မမ

(၁၉)

ခင်ရီရီသည် ပန်းခြံထဲတွင် လမ်းလျှောက်နေရာက ကလေးများကို လှမ်းကြည့် လိုက်သည်။ ကလေးများမှာ ကလေးထိန်းသည့် အိမ်ဖော်မလေးများနှင့် အတူ ကစားနေကြသည်။ ခြံစည်းရိုးတွင် ပန်းရိုင်းများသည် ဖွေးဖွေး လှုပ်အောင် ဖူးပွင့်နေကြပေသည်။

ခင်ရီရီနှင့် ကလေးများသည် နွေရာသီတွင် မေမြို့သို့ လာ၍ နေလေ့ ရှိပေသည်။ မောင်မောင်လတ်သည် မေမြို့တွင် အိမ်တစ်လုံး ဝယ်၍ ထားပြီး နွေပေါက်လာလျှင် ခင်ရီရီနှင့် ကလေးများကို မေမြို့သို့ ပို့ထားတတ်သည်။ သူ ကိုယ်တိုင်မှာမူ စနေနေ့ ညနေတွင် တက်လာပြီး တနင်္လာနေ့ကျမှ မန္တလေးသို့ သွားတတ်သည်။

မောင်မောင်လတ်သည် လင်ကောင်းတစ်ယောက်နှင့် ဖခင်ကောင်း တစ် ယောက် ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သူ့တွင် ဇနီးသည်နှင့် သားသမီးတွေ ရှိသည် ဆိုသည့် အချက်ကို မေ့ပျောက်ကာ လူပျိုတစ်ယောက်လို လွတ် လွတ်လပ်လပ် နေချင်သည်။ ထို့ကြောင့်လည်း နွေရာသီတွင် ခင်ရီရီတို့ သားအမိ တစ်တွေ သွားရောက် နေထိုင်ရန် အတွက် အိမ်တစ်လုံးကို တမင် ဝယ်ထားခဲ့ခြင်း ဖြစ်လေသည်။ ခင်ရီရီတို့ သားအမိ တစ်တွေ မေမြို့သို့ သွားရောက် နေထိုင်ခြင်းဖြင့် မောင်မောင်လတ်မှာ အနေအထိုင် များစွာ လွတ်လပ်လှသည်။ ထို့ပြင် စရိတ် အကုန်အကျလည်း သက်သာသည်။ နွေ ပေါက်လျှင် မန္တလေး၏ အပူရှိန်ကြောင့် မကြာခဏ နေထိုင်မကောင်း ဖြစ်တတ်ကြသော ကလေးများ အတွက်လည်း ကျန်းမာရေး ပိုမို ကောင်းမွန်လာစေသည်။ ထို့ကြောင့် မောင်မောင်လတ်သည် မေမြို့တွင် အိမ် ဝယ်ခဲ့ခြင်း ဖြစ်သည်။

မောင်မောင်လတ်မှာ အစိုးရ ကိစ္စဖြင့် ရန်ကုန်သို့ သွားစရာ ရှိလျှင်လည်း မန္တလေးမှ တိုက်ရိုက် မသွားဘဲ မေမြို့သို့ တက်လာပြီးမှ လေယာဉ်ပျံဖြင့် ရန်ကုန်သို့ လိုက်တတ်သည်။ ရန်ကုန်တွင် အစိုးရ အရာရှိကြီးများ၏ ကွန်ဖရင့် ရှိသဖြင့် မနေ့ကမှ မေမြို့မှ တစ်ဆင့် ရန်ကုန်သို့ ထွက်ခဲ့ရာ ခင်ရီရီတို့ချည်း ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

“မမလေး၊ အနီး စခန်းက ဧည့်သည် လာတယ်”

အိမ်ဖော်မကလေး လာပြောသဖြင့် ခင်ရီရီသည် ပန်းခြံဘက်မှ အိမ်ဘက်သို့ လျှောက်လာခဲ့သည်။ မြင်းလှည်း ခေါင်းတုံးကလေးဖြင့် ခြံထဲသို့ ဝင်လာသော ကိုအောင်မိုးကို တွေ့ရလေသည်။

“ရီရီလည်း ကလေးတွေနှင့် အလုပ် ရှုပ်နေတယ် ထင်တယ်”

ကိုအောင်မိုးက မြင်းလှည်းကလေးပေါ်မှ ဆင်းလာရင်း မေးလိုက်သည်။ စစ် ရှပ်အင်္ကျီစိမ်းနှင့် ချည် လုံချည်ကို ဝတ်ထားပြီး အဝတ် ဦးထုပ်စိမ်းကို ဆောင်းထားလေသည်။

“ရီတော့ ကလေးတွေနှင့်ပဲ အချိန် ကုန်နေတာပဲ၊ ကျောင်းဖွင့်တာပဲ ကောင်းတယ်၊ ကျောင်းပိတ်ရင် သူတို့ ထိန်းရတာက အလုပ်ကြီး တစ်ခု၊ ရီတို့ ရောက်နေတာ သိလို့လား”

“သိတာပေါ့၊ ကလေးတွေ ကျောင်း ပိတ်ရင် လာနေကျပဲ၊ စတော်ဘယ်ရီတွေ လတ်တာနှင့် ကလေးတွေ စားရအောင် ဆိုပြီး ယူလာသေးတယ်၊ ကြက်ဥရော ပန်းဂေါ်ဖီရော ပါတယ်”

“အလကား ဒုက္ခ ရှာလို့ အစ်ကို အောင်မိုးရယ်”

“အို ဘာဒုက္ခ များတာ မှတ်လို့”

ခင်ရီရီက အိမ်ဖော် ကောင်မလေးအား ကိုအောင်မိုး ယူလာသော ပစ္စည်းများကို အသိမ်းခိုင်းလိုက်ပြီး ဧည့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။

“သီသီ့ ဆီက စာရတယ် အစ်ကိုအောင်ရဲ့၊ ဟိုမှာ သိပ် အေးအေးဆေးဆေး ရှိတယ်တဲ့၊ မေမေရော ဖေဖေရော နေကောင်းပါတယ်တဲ့၊ တလောကတောင် ဗုဒ္ဓဂယာကို သွားကြမလို့ဟာ ဆရာဝန်က မသွားနှင့်ဦးလို့ ပြောထားလို့ အပြန် ကျမှ လှည့်ဝင်တော့မယ်တဲ့”

ခင်ရီရီက မဒရပ်တွင် ရောက်နေသည့် ခင်သီသီ၏ သတင်းကို ဖောက်သည် ချလိုက်သည်။

“ဟုတ်လား၊ သီသီ့ ကျန်းမာရေးကကော ဘယ့်နှယ် နေသေးသတဲ့လဲ”

“တော်တော် ကောင်းနေပါပြီ၊ အဆုတ်လည်း တော်တော် ပြန်ကောင်း လာပါပြီ၊ ဓာတ်မှန် ရိုက်ကြည့်တော့ ဘာမှ မရှိတော့ဘူးလို့ စာထဲမှာ ပါတယ်၊ သီသီလည်း သူ့ ရောဂါ ပျောက်တာကို တော်တော် ဝမ်းသာနေတယ်၊ ဟိုကျတော့ ရာသီဥတုကလည်း ကောင်း ဆေးဝါးကလည်း ကောင်းတယ် မဟုတ်လား အစ်ကိုအောင်ရဲ့”

‘ဟုတ်လား၊ ဒါဖြင့် ပြန်လာကြတော့မယ်ပေါ့”

ကိုအောင်မိုးက ဝမ်းသာအားရ မေးလိုက်သည်။ သူ့ မျက်နှာမှာ ဝင်းထိန် သွားလေသည်။

“သိပ် မကြာတော့ပါဘူး၊ ရှေ့လလောက် ဆိုရင် ပြန်ရောက်လိမ့်မယ် ထင်တာပဲ၊ အစ်ကိုအောင့်ကို ရီ တစ်ခု မေးရဦးမယ်၊ အစ်ကိုအောင်နှင့် သီသီ ဘာဖြစ်ကြတာလဲ၊ စိတ်ဆိုးကြသလား”

ခင်ရီရီက ပြုံး၍ မေးလိုက်သည်။

“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး၊ စိတ်လည်း မဆိုးပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ”

အစ်ကိုအောင် ရီ့ကို ညာမပြောနှင့်နော်”

ခင်ရီရီက လက်ညှိုး ထောင်၍ နောက်သလို ပြောလိုက်၏။

“မညာပါဘူး”

“အစ်ကိုအောင် သီသီ့ကို စိတ်ဆိုးနေတာပါ၊ ရီ သိပါတယ်”

“မဟုတ်ပါဘူး ရီရီ၊ ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ”

“ဒါဖြင့် အစ်ကိုအောင် မန္တလေး ရောက်တော့ သီသီ့ဆီ ဘာဖြစ်လို့ မသွားဘဲ နေသလဲ၊ ခါတိုင်း ရောက်ရင် ဝင်နေကျ မဟုတ်လား”

