ပါအောင် လိုက်နေတာဟာ မိုက်တယ်လို့ ပြောရင်တော့ ကျွန်တော် မိုက်တယ်ပဲ ထားပါတော့ မမရယ်”
“မဟုတ်ဘူး မောင်သက်ဆွေ၊ ကိုယ့်ကို ချစ်လို့ တကောက်ကောက် လိုက် နေတဲ့ ခင်သီသီကို ခွာထွက်လာလို့ မင်းကို မိုက်တယ်လို့ ပြောတာ၊ မင်းမှာ အသည်းနှလုံးမှ ရှိရဲ့လား မောင်သက်ဆွေ ဟင်”
ပါးစပ်ကသာ ပြောလိုက်သော်လည်း မမ၏ မျက်လုံးများကမူ မောင်သက် ဆွေ အသည်းနှလုံး ရှိကြောင်းကို ထောက်ခံနေသကဲ့သို့ ရှိသည်။
“အသည်း နှလုံး မရှိဘဲ နေပါ့မလား မမရယ်၊ အသည်း နှလုံး ရှိလို့ အသည်း နှလုံးက ဒါကို မလိုချင်ဘူး၊ ဟိုဟာကို လိုချင်တယ်လို့ ခေါင်းခါ ပြီး စကား ပြောနေတာပေါ့”
“တော် တော် မောင်သက်ဆွေ၊ မမ ဒီစကားမျိုးတွေကို မကြားချင်ဘူး၊ ဒီကို လာတာ ဒီစကားမျိုးတွေကို နားထောင်ဖို့လည်း လာတာ မဟုတ်ဘူး၊ ဒီနေ့ မမ ဒီကို လာတာ မောင်သက်ဆွေကို ရပ်တန်းက ရပ်အောင် ပြောဖို့ လာတာပဲ၊ မမဟာ ခု အချိန်ထိ ကိုကိုက လွဲလို့ ဘယ် ယောက်ျားကိုမှလည်း မချစ်ဖူးဘူး၊ ကိုကို့ ကွယ်ရာမှာ အစွန်းအထင်း ရှိအောင်လည်း မနေခဲ့ဖူးဘူး၊ ဒီစကားကို မောင်သက်ဆွေ နောက်ထပ် မပြောရင် ကောင်းမယ် ထင်တယ်’
မမ မျက်နှာမှာ ရဲတက်သွားသည်။
ဒေါသ ထွက်တုန်းမှာပင် တောက်ပနေသော မမ၏ အလှကို မောင်သက် ဆွေသည် ငေးကြည့်နေသည်။
“မပြောတော့ပါဘူး မမရယ်၊ မမက မပြောစေချင်ရင် ကျွန်တော် မပြော တော့ပါဘူး၊ မမ စိတ်ချမ်းသာသလို နေပါ့မယ်၊ မမ စိတ်ချမ်းသာတယ် ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ”
“ကောင်းပြီ၊ ဒီလို ဆိုရင် မောင်သက်ဆွေ မန္တလေးကို ပြန်ပြီး ခင်သီသီ စိတ်ချမ်းသာအောင် နေပါ၊ ခင်သီသီဟာ ဘယ်လောက် သနားစရာ ကောင်း သလဲ”
“တကယ် ပြန်ရတော့မှာလား မမ”
“တကယ်ပေါ့၊ မောင်သက်ဆွေ ပြောသလို မမကို ချစ်တယ် ဆိုရင် မမ စိတ်ချမ်းသာစေချင်ရင် မမ ပြောတဲ့ အတိုင်း လုပ်ပါ၊ ဒါပဲ”
မမက စီးကရက်ကို ကောက်၍ မီးညှိနေသည်။
“မမက ပြန်ဆိုရင်လည်း ပြန်ရမှာပေါ့ မမရယ်၊ ကျွန်တော့် ထိုက်နှင့် ကျွန်တော့် ကံလို့ပဲ အောက်မေ့ရတော့မှာပေါ့၊ ဒါပေမဲ့ မမကို ကျွန်တော် သိစေချင်တာ တစ်ခုတော့ ရှိပါတယ်၊ အဲဒါကတော့ ကျွန်တော်ဟာ မမကို အသည်းနင့်အောင် ချစ်တယ် ဆိုတဲ့ အချက်ပဲ၊ မမမှာ ပိုင်သူ ဆိုင်သူ ရှိတယ် ဆိုတာကို ကျွန်တော် သိပေမဲ့ ကျွန်တော် မစောင့်စည်းနိုင်တော့ဘူး မမ၊ ဒါကြောင့် အရဲစွန့်ပြီး မမနောက်ကို လိုက်လာခဲ့တာပဲ၊ ကျွန်တော့်မှာ မမကို ချစ်တယ် ဆိုတဲ့ စိတ်မှ အပ အခြား ဘာမှ မရှိတော့ဘူး၊ ခုတော့ ကျွန်တော့် အဖို့ မျှော်လင့်ချက်လည်း မရှိတော့ဘူးပေါ့နော် မမ”
ကိုသက်ဆွေက လှမ်း၍ မေးလိုက်သည်။
“မမ ပြောပြတဲ့ အတိုင်း မန္တလေးကိုသာ ပြန်ပါ မောင်သက်ဆွေ၊ မမ ဒီစကားတွေကို နောက်ထပ် မကြားပါရစေနှင့်တော့၊ မမနှင့် မောင်သက်ဆွေဟာ မိတ်ဆွေလိုပဲ နေကြပါစို့၊ ဟုတ်လား”
မမက တစ်လုံးချင်း ပြောနေသည်။
သို့ရာတွင် သည်စကားများမှာ အသည်း နာနာနှင့် ပြောလိုက်ရသော စကားများ ဖြစ်ကြောင်းကို မျက်လုံးများက သက်သေ ခံနေသည်။
