မမ

(၂၁)

မောင်မောင်လတ် အိမ်တွင် ခင်သီသီနှင့် ကိုအောင်မိုးတို့လည်း ရောက်နှင့် နေသည်ကို တွေ့ရသည်။ တပ်မင်းနှင့် တပ်မင်းကတော် ခင်လှလှတို့လည်း မြစ်ကြီးနားမှ ခွင့်နှင့် ပြန်လာချိန် ဖြစ်၍ ထမင်းစား ရောက်နေကြသည်။ ခင်သီသီမှာ မဒရပ်က ပြန်ရောက်၍ အရက် နှစ်ဆယ်လောက်ပင် ရှိသေးသည်။ ကိုယ်ရေ စစ်ကာ အသားအရေ ကြည်လင် ဝင်းပလျက် ခါတိုင်းထက် ပို၍ လှနေသည်။

ကိုအောင်မိုးနှင့် ခင်သီသီ နောက်ဆုံး တွေ့ကြသည်မှာ ကိုသက်ဆွေနှင့် ကြုံသည့် နေ့က နောက်ဆုံးပင် ဖြစ်သည်။ သည့်နောက်တွင် တစ်ယောက်နှင့် တစ်ယောက် မတွေ့ကြတော့ဘဲ ယခုမှ ပြန်တွေ့ကြခြင်း ဖြစ်ပေသည်။

ကိုအောင်မိုး ဝင်လာသည်ကို မြင်လိုက်သည်နှင့် ခင်သီသီ၏ မျက်နှာ မှာ ရှက်သွေးဖြာကာ ရဲတက်သွားသည်။ ရှက်သွေး ဖြန်းနေသော ပန်းရောင် မျက်နှာကလေးမှာ ပို၍ ချစ်စရာ ကောင်းနေသည်။ ကိုအောင်မိုးက ခင်သီသီကို သွား၍ နှုတ်ဆက်နေသည်။ ခင်သီသီက မဒရပ် အကြောင်း၊ ကျန်းမာရေး အကြောင်းများကို ပြောပြ၏။

ခင်သီသီ ပြောသည့် စကားများထဲတွင် ဘာမျှ ထူးခြားချက် မပါပေ။ သို့ရာတွင် ကိုအောင်မိုး အဖို့မူကား ခင်သီသီ၏ အမူအရာ အားလုံးသည် ထူးခြား နေသည်။ ခင်သီသီ၏ အသံမှာ နူးညံ့ ချိုသာနေသည်။ ခင်သီသီ၏ မျက်လုံး ကြည့်ပုံသည် ကြင်နာ သိမ်မွေ့နေသည်။ ခင်သီသီ၏ အပြုံးသည် မျှော်လင့်ချက်ကို ပေးနေသည်။

ကိုအောင်မိုးသည် ခင်သီသီ၏ အမူအရာကို ကြည့်၍ အားတက်လာကာ တစ်ကိုယ်လုံး ပူနွေးသွားသည်ဟု ထင်လိုက်ရသည်။ တခြားတွင် ထိုင်စရာ မရှိသဖြင့် မောင်မောင်လတ်က ကိုအောင်မိုးအား ခင်သီသီ့ အနားတွင် အထိုင် ခိုင်းလိုက်သောအခါ ကိုအောင်မိုးမှာ အတိုင်းမသိ ဝမ်းသာနေသည်။

ထမင်း စားရင်းလည်း ကိုအောင်မိုးနှင့် ခင်သီသီမှာ စကား ကောင်းနေကြသည်။

ဦးသက်ထွန်းသည် အကြောင်းပြကာ ထမင်းကို ခပ်သုတ်သုတ် စားပြီး ဧည့်ခန်းထဲသို့ ပြန်ထွက်လာခဲ့သည်။ အခန်းဝတွင် ခင်ရီရီနှင့် ဆုံနေသည်။ ခင်ရီရီသည် ဦးသက်ထွန်းနှင့် မမ ကိစ္စကို မောင်မောင်လတ်ထံမှ တစ်စွန်း တစ်စ ကြားပြီး ဖြစ်၍ ဦးသက်ထွန်းနှင့် လွတ်လွတ်လပ်လပ် စကား ပြောရန် တမင် ထွက်လာခဲ့ခြင်း ဖြစ်၏။

“လာမှ လာပါ့မလားလို့ ကိုကိုရယ်၊ ရီ မောင့်ကို အစောကြီး ကတည်းက သွားအခေါ်ခိုင်းနေတာ”

ခင်ရီရီက ဦးသက်ထွန်းအား စတော်ဘယ်ရီ အိုက်စကရင် ခွက်ကို ထိုး ပေး၍ ပြောလိုက်သည်။

“မလာတော့ဘူးလို့ပဲ ရီရေ့၊ ရီ့မောင်တော်က ဇွတ်အတင်း ခေါ်လို့ ပါလာတာ၊ ကိုကိုလည်း သိပ် အလုပ် များနေတယ် ရီ၊ ဒီမှာ အချိန် သိပ်မရဘူး၊ မနက် ပြန်တော့မှာမို့ နှုတ်လည်း ဆက်ရအောင် ဆိုပြီး လိုက်လာတာ”

“ဟုတ်လား၊ မမကော နေကောင်းရဲ့လား ကိုကို”

ခင်ရီရီက မသိချင်ဟန် ဆောင်၍ မေးလိုက်သည်။ ဦးသက်ထွန်းက ပြောအောင် စကားစ ဖော်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ဦးသက်ထွန်းက အိုက်စကရင်ကို တမြုံ့မြို့ စားရင်း…

“အင်း နေကောင်းပါလိမ့်မယ် ထင်ပါရဲ့”

ခင်ရီရီသည် ဦးသက်ထွန်း ဖြေပုံကို သတိ ထားလိုက်မိသည်။

သူ့ ရင်ထဲတွင် ဦးသက်ထွန်းအား ဗြောင် ဖွင့်မေးလိုစိတ်များ တဖွားဖွား ပေါ်လာသည်။

“ရိုင်းတယ်လို့လည်း မအောက်မေ့ပါနှင့် ကိုကို၊ ရီ မသိလို့ မေးပါရစေ၊ ရီက ကိုကို့ကိုရော မမကိုရော အစ်ကို အရင်းလို အစ်မ အရင်းလို ချစ်ပါတယ်၊ ကိုကိုနှင့် မမနှင့် ဖြစ်ကြတဲ့ ကိစ္စကို ရီ သိနိုင်မယ် ဆိုရင် သိပါရစေ၊ မမမှာ ကိုကို မနှစ်သက်စရာ ဘာတွေများ တွေ့နေလို့ပါလဲ”

ခင်ရီရီသည် အရဲစွန့်၍ မေးချလိုက်သည်။ သူ့ အသံမှာ တုန်နေသည်။ ခင်ရီရီသည် ဦးသက်ထွန်းအား ချစ်ကြောက် ရိုသေသူ တစ်ဦး ဖြစ်သည်။ သို့ရာတွင် မမေးလျှင် ပြောမည် မဟုတ်သဖြင့် မအောင့်နိုင်တော့ဘဲ မေးလိုက် မိသည်။

ဦးသက်ထွန်းက မျက်မှောင် ကုတ်၍ မျက်လုံးများကို ခေတ္တ ပိတ်လိုက်ပြီးမှ…

“မမနှင့် ပတ်သက်ပြီး ကိုကို ဘာကြောင့် ဒီလို ဆုံးဖြတ်ချက် ချရတဲ့ အကြောင်းကို မောင်မောင်လတ် ပြောပြီး ဖြစ်လိမ့်မယ် ထင်တယ် ရီ၊ ကိုကို မပြောချင်ဘူး”

“နည်းနည်းပါးပါးတော့ ကြားပြီးပါပြီ ကိုကို၊ ဒါပေမဲ့ ရီတော့ ယုံတောင် မယုံနိုင်လောက်အောင်ဘဲ”

ထမင်းစားခန်းထဲမှ ဧည့်သည်များ ထွက်လာကြသဖြင့် ခင်ရီရီက လွတ်လွတ်လပ်လပ် စကား ပြောနိုင်ရန် ဝရန်တာဘက်သို့ ခေါ်သွားသည်။ ဦးသက်ထွန်းသည် အရုပ်လို ခင်ရီရီ နောက်သို့ လိုက်လာမိသည်။ ဝရန်တာမှ ကုလားထိုင်ပေါ်တွင် ထိုင်မိကြတော့မှ ခင်ရီရီက…

“တကယ်ပဲ ကိုကို၊ ရီတော့ နား ရှိလို့သာ ကြားရတယ်၊ ယုံဖို့တော့ ခပ် ခက်ခက်ပဲ”

“စိတ်ကူးယဉ် အိပ်မက်ကိုသာ မယုံဘဲ နေချင် နေလို့ ရမယ်၊ တကယ့်အဖြစ် တကယ့် ဘဝကိုတော့ မယုံဘဲ နေချင်လို့ မရဘူး ရီ”