“ဪ ဒါတော့ ရီရယ်”

ကိုအောင်မိုးက ရှက်သွေး ဖြာ၍ မျက်နှာကြီး နီသွား၏။

“ဘာ ဒါတော့လဲ၊ ရီ မသိဘူး မှတ်လို့လား”

“ဒါဖြင့် ရီ သိတဲ့ အတိုင်းပေါ့၊ စိတ်ဆိုးတာတော့ မဟုတ်ပါဘူး၊ ရီသာ ကိုယ့် နေရာ ဆိုရင် ရီလည်း ဒီလိုပဲ ခံစားရမှာပေါ့”

“ရီလည်း အကုန်တော့ မသိပါဘူး၊ အကဲခတ် ကြည့်ပြီး ပြောရတာပါ”

“ကိုယ်က သီသီ့ကို ဖွင့်ပြောတော့ သီသီက ငြင်းလိုက်တယ်လေ၊ ဒါတော့ ရီ သိမှာပေါ့”

“ဟင့်အင်း၊ ရီ မသိပါဘူး”

“ဒါဖြင့် ခု သိပြီ မဟုတ်လား”

“သီသီက ရီ့ကို စောင်းပါးရိပ်ခြည်တော့ ပြောဖူးပါတယ်၊ ဒါပေမဲ့ အစ်ကိုအောင်က ဖွင့်ပြောတယ် ဆိုတာတော့ မပြောဘူး”

ကိုအောင်မိုးသည် ဘာမျှ မပြောတော့ဘဲ အဝတ် ဦးထုပ်စိမ်းလေး ချွတ်ကာ လက်ပေါ် တင်၍ လှည့်နေသည်။

“ရီလည်း ရိပ်မိပါတယ် အစ်ကိုအောင်၊ ရီတို့ သဘောလည်း အစ်ကိုအောင် သိပြီးသားပါ၊ ဒါပေမဲ့ အစ်ကိုအောင်ကို ရီ တစ်ခု ပြောချင်တာ ရှိတယ်၊ အစ်ကိုအောင်ဟာ မိန်းမတွေ အကြောင်းကို နားမလည်ဘူးလို့ ရီ ထင်တယ်”

ကိုအောင်မိုးက ခင်ရီရီကို လှမ်းကြည့်လိုက်သည်။

“ဟုတ်တယ်၊ ယောက်ျား တစ်ယောက် အဖို့ မိန်းကလေး တစ်ယောက်ကို ချစ်တယ်လို့ ဖွင့်ပြောဖို့ရာ လွယ်တယ်၊ ပြောလို့လည်း တင့်တယ်တယ်၊ မိန်းကလေးကျတော့ ယောက်ျား တစ်ယောက်ကို ချစ်မိပြီ ထားဦး၊ သူက စ ပြောဖို့ မလွယ်ဘူး၊ မတင့်တယ်လည်း မတင့်တယ်ဘူး၊ ဘယ်လောက်ပဲ စိတ်ထဲက ကြိုက်နေနေ ယောက်ျားလေးက လာပြောတာနှင့် တစ်ပြိုင်နက် အင်း ဆိုပြီး ခေါင်းညိတ်လိုက်ဖို့တောင် မလွယ်ဘူး၊ သူ့သိက္ခာကို စောင့်စည်းရသေးတယ်”

“ဒါကတော့ အသည်းနှလုံးက တကယ် စကား မပြောသေးလို့ပါ ရီ”

“မဟုတ်ဘူး အစ်ကိုအောင်၊ အသည်းနှလုံးထဲက တကယ် ချစ်တယ်ပဲထား၊ လွယ်လွယ်နှင့် ခေါင်းညိတ်လိုက်ဖို့ ဆိုတာ တကယ် မလွယ်ဘူး၊ အထူးသဖြင့် ပြိုင်ဘက် ပေါ်လာတော့ သာပြီး အစဉ်းစားရ ခက်သေးတယ်၊ ဘယ်သူ့ကို ရွေးရမလဲ ဆိုတာ ပြဿနာ ပေါ်လာပြီကိုး”

ကိုအောင်မိုးသည် ခင်ရီရီ၏ စကားများကြောင့် ခံပြင်း၍ လာသည်။ ခင်ရီရီကို သူ ပိုးခဲ့တုန်းကလည်း ခင်ရီရီသည် သည်အမြင်ဖြင့် မောင်မောင်လတ်ကို ရွေးချယ်ခြင်း ဖြစ်သည်ဟု ထင်လာကာ အတိတ်က ဖြစ်ရပ်များကို မြင်ယောင်လာသည်။

“တော်ပါတော့ ရီ၊ ဘယ်သူ့ကို ချစ် ဘယ်သူ့ကို မချစ်နှင့်လို့ အသည်း နှလုံးက ဘယ်တော့မှ မစေခိုင်းပါဘူး၊ အသည်းနှလုံးဟာ ဘယ်သူ့ကိုမှ အတန်း အစား မခွဲပါဘူး၊ ဦးနှောက်ကသာ အတန်းအစား ရွေးတာ၊ ဘယ်သူ့ကို လက်မထပ်နှင့် ဘယ်သူ့ကို လက်ထပ်လို့ ဦးနှောက်က စေခိုင်းတာ၊ ဒီလို ရွေးချယ်တာမျိုးကတော့ အချစ်ကို ရွေးချယ်တာနှင့် မတူပါဘူး ရီရာ၊ ဆိုင်မှာ အလှ ပြထားတဲ့ ကုန်ပစ္စည်းကို ရွေးတာနှင့် တူလှတယ်၊ တော်ပါတော့၊ ဒီအကြောင်း မပြောတာပဲ ကောင်းပါတယ်”

“အစ်ကိုအောင်က သီသီကို ဖွင့်ပြောလိုက်တုန်းက သီသီက အစဉ်းစားရ ခက်တဲ့ အခြေအနေမှာ ရောက်နေတယ် ဆိုတာကိုလည်း အစ်ကိုအောင် စဉ်းစားဖို့ ကောင်းပါသေးတယ်၊ တကယ်တော့ သီသီဟာ ကလေးသာသာပဲ ရှိပါသေးတယ်၊ မိဘ ဩဇာ ပတ်ဝန်းကျင် သြဇာကို ဖယ်ရှားပြီး စဉ်းစားနိုင်တဲ့ အထိ မရင့်သန်သေးပါဘူး၊ သူ့ စိတ်ထဲမှာ အစ်ကိုအောင်နှင့် ဆရာ ကိုသက် ဆွေတို့ နှစ်ယောက်ကို ဝေခွဲမရ ဖြစ်နေတယ်လို့ ထင်တာပဲ၊ အစ်ကိုအောင်က တစ်ခါတလေမှ ပေါ်လာပြီး ဆရာ ကိုသက်ဆွေက နေ့တိုင်း ဝင်ထွက် သွားလာ နေတော့လည်း စိတ်ထဲမှာ ဝေခွဲ မရဘဲ ဖြစ်ချင် ဖြစ်နေမှာပေါ့၊ ရီတို့ အနေနှင့်ကတော့ ကိုသက်ဆွေကို ကြည့်ရတာ တစ်မျိုးပဲ၊ ခု သီသီက ငြင်းလိုက်တာ ကြည့်ပြီးတော့လည်း သိပ် စိတ်မပျက်ပါနှင့်ဦး အစ်ကိုအောင်ရယ်”

ခင်ရီရီက လှိုက်လှဲစွာ ပြောလိုက်၏။ ခင်ရီရီသည် အချစ်ကံ မွဲလှသော ကိုအောင်မိုးကို ကြည့်၍ သနားနေပေသည်။ ညီအစ်မ နှစ်ယောက်စလုံးကို လက်လွတ်ပြီးကတည်းက သနားသလို ဖြစ်နေသည်။

“စိတ်ပျက်တယ်လို့တော့ မဟုတ်ပါဘူး၊ ကဲ သွားဦးမယ် ရီ”

ကိုအောင်မိုးက ထိုင်နေရာမှ ထလိုက်သည်။

“သီသီ ပြန်ရောက်ရင် အစ်ကိုအောင် လာလည်ဦးနော်၊ ဟုတ်လား”

“မလုပ်ပါနှင့် ရီရယ်၊ သူ့ဘာသာ သူ အေးအေး နေပါစေ၊ သိပ် မကျန်း မာရတဲ့ အထဲ ကိုယ် လာနေလို့ စိတ် အနှောင့်အယှက် ဖြစ်ပြီး ရောဂါ ပြန် တိုးနေဦးမယ်”

ကိုအောင်မိုးက ရယ်မော၍ ပြောလိုက်သည်။

“အစ်ကိုအောင့်မှာလည်း ဒီလိုဟာမျိုးတွေကြောင့် ခက်နေတာ”

ခင်ရီရီက ကိုအောင်မိုးကို ကြည့်၍ ညည်းသလို ပြောလိုက်သည်။ ကိုအောင်မိုးသည် ဘာမျှ ပြန်မပြောတော့ဘဲ ခင်ရီရီနှင့် ကလေးတွေကို နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။

