မမ

(၁၈)

ကိုသက်ဆွေသည် မြင်းပေါ်မှ ခုန်၍ ဆင်းလိုက်သည်။ မြင်းဆိုက်က ဇက်ကို ကိုင်ကာ မြင်းကို ဆွဲ၍ သွားသည်။ လွတ်လပ်ရေး ပြိုင်ပွဲတွင် အရာရှိများ မြင်းစီး ပြိုင်ပွဲ ရှိ၍ ကိုသက်ဆွေမှာ မြင်းစီး ကျင့်နေသည်။ သူ ကိုယ်တိုင်က မြင်းပွဲကို ဝါသနာ ပါသည့်ပြင် မိတ်ဆွေများကလည်း တိုက်တွန်းကြသဖြင့် မြင်းစီး ပြိုင်ပွဲကို ဝင်ရန် ဆုံးဖြတ်ခဲ့ကာ လွန်ခဲ့သည့် ဆယ်ရက်ခန့်က စ၍ မြင်းစီး ကျင့်ခဲ့၏။

ကိုသက်ဆွေသည် ချွေးတွေကို သုတ်ကာ မောင်ညွန့် ယူလာသော အဝတ် အစားများကို လဲလိုက်ပြီး ဂရင်းစတင်း ရှေ့တွင် ရပ်ထားသော မော်တော်ကားဆီသို့ လျှောက်လာခဲ့သည်။ ခါတိုင်း ဆိုလျှင် နံနက် ခြောက်နာရီက စ၍ ရှစ်နာရီလောက်ထိအောင် မြင်းစီး ကျင့်လေ့ ရှိသော်လည်း ယခုမူ ခုနစ်နာရီခွဲ သည်နှင့် မကျင့်တော့ဘဲ ခပ်စောစော ထွက်လာခဲ့သည်။

လွန်ခဲ့သည့် သုံးရက်လောက်က မမနှင့် တွေ့ရန် ချိန်းဆို ထားသော်လည်း မသွားဖြစ်ခဲ့ပေ။ သည်တုန်းက ဦးသက်ထွန်းမှာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ တစ်ခုနှင့် ဟောင်ကောင်သို့ တစ်ပတ်ကြာမျှ သွားရောက်နေသဖြင့် ကိုသက်ဆွေနှင့် မမတို့မှာ များစွာ လွတ်လပ်နေသည်။ ယနေ့လောက် ဆိုလျှင် ဦးသက်ထွန်း ပြန်ရောက်လောက်ပြီဟု တွေးမိသည်။ ယခု သွားလျှင် ဦးသက်ထွန်းနှင့်များ တွေ့နေမလားဟု စိတ်ထဲတွင် ထင့်နေသည်။

နောက်ဆုံးတွင် ဦးသက်ထွန်းနှင့် ပါသွားသော အရာရှိ တစ်ဦး အိမ်သို့ တယ်လီဖုန်း ဆက်မေးကြည့်တော့မှ ဦးသက်ထွန်းတို့ အဖွဲ့မှာ ဟောင်ကောင်တွင် သုံးရက်လောက် ကြာဦးမည်ဟု သိရကာ စိတ်ချလက်ချ ဖြစ်သွားပြီး မမတို့ အိမ်ဘက်သို့ ကားမောင်း၍ ထွက်လာခဲ့သည်။

ကိုသက်ဆွေသည် အိမ်ရှေ့သို့ ကားထိုး၍ ရပ်လိုက်ပြီး အောက်သို့ ဆင်း လိုက်သည်။

“အစ်ကိုကြီး ပြန်ရောက်ပြီလား ဟေ့”

ကိုသက်ဆွေက တံခါး လာဖွင့်ပေးသော အစေခံမလေးကို လှမ်း၍ မေး လိုက်သည်။

“မရောက်သေးပါဘူး၊ မမတော့ ရှိပါတယ်”

ကိုသက်ဆွေသည် ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ မမနှင့် တွေ့ရတော့ မည် ဖြစ်သဖြင့် သူ့ စိတ်သည် မြူးကြွနေသည်။ သို့ရာတွင် တူးတူးကို အမှတ်ရကာ စိတ်ထဲတွင် ကွက်ခနဲ ဖြစ်သွားပြန်သည်။ တူးတူးသည် ကိုသက်ဆွေ ရောက်လာလျှင် မသင်္ကာသော မျက်လုံးဖြင့် ကြည့်တတ်သည်။ ကိုသက်ဆွေနှင့် မမတို့၏ လွတ်လပ်ရေးကို တူးတူးသည် အမြဲတမ်း နှောင့်ယှက်တတ်သည်။ တူးတူး အနားတွင် ရှိနေလျှင် ကိုသက်ဆွေနှင့် မမသည် စကားကို သတိထား၍ ပြောကြရသည်။ တူးတူး နားမလည်သော စကားလုံးများကိုလည်း မပြောမိရန် သတိထားကြရသည်။ သာမန် အသိမိတ်ဆွေ ဟန်ဆောင်ကြရသည်။

သို့ သတိထားသည့်တိုင်အောင် တူးတူးသည် ကိုသက်ဆွေကို သင်္ကာ မကင်းသော မျက်လုံးများဖြင့် ကြည့်တတ်သည်။

ကိုသက်ဆွေက ဖက်လှဲတကင်း နှုတ်ဆက်လျှင်လည်း အေးတိအေးစက် လုပ်နေတတ်သည်။ တူးတူးသည် ကိုသက်ဆွေနှင့် သူ့ မေမေတို့ အကြားတွင် သူ နားမလည်သော နှောင်ကြိုးကြီး တစ်ခု ရှိနေသည်ဟု ထင်လေသည်။

တူးတူးသည် ကိုသက်ဆွေကို မြင်လိုက်တိုင်း ရင်ထဲမှာ တစ်မျိုး လှုပ်ရှား သွားတတ်သည်။ သို့ရာတွင် သူ့ ရင်ထဲက ဝေဒနာသည် ဘယ်လို ဝေဒနာမှန်း သူ နားမလည်ပေ။ အမုန်းလား၊ အချစ်လားဟုလည်း မခွဲခြားတတ်ပေ။

သူ့ ဖေဖေက ကိုသက်ဆွေကို မုန်းသလောက် မေမေက ကိုသက်ဆွေကို မိတ်ဆွေ တစ်ဦးသဖွယ် ရင်းနှီးစွာ ဆက်ဆံသည်ကို မြင်ရသော အခါ စိတ်ထဲတွင် ဝေခွဲ မရအောင် ဖြစ်နေမိသည်။

အိမ်ထဲသို့ ကိုသက်ဆွေ ရောက်သွားသည့် အခါတွင်မူ ကံအားလျော်စွာ ပင် မမ တစ်ယောက်တည်း ထမင်းစားခန်း အပြင်ဘက် ဝရန်တာတွင် ထိုင်နေ သည်ကို တွေ့ရသည်။

မမသည် ရှေ့စားပွဲပေါ်က ပန်းအိုးကို ကိုင်ကာ သစ္စာပန်းများကို ငေး ကြည့်နေသည်။ သတင်းစာ တစ်စောင်မှာ လေတိုးသဖြင့် တဖျတ်ဖျတ် လန်နေသည်။

ကိုသက်ဆွေသည် အသံ မပြုသေးဘဲ လည်တိုင် စောင်းငဲ့နေပုံ၊ ကိုယ်ဟန် ယိမ်းနွဲ့နေပုံ၊ လက်ချောင်းများ ညွှတ်ပျောင်းနေပုံကို ငေး၍ ကြည့်ကာ မမ၏ အလှတွင် ကြည်နူးနေမိသည်။

မမက လှည့်ကြည့်လိုက်တော့မှ ကိုသက်ဆွေသည် မမ အနားသို့လျှောက် လာခဲ့လေသည်။

“မမ ဘာဖြစ်လို့လဲ ဟင်၊ နေမကောင်းဘူးလား”