ဒီ”အခြေအနေ ရောက်ရအောင် မမက ဘာများ လုပ်ခဲ့လို့လဲ ကိုကို၊ ကိုကို မကြိုက်တာ မမ ဘာများ လုပ်နေသလဲ”

“ကိုကို မကြိုက်တာကို လုပ်တာက အရေး မကြီးဘူး ရီ၊ အရေးကြီးတာ

က သူ မလုပ်သင့်တာကို လုပ်တဲ့ အချက်ပဲ၊ တစ် အချက်ကတော့ မမဟာ မယား တစ်ယောက် အနေနှင့် ဝတ္တရား ပျက်ကွက်တယ်၊ နှစ် အချက်က ယောက်ျားကို လိမ်တယ်၊ အဲဒါ သူ့ အပြစ်တွေပဲ”

“ကိုကို မမ အပေါ်မှာ အထင် လွဲတာများ ဖြစ်နေမလား ကိုကို”

ခင်ရီရီက နားထင် နှစ်ဖက်ကို လက်ဖြင့် နှိပ်ကာ မျက်လုံးများကို မှိတ် ၍ တွေးနေသည်။

ဦးသက်ထွန်းသည် ခင်ရီရီ၏ စကားများကို တွေး၍ တစ်ယောက်တည်း ကျိတ်ပြုံး နေမိသည်။ ပြုံးသာ ပြုံးရသော်လည်း ရင်ထဲမှာတော့ ပူလောင် နာကြည်းလှပေသည်။

“ဒီမှာ ရီ၊ သူ့ရဲ့ အိမ်ထောင်သက် ခုနစ်နှစ်လုံးလုံးဟာ ငရဲ ကျသလို စိတ်ဆင်းရဲရပါတယ်၊ ကလေး တစ်ယောက် မွေးမှ သိရတာဟာ အသိ နောက် ကျပါတယ် ဆိုပြီး မယား လုပ်သူ ကိုယ်တိုင်က ဖောက်ပြန်ပုံတွေကို မရှက်မကြောက် ဖွင့်ပြောတာကို နားနှင့် ဆတ်ဆတ် ကြားရပြီးပြီ၊ ဒီလို ကြားပြီးမှ ဆုံးဖြတ်တဲ့ ကိုကို့ ဆုံးဖြတ်ချက်ဟာ မမှားနိုင်ဘူးလို့ ထင်တယ်”

ဦးသက်ထွန်းက စိတ်လိုက် မာန်ပါ ပြောချလိုက်သည်။ စကား ပြောပြီး လျှင် တရှူးရှူး ဖြစ်နေလေသည်။

“ကိုကို ပြောလို့သာ ယုံရတယ်၊ မမနှင့် ဒီလို ကိစ္စမျိုးဟာ ဆက်စပ်ပြီး တွေးလို့တောင် မရဘူး ကိုကို”

“ဒီမှာ ရီ”

ဦးသက်ထွန်းက ဆေးတံကို ချကာ အလန့်တကြား ခေါ်လိုက်ပြီး ခင်ရီရီ ကို စူးစိုက် ကြည့်နေသည်။ ပြီးမှ…

“ကိုကိုလည်း ကိုယ့် မိန်းမကို ဒါမျိုးနှင့် ဆက်စပ်ပြီး သင်္ကာမကင်း မဖြစ်ချင်ပါဘူး၊ မဖြစ်လည်း မဖြစ်ရက်ပါဘူး၊ မသင်္ကာ စိတ်တွေ ဝင်လာတိုင်း စိတ်ဆင်းရဲခဲ့ရတယ်၊ ဒါကြောင့်မို့ မသင်္ကာစိတ် ဝင်လာရင် ကြာကြာ လက်မခံဘဲ မောင်းထုတ်ပစ်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီလို မသင်္ကာ ဖြစ်နေရတာကပဲ တော်သလိုလို ရှိသေးတယ်၊ ဟုတ်မှာ မဟုတ်ပါဘူးလေ ဆိုပြီး မျှော်လင့်ချက် ထားလို့ ရသေးတယ်၊ ခုတော့ မရတော့ဘူး၊ လုံးလုံး မျှော်လင့်စရာ မရှိတော့ဘူး၊ ကိုကိုတော့ သူ့ကို ခုကိစ္စတင် မသင်္ကာရုံ မကဘူး၊ ဘယ်ကိစ္စကိုမှ မယုံ တော့ဘူး၊ အို ကုန်ကုန် ပြောမယ်၊ တူးတူးကိုတောင် မုန်းလာပြီ၊ တစ်ခါ တလေများ တူးတူးဟာ ကိုကို့ သားမှ ဟုတ်ပါလေစ ဆိုပြီးတောင် သံသယ ဖြစ်မိတယ်၊ ခက်တယ် ရီ၊ ကိုကို့ နေရာက ဝင်ကြည့်ရင် ဒီ အခက်ဟာ ဘယ် လောက် ကြီးတဲ့ အခက်လဲ ဆိုတာ ရီတို့ နားလည်လာလိမ့်မယ်၊ ဒီကိစ္စ တွေးတိုင်း သိပ် စိတ်ညစ်ရတယ်”

အမှန်ကတော့ စိတ်ညစ်ကြောင်းကို ပြောရန်ပင် မလိုတော့ပါ။ ဦးသက်ထွန်း၏ မျက်နှာကို ကြည့်ရုံဖြင့်ပင် သိနိုင်ပါ၏။ ခင်ရီရီသည် ဦးသက်ထွန်းကို ကြည့်၍ စိတ်မကောင်း ဖြစ်နေမိသည်။ အတန်ကြာ တိတ်ဆိတ် နေပြီးမှ ခင်ရီရီက သက်ပြင်း ချလိုက်ကာ…

“ဒါဖြင့် ကွာရှင်းဖို့ စီစဉ်ပြီးပြီပေါ့”

“အားလုံး စီစဉ်ပြီးပြီ၊ ကိုကို့မှာ ဒါပဲ လုပ်စရာ ရှိတော့တယ်”

ခင်ရီရီသည် ဦးသက်ထွန်း၏ စကားများကို စိတ်ထဲက လိုက်၍ ရွတ် ဆို နေမိသည်။

“ဒီလိုလည်း အရင်စလို မလုပ်ပါနှင့်ဦး ကိုကိုရယ်”

ခင်ရီရီက တောင်းပန် တိုးလျှိုးသံဖြင့် ပြောလိုက်သည်။ ဦးသက်ထွန်း သည် ဆေးတံကို မီးညှိ၍ ဖွာနေသည်။

“ငါ့ ညီမကို ပြောရတာ ရှက်လည်း ရှက်ပါရဲ့၊ ဒီ ကိစ္စမျိုးဟာ ဒီ့ပြင် ကိစ္စနှင့် မတူဘူး ရီ၊ တစ်ယောက်က ရွှေဘုံကြီးပေါ်မှာ အသစ်နှင့် ပျော်နေ တာကို နောက်တစ်ယောက်က နောက်ချေးပုံပေါ်မှာ ရပ်ပြီး ပြုံးပြုံးလေး ကြည့်မနေနိုင်ဘူး၊ တစ်ခုခုတော့ လုပ်ရမှာပဲ”

“ကိုကို ပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ် ကိုကို၊ ရီ နားလည် ပါတယ်”

ခင်ရီရီသည် သူ၏ အိမ်တွင်းရေးကို ပြန်၍ စဉ်းစားနေမိသည်။ မောင် မောင်လတ် ကိစ္စတုန်းက သူ ကိုယ်တိုင်ပင်လျှင် ဘယ်လောက် စိတ်ဒုက္ခ ရောက်ခဲ့ပါသနည်း။ ဒေါသ ထွက်ခဲ့ပါသနည်း။

ဦးသက်ထွန်း အဖို့ ဆိုလျှင် မိန်းမက ဖောက်ပြားသူ ဖြစ်နေ၍ ပို၍ အခံရ ခက်မည်ဟု ကိုယ်ချင်း စာနာမိသည်။

“ဒါပေမဲ့ ကိုကို၊ ကွာရှင်းလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာလည်း စဉ်းစားပါဦး”

“စဉ်းစားပြီးပြီ ရီ၊ အကုန်လုံး စဉ်းစားပြီးပြီ၊ သူ ဖွင့်မပြောခင် ကတည်းကလည်း စဉ်းစားခဲ့တယ်၊ ဖွင့်ပြောပြီးမှလည်း စဉ်းစားခဲ့တယ်၊ ဒီကိစ္စကို မေ့ပျောက်ပစ်ပြီး အရင်လို နေကြဖို့လည်း ပြောခဲ့ပြီးပြီ၊ သူ့ကိုယ်သူ ပြန်ပြီး အဖတ် ဆယ်မလားလို့ အချိန်လည်း ပေးခဲ့ပြီးပြီ၊ သူ့ကို ကိုကို အဖတ် ဆယ်ဖို့လည်း ကြိုးစားခဲ့ပြီးပြီ၊ မရဘူး၊ အလကားပဲ၊ ကိုကို ကြိုးစားသမျှ သည်းခံသမျှတွေဟာ သူ့ကို လွတ်လပ်စွာ ဖောက်ပြန်ခွင့် ပေးသလို ဖြစ်နေတယ်၊ ရောင့်တက် အောင် အားပေးသလို ဖြစ်နေတယ်၊ ပျက်စီးနေတဲ့ လူ တစ်ယောက်ကို အဖတ် ဆယ်ဖို့ ဆိုတာဟာ သူကိုယ်၌ကိုက မပျက်စီးစေချင်တဲ့ စိတ်ရှိနေမှ ဖြစ်တာ၊ သူကိုယ်၌က အပျက်ကို အကောင်း ထင်နေရင် မီးတောင်ကို ရွှေတောင် ထင်နေရင် အလကားပဲ ဖြစ်မှာပဲ”