ဦးသက်ထွန်းသည် ရုံးခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့ စားပွဲပေါ်တွင် အလုပ် တစ်ပုံကြီး ရှိနေသော်လည်း အလုပ်ကို လုပ်ချင်စိတ် မရှိတော့ပေ။ ဦးသက်ထွန်းသည် အပေါ်ယံအားဖြင့် ကြည့်လျှင် အေးစက်၍ ရက်စက်သည့် အသွင် ပေါ်နေသည်။ သို့ရာတွင် သူ့တွင် အားနည်းချက် တစ်ခု ရှိသည်။ ယင်းမှာ မိန်းမက မျက်ရည်ခံ ထိုးလျှင် စိတ်ကျသွားခြင်း ဖြစ်သည်။

“မင်းကြီး၊ ဝန်ကြီးဆီက ကြေးနန်း လာတယ်”

လက်အောက် အရာရှိ တစ်ယောက်က ကြေးနန်း တစ်စောင်ကို လာပို့ သည်။ ကြေးနန်းမှာ နယ်တွင် ရောက်နေသော ဌာန ဆိုင်ရာ ဝန်ကြီးက ဦးသက်ထွန်းအား အရေးတကြီး လိုက်လာရန် ရိုက်လိုက်သော ကြေးနန်း ဖြစ်၏။ ဦးသက်ထွန်းသည် အရေးထဲတွင် ကြေးနန်းရိုက် ခေါ်သော ဝန်ကြီးကိုပင် မကျေမနပ် ဖြစ်နေမိသည်။ မီးရထားနှင့် သွားရမည် ဖြစ်သဖြင့် အချိန် စောသေးသောကြောင့် ကြေးနန်းကို စားပွဲပေါ်သို့ ပြန်ချလိုက်ကာ သူ့ ပြဿနာကို ဆက်လက်၍ စဉ်းစားနေသည်။

ဦးသက်ထွန်းနှင့် မမသည် လွတ်လပ်ရေး အကြိုနေ့ ကတည်းက ယခုတိုင် စကား မပြောကြဘဲ ခပ်တန်းတန်းပင် နေခဲ့ကြသည်။ မြင်းစီး ပြိုင်ပွဲက ပြန် အလာတုန်းက ကားပေါ်တွင် ကိုသက်ဆွေနှင့် သူတို့၏ ကိစ္စကို မမက ဖွင့်ပြော လိုက်သော အခါတွင် ဦးသက်ထွန်းသည် ငယ်ထိပ်ကို မြွေပေါက် ခံလိုက်ရသလို ထူပူသွားသည်။ ဒေါသတွေ ဆူဝေလာသည်။ သို့ရာတွင် မမက မျက်ရည် စက်လက်နှင့် ငိုချလိုက်သည့် အခါတွင်ကား ဦးသက်ထွန်းသည် စိတ်ထဲမှာ သနားသလို ဖြစ်သွားသည်။ ထိုနေ့က မမကို လှည့်မကြည့်ဘဲ တခြားကို ငေးစိုက် ကြည့်လာခဲ့ခြင်း ဖြစ်ပေသည်။

တကယ် ဆိုတော့ မမ၏ စကားလုံးများသည် အသည်းနှလုံးကို မီးစနှင့် ထိုးလိုက်သလို ပူလောင်လှသည်။

သွားပိုး စားထားသော သွားမှာ တစစ်စစ် ကိုက်သလို ခံစားရ၏။

“အလကား မိန်းမ၊ အကျင့်သိက္ခာ မရှိတဲ့ မိန်းမ၊ အသည်းနှလုံး မရှိတဲ့ မိန်းမ ဦးသက်ထွန်းသည် စိတ်ထဲမှ ရွတ်ဆိုနေမိသည်။ သွားပိုး စားထားသော သွားကို နုတ်ပစ်လိုက်သလို မမအား သူ့ အသိုင်းအဝိုင်းမှ ဖယ်ထုတ်ပစ်လိုက် ချင်သည်။ သည်အတိုင်းသာ ကြည့်နေလိုက်လျှင် ရွှံ့စက်များသည် သူ့ကိုပါ စဉ်ကုန်မည် စိုးရပေသည်။

ထို့ကြောင့် တူးတူးကိုပင် ထည့်မစဉ်းစားချင်တော့ဘဲ မမနှင့် ဘယ်နည်း ဘယ်ပုံ စာရင်း ရှင်းရ ကောင်းမလဲဟု တွေးနေမိသည်။ လင်ခန်း မယားခန်း ကွာရှင်း ပစ်လိုက်ရ ကောင်းမလားဟု စဉ်းစားမိသည်။

ထို့ကြောင့် ဦးသက်ထွန်းသည် သူလို ဂုဏ်ရည်တူထဲမှ လည်းကောင်း၊ သူ့ မိတ်ဆွေများထဲမှ လည်းကောင်း လင်ခန်း မယားခန်း ပြတ်စဲကြသူများ အကြောင်းကို စဉ်းစား ကြည့်မိလေသည်။

သို့ရာတွင် သူတို့ လင်ခန်း မယားခန်း ကွာရှင်းကြခြင်းမှာ မိန်းမ လော်လည် ဖောက်ပြား၍ မဟုတ်ဘဲ ယောက်ျားများက အငယ် အနှောင်း ယူ၍ ကွာရှင်းရခြင်း ဖြစ်ကြောင်း တွေ့ရသော အခါ မမထက် သူ့အဖို့က ပို၍ ရှက်စရာ ကောင်းနေသည်ကို တွေ့ရပြန်လေသည်။

လင်ခန်း မယားခန်း ပြတ်စဲကြလျှင် ကဲ့ရဲ့ သင်္ဂြိုဟ် စကားတင်း ဆိုစရာ အကွက်ကောင်း ပေးလိုက်သလို ဖြစ်နေမှာလည်း စိုးရိမ်ရသည်။ သူနှင့် ပြိုင်ဘက် အရာရှိကြီးများ အဖို့ တိုက်ကွင်း တိုက်ကွက် ဆင်ပေးလိုက်သလို ဖြစ်နေမည်ကိုလည်း စိုးရိမ်မိသည်။

ထိုမျှမက ကွာရှင်း ပြတ်စဲလိုက်ခြင်းအားဖြင့်လည်း သူ ချစ်သော ဇနီးကို ကိုသက်ဆွေ လက်ထဲသို့ ဝကွက် အပ်လိုက်ကာ အရှုံး ပေးသည်နှင့် တူနေမည် ကိုလည်း စိုးရိမ်ရသေးသည်။ မမ အဖို့ ကိုသက်ဆွေနှင့် ပလူးရန် ပို၍ အကွက်ကောင်း ရသွားအောင် ဖန်တီးပေးသလို ဖြစ်နေလိမ့်မည်လားဟုလည်း တွေးလိုက်မိသေးသည်။

ထို့ကြောင့် ဦးသက်ထွန်းသည် နောက်တစ်နည်းကို စဉ်းစားရပြန်သည်။ ယင်းမှာ တရားဝင် ကွာရှင်းခြင်း မဟုတ်ဘဲ ဂြိုဟ်ပြေနံပြေ သဘောဖြင့် ခေတ္တ ခဏ ခွဲခွာနေကြရန် ဖြစ်သည်။ သို့ရာတွင် ထိုနည်းသည်လည်း တရားဝင် ကွာရှင်းခြင်းလိုပင် ပတ်ဝန်းကျင်တွင် ပြောစရာ ဖြစ်နေဦးမည် ဖြစ်သည်။

ထိုမျှမက ကာမပိုင် ဖြစ်လျက်နှင့် ဇနီးသည် မမကို ကိုသက်ဆွေ ရင်ခွင်ထဲသို့ အရောက် ပို့ပေးသည်နှင့် ဘာမျှ ခြားမည် မဟုတ်၊ ပို၍ပင် ဆိုးသည်ဟု တွက်လိုက်မိပြန်သည်။

ဦးသက်ထွန်းသည် သူ့ ခံစားချက်များကို သူ ပြန်၍ တွေးကြည့်သည်။ မမကို သူ ကွာရှင်းနိုင်သလား။ မကွာနိုင်ပေ။ ခွဲနေနိုင်သလား ဆိုလျှင်လည်း မနေနိုင်ပေ။ ဤနည်းလမ်းများသည် အရှုံး ခံ၍ မမကို အနိုင် ပေးသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ အမှန်ကတော့ ဦးသက်ထွန်းသည် မမအား အနိုင် ယူကာ မမ ကျူးလွန်ခဲ့သော အပြစ် အတွက် မမအား အပြစ်ဒဏ် ပေးရန် ထို နည်းလမ်းများကို စဉ်းစားနေခြင်းသာ ဖြစ်သည်။

သို့ရာတွင် ထို နည်းလမ်းများ အားလုံးသည် လက်တွေ့တွင် မမအား အပြစ်ဒဏ် ပေးရာ မရောက်ဘဲ လွတ်လပ်ခွင့် ပေးရာ ရောက်နေသည်။

