မမ

(၂၀)

ဦးသက်ထွန်းနှင့် မမသည် တစ်အိမ်တည်း နေ၍ နေ့စဉ် နေ့တိုင်း မျက်နှာချင်း ဆိုင်နေကြရသော်လည်း သူစိမ်းပြင်ပြင်လို ဖြစ်နေကြသည်။ ဦးသက်ထွန်းသည် အစေခံများရှေ့တွင်တော့ ဣန္ဒြေ မပျက် ခေါ်ပြောလေ့ ရှိသော်လည်း ညစာကိုမူ အိမ်မှာ မစားဘဲ အပြင်မှာ စားကာ ညဉ့်နက်မှချည်း ပြန်လာတတ်သည်။ မမသည် ဦးသက်ထွန်းက ကိုသက်ဆွေနှင့် နောက်ထပ် မတွေ့ရန် ပြောပြီး ကတည်းက ကိုသက်ဆွေအား အိမ်တွင် ခေါ်မတွေ့တော့ပေ။ သို့ရာတွင် အပြင်တွင်မူ ခါတိုင်းလိုပင် တွေ့ဆုံကြသည်။ ဦးသက်ထွန်းကလည်း ကောင်းကောင်း ရိပ်မိသည်။ သို့ရာတွင် ဘာမျှ မပြောသေးဘဲ နှုတ်ပိတ်ကာ အရိပ်အခြည်ကို စောင့်ကြည့်နေခဲ့သည်။

အမှန်ကတော့ ဦးသက်ထွန်း၊ မမနှင့် ကိုသက်ဆွေတို့ သုံးယောက်စလုံးသည် ကိုယ့် ခံစားချက်နှင့် ကိုယ် ကြိတ်မှိတ်၍ ဟန်ဆောင် နေကြရခြင်း ဖြစ်သည်။

ဦးသက်ထွန်း အဖို့ ဆိုလျှင် အချိန်က ကုစားလာသော အခါတွင် မမ၏ ရူးရူးမူးမူး အချစ် စိတ်သည် ပျောက်ကွယ် လွင့်စဉ်သွားကာ သည် အခါတွင် ပတ်ဝန်းကျင်မှ တီးတိုးသံများသည်လည်း တိတ်သွားကြလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ချီးမွမ်း ခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက် ဆိုသော စကားအတိုင်း အချိန် ကျလျှင် ပြီးသွားလိမ့်မည်ဟု မျှော်လင့်သည်။ ထို့ကြောင့် ကြိတ်မှတ်၍ သည်းခံ နေခဲ့ခြင်း ဖြစ်သည်။

မမ အဖို့ ဆိုလျှင်လည်း သူ့ကြောင့် ပေါ်ပေါက်ခဲ့ရသော သုံးပွင့်ဆိုင် အရှုပ် ဇာတ်ကြီးသည် တစ်နေ့တွင် တစ်နည်းမဟုတ် တစ်နည်းဖြင့် အဆုံးသတ်ကာ အရေလည်သွားလိမ့်မည်ဟု မျှော်လင့်သည်။ သို့ရာတွင် ဘယ်လို အဆုံးသတ်မည်ကိုမူ စဉ်းစား၍ မရပေ။ သူနှင့် ဦးသက်ထွန်းသည် အရင်က အခြေသို့ ပြန်ရောက်မည်လား၊ သို့မဟုတ် သူနှင့် ကိုသက်ဆွေတို့ နှစ်ဦးပဲ ပျော်ရွှင်စွာ ဇာတ်သိမ်းရမလား၊ တစ်ခုခုတော့ ဖြစ်ရမည်ဟု ယူဆထားသည်။ ထို့ကြောင့် ထို တစ်ခုခု ဖြစ်မည့် အချိန်ကိုသာ ကျိတ်၍ တောင့်တနေခဲ့သည်။

ကိုသက်ဆွေ အဖို့ ဆိုလျှင်လည်း သည်ပြဿနာမှာ သူ့ အဆုံးအဖြတ် ပေါ်တွင် မတည်ဘဲ မမ၏ အဆုံးအဖြတ် အပေါ်တွင် တည်နေသဖြင့် မမသည် တစ်နေ့နေ့တွင်တော့ အဖြူ၊ အမည်းကို ဆုံးဖြတ်ရလိမ့်မည်ဟုသာ စောင့်စား နေခဲ့သည်။

ကိုသက်ဆွေသည် တင်းနစ် ရိုက်ပြီးနောက် အင်းလျားလမ်းရှိ သူ့ အတွက် တက္ကသိုလ်မှ ပေးထားသော အိမ်သို့ ပြန်လာခဲ့သည်။ အိမ်တွင် မမထံမှ စာတစ်စောင်ကို အဆင်သင့် တွေ့ရသည်။ စာထဲတွင်မူ··

မမ သိပ် နေမကောင်းဘူး မောင်။ အပြင်ကို လာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ မောင် မမဆီကို လာခဲ့ပါလား။ မောင်နှင့် မတွေ့ဘဲ မနေနိုင်ဘူး။ မောင့် မျက်နှာကို မြင်ချင်တယ်။ မောင့် အသံကို ကြားချင်တယ်။ သူလည်း ခုနစ်နာရီက ဆယ်နာရီ အထိ အစည်းအဝေး တစ်ခု သွားစရာ ရှိတယ်။ လာ ဖြစ်အောင် လာခဲ့ပါ။

မမ….

ကိုသက်ဆွေသည် မမက အိမ်သို့ မခေါ်စဖူး ခေါ်ပြန်သဖြင့် အံ့အားသင့် သွားသည်။ ဦးသက်ထွန်းက ကိုသက်ဆွေအား သူ့ အိမ်သို့ မလာစေရန် မမ အား ပြောထားကြောင်းကို သိရသဖြင့် ပို၍ အံ့အားသင့်နေသည်။ သို့ရာတွင် မမ၏ ဖိတ်ခေါ်ချက်ကို ကိုသက်ဆွေ မငြင်းပယ်နိုင်ပေ။

ကိုသက်ဆွေသည် ရေမိုးချိုးကာ ထမင်းကို ခပ်သုတ်သုတ် စားပြီး ထွက်လာခဲ့သည်။ ကိုသက်ဆွေ ရောက်သွားသော အခါတွင် ကိုးနာရီ ထိုးရန် ဆယ်မိနစ်မျှသာ လိုတော့သည်။ ကိုသက်ဆွေသည် အိမ်ရှေ့ ပေါ်တီကို အောက်တွင် ရပ်ထားသော မာစီးဒီးစ် ကားကြီးကို မြင်လိုက်ရသည်။ သည်ကားမှာ မမ စီးသော ကား ဖြစ်သည်။ ဦးသက်ထွန်းမှာ အစိုးရက ပေးသော ဝီလီဂျစ် စတေးရှင်း ဝက်ဂွန်းကား အပြာရောင်ကိုသာ စီးလေ့ ရှိသည်။ သူ့ကို မစောင့်နိုင် သဖြင့် မမ ကိုယ်တိုင် လိုက်လာတော့မည်ဟု စိတ်ထဲက ထင်လိုက်မိသည်။ အမှန်အားဖြင့် ကိုသက်ဆွေသည် မမ အိမ်ကို သိပ် မသွားချင်လှဘဲ မမက ခေါ်၍သာ လာရခြင်း ဖြစ်သည်။

ထို့ကြောင့် ကားကို ဝင်ပေါက်ဝတွင် မီးမှိတ်လိုက်ပြီး ဝင်ရ ကောင်း မလားဟု စဉ်းစားနေမိသည်။ တော်တော်ကြာသည် အထိ ဘာလှုပ်ရှားမှုကို မျှ မတွေ့ရတော့မှ ကားကို ပေါ်တီကိုအောက် အရောက် မောင်းကာ တံခါးမှ လူခေါ် ခေါင်းလောင်းကလေးကို နှိပ်လိုက်သည်။ လာမိမှတော့ မထူးပါဘူးလေ။