“မကွာရှင်းဘဲနှင့် ဒီ့ပြင် နည်းရော မရှိတော့ဘူးလား”

“ဘယ်နည်း ရှိသေးသလဲ ရီ၊ ရှိရင် ကိုကို့ကို ပြောပါ၊ ကိုကို စဉ်းစား ပါ့မယ်”

ခင်ရီရီသည် အတန်ကြာ စဉ်းစားနေသည်။

ဦးသက်ထွန်းသည် ဆေးတံကို ဖွာနေသည်။

“ရီက ဖြစ်စေချင်တာကို ပြောတာပါ၊ ရီလည်း မစဉ်းစားတတ်အောင် ဖြစ်နေပြီ၊ ဒါပေမဲ့ ကိုကို၊ ကိုကိုက စွန့်ပစ်လိုက်ရင် မမတော့ ဒုက္ခ ရောက်တော့မှာပဲ”

“မတတ်နိုင်ဘူး ရီ၊ သူလည်း ဆွေကြီး မျိုးကြီးပဲလေ၊ အရှက်ကို ဂုဏ်နှင့် ဖုံးလိမ့်မပေါ့၊ ကိုကို့ အတွက် စိတ်မကောင်း ဖြစ်ရလို့ ဝမ်းနည်းပါတယ်၊ ကိုကို ပြန်မယ်”

ဦးသက်ထွန်းက ထိုင်ရာမှ ထလိုက်သည်။

“ဟုတ်ကဲ့ ကိုကို၊ ဒါပေမဲ့ စဉ်းတော့ စဉ်းစားပါဦး ကိုကို၊ ရီလည်း မောင် ဒီလို ဖြစ်ဖူးလို့ ကိုကို့ကို ကိုယ်ချင်းစာပါတယ်၊ အဲဒီတုန်းကများ မောင့် ကို သိပ် စိတ်ဆိုးတာပဲ၊ သူ့ကို ပစ်သတ်ပြီး နောက်ဆုံး ကိုယ့်ဘာသာ ကိုယ်လည်း သတ်သေ ရမလားလို့တောင် စိတ်ကူးမိတယ်၊ နောက်ကျတော့ မမ ရောက်လာပြီး စေ့စပ် ပေးသွားလို့ ရီလည်း ခွင့်လွှတ်လိုက်ပါတယ်၊ ဒီတော့ ရီ တောင်းပန်ချင်တာက ကိုကိုလည်း ခွင့်လွှတ်ဖို့..”

ခင်ရီရီက စကားကို ဆုံးအောင် မပြောဘဲ မရွံ့မရဲနှင့် ရပ်ထားလိုက်ပြီး ဦးသက်ထွန်းကို လှမ်းကြည့်နေသည်။

ဦးသက်ထွန်းက ခေါင်းကို ယမ်းလိုက်ပြီး…

“မဖြစ်ဘူး ရီ၊ ကိုကို ခွင့်မလွှတ်နိုင်ဘူး၊ ခွင့်လွှတ်နိုင်တဲ့ ခွင့်လွှတ်သင့်တဲ့ အမှားမျိုးလည်း မဟုတ်ဘူး၊ ဒီ မိန်းမဟာ ခွင့်လွှတ်သင့်တဲ့ မိန်းမ တစ်ယောက် မဟုတ်ဘူး၊ သူ့ကို အဖတ်ဆယ်ဖို့ အတွက် ကိုကို အစွမ်းကုန် ကြိုးစားခဲ့တယ်၊ သူ ဘာလုပ်တယ် ထင်သလဲ၊ ကိုကို ကြိုးစားသမျှကို မထီမဲ့မြင် ပြုပြီး ကိုကို့ ကို ရွှံ့ပုပ်ထဲ ချနင်းပစ်ခဲ့တယ်၊ ကိုကို့ အကြောင်းကို ရီ သိပါတယ် ရီ၊ ကိုကိုဟာ ရန်ငြိုး ဖွဲ့တတ်တဲ့ လူမျိုး မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှလည်း မမုန်းခဲ့ပါဘူး၊ ဒါပေမဲ့ သူ့ကိုတော့ ကိုကို မုန်းတယ် ရီ၊ သိပ် မုန်းတယ်၊ ဒီ အမုန်းဟာ ကိုကို့ အသားထဲ အရိုးထဲ အသွေးထဲမှာ ရောက်နေပြီ၊ ခွင့်လွှတ်ဖို့ စကားကို ကိုကို့ မပြောပါနှင့်တော့”

ဦးသက်ထွန်းက အံကြိတ်၍ ပြောလိုက်သည်။ သူ့ အမုန်းသည် အရိုးထဲ အသားထဲ အသွေးထဲတို့တွင် မကတော့ဘဲ မျက်လုံး နှုတ်ခမ်း စသည့် ပြင်ပ အမူအရာများတွင်လည်း ထင်းထင်းကြီး ပေါ်နေကြသည်။

“ဒါပေမဲ့ ကိုကိုရယ်၊ ကိုယ့်ကို မုန်းထားတဲ့ လူကိုတောင် ပြန်ပြီး ချစ်တန် ချစ်ရသေးတာပဲ၊ ဒီမှာလည်း..”

“ဟုတ်တယ် ရီ၊ ကိုယ့်ကို မုန်းတဲ့ လူကို ချစ်လို့ ရသေးတယ်၊ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကိုက အသွေးထဲ အသားထဲက မုန်းနေတဲ့ သူတစ်ယောက်ကိုတော့ ဘယ်နည်းနှင့်မှ ချစ်လို့ မရဘူး၊ ကဲ ကိုကို့ အတွက်နှင့် အားလုံး စိတ်ဆင်းရဲကုန်ကြရပြီ၊ ဝမ်းနည်းပါတယ် ရီ၊ ကိုကို သွားမယ်”

ဦးသက်ထွန်းသည် ဧည့်ခန်းထဲတွင် ရောက်နေသူများ အားလုံးကို နှုတ် ဆက်၍ ထွက်လာခဲ့သည်။

ခင်သီသီ ထမင်းစားခန်းထဲမှ ထသွားသည့် အခါတွင်မူ .. ကိုအောင်မိုးသည် ခင်သီသီ နောက်မှ ထ၍ လိုက်သွားချင်သည်။ သို့ရာတွင် မောင်မောင်လတ်နှင့် တပ်မင်း၏ ကြားထဲတွင် စကား ကောင်းနေသဖြင့် မထသာဘဲ ကျန်နေရစ်ခဲ့ သည်။ အခွင့် ရသည်နှင့် ကိုအောင်မိုးသည် ဧည့်ခန်းထဲသို့ ထ၍ လိုက်လာခဲ့ လေသည်။

ခင်သီသီသည် အခန်းထောင့် တစ်နေရာတွင် ဖဲထုပ် တစ်ထုပ်ကို ကုလား ဖန် ထိုးနေသည်။

“အစ်ကိုအောင် ဒီည ထမင်းစားပွဲကို လာမှ လာပါ့မလားလို့”

ခင်သီသီက လှမ်း၍ ပြောလိုက်ပြီး ဖဲချပ် တစ်ချပ်ကို ပစ်ချလိုက်သည်။ ဖဲချပ်မှာ ဟတ်တစ် ဖဲချပ်ကလေး ဖြစ်နေသည်။

ခင်သီသီသည် ဟတ်တစ် ဖဲချပ်ကို ကြည့်လိုက်ပြီး ကိုအောင်မိုးကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ကိုအောင်မိုးကလည်း ဖဲချပ်ကို လှမ်းကြည့်လိုက်ပြီး ခင်သီသီကို ကြည့် လိုက်သည်နှင့် ဆုံနေသည်။

“လာပါတယ် သီသီရ၊ သီသီကို မေးစရာ စကား တစ်ခွန်း ရှိနေတာနှင့် ဒီ့ပြင် သွားစရာ ရှိတာတောင် မသွားတော့ဘူး”

“ဘာလဲ၊ မေးလေ”

“ခပ်တိုတိုပဲ သီသီ၊ ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တုန်းက မဖြစ်နိုင်ပါ ဘူးလို့ နင် ပြောခဲ့တဲ့ စကားကို နင် မှတ်မိသေးသလား”