ထို့ကြောင့် တရားဝင် ကွာရှင်းခြင်းကို လည်းကောင်း၊ ခေတ္တ ခဏ ခွဲနေရန် ကိစ္စကို လည်းကောင်း လုံးဝ စွန့်လွှတ်လိုက်သည်။ မမအား သူ့ ပြစ်မှု အတွက် ပြစ်ဒဏ် ပေးရန်မှာ တစ်နည်းသာ ရှိလေသည်။ ယင်းမှာ မမအား ချစ်သည် ဖြစ်စေ၊ မချစ်သည် ဖြစ်စေ အကြင်လင်မယား အဖြစ် ဆက်လက် ပေါင်းသင်းနေကာ ကိုသက်ဆွေနှင့် အဆက် ပြတ်အောင် သစ်စိမ်းချိုး ချိုးရန် ဖြစ်သည်။ ကိုသက်ဆွေနှင့် မမတို့၏ အချစ်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ ဤ နည်းလမ်းသည် မမအား နောင်တ တရား ရလာကောင်း ရလာစေလိမ့် မည်ဟုလည်း တွေးမိသည်။

ဦးသက်ထွန်းသည် နာရီကို ငုံ့ကြည့်လိုက်သည်။ နှစ်နာရီ ခွဲနေပြီ ဖြစ် သဖြင့် အိမ်သို့ မပြန်တော့ဘဲ ရုံးမှ တောက်လျှောက် ဘူတာသို့ ဆင်းရန် စိတ်ကူးရကာ ရုံးစေ လုလင်အား အိမ်သို့ ပစ္စည်းများ အယူခိုင်းလိုက်သည်။

“ဪ ဟေ့ ခဏ နေဦး၊ ငါ စာ တစ်စောင် ရေးပေးလိုက်ဦးမယ်၊ ဒီ စာကို မမ ပေးခဲ့၊ ဟုတ်လား”

ဦးသက်ထွန်းသည် စားပွဲတွင် ထိုင်ကာ စာတစ်စောင် အင်္ဂလိပ်လို တောက်လျှောက် ရေးချနေသည်။ သူ့ စာမှာ မမထံသို့ ပေးရန် ဖြစ်သော်လည်း မမ နာမည် မတပ်ဘဲ ချန်ထားသည်။

မြင်းပွဲက ပြန်လာတဲ့ နေ့တုန်းက မော်တော်ကားပေါ်မှာ ကျုပ် ပြောခဲ့တဲ့ စကားတွေကို မှတ်မိလိမ့်မယ်လို့ ထင်တယ်။ အဲဒီတုန်းက မင်းတို့ ကိစ္စနှင့် ပတ်သက်လို့ ကျုပ် စဉ်းစားပြီးပြီ။ အဖြေကို မင်းကို ပြောပြမယ်လို့ ကျုပ် ပြောခဲ့ဖူးတယ်။ ခု စာဟာ ကျုပ်ရဲ့ အဖြေပဲ။

ကျုပ်တို့ နှစ်ယောက်ဟာ မိဘတွေ ပေးစားလို့ အကြင်လင်မယား ဖြစ် လာကြပေမဲ့ အိမ်ထောင်ရေး သက်တမ်း ခုနစ်နှစ်လောက် အတွင်းမှာ ကျုပ် တို့ရဲ့ အချစ်ဟာ လူငယ်ချင်း စုံမက်လို့ ရလာကြတဲ့ ဇနီးမောင်နှံတို့ရဲ့ အချစ် ထက်တောင် လျော့မယ် မထင်ဘူးလို့ ကျုပ် ထင်တယ်။ မင်းဘက်ကတော့ မသိဘူး၊ ကျုပ်ဘက်ကတော့ ဒီအတိုင်းပဲ။ ဒီတော့ အဆင်မပြေတဲ့ ကိစ္စ တစ်ခု ကြောင့် ဖြစ်စေ၊ လင်နှင့် မယား တစ်ယောက်ယောက်ဘက်က ဝတ္တရားပျက်တဲ့ အကြောင်းကြောင့် ဖြစ်စေ ကျုပ်တို့ အိမ်ထောင်ဟာ ပြိုကွဲ မသွားသင့်ဘူးလို့ ကျုပ် ယူဆတယ်။ ကျုပ် အဖို့ကတော့ မင်းဘက်က ဘယ်လောက် ဝတ္တရား ပျက်ပျက် ကျုပ်ဘက်က မပျက်အောင် စောင့်ထိန်းရမယ်လို့ ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့် ကျုပ်တို့ အိမ်ထောင်ရေးဟာ အရင်တုန်းကလိုပဲ ဥမကွဲ သိုက်မပျက် နေသွားတာ ကောင်းလိမ့်မယ်လို့ ထင်တယ်။ ဒါဟာ ကျုပ် အတွက်ရော မင်း အတွက်ရော တူးတူး အတွက်ရော သေရေးရှင်ရေးတမျှ အရေးကြီးတယ်။ မင်းလည်း မင်း အမှားကို မင်း အချိန်မီ ပြုပြင်နိုင်ပြီး အရင်ကလိုပဲ ကြင်ကြင် နာနာ ဆက်လက် နေသွားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလိုမှ မဟုတ်ဘဲ ခုအတိုင်း ဆက်သွားကြမယ် ဆိုရင်တော့ မင်းနှင့် မင်း သားလေး အဖို့ ရှေ့ လျှောက်ပြီး ဘယ်အခြေ ဆိုက်မယ် ဆိုတာကို မင်း လေးလေးနက်နက် တွေးဖို့ ကောင်းတယ်။

PS. ကျုပ်လည်း ဝန်ကြီးက ကြေးနန်းရိုက် ခေါ်လို့ နယ်ကို လိုက်သွား ရမယ်။ တစ်ပတ်လောက် ကြာမယ် ထင်တယ်။ ပြန်လာတော့မှ လူချင်း တွေ့ ပြီး အေးအေးဆေးဆေး ပြောပြဦးမယ်။

သက်ထွန်း

ဦးသက်ထွန်းသည် စာကို တစ်ခေါက် ဖတ်ပြီး ကျေနပ်သွားသည်။ သူ့ စာထဲတွင် ရုန့်ရင်း ကြမ်းတမ်းသည့် အသုံးအနှုန်းလည်း မပါ၊ ပုတ်ခတ် ပြစ်တင်သည့် အဓိပ္ပာယ်လည်း မရောက်၊ လိုက်လျော အရှုံး ပေးသည့် သဘောလည်း မပါရှိပေ။ မှန်တန်းပင် ဖြစ်သည်။

သူ့ ရင်ခွင်ထဲသို့ မမ ပြန်လည် ရောက်ရှိလာရေး အတွက် ခင်းပေးလိုက်သော ရွှေတံတား ငွေတံတား ဖြစ်သည်။

မမသည် လက်ရေးကို မြင်လိုက်သည်နှင့် ဦးသက်ထွန်းထံမှ စာ ဖြစ်မှန်း ချက်ချင်း သိလိုက်သည်။ သို့ရာတွင် ဘာမျှ တုန်လှုပ်ခြင်း မရှိတော့ပေ။ ဖြစ်သမျှကို အေးဆေးစွာ ရင်ဆိုင်ရန် ပြင်ဆင်ပြီး ဖြစ်ပေသည်။

အစေခံများက ဦးသက်ထွန်း အတွက် အိပ်ရာလိပ်နှင့် ပစ္စည်းများကို ထုပ်ပိုး ပြင်ဆင်နေကြသည်။ မမသည် သူနှင့် ဘာမျှ မဆိုင်သလို နေလိုက်ပြီး စာကိုသာ ဖွင့်၍ ဖတ်လိုက်သည်။ လက်ဖျားများ မသိမသာ တုန်ယင်နေသည်ကို သတိ ထားလိုက်မိသည်။ မမသည် စာကို ဆုံးအောင် ဖတ်ပြီးနောက် တစ်ခေါက် ပြန်ဖတ်ပြန်သည်။ စာကို ဖတ်ပြီးနောက် မမ၏ တစ်ကိုယ်လုံးသည် အေးစက်သွားသည်ဟု ထင်လိုက်ရသည်။

ဦးသက်ထွန်း၏ စာမှာ မျှော်လင့်ထားသော ဆူသံ၊ ပူသံ၊ ပုတ်ခတ် ပြစ်တင်သံ၊ ကွာရှင်း ပြတ်စဲလိုသံတို့ တစ်လုံးမျှ မပါဘဲ အေးဆေး တည်ငြိမ်ခြင်းကို တွေ့ရသော အခါ အကြီးအကျယ် အံ့အားသင့်သွားမိသည်။