အစေခံမလေး တစ်ယောက်က တံခါးကို လာ၍ ဖွင့်ပေးသည်။ ကိုသက်ဆွေ အဖို့ သည်တစ်ခေါက် လာသည်မှာ တစ်မျိုး ဖြစ်နေသည်ဟု ခံစားလိုက် ရသည်။ အစေခံမလေးသည် သူ့ကို အံ့အားသင့်သလို ကြည့်နေသည်ဟု ထင်လိုက်ရသည်။ ကိုသက်ဆွေသည် အစိမ်းပုပ်ရောင် ပေါ်ပလင် ခန်းဆီးကို ဖယ်ကာ ဧည့်ခန်းသို့ ဝင်လိုက်သည်။

ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် မတ်တတ် ရပ်၍ အပြင်ဘက်သို့ ငေး ကြည့်နေသော ဦးသက်ထွန်းက ပြန်အလှည့်လိုက်နှင့် ပက်ပင်း သွား၍ တိုးနေသည်။ ကိုသက်ဆွေသည် လျှပ်စစ်ဓာတ်နှင့် တို့လိုက်သလို တွန့်လှုပ်၍ သွားသည်။

ဦးသက်ထွန်းမှာ အင်္ဂလိပ် ဝတ်စုံကို ဝတ်ထားသည်။ သူ့ မျက်နှာမှာ ချောင်ကျကာ ပါးရိုးကြီးများပင် ငေါထွက်နေသည်။ အပေါ်မှ မီးရိပ်ကြောင့် မျက်လုံးများမှာ မျက်ခုံးရိုး အောက်တွင် မည်းမှောင်ကာ မျက်တွင်း ချိုင့်သည်ဟု ထင်ရသည်။ ဦးသက်ထွန်းသည် အေးစက်သော မျက်လုံးများဖြင့် လှမ်းကြည့်နေသလို ကိုသက်ဆွေ ရင်ထဲတွင် ခံစားလိုက်ရသည်။

အတော်ကြာ တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့် နေကြပြီးမှ ကိုသက်ဆွေက ပြုံး၍ နှုတ်ဆက်လိုက်သည်။ သို့ရာတွင် အသံ ထွက်မလာပေ။ သည်တော့မှ ဦးသက်ထွန်းကလည်း ပြန်၍ ပြုံးလိုက်သည်။ သို့ရာတွင် ပြုံးသည် ဆိုသော်လည်း နှုတ်ခမ်းကို မဲ့၍ အောက် နှုတ်ခမ်းကို ဘေးသို့ လိမ် လိုက်ခြင်းမျှသာ ဖြစ်သည်။ အရုပ်ဆိုး၍ ကြောက်စရာ ကောင်းသော အပြုံးမျိုး ဖြစ်သည်။

ဦးသက်ထွန်းသည် စားပွဲပေါ်မှ သားရေ လက်ဆွဲအိတ်ကို ကောက်ယူကာ ထွက်သွားသည်။

ဆင်ဝင်အောက်က ကားထွက်သံ ကြားတော့မှ ကိုသက်ဆွေသည် ဟင်း ခနဲ သက်ပြင်းကို မှုတ်ထုတ်လိုက်ကာ ဆိုဖာပေါ်တွင် ပစ်၍ ထိုင်ချလိုက်မိသည်။ ဦးသက်ထွန်းသည် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အတွက် သူ့အား မချေမငံ ပြောဆိုကာ သတ်ပုတ် ထိုးကြိတ်ခြင်း ပြုမည်လားဟု ကိုသက်ဆွေ မျှော်လင့် ထားခဲ့သည်။ သည် အခါတွင် ကိုသက်ဆွေကလည်း ခုခံရန် ပြင်ဆင် ထားပြီး ဖြစ်သည်။ စာရင်း ရှင်းကြလျှင် သည်လို စာရင်း ရှင်းရသည်က သူ့ အဖို့ အဖတ် ဆယ်စရာ ရှိသေးသည်ဟု အောက်မေ့သည်။ သို့ရာတွင် ဦးသက်ထွန်းက ရှောင်ထွက်သွားသော အခါတွင်မူကား ကိုသက်ဆွေသည် ကိုယ့်ဘာသာကိုယ် အတွေး လွန်နေသည့် အတွက် ရှက်သလိုလို ဖြစ်လာမိသည်။

ကိုသက်ဆွေနှင့် မမသည် သူတို့ ပြဿနာကို လွတ်လပ်စွာ မဆုံးဖြတ် နိုင်ဘဲ တစ်ယောက်က ဆုံးဖြတ်ပေးနိုးဖြင့် စောင့်စား နေခဲ့ကြသည်။ မမကလည်း ကိုသက်ဆွေကို တစ်ကိုယ်လုံး ပုံအပ်ပြီးသည့် နောက်တွင် အနာဂတ် ကံကြမ္မာ တစ်ခုလုံးကို ကိုသက်ဆွေ စီမံသည့် အတိုင်း ဖြစ်လိုရာ ဖြစ်စေတော့ ဟု ပုံထားခဲ့သည်။ ကိုသက်ဆွေကလည်း သူတို့ ပြဿနာကို မမ သဘောကျ ဆုံးဖြတ်ကာ ဆုံးဖြတ်ချက် အတိုင်းပဲ လုပ်တော့မည်ဟု အောက်မေ့ ထားခဲ့သည်။ သို့ရာတွင် နှစ်ယောက်စလုံး၏ ဆုံးဖြတ်ချက်များမှာ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ထားခြင်းမျိုး မဟုတ်ဘဲ စိတ်ထဲတွင် မသိမသာ ဖြစ်နေသော ဆုံးဖြတ်ချက်မျိုးသာ ဖြစ်ပေသည်။

အခန်းဝမှ ခြေသံ တဖျပ်ဖျပ် ကြားရပြီး သင်းပျံ့လှသော လာဗင်ဒါ ရေမွှေးနံ့ကို ရှူရှိုက်လိုက်ရသည်။

“စောင့်လိုက်ရတာ မောင်သက်ဆွေရယ်၊ ခုနစ် နာရီ ထိုးကတည်းက တမျှော်မျှော်နှင့်”

“ရှစ် နာရီ ထိုးခါနီးမှ တင်းနစ် ရိုက်က ပြန်လာလို့ နောက်ကျသွားတယ် မမ၊ ဆောရီးပဲ’

“မမကတော့ မလာတော့ဘူးလို့ ထင်နေတာ”

မမသည် ကိုသက်ဆွေ၏ ပါးပြင်၊ နှုတ်ခမ်း၊ နဖူးတို့ကို နမ်းရှုပ်လိုက်ပြီး မျက်နှာကို စူးစိုက် ကြည့်နေသည်။

‘ဘာကြည့်နေတာလဲ မမ”

“မောင့် မျက်လုံးတွေကို ကြည့်နေတာပါ မောင်ရယ်၊ မောင့် မျက်လုံးတွေကို မြင်ရင် မမ အားရှိလို့ပါ”

ကိုသက်ဆွေသည် မမ၏ စကားများကို သဘောကျကာ မမကို ပွေ့၍ နမ်းရှုပ်နေသည်။ အတန်ကြာတော့မှ မမက အသာအယာ ရုန်းထွက်ကာ…

“ဒီအတိုင်း နေလို့တော့ မဖြစ်ဘူး ထင်တယ် မောင်”

မမက မျက်ရည်တွေ ဝဲကျလာရင်းက ပြောလိုက်သည်။ ကိုသက်ဆွေ သည် စီးကရက် တစ်လိပ်ကို မီးညှိ၍ သောက်နေသည်။