ခင်သီသီ၏ မျက်နှာမှာ ရှက်သွေးတွေ လျှမ်းသွားပြီး ဘာမှ စကား ပြန် မပြောဘဲ ခေါင်းငုံ့နေသည်။

“အေးလေ နင်ကတော့ ပြောတဲ့လူ ဆိုတော့ မေ့ချင် မေ့နေမှာပေါ့၊ ငါကတော့ အပြော ခံရတဲ့လူ ဆိုတော့ ဒီ စကားလုံးကို တစ်သက်လုံး မမေ့ဘူး၊ ဒါပေမဲ့ ငါ နားလည်တာကတော့ မဖြစ်နိုင်ဘူးလို့ နင် ပြောခဲ့တာဟာ အခိုက် အတန့် အတွက် ပြောတာပဲလို့ နားလည်ခဲ့တယ်၊ ဘယ့်နှယ်လဲ”

ခင်သီသီ တစ်ချက်မှ မျက်လွှာကို လှန်ကြည့်လိုက်ပြီး…

“ခုကော အစ်ကိုအောင်က ဘယ်လို ထင်သလဲ”

“ဒါက ငါက ပြန်မေးရမယ့် စကားပါ”

“အစ်ကိုအောင် သီသီ့ကို စိတ်ဆိုးတယ် မဟုတ်လား”

ခင်သီသီက ပြုံး၍ မေးလိုက်သည်။ “စိတ်တော့ မဆိုးပါဘူး၊ ဒါပေမဲ့ စိတ်မကောင်းဘူး၊ အစ်ကို့ ဘဝမှာ အစ်ကိုဟာ ဘာမှ မအောင်မြင်ခဲ့ဘူး ဆိုပြီး ဝမ်းနည်းတယ်၊ ဒါပေမဲ့ သီသီ နင့်ကို အစ်ကို ချစ်တယ်၊ အစ်ကို့မှာ မိန်းကလေး တစ်ယောက်ရဲ့ မက်လောက်စရာ ဆိုလို့ ဘာမှ မရှိဘူး၊ ဒီဂရီ မရှိဘူး၊ ရုပ် မချောဘူး၊ ဂုဏ် မရှိဘူး၊ ဒါကို အစ်ကို သိတယ်၊ အစ်ကို သီသီကို ဘာမှ မပေးနိုင်ဘူး၊ အစ်ကို ပေးနိုင်တဲ့ အရာဟာ အချစ်ပဲ ရှိတယ်၊ အစ်ကို ပေးတဲ့ တန်ဖိုးဟာ သိပ်မများပေမဲ့ သိပ် တော့ မနည်းဘူးလို့ အစ်ကို ထင်တယ်”

ခင်သီသီသည် အသည်းပွင့် နီနီကလေး ရေးထားသည့် ဖဲချပ်ကလေးကို ကိုင်၍ နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကိုင်မိလျက်သား ဖြစ်နေပုံကိုလည်း တွေး၍ အံ့သြနေမိသည်။

“အစ်ကို ပေးတဲ့ တန်ဖိုးဟာ နည်းတယ် များတယ်လို့ သီသီ ဘယ်တုန်း ဆုံးဖြတ်ခဲ့ဖူးလို့လဲ အစ်ကို၊ အစ်ကို ပေးတဲ့ တန်ဖိုးကို တခြား လူတွေပေးတဲ့ တန်ဖိုးနှင့်တောင် နှိုင်းယှဉ်ပြီး မစဉ်းစားခဲ့ပါဘူး၊ မစဉ်းစားရက်ပါဘူး”

“ဒါဖြင့် အခု စဉ်းစားပါလား သီသီ”

“သီသီ စဉ်းစားပြီးပြီ အစ်ကို”

“ဒါဖြင့် သီသီရဲ့ ဆုံးဖြတ်ချက်ကို အစ်ကို့ ပြောမပြနိုင်ဘူးလား”

ကိုအောင်မိုးက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။ ခင်သီသီသည် ဘာမျှ ပြန်မပြောဘဲ ကိုအောင်မိုးကို ပြုံး၍ ကြည့်ကာ ဖဲ အသည်းပွင့်ပေါ်တွင် လက်သည်းများဖြင့် ခြစ်နေလေသည်။

“ပြောလေ သီသီ”

ခင်သီသီက ကိုအောင်မိုးကို ပြုံး၍ ကြည့်လိုက်ပြီး လက်သည်းဖြင့် ခြစ်မြဲ ခြစ်နေသည်။

“ဘာလဲ မပြောချင်ဘူးလား”

“ပြောနေတာပဲ ကြည့်ပါလား’

ခင်သီသီက ဖဲချပ်ကို လက်သည်းဖြင့် ခြစ်ပြနေသည်။ ကိုအောင်မိုးသည် ခင်သီသီ ခြစ်ပြနေသည်ကို နားမလည်ဘဲ ငေးကြည့်နေသည်။ နားမလည်သော်လည်း ခင်သီသီ၏ မျက်လုံးများမှာ တောက်ပကာ မျက်နှာကလေးက ပြုံးလျက် ရှိသည်ကို သတိထားလိုက်မိသည်။ ခင်သီသီက ဖဲချပ်ပေါ်တွင် စာလုံး သုံးလုံးကို ရေးပြနေသည်။

နောက်ဆုံး ကိုအောင်မိုးက နားမလည်သလို စိုက်ကြည့်နေတော့…

“ဝိုင်အီးအက်စ်တဲ့ သိပြီလား၊ ဒါကြောင့် အ တယ် ပြောတာ၊ အ တယ် ပြောတော့ မခံချင်ဘူး”

ခင်သီသီက မျက်စောင်းလေး ထိုး၍ ပြောလိုက်သည်။ သည်အတွင်း ဧည့်ခန်းထဲသို့ လူစုံ ပြန်ရောက်လာကြ၍ သူတို့ နှစ်ယောက်မှာ ဣန္ဒြေဆည် နေလိုက်ကြသည်။

ခင်ရီရီမှာ ဦးသက်ထွန်းနှင့် စကား ပြော၍ စိတ်ညစ်ခဲ့ရသလောက် ကို အောင်မိုးနှင့် ခင်သီသီကို တွေ့လိုက်ရသော အခါ ကြည်နူးသလို ခံစား လိုက် ရသည်။

ညဉ့်နက်၍ ပြန်ခါနီးတော့ ကိုအောင်မိုးက ခင်သီသီကို လိုက်ပို့သည်။ သူတို့ ကိစ္စကို သူ့ မေမေအား ဖွင့်ပြောရန်လည်း ခင်သီသီက ကတိ ပေးသွား လေသည်။

ခွဲခါနီးတွင် ကိုအောင်မိုးသည် ခင်သီသီ၏ ပါးပြင်ကို လည်းကောင်း၊ နှုတ်ခမ်းကို လည်းကောင်း နမ်းရှုပ်ပစ်လိုက်သည်။

အိမ်သို့ အသီးသီး ပြန်ရောက်ကြပြီးသည့် နောက်တွင် ခင်သီသီရော ကို အောင်မိုးပါ အိပ်မပျော်ကြဘဲ မျက်လုံးတွေ ကြောင်နေကြ၏။

ခင်သီသီ၏ မိခင် ဒေါ်ညွန့်ညွန့်သည် အစတွင် ငြင်းသလိုလို ဖြစ်သော်လည်း ခင်သီသီ ကိုယ်တိုင်က ကိုအောင်မိုးကို ချစ်နေပြီဟု ဖွင့်ပြောလိုက် သောအခါတွင် အံ့အားသင့်စွာဖြင့် သမီးကို ကြည့်ကာ ဦးငွေခင်နှင့် တိုင်ပင် ဦးမည်ဟု ဆို၍ မယုတ်မလွန် ပြောသွားသည်။ ဦးငွေခင်ကို တိုင်ပင်၍ ဦးငွေခင်ကပါ ဝမ်းမြောက်ကြောင်း သဘော တူလိုက်သော အခါတွင်မူကား ဒေါ်ညွန့် ညွန့်မှာ မငြင်းသာတော့ဘဲ သဘောတူလိုက်ရလေသည်။

မန္တလေးမှ ပြန်ခါနီးတွင် ကိုအောင်မိုးသည် ခင်သီသီတို့ အိမ်သို့ သွား၍ နှုတ်ဆက်လေသည်။

ခင်သီသီက သူ့အား တံခါးဝမှ ဆီးကြိုကာ ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့် က သဘောတူကြောင်း၊ လူကြီးစုံရာနှင့် တောင်းဖို့ အကြောင်းများကို ပြောပြလိုက်သောအခါ ကိုအောင်မိုးမှာ မယုံနိုင်အောင် ဖြစ်နေသည်။

“တကယ်လား သီသီ’

“အလကား ပြောတာ၊ အလကား ပြောတာ”

