မမ

(၂)

မောင်မောင်လတ်သည် စီးကရက်ကို ဖွာရှိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လှန် စစ်ဆေး နေမိသည်။ တကယ်ဆိုတော့ သူ့ ကိစ္စသည် ခင်ရီရီ အဖို့ မိန်းမ တစ်ယောက် အနေဖြင့် ခွင့်လွှတ်စရာ မကောင်းသည်မှာ အမှန် ဖြစ်၏။ သူ့ အပြစ်ကို သူလည်း ဖော့၍ မတွက်ချင်ပေ။ သူ့ အပြစ်သည် သူ့လို အလွှာမှ သာမန် ယောက်ျားတို့ မှားရိုး မှားစဉ် ကိစ္စတစ်ရပ်ဟုလည်း သူ့ကိုယ်သူ မလိမ်ချင်ပေ။ သူ့လို ခံ့ညား၍ ကျက်သရေ ရှိသော အသက် ၃၀ မျှသာ ရှိသေးသည့် ယောက်ျား တစ်ယောက်သည် သူ့ထက် တစ်နှစ်မျှသာ ငယ်၍ ကလေး သုံးယောက်၏ မိခင် ခင်ရီရီလို မိန်းမ တစ်ယောက်နှင့် လင်ခန်း မယားခန်း ပြတ်စဲ ကွာရှင်းကြဖို့ရန်ကလည်း မဖြစ်နိုင်သေးပေ။

တကယ်ဆိုတော့ ခင်ရီရီသည် နုနယ်ချောမောတုန်း ဖြစ်၍ ရင့်ကျက်သော အလှ၏ သရဖူကို ဆောင်းထားဆဲ အရွယ် ဖြစ်၏။ ယခုလို အိမ်ထောင်ရေးနှင့် စိတ်မချမ်းမြေ့စရာတွေ ပေါ်ပေါက်လာခြင်းမှာ ဘယ်သူ့ အပြစ်မှ မဟုတ်၊ လှပ နုနယ်သော ခင်ရီရီကို ကျောခိုင်းကာ ဖောက်လွဲ ဖောက်ပြန် ပြုသော သူ့ အပြစ်သာ ဖြစ်၏။ ခင်ရီရီ မသိအောင် ဖုံးကွယ်ခြင်း မပြုနိုင်သော သူ့ အပြစ်သာ ဖြစ်၏။ သူ ဖောက်လွဲ ဖောက်ပြန် ဖြစ်နေကြောင်း ခင်ရီရီ သံသယ ဖြစ်နေသည်ကို လုံးဝ မသိသော သူ့ အပြစ်သာ ဖြစ်လေ၏။

မောင်မောင်လတ်သည် သူ့ အပြစ်ကို သူ တွေးမိကာ ခင်ရီရီနှင့် ကလေးတွေကို သနားလာသည်။ သို့သော် ဖြစ်ပြီးသားမို့ ဘာမျှ မတတ်နိုင်တော့ပြီ။ အကောင်းဆုံးမှာ အဖြစ်အပျက်တွေကို မေ့ပစ်လိုက်ရန်သာ ဖြစ်သည်။

ထို့ကြောင့် မောင်မောင်လတ်သည် လေကို အားရပါးရ ရှုရှိုက်လိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်လာခဲ့သည်။

စားပွဲပေါ်က အစေခံ ခေါ်သည့် ခေါင်းလောင်းကလေးကို နှိပ်လိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

အစေခံ ဖိုးရွှေ ရောက်လာလေသည်။ ဖိုးရွှေသည် မောင်မောင်လတ်၏ အိမ်တွင် အစေခံလည်း ဟုတ်၏။ မောင်မောင်လတ်၏ ရုံးတွင် မင်းစေ လုလင်လည်း လုပ်လေသည်။ ဖိုးရွှေသည် လုံချည်၊ အင်္ကျီများနှင့် ကြေးနန်းစာ တ စောင်ကို ကိုင်လာလေသည်။

“ရုံးက အလုပ်တွေ ပါလာသေးသလားဟေ့”

မောင်မောင်လတ်က ဖိုးရွှေ လှမ်းပေးလိုက်သော ကြေးနန်း စာအိတ်ကို ဖွင့်ရင်း မေးလိုက်သည်။

“ဆရာ့ စားပွဲပေါ်မှာ တင်ထားပါတယ် ဆရာ”

မောင်မောင်လတ်သည် သံကြိုး စာအိတ်ထဲမှ စာရွက်ကို ဖွင့်ကာ ကောက်ဖတ်လိုက်သည်။ သူ့ မျက်နှာမှာ ဝင်းထိန်သွားသည်ဟု ထင်ရပေ၏။

“ဖိုးရွှေရေ၊ မမ မနက်ဖြန် ရောက်လိမ့်မယ်ဟေ့”

“ဟုတ်ကဲ့ ဆရာ”

ဖိုးရွှေက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကိုယ်ကို ယို့၍ ပြော၏။ မမ ရောက်လာလျှင် သူ့ဆရာ လင်မယား၏ ပြဿနာမှာ ပြေလည် သွားနိုင်ဖွယ် ရှိသည် ထင်လေ၏။