“မောင် သူနှင့် တွေ့လိုက်သေးသလား ဟင်”

ကိုသက်ဆွေက စီးကရက် မီးခိုးများကို မှုတ်ထုတ်ကာ ခေါင်းညိတ် ပြ လိုက်သည်။

“နှုတ်ဆက်သေးသလား”

“ဝတ်ကျေ တန်းကျေပါ၊ ပြုံးပြီး နှုတ်ဆက်ကြရုံလောက်ပါပဲ၊ စကားတော့ မပြောလိုက်ကြရဘူး”

မမသည် ဘာမှ မဖြစ်ဘဲ အေးအေးဆေးဆေး တွေ့သွားကြသည်ကို ကြားရတော့မှ သက်ပြင်း ချနိုင်သည်။

“မောင် သူ့ အပြုအမူတွေကို နားမလည်ဘူး၊ ယောက်ျား တစ်ယောက်ဟာ ကိုယ့် မိန်းမရဲ့ အချစ်ရေးတွေကို အကုန်လည်း သိတယ်၊ မိန်းမ ကိုယ်တိုင်ကလည်း ဖွင့်ပြောထားတယ်၊ မိန်းမရဲ့ ချစ်သူနှင့်လည်း သူ့ အိမ်မှာ ပက်ပင်း ဝင်တိုးနေသေးတယ်၊ ဒါတောင် ဘာမှ မဖြစ်ဟန် ဆောင်နိုင်တာကို မောင် နားမလည်ဘူး၊ ဟန်ဆောင် ကောင်းလို့ရင်လည်း ဖြစ်ရမယ်၊ သဘောထား ကြီးလို့ ရင်လည်း ဖြစ်ရမယ်၊ မိန်းမကို စွန့်ပစ်ဖို့ ဝန်မလေးလို့ရင်လည်း ဖြစ်ရမယ်”

ကိုသက်ဆွေက လေးလေးနက်နက် စဉ်းစားနေရာမှ တစ်လုံးချင်း ပြော လိုက်သည်။

“သူက မမတို့ ဒီလို ဖြစ်နေတာကို ကျိတ် ကျေနပ်နေတာ မောင်ရဲ့၊ ကျိတ် ကျေနပ်နေတာ”

“ဒါဖြင့်လည်း ကျွန်တော်တို့ အဖို့ ဘာ စိတ်ညစ်နေစရာ ရှိသလဲ၊ လွယ်လွယ်ကလေးပဲ”

“အို သူကတော့ စိတ် မညစ်ပါဘူး၊ မမ သူ့ အကြောင်းကို အကုန် သိ တယ်၊ မောင်ပဲ စဉ်းစားကြည့်လေ၊ ခံစားချက်ရှိတဲ့ လူတစ်ယောက်ဟာ တခြား တစ်ယောက်နှင့် ဖြစ်နေတဲ့ ကိုယ့်မိန်းမနှင့် ဘာမှ မဖြစ်သလို တစ်အိမ်တည်းမှာ နေနိုင်ပါ့မလား၊ သူ့မှာ ခံစားချက် မရှိဘူး မောင်၊ သူ့မှာ အသည်းနှလုံး မရှိဘူး၊ မမသာ သူ့ နေရာ ရောက်ရင် ဒီလို သစ္စာ မရှိတဲ့ မိန်းမကို သတ်ပစ်လိမ့်မယ်လို့ ထင်တယ်၊ ခုတော့ သူ လုပ်ပုံဟာ မသိသလိုလိုနှင့်”

“ကဲ တော်ပါတော့ မမရယ်၊ သူ့ အကြောင်း မပြောကြပါနှင့်တော့၊ မမ ရော နေကောင်းရဲ့လား၊ ဆရာဝန်က ဘာပြောသလဲ၊ ဘယ်တော့ မွေးမတဲ့လဲ”

“သိပ် မလိုတော့ဘူးလို့ ပြောတာပဲ၊ ဒါပေမဲ့ မမတို့ ထင်သလောက်တော့ မမြန်ပါဘူး၊ မမတော့ မြန်မြန် မွေးပြီး မမတို့ ကိစ္စကို မြန်မြန် ရှင်းချင်လှပြီကွယ်၊ ဒီအတိုင်း နေရတာဟာ မမလည်း စိတ်ဆင်းရဲတယ်၊ မောင်လည်း စိတ်ဆင်းရဲတယ်၊ ဒီအတိုင်း နေရတာထက်တော့ သေရတာက ကောင်းလိမ့် ဦးမယ်”

မျက်ရည်များသည် မမ၏ ပါးပြင်ပေါ်သို့ စီးကျလာကြသည်။ ကိုသက်ဆွေသည် မမကို ပခုံးမှ သိုင်းဖက်ကာ မျက်ရည်များကို သုတ် ပေးနေသည်။

“အဓိပ္ပာယ် မရှိတာတွေကို ပြောမနေပါနှင့် မမရယ်”

ကိုသက်ဆွေက မမကို ရင်ခွင်ထဲတွင် ပွေ့ထားလိုက်ပြီး နမ်းရှုပ်နေပြန်သည်။

ဦးသက်ထွန်းသည် အစည်းအဝေး မဖြစ်သဖြင့် ပြန်လာကာ ဂျူဗလီဟောသို့ အမောင်းခိုင်းလိုက်သည်။ ဂျူဗလီ လေဟာပြင် ဇာတ်ရုံတွင် တရုတ် ယဉ်ကျေးမှ ကပွဲ ပြသလျက် ရှိသည်။ ကပွဲကို ကြည့်ရသော်လည်း စိတ် မပါလှဘဲ နောက် ကျိနေသည်။ နာရီပြန် တစ်ချက်ထိုး ကပွဲ ပြီးတော့မှ အိမ်သို့ ပြန်လာခဲ့သည်။

သို့ရာတွင် အိမ်ရောက်တော့လည်း အိပ်ချင်စိတ် မရှိဘဲ မျက်လုံးများမှာ ကြောင်နေကြသည်။ ထို့ကြောင့် ဦးသက်ထွန်းသည် အောက်ထပ် စာကြည့်ခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်လိုက်၊ ထိုင်လိုက်၊ စာဖတ်လိုက်ဖြင့် ယောက်ယက် ခတ်နေသည်။ ကိုသက်ဆွေနှင့် မတွေ့ရန် ပြောထားလျက် အိမ်သို့ ခေါ်တွေ့သည်ကို မြင်ရသောအခါ မမကို ဒေါပွလာသည်။ ထို့ကြောင့် မမအား အပြစ်ဒဏ် ခတ်ရန် မလွှဲသာ မရှောင်သာတော့ဘဲ ဖြစ်လာသည်။ ယင်းသို့ အပြစ်ဒဏ် ခတ်ရန်မှာ မမနှင့် ပြတ်ပြတ်စဲစဲ ကွာရှင်းကာ တူးတူးနှင့် မမကို ခွဲထားလိုက်ရန်ပင် ဖြစ်သည်။

တကယ်တော့ တစ်ခါတည်း ပြတ်ပြတ်စဲစဲ လုပ်ရေးမှာ မလွယ်ကူနိုင်ကြောင်းကို ဦးသက်ထွန်း ကောင်းကောင်း သိသည်။ သည်လို လုပ်လိုက်မှ ဘေးပတ်ဝန်းကျင်က ရွှံ့ပုပ်ရေများဖြင့် ပြောင်ပြောင်တင်းတင်း ပက်လာမည်ကို ဦးသက်ထွန်း ကောင်းကောင်း သိသည်။ ရွှံ့ပုပ်ရေများ မမ တစ်ယောက် တည်းကို သာမက သူ့ကို လည်းကောင်း၊ တူးတူးကို လည်းကောင်း လာစဉ်မည် ကိုလည်း သူ သိသည်။ သို့ရာတွင် သည်နည်းမှ အပ အခြားနည်း မရှိတော့ပေ။ သည်အတိုင်း လုပ်မည်ဟု မမကိုပင် ဖွင့်ပြောပြီးသား ဖြစ်နေသဖြင့် တကယ် မလုပ်လျှင် သူ့အား သတ္တိကြောင်သူဟု အထင်သေးစရာ ဖြစ်လာတော့မည်မှာ သေချာ လှပေသည်။