“မိတ်ဆွေလို နေကြဖို့ ဆိုတာ ထည့်မပြောပါနှင့်တော့ မမရယ်၊ ကျွန်တော် နှင့် မမတို့ နှစ်ယောက်ဟာ အပျော်ဆုံး လူတွေ ဖြစ်ကြမလား၊ စိတ်အဆင်းရဲဆုံး လူတွေ ဖြစ်ကြမလား၊ ဒီ နှစ်လမ်းပဲ ရှိပါတယ်၊ ဘယ်လမ်းကို သွားမလဲ ဆိုတာ မမ အပေါ်မှာ တည်ပါတယ်”
မမက တစ်စုံတစ်ရာ ပြောရန် ပြုလိုက်သည်။
သို့ရာတွင် ကိုသက်ဆွေက…
“ကျွန်တော့် အဖို့ မျှော်လင့်ချက် ရှိသေးသလား၊ မရှိတော့ဘူးလား ကျွန် တော် ဒီတစ်ချက်ပဲ သိချင်ပါတယ်၊ တကယ်လို့ ကျွန်တော့်ကို မုန်းတယ် ဆိုရင် ကျွန်တော့် မျက်နှာကို မကြည့်ချင်ဘူးလို့သာ မမက တစ်ခွန်းတည်း ပြောလိုက်ပါ၊ မမ ကျွန်တော့်ကို မမြင်ရတော့ပါဘူး၊ ကျွန်တော် ရှိနေတာဟာ မမ အတွက် အနှောင့်အယှက် ဖြစ်နေမယ် ဆိုရင် ကျွန်တော် ရှောင်သွားပါ့မယ်”
ကိုသက်ဆွေက လှိုက်လှဲစွာ ပြောချလိုက်သည်။ မမသည် ကိုသက်ဆွေ ကို သနားသလို ဖြစ်သွားသည်။
“အို မောင်သက်ဆွေရယ်၊ မမကို ဒီလို မပြောပါနှင့်၊ မမက မင်းကို နှင် ထုတ်နေတာ မဟုတ်ပါဘူး”
“ဒီလိုဆို ကျွန်တော် မျှော်လင့်ချက် ထားနေပါရစေဦးနော် မမ”
အိမ်ရှေ့မှ ကားဆိုက်သံ ကြားရကာ ဦးသက်ထွန်း ရောက်လာလေသည်။ ဦးသက်ထွန်းသည် ဇနီးသည် မမနှင့် ကိုသက်ဆွေ နှစ်ယောက်တည်းကို ဧည့်ခန်းတွင် တွေ့လိုက်ရသော အခါ တစ်ချက်မျှ မျက်နှာ ပျက်သွားသည်။ သို့ရာ တွင် ချက်ချင်း ပြန်၍ ဣန္ဒြေ ဆည်ကာ ကိုသက်ဆွေကို ပြုံး၍ နှုတ်ဆက် လိုက်သည်။
ဒေါ်မြမြမေကပါ ရောက်လာကာ လေးယောက်သား စကား ပြောနေ ကြသည်။ နာရီဝက်လောက် စကား ပြောကြပြီးနောက် ဦးသက်ထွန်းနှင့် မမသည် နှုတ်ဆက်၍ ပြန်သွားကြလေသည်။
ဦးသက်ထွန်းသည် တစ်လမ်းလုံး စကား မပြောဘဲ စဉ်းစား၍ လိုက်ပါလာသည်။ ကိုသက်ဆွေနှင့် မမကို ဧည့်ခန်းတွင် နှစ်ယောက်တည်း တွေ့လိုက်ရပုံမှာ သင်္ကာမကင်းစရာ ဟူ၍ကား ဘာမျှ မတွေ့ရသော်လည်း စိတ်ထဲတွင်မူ မသိုး မသန့် ဖြစ်နေမိသည်။ မနှစ်မြို့နိုင်ဘဲ ရှိနေသည်။ ထို့ကြောင့် မမကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။
အိမ်သို့ ရောက်လျှင် ဦးသက်ထွန်းသည် ထုံးစံအတိုင်း စာကြည့်ခန်းထဲတွင် ထိုင်၍ စာဖတ်နေသည်။ သို့သော်လည်း စာကို စိတ်မဝင်စားတော့ပေ။ သူ့ မျက်စိထဲတွင် မမနှင့် ကိုသက်ဆွေ၏ ရုပ်ပုံကိုသာ မြင်ယောင်နေသည်။ စာဖတ်၍ မရတော့သဖြင့် အိပ်ရာဝင်ခါနီး ကမ္မဋ္ဌာန်း ထိုင်နေကျ အတိုင်း ကမ္မဋ္ဌာန်း ထိုင်ရန် ကြိုးစားသော်လည်း မရတော့ပေ။
ဦးသက်ထွန်းသည် အိပ်ခန်း တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ လှမ်း ကြည့်လိုက်သည်။ မမသည် ခုတင်ဘေး မလှမ်းမကမ်းမီးတိုင် အောက်ရှိ ပက်လက် ကုလားထိုင် တစ်လုံးပေါ်တွင် စာဖတ်နေသည်။
မမနှင့် … ကိုသက်ဆွေတို့ အနေအထိုင်ကို မမအား ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်လိုက်တုန်းကတော့ ခပ်လွယ်လွယ်ပဲဟု အောက်မေ့ခဲ့သည်။ သို့ရာတွင် တကယ် တေ့တေ့ဆိုင်ဆိုင် ပြောကြမည် ဆိုတော့ ထင်သလောက် မလွယ်သည်ကို တွေ့လာရသည်။