“မမ တစ်ယောက်တည်းလား ဆရာ၊ မင်းကြီး ပါဦးမလား”

“ကြေးနန်းထဲမှာတော့ သူ တစ်ယောက်တည်း လာမယ်လို့ ဆိုတာပဲ၊ မင်း မမရီဆီကို သွားပြီး အခန်း တစ်ခန်း ပြင်ထားဖို့ ပြောချည်”

‘‘မမရီ”

ဖိုးရွှေက အံ့အား သင့်သလို ပြောလိုက်ပြီးမှ အရှိန် သတ်ကာ ဆက် မပြောဘဲ ရပ်နေ၏။

“ရော့ ရော့၊ ကြေးနန်း စာရွက်ကိုလည်း ယူသွားပြီး ပြလိုက်၊ သူ ရှင်း ခိုင်းတဲ့ အခန်းကို ရှင်းပေးလိုက်၊ မင်း တစ်ယောက်တည်း မနိုင်ရင် အေးရှင်တို့ လင်မယားကို ခေါ်”

ဖိုးရွှေသည် ကြေးနန်း စာရွက်ကို ကိုင်၍ အပေါ်ထပ်သို့ တက်သွား သည်။ မောင်မောင်လတ်မှာ ပြတင်းပေါက်တွင် စီးကရက်ကို ဖွာလျက် ကျန်ရစ်ခဲ့သည်။

ခဏကြာလျှင် ကြေးနန်း စာရွက်ကို ကိုင်လျက် ဖိုးရွှေ ဆင်းလာသည်။

“မမရီက သူ တပ်မင်း ကတော်တို့ အိမ် အလည် သွားမလို့တဲ့၊ ဆရာ့ ဘာသာ စီစဉ်ဖို့..”

ဖိုးရွှေသည် ရှေ့ဆက် မပြောရဲဘဲ စကားကို ရပ်ထားလိုက်သည်။ သူ့ ခေါင်းကို အောက်သို့ ငုံ့စိုက်၍ ထား၏။

“ဒါဖြင့် အပေါ်ထပ်က အခန်း တစ်ခန်းကို ရှင်းထားလိုက်၊ ဪ ဖိုးရွှေ၊ ငါ ရေချိုးချင်တယ်”

ဖိုးရွှေက မျက်နှာသုတ် ပဝါ၊ ဆပ်ပြာခွက် စသည်တို့ကို အဆင်သင့် ပြင်ပေးလေလျှင် မောင်မောင်လတ်သည် အောက်ထပ် ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။

ရေချိုးခန်း နံရံကို ပြောင်လက်သော ကြွေရည်သုတ် အီတာလျံ ကျောက်ပြားများ စီ၍ ထားပြီး ကြွေဇလုံ အထက်တွင် မှန်တစ်ချပ် ချိတ်ဆွဲထားသည်။ ခပ်လှမ်းလှမ်းက ကြွေအင်တုံကြီးထဲတွင်မူ ဖိုးရွှေ အဆင်သင့် ဖွင့်ပေးထားခဲ့ သောကြောင့် ရေမှာ ပြည့်လျှံနေသည်။

မောင်မောင်လတ်သည် ဝက်မှင် ဘီးတောင့်ကို ယူ၍ မုတ်ဆိတ် ရိတ်ရန် ဆပ်ပြာဖြင့် ပွတ်တိုက်ပြီး မုတ်ဆိတ် ရိတ်နေသည်။ မှန်ထဲမှ သူ့ မျက်လုံးများသည် သူ့ကို မေးခွန်း ထုတ်နေသည်ဟု ထင်ရသည်။ သူ့ အပြစ်ကို သူ တဖြည်းဖြည်း သဘောပေါက်လာသည်။ သို့ရာတွင် ခင်ရီရီမှာ စိတ်ဆတ်သူ ဖြစ်သည်။ စိတ်ဆိုးမိလျှင် တော်တော်နှင့် မပြေတတ်သော မိန်းမတစ်ယောက် ဖြစ်သည်။ ခင်ရီရီက ခွင့်လွှတ်အောင် ဘယ်လို တောင်းပန်ရမည်ကို စဉ်းစား၍ မရအောင် ဖြစ်နေပေသည်။

မုတ်ဆိတ် ရိတ်ပြီးသွားသဖြင့် သူ့ ပါးပြင်နှင့် မေးဖျားမှာ စိမ်းဖန့်ဖန့် ဖြစ်နေ၏။ မောင်မောင်လတ်သည် ချောပြောင်နေသော ပါးပြင်နှင့် မေးဖျားကို လက်ဖဝါးများဖြင့် ပွတ်တိုက် စမ်းသပ်ပြီး၍ ပြောင်လောက်ပြီဟု စိတ်ချရတော့မှ ကြွေဇလုံကြီးထဲသို့ ဆင်း၍ ရေကို စိမ်နေလိုက်သည်။