ဦးသက်ထွန်းသည် တစ်ညလုံး အိပ်၍ မပျော်ဘဲ သည်အတိုင်း မိုးစင်စင် လင်းခဲ့ရသည်။

ကြိတ်မျိုထားရသော ဒေါသလှိုင်းတို့သည် နှစ်ထပ်ကိန်း မြှောက်သလို တက်၍ တက်၍ လာကြသည်။

နံနက် လင်း၍ လက်ဖက်ရည် သောက်ပြီးသည်နှင့် ဦးသက်ထွန်းသည် ကြာရှည် သည်းမခံနိုင်တော့။ အပေါ်ထပ်သို့ တက်လာကာ အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။

မမသည် ခြင်ထောင်ကို လှပ်ကြည့်လိုက်ပြီးမှ အထဲသို့ ဝင်ကာ ခြင် ထောင်ထဲမှ နေ၍ ဦးသက်ထွန်းကို အကဲခတ်နေသည်။

ဦးသက်ထွန်း၏ မျက်ခုံးများမှာ တွန့်နေကြသည်။ မျက်လုံးများကလည်း ဝင်းဝင်း တောက်နေကြသည်။ နှုတ်ခမ်းများမှာ မျဉ်းဖြောင့် တစ်ချောင်းလို တန်းနေအောင် စေ့ထားသည်။ သူ့ မျက်နှာထား၊ သူ့ ဟန်ပန်မှာ တစ်ခုခု လုပ်တော့မည့်ပုံ ပေါ်နေသည်။

မမသည် သည်လို မျက်နှာထားကို သည်တစ်ကြိမ်သာ မြင်ဖူးသေးသည်။ ဦးသက်ထွန်းသည် မမအား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် ဘာမျှ မပြောဘဲ မှန်တင်ခုံဆီသို့ လျှောက်သွားကာ မှန်တင်ခုံ ရှေ့ရှိ စားပွဲ အံဆွဲကို ဖွင့်နေသည်။

“ဘာ ရှာတာလဲ”

မမက ခြင်ထောင်ထဲမှ လူးလဲ ထလာကာ မေးသည်။

“မင်း လင်ငယ်ဆီက စာတွေ ဘယ်မှာလဲ”

“မရှိပါဘူး ဒီ အထဲမှာ’

မမက အံဆွဲကို ပိတ်ပစ်လိုက်သည်။

သို့ရာတွင် မမ၏ အမူအရာကို ကြည့်ခြင်းဖြင့် အံဆွဲထဲတွင် ရှိရမည်ဟု ဦးသက်ထွန်း တွက်လိုက်မိသည်။

ထို့ကြောင့် ဦးသက်ထွန်းက အံဆွဲကို ဆွဲဖွင့်လိုက်ပြီး သံသေတ္တာကလေး တစ်လုံးကို ကောက်ယူလိုက်၏။ သည် သေတ္တာမှာ မမ၏ အရေးကြီးသော စာရွက်စာတမ်းများ ထားသော သေတ္တာကလေး ဖြစ်ပေသည်။

မမက သံသေတ္တာကလေးကို လုယူလိုက်၏။

သို့ရာတွင် ဦးသက်ထွန်းက ရှောင်ကာ မမကို တွန်းပစ်လိုက်ရင်း…

“ဘာလုပ်တာလဲ ထိုင်စမ်း၊ ငါ မင်းကို စကား ပြောစရာ ရှိတယ်”

ဦးသက်ထွန်းက သံသေတ္တာကလေးကို ချိုင်းကြားထဲတွင် တင်းကျပ်စွာ ညှပ်ထားလိုက်သည်။ အံကြိတ်ပြီး ပြောလိုက်သော သူ့ အသံကြီးမှာ ကြောက်စရာ ကောင်းနေသည်။ မျက်နှာမှာ နီရဲလျက် ရှိပြီး အသက် ရှူသံမှာ ဖားဖို ဆွဲသံလို ကျယ်လောင်နေသည်။

မမသည် လန့်ဖျပ်သွားကာ ဦးသက်ထွန်းကို မော့ကြည့်လိုက်မိသည်။

“မင်း လင်ငယ်ကို ငါ့ အိမ်ကို မလာစေနှင့် ဆိုတာ ငါ မင်းကို ဘယ် နှခါ ပြောရမလဲ ဟင်”

ဦးသက်ထွန်း၏ အသံမှာ အနားတွင် ကပ်၍ ဗုံး ပေါက်ကွဲသလို ကျယ် လောင် မြည်ဟည်း၍ သွားသည်။

“တွေ့စရာ ရှိလို့ တွေ့တာပေါ့ ကိုကိုရယ်၊ ပြီးတော့..”

မမက လေသံ ပျော့ပျော့ဖြင့် လှမ်း၍ ပြောလိုက်သည်။

ဦးသက်ထွန်းက မမ စကားကို နားမထောင်ဘဲ…

“ဘာလဲ၊ မင်းတို့ဘာသာ မင်းတို့ ကမြင်းချင်တာကို တခြား အကြောင်းတွေ ပြဦးမလို့လား၊ လောကမှာ မင်းတို့ မိန်းမတွေလောက် အကြောင်းပြ ကောင်းတဲ့ သတ္တဝါ မရှိတော့ဘူး၊ မင်းတို့လောက် ..”

“ဒီမှာ ကိုကို၊ စကား ပြောရင် သတိထား ပြောပါ၊ ကိုကို့ စကားတွေဟာ စော်ကားလွန်းတယ် ထင်တယ်”

မမက ဖျတ်ခနဲ မော့ကြည့်လိုက်သည်။ မျက်နှာမှာ ရဲတက်လာကာ နှုတ် ခမ်းကို ကိုက်ထားလိုက်မိသည်။

“ဘာရယ်၊ မင်းကို စော်ကားတယ် ထင်တယ် ဟုတ်လား၊ နေပါဦး၊ ငါက မင်းကို စော်ကားရအောင် ငါက ဖောက်ပြားတာလား မင်းက ဖောက်ပြား တာလားဟင်၊ အင်မတန် ရိုးသားပြီး အပြစ်ကင်းတဲ့ မိန်းမ တစ်ယောက်ကို ငါက အပြစ်မရှိ အပြစ် ရှာနေတာလား ဟင်၊ ဖောက်ပြားတဲ့ မိန်းမကို ဖောက်ပြားတယ်လို့ ပြောနေတာကွ သိရဲ့လား၊ သူခိုးကို သူခိုးလို့ ပြောနေတာ၊ ငါ အရမ်းကာရော ပြောနေတာ မဟုတ်ဘူး သိလား”

ဦးသက်ထွန်းမှာ ပို၍ ဒေါပွလာကာ တဆတ်ဆတ် တုန်နေသည်။ မျက် နှာမှာ ဒေါသကြောင့် နီမြန်းလာ၏။

“ကိုကိုက မမကို ရက်စက်နိုင်သပေါ့ ဟုတ်လား”

မမက နှုတ်ခမ်းကို မဲ့၍ မေးလိုက်သည်။

‘ဘာရယ် ရက်စက်တယ် ဟုတ်လား၊ မင်းတို့ မိန်းမတွေဟာ လွတ်လပ်စွာ ဖောက်ပြားခွင့် မပေးတဲ့ လင်ကို ရက်စက်တယ်လို့ ပြောတယ်၊ ရှက်လို့ ကြိတ်မှိတ်ပြီး သည်းခံနေတဲ့ လင်ကျတော့ အတယ် နုံတယ်လို့ ထင်တယ်၊ ဟုတ်တယ်၊ ငါက မရက်စက်ရအောင် ကိုယ့် မိန်းမ လင်ငယ် နေတာကို ပြုံးပြီး အပေါက်ဝက ထိုင်စောင့်ပေးရမှာလား ဟင်”