သည်စာအတိုင်း ဆိုလျှင်တော့ ဦးသက်ထွန်းသည် သဘောထား ကြီးသူ၊ ခွင့်လွှတ်တတ်သူဟု ထင်စရာပင် ဖြစ်သည်။ သို့ရာတွင် မမကတော့ ဦးသက်ထွန်း၏ အကြောင်းကို နောကျေနေအောင် သိပြီး ဖြစ်သည်။ ဦးသက်ထွန်း သည် အိမ်ထောင်သက် ခုနစ်နှစ် ကာလတွင် သူ့ ဘဝကို ခြေမွ ဖျက်ဆီးခဲ့သူ ဟု မမ ထင်သည်။ ဦးသက်ထွန်းသည် မမ၏ အသည်းနှလုံးကို ဓားပြ တိုက်ကာ အဆီ အသားကို ဝါးမျိုခဲ့သူ ဖြစ်သည်။ မမသည် သားလေး တူးတူးကို မွေးပြီး သည့် နောက်တွင် သံယောဇဉ် အမျှင်တန်းပြီး ဖြစ်နေ၍ ဦးသက်ထွန်းကို ချစ်ရန် အားတင်း ကြည့်ခဲ့ဖူးသည်။ သို့ရာတွင် မရခဲ့ချေတကား။ ထို့ကြောင့် မမ သည် ကိုသက်ဆွေအား သူ့ အသည်းနှလုံးကို ပုံအပ်ခဲ့ခြင်း ဖြစ်သည်။ သည့်အတွက်ကြောင့် ဦးသက်ထွန်းသည် မမအား ဖောက်ပြားသော မိန်းမ၊ အကျင့် စာရိတ္တ ပျက်သော မိန်းမဟု ရင့်ရင့်သီးသီး စွပ်စွဲကာ ပြတ်ပြတ်တောင်းတောင်း လုပ်လိုက်စေချင်သည်။ ဦးသက်ထွန်းက သည်လို ခပ်ပြတ်ပြတ် လုပ်လိုက်ခြင်းဖြင့် သူ့ အဖို့ ချက်ကောင်းရကာ ကိုသက်ဆွေနှင့် လွတ်လွတ်လပ်လပ် နေနိုင်မည်ဟု တွက်ဆ ထားခဲ့သည်။ ယခုတော့ သည်လို မဟုတ်ဘဲ ဦးသက်ထွန်းက သဘောထား ကြီးဟန် ပြကာ မမအား အနုနည်းဖြင့် ဖမ်းချုပ် ထား လိုက်သည်။ သူ့ကို သဘောထားကြီးသူဟု အထင်ရောက်စေကာ မမအား လော်လည် ဖောက်ပြားသည့် မိန်းမဟု စကားတင်း ဆိုကြစေရန် လုပ်လိုက် ခြင်း ဖြစ်သည်ဟု ထင်မိသည်။ သည်စာသည် သူ့အား အလိမ္မာကလေးနှင့် သတ်လိုက်ခြင်း ဖြစ်သည်ဟု မမ ထင်လေသည်။

“ခုအတိုင်း ဆက်နေသွားကြမယ် ဆိုရင်တော့ မင်းနှင့် မင်း သားလေး ဘယ် အခြေ ဆိုက်မယ် ဆိုတာ မင်း လေးလေးနက်နက် တွေးဖို့ ကောင်းတယ်”

သည်စာပိုဒ်မှာ တူးတူးလေးကို မအေနှင့် ခွဲထားမည်ဟု ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်။ မမသည် သူ့ သားနှင့် မခွဲနိုင်ကြောင်းကို ဦးသက်ထွန်း ကောင်းကောင်း သိသည်။ ထို့ကြောင့် ထိုစကားလုံးများဖြင့် ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု မမ ယူဆမိသည်။ သို့မဟုတ်ဘဲ မမသည် သူ့ အချစ်ဆုံးသော သားကို စွန့်၍ ကိုသက်ဆွေ နောက်သို့ လိုက်သွားလျှင်လည်း မမအား အရက် စက်ဆုံးသော မိန်းမ၊ အမိုက်မဲဆုံးသော မိန်းမ တစ်ယောက် အဖြစ် လက်ညှိုး ငေါက်ငေါက် ထိုး၍ ပြနိုင်ရန် အတွက် ဆင်ထားလေသလားဟု တွေးမိပြန် သည်။

“မင်းလည်း မင်း အမှားကို ပြုပြင်ပြီး အရင်တုန်းကလို ကြင်ကြင်နာနာနှင့် ဆက်နေသွားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”

မမသည် စာ တစ်နေရာကို ဖတ်၍ တွေးနေမိပြန်သည်။ သူတို့၏ အိမ် ထောင်ရေးတွင် ဘယ်အခါက ကြင်ကြင်နာနာ ရှိခဲ့ဖူးပါသနည်း။ သူတို့၏ အိမ်ထောင်သည် တကယ်တော့ ပစ္စည်း ဥစ္စာ ချမ်းသာသော်လည်း အချစ် ခေါင်းပါးသော အိမ်ထောင်ရေးသာ ဖြစ်၏။

ဦးသက်ထွန်းသည် အနုနည်းဖြင့် နှိပ်စက်သည့် အရာတွင် တစ်ဖက် ကမ်းခပ်သူ ဖြစ်ကြောင်းကို မမ သိ၏။ ယခုကဲ့သို့ ခွင့်လွှတ်ဟန် ဆောင်ခြင်းသည် သူ့အား အသည်း ကွဲအောင် အနုနည်းဖြင့် နှိပ်စက်ရန် နိဒါန်း ပျိုးခြင်းသာ ဖြစ်ပေသည်။ သူ့အား စိတ်ဆင်းရဲအောင် နှိပ်စက်မည့် ဦးသက်ထွန်းအား ဘာကြောင့် စိတ်ချမ်းသာအောင် လုပ်ရမည်နည်း။ ဦးသက်ထွန်း ပစ်လိုက်သော ကွန်ထဲတွင် ဘာကြောင့် လည်စင်း၍ ဝင်ရမည်နည်း။

မမသည် စာ ပြန်ရေးရန် စာရေး စားပွဲတွင် ထိုင်လိုက်သည်။ အစေခံ များက ဦးသက်ထွန်း ပစ္စည်းများကို ထုပ်ပိုး ပြင်ဆင်ပြီး ဖြစ်၍ ရုံးစေ လုလင် ကလည်း မမထံမှ ပြန်စာကို စောင့်လျက် ရှိသည်။ သို့ရာတွင် မမသည် ဘာကို ရေးရမည် မသိဘဲ ငိုင်နေမိသည်။ မျက်ရည်များသည် တတွေတွေ စီးကျလာ ကြသည်။ ဦးသက်ထွန်း စာ အတိုင်း အရင်ကလို ပြန်၍ နေကြမည် ဆိုလျှင် အရင်ကထက် ပို၍ စိတ်ဆင်းရဲရတော့မည် ဖြစ်ကြောင်းကို မမ တွေးမိပြီး ဖြစ်သည်။

မမသည် ဦးသက်ထွန်းအား .. ပြတ်ပြတ်တောင်းတောင်း ရေးလိုက်ရန် ကြိုးစားကြည့်သည်။ သို့ရာတွင် မမသည် တကယ်တော့ သည်လောက် သတ္တိ ကောင်းသူ မဟုတ်ပေ။ ချစ်သူ အတွက် လင်နှင့် သားကို စွန့်ခွာ ထွက်ပြေးသော မိန်းမပျက် ဆိုသည့် ရှက်စရာ နာမည်ဆိုးကြီးကို မခံယူရဲပေ။ ထို့ကြောင့် မမသည် ဘယ်က စ၍ ဘာကို ရေးရမည် မသိဘဲ ငိုင်နေမိသည်။

“ရထားချိန် နီးနေပါပြီ မမ၊ မင်းကြီး စောင့်နေပါလိမ့်မယ်”

ရုံးစေ လုလင်က နံရံမှ နာရီကို မော့ကြည့်၍ မရဲတရဲ ပြောလိုက်သည်။

“ခဏ နေဦး၊ ရေးပြီးတော့ ခေါ်လိုက်မယ်”

မမက ရုံးစေ လုလင်ကို ပြောကာ ဖောင်တိန်ကို ကောက်ကိုင်လိုက် သည်။ သို့ရာတွင် သူ တစ်ယောက်တည်း ဘာကို ရေးရမည် မသိပေ။ ထို့ ကြောင့် ကိုသက်ဆွေနှင့် တိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မမသည် ပြန်စာကို ရေးချလိုက်သည်။

ကိုကို ပေးသောစာကို ရပါသည်။ မမ။

စာမှာ ဤမျှသာ ဖြစ်သည်။ မမသည် စာကို စာအိတ်ထဲတွင် ပိတ်၍ ပေးလိုက်ပြီး စာတစ်စောင်ကို ဆက်ရေးနေသည်။

မောင်

မောင့်ကို မမ သိပ် အရေးတကြီး တွေ့ချင်တယ်။ ညနေ ဂလုပ်ရုံမှာ ၆း၃ဝ ပွဲမှာ လက်မှတ် ဝယ်ထားပါ။ မမ ခြောက်နာရီ ဆယ့်ငါးမိနစ် အရောက် လာခဲ့မယ်။