ဦးသက်ထွန်းသည် ဇနီးသည်အား မနာလိုခြင်းလည်း မဟုတ်ပေ။ ဇနီး သည်ကို ယောက်ျား တစ်ယောက်နှင့် စကားပြောရုံမျှဖြင့် မနာလို ဝန်တိုခြင်းမှာ ကိုယ့် ဇနီးအား ကိုယ်က ပြန်၍ စော်ကားရာ ရောက်သည်၊ အထင်သေးရာ ရောက်သည်ဟု ယူဆမိသည်။ အကြင်လင်မယား အဖြစ် ပေါင်းသင်းလာကြပြီး နောက်တွင် တစ်ယောက်ကို တစ်ယောက် အယုံကြည် ကင်းမဲ့နေကြလျှင် သည် အိမ်ထောင်ရေးသည် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
သူသည် မမကို ချစ်မြတ်နိုး၍ လင်သား အပေါ်တွင် သစ္စာ ရှိသော မိန်းမ တစ်ယောက်ဟု အမြဲတမ်း ယုံကြည်ခဲ့သူ ဖြစ်သည်။ ယခု ကိစ္စကို ဖွင့်မေးရာမှ စ၍ သာယာသော သူတို့ အိမ်ထောင်ရေးသည် မုန်တိုင်း တိုက်ခတ်ခြင်း ခံရသလို ပြိုကွဲသွားမည်ကိုလည်း စိုးရိမ်မိသည်။
ထို့ကြောင့် ဦးသက်ထွန်းသည် ဆုံးဖြတ်၍ မရနိုင်ဘဲ တံခါးဝတွင် အတော်ကြာ ရပ်နေပြီးမှ အောက်ထပ် ဧည့်ခန်းထဲသို့ ဆင်းလာကာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်၍ နေမိပြန်သည်။
“ငါ့ ဆုံးဖြတ်ချက်ကို ဖွင့်ပြောလိုက်ရမလား”
ဦးသက်ထွန်းသည် စိတ်ထဲတွင် ချီတုံချတုံ ဖြစ်လျက် ရှိသည်။ ဘယ်က စ၍ ပြောရမည်ကိုတောင် စဉ်းစား၍ မရပေ။ ဇနီးသည်အား ကိုသက်ဆွေနှင့် စကားပြောနေသည်ကို တွေ့ရုံကလေးဖြင့် ဖွင့်ပြောရန်ကလည်း တကယ်တော့ မိမိဘက်က သဘောထား သေးရာ ရောက်နေမည်လားဟု တွေးမိသည်။ သို့ရာတွင် မပြောဘဲ နေပါကလည်း ကိုသက်ဆွေနှင့် မမတို့ သည့်ထက်သည် ရင်းနှီး သွားကြကာ အများ ပြောစရာ ဖြစ်မည်ကို စိုးရိမ်မိပြန်သည်။ သားလေး အတွက်လည်း ရင်လေးမိပြန်သည်။ အခြေအနေ ဆိုးလာပြီး သူတို့ အိမ်ထောင်ရေး ဖရိုဖရဲ ဖြစ်သွားမည်ကို ပူပန်မိပြန်သည်။
ထို့ကြောင့် ဦးသက်ထွန်းသည် အိမ်ပေါ်ထပ်သို့ ဖြည်းညင်းစွာ တက်လာကာ အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။
မမသည် သူ့ ခြေသံကို ကြားတော့မှ စာအုပ်ကို ပိတ်ကာ ပါးစပ်ကို လက်ဝါးဖြင့် ဖုံး၍ သမ်းဝေလိုက်သည်။
“ကိုကို အိပ်တော့မလို့လား၊ မမလည်း စာဖတ် ကောင်းကောင်းနှင့် ဖတ် နေလိုက်တာ ဆယ်နာရီတောင် ခွဲသွားပြီ
“မအိပ်သေးပါဘူး၊ မမကို စကား တစ်ခွန်းလောက် ပြောစရာ ရှိလို့ စောစောတက်လာတာ”
ဦးသက်ထွန်းက အခန်းထဲတွင် လမ်းလျှောက်ရင်း ပြန်ပြောလိုက်သည်။
“ဘာများ ပြောစရာ ရှိလို့လဲ ကိုကိုရယ်၊ ထူးထူးဆန်းဆန်း”
မမက အံ့အားသင့်စွာ မေးလိုက်သည်။ တစ်မူ ထူးခြားနေသော ဦးသက်ထွန်း၏ အမူအရာကိုလည်း အကဲခတ်နေမိသည်။
“တခြားတော့ မဟုတ်ပါဘူး၊ မမကို သတိပေး စကား တစ်ခွန်း ပြောချင် လို့ပါ”
ဦးသက်ထွန်းက မမကို မကြည့်ဘဲ ပြောလိုက်သည်။ မမ ရင်ထဲတွင် အလုံးကြီး တက်ဆောင့်သလို ဒိတ်ခနဲ ဖြစ်သွားသည်။
“ဘာများ သတိ ပေးစရာ ရှိလို့လဲ ကိုကို၊ မမ အပေါ်မှာ ဘာများ မကျေနပ်တာ တွေ့လို့လဲ”
မမက ဦးသက်ထွန်းကို ကြည့်နေသည်။ မမ၏ အသွင်အပြင် အမူအရာမှာ ပကတိ အပြစ် ကင်းစင်သော အမူအရာ ဖြစ်သည်။ အပြစ်ကင်းဟန် ဆောင်သော အမူအရာဟု ထင်လိုက်သည်။
“ကိုကို့ စကားတွေဟာ မမ အဖို့ ထူးဆန်းချင်လည်း ထူးဆန်းနေမှာပဲ၊ ဒါပေမဲ့ ကိုကို့မှာ ပြောဖို့ ဝတ္တရား ရှိတယ်၊ အခွင့်အရေး ရှိတယ် ထင်လို့ ကိုကို ပြောတာပဲ၊ မမကို ကြည့်ရတာဟာ နည်းနည်း သတိလက်လွတ် နေပုံ ရတယ်လို့ ကိုကို ထင်နေတယ်၊ ဒီအတိုင်းသာ မမ ဆက်နေသွားရင် တစ်နေ့မှာ ဘေးပတ်ဝန်းကျင်က ပြောစရာ ဖြစ်လာလိမ့်မယ်၊ ညဦးပိုင်းက မောင်သက်ဆွေနှင့် မမတို့ ပြောဆို ဆက်ဆံပုံတွေဟာ နည်းနည်း လက်ပွန်းတတီး ရှိလွန်းတယ်လို့ ကိုကို ထင်တယ်”