‘ဟုတ်တယ်၊ ကိုကိုဟာ ရက်စက်တယ်၊ ဒါတင်မကဘူး ယုတ်မာတယ်၊ ကောက်ကျစ်တယ်၊ ကိုင်း သိပြီလား”

ဦးသက်ထွန်း မမ၏ လက်မောင်း နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ခုတင်ပေါ်တွင် ထိုင်ချ ခိုင်းလိုက်သည်။

ဖြူဝင်း အိစက်သော မမ၏ လက်မောင်း နှစ်ဖက်တွင် နီရဲလာကာ လက်ချောင်းရာတွေ ထင်နေသည်။

“အေး ငါ ယုတ်မာတယ်ပဲ ထားပါ၊ ဒါပေမဲ့ လင်ရဲ့ လုပ်စာကို စားပြီး လင်နှင့် သားကိုမှ မထောက်ဘဲ မျောက် မွေးတဲ့ မင်းလောက်တော့ မယုတ်မာသေးဘူး၊ သိရဲ့လား”

ဦးသက်ထွန်း သွားကြီးတွေ စေ့၍ တစ်လုံးချင်း ပြောလိုက်ပုံမှာ ကြောက်စရာ ကောင်းနေသည်။

တစ်ခုခုကို လုပ်တော့မည့် ပုံမျိုး ဖြစ်နေသည်။

“ယုတ်မာတယ် ထင်ရင် ကိုကို လုပ်ချင်သလို လုပ်ပေါ့၊ သတ်ချင်ရင် လည်း သတ်ပစ်လိုက်၊ သတ်ပစ်လိုက်”

“သိပ် မအော်ပါနှင့်၊ ကောင်မလေးတွေ ကြားကုန်ပါ့မယ်၊ မင်းကို ဘာမှ သတ်စရာလည်း မလိုဘူး၊ လင်ငယ်နေတဲ့ မိန်းမ တစ်ယောက်ကို သတ်ပစ် လောက်အောင်လည်း ငါ မမိုက်သေးဘူး၊ အေးအေးဆေးဆေး ဖြစ်သွားမလားလို့ ကြိတ်မှိတ်ပြီး စောင့်ခဲ့ရက်သားနှင့် အေးအေးဆေးဆေး မဖြစ်လို့ ရှိရင် ပြီးအောင် လုပ်ဖို့ပဲ ရှိတယ်”

“အို ပြီးမှာပါ၊ မစောင့်ရပါဘူး၊ ဒီကလည်း ဒီကိစ္စ အေးအေးဆေးဆေး ပြီးမယ် ထင်လို့ စောင့်နေတာပါ၊ ခုတော့ မကြာတော့ပါဘူး”

“အေး ငါ သိတယ်၊ မင်းနှင့် မင်း လင်ငယ်နှင့် ထွက်ပြေးဖို့ စီစဉ်နေ ကြတယ် ဆိုတာ ငါ သိတယ်”

“ဒီမှာ ကိုကို၊ ဒီလောက် မရိုင်းစိုင်းပါနှင့်၊ ဒါ လူကြီး လူကောင်း ပြောတဲ့ စကားလား”

“ဟင်း ရယ်ချင်တယ်၊ မင်းကိုယ် မင်းရော ပြန် စဉ်းစားပါဦး၊ မင်း လုပ်တဲ့ အလုပ်ဟာ ဂုဏ်သရေရှိ အမျိုးသမီး လုပ်တဲ့ အလုပ်လားဟင်၊ မင်း ဟာ မင်း အလို ဆန္ဒ အတွက်ပဲ ကြည့်တယ်၊ လင် အတွက် သား အတွက် ဘာမှ မစဉ်းစားဘူး၊ မင်း အတွက် ငါ့မှာ ဘယ်လောက် စိတ်ဆင်းရဲရသလဲ ဆိုတာ နည်းနည်းလေးမှ ထည့် မစဉ်းစားဘူး”

ဦးသက်ထွန်းသည် မျက်လုံးတွင် မျက်ရည်တွေ ဝဲကျလာသည်။ မမသည် ဦးသက်ထွန်းကို ပထမဆုံး အကြိမ် သနားသွားသည်။ သို့ရာတွင် သနား၍ကော ဘာများ တတ်နိုင်ပါဦးမည်နည်း။

မမသည် ခေါင်း ငိုက်စိုက် ကျ၍ စဉ်းစားနေသည်။ စကား တစ်ခွန်းမျှ မပြောမိ။ ဦးသက်ထွန်းကလည်း စကား တစ်ခွန်းမျှ မပြောဘဲ အတန်ကြာ ငြိမ်သက်နေကြသည်။

“ဒီနေ့ မင်းကို လာတွေ့တာက”

ဦးသက်ထွန်းက စကားကို ဆုံးအောင် မပြောဘဲ ဖြတ်၍ ထားလိုက်ပြီး စဉ်းစားနေသည်။ အတန်ကြာမှ…

“ကောင်းပြီ၊ ဒီ ကိစ္စကို ဘယ်လို အဆုံးသတ်ကြမလဲ ဆိုတာ မင်း ဘာသာ မင်း စဉ်းစားပါ၊ ငါ နက်ဖြန် မန္တလေးကို သွားမယ်၊ ဘယ်လောက် ကြာမယ် မပြောနိုင်သေးဘူး၊ ပြန်လာရင်လည်း ငါ ဒီ အိမ်ကို ပြန်မလာတော့ဘူး၊ ငါ့ ဆုံးဖြတ်ချက်ကို ဝတ်လုံက တစ်ဆင့် မင်းကို အကြောင်းကြားပြီး ကွာရှင်းဖို့ ကိစ္စကို စကားပြောမယ်၊ တူးတူးကို ငါ့ နှမတွေဆီ ပို့ထားမယ်”

“မနိုင် နိုင်ရာကို ဆွဲကိုင်တာပေါ့လေ၊ သားသားကို ခေါ်မသွားပါနှင့်၊ ထားပစ်ခဲ့ပါ၊ ကိုကိုလည်း သားသားကို ဒီလောက် ချစ်တာ မဟုတ်ပါဘူး”

“အေး ဟုတ်တယ်၊ မင်းက မွေးတယ်၊ ဒါကြောင့်မို့ မင်း သွေးတွေ ပါမယ် ဆိုပြီး သားသားကိုတောင် အရင်ကလောက် ငါ မချစ်ချင်တော့ဘူး၊ ဒါပေမဲ့ ငါ့သား ဆိုတော့ ငါပဲ ခေါ်သွားရလိမ့်မယ်၊ ဒါပဲ၊ ကဲ ငါ သွားမယ်”

ဦးသက်ထွန်းက ထွက်သွားရန် . ဟန်ပြင်လိုက်သည်။ သို့ရာတွင် မမက လက်ကို လှမ်းဆွဲကာ…

“သားသားကို ခေါ်မသွားပါနှင့်၊ မမနှင့်ပဲ ထားခဲ့ပါ၊ မမ ကိုယ်လေး လက်ဝန် ရှိတုန်းမှာ ဒီသားကလေးနှင့်ပဲ စိတ် ဖြေရမှာပါ၊ ထားပစ်ခဲ့ပါ”

ဦးသက်ထွန်းသည် မမကို မဲ့ပြုံး ပြုံး၍ ကြည့်လိုက်ပြီး လက်ကို ဆောင့်၍ ရုန်းလိုက်သည်။ နောက် ဘာမျှ မပြောတော့ဘဲ ထွက်သွားလေသည်။