ကိုသက်ဆွေသည် မမကို ပွေ့ဖက်ကာ ယုယ ပိုက်ထွေးလိုက်ချင်သည်။ သို့ရာတွင် အစေခံများ မြင်သွားမည် စိုးသဖြင့် မရဲဘဲ မမ ဘေးက ကုလားထိုင်တွင်သာ ဖြည်းညင်းစွာ ထိုင်လိုက်သည်။ သူ့ မျက်နှာမှာ စိုးရိမ် ပူပန်သော အသွင် ပေါ်နေသည်။

“ဟင့်အင်း ဘာမှ မဖြစ်ပါဘူး၊ နေကောင်းပါတယ်၊ စောစောစီးစီးပါလား မောင်သက်ဆွေ”

မမက ကိုသက်ဆွေကို လှမ်းကြည့်၍ ပြောလိုက်သည်။ ကိုသက်ဆွေသည် မမကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ပြီး မမ၏ လက်ဖျားများကို လှမ်းယူကာ ဆုပ်နယ်ပေးနေသည်။

“ဟင် လက်ဖျားကလေးတွေ အေးလို့ပါလား၊ ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ပါဘူးကွယ်၊ တူးတူးနှင့် အိမ်က နာနီ လမ်းလျှောက်သွား ကြတာ ပြန်မလာသေးတာနှင့် စောင့်နေတာ၊ သူတို့ ဒီဘက်က ပြန်လာလိမ့်မယ် မောင်သက်ဆွေ၊ သူတို့ မြင်သွားရင် မကောင်းဘူး”

“ခုလို ဇွတ်လာတာကို ကျွန်တော် တောင်းပန်ပါတယ် မမရယ်၊ မမကို တစ်နေ့ မမြင်ရရင် မနေနိုင်လို့ပါ၊ မမကို နေ့တိုင်း မြင်ချင်တယ်၊ နေ့တိုင်း ကြည့်ချင်တယ်၊ မမကို မမြင်ရရင် စိတ်ထဲမှာ တစ်မျိုးပဲ”

“တကယ်လား မောင်သက်ဆွေရယ်”

မမက ခပ်လျော့လျော့ ပြုံး၍ မေးလိုက်လေသည်။

“တကယ်ပေါ့ မမရဲ့၊ မမကို ကြည့်ရတာ တစ်မျိုးပဲ၊ နေမကောင်းလို့လား စိတ်ညစ်လို့လားဟင်၊ ပြုံးတာတောင် အားရပါးရ မရှိဘူး၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ ဘာတွေ တွေးနေတာလဲဟင် မမ”

“ထုံးစံ အတိုင်းပေါ့ မောင်သက်ဆွေ၊ မမမှာ ဒီ့ပြင် ဘာတွေးစရာ ရှိလို့လဲ”

မမက ပြုံး၍ ပြောသည်။ မမ၏ အတွေးများသည် စိတ်ကြည်နူးခြင်းနှင့် စိတ်ဆင်းရဲခြင်းတို့ ရောပြွမ်းလျက် ရှိသည်။

မောင်သက်ဆွေနှင့် တွေ့ရသည့် အချိန်များကို စဉ်းစားလိုက်လျှင် စိတ် တွင် ကြည်နူး၍ လာပြီး အိမ်ထောင်ရေး ကိစ္စကို တွေးလိုက်လျှင် ရင်ထဲတွင် တလှိုက်လှိုက် ဝမ်းနည်းလာတတ်သည်။ သူ့ အသိထဲမှ မင်းကတော် အချို့သည် ဖောက်ပြားခြင်းကို ထမင်းစား ရေသောက်လို ခပ်ပေါ့ပေါ့ ထားနိုင်ကြသော်လည်း မမ အဖို့ကား လေးလံလှသော ဝန်ထုပ်ကြီး ဖြစ်နေသည်။

မမသည် ရင်ထဲတွင် ပိဿာလေးကြီး ဖိထားသလို လေးလံနေသည်ကို ကြိုးစား၍ ဖျောက်ကာ ကိုသက်ဆွေ၏ မြင်းစီး အကြောင်းကို မေးနေသည်။ လိုသက်ဆွေကလည်း သူ မြင်းစီးကျင့်ပုံကို အားရပါးရ ပြောပြနေသည်။ ကိုသက်ဆွေမှာ မျက်နှာ လန်းနေပေသည်။ မမသည် ရွှင်ပျ ကြည်လင်နေသော ကိုသက်ဆွေကို ကြည့်ရင်း ဖွင့်ပြောရ ကောင်းလေမလားဟု ချိန်ဆနေ၏။

“ကဲ ကျွန်တော့် အလှည့်တော့ ပြီးပြီ၊ မမကော ဘာတွေ တွေးနေသလဲ ပြောစမ်းပါဦး

ကိုသက်ဆွေက မမ၏ လက်ဖျားလေးများကို ဆုပ်နယ်၍ နေ၏။

မမသည် ဘာမျှ ပြန်မပြောဘဲ ခေါင်းငုံ့ ထားလိုက်ပြီးနောက် မျက်လုံးကို လှန်၍ ကိုသက်ဆွေကို ကြည့်နေမိသည်။ မမ၏ မျက်လုံးများမှာ ကော့ညွတ်သော မျက်တောင်အောက်တွင် တောက်ပနေကြသည်။ လက်များမှာ သစ်ရွက်ကလေးများလို တဆတ်ဆတ် တုန်နေကြသည်။

“မမ ဘာဖြစ်နေတာလဲ ဟင်၊ ကျွန်တော့်ကို ညာမနေပါနှင့် မမရယ်၊ မမနှင့် ကျွန်တော်ဟာ အသည်းနှလုံးချင်း ပေါင်းစပ်ထားတဲ့ သူတွေပါ၊ မမ ပျော်ရင် ကျွန်တော်လည်း ပျော်တယ်၊ မမ စိတ်ညစ်ရင် ကျွန်တော်လည်း စိတ် ညစ်တာပဲ၊ ကဲ ဘာဖြစ်သလဲ ပြောပါ၊ အေးအတူ ပူအမျှပေါ့”

မမသည် ဘာမျှ ပြန်မပြောဘဲ စီးကျလာသော မျက်ရည်တွေကို အားတင်း ၍ ထိန်းချုပ် ထားလိုက်ရသည်။

“ဟင် မမ ငိုတယ်၊ ဘာဖြစ်လို့လဲ ဟင် မမ၊ ကျွန်တော့်ကို ပြောစမ်းပါ မမရယ်၊ ကျွန်တော် စိတ်ဒုက္ခ ရောက်အောင် မလုပ်ပါနှင့်၊ ဘာဖြစ်လို့လဲ”

“တကယ် သိချင်သလား မောင်သက်ဆွေ”

“အို တကယ်ပေါ့ မမရဲ့၊ သိချင်လို့ မေးနေတာပါ”

“မမမှာ ကိုယ်ဝန် ရှိနေပြီ”

မမက တစ်လုံးချင်း ဖြည်းညင်းစွာ ပြောလိုက်သည်။ မမ၏ လက်များမှာ ပို၍ တုန်ယင်နေသည်ဟု ထင်ရ၏။

မမသည် မောင်သက်ဆွေက ဘယ်လို တုံ့ပြန်မည်ကို သိလိုသဖြင့် မောင်သက်ဆွေ၏ မျက်နှာကို စူးစိုက်၍ ကြည့်နေမိသည်။

မောင်သက်ဆွေ၏ မျက်နှာမှာ သွေး မရှိတော့သလို ဖြူဖပ်ဖြူရော်၍ သွားသည်ကို သတိ ထားလိုက်မိသည်။ သူ့ နှုတ်ခမ်းများသည် တစ်စုံတစ်ရာကို ပြောတော့မလို တလှုပ်လှုပ် ဖြစ်ပြီးမှ ငြိမ်သက်၍ သွားသည်ကို မြင်လိုက်ရသည်။