မမသည် ဦးသက်ထွန်းအား ဖျတ်ခနဲ မော့ကြည့်လိုက်သည်။ မမ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေကြသည်။
“ဘာလဲ၊ ကိုကိုက မမကို မောင်သက်ဆွေနှင့် တစ်မျိုး ထင်တယ် ဆိုပါတော့၊ ဒါတော့ မမကို တမင်သက်သက် အပြစ်ရှာတာပဲလို့ ထင်တယ်၊ လက်ထပ်ပြီးခါစတုန်းက မမ ဘာသာ မမ ခပ်အေးအေး နေတော့ မမဟာ ရိုးတယ် အတယ်၊ အရာရှိကတော်လို မနေတတ်ဘူး ဆိုပြီး အပြစ် ရှာတယ်၊ ခု အပေါင်းအသင်းနှင့် လိုက်လိုက်လျောလျော ခေတ်ဆန်ဆန် နေတော့လည်း အပြစ် တစ်မျိုး ရှာလာတယ်၊ ကိုကို ဒီလို မသင်္ကာတတ်ပုံမျိုးနှင့် ဆိုရင် မမ ဘယ့်နှယ်လုပ် နေရမလဲ”
မမက ရှိုက်သံနှင့် ပြောလိုက်သည်။ သူ့ အသံမှာ မသိမသာ တုန်၍ နေ သည်။
“ဘယ်လိုလုပ် နေရမလဲ ဆိုတာ ကိုကို ပြောဖို့ မလိုပါဘူး၊ မမ ဘာသာ မမ သိပါတယ်၊ မနာလို ဝန်တို ဖြစ်တတ်တဲ့ စိတ်ဟာ မကောင်းမှန်း ကိုကို သိပါတယ်၊ ကိုကို့ အလုပ် ကိစ္စနှင့် ပတ်သက်လို့ပဲ ဖြစ်ဖြစ် မမနှင့် ပတ်သက် လို့ပဲ ဖြစ်ဖြစ် ကိုကိုဟာ မနာလိုစိတ် မရှိအောင် အမြဲ ကြိုးစားတယ်၊ ဒါပေမဲ့ လူမှာ လူ့အလိုက် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိတယ် မမ၊ လူ့ကျင့်ဝတ် တွေကို လူက မစောင့်ထိန်းလို့ ရှိရင် မစောင့်ထိန်းမှု အတွက် ဒဏ်ပြန်ခတ် လိမ့်မယ်၊ ဒီနေ့ ည မမနှင့် မောင်သက်ဆွေတို့ ပြောပုံ ဆိုပုံ ကြည့်ပုံ ရှုပုံတွေဟာ တစ်မျိုးပဲလို့ ကိုကို ထင်တယ်၊ ကိုကို ပြောချင်တဲ့ အကြောင်းကတော့ ဒါပဲ”
“ကိုကို ထင်ချင်သလို ထင်ပေါ့၊ မမကတော့ ဘာမှ မထူးခြားဘူး၊ မောင်သက်ဆွေနှင့် မမဟာ ရိုးရိုးတန်းတန်း ဆက်ဆံတာပဲ”
မမက နှုတ်ခမ်းကို မှဲ့၍ ပြောလိုက်သည်။
“ရိုးတယ် မရိုးတယ် ဆိုတာ ကိုကို့ အလုပ် မဟုတ်ဘူး၊ မမရဲ့ အလုပ်ပဲ၊ စိတ်ထဲလည်း ကိုကို ဝင်ကြည့်နိုင်တာ မဟုတ်ဘူး၊ တကယ် ဟုတ် မဟုတ်တော့ မမသာ သိမှာပဲ၊ ကိုကို့ အဖို့ကတော့ ပြောသင့်တယ် ပြောဖို့ ဝတ္တရား ရှိတယ် ထင်လို့ ပြောတာပဲ”
“ဪ ဒါဖြင့် မမကပဲ ဝတ္တရား ပျက်ပြီး ဖောက်လွဲ ဖောက်ပြန် လုပ်နေ တယ်ပေါ့လေ”
“ပြောပြီးပါကော၊ ဝတ္တရား ပျက်တယ် မပျက်ဘူး ဆိုတာ ကိုကို့ကို မမေး နှင့်၊ မမကိုယ် မမ ပြန်မေးပါလို့၊ ကိုကိုကတော့ ကိုကို့ အတွက်ကော မမ အတွက်ကော နှစ်ယောက်စလုံး အတွက် ပြောတာပဲ၊ မမရဲ့ ယောက်ျားဟာ ကိုကို ဆိုတာ မမ သတိရဖို့ ကောင်းတယ်၊ ကိုကိုဟာ မမကို ချစ်တယ် မြတ်နိုးတယ်၊ မမ ချစ်တဲ့ လူဟာ ကိုကို တစ်ယောက်တည်း ဖြစ်သင့်တယ်လို့ ထင်တယ်”
မမသည် ဦးသက်ထွန်း၏ စကားများကြောင့် အံ့အားသင့်သွားသည်။ ဦးသက်ထွန်းလို လူ တစ်ယောက်က အချစ် အကြောင်းကို ပြောလာသဖြင့် အံ့အားသင့်နေသည်။ အချစ်ဆိုတာ သည်လို လူမျိုးတွင် ရှိမှ ရှိရဲ့လားဟု လည်း တွေးနေမိသည်။
မမက တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သည်တွင် ဦးသက်ထွန်းက လက်ကာ ပြကာ…