ခင်သီသီက မျက်လုံးကလေး ပင့်ကာ ပြောင်သလိုလို ပြောလိုက်သည်။

“အစ်ကိုတော့ မယုံနိုင်စရာတွေချည်းဘဲ တွေ့နေရတယ်၊ သီသီက အစ်ကို့ကို ချစ်တယ် ဆိုတာလည်း မယုံနိုင်စရာဘဲ၊ ဒေါ်ဒေါ်တို့က သဘောတူတယ် ဆိုတာလည်း မယုံနိုင်စရာဘဲ”

ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့်တို့ကလည်း ကိုအောင်မိုးနှင့် ခင်သီသီကို ခါ တိုင်းလို တင်းကျပ်စွာ မထားတော့ဘဲ ရှောင်ပေးကြသည်။

ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့်တို့ ထွက်သွားကြသဖြင့် ခင်သီသီနှင့် ကိုအောင်မိုးတို့ နှစ်ယောက်မှာ ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့ကြသည်။

ဦးသက်ထွန်းသည် မီးရထား ဟိုတယ်သို့ ပြန်လာခဲ့၍ နာရီကို ကြည့်လိုက်တော့ ည ခုနစ် နာရီ ခွဲနေပေပြီ။ ဟိုတယ်သို့ ပြန်ရောက်သည့်တိုင်အောင် ဦးသက်ထွန်းသည် ခင်ရီရီနှင့် ပြောခဲ့သည့် စကားများကို အနုလုံ ပဋိလုံ တွေး၍ လာသည်။ မမကို ခွင့်လွှတ်လိုက်ရန် ခင်ရီရီက ဦးသက်ထွန်းအား ပြောလိုက်သည့် အတွက် ဦးသက်ထွန်း စိတ်ထဲတွင် မကျေနိုင် မချမ်းနိုင် ဖြစ်နေသည်။

မမအား ခွင့်လွှတ်ရေးမှာ လုံးဝ မဖြစ်နိုင်ဟု ယူဆထားသည်။ ထို့ပြင် ကွာရှင်းရေး ကိစ္စ အထိပင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးသား ဖြစ်နေသဖြင့် ခင်ရီရီ၏ အကြံကို လုံးဝ ထည့်စဉ်းစားခြင်း မပြုဘဲ ခေါင်းထဲမှ ဖျောက်ပစ် လိုက်သည်။

ဦးသက်ထွန်းသည် နောက်တစ်နေ့ ရန်ကုန် ပြန်ရေး ကိစ္စကိုသာ စဉ်းစားပြီး ရေမိုးချိုး အဝတ်အစား လဲရန် ပြင်ဆင်နေသည်။

“နံပါတ် ၁၇ ဟာ ဦးသက်ထွန်းလား ခင်ဗျာ”

ဟိုတယ် မန်နေဂျာက တံခါးဝတွင် ပေါ်လာကာ ရပ်၍ မေးလိုက်သည်။

‘ဟုတ်ပါတယ်၊ ဘာ ဘာ ကိစ္စပါလဲ”

“ကြေးနန်း လာပါတယ်”

ဦးသက်ထွန်းက ကြေးနန်းကို ဖွင့်၍ ဖတ်လိုက်သည်။ ကြေးနန်းမှာ မမ ထံက ကြေးနန်း ဖြစ်နေသည်။

မမ ဆိုသော စာလုံးများသည် စာရွက်ပေါ်တွင် ထင်းထင်းကြီး ပေါ်နေ ကြသည်။

အသည်းအသန် ဖြစ်နေသည်။ အမြန် ပြန်လာပါ။ ခွင့်လွှတ်လျှင် သေပျော်ပါပြီ။ မမ။

ဦးသက်ထွန်းသည် မဲ့ပြုံး ပြုံးလိုက်ပြီး ကြေးနန်း စာရွက်ကို လုံးခြေ၍ လွှင့်ပစ်လိုက်သည်။ သူ့ စိတ်ထဲတွင် သူ့ကို လိမ်၍ ကြေးနန်း ရိုက်ခြင်း ဖြစ်သည်ဟု ထင်နေသည်။ သို့ရာတွင် တကယ် အသည်းအသန် ဖြစ်မည် ဆိုလျှင် လည်း ဖြစ်နိုင်လောက်သည်ဟု တွေးမိပြန်သည်။ မမမှာ ကျန်းကျန်းမာမာ မဟုတ်ဘဲ ကိုယ်လေး လက်ဝန်ကြီးနှင့် ဖြစ်ရာ သည်အချိန်ဆိုလျှင် လ စေ့၍ မျက်နှာ မြင်လေပြီလားဟု တွေးလိုက်မိသည်။

သို့တိုင်အောင် ကိုသက်ဆွေနှင့် ရသည့် ကလေးကို မျက်နှာ မြင်သည့် ကိစ္စမှာ သူနှင့် ဘာဆိုင်ပါသနည်း။ သူကိုယ်တိုင်ကလည်း မမကို ကွာရှင်း ပြတ်စဲရန် ဆုံးဖြတ်ချက် ချပြီးရုံမက ကွာရှင်းရေး ကိစ္စကို ဝတ်လုံသို့ပင် အကြောင်းကြားပြီး ဖြစ်ရာ သူနှင့် မမသည် ဘာများ သံယောဇဉ် တွယ်စရာ လိုပါတော့သနည်း။ သူနှင့် မမတို့ ကြားတွင် ဆက်သွယ် ဖွဲ့နှောင်ထားသည့် တစ်ပင်တည်းသော သံယောဇဉ် ဖြစ်သူ တူးတူးကိုလည်း သူ့ နှမများထံ အပ်ခဲ့ပြီး ဖြစ်ရုံမက မမကိုလည်း ကွာရှင်းရေး ကိစ္စကို အသိ ပေးပြီး ဖြစ်ပါလျက် မမသည် သူ့အား သံကြိုး ရိုက်၍ မှာရန် ဘာအကြောင်းများ ရှိပါသေးသနည်း။

တကယ်တော့ ဦးသက်ထွန်းနှင့် မမသည် ကိုယ်ခန္ဓာ ပေါင်းစည်း ဖွဲ့ စည်းမှုမှ လည်းကောင်း၊ စိတ်ဆန္ဒ ဆက်သွယ် နှောင်ဖွဲ့မှုမှ လည်းကောင်း ကွာရှင်း ပြတ်စဲခဲ့ကြပြီး ဖြစ်သည်။ နှစ်ဦးစလုံး၏ သဘောထားများသည် ပြတ်ပြတ်စဲစဲ ဖြစ်ကြပြီးသား ဖြစ်သည်။ သို့ဖြစ်လျှင် မမသည် သူ့ကို အရေး တကြီး ကြေးနန်း ရိုက်၍ ခေါ်စရာ ဘာအကြောင်း ရှိပါသနည်း။ သည် ကြေးနန်းသည် သူ့ကို လိမ်၍ ရိုက်သော ကြေးနန်းမှ အပ ဘာမျှ မဖြစ်နိုင်ဟု ဦးသက်ထွန်း ယူဆလိုက်မိသည်။

သူ့ကို ရန်ကုန် အရောက် ခေါ်၍ မမသည် ကိုသက်ဆွေနှင့် ရသောကလေးကို ဦးသက်ထွန်းနှင့် ရသော ကလေးပါဟု တရားဝင် ဖြစ်အောင် လုပ်ရန် ကြံရွယ်လေသလား၊ သို့တည်းမဟုတ် သူနှင့် ပြန်၍ စေ့စပ်ကာ ကွာရှင်းရေးကိစ္စကို ဖျက်ပစ်ရန် ကြံရွယ်လေသလားဟုလည်း စဉ်းစားမိသည်။ ဦးသက်ထွန်းသည် လုံးခြေ၍ လွှင့်ပစ်ထားသော ကြေးနန်း စာရွက်ကို ကောက်၍ ဖတ်ကြည့်မိပြန်သည်။

“ အသည်းအသန် ဖြစ်နေသည်” ဆိုသော စာလုံးများကို တွေ့ရပြန်သောအခါ တကယ်ပဲလားဟု သံသယ ဖြစ်လာမိ ပြန်သည်။ တကယ် အသည်းအသန် ဖြစ်လျက် အိပ်ရာပေါ်တွင် သေမင်းနှင့် လွန်ဆွဲ နေချိန်တွင် သူ့ကို တကယ်တမ်း တ၍ ရိုက်လိုက်သော ကြေးနန်း ပေလားဟုလည်း တွေးမိပြန်သည်။ တကယ် သေလုမြောပါး ဖြစ်နေပါလျက်နှင့် သူက လိမ်ခေါ်သည်ဟု ယူဆခဲ့မိ၍ မသွားဘဲ နေခဲ့ပါလျှင်လည်း သူ့ ဘက်က ဝတ္တရားပျက်ရာ ကျတော့မည်ဟု ယူဆမိပြန်သည်။ ထိုမျှမက တစ်လောကလုံးကလည်း သူ့အား ရက်စက် စိမ်းကားသူဟု အပြစ် ဖို့ကြတော့မည်ကို တွေးမိပြန်သည်။