ကိုသက်ဆွေသည် မမ၏ လက်ကို ဖြည်းညင်းစွာ လွှတ်ချလိုက်ပြီး ခေါင်း ငိုက်စိုက် ကျနေ၏။

မမသည် ခေါင်းငိုက်စိုက် ကျကာ ကျောက်ရုပ်လို ငြိမ်သက်နေသော ကို သက်ဆွေကို ကြည့်၍ သနားသလို ဖြစ်သွားသည်။ အားကိုးစိတ်များလည်း တဖွားဖွား ပေါ်လာကြသည်။ ထို့ကြောင့် မောင်သက်ဆွေ၏ လက်ကို ဆွဲယူ၍ ဖျစ်ညှစ်နေမိသည်။

ကိုသက်ဆွေသည် မမ စကားကို ကြားလိုက်ရတော့ ဦးသက်ထွန်းအား မုန်းတီးစိတ်များသည် ဆူပွက်လာသည်ဟု ထင်မှတ်လိုက်ရသည်။ သူ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရသော အချိန်ပိုင်း၊ သူ အတောင့်တကြီး တောင့်တခဲ့ရသော ကာလ အပိုင်းအခြားသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီဟုလည်း တွေးလိုက်မိသည်။

သူတို့၏ အချစ် ဇာတ်လမ်းကို ဦးသက်ထွန်း မသိအောင် ဖုံးဖိ၍ မရ တော့သည့် အချိန်သည် ဆိုက်ရောက်လာပြီဟု လည်းကောင်း၊ သူတို့ နှစ်ဦး၏ သဘာဝ မကျသော တိတ်တိတ်ပုန်း ဆက်ဆံရေးကို တစ်နည်းမဟုတ် တစ်နည်းအားဖြင့် အဆုံးသတ်ရန် အချိန်သည် ဆိုက်ရောက် လာပေပြီဟု လည်း ကောင်းတွေးလိုက်မိသည်။

ကိုသက်ဆွေသည် ဟင်းခနဲ သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး လက်ကို မမထံမှ အသာ ရုန်းထွက်ကာ စင်္ကြံတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည်။

“ဟုတ်တယ် မမ၊ ကျွန်တော်နှင့် မမဟာ တစ်ယောက်ကို တစ်ယောက် အသည်းနင့်အောင် ချစ်ခဲ့ကြတယ်၊ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်ဟာ အပျင်းပြေရုံ အပေါ်ယံကြော ချစ်ခဲ့ကြတဲ့ အချစ် မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ တကယ့် ဘဝကို မေ့ပြီး ကိုယ့်ကိုယ်ကိုယ် လိမ်နေခဲ့ကြတယ်၊ နေရေးထိုင်ရေး ပြဿနာတွေကို မစဉ်းစားခဲ့ကြဘဲ ရှောင်နေကြတယ်၊ ခုတော့ ရှောင်လို့ မရတော့ဘူး၊ ကျွန်တော်တို့ရဲ့ အချစ်ကို ခိုင်မြဲသည်ထက် ခိုင်မြဲအောင် ချည်နှောင်လိုက်တဲ့ နှောင်ကြိုးလေး တစ်ပင် ပေါ်လာပြီ၊ ကျွန်တော်တို့ ဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး ထင်တယ်”

“ဒီအတိုင်း ဆက်နေလို့ မဖြစ်ရင် ဘယ်လိုများ နေကြဦးမှာလဲ မောင် သက်ဆွေ”

“မမ လူကြီးကို စွန့်ပစ်ပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေါ့၊ ကျွန်တော့်ကို တကယ် ချစ်တယ် ဆိုရင်လေ”

“ချစ်တော့ ချစ်တာပေါ့ မောင်သက်ဆွေရယ်”

“ချစ်ရင် အတူတူ နေကြဖို့ပဲ ရှိတော့တယ် မမ၊ ဒီအတိုင်း နေလို့ မဖြစ် တော့ဘူး”

“ဖြစ်ပါ့မလား မောင်သက်ဆွေ၊ ဒီ့ပြင် နည်းလမ်း မရှိတော့ဘူးလား၊ ပြီးတော့ မမမှာ ကာမပိုင် ရှိတယ် မောင်သက်ဆွေ၊ ပြီးတော့ သူ့မိန်းမ သူ့မယား”

“ကျွန်တော့် အထင်တော့ ဒီနည်းဟာ အကောင်းဆုံး နည်းပဲ၊ ခု မမ နေရ တာထက်တော့ အများကြီး စိတ်ချမ်းသာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်၊ မမကိုယ် မမပဲ ပြန်စဉ်းစားကြည့်စမ်းပါဦး၊ ဘယ်လောက် စိတ်ဆင်းရဲရသလဲ၊ ပတ်ဝန်းကျင်ကို ထည့်စဉ်းစားရ၊ သား အတွက် စဉ်းစားရ၊ လင် အတွက် စဉ်းစားရ”

“အို မမ သူ့ အတွက် ထည့်မစဉ်းစားပါဘူး၊ သူ့ အတွက် ပူလည်း မပူ ဘူး၊ စဉ်းလည်း မစဉ်းစားဘူး”

“မလိမ်ပါနှင့် မမရယ်၊ ကျွန်တော် သိပါတယ်၊ မမဟာ သူ့ အတွက် ပိုပြီး စဉ်းစားနေရတာ မဟုတ်ဘူးလား”

“အို သူ ခုထိ မမတို့ အကြောင်းကို အကုန် မသိပါဘူး၊ သူ့ အကြောင်း လည်း မမ ထည့်မစဉ်းစားပါဘူး”

မမက အားတင်း၍ ပြောလိုက်သည်။ မမ၏ နဖူးပြင်၊ ပါးပြင်နှင့် လည် တိုင်တို့သည် နီရဲလာကြသည်။ မျက်ရည်ပေါက်များသည် ပါးပြင်ပေါ်သို့ လိမ့်ဆင်း လာကြလေသည်။

ကိုသက်ဆွေသည် သူတို့ ကိစ္စကို စာရင်းရှင်းရန် မမအား မကြာခဏ ပူဆာခဲ့ဖူးသည်။

သို့ရာတွင် သူနှင့် အတူ လိုက်နေရန်ကိုပါ ပြောင်ပြောင်တင်းတင်းကြီး ပြောချလိုက်သည်မှာ ယခု အကြိမ်သည် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ သူက ပူဆာတိုင်း မမသည် မရေရာသော အကြောင်းပြချက်များဖြင့် စကားကို လှီးလွှဲခဲ့သည်ချည်းပင် ဖြစ်သည်။ မမသည် ပတ်ဝန်းကျင်ကို ရင်မဆိုင် ရဲဘဲ ရှောင်ပြေးနေသည်ဟု ထင်မိသည်။

“သူ သိသည် ဖြစ်စေ မသိသည် ဖြစ်စေ ဒါက အရေးမကြီးပါဘူး မမ ရယ်၊ ကျွန်တော်တို့ အဖို့သာ စဉ်းစားစမ်းပါ၊ ကျွန်တော်တို့ ဒီလိုချည်းပဲ နေသွားလို့ ဖြစ်မယ် ထင်သလား မမ၊ ခုကိစ္စ ပေါ်လာတော့ သာတောင် မဖြစ်သေးဘူး”

“ဒါဖြင့် ဘယ်လို လုပ်ရမလဲ မောင်သက်ဆွေ၊ မမတော့ မတွေးတတ် အောင် ဖြစ်နေပြီ”

မမက ဆံပင်များကို ဖွ၍ ကုတ်လိုက်ပြီး သစ္စာပန်း ပွင့်လွှာလေး တစ်လွှာကို ကောက်ယူကာ ဆိတ်ဖဲ့နေသည်။

“သူ့ကို အကုန် ပြောပြလိုက်ပြီး ကျွန်တော်နှင့် လိုက်နေပေါ့ မမရဲ့၊ ဘာ ခက်တာ မှတ်လို့”