မမ

အချိန် စောသေးသဖြင့် ကိုသက်ဆွေသည် ကားကို ခပ်ဖြည်းဖြည်း မောင်းလာ ခဲ့သည်။ ကားမောင်း လာရင်းလည်း ကိုသက်ဆွေသည် သူနှင့် မမတို့ ကိစ္စကို စဉ်းစားလာသည်။ သူ့ အဖို့မူ သည်ပြဿနာမှာ ရှင်းနေသော ပြဿနာ ဖြစ်သည်။ သူသည် မမကို အသည်းနင့်အောင် ချစ်သည်။ မမသည် လင်နှင့် သားကို လည်းကောင်း၊ ဂုဏ်ပုဒ်ကို လည်းကောင်း နည်းနည်းမျှ ငဲ့ကွက်ခြင်း မရှိဘဲ အစွန့်စားကြီး စွန့်စားကာ သူ့ အချစ်ကို လက်ခံခဲ့သည်။ သည်အချက်နှင့်ပင်လျှင် မမ၏ အချစ်သည် တန်ဖိုး မဖြတ်နိုင်အောင် ကြီးမားလှသည်ဟု သူ ထင်မိသည်။

ဘေးပတ်ဝန်းကျင်နှင့် ပတ်သက်၍လည်း ကိုသက်ဆွေ၏ သဘောထားမှာ ပြတ်သားလှသည်။ ဘေးပတ်ဝန်းကျင်သည် သူနှင့် မမ ကိစ္စကို သိသော်လည်း ပြောင်ပြောင်တင်းတင်း ပြောရဲကြမည် မဟုတ်ဟု တွက်ဆထားသည်။ အကယ်၍ ပြောလာကြလျှင်လည်း သူတို့ ပါးစပ်များကို ပိတ်အောင် လုပ်ရန် အသင့် ရှိသည်။

ဦးသက်ထွန်းနှင့် ပတ်သက်လာလျှင်မူကား ကိုသက်ဆွေ သဘောမှာ ပို ၍ပင် ပြတ်သားလှသည်။ သူနှင့် မမ ချစ်ခဲ့ကြပြီးသည့် အချိန်မှ စ၍ ဦးသက်ထွန်းအား ဘာမျှ မဆိုင်တော့သော အပြင်လူ တစ်ယောက်ဟု ယူဆထားခဲ့သည်။

ဦးသက်ထွန်းသည် သူတို့ ကိစ္စနှင့် ပတ်သက်၍ ဘာမျှ ပြောဆိုပိုင်ခွင့် မရှိတော့သူဟုသာ ယူဆခဲ့သည်။ မကျေနပ်လျှင် ဦးသက်ထွန်း အဖို့ ကြိုက်သည့် နည်းဖြင့် စာရင်း ရှင်းရုံသာ ရှိတော့သည်။ ကိုသက်ဆွေကလည်း အချိန် မရွေး စာရင်းရှင်းရန် အဆင်သင့် ရှိပေသည်။

သို့ရာတွင် ကိုသက်ဆွေ အဖို့ အခက်အခဲကြီး တစ်ခု ရှိနေသည်။ ယင်းမှာ သူ့ ကိုယ်ရေးကိုယ်တာ ပြဿနာပင် ဖြစ်သည်။ မမနှင့် တွေ့ကြ၊ ဆုံကြ၊ ချစ်တင်းဆိုကြတုန်းကတော့ ကိုသက်ဆွေသည် ဘာကိုမျှ မတွေးခဲ့ဘဲ အပျော်ကြီး ပျော်ခဲ့သည်။ သို့ရာတွင် မမတွင် ကိုယ်လေးလက်ဝန် ရှိလာပြီဟု ဖွင့်ပြောလိုက်သောအခါ၌ကား သူနှင့် မမတို့သည် သည်လို နေလို့ မဖြစ်ကြတော့ဘဲ တစ်ခုခု လုပ်မှ ဖြစ်တော့မည်ဟု သဘော ပေါက်လာခဲ့သည်။ ထို့ကြောင့် ဦး သက်ထွန်းအား စွန့်ခွာကာ သူ့နောက်သို့ လိုက်ရန် ပြောခဲ့သည်။ သည်စကားကို ကိုသက်ဆွေသည် ရုတ်တရက် ပြောခဲ့ခြင်း ဖြစ်၍ သေသေချာချာ စဉ်းစား သောအခါ မမ အဖို့သာမက သူ့ အဖို့ပါ မလွယ်ကူကြောင်းကို သိမြင်လာခဲ့ ပေသည်။ ယင်းမှာ ကိုသက်ဆွေ၏ ကိုယ်ရေးကိုယ်တာ အခက်အခဲ ဖြစ်၏။

တကယ်တော့ မမနှင့် သူ အတူတကွ နေရေးအတွက် သူ့တွင် အဆင်သင့် မဖြစ်သေးပေ။ ကိုသက်ဆွေသည် ရာထူးကြီး ရာခံကြီးကို ရောက်ရမည် ဟု အားခဲထားသူ ဖြစ်သည်။ မမနှင့် တွေ့စ ချစ်စ ကြင်နာခါစတုန်းကတော့ မန္တလေး တက္ကသိုလ်က ပါမောက္ခ ရာထူး တစ်ခုကိုပင် စွန့်ပယ်ခဲ့သည်။ သို့ရာတွင် သူ့လောက်မှပင် ဒီဂရီ အရည်အချင်း မရှိသူများက ပါမောက္ခများ တက်ဖြစ်နေသော အခါတွင် ကိုသက်ဆွေ ရင်ထဲတွင် ကိန်းဝပ်နေသော အငုတ်ကလေး သည် ပြန်ပေါ်လာသည်။ ထို့ကြောင့် မမနှင့် အတူ နေရေး ကိစ္စကို ရွှေ့ဆိုင်း ထားလိုက်ရမလားဟု စဉ်းစားလာခဲ့မိသည်။

ဂလုပ်ရုံ ရောက်သော အခါ မမကို အဆင်သင့် တွေ့ရသည်။ သူတို့ နှစ်ယောက်သည် ရုံထဲသို့ ဝင်လာခဲ့ကြသည်။ တစ်နေရာတွင် ထိုင်မိကြတော့မှ မမက ကိုသက်ဆွေ၏ လက်များကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်ရင်း…

“အရေးတကြီး ချိန်းလိုက်လို့ မမကို စိတ်မဆိုးနှင့်နော် မောင်၊ မောင့်ကို ပြောစရာတွေ ရှိလို့”

“အို ဘာလို့ စိတ်ဆိုးရမှာလဲ၊ ဒါထက် နေပါဦး၊ မမ အိမ်က ကားနှင့် လာတာလား၊ ဘယ်က လာတာလဲ”

“ဒါက အရေးမကြီးပါဘူး မောင်ရယ်၊ အသာ ထားစမ်းပါ၊ အရေးကြီး တာက…”

ကိုသက်ဆွေက မမ စကား မဆုံးခင် မမ၏ ပါးကို ရှုပ်ခနဲ နမ်းလိုက်သည်။

“ဒါတွေ အသာ ထားစမ်းပါဦး မောင်ရဲ့၊ မမ ပြောတာ နားထောင်စမ်းပါဦး၊ မမနှင့် မောင်တို့ ကိစ္စကို သူ့ကို ဖွင့်ပြောလိုက်ပြီးပြီ၊ သူ့ကို ကွာရှင်း ပေးပါလို့လည်း ပြောလိုက်ပြီ၊ အို သူ့ကို အကုန် ဖွင့်ပြောလိုက်ပြီးပြီ”

“ဟင် ဖွင့်ပြောလိုက်ပြီးပြီ ဟုတ်လား’

မမက ခေါင်းညိတ်၍ ပြလိုက်ပြီး ကိုသက်ဆွေကို အကဲခတ်နေသည်။ မမ အထင်တွင် သည်စကားကို ပြောလိုက်လျှင် ကိုသက်ဆွေ ဝမ်းသာအယ်လဲဖြင့် သူ့နောက်သို့ အပါ ခေါ်လိမ့်မည်ဟု ထင်ခဲ့သည်။ ကိုသက်ဆွေ ခေါ်လျှင် မမလည်း လင်နှင့် သားကို စွန့်၍ လိုက်ရန် အဆင်သင့် ဖြစ်နေသည်။ သို့ရာ တွင် ကိုသက်ဆွေကို ကြည့်ရသည်မှာ အားတက်သရော မရှိလှဘဲ အေးတိ အေးစက် လုပ်နေသည်ကို မြင်ရသော အခါ မမသည် ဝမ်းနည်း၍ လာလေသည်။ သူ ထင်တာနှင့် တလွဲစီ ဖြစ်နေသည်ကို တွေ့ရသော အခါ ရင်ထဲမှာ လှိုက်လာ၏။

‘ဒီမှာ သူ့စာ’

မမက လက် အိတ်ထဲမှ ဦးသက်ထွန်း ပေးသော စာကို ထုတ်၍ ပြ သည်။

“မောင် နားလည်ပါတယ် မမရယ်”