ထို့ကြောင့် ဦးသက်ထွန်းသည် ည ရထားနှင့် ရန်ကုန်သို့ ပြန်လိုက်သွား ရန် ဆုံးဖြတ်လိုက်သည်။ ကြေးနန်းတွင် ပါသည့် အတိုင်း မမ အသည်းအသန် ဖြစ်နေသည် ဆိုပါလျှင် သူသည် မမကို မသေမီတွင် တွေ့ကာ ပြုသမျှ အပြစ်များ အတွက် ခွင့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ထိုသို့ မဟုတ်ဘဲ လိမ်ခေါ်ခြင်း ဖြစ်လျှင်လည်း ဘာမှ မပြောဘဲ ထွက်လာခဲ့ရုံသာ ရှိပေသည်။

ဦးသက်ထွန်းသည် ရှစ်နာရီ ရထားဖြင့် ရန်ကုန်သို့ လိုက်လာခဲ့သည်။ တစ်လမ်းလုံးလည်း အိပ်၍ မပျော်ဘဲ တကယ် အသည်းအသန် ဖြစ်လေသလား၊ လိမ်ခေါ်လေသလားဟု တွေးလာခဲ့မိသည်။

ရန်ကုန်သို့ ရောက်လျှင် ဦးသက်ထွန်းသည် တက္ကစီ တစ်စီးဖြင့် အိမ် သို့ လာခဲ့သည်။

လိမ်ခေါ်ခြင်း ဖြစ်လျှင် စိတ်ကို ငြိမ်သက်စွာ ထားကာ အေးအေးဆေး ဆေး ထွက်လာမည်။ တကယ် အသည်းအသန် ဖြစ်နေသည် ဆိုလျှင် သေခါနီး လူတစ်ယောက် အသေဖြောင့်အောင် ခွင့်လွှတ်လိုက်မည်ဟု တွေးလာသည်။

သို့ဖြင့် သူ ဘယ်တော့မှ မပြန်ဟု ဆုံးဖြတ်ထားသော အိမ်သို့ ရောက်လာခဲ့၏။

သူ့ကို မြင်တော့ အစေခံမလေးက ပျာပျာသလဲ တံခါး ဖွင့်၍ ပေးလေ သည်။

‘နင့် မမ ဘယ့်နှယ် နေသေးလဲ”

“မနေ့ကပဲ မျက်နှာ မြင်ပါတယ်”

ဦးသက်ထွန်းသည် တုံ့ခနဲ ဖြစ်သွားပြီး မျက်နှာမှာ သွေး မရှိတော့သလို ဖြူရော်သွားသည်။ သေသွားရင် ဘယ်လောက် ကောင်းလိမ့်မလဲဟုလည်း စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။

“ခုကော ဘယ့်နှယ် နေသေးလဲ”

“သိပ် အသည်းအသန် ဖြစ်နေပါတယ်၊ မနေ့ ညက ဆရာဝန်ကြီး ကာနယ် မင်းဇံကို ခေါ်ပါတယ်၊ ခုလည်း ဆရာဝန်ကြီး ရောက်နေပါတယ်”

“သွား သွား၊ ကားပေါ်က ငါ့ ပစ္စည်းတွေ သွား သယ်ခဲ့”

သူ တောင့်တသလို မမသည် သေသွားနိုင်သည်ဟု ယူဆ၍ စိတ်ထဲတွင် ကျေနပ်သွားသည်။ သေသွားရင်လည်း သူတို့ အားလုံး အတွက် ဒုက္ခ အေးပေမည်။ အရှက်တကွဲ အကျိုးနည်း ဖြစ်ရခြင်းမှ လွတ်ပေတော့မည်။

ဦးသက်ထွန်းသည် ဆု မတောင်း ကောင်းသော အရာကို ဆုတောင်းရင်း အိမ်ထဲသို့ ဝင်လာခဲ့သည်။

လှေကားဝ အင်္ကျီချိတ်သော ကျွန်းသားတိုင်တွင် ကုတ်အင်္ကျီ တစ်ထည်ကို ချိတ်လျက်သား တွေ့ရသည်။

ဦးသက်ထွန်းသည် လှေကားပေါ်သို့ လှမ်းတက်မည် ပြုရင်းက ကုတ် အင်္ကျီကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရင်း…

“အိမ်ပေါ်မှာ ဘယ်သူတွေ ရှိသလဲ”

“ဆရာဝန်ကြီးရယ်၊ ဆရာမရယ်၊ ဆရာ ဦးသက်ဆွေရယ်”

ဦးသက်ထွန်းသည် ဘာမျှ ပြန်မပြောဘဲ အိမ်ပေါ်သို့ တက်လာခဲ့သည်။ အိမ်ရှေ့ခန်းမှာ ဘယ်သူမှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူနာပြု ဆရာမလေးသည် အခန်းထဲမှ ထွက်လာသည်။

“ဪ… မင်းကြီး ပြန်ရောက်လာပြီလား၊ မင်းကြီးကို ခဏ ခဏ မေးနေပါတယ်”

ဦးသက်ထွန်းက ဘာမှ ပြန်မပြောခင် အခန်းထဲက ရေခဲ အယူခိုင်းသည့် ဆရာဝန်ကြီး၏ အသံ ထွက်ပေါ်လာသဖြင့် ဆရာမလေးသည် အောက်ထပ် ထမင်းစားခန်းသို့ ခပ်သုတ်သုတ် ဆင်းသွားသည်။

ဦးသက်ထွန်းသည် မမ၏ အိပ်ခန်းနှင့် ကပ်လျက် ရှိသော သူ့ အခန်းထဲသို့ ဝင်လာခဲ့သည်။ သူ့ စာရေး စားပွဲတွင် ကိုသက်ဆွေသည် မျက်နှာကို လက်ဝါးနှင့် အပ်၍ တရှုပ်ရှုပ် ငိုနေသည်။

ဆရာဝန်ကြီး၏ ရေခဲ ယူခိုင်းသံကို ကြားလိုက်ရသဖြင့် … ကိုသက်ဆွေ သည် မတ်တတ် ထလိုက်သည်တွင် ဦးသက်ထွန်းနှင့် ပက်ပင်း တိုးနေသည်။ ဦးသက်ထွန်းနှင့် ကိုသက်ဆွေသည် တစ်ယောက်ကို တစ်ယောက် စကား မပြောမိကြဘဲ ရပ်နေမိကြသည်။

ကိုသက်ဆွေသည် ဦးသက်ထွန်းကို မြင်လိုက်ရတော့ အံ့အားသင့်သွား ကာ တစ္ဆေခြောက် ခံရသလို တွေတွေကြီး ကြည့်၍ ရပ်နေသည်။ သူ့ မျက်လုံးတွင် မျက်ရည်တွေ ဝဲနေသည်။

အတော် ကြာတော့မှ ကိုသက်ဆွေသည် အားလျော့သွားဟန်ဖြင့် ခေါင်းငိုက်စိုက်ကြီး ကျကာ ကုလားထိုင်တွင် ပြန်၍ ထိုင်လိုက်သည်။ ဦးသက်ထွန်းနှင့် မမတို့၏ ကြားတွင် သူသည် အပြင်လူ တစ်ယောက်မျှသာ ဖြစ်နေသည်ကို သတိ ထားလိုက်မိသည်။

ကိုသက်ဆွေသည် စိတ်ထဲတွင် ဂနာမငြိမ်ဘဲ ယောက်ယက် ခတ်နေ သည်။ ထို့ကြောင့် ကြာကြာ မနေနိုင်ဘဲ မတ်တတ် ရပ်လိုက်ရသည်။

“တော်တော် ဆိုးနေပြီ၊ ဆရာဝန်ကတော့ မျှော်လင့်ချက် မရှိတော့ဘူးလို့တောင် ဖွင့်ပြောပြီးပြီ၊ ဦးသက်ထွန်း ကျွန်တော့်ကို ကြိုက်သလို လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ကို သူ့ အနားမှာ စောင့်ကြည့်ခွင့် ပေးပါလို့တော့ ကျွန်တော် တောင်းပန်ပါရစေ၊ ကျွန်တော် ကျွန်တော်..”