“မင်း ပြောသလောက် မလွယ်ဘူး မောင်သက်ဆွေ၊ ကောင်းပါပြီ မင်း ပြောသလိုပဲ လုပ်ပြီ ဆိုပါစို့၊ ဒီ ကိစ္စ အေးအေးဆေးဆေး ပြီးသွားမယ် ထင်သလား၊ မပြီးဘူး မောင်သက်ဆွေ မပြီးဘူး၊ မမတော့ ခုတည်းက မြင်နေပြီ၊ မင်းကို အစက သတိပေးခဲ့သားပဲ၊ ဂုဏ်သိက္ခာ ပျက်မယ်၊ လူ ပြောစရာ ဖြစ်မယ်၊ ငါ့စကားမှ မင်း နားမထောင်ခဲ့ဘဲကိုးလို့ သူက ကိုယ့် အပေါ်မှာ အပြစ် ဖို့တော့မယ်၊ ဒါတင်မကဘူး ခုလို ဖြစ်လို့ မမကို သူ ပြတ်ပြတ်စဲစဲ လုပ်လိမ့်မယ်လို့ မောင်သက်ဆွေ ထင်သလား၊ မထင်နှင့် မောင်သက်ဆွေ၊ သူ မမကို ကွာပေးမှာ မဟုတ်ဘူး၊ သွားခွင့်ပြုမှာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မမ သူ့ အကြောင်းကို ကောင်းကောင်း သိတယ်၊ သူဟာ လူတစ်ယောက်ကို ယဉ်ယဉ်ကလေးနှင့် ညှဉ်းဆဲတတ်တယ်၊ သူ စိတ်ဆိုးပြီ ဆိုရင် ပြုံးပြုံးကလေးနှင့် လူတစ်ဖက်သားကို လက်စားချေတတ်တယ်”

“ဒီလို သူက သွေးအေးအေးနှင့် ညှဉ်းဆဲတတ်ရင် ကျွန်တော်တို့ကလည်း သွေးအေးအေးနှင့် လုပ်သွားရုံပေါ့ မမရယ် မခက်ပါဘူး၊ ကျွန်တော်တို့က လုပ် ချင်လို့ လုပ်ရတာမှ မဟုတ်ဘဲ၊ မဖြစ်လို့ လုပ်ရတာပဲ၊ ဒါပေမဲ့ အဖြစ်အပျက် အားလုံးကိုတော့ ဖွင့်ပြောလိုက်တာ ကောင်းတယ်”

“ဘာလဲ မောင်သက်ဆွေ၊ မင်းက နှစ်ယောက် ထွက်ပြေးဖို့ စိတ်ကူးနေသလား”

မမက ဆတ်ခနဲ မော်ကြည့်၍ မေးလိုက်သည်။

“ဘာလို့ ထွက်မပြေးရမှာလဲ မမရဲ့၊ ဒီ့ပြင် နည်းလမ်းမှ မရှိတော့ဘဲ၊ ရှိတဲ့ နည်းလမ်းပဲ လုပ်ရတော့မှာပေါ့၊ ခုအတိုင်း ဆက်နေဖို့ ဆိုတာတော့ ခက်သားပဲ၊ မမ အနေနှင့် ဘယ်လောက် စိတ်မချမ်းမသာ ဖြစ်ရသလဲ၊ မမပဲ ပြန် စဉ်းစားကြည့်ပါဦး၊ ကျွန်တော့် အတွက်ကတော့ ထားပါတော့လေ”

“ထွက်ပြေးပြီး မင်းရဲ့ တိတ်တိတ်ပုန်း မယား အဖြစ်နှင့် နေရမယ်ပေါ့လေ၊ ဟုတ်လား မောင်သက်ဆွေ”

မမ အသံ တုန်တုန်ဖြင့် မေးလိုက်သည်။ မမ၏မျက်လုံးများမှာ ဝင်းဝင်း တောက်နေကြသည်။

“ဪ မမကလည်း သိပ် အပြောရ ခက်တာပဲ”

“ဟုတ်ပါတယ်၊ မင်းက မမကို အားရအောင် ချစ်ပြီးတော့ တိတ်တိတ်ပုန်း မယား အဖြစ် ထားချင်တာပါ၊ မမ သိပါတယ်၊ ဒီလိုနှင့် တူးတူးဟာ..”

မမသည် ဆုံးအောင် မပြောတော့ဘဲ တဟင့်ဟင့် ရှိုက်၍ နေသည်။ မောင် သက်ဆွေနှင့် သူ့ ကိစ္စကို စဉ်းစားလိုက်တိုင်း မမ၏ မျက်စိထဲတွင် သား၏ မျက်နှာသည် ကွက်ခနဲ ပေါ်လာတတ်သည်။

မမသည် တစ်ခုခုကို လုပ်မိလျှင် ပြတ်ပြတ်သားသား လုပ်တတ်သော မိန်းမတစ်ယောက် ဖြစ်ကြောင်း မောင်သက်ဆွေ ကောင်းကောင်း သိသည်။ သည်လောက် စိတ်မချမ်းမသာ ဖြစ်နေရသည်ကို ကြာရှည် ကြိတ်မှိတ်၍ သည်းခံနိုင်မည် မဟုတ်ကြောင်းကိုလည်း ကောင်းကောင်း သိသည်။

သို့ရာတွင် ကြိတ်မှိတ်၍ ခံနေခဲ့သည်။ မပြတ်မသား ဖြစ်နေသည်။ ယင်းသို့ ဖြစ်နေခြင်းမှာ သားကလေး တူးတူး အတွက် ဖြစ်ကြောင်းကို ကိုသက်ဆွေသည် ယခုမှပင် သဘောပေါက် နားလည်စ ပြုလာသည်။

မမ အဖို့လည်း ဤ အခက်အခဲမှာ အခက်တကာ့ အခက်ကြီး ဖြစ်နေ သည်။ တူးတူး အကြောင်းကို တွေးလိုက်တိုင်း တူးတူးသည် ကြီးပြင်းလာသော အခါတွင် သူ့အား သားနှင့် အဖေကို ရက်ရက်စက်စက် စွန့်ပစ်သွားသော မိန်းမရိုင်းကြီး တစ်ယောက်ဟု စိတ်ထဲတွင် စွဲနေတော့မည်ကို စိုးရိမ် ကြောက်လန့်နေသည်။

“တော်ပါတော့ မောင်သက်ဆွေရယ်၊ ထွက်ပြေးဖို့ ကိစ္စ မမကို နောက်ထပ် မပြောပါနှင့်လို့ မမ တောင်းပန်ပါတယ်”

“ကျွန်တော်ကလည်း မပြောချင်ပါဘူး၊ ဒါပေမဲ့”

“တော်ပါတော့ မောင်သက်ဆွေ၊ မပြောပါနှင့်လို့ မမ တောင်းပန်ပါတယ်၊ ခုလို နေရတာဟာ မမ အဖို့ မကောင်းမှန်း သိပါတယ်၊ ဒါပေမဲ့ မောင်သက်ဆွေ ပြောသလို လုပ်ဖို့ ဆိုတာက အပြော လွယ်သလောက် တကယ် လုပ်ဖို့ ကျတော့ ခက်တယ် မောင်သက်ဆွေ၊ မမ တောင်းပန်ချင်တာကတော့ ထွက် ပြေးဖို့ ကိစ္စနှင့် ပတ်သက်လို့ နောက်ထပ် မမကို မပြောပါနှင့်တော့လို့သာ မမ တောင်းပန်ချင်ပါတယ်”

“မမက မပြောပါနှင့်တော့ ဆိုရင်လည်း ကျွန်တော် မပြောတော့ပါဘူး မမရယ်၊ ဒါပေမဲ့ မမမှ စိတ် မချမ်းသာဘဲ ကျွန်တော်လည်း ဘယ် စိတ်ချမ်းသာနိုင်ပါ့မလဲ မမရယ်၊ ကျွန်တော့် အဖို့ကတော့ တစ္ဆေခြောက် ခံရသူလို..”