“နေဦး မမ၊ ကိုကို ဆက်ပြောဦးမယ်၊ ကိုကိုဟာ မမကို ချစ်တယ်၊ ဒါပေမဲ့ ခု ဒီစကားကို ပြောနေရတာ ကိုကို့ အတွက် မဟုတ်ဘူး၊ ဒီကိစ္စမှာ အရေးကြီးဆုံးက ကလေး အတွက်ပဲ၊ ခု ကိုကို ပြောနေတာဟာ မလိုလို့ ပြောနေတာ ဖြစ်ချင် ဖြစ်မယ်၊ ကိုကို အထင်လွဲပြီး ပြောနေတာ ဖြစ်ချင် ဖြစ်မယ်၊ ဒီလိုဆိုရင် မမကို ကိုကို တောင်းပန်တယ်၊ ဒါပေမဲ့ မမ ဘာသာ မမ ခေါင်းအေးအေးနှင့် စဉ်းစားပြီး ကိုကို အထင်လွဲတာဟာ လွဲသင့်လို့ လွဲတာကို တွေ့ လာရင်တော့ မမကို ပြောတဲ့ စကားတွေကို သေသေချာချာ စဉ်းစားပါ၊ ဒါပဲ”
ဦးသက်ထွန်းသည် သူ ပြောချင်ရာတွေကို ပြောပြီး အောက်ထပ်သို့ ဆင်း သွားသည်။
မမသည် ငေး၍ ကျန်ရစ်ခဲ့သည်။ သူ့ မျက်စိထဲတွင် ဦးသက်ထွန်း၊ သားငယ်တူးတူးနှင့် ကိုသက်ဆွေတို့၏ ပုံသဏ္ဌာန်သည် တစ်လှည့်စီ ပေါ်နေကြ သည်။
သည်နောက်မှ စ၍ ဦးသက်ထွန်းနှင့် မမတို့၏ ဆက်ဆံရေးမှာ တစ်မျိုး တစ်ဖုံ ပြောင်းလဲလာခဲ့သည်။ မမကလည်း ပါတီများ၊ ဧည့်ခံပွဲများ၊ ကပွဲများသို့ သွားနေပြီး အထူးသဖြင့် ဒေါ်မြမြမေ၏ အိမ်သို့ မကြာခဏ ရောက်တတ်သည်။ ရောက်တိုင်းလည်း ကိုသက်ဆွေနှင့် တွေ့တတ်သည်။ ဦးသက်ထွန်းမှာ သိသော်လည်း သည်အတိုင်းပင် ကြည့်နေရသည်။ ဘာမျှ မတတ်နိုင်ပေ။ သည်ကိစ္စကို ဖွင့်ပြောမည်ဟု ကြံစည်တိုင်း မမက ရှောင်လွှဲ၍ ထွက်သွားတတ်သည်။
အပြင်ပန်းအားဖြင့် ဦးသက်ထွန်းနှင့် မမတို့၏ အိမ်ထောင်ရေးမှာ ဘာမျှ ထူးခြားသော ပြောင်းလဲချက် မရှိသော်လည်း အတွင်းတွင်မူ အကြီးအကျယ် ပြောင်းလဲလာခဲ့သည်။ အစိုးရ အုပ်ချုပ်ရေး လုပ်ငန်းများကို နိုင်နင်းစွာ လုပ်ကိုင် နိုင်ခဲ့သော ဦးသက်ထွန်းသည် သူ့ အိမ်ထောင်ရေး ကိစ္စတွင် ဘာမျှ မတတ်နိုင်ဘဲ ဖြစ်နေသည်။ ဦးသက်ထွန်းသည် ကိုသက်ဆွေကို ရွံ့မုန်းကြီး ဖြစ်၍ နေသည်။ ဦးသက်ထွန်းက မုန်းသလောက် မမ အဖို့ ကိုသက်ဆွေသည် မြတ်နိုးစရာ ဖြစ်နေ၏။
ကိုသက်ဆွေသည် ဆိုဖာပေါ်တွင် ထိုင်ရင်း မမကို မိုး၍ ကြည့်နေသည်။ သူ့ လက်များသည် မမ၏ ဝါဝင်း နူးညံ့သော ပခုံးသားကို ဖျစ်ညှစ် ဆုပ်နယ်နေသည်။ မမသည် ဆိုဖာ ခြေရင်းရှိ ကော်ဇောခင်း ကြမ်းပြင်တွင် ဒူးထောက် ထိုင်ကာ ကိုသက်ဆွေ၏ ပေါင်ပေါ်တွင် မျက်နှာ အပ်၍ တရှုံ့ရှုံ့ ငိုနေသည်။
“မငိုပါနှင့် မမရယ်၊ တိတ်ပါနော် မမ၊ ဟုတ်လား”
ကိုသက်ဆွေက မမ၏ ဝါဝင်းသော ကုပ်ပေါ်တွင် ဝဲနေသော ဆံစ စိမ်း စိမ်း နုနုများကို ဖယ်ရှားကာ နမ်းလိုက်သည်။
“မမတော့ သေချင်တာပဲ မောင်သက်ဆွေ၊ သေပစ်လိုက်ချင်တယ်”
မမ၏ ရင်ထဲတွင် တင်းကျပ်နေသည်။ သူ့ အဖြစ် အတွက်လည်း သူ ရှက်သလို ဖြစ်နေမိသည်။
ခုတော့ မမသည် ကိုသက်ဆွေ၏ လက်ခုပ်ထဲတွင် သွန်လိုသွန် မှောက်လိုမှောက် ကျရောက်သမျှကို ရင်ဆိုင်ဖို့သာ ရှိတော့သည်။
ကိုသက်ဆွေသည် မမ၏ မျက်နှာကို ဆွဲ၍ မော့ယူကာ နမ်းရှုပ် လိုက် ပြန်သည်။
“မောင်သက်ဆွေ၊ မမကိုတော့ ရက်စက် မသွားပါနှင့်နော်၊ မမကို လူတွေ အားလုံးက ကဲ့ရဲ့ကြတော့မယ်၊ မမမှာ အားကိုးစရာ ဆိုလို့ မောင်သက်ဆွေ တစ်ယောက်တည်းပဲ ရှိတော့တယ်”
မမက တဟင့်ဟင့် ရှိုက်နေသည်။
“မမကို စွဲလမ်းလို့ ကျွန်တော် အခက်အခဲတွေ ကြားထဲက လိုက်ခဲ့သူပါ မမရယ်၊ မမကို ရက်စက်ပါ့မလား၊ ဒီတော့ ဟောဒီ မမနှင့် တွေ့ရ ကြုံရတဲ့ ပျော်စရာ အချိန်တွေကို..”