ကိုသက်ဆွေသည် စကားကို ဆက် မပြောနိုင်တော့ဘဲ ကျိတ်၍ ရှိုက် နေသည်။ မျက်ရည်များသည် ပါးပြင်ပေါ်သို့ လိမ့်ကျလာကြသည်။

ဦးသက်ထွန်းသည် သူတစ်ပါး မျက်ရည်ကျတာကို မြင်လျှင် စိတ် ထိခိုက် လွယ်ကူသူ ဖြစ်သည်။

ထို့ကြောင့် ကိုသက်ဆွေကို မကြည့်တော့ဘဲ မျက်နှာလွှဲကာ မမ၏ အခန်း ဘက်သို့ ထွက်လာခဲ့သည်။

အိပ်ခန်းထဲမှ မမ၏ စကား ပြောသံကို ကြားရသည်။ သို့ရာတွင် ဘာမျှ မသဲကွဲလှဘဲ လုံးထွေးနေသည်။ ဦးသက်ထွန်းသည် အိပ်ခန်းထဲသို့ ဝင်လာပြီး မမ၏ ခုတင်ဘေးတွင် ရပ်လိုက်သည်။ မမ၏ မျက်နှာမှာ ဖြူရော်ကာ နှုတ်ခမ်းများမှာ တုန်ယင်စွာ လှုပ်နေကြသည်။ လက်များက မွေ့ရာကို ကျစ်ကျစ် ပါအောင် ဆုပ်ကာ ကုပ်နေကြ၏။

“ကိုသက် ကိုသက်၊ ကိုကို ကိုကို၊ ကိုကို မမကို ခွင့်လွှတ်တယ်နော်၊ ခွင့်လွှတ်ပါ ကိုကိုရာ၊ ကိုကိုဟာ စိတ်သဘောထား ကြီးပါတယ်နော် ကိုကို၊ ဟင်း.. ကိုကို ပြန်လာတော့မယ်နော်၊ ကိုကို ပြန်လာခဲ့ပါ ကိုကိုရယ်၊ သမီး လေးကို ကိုကို မကြည့်ချင်ရင် ဆရာမကို ပေးလိုက်ပါနော် ကိုကို၊ မောတယ် ကိုကို မောတယ်၊ ပြန်လာပါ ကိုကိုရယ်နော် ပြန်လာခဲ့ပါ”

မမသည် ကယောင်ကတမ်း ပြောနေသည်။ မျက်လုံးများမှာ မှိတ်၍ နေ ကြသည်။ မျက်နှာသည် တစ်ချက် တစ်ချက်တွင် ကြည့်ရက်စရာ မရှိအောင် ရှုံ့မဲ့နေသည်။

“မမ မမ၊ သတိထားလေ၊ မင်းကြီး ရောက်နေပြီ”

ဆရာမလေးက မမ အနားသို့ ကပ်၍ ပြောလိုက်သည်။ မမသည် မျက်လုံးများ ဖွင့်၍ ဆရာမကို ကြည့်လိုက်သည်။ သူ့ ကြည့် ပုံမှာ ကြောင်ကြောင်ကြီး ဖြစ်နေသည်။ ဘာကိုမျှ မြင်ပုံ မရပေ။

“ညာမပြောကြပါနှင့်၊ မမကို ညာမပြောကြပါနှင့်၊ သူ မလာတော့ပါ ဘူး၊ မမ သိပါတယ်၊ ကိုကိုဟာ မမကို ခွင့်မလွှတ်တော့ဘူး ဟုတ်လား၊ ကိုကို့ အကြောင်း မောင် မသိပါဘူး မောင်ရယ်၊ မမ သိပါတယ်၊ မမ သိပ် သိပါတယ်၊ တူးတူးကို ထမင်း ကျွေးပြီးကြပြီလား ဟင်၊ တူးတူးကို သူ့ ညီမလေးနှင့် အတူတူ သိပ်ပါနော်၊ တူးတူးရေ ညီမလေးကို မမုန်းပါနှင့်ကွယ်၊ နော် သား”

မမ၏ နှုတ်ခမ်းများမှာ ပြာလာစ ပြုနေကြသည်။ မွေ့ရာတွင် ကုပ်ထားသော လက်များမှာ ငြိမ်သွားကြသည်။ မမသည် မျက်လုံးကြီး ပြူး၍ ဦးသက်ထွန်းအား လှမ်းကြည့်နေသည်။ နောက် ထိုးနှက်ချက် တစ်ခုကို ကာသလို မျက်နှာကို လက်မောင်းဖြင့် ကွယ်ထားလိုက်၏။

“မကြောက်ဘူး မကြောက်ဘူး၊ ကိုကို့ကို မမ မကြောက်ဘူး၊ မမ သေရမှာကို ကြောက်တယ်၊ ကိုကို ကိုကို၊ မမ အနားကို လာပါ၊ မြန်မြန် လာစမ်းပါ ကိုကိုရယ်၊ မမ သွားရတော့မယ်၊ မမ မနေရတော့ဘူး၊ မြန်မြန် လာပါ ကိုကို၊ အချိန် မရှိတော့ဘူး၊ မမသွားရတော့မယ်”

ဦးသက်ထွန်း မမကို ကြည့်၍ ရင်ထဲတွင် လှိုက်လာသည်။ မမ လက်ကို ဆုပ်ကိုင်ထားပြီး စကား ပြောကြည့်သည်။ သို့ရာတွင် ဘာသံမှ ထွက်မလာဘဲ နှုတ်ခမ်းများကသာ လှုပ်နေကြသည်။

“ခဏ နေကြပါဦး၊ ကိုကိုနှင့် စကား ပြောပါရစေဦး၊ ကိုကို ကိုကို၊ မမလေ ကိုကို့ကို ချစ်ပါတယ် ကိုကိုရယ်၊ မအံ့ဩပါနှင့် ကိုကို၊ မမ သတိ မလွတ်ပါဘူး၊ ဒါပေမဲ့ မမ ရင်ထဲမှာ ဒီ့ပြင် မိန်းမ တစ်ယောက် ပူးနေတယ် ကိုကို၊ အဲဒီ မိန်းမက ကိုကို့ကို မုန်းခိုင်းပြီး သူ့ကို အချစ်ခိုင်းနေတယ်၊ မမနှင့် ဒီ မိန်းမနှင့် မတူပါဘူး ကိုကိုရယ် နော်၊ တစ်ယောက်စီပါ၊ ခု ဒီမိန်းမ မရှိတော့ပါဘူး ကိုကိုရယ်၊ မမပဲ ရှိပါတော့တယ်၊ မမ မနေရတော့ဘူး ကိုကို၊ ရင်ဘတ်ပေါ်မှာ အလေးကြီး တင်ထားသလို လေးနေပြီ၊ မမ ကြာကြာ မနေ ရတော့ပါဘူး ကိုကိုရယ်၊ မမ မသေခင်မှာ ကိုကို ခွင့်လွှတ်တယ် ဆိုတဲ့ စကားကို ကြားသွားပါရစေနော်၊ ခွင့်မလွှတ်တော့ဘူးလား ကိုကို၊ မလုပ်ပါနှင့် ကိုကိုရယ်၊ မမကို ခွင့်လွှတ်ပြီးတော့မှ ဒီလောကကြီးက နှင်လိုက်ပါနော် ကိုကို”

မမသည် ဦးသက်ထွန်း၏ လက်ကို ဖျစ်ညှစ်၍ ဆုပ်ကိုင်ထားသည်။ မမ၏ လက်များသည် မီးလို ပူနေကြသည်။ ဦးသက်ထွန်းသည် ရင်ထဲမှာ တလှိုက်လှိုက် ဖြစ်လာသည်။ နှလုံးသည် လျင်မြန်စွာ ခုန်လျက် ရှိသည်။

မမ၏ အခြေအနေကို မြင်လိုက်ရတော့ သံမဏိခဲလို မာကျောသော ဦးသက်ထွန်း၏ နှလုံးသားမှာ ပဲ့ကျ အရည်ပျော်၍ သွေးထဲတွင် ရောနှောပါသွားကာ ပွက်ပွက် ဆူနေသည်ဟု ထင်မှတ်ရလေသည်။

ဦးသက်ထွန်းသည် ကြာကြာ မချုပ်တည်းနိုင်တော့ဘဲ ခုတင်ဘေးတွင် ဒူးထောက် ထိုင်ချလိုက်ပြီး ကွေးထားသော မမ တံတောင်ဆစ်ပေါ်တွင် ခေါင်းတင်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သည်။ မမသည် ဦးသက်ထွန်း၏ လည်ပင်း ကို သိုင်း၍ ဖက်လိုက်ပြီး စောင်းငဲ့ ကြည့်လိုက်သည်။

“ကိုကို၊ ကိုကို လာတယ်နော်၊ မမကို ခွင့်လွှတ်တယ်နော် ကိုကို၊ ဝမ်းသာ လိုက်တာကိုကိုရယ်၊ ဝမ်းသာလိုက်တာ၊ ဟင်း”

မမသည် သက်ပြင်း ချရင်း ကိုယ်တွင် ခြုံထားသည့် စောင်များကို ဖယ်ရှား ပစ်လိုက်သည်။ သူ့ ရင်ညွန့်သည် ဖားဖိုလို လျင်မြန်စွာ လှုပ်နေသည်။

“ကိုကို့ဆီက မမ တစ်ခုပဲ လိုချင်ပါတယ် ကိုကိုရယ်၊ မမကို ခွင့်လွှတ် တယ် ဆိုတဲ့ စကားကို ကြားရရင် သေပျော်ပါပြီ၊ ဒီကို လာလေ”

မမက အခန်းဝတွင် ရပ်နေသည့်ကိုသက်ဆွေကို မျက်လုံး လှန်ကြည့် လိုက်ပြီး ခေါင်းညိတ် ခေါ်လိုက်သည်။ ကိုသက်ဆွေသည် မရဲတရဲနှင့် အနားသို့ ကပ်လာပြီး မမကို လှမ်းကြည့်နေသည်။