“မမ စိတ်မချမ်းသာတာကို ထားပါကွယ်၊ မောင်သက်ဆွေကသာ ဒီ အကြောင်းတွေကို နောက်ထပ် မပြောရင် ဒီ စိတ်မချမ်းသာမှုတွေဟာ ပျောက်ကွယ်သွားကြမှာပါ၊ ပျောက်မသွားတောင်မှ စိတ် မချမ်းသာမှုကို မမ တစ် ယောက်တည်း ကြိတ်မှိတ် ခံနိုင်ပါတယ်၊ မမကတော့ မောင်သက်ဆွေကိုပဲ သနားတယ်၊ မမကြောင့် မောင်သက်ဆွေရဲ့ ဘဝဟာ ပျက်စီးခဲ့ရတာကို တွေးပြီး စိတ်မကောင်း ဖြစ်မိပါသေးတယ်”

“ကျွန်တော့် အပြစ်နှင့် ကျွန်တော်ပါ မမရယ်၊ ကျွန်တော်ဟာ ကျွန်တော့် ဒုက္ခကို ကျွန်တော် ရှာရုံသာမက မမကိုပါ ဒုက္ခထဲ ဆွဲခေါ်ခဲ့သေးတယ်၊ ကျွန် တော့် အပြစ်ပါ၊ ကျွန်တော့်ကြောင့် မမ စိတ်မချမ်းသာ ဖြစ်ရတာပါ”

“ပျော်ပါတယ် မောင်သက်ဆွေရယ်၊ မမ မောင်သက်ဆွေနှင့် နေရသမျှ ပျော်ပါတယ်”

မမက အပါးသို့ ရောက်လာသော မောင်သက်ဆွေ၏ လက်များကို ဖမ်း ဆွဲ၍ ညှစ်ရင်း ပြောလိုက်သည်။

ခြံဝဆီမှ တူးတူး၏ အသံ ကြားလိုက်ရသည်။

မမသည် ထို့နောက် ကိုသက်ဆွေကို တွန်းလွှတ်လိုက်သည်။ ကိုသက်ဆွေက အပါးမှ ထွက်ခွာသွားမည် ပြုသော မမ လက်ကို လှမ်းဆွဲ လိုက်ပြီး…

“ဘယ်တော့ တွေ့ရဦးမှာလဲ မမရဲ့၊ ပြောသွားဦးလေ”

“အမယ်လေး သည်းနေလိုက်တာ၊ ဒီကလည်း မမေ့ပါဘူး၊ နေ့လယ်ကျရင် မြတို့ အိမ်က စောင့်နေ သိပြီလား၊ ကဲ သွားမယ်”

မမက ကိုသက်ဆွေ၏ နဖူးကို လက်ညှိုးဖြင့် ထောက်၍ တွန်းလိုက်ပြီး ထွက်ခွာသွားသည်။

ကိုသက်ဆွေသည် အိမ်ခန်းဝတွင် မမ ဝင်ရောက် ပျောက်ကွယ်သွားသည် အထိ ပြုံးကြည့်၍ ကျန်ရစ်ခဲ့ရာမှ လှည့်ထွက်လာခဲ့လေ၏။

ကိုသက်ဆွေသည် ခြေနင်းကွင်းပေါ်မှ တစ်ဆင့် မြင်းကျောပေါ်သို့ ပေါ့ပါးစွာ တက်ထိုင်လိုက်သည်။ မြင်းကြီးမှာ အုန်းခွံရောင် ဖြစ်၍ လည်ဆံမွေးတွေ တထောင်ထောင်ဖြင့် ကြွားကြွားရွားရွား ရှိလှသည်။ ကျောပေါ်သို့ သခင် ရောက်လာသည်နှင့် ရှေ့လက်များနှင့် ခြေထောက်များမှာ လှုပ်ရှားနေကြသည်။

ကိုသက်ဆွေသည် မြင်းကျောပေါ်တွင် ထိုင်၍ ဇက်ကို ခပ်တင်းတင်း ဖိဆွဲလိုက်ရာက တန်းစီနေကြသော ပြိုင်ဘက်များကို လှမ်းကြည့်လိုက်မိသည်။ အားလုံးပေါင်း နှစ်ဆယ်လောက် ရှိမည်ဟု ထင်ရသည်။ အားလုံးမှာ အရာရှိ ကြီးများ၊ စစ်ဗိုလ်များ၊ နာမည်ကျော် လုပ်ငန်း ပိုင်ရှင်များ စသည့် ရန်ကုန်မြို့၏ အထက်တန်းလွှာမှ ဖြစ်ကြသည်။ လွတ်လပ်ရေး နှစ်ပတ်လည် သဘင် ပြပွဲ ပြိုင်ပွဲ ကော်မတီ၏ စီစဉ်ချက်ဖြင့် လွတ်လပ်ရေး အကြိုနေ့တွင် ပျော်ပွဲ ကျင်းပပေးခြင်း ဖြစ်ပေ၏။ ပြိုင်ပွဲမှာ ဆယ်ပွဲလောက် ရှိရာ ကိုသက်ဆွေ စီးရ မည့် ပွဲမှာ ကိုးကြိမ်မြောက်ပွဲ ဖြစ်လေသည်။

တာထွက်မှာ မြင်းပွဲများ တာထွက်သည့် နေရာက စ၍ ခရီးမှာ သုံးမိုင် လောက် စီးရမည် ဖြစ်သည်။ ပြေးလမ်း တစ်လျှောက်တွင် အမြင့် ငါးပေခန့် ရှိသော ပိုင်းတားပေါင်း ဆယ်ခုခန့် ချထားသည်။

တာလွှတ်သူက သုံးကြိမ်တိုင် လွှတ်ပြီး ဖြစ်သော်လည်း အားလုံး အဆင်သင့် မဖြစ်ကြသေးသဖြင့် တာဝတွင် ပြန်၍ ရပ်ကာ တန်းစီ ရပြန်သည်။ စတုတ္ထ အကြိမ်ကျမှ အောင်မြင်စွာ တာထွက်နိုင်ခဲ့လေသည်။

ပရိသတ်မှာ ခါတိုင်း မြင်းပွဲ နေ့များကဲ့သို့ပင် စည်ကားလှသည်။ ရိုးရိုး တန်းများတွင် လည်းကောင်း၊ အထူးတန်းများတွင် လည်းကောင်း လူတွေ ကြိတ်ကြိတ်တိုး နေကြသည်။

အထူးတန်းမှ ပုဂ္ဂိုလ်များမှာ သမ္မတကြီး၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စစ် ဗိုလ်ကြီးများနှင့် အထက်တန်းလွှာမှ ပုဂ္ဂိုလ်များ ဖြစ်၏။

တာထွက် လာသည်နှင့် တချို့က မှန်ပြောင်းများကို ထုတ်ကာ လှမ်း၍ ကြည့်နေကြသည်။ ရိုးရိုးတန်းမှ ပရိသတ်များမှာ ပြေးလမ်းဘေး သံဝင်းထရံ နားသို့ တိုး၍ လာကြသည်။ သဲလမ်းကို ကျော်ပြီး ရိုးရိုးတန်းမှ နှစ်ဖာလုံ လောက်တွင် မြင်းများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သြဘာသံများ ထွက်ပေါ်လာလေသည်။

ပိုင်းတား သုံးခုလောက်ကို ကျော်ပြီးသည် အထိ ကိုသက်ဆွေ မြင်းမှာ နံပါတ် ၁၀ လောက်တွင် ရောက်နေသည်။ ကိုသက်ဆွေသည် မြင်းဇက်ကို အားကုန်ဆုပ်ကာ မြင်း နံဘေးကို သံဆူးများဖြင့် ထိုးလိုက်သည်။ မြင်းသည် လန့်လန့်နှင့် တစ်ဟုန်ထိုး စိုင်းပြေးလိုက်သည်။ ပိုင်းတား ငါးခုလောက် ကျော်ပြီးသည့် နောက်တွင်မူ ကိုသက်ဆွေ၏ မြင်းမှာ နံပါတ် ငါးလောက် ရောက် နေပေပြီ။ သူ့ ရှေ့တွင် မြင်းလေးကောင်သာ ရှိတော့သည်။