“မင်း အဖို့တော့ ပျော်စရာတွေချည်းပဲပေါ့ မောင်သက်ဆွေ၊ မမ အဖို့ တော့ ပျော်စရာရော စိတ်ညစ်စရာရော ဝမ်းနည်းစရာရော”
“အို မမကလည်း ဖြစ်ပြီးသားတွေ မပြောနှင့်တော့လို့ ပြောနေ၊ ကဲ ပြော ဦး ပြောဦး၊ ဟောဒီ ပါးစပ်က ပြောဦး”
ကိုသက်ဆွေသည် မမ၏ နှုတ်ခမ်း အစုံကို ဖိ၍ နမ်းနေသည်။ မမသည် ကိုသက်ဆွေ၏ ရင်ခွင်ထဲတွင် ငြိမ်၍ ကျသွားသည်။ စိတ်ညစ်စရာတွေကို မတွေးတော့ဘဲ မေ့ပစ်လိုက်သည်။ သူ့စိတ်ထဲတွင် ဦးသက်ထွန်းသည် တရားဝင် လင်ယောက်ျား ဖြစ်၍ ကိုသက်ဆွေသည် တရားမဝင်သော လင်ယောက်ျားဟု ယူဆထားလိုက်သည်။
ကိုသက်ဆွေ အဖို့ ဆိုလျှင်လည်း မမသည် သူ၏ ချစ်သူ ဖြစ်သည်။ မမသည် တွေ့သည့် နေ့က စ၍ ကိုသက်ဆွေ၏ အသည်းနှလုံးများကို ကိုင်လှုပ် ခဲ့သည်။ ထို့ကြောင့် အပျိုစင် ခင်သီသီကိုပင် ရှောင်ခွာကာ မမ နောက်သို့ တကောက်ကောက် လိုက်လာခဲ့သည်။ ယခုတော့ မမ၏ အချစ်ကို ပိုင်ဆိုင်ရ လေပြီ။
သို့ရာတွင် ကိုသက်ဆွေသည် သူနှင့် မမတို့၏ အချစ်ရေးကို တတ်နိုင်သမျှ လျှို့ဝှက် ထားခဲ့သည်။ ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းပိုင်းက စကား စလာလျှင်လည်း လှီးလွှဲခဲ့သည်သာ ဖြစ်လေသည်။
သို့ရာတွင် သူတို့ ကိစ္စမှာ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ဖုံးအုပ်၍ မရတော့ဘဲ တီးတိုး ပြောသံများကို ကြားလာရသည်။
မမကို မနာလို ဝန်တို ဖြစ်ကြသော မင်းကတော်များကမူ သူတို့ ထင် သည့် အတိုင်း ဟုတ်ပြီဟု ဆိုကာ အချင်းချင်း မေးငေါ့ကြသည်။ တစ်နေ့တွင် ဖုံးမနိုင် ဖိမရ ပေါက်ကွဲလာတော့မည်ဟု ဝမ်းသာအားရ ပြောတတ်ကြသည်။ ဖုံးမနိုင် ဖိမရ အုတ်အော်သောင်းတင်း ဖြစ်လာသည့် အချိန်တွင် မမအား ရွှံ့ ပုပ်များဖြင့် ပက်ရန်လည်း အဆင်သင့် ဖြစ်နေကြသည်။
ကိုသက်ဆွေ၏ မိခင် ဒေါ်ချစ်ချစ်သည် တီးတိုး စကားများကို ကြားနေ ရသော်လည်း သူ့ သားလို အပျိုစင် မိန်းမကလေး တစ်ယောက်ကို ခေါင်းခေါက် ယူနိုင်သည့် ပညာတတ်၍ ရုပ်ချောသူ တစ်ယောက်သည် မမလို လင်ရှိ မယားကို ကြိုက်လိမ့်မည် မဟုတ်ဟု ယူဆခဲ့သည်။
သို့ရာတွင် ကိုသက်ဆွေသည် မန္တလေး တက္ကသိုလ်တွင် ပါမောက္ခ ရာထူး တစ်ခုကို ငြင်းပယ်ကာ ရန်ကုန် တက္ကသိုလ်တွင် ကထိက တစ်ယောက် အဖြစ် ပြန်လည် ပြောင်းရွှေ့လာသော အခါတွင်မူကား သံသယ ဖြစ်စ ပြုလာသည်။ တက္ကသိုလ် အသိုင်းအဝိုင်းမှလည်း သတင်းတွေ ကြားလာရပြန်သဖြင့် အထိတ် တလန့် ဖြစ်လာသည်။
ကိုသက်ဆွေ၏ ဝမ်းကွဲ အစ်ကို ဖြစ်သူ အရာရှိကြီး တစ်ဦးက ဆိုလျှင် ကိုသက်ဆွေ သတင်းများကို ကြားရသည်နှင့် ဒေါ်ချစ်ချစ်ထံသို့ အမောတကော ရောက်လာကာ တိုင်တန်း၍ သွားသည်။ သူ့ အမြင်တွင် ကိုသက်ဆွေသည် တကယ် ချစ်သည် ဖြစ်စေ၊ မချစ်သည် ဖြစ်စေ မမနှင့် ကျူးလွန် ဖောက်ပြားရန် မသင့်ဟု အကြောင်းပြသွားသည်။