နောက် ခုတင်တိုင်ကို မှီကာ မျက်နှာကို ငုံ့လိုက်ပြီး မျက်စိကို လက်ဝါး ဖြင့် ကန့်လန့်ဖြတ် အုပ်ထားလိုက်မိသည်။

“မောင်၊ မောင့် လက်ကို ဖယ်ပစ်လိုက်စမ်းပါ မောင်ရယ်၊ ကိုကို့ကို သေသေချာချာ ကြည့်လိုက်စမ်းပါ၊ ကိုကိုဟာ သူတော်ကောင်းကြီးပါ မောင်ရယ်၊ စိတ်သဘောထား ကြီးတဲ့ သူတော်ကောင်းကြီးပါ၊ ကြည့်လေ မောင်၊ ကိုကို့ကို ကြည့်စမ်းပါ”

ကိုသက်ဆွေက မျက်နှာကို လက်ဝါးနှင့် အုပ်မြဲ အုပ်ထားသည်။ မမသည် ကိုသက်ဆွေကို လှမ်းကြည့်ကာ နှုတ်ခမ်းများကို လျှာဖြင့် လျက်နေသည်။

“ကိုကို၊ သူ့ လက်ကြီးကို ဖယ်ပေးလိုက်စမ်းပါ ကိုကိုရယ်၊ မမ သူ့ကို ကြည့်ချင်လို့ပါ”

ဦးသက်ထွန်းသည် ဒူးထောက် ထိုင်ရာမှ ထပြီး ကိုသက်ဆွေ၏ လက်ကို မျက်နှာမှ ဖယ်ရှားပေးလိုက်သည်။

“သူ့ကို လက်ဆွဲ နှုတ်ဆက်လိုက်ပါ ကိုကို၊ သူ့ကိုလည်း ခွင့်လွှတ်ပါနော်”

ဦးသက်ထွန်းသည် ကိုသက်ဆွေ၏ လက်ကို ဆွဲ၍ ကိုင်လိုက်သည်။ ဦးသက်ထွန်း မျက်လုံးတွင် မျက်ရည်တွေ ဝေ့နေကြသည်။

“ကျေးဇူးတင်လိုက်တာ ကိုကိုရယ်၊ မမ ဝမ်းသာလိုက်တာ၊ ဒါပါပဲ ကိုကို၊ မမ လိုချင်တာ ဒီ တစ်ခုပါပဲ၊ ဒေါက်တာ ကျွန်မ အိပ်ချင်ပြီ၊ ဒေါက်တာ ကျွန်မကို အိပ်ဆေး ထိုးပေးပါ ဒေါက်တာ၊ ကျွန်မ သွားရတော့မယ်”

မမသည် စကားတွေကို တတွတ်တွတ် ပြောနေသည်။ သို့ရာတွင် ပီပီသသ မဟုတ်တော့ပေ။ ခဏ ကြာတော့ မမသည် အိပ်ရာပေါ်တွင် လူးလှိမ့်ရင်း ငြိမ် သက်၍ သွားလေသည်။

ဆရာဝန်က မမ၏ ရောဂါမှာ ပြုပါရယ် ခေါ် အဖျား တစ်မျိုး ဖြစ်၍ တစ်ရာလျှင် တစ်ယောက်လောက်သာ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိကြောင်း ပြောပြနေသည်။ မမသည် ထိုနေ့ တစ်နေ့လုံး အဖျား တက်လိုက်၊ ငန်းဖောက် လိုက်၊ သတိ လစ်လိုက်နှင့် မသက်သာဘဲ ဖြစ်နေသည်။ ည သန်းခေါင်တွင်မူ မမမှာ သတိ လုံးဝ ပြန်လည် မလာတော့ဘဲ သွေးဆုတ်စ ပြုလာသည်။ သွေး စမ်း၍ပင် မရတော့သလောက် ဖြစ်လာသည်။

ဆရာဝန်ကလည်း လက်လျှော့ကာ နောက်ဆုံး အချိန်ကိုသာ စောင့်ဖို့ လိုတော့ကြောင်း၊ အသက် ထွက်လျှင် ညင်ညင်သာသာ ထွက်ဖို့ကိုသာ ဆေးထိုး ပေးခဲ့မည် ဖြစ်ကြောင်း ပြောပြ၍ နှုတ်ဆက် ပြန်သွားလေသည်။

ကိုသက်ဆွေလည်း အိမ်သို့ ပြန်လာခဲ့ပြီး မနက် အိပ်ရာက နိုးသည်နှင့် အခြေအနေကို စုံစမ်းရန် ထွက်လာခဲ့ရပြန်သည်။

အိမ်အောက်တွင် ဦးသက်ထွန်းနှင့် တွေ့၍ ဦးသက်ထွန်းက နံနက် လင်းခါနီးတွင် အဖျားကျ၍ သတိ လည်လာကြောင်း ပြောပြီး ကိုသက်ဆွေကို အိပ်ခန်းထဲသို့ ခေါ်သွားသည်။

သို့ရာတွင် နေ့လယ်တွင် အမော ဖောက်လာပြီး သတိလစ်သွားပြန်သည်။ တတိယမြောက် နေ့တွင်လည်း ထို့အတူပင် ဖြစ်သည်။

ဆရာဝန်ကြီး ကာနယ် မင်းဇံမှာ အံ့အားသင့်ကာ သည်အတိုင်း ဆိုလျှင် မျှော်လင့်ချက် ရှိသေးကြောင်း ပြောပြသည်။ ထိုနေ့က ဦးသက်ထွန်းမှာလည်း ဝမ်းသာ၍ နေလေသည်။

ဦးသက်ထွန်းသည် မမ အိပ်ခန်းနှင့် ကပ်လျက် ရှိသော အခန်းထဲတွင် ထိုင်နေသည့် ကိုသက်ဆွေဆီသို့ လျှောက်လာခဲ့ပြီး အခန်း တံခါးကို ပိတ်ကာ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။ ကိုသက်ဆွေမှာလည်း မျှော်လင့်ချက် ရှိ၍ ဝမ်းသာသည့် အရိပ်အယောင် ပေါ်လွင်နေသည်။

ဦးသက်ထွန်း စကား စရန် ဟန်ပြင်လိုက်သည်နှင့် ကိုသက်ဆွေက ထိုင်ရာမှ ထလိုက်ကာ…

“ကျွန်တော် တောင်းပန်ပါတယ် ဦးသက်ထွန်း၊ ဒီ ကိစ္စမှာ ဦးသက်ထွန်း စိတ်ဆင်းရဲသလို ကျွန်တော်လည်း စိတ်ဆင်းရဲရပါတယ်၊ ဒီတော့ ခု အတော အတွင်းမှာ စကား မပြောပါ ရစေနှင့်”

ဦးသက်ထွန်းသည် ကိုသက်ဆွေ၏ လက်ကို ဖမ်းဆွဲထားလိုက်ပြီး စိုက် ကြည့်နေသည်။ ပြီးမှ…

“ကျုပ် အိမ်ကို မောင်သက်ဆွေ မလာရဘူးလို့ ပြောထားတာ မသိဘူး ထင်တယ်’

“ကျွန်တော် သိပါတယ်”

ကိုသက်ဆွေက ခပ်ဆတ်ဆတ် ပြန်ပြောလိုက်၏။

“ကဲ သိရင် ခဏ ထိုင်ပါဦး၊ မောင်သက်ဆွေက စကား မပြောချင်ပေမဲ့ ကျုပ်က ပြောရလိမ့်မယ်၊ ကျုပ် ရင်ထဲမှာ ပြောစရာတွေ အများကြီး ရှိနေတယ် ဒီတော့ တစ်ဆိတ် နားထောင်ပါ၊ ခပ်တိုတိုပါပဲ၊ ဒါမှ ကျုပ်နှင့် မောင်သက်ဆွေ တို့ ကြားမှာ ရှင်းသွားလိမ့်မယ်”

ကိုသက်ဆွေသည် စာရင်း ရှင်းကြရန် ဦးသက်ထွန်းက တောင်းဆိုနေပေ သလားဟု ဦးသက်ထွန်းကို လှမ်းကြည့်လိုက်သည်။

ဦးသက်ထွန်းက သူ့ကို မကြည့်ဘဲ လက် နှစ်ဖက်ကို နောက်ပစ်၍ လမ်း လျှောက်ရင်း…

“ဒီ ကိစ္စနှင့် ပတ်သက်လို့ ကျုပ် တော်တော် စိတ်ထိခိုက်တယ်၊ ရူးမတတ် ဖြစ်ခဲ့ရတယ်၊ တစ်ယောက်တည်း ကြိတ်ခံဟားခဲ့ရရယ်၊ ဆောက်တည်ရာ မရ ဖြစ်ခဲ့ရတယ်၊ ကျုပ် ရင