ကိုသက်ဆွေက သံဆူးများနှင့် ထိုးလေ မြင်းကလည်း အားကုန် ပြေးလေ ဖြစ်ရာ ကိုသက်ဆွေမှာ လိမ့်မကျရအောင် ဇက်ကို မြဲမြဲ ကိုင်ထားရလေသည်။ ဆဋ္ဌမ ပိုင်းတားကို လွှားခနဲနေအောင် အကျော်လိုက်တွင် ကိုသက်ဆွေ၏ ခန္ဓာ ကိုယ်မှာ မြင်းကျောပေါ်မှ မြောက်သွားကာ လေထဲသို့ လွင့်၍ အမြှောက် ခံ လိုက်ရသလို ရင်ထဲတွင် အေးခနဲ ဖြစ်သွားပြီး ရင်တားကို ကျော်၍ မြင်း၏ ကျောပေါ်သို့ ပြန်ကျလာသော အခါတွင်မူ စတုတ္ထ ရောက်နေသော မြင်းမှာ မြင်းစီးသူ မပါဘဲ သူ့ ဘေးမှ ကပ်၍ ပြေးလိုက်လာသည်ကို တွေ့ရလေသည်။

သို့ရာတွင် သူ့ မြင်းမှာ ခြေကုန်သုတ်လျက် ရှိကာ ပြေးသား ကျနေပြီ ဖြစ်ရကား လူမပါသော မြင်းကို ဖြတ်ပစ်ခဲ့ကာ လွှားခနဲ လွှားခနဲ စိုင်း၍ လာလေရာ သူ့ ရှေ့တွင် မြင်း သုံးကောင်သာ ကျန်တော့လျက် စတုတ္ထသို့ ချိန်နေလေပြီ။

သို့နှင့် ကိုသက်ဆွေသည် သတ္တမ ပိုင်းတားနားသို့ ရောက်လာလေသည်။ ပရိသတ်၏ ဩဘာသံမှာလည်း ပို၍ မြည်ဟည်းလာလေသည်။ သတ္တမ ပိုင်းတားမှာ အထူးတန်း ရှေ့တွင် ရှိပြီး အမြင့်ဆုံး ပိုင်းတား ဖြစ်သည်။ ပရိသတ် အားလုံးကလည်း တိုတောင်းလှသော အချိန်ပိုင်းကလေး အတွင်းတွင် ရှေ့မှ မြင်းများကို ကျော်ဖြတ်ကာ စတုတ္ထသို့ ရောက်လာသော ကိုသက်ဆွေ၏ မြင်းကို အာရုံ စူးစိုက်နေကြသည်။ ပိုင်းတားနှင့် ကိုက်တစ်ရာလောက် အလိုတွင်မူ ကိုသက်ဆွေသည် ရှေ့တွင် နှစ်ကောင် ပြိုင်နေသော ကြားထဲသို့ ရောက်လာကာ ဒုတိယ ရောက်နေလေပြီ။

သူ့ မြင်းသည် ပိုင်းတားမှ ခြောက်ပေခန့် အကွာတွင် လွှားခနဲ ခုန်လိုက်သည်။ ကိုသက်ဆွေသည် အသည်း အေးသွားသလို ခံစားလိုက် ရပြီးနောက် သတိရ၍ ကြည့်လိုက်သော အခါ သူ့ မြင်းမှာ ဒုန်းစိုင်း၍ ပြေးလျက် ရှိသည်ကို တွေ့ရသဖြင့် ဇက်ကို မြဲမြဲ ကိုင်ကာ လိုက်လာခဲ့ရသည်။ ကျန် မြင်းများမှာ ပိုင်းတား အကျော်တွင် နောက်ကျ ကျန်ရစ်ခဲ့သဖြင့် သူ့ ရှေ့တွင် တစ်ကောင် သာ ကျန်တော့သည်။

နောက်ထပ် ပိုင်းတား နှစ်ခုကို ကျော်မိသည့် အခါတွင်ကား ကိုသက် ဆွေ၏ မြင်းမှာ ရှေ့ဆုံးသို့ ရောက်နေပြီး ဒုတိယမြင်းမှာ သူ့နောက် ကိုက် ငါးဆယ်ခန့်တွင် ကျန်ရစ်နေသည်။

ကိုသက်ဆွေသည် သည်ပွဲတွင် သူ နိုင်တော့မည်ဟု ကောင်းစွာ သိနေ လေပြီ။

ပရိသတ် အားလုံးက ကိုသက်ဆွေ၏ မြင်း နံပါတ်ကို အော်၍ ဩဘာ ပေးကြသည်။ တချို့က မတ်တတ် ရပ်၍ ကြည့်ကာ လက်သီးလက်မောင်း တန်း၍ အော်နေကြသည်။

ဦးသက်ထွန်းသည် ယောက်ျားတွေ ကြားထဲက ကုလားထိုင်ပေါ်တွင် ထ၍ မတ်တတ် ရပ်ကာ မှန်ပြောင်းဖြင့် ကြည့်နေသော မိန်းမ တစ်ယောက်ကို သတိ ထားလိုက်မိသည်။ နေကာ မျက်မှန် တပ်ထားပြီး မျက်နှာမှာ ပန်းနုသွေး ကြွနေသည်။

ဦးသက်ထွန်းသည် မမြင်ချင်ယောင်ဆောင်ကာ မျက်နှာကို လှည့်မည် ပြု စဉ်မှာပင်…

“ဪ မင်းကြီး ဘယ်တုန်းက ရောက်နေသလဲ၊ မမလည်း ပါတယ်”

ဒေါ်မြမြမေက စိတ်အား ထက်သန်စွာ မြင်းပွဲကို လှမ်းကြည့်နေသောမမကို လက်ညှိုး ညွှန်၍ ပြောလိုက်သည်။

မမကမူ ကြားဟန် မတူဘဲ မှန်ပြောင်းဖြင့် မြင်းပွဲကို လှမ်းကြည့်နေ သည်။

“ဟုတ်ကဲ့၊ ကြည့်ကြပါ ကြည့်ကြပါ”

ဦးသက်ထွန်းက အေးအေးစက်စက် ပြုံးလျက် လက်ကာ ပြလိုက်ပြီး မြင်းပွဲကို ဆက်ကြည့်နေသည်။ သို့ရာတွင် နဂိုကမှ မြင်းပွဲ စိတ်မဝင်စားရသည့် အထဲတွင် အကြောင်းကလည်း ရှိနေသေးသဖြင့် မမဘက်သို့သာ မကြာခဏ လှည့်၍ ကြည့်နေမိသည်။

မမမှာ လောကကြီး တစ်ခုလုံးတွင် ကိုသက်ဆွေ တစ်ယောက်ကိုသာ စိတ်ဝင်စားနေပုံ ရသည်။ မှန်ပြောင်းကို မျက်စိတွင် မခွာတမ်း ကိုင်ထားပြီး မြင်းပွဲကို ဆက်လက်၍ ကြည့်နေသည်။

ကိုသက်ဆွေ၏ မြင်းသည် အားကုန် ပြေးလာကာ နောက်ဆုံး ဖြစ်သော ပိုင်းတားကို လွှားခနဲ ကျော်လိုက်သည်။ မြင်းမှာ မမျှော်လင့်သော နေရာမှ ကြို၍ ရုတ်တရက် ခုန်လိုက်သဖြင့် ကိုသက်ဆွေမှာ ဇက်ကြိုးကို ခပ်လျော့ လျော့ ကိုင်ထားမိသောကြောင့် သတိ လစ်၍ ကျသွားလေသည်။ “ဟာ” ခနဲ အသံကြီး ထွက်လာကာ မြင်းပွဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