ယောက်ျားလေး ဖြစ်၍ ပျော်ချင် ပါးချင်လျှင် ပျော်နိုင်သော မိန်းကလေးတွေနှင့် ပျော်ရုံပါးရုံလောက် တွဲသည်ကိုမူ ထိုအရာရှိကြီးက အကျင့် စာရိတ္တ ပျက်ပြားသည်ဟု မထင်ပေ။ သူ ကိုယ်တိုင်ကလည်း နာမည် သိပ် မကျော် သေးသော ရုပ်ရှင် မင်းသမီး တစ်ယောက်ကို တိတ်တိတ်ပုန်း ယူထားသဖြင့် သည်လို ပျော်ရုံပါးရုံလောက် ဆိုလျှင်တော့ ပြင်းထန်စွာ ကန့်ကွက်မည် မဟုတ်ပေ။
သို့ရာတွင် ကိုသက်ဆွေမှာ ပျော်ရုံပါးရုံလောက် မဟုတ်ဘဲ စွဲစွဲလမ်းလမ်း ဖြစ်နေသည်ကို မြင်ရသော အခါ မကျေနိုင် မချမ်းနိုင် ဖြစ်လာပေသည်။
ကိုအောင်မိုးသည် တိုယိုတာ လယ်ထွန်စက် ခေါင်းကို ဖြုတ်၍ ဆီထိုးနေရာမှ ခြံဘက်ဆီမှ မော်တော်ကားသံ ကြားသဖြင့် လှမ်း၍ ကြည့်လိုက်သည်။ အစိမ်း ရောင် လင်းရိုဗာကား တစ်စီးသည် ဟွန်းပေးကာ တံတားကလေးကို ဖြတ်ကူး၍ လာသည်။ ကိုအောင်မိုးသည် မလာစဖူး ပေါ်လာသော လင်းရိုဗာကား ကလေးကို ငေး၍ ကြည့်နေသည်။ ဘယ်သူများလဲဟုလည်း တွေးနေ၏။
“ဟာ ဝန်မင်းပါလား”
ကိုအောင်မိုးက ကား တံခါးကို ဖွင့်၍ ဆင်းလာသော မောင်မောင်လတ်ကို မြင်လိုက်သဖြင့် ဝမ်းသာအားရ အော်လိုက်သည်။ မောင်မောင်လတ်သည် ဂျာကင် အင်္ကျီ၊ ဘောင်းဘီရှည်တို့ကို ဝတ်ထားကာ လက်တွင်မူ သားရေအိတ် ကြီးများ စွပ်ထားသည်။ ခေါင်းတွင် ကက် ဦးထုပ်ပျော့ကလေးကို ဆောင်းထားသည်။
ကိုအောင်မိုးသည် မောင်မောင်လတ်ကို မြင်လျှင် မြင်ခြင်း ခင်သီသီကို အမှတ် ရလာသည်။ ခင်သီသီနှင့် ကိုသက်ဆွေ လက်ထပ်ကြမည့် အချိန်ကိုတော့ မောင်မောင်လတ်ထံမှ သိရလိမ့်မည်ဟု မျှော်လင့်ပေသည်။
“အားတာနှင့် ငှက်ပစ် ထွက်လာတာ၊ ခင်ဗျားဆီလည်း မရောက်ဖူးသေးတာနှင့် ဝင်ဦးမှပဲ ဆိုပြီး ဝင်ခဲ့တာ”
မောင်မောင်လတ်က ကိုယ်ပေါ်တွင် ကပ်နေသည့် ဖုန်များကို လက်ကိုင် ပဝါဖြင့် ခါ၍ နေသည်။
“ကဲ လာဗျာ ဘယ်သူတွေ ပါသေးသလဲ၊ ရောက်တုန်း ပြုတုန်း အေးအေးဆေးဆေးပေါ့”
မောင်မောင်လတ်က ကားပေါ်တွင် ပါလာသည့် နယ်ပိုင်ကို လှမ်းခေါ် လိုက်သည်။ ကိုအောင်မိုးသည် သူ့ တဲလေးဘက်သို့ ဧည့်သည်များကို ခေါ် သွားသည်။ ကိုအောင်မိုးသည် သူတို့ကို နေရာချပြီးနောက် ရေမိုးချိုးကာ အဝတ်အစား လဲနေသည်။ မစိမ့်က နွားနို့ ပူပူနှင့် သစ်တော်သီးများကို လာ၍ ချလေသည်။
“ခင်ဗျား အလုပ်နှင့် ခင်ဗျားတော့ ပျော်နေတာပဲ ဟင်၊ အေးဗျာ ခင်ဗျား ဘဝ ကြည့်ပြီး ကျွန်တော်တောင် အားကျလာပြီ၊ ကြည့်စမ်း အိမ်ကလေးနှင့် ပန်းပင် သစ်ပင်တွေနှင့်”
ကိုအောင်မိုးက ရေမိုးချိုး၍ အဝတ်အစား လဲပြီး ထွက်လာသည်တွင် မောင်မောင်လတ်က လှမ်းပြောလိုက်သည်။ နယ်ပိုင်ကြီးမှာ ပန်းခင်းများကို လျှောက်ကြည့်နေသည်။