ဦးသက်ထွန်း မန္တလေးသို့ ရောက်သည်မှာ သုံးရက်ပင် ရှိသွားပြီ ဖြစ်၏။ ဦးသက်ထွန်းသည် အစိုးရ ဗိုလ်တဲတွင် လည်းကောင်း၊ မောင်မောင်လတ်ထံတွင် လည်းကောင်း တည်းခိုခြင်း မပြုဘဲ မီးရထား ဟိုတယ်တွင် လွတ်လွတ်လပ်လပ် တည်းခိုနေသည်။ ရောက်ပြီး နောက်တစ်ရက်တွင် စစ်ကိုင်းဘက်မှ မိတ်ဆွေ အရာရှိကြီး တစ်ယောက်ထံသို့ ကူးသွားပြီး ဘယ်မှပင် မသွားတော့ဘဲ ဟိုတယ် ထဲတွင်သာ အခန်းအောင်း နေခဲ့လေသည်။

ယနေ့ ညနေတွင်မူ ဦးသက်ထွန်း၏ မိတ်ဆွေ တစ်ယောက်က မန္တလေး တွင် သူ သွားလိုရာ သွားနိုင်ရန် အတွက်ဆိုကာ မော်တော်ကား တစ်စီး လွှတ်လိုက်သဖြင့် ဦးသက်ထွန်းသည် စိတ်ပြေလက်ပျောက် သဘောဖြင့် ကျုံး ဘေးတွင် ကားထိုး ရပ်ခိုင်းပြီး ဆင်း၍ လမ်းလျှောက်နေမိသည်။

ကျုံးထဲတွင် ကြာပွင့် ကြာရွက်များ မျောနေကြသည်။ ပုစဉ်းများသည် ဗေဒါပွင့်များပေါ်တွင် ဝဲပျံနေကြသည်။ နီရဲသော မြို့ရိုး အရိပ်သည် ရေထဲတွင် ထင်းခနဲ ပေါ်နေ၏။ ဦးသက်ထွန်းသည် လှပသော ရှုခင်းကို မြင်ရသဖြင့် စိတ် ကြည်နူးသွားသလို ဖြစ်မိသည်။ ကျုံးဘေးတွင် လေညင်းခံ လာသူများဖြင့် ပြည့်နှက်လျက် ရှိနေပေ၏။

ဦးသက်ထွန်းသည် တော်တော် ကြာအောင် လမ်းလျှောက်နေပြီးမှ ပြန်ရန် ကားဆီသို့ လျှောက်လာခဲ့သည်။ မော်တော်ကား တံခါးကို ဖွင့်၍ ကားပေါ် တက်မည် အပြုတွင် ခေါ်သံ ကြားလိုက်သဖြင့် လှည့်ကြည့်မိသည်။ ဘယ်သူမျှ မတွေ့သဖြင့် ကားပေါ်သို့ တက်တော့မည် လုပ်တော့မှ နောက်ထပ် ခေါ်သံ ကြားရကာ ကျုံးဘေးတွင် ရပ်ထားသည့် ကားတစ်စီးပေါ်မှ ဆင်းလာသော မောင်မောင်လတ်ကို တွေ့မြင်လိုက်ရသည်။

မောင်မောင်လတ်မှာ ပြုံးရွှင်ကာ နုပျိုနေသည်။ မော်တော်ကားပေါ်တွင် ကလေး နှစ်ယောက်နှင့် ခင်ရီရီတို့ကိုလည်း မြင်လိုက်ရသည်။ ခင်ရီရီသည် ဦးသက်ထွန်းကို မြင်တော့ လက်ပြ၍ နှုတ်ဆက်လိုက်သည်။ အမှန်ကတော့ ဦးသက်ထွန်းသည် မန္တလေးတွင် ဘယ် အသိ မိတ်ဆွေကိုမှ မတွေ့လိုပေ။ သူ့ ယောက်ဖ မောင်မောင်လတ်ကိုပင် မတွေ့ချင်လှပေ။

“ကိုကို ဘယ်တုန်းက မန္တလေးကို ရောက်နေသလဲ၊ ဘာမှလည်း မသိရပါလား၊ တည်းတော့ကော ဘယ်မှာ တည်းလဲ”

“ငါ သိပ် အလုပ် များတယ်၊ ဘယ်မှ သွားချိန် မရဘူး”

ဦးသက်ထွန်းက ခပ်တိုတိုပင် ပြောလိုက်သည်။ သူ့ အသံမှာ ခြောက် ကပ်ကပ် နိုင်လှသည်။

“ကိုကို့ကို ရီ အရင် စမြင်လိုက်တာ၊ ရီရေ”

မောင်မောင်လတ်က ခင်ရီရီကို လှမ်းခေါ်လိုက်သည်။ ဦးသက်ထွန်းက ခင်ရီရီကို ကားပေါ်မှ မဆင်းရန် လက်ပြကာ ကားဆီသို့ သွား၍ နှုတ်ဆက် နေသည်။

“ကိုကိုတို့များ မန္တလေး လာတာတောင် တိတ်တိတ်ကလေး လာတယ်၊ ရီတို့ ဘာမှ မသိရဘူး’

“အလုပ် များလွန်းလို့ ရီရေ့၊ ဘယ်မှ မထွက်အားဘူး၊ ပြီးတော့လည်း ရုတ်တရက် ရောက်လာတာ ဆိုတော့ ဘယ်သူ့မှ ဒုက္ခ မပေးတော့ပါဘူး ဆိုပြီး မီးရထား ဟိုတယ်မှာ တည်းနေလိုက်တော့တယ်၊ ကလေးတွေရော နေကောင်း ကြရဲ့လား”

“ကောင်းပါတယ် ကိုကို၊ မမနှင့် တူးတူးရော နေကောင်းကြရဲ့လား”

“ကောင်းပါတယ်”

“ရီရေ၊ မနက်ဖြန် ညမှာ ကိုကို့ကို ထမင်းစား ဖိတ်ကွာ”

“ဟုတ်ပါတယ် ကိုကို၊ မနက်ဖြန် ည ရီတို့ အိမ်မှာ စားပါ”

“ကျွန်တော် လာခေါ်မယ်လေ၊ ကိုကို ဘယ်အချိန်လောက် ရှိမလဲ”

မောင်မောင်လတ်ကပါ မေးလိုက်သဖြင့် နောက်ဆုံးတွင် ဦးသက်ထွန်းမှာ အငြင်းရ ခက်နေသည်။

“အေးကွာ၊ စားတာက မခက်ပါဘူး၊ မနက်ဖြန် ငါ ကိစ္စ တစ်ခု ရှိတယ်၊ အဲဒါ ပြီးရင် လာခဲ့တာပေါ့၊ လာတော့ မကြိုပါနှင့်၊ ကဲ ငါလည်း သွားမယ်၊ သွားစရာ ရှိသေးတယ်၊ ရီ သွားမယ်ဟေ့”

ဦးသက်ထွန်းသည် သူတို့ကို နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။

ဦးသက်ထွန်းသည် ရန်ကုန်မှ ထွက်လာ ကတည်းက အိမ်သို့ လည်းကောင်း၊ မမထံသို့ လည်းကောင်း မပြန်ရန် ဆုံးဖြတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့ ဆုံးဖြတ်ချက်မှာ တစ်နေ့ထက် တစ်နေ့ ခိုင်မာ၍ လာသည်။ ထို့ကြောင့် မန္တလေး ရောက်လျှင် ဦးသက်ထွန်းသည် ရန်ကုန်ရှိ သူ့ မိတ်ဆွေ ဝတ်လုံ တစ်ဦးထံမှ သူနှင့် မမတို့၏ အဖြစ်အပျက် အားလုံးကို ဖွင့်ဟရေးကာ ကွာရှင်းရေး အတွက် ဆောင်ရွက်ပေးရန် စာရှည်ကြီး တစ်စောင်ကို ရေးထားသည်။ လိုအပ်သော ဥပဒေ အချက်အလက်များကို စဉ်းစားထားပါမည့် အကြောင်း၊ သူ ရန်ကုန် ပြန်ရောက်သည့် အခါတွင် လူ ကိုယ်တိုင်လည်း တွေ့ဆုံဦးမည့် အကြောင်း ရေးထားသည်။