ဦးသက်ထွန်းသည် ‘ဟာ’ ခနဲ အသံကြီး ကြားတော့မှ ကွင်းဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

ကွင်းထဲသို့ သူနာပြု ကားတစ်စီး မောင်းလာကာ ဆရာဝန်များ၊ မြင်း ပြိုင်ပွဲ ကော်မတီဝင်များကို မြင်ရပြီးနောက်ကိုသက်ဆွေအား သူနာပြု ကားပေါ်သို့ တင်သွားသည်ကို မြင်လိုက်ရသည်။

ဦးသက်ထွန်းသည် မမဘက်သို့ လှည့်၍ အကဲခတ်လိုက်သည်။

မမ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ နောက် ဒေါ် မြမြမေ ဘက်သို့ လှည့်၍ စကား ပြောနေသည်။

ဒေါ်မြမြမေက တစ်စုံတစ်ရာ ပြန်ပြောလိုက်တော့မှ မမသည် ဦးသက်ထွန်းကို မြင်၍ သွားသည်။ ဦးသက်ထွန်းက သူ ကြည့်နေမှန်း မသိအောင် တခြားသို့ မျက်နှာ လွှဲထားလိုက်သည်။

နောက်ဆုံးပွဲ ဆက်ပြေးသော အခါတွင်မူ မမမှာ ဣန္ဒြေ မပျက် ဆက်၍သာ ကြည့်နေရသော်လည်း စိတ်မဝင်စားလှတော့ပေ။ သူ့ စိတ်ထဲတွင် ကိုသက်ဆွေ အခြေအနေကို လိုက်၍ ကြည့်ချင်သည်။ သို့ရာတွင် ဦးသက်ထွန်း ရှိနေသဖြင့် ဟန်မပျက် ထိုင်နေရသည်။ ဒေါ်မြမြမေမှာ အပြင်သို့ ထွက်သွားကာ ကိုသက်ဆွေ အခြေအနေကို မြင်းပွဲ ဆေးရုံသို့ တယ်လီဖုန်း ဆက်၍ စုံစမ်းနေသည်။ မြင်းပွဲ ပြီးသည့်တိုင်အောင်ပင် ဒေါ်မြမြမေ ပြန်မလာသေး၍ မမမှာ စိတ်ပူနေသည်။

မမသည် မှန်ပြောင်းကို လက်ကိုင် အိတ်ထဲသို့ ပြန်ထည့်ကာ ကုလားထိုင်တွင် ပြန်ထိုင်လိုက်ပြီး နံ့သာဖြူ ယပ်တောင်ကလေးဖြင့် ယပ်ခတ်နေသည်။ ဦးသက်ထွန်းသည် တစ်ယောက်တည်း ထိုင်နေရာသို့ လျှောက်လာခဲ့ပြီး ရှေ့တွင် ရပ်လိုက်သည်။

“ကဲ မမ၊ အိမ် ပြန်လိုက်တော့မလား”

ဦးသက်ထွန်းက မေးလိုက်သဖြင့် မမသည် ဦးသက်ထွန်းကို မော့ကြည့် လိုက်သည်။

မမက တစ်စုံတစ်ရာ ပြန်ပြောမည်ဟု ပါးစပ် ပြင်လိုက်စဉ်မှာပင်… “ဒေါက် တာ သက်ဆွေတော့ ခြေကျိုးသွားတယ်လို့ ပြောတာပဲ” ဟူသော အသံကို စစ်ဗိုလ် နှစ်ယောက် ပြောသွားသံ ကြားလိုက်သဖြင့် မမမှာ မျက်နှာ တစ်ချက် ပျက်သွားသည်။

မမသည် ဒေါ်မြမြမေ ပြန်လာနိုးဖြင့် အပေါက်ဝ လှေကားဘက်ဆီသို့ မျှော်ကြည့်နေမိသည်။ သူ့ စိတ်ထဲတွင် ကိုသက်ဆွေ၏ အခြေအနေကို သိချင်နေသည်။

“ကဲ မင်းကြီး ကတော်၊ ကျုပ် အိမ် ပြန်မလို့ အိမ်ကို ပြန်မယ် ဆိုရင် လိုက်နိုင်ပါတယ်”

ဦးသက်ထွန်းက ခပ်ထေ့ထေ့ ပြောကာ သူ၏ လက်မောင်း တစ်ဖက်ကို ကမ်း၍ ပေးလိုက်သည်။ လိုက်လိုက လိုက်ခဲ့ပါ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

“ဟင့်အင်း မမ နေရစ်ဦးမယ်”

မမက ခေါင်းယမ်း၍ ပြောလိုက်သည်။ ဒေါ်မြမြမေသည် ပြုံးရွှင်စွာ ရောက်လာသည်။ ကိုသက်ဆွေမှာ ခြေတစ်ဖက် နာသွားရုံမှအပ ဘာမျှ မဖြစ်ဟု ဒေါ်မြမြမေက ပြောပြသဖြင့် မမမှာ စိတ် သက်သာရာ ရသွားသည်။

“အိမ် ပြန်ရင် လိုက်နိုင်ပါတယ်လို့ တတိယ အကြိမ်မြောက် ခေါ်နေပါတယ်”

ဦးသက်ထွန်းက မမကို ကြည့်ကာ မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။ သူ့ အသံမှာ လှောင်ပြောင် သရော်သံ ပါနေသည်။ မမသည် ဘာပြန်ပြောရမှန်း မသိဘဲ အဝေးသို့ ငေးကြည့်နေသည်။

“မြက မမကို မြင်းပွဲ ခေါ်လာတာပါ မင်းကြီး၊ မြ လိုက်ပို့လိုက်ပါ့မယ်”

ဒေါ်မြမြမေက အနားသို့ ရောက်လာပြီး ဦးသက်ထွန်းကို လှမ်းပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါ်မြမြမေ၊ မမ ကြည့်ရတာ ကောင်း ကောင်း နေမကောင်းဘူးလို့ ထင်ပါတယ်၊ ဒါကြောင့် အိမ်ကို ကျွန်တော်ပဲ ခေါ်သွားပါရစေ”

ဦးသက်ထွန်းက ဒေါ်မြမြမေကို ပြုံး၍ ယဉ်ကျေးစွာ ပြောလိုက်သည်။ သို့ရာတွင် သူ့ အသံမှာ အနည်းငယ် တင်းမာနေသည်။ မမသည် ဘာမျှ မပြောတော့ဘဲ ဦးသက်ထွန်း လက်မောင်း တစ်ဖက်ကို ကိုင်လိုက်သည်။

“မြ မောင်သက်ဆွေကို လွှတ်လိုက်မယ်နော်”

ဒေါ်မြမြမေက သူ့ အနားသို့ ကပ်၍ ပြောလိုက်သည်။ အထူးတန်းမှ အဆင်းတွင် ဦးသက်ထွန်းက တွေ့သမျှ မိတ်ဆွေများကို နှုတ်ဆက်နေသဖြင့် မမကလည်း အလိုက်သင့် နှုတ်ဆက်နေရသည်။

သို့ရာတွင် မမ၏ စိတ်သည် မမ၏ ကိုယ်ထဲတွင် မရှိဘဲ တခြားသို့ ရောက်နေသည်။ သူ့ စိတ်ထဲတွင် ကိုသက်ဆွေကို တွေ့ချင်နေသည်။ ကိုသက်ဆွေ၏ အခြေအနေကို သိချင်နေသည်။

အပြင်ဘက် ရောက်၍ ကားနောက်ပိုင်းတွင် နှစ်ယောက်သား ထိုင်လိုက် လာခဲ့ကြသည်။ နှစ်ယောက်သား တိတ်ဆိတ်ကာ ဘေးကိုသာ ကြည့်၍ လိုက်လာခဲ့ကြသည်။