ကိုသက်ဆွေက စာကို ယူပြီး မဖတ်သေးဘဲ လက်ထဲတွင် ကိုင်၍ ငိုင် နေသည်။

“သူ့ စာကို သေသေချာချာ ဖတ်ကြည့်ပါဦး”

မမက နောက်တစ်ခါ တိုက်တွန်းတော့မှ ကိုသက်ဆွေသည် စာကို ဖွင့်၍ ဖတ်နေသည်။ စာအတိုင်း ဆိုလျှင် ကိုသက်ဆွေနှင့် မမတို့သည် ဝေးကြဖို့သာ ရှိတော့သည်။ သည်လို ဝေးကြရတော့မည် ဆိုလျှင် ကိုသက်ဆွေ ရင်ထဲမှာ နာလာပြန်သည်။ ကိုသက်ဆွေသည် ကိုယ်ရေးကိုယ်တာကို မစဉ်းစားနိုင်တော့ဘဲ ရင်ထဲတွင် ဆူဝေလာပြန်သည်။

“ဒီလိုတော့ ဘယ်ဖြစ်မလဲ မမရဲ့”

“အဲဒါပေါ့၊ ဒီစာ အတွက် တိုင်ပင်ရအောင် မောင့်ကို ခေါ်တာ၊ ဘယ့်နှယ် လုပ်ကြမလဲ”

မမက သက်ပြင်း ချလိုက်သည်။

‘ဟုတ်ပါတယ် မမရယ်၊ ဘာပဲဖြစ်ဖြစ် အတူတူ နေရအောင် ထွက်သာ ပြေးကြပါစို့၊ ကြာကြာ ဆိုင်းမနေပါနှင့်တော့”

“အတူတူ နေတာတော့ ဟုတ်ပါပြီ၊ သားသား အတွက်ကကော၊ သူ့ စာ အတိုင်း ဆိုရင် သားသားကို ထားပစ်ခဲ့ရမယ့် ပုံပဲ၊ သားသားကိုတော့ မခွဲပါရ စေနှင့် မောင်ရယ်”

ကိုသက်ဆွေသည် မမ မျက်နှာကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။

“ဒီမှာ မမ၊ မမမှာ လမ်းနှစ်လမ်းပဲ ရှိတယ်၊ တစ်လမ်းက သားသားကို ရော သူ့ကိုရော စွန့်ပစ်ခဲ့မလား၊ ဒါမှမဟုတ် သားကို မခွဲနိုင်တာနှင့် ခုလိုပဲ ကြိတ်မှိတ်ပြီး အနစ်မွန်း ခံတော့မလား၊ ဒါပဲ ရှိတော့တယ်”

“ဘယ်သူ နစ်မွန်းမှာလဲ မောင်”

“အကုန်လုံး နစ်မွန်းမှာပဲ၊ အထူးသဖြင့် မမ အဖို့ ပိုဆိုးတယ်”

“နစ်မွန်းတယ်လို့တော့ မပြောပါနှင့် မောင်ရယ်၊ မောင်နှင့် ချစ်ခဲ့တဲ့ နေ့ က စပြီး မမရဲ့ ဘဝဟာ ပြောင်းလဲခဲ့ပါပြီ၊ မမ အဖို့ လောကကြီးမှာ တစ်ခုပဲ ရှိပါတယ်၊ ဒါဟာ မောင့်ရဲ့ အချစ်ပါပဲ၊ ရှက်တာတွေ ကြောက်တာတွေ လူတွေက ပြောကြမှာတွေကို မမ ဘာမှ ဂရုမစိုက်တော့ပါဘူး မောင်၊ အချစ် တစ်ခုပဲ ရှိပါတယ်”

မမသည် မျက်ရည်တွေ စီးကျလာရာက အသံ တုန်တုန်ဖြင့် ပြောလိုက် သည်။ ကိုသက်ဆွေ ကိုယ်တိုင်လည်း ငိုချင်လာသည်။ လင်နှင့် သားက တစ်ဖက်၊ ချစ်သူက တစ်ဖက် ဘက်နှစ်ဖက် ကြားတွင် ဗျာများနေသော မမကို ကြည့်၍ သနားလာသည်။ ခုလို အခြေကို ရောက်ရခြင်းမှာ သူ့ကြောင့်ဟု နောင်တ ရလာသည်။

“သားသားကို ခေါ်ခဲ့လို့ ဖြစ်ရင်လည်း ကောင်းမှာပဲ”

ကိုသက်ဆွေက ညည်းသလို ပြောလိုက်သည်။

“သားသားပါ ခေါ်လို့ ဖြစ်ရင်တော့ အကောင်းဆုံးပေါ့ မောင်၊ ဒါပေမဲ့ သူက ပါးတယ်၊ ထည့်မှာ မဟုတ်ဘူး၊ ခု သူ အညာကို သွားတယ်၊ စနေနေ့ လောက် ပြန်ရောက်လိမ့်မယ်”

“ဒါဖြင့် စနေနေ့ မတိုင်ခင် မမလည်း စဉ်းစားပါဦး၊ မောင်လည်း စဉ်းစား ထားမယ်၊ ဟုတ်လား”

ကိုသက်ဆွေနှင့် မမသည် ဘိုင်စကုတ် မပြီးခင် ထလာခဲ့သည်။ ကိုသက်ဆွေသည် မမကို ဒေါ်မြမြမေတို့ အိမ်သို့ လိုက်ပို့ခဲ့ပြီး နှုတ်ဆက်၍ ထွက်လာ ခဲ့လေသည်။

မန္တလေး ရထား ဆိုက်ပြီး၍ ဦးသက်ထွန်း အိမ်ပြန်ရောက်လာသည့် အခါတွင်မူ မမမှာ အိမ်ပေါ်တွင် ရှိနေသေးသည်။ ဦးသက်ထွန်းသည် သူ ရောက် လာကြောင်းကို အစေခံမလေး တစ်ယောက်အား အပြော ခိုင်းလိုက်သည်။ သို့ရာတွင် မမမှာ တော်တော်နှင့် ဆင်းမလာပေ။ မမသည် အစေခံမလေး လာ၍ မပြောမီ ကတည်းက ဦးသက်ထွန်း အသံကို ကြားကာ ပြန်ရောက်လာကြောင်းကို သိပြီး ဖြစ်သည်။ ဦးသက်ထွန်းသည် သူ့ကို လာ၍ နှုတ်ဆက်လိမ့်မည်ဟု ယူဆထားသည်။ သို့ရာတွင် တစ်နာရီခန့် ကြာသည့်တိုင် ဦးသက်ထွန်းမှာ မပေါ် လာသေးပေ။ မမသည် ကြာရှည် သည်းမခံနိုင်တော့ဘဲ အောက်ထပ် ထမင်းစားခန်းထဲသို့ ဆင်းလာကာ ဦးသက်ထွန်း ကြားလောက်အောင် အသံကို မြှင့်၍ အစေခံမလေးများအား အမိန့်ပေးနေသည်။ သူ့ အသံ ကြားလျှင် ဦးသက်ထွန်းသည် ထမင်းစားခန်းထဲသို့ ဝင်လာလိမ့်မည်ဟု ယူဆထားသည်။ သို့ရာတွင် ဦးသက်ထွန်းမှာ မထွက်လာဘဲ စာကြည့်ခန်းထဲမှာပင် ရှိနေသည်။ တော်တော်နှင့် မပေါ်လာသော အခါတွင်မူကား မမမှာ နောက်ထပ် သည်းမခံနိုင်တော့ပေ။ စာထဲတွင် ပါသည့် ကိစ္စကို ဦးသက်ထွန်းနှင့် လူချင်း တွေ့ဆုံ၍ ရှင်းလိုစိတ်မှာ ပြင်းပြလာသည်။ သူ့ သဘောထားကို ပွင့်ပွင့်လင်း လင်း သိလိုလာသည်။

ထို့ကြောင့် မမသည် ဦးသက်ထွန်း အလာကို မစောင့်နိုင်တော့ဘဲ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ ဦးသက်ထွန်းမှာ သက္ကလတ် အပေါ် အင်္ကျီကိုပင် မချွတ်သေးဘဲ ကုလားထိုင်တွင် ထိုင်နေသည်။

ခြေသံ ကြားတော့မှ ဦးသက်ထွန်းက မမကို လှည့်ကြည့်လိုက်သည်။ သို့ရာတွင် ချက်ချင်း မျက်လုံးများကို ပြန်၍ ရုပ်သိမ်းလိုက်ပြီး

“တူးတူးရော ကျောင်းသွားပြီလား”

“သွားပြီ”

မမက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ဒီနေ့ ကိုကို အိမ်မှာ မနက်စာ မစားတော့ဘူး၊ အစည်းအဝေး တက်စရာ ရှိတယ်”