သည် တစ်ကြိမ်သည် သူတို့ ကိစ္စကို ပထမဆုံး အကြိမ် ဖွင့်ပြောခြင်းပင် ဖြစ်သည်။ သို့တိုင်အောင် ဦးသက်ထွန်းသည် လူကိုယ်တိုင် တွေ့ဆုံ ပြောရမည်ကို ဝန်လေးနေပေသည်။ ထို့ကြောင့် ဝတ်လုံအား နောက်မှ လူကိုယ်တိုင် တွေ့ဆုံ ပြောမည်ဟု စိတ်ကူးလျက် စာဖြင့် ကြိုတင် အကြောင်းကြားခြင်း ဖြစ်သည်။

ဦးသက်ထွန်းသည် ဝီစကီ တစ်လုံးကို မှာကာ အခန်းထဲတွင် တစ်ခွက် ပြီး တစ်ခွက် ထိုင်သောက်နေသည်။ ဝီစကီ ပုလင်းမှာ တစ်ဝက် ကျိုးသော်လည်း အားမရနိုင်ဘဲ စိတ်ညစ်ညစ်ဖြင့် ဆက် သောက်နေမိသည်။ ခါတိုင်း ဆိုလျှင် သုံးခွက်ထက် မပိုပေ။

ဦးသက်ထွန်းသည် ဝတ်လုံထံ ရေးသည့် သူ၏ စာရှည်ကြီးကို အခေါက်ခေါက် အခါခါ ဖတ်ပြီးမှ စိတ် ကျေနပ်သွားကာ စာကို စာအိတ်ထဲသို့ ပိတ် လိုက်သည်။

အခန်းဝတွင် ဟိုတယ်မှ ဘွိုင် ပေါ်လာကာ ဧည့်သည် တစ်ယောက်က တွေ့လိုကြောင်း လာပြောသဖြင့် အခန်းထဲသို့ ခေါ်ခဲ့ရန် ပြောလိုက်ရသည်။

ခဏ ကြာလျှင် မောင်မောင်လတ် ရောက်လာသည်။

“တွေ့မှ တွေ့ပါမလားလို့ ကိုကိုရာ၊ ရီကတော့ အစောကြီးကတည်းက အခေါ် လွှတ်နေတာ၊ ကဲ ကိုကို အဆင်သင့် ဖြစ်ရင် သွားကြစို့”

မောင်မောင်လတ်က အားရပါးရ ပြောနေသည်။

ဦးသက်ထွန်းသည် ဘာမျှ ပြန်မပြောဘဲ စဉ်းစားနေသည်။ သူ့စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေသည်။ တော်တော်ကြာ စဉ်းစားနေပြီးမှ…

“ဆောရီးပဲ မောင်မောင်လတ်၊ ကိုကို လိုက်နိုင်မယ် မထင်ဘူး’

ဦးသက်ထွန်းက အေးစက်စက် ပြောလိုက်သည်။ ယခုလို ငြင်းပယ်လိုက် ရသဖြင့် မောင်မောင်လတ်ကိုလည်း အားနာသလို ဖြစ်နေသည်။ သို့ရာတွင် ကွာရှင်းအံ့ဆဲဆဲ မယား၏ မောင် ဖြစ်သူကိုလည်း ခပ်ပြတ်ပြတ်ပင် ဆက်ဆံ ရတော့မည်ဟု ယူဆမိသည်။ မကြာခင်ကပင် ကွာရှင်းရေး ကိစ္စကို ဝတ်လုံထံ သို့ စာတစ်စောင် ရေးထားသည် မဟုတ်ပါလား။

“ဟင် ဘာဖြစ်လို့လဲ ကိုကို၊ အိမ်မှာ ဧည့်သည်တွေလည်း ဖိတ်ပြီးပြီ၊ ရီ ကလည်း တမျှော်မျှော်နှင့်၊ အလုပ် သိပ် များနေလို့လား”

မောင်မောင်လတ်က အံ့အားသင့်စွာ မေးနေသည်။ ဦးသက်ထွန်းသည် မောင်မောင်လတ်ကို မကြည့်ဘဲ ဝတ်လုံထံ ပေးမည့် စာအိတ်ရှည်ကို လက်ထဲတွင် လှည့်၍ ကစားနေသည်။

“ကိုကို မင်း အိမ်မှာ လာပြီး ထမင်း မစားတာ အားလုံး အတွက် ကောင်း လိမ့်မယ်လို့ ထင်တယ် မောင်မောင်လတ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုကိုနှင့် မောင်မောင်လတ်တို့ရဲ့ အခြေအနေဟာ အရင်ကလို မဟုတ်တော့ဘူး၊ တစ်မျိုး ဖြစ်နေပြီ”

ဦးသက်ထွန်းက တစ်လုံးချင်း ပြောလိုက်သည်။ ဦးသက်ထွန်းသည် ခု ရှုပ်မှ နောင်ရှင်း ဆိုသလို ခပ်ရှင်းရှင်း ပြောတာ ကောင်းမည်ဟု အောက်မေ့ မိသည်။ အရက်ရှိန်ကြောင့်လည်း ပို၍ ပွင့်လင်းလာသည်။

“ဘယ်လိုလဲ ကိုကို၊ ကျွန်တော် နားမလည်ဘူး၊ ဘာဖြစ်လို့လဲ”

မောင်မောင်လတ်မှာ အံ့အားသင့်နေသည်။ ဦးသက်ထွန်း ဘာဆိုလိုသည်ကို သဘော မပေါက်နိုင်အောင် ဖြစ်နေသည်။

“ဘာဖြစ်လို့လဲ ဆိုတာကို ပြောရရင်တော့ အရှည်ကြီးပဲ၊ ဒါပေမဲ့ အတို ချုပ်ကတော့ ငါနှင့် မမနှင့် အတူ ဆက်နေဖို့ မဖြစ်တဲ့ အခြေ ရောက်နေပြီ၊ ဒါကြောင့် ခု ကွာရှင်းဖို့ စီစဉ်ထားတယ်၊ အဲဒီတော့..”

“ဟာ ဘာဖြစ်ကြတာလဲ ကိုကိုရာ၊ ကျွန်တော်တော့ သိပ် စိတ်ညစ်တာပဲ”

မောင်မောင်လတ်မှာ မမျှော်လင့်သော စကားကို ကြားလိုက်ရသဖြင့် မျက်နှာ တစ်ခုလုံး ညိုမည်းသွားကာ ကုလားထိုင်ပေါ်တွင် စိတ်ပျက်လက်ပျက် လိုင်ချ လိုက်မိသည်။

“ဘာဖြစ်ကြသလဲ ဆိုရင်တော့ ကြားတဲ့ အတိုင်းပဲ”

“နေပါဦး ကိုကို၊ ကျွန်တော့်ကို ပြောပြပါဦး၊ ဘာသံ မကြား ညာသံ မကြားနှင့် အားလုံး ဒုက္ခ ရောက်ကုန်တော့မှာပဲ၊ ကျွန်တော် ယုံတောင် မယုံ နိုင်ဘူး

ဦးသက်ထွန်းသည် စာအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ကုလားထိုင် ပေါ်တွင် ထိုင်ချလိုက်သည်။ မောင်မောင်လတ်မှာ တကယ်ပင် ဘာမျှ သိပုံ မရဘဲ ဖြစ်နေသည်။