ဦးသက်ထွန်းကလည်း သူ့ အတွေးနှင့် သူ၊ မမကလည်း သူ့ အတွေးနှင့် သူ။

“ဒီနေ့ မမရဲ့ အပြုအမူတွေနှင့် ပတ်သက်ပြီး ကျုပ်မှာ မမကို ပြောဖို့ တာဝန် ရှိလာတယ်”

မိုးကြိုး ပစ်သလို ထွက်လာသော ဦးသက်ထွန်း၏ အသံ ဖြစ်သည်။ ဦး သက်ထွန်းသည် “ကျုပ်” ဆိုသော နာမ်စားကို တမင် သုံးလိုက်ခြင်း ဖြစ်သည်။

“မမ ဘာလုပ်လို့လဲ”

မမက ကားပြင်သို့ ငေးကြည့်နေရာမှ ဦးသက်ထွန်းအား ဆတ်ခနဲ လှည့် ကြည့်၍ မေးလိုက်သည်။ မမ၏ အသံမှာ အနည်းငယ် ကျယ်သွားသည်။

“သိပ် မအော်ပါနှင့်၊ ခပ်တိုးတိုးပဲ ပြောပါ”

ဦးသက်ထွန်းက ဒရိုင်ဘာဘက်သို့ မေးငေါ့၍ ပြောလိုက်သည်။

“မမက ဘာများ လုပ်လို့လဲ”

မမက ဆက်၍ မေးလိုက်သည်။

“မြင်းစီး ပြိုင်ပွဲမှာ လူ တစ်ယောက် လိမ့်ကျသွားတုန်းက မမရဲ့ အပြု အမူကို ပြန်စဉ်းစားကြည့်ပေါ့”

မမအား လှည့်ကြည့်လိုက်သည်။ မမသည် ဘာမျှ ပြန် ဦးသက်ထွန်းက မမအား မပြောဘဲ ရှေ့တည်တည့်သို့ စိုက်ကြည့်နေသည်။

“လူပြော သူပြော မခံရအောင် အနေအထိုင် ဆင်ခြင်ပါလို့ မမကို ကျုပ် ဘယ်နှခါ ပြောခဲ့ပြီလဲ၊ မမ အနေအထိုင်တွေဟာ လူ ပြောစရာ ဖြစ်လာလိမ့် မယ်လို့ ကျုပ် ဘယ်နှခါ သတိ ပေးခဲ့ဖူးပြီလဲ၊ ဒီကြားထဲက ဒီနေ့ မမ အပြု အမူဟာ ဘယ်လောက် ဣန္ဒြေ ပျက်သလဲ ဆိုတာ မမ စဉ်းစားဖို့ ကောင်းတယ်၊ အေးလေ မမကလည်း ကလေးလေးမှ မဟုတ်တော့ဘဲ၊ ကျုပ်က အစစအရာရာ လိုက်ဆုံးမနေစရာ လိုမယ် မထင်ပါဘူး၊ နောက်တော့သာ ဒီလို ဣန္ဒြေ ပျက် တာမျိုး မတွေ့ပါရစေနှင့်လို့ ကျုပ် ဆုတောင်းပါတယ်”

မမသည် ဦးသက်ထွန်း ပြောသမျှကို မကြား တစ်ဝက် ကြား တစ်ဝက် ဖြစ်နေသည်။

သူ့ စိတ်သည် ဦးသက်ထွန်း စကားများဆီသို့ မရောက်ဘဲ ကိုသက်ဆွေ ထံသို့သာ ရောက်နေသည်။ ကိုသက်ဆွေ ခြေထောက် မကျိုးဘူး ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လားဟု တွေးနေမိသည်။

မမသည် ဦးသက်ထွန်း စကားများ အားလုံးကို မကြားမိဘဲ ဦးသက် ထွန်း ဖြစ်နေပုံကို ကြည့်၍ ပြုံးလိုက်သည်။ ဦးသက်ထွန်းသည် မမ၏ အပြုံးကို မြင်လိုက်တော့ ပို၍ ဒေါပွလာသည်။ သူ့ကို သဘောထား သေးသူ တစ်ယောက်ဟု ထင်၍ ပြုံးခြင်း ဖြစ်သည်ဟု ထင်လိုက်သည်။

“အေးလေ ကျုပ် ထင်တာဟာ မှားချင်းလည်း မှားပေမပေါ့၊ မှားရင် လည်း ကျုပ် တောင်းပန်ပါတယ်”

ဦးသက်ထွန်းက ပြော၍ ကား နောက်ပိုင်းကို မှီချလိုက်သည်။ သူ့ ရင်ထဲ မှာတော့ မောနေသည်။

“ကိုကို မမှားပါဘူး၊ ကိုကို ထင်တာတွေဟာ အားလုံး အမှန်ချည်းပဲ၊ သူ မြင်းပေါ်က လိမ့်ကျတုန်းက မမ ဣန္ဒြေ ပျက်လောက်အောင် ဖြစ်တယ် ဆိုတာလည်း ဟုတ်မှာပဲ၊ ကိုကို့ စကားတွေကို နားသာ ထောင်နေတယ် မမ တစ်လုံးမှ မကြားဘူး၊ မမ သူ့ အကြောင်းချည်းပဲ တွေးနေတယ်၊ မမ သူ့ကို ချစ်တယ်၊ မမဟာ သူနှင့် ကျူးကျူးလွန်လွန် ဖြစ်နေကြပြီ၊ ကိုကို့ကို မမ မချစ်ဘူး၊ ကြောက်တယ် မုန်းတယ်၊ မမကို ကိုကို ကြိုက်သလို လုပ်နိုင်တယ်”

မမသည် ကားကူရှင်ကို မှီကာ မျက်နှာကို အုပ်၍ ငိုချလိုက်သည်။ ဦးသက်ထွန်းသည် ဘာမျှ ပြန်မပြောဘဲ ကားရှေ့တည့်တည့်ကို စူးစိုက် ကြည့်နေသည်။ သူ့ မျက်နှာသည် လူသေ၏ မျက်နှာလို အပြောင်းအလဲ မရှိဘဲ တစ်မျိုးတည်း ဖြစ်နေသည်။

အိမ်ရောက်၍ ကားပေါ်က ဆင်းတော့မှ ဦးသက်ထွန်းသည် မမဘက်သို့ လှည့်လိုက်ပြီး…

“ကောင်းပြီလေ၊ မမ ပြောပြလို့ ဒီကိစ္စတွေကို ကျုပ် အားလုံး သိပြီ၊ ဘာလုပ်သင့်သလဲ ဆိုတာကို ကျုပ် စဉ်းစားပြီး မမကို ပြောမယ်၊ ဒီအတော အတွင်းမှာတော့ မမဟာ ဣန္ဒြေမပျက် နေသွားလိမ့်မယ်လို့ ကျုပ် မျှော်လင့်တယ်”

ဦးသက်ထွန်းသည် ကားပေါ်မှ မဆင်းတော့ဘဲ မမကို ချပေးပြီးနောက် ဒရိုင်ဘာကို တစ်နေရာသို့ အမောင်းခိုင်းလိုက်သည်။ မမသည် အိမ်ထဲသို့ ဝင်လာခဲ့သည်။ အိမ်တွင် သူ့ အတွက် စာတစ်စောင် ရောက်နေသည်။ မမသည် စာကို ဖွင့် ဖတ်လိုက်သည်။

မရေ….

မြ သူ့ဆီကို ရောက်ခဲ့ပြီ။ ခြေထောက် ကျိုးတယ် ဆိုတာ မဟုတ်ပါဘူး။ ခြေထောက် နည်းနည်း နာသွားရုံလောက်ပါပဲ။ ဆေးရုံမှာ ဓာတ်မှန် ရိုက်ကြည့် ပြီးပြီ။ ဘာမှ မဖြစ်ပါဘူးတဲ့။ ခု အိမ်မှာ ရှိတယ်။

မြ….

မမသည် စာကို ဖတ်၍ ပြုံးလိုက်လေသည်။