ဦးသက်ထွန်းက စာအိတ် ဖောက်သည့် ဆင်စွယ်ပြားကလေးကို ပွတ်ရင်း ပြောလိုက်သည်။

“မမလည်း စိတ်ပြေလက်ပျောက် မန္တလေး မောင်မောင်လတ်တို့ဆီ ခဏ သွားနေမလို့ စိတ်ကူးထားတယ်”

ဦးသက်ထွန်းသည် ဘာမျှ မပြောဘဲ မမကို တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။ နောက် ခေါင်းငိုက်စိုက် ချကာ တွေးနေသည်။

“ကိုကို”

မမက အနားသို့ လာရပ်၍ ခေါ်လိုက်သည်။ ဦးသက်ထွန်းသည် မမကို ပြန်၍ မထူးဘဲ မော့ကြည့်လိုက်သည်။

“မမဟာ မယား ဝတ္တရား ကျေပွန်တဲ့ မိန်းမ တစ်ယောက် မဟုတ်တော့ဘူး ကိုကို၊ သစ္စာမဲ့တဲ့ မိန်းမ အကျင့်ပျက်တဲ့ မိန်းမ ဖြစ်နေပြီ၊ ကိုကို့ကို ပြောတဲ့ အတိုင်း မမဟာ မမ ဆုံးဖြတ်ချက်ကို မပြောင်းနိုင်တော့ဘူး၊ အရင်လို ပြန်နေဖို့ ဆိုတာ မဖြစ်တော့ဘူး၊ အဲဒါ ကိုကို့ကို လာပြောတာ”

“မင်းကို ကျုပ်က ဘာမေးလို့ ဒီကိစ္စနှင့် ပတ်သက်ပြီး ပြောရတာလဲ”

ဦးသက်ထွန်းက လှမ်းပြောလိုက်သည်။ သူ့ အသံမှာ ဒေါသသံ ပါနေ သည်။

“မမေးပေမဲ့ ပြောစရာ ရှိတာကို ပြောပစ်လိုက်ကြတာ ကောင်းတယ် ကိုကို၊ ပြောစရာတွေ ရင်ထဲမှာ အပြည့် ရှိကြရက်သားနှင့် ဘာမှ မဖြစ်သလို ဟန်ဆောင်နေကြရင် အားလုံး ပေါက်ကွဲကုန်ကြလိမ့်မယ်”

“ကျုပ် စာထဲမှာ ကျုပ် သဘောထားကို ပွင့်ပွင့်လင်းလင်း ရေးခဲ့ပြီ မဟုတ်လား၊ မင်း စိတ်ထဲမှာ ပြောစရာတွေ ဘယ်လို ပြည့်သိပ်နေတယ် ဆိုတာကို ကျုပ် မသိဘူး၊ သိဖို့လည်း မလိုဘူး၊ ကျုပ်ဘက်ကတော့ လင်တစ်ယောက် အနေနှင့် ပြောသင့်တာတွေ အားလုံးကို ပြောပြီးပြီ၊ ဒါတွေ ကျုပ် ဘာမှ မသိချင်ဘူး၊ တစ်ခုတော့ ရှိတယ်၊ ကျုပ်ရဲ့ ဂုဏ်ကို အကြီးအကျယ် ထိခိုက်အောင် ထပ်လုပ်လာရင်တော့ တစ်မျိုး စဉ်းစားရလိမ့်မယ်၊ ခု အထိတော့ ကျုပ် စာထဲမှာ ပါတဲ့ အတိုင်း အရင်ကလိုပဲ ဣန္ဒြေမပျက် ဆက်နေကြမယ်၊ ဒါ ကျုပ် သဘောထားပဲ”

“ဒါပေမဲ့ မမနှင့် သူ့ အခြေအနေက ဒီအတိုင်း ရပ်နေမှာ မဟုတ်ဘူး၊ တစ်နေ့မှာ..”

“တော် တော် မကြားချင်ဘူး၊ မောမောပန်းပန်းနှင့် ပြန်လာတဲ့ ယောက်ျား တစ်ယောက်ကို ရင်ဝ ဆီးကန်သလို လုပ်တဲ့ မိန်းမဟာ လောကမှာ မင်း တစ်ယောက်ပဲ ရှိမယ် ထင်တယ်၊ ထွီ”

ဦးသက်ထွန်းက အော်ဟစ်လိုက်သည်။ မမပင်လျှင် သူ့ အော်သံကြောင့် လန့်ဖျပ်သွားသည်။

“အို မမနှင့် ရှင်နှင့်…”

မမသည် စကားကို ဆုံးအောင် မပြောနိုင်ဘဲ ဆိုဖာပေါ်တွင် ပစ်ထိုင်ကာ ရှိုက်၍ ရှိုက်၍ ငိုချလိုက်မိသည်။ ဦးသက်ထွန်းက မရယ်ချင့် ရယ်ချင်နှင့် လှောင်ရယ် ရယ်လိုက်ပြီး…

“မင်း စိတ် သဘောထားနှင့် မင်း လုပ်ပုံတွေကတော့ လိုက်လည်း လိုက် ပါတယ် ဟင်း ဟင်း၊ မင်းကို အင်မတန် အေးတဲ့ မိန်းမတစ်ယောက်၊ တည် ကြည်တဲ့ မိန်းမ တစ်ယောက်၊ ရိုးသားတဲ့ မိန်းမ တစ်ယောက်လို့ ငါ အထင်ကြီးခဲ့တယ်၊ လေးစားခဲ့တယ်၊ ဟင်း ခုတော့ ယောက်မ မြင်းစီး ထွက်လာတယ်၊ မင်းကို အရင်က အထင် ကြီးခဲ့သလောက် ခု မင်းကို ငါ သိပ် အထင် သေးတယ်”

မမသည် ဘာမျှ မပြောဘဲ ရှိုက်၍ ငိုနေသည်။

“ကျုပ် အပေါ်မှာ မင်း ရက်စက်တာကို ကျုပ် အပြစ် မတင်ပါဘူး၊ ဒါ ပေမဲ့ ဘာမှ အပြစ် မရှိတဲ့ ကလေးကို ရက်စက်တာကတော့ ကျုပ် အံ့ဩလို့ မဆုံးဘူး၊ ဒီကလေးဟာ သစ္စာ မဲ့တဲ့ အမေရဲ့ ကလေး ဆိုတဲ့ နာမည်ဆိုးကြီးကို မင်း အမွေ ပေးခဲ့တာတော့ ကျုပ် တွေးတိုင်း အသည်း နာတယ်”

ဦးသက်ထွန်းသည် မမ၏ ပျော့ကွက်ကို ကောင်းကောင်း မြင်သူ ဖြစ်သည်။ ထို့ကြောင့် သည်ပျော့ကွက်ကို ဖိ၍ နင်းလိုက်သည်။ မမသည် သားအတွက် ဆိုတော့ သံတွေခဲ မျိုးလိုက်ရသလို ရင်ထဲမှာ ပူလောင်၍ လာ၏။

“ဒါဖြင့် မမ ဘာလုပ်ရမလဲ ကိုကို၊ ကိုကို လုပ်စေချင်တာကို ပြောပါ”

ဦးသက်ထွန်းက လက်ကာ ပြလိုက်ပြီး…

“အို အို ကျုပ် လုပ်စေချင်တာကို မလုပ်ပါနှင့်၊ မမ လုပ်သင့်တာကိုသာ လုပ်ပါ၊ မမ လုပ်သင့်တာက ဘာလဲ ဆိုတာကတော့ ရှင်းရှင်းကလေးပဲ၊ နောက်ကို ဒီလိုလူနှင့် ဒီနေရာမှာ မတွေ့ပါနှင့်၊ ဒီနေရာတင် မကဘူး ဘယ်နေရာ ဘယ်အချိန်မှာမှ ဒီလူနှင့် မတွေ့ပါနှင့်၊ ဒါဟာ မယား တစ်ယောက် အနေနှင့် မမ လုပ်သင့်တဲ့ ကိစ္စပဲ၊ လင် တစ်ယောက် အနေနှင့် ကျုပ် တောင်းဆိုချင်တဲ့ အချက်ပဲ၊ လင် တစ်ယောက် အနေနှင့် ကျုပ်ရဲ့ တောင်းဆိုချက်ဟာ မများပါ ဘူး၊ အဲ ကျုပ်ဘက်က မင်းကို မယားကောင်း တစ်ယောက် အနေနှင့် ပြန်ပြီး အသိအမှတ် ပြုမယ်၊ မင်း အပြစ်တွေ အားလုံးကို သင်ပုန်း ချေပစ်လိုက်မယ်၊ ဒါပဲ ကျုပ် ပြောချင်တယ်၊ ကဲ ကျုပ် သွားမယ်၊ မနက်ရော ညရော ကျုပ် အပြင်မှာပဲ ထမင်း စားမယ်”

ဦးသက်ထွန်းသည် ကုလားထိုင်ကို နောက်သို့ တွန်းရွှေ့ကာ ထွက်၍ သွားသည်။ မမသည် မျက်နှာကို လက်ဝါးနှင့် အုပ်လျက် ငိုကျန်ရစ်ခဲ့လေသည်။