မောင်မောင်လတ်က စိတ်ဝင်စားစရာ မန္တလေးမှ သတင်းများကို ပြောပြ နေသည်။ ခင်ရီရီက ကိုအောင်မိုးကို နှုတ်ဆက်လိုက်ကြောင်းဖြင့်လည်း ပြောပြ နေသည်။ သို့ရာတွင် ခင်သီသီ အကြောင်းကိုတော့ မောင်မောင်လတ်က ဘာမှ မပြောဘဲ ချန်ထားသည်။
ကိုအောင်မိုးမှာ သိချင်လှသော်လည်း မောင်မောင်လတ်က ဘာမျှ မပြောသဖြင့် အသာပင် ငြိမ်နေလိုက်သည်။
ခဏ ကြာလျှင် မောင်မောင်လတ်က ခေါ်သဖြင့် ကိုအောင်မိုးပါ ယာ တောဘေး တောစပ်သို့ ငှက်ပစ် ထွက်လာကြသည်။ မောင်မောင်လတ်က ချိုးနှစ်ကောင် ရသည်။ ကိုအောင်မိုးကလည်း ချိုးနှစ်ကောင်ပင် ရလိုက်သည်။
သူတို့ သုံးယောက် ငှက်ပစ်ကြသည်မှာ ညနေစောင်းသည် အထိ ချိုးလေးကောင်သာ ရလေသည်။ ပြန်ခါနီးတွင် နယ်ပိုင်ကြီး လက်ချက်ဖြင့် စနိုက် ခြောက်ကောင် ရလိုက်သည်။
ယာတောနှင့် တစ်မိုင်ခန့် ဝေးတော့မှ မောင်မောင်လတ်က လက်ပတ် နာရီကို ကြည့်ကာ…
“အိုင်ဆေး လေးနာရီတောင် ထိုးတော့မယ်ဗျို့၊ ပြန်ကြဦးမှပဲ”
“နေပါဦးဗျ စောပါသေးတယ်၊ နောက်ထပ် ချိုး နှစ်ကောင်လောက် ရ အောင်တော့ စောင့်ပါဦး”
ကိုအောင်မိုးက ပြောလိုက်သဖြင့် မောင်မောင်လတ်ကလည်း အသာပင် နေလိုက်သည်။
“ဘယ့်နှယ်လဲ ခင်ဗျား ခယ်မတော် ကိစ္စက ဘယ်တော့လဲဗျ၊ လက်ဖက်ရည်လေး ဘာလေး မသောက်ရသေးဘူးလား၊ ဟဲ ဟဲ”
ကိုအောင်မိုးက မအောင့်နိုင်တော့သည့် အဆုံး မေးလိုက်ရသည်။
“သီသီက အပျိုကြီး လုပ်တော့မှာ ထင်ပါရဲ့ဗျာ၊ ခုထက်ထိ ဘာသံမှ မကြားသေးပါဘူး၊ ခု သူလည်း မမာဘူး၊ မဒရပ်မှာ ရောက်နေတယ်၊ ခင်ဗျား မကြားဖူးလား”
“ဟင် ဟုတ်လား၊ တော်တော် ဆိုးသလား”
“ဟုတ်တယ်၊ တီဘီလို့ ပြောတာပဲ၊ မိတ္ထီလာမှာ တစ်လလောက် သွား ကုသေးတယ်၊ နောက် မပျောက်တာနှင့် မဒရပ်ကို သွားတယ်၊ တစ်ပတ်လောက် ပဲ ရှိသေးတယ်”
သူတို့ နှစ်ယောက် စကား ကောင်းနေတုန်းတွင် နယ်ပိုင်ကြီးက အချက်ပေး ဝီစီမှုတ်လိုက်သဖြင့် ကောင်းကင်သို့ လှမ်းကြည့်လိုက်ကြသည်။ လည်ပြောက် ဖိုမ နှစ်ကောင် ရင်ပေါင်တန်း၍ ပျံလာသည်ကို မြင်ရသည်။ မောင်မောင်လတ်နှင့် ကိုအောင်မိုးသည် တစ်ကောင်စီကို ချိန်၍ ပစ်ချလိုက်ကြ သည်။ နှစ်ကောင်စလုံး ထိမှန်ကာ ချုံကြီးထဲသို့ ကျသွားလေသည်။
“ကျသွားပြီဗျို့”
ကိုအောင်မိုးက ချုံစပ်သို့ သွား၍ ကောက်ယူနေသည်။ သို့ရာတွင် သူ့ စိတ်ထဲတွင်မူ ခင်သီသီ၏ ကျန်းမာရေးကို တွေးပူနေမိသည်။ နုနယ် လှပသော မိန်းကလေး တစ်ယောက်ကိုမှ သည်ရောဂါဆိုး ဝင်လာလေခြင်းဟု ယူကျုံးမရ ဖြစ်နေမိသည်။
“လာဗျို့ ကိုအောင်မိုး၊ မိုးချုပ်နေလိမ့်မယ်”
မောင်မောင်လတ်က လှမ်းခေါ်သဖြင့် ကိုအောင်မိုးသည် သေနတ်ကို ထမ်း၍ ဖြည်းညင်းစွာ လျှောက်လာခဲ့လေသည်။ နေဝန်းသည် တောင်တန်းများ နောက်သို့ လျှောကျစ ပြုလေပြီ။