ဦးသက်ထွန်းသည် ပြောမိမှတော့ ရေလည်အောင် ပြောမှ ဖြစ်တော့မည် ကို သဘော ပေါက်လာသည်။ ယောက်ဖ လုပ်သူက အထင်လွဲ မခံရအောင်လည်း ရှင်းပြဖို့ လိုအပ်လာသည်။ တကယ်တော့ မောင်မောင်လတ်သည် သည် ကိစ္စတွင် ဘာမျှ သိသူ မဟုတ်ဘဲ ကြားလူမျှသာ ဖြစ်ပေသည်။

“အေး ဟုတ်တယ်၊ မယုံနိုင်စရာဘဲ၊ ဒါပေမဲ့ ငါက ကွာရှင်းချင်လို့ ကွာ ရှင်းရတာ မဟုတ်ဘူး၊ အခြေအနေက မကွာရင် မဖြစ်တော့တဲ့ အခြေအနေ ရောက်နေလို့”

“ကျွန်တော်တော့ တကယ် မယုံနိုင်အောင် ဖြစ်နေပြီ ကိုကို၊ ကိုကို့ အကြောင်းကို ကျွန်တော် သိတယ်၊ ကိုကိုဟာ ဖြောင့်ဖြောင့် မှန်မှန် လုပ်ချင်တယ်၊ တစ်ဖက်သားကို သနားတတ်တယ်၊ မမဟာလည်း စိတ်သဘော ကောင်းတယ်၊ ရိုးတယ်၊ ဒီလောက် ဘက်ညီတဲ့ လင်မယားဟာ ဒီလို အခြေအနေ ရောက်လာရတယ် ဆိုတော့ ကျွန်တော်ဖြင့် အံ့ဩလို့ မဆုံးဘူး ကိုကို၊ နေပါဦး ကိုကိုတို့ နှစ်ယောက် ကြားမှာ ဘာများ အထင် လွဲစရာ ပေါ်လာလို့လဲ ကိုကို၊ ကျွန်တော် သိပါရစေ၊ သိသင့်တယ်လို့လည်း ထင်ပါတယ်”

“အို အထင် လွဲစရာ ပေါ်ရုံလောက်ကတော့ ဘာအရေးကြီးသလဲကွာ၊ ခုတော့..”

ဦးသက်ထွန်းက ဆေးတံကို ကောက်၍ မီးညှိနေလေသည်။ မောင်မောင်လတ်သည် ကုလားထိုင်ပေါ်တွင် တံတောင်ဆစ် တင်၍ နဖူး ကို လက်ဝါးဖြင့် ထောက်ကာ ငိုင်၍ စဉ်းစားနေသည်။

အတန် ကြာတော့မှ သူ့ ခေါင်းထဲတွင် အလင်းရောင် တစ်ချက် ဝင်လာကာ…

“ထားပါတော့ ကိုကို၊ ကျွန်တော် နားလည်ပါပြီ၊ ဒါပေမဲ့ ကိုကို့ ဆုံးဖြတ် ချက်ဟာ စောလွန်းနေမလား ဆိုတာ ပြန်စဉ်းစားပါဦး ကိုကို၊ ကျွန်တော်က ကြားလူ တစ်ယောက် အနေနှင့် ပြောတာပါ”

ဦးသက်ထွန်းက မီးခြစ်ဆံကို ခါ၍ မီး ငြိမ်းပြီး ခေါင်း ယမ်းလိုက်ရင်း… “မစောဘူး၊ မောင်မောင်လတ် မစောဘူး၊ နောက်တောင် ကျနေသေးတယ်၊ ပြီးတော့ ဒီလို ကိစ္စမျိုး ဆိုတာ လူတိုင်းကို လိုက်ပြီး တိုင်ပင်နေလို့ ဖြစ်တာ မဟုတ်ဘူး၊ ဒီတော့ ကိုယ့် ဦးနှောက်နှင့် ကိုယ် ဆုံးဖြတ်ရတာ”

“လက် မလွန်ခင် စဉ်းစားပါဦး ကိုကိုရာ၊ လွန်ပြီးမှ ဆိုရင်တော့ ကိုယ့် သိက္ခာကိုယ် စောင့်ထိန်းနေကြတာနှင့် ပြန်ပေါင်းဖို့ ဆိုတာ လွယ်တော့မှာ မဟုတ်ဘူး၊ ဒီ ကိစ္စကို ရီနှင့်လည်း ပြောကြည့်စမ်းပါလား ကိုကို၊ ရီဟာ ကိုကို့ကိုရော မမကိုရော ခင်သားပဲ၊ မကောင်းဘူးလား ကိုကို”

မောင်မောင်လတ်က ဦးသက်ထွန်းကို ကရုဏာသက်စွာ ကြည့်ရင်း အဖြေကို စောင့်နေသည်။

ဦးသက်ထွန်းသည် ဘာမျှ ပြန်မပြောဘဲ ဆေးတံကို ဖွာ၍ စဉ်းစားနေသည်။

“ဘယ့်နှယ်လဲ ကိုကို၊ ရီနှင့် စကား ပြောကြည့်မလား”

“ငါတော့ မစဉ်းစားတတ်ဘူးကွာ၊ ဒါကြောင့် မင်းတို့ အိမ်ကို မလာတာ ဘဲ၊ မင်းတို့လည်း စိတ်မကောင်း မဖြစ်စေချင်ဘူး၊ ရှင်းရှင်း ပြောရရင် မင်းကို တွေ့ရမှာလည်း ငါ သိပ် အားနာတယ်”

“ဘာ အားနာစရာ ရှိသလဲ ကိုကို၊ ကိုကိုတို့ အကြောင်း ကိုကို့တို့ အသိ ဆုံးပဲ၊ ကျွန်တော့်ကို ဘာမှ အားနာစရာ မရှိပါဘူး၊ ကျွန်တော့်မှာ ကိုကို့ ကျေးဇူး အများကြီး ရှိပါတယ်၊ အရင်လိုပဲ ကျွန်တော်တို့ကို ညီလို ညီမလို အောက်မေ့ပေါ့၊ တကယ်လို့ ကိုကို့ တွေးထင်ချက်ဟာ မှန်တယ်ပဲ ထားပါ၊ ကျွန်တော် ဘယ်သူ့ဘက်ကိုမှ လိုက်စရာ အကြောင်း မရှိဘဲ အရင်ကလိုပဲ ကိုကို့ကို အစ်ကိုလို အမြဲ ခင်နေမှာပဲ၊ ကဲပါ ကိုကို အိမ် လိုက်ခဲ့ပါ”

“ငါလည်း မင်းကို အခင် မပျက်ပါဘူး၊ မင်းကို အားနာတာပဲ ရှိတယ်၊ ကဲကွာ ဒီ အကြောင်း မပြောတာ ကောင်းပါတယ်၊ ကဲ ရော့ သောက်ဦး”

ဦးသက်ထွန်းက ဝီစကီ တစ်ခွက်ကို ထိုးပေးလိုက်၏။

“အိမ်မှာ အဆင်သင့် ပြင်ထားတယ် ကိုကို၊ အိမ် လိုက်ခဲ့ပါ၊ ဟိုကျတော့ သောက်တာပေါ့၊ ရီနှင့်လည်း ပြောဆို ကြည့်ပါဦး ကိုကိုရာ၊ ကျွန်တော် တောင်းပန်ပါတယ်”

‘ကဲကွာ၊ မင်း ဒီလောက် ခေါ်လည်း လိုက်ရတာပေါ့”

နောက်ဆုံးတွင် မောင်မောင်လတ်က မရမက ခေါ်နေသဖြင့် ဦးသက် ထွန်းမှာ လိုက်ပါသွားရတော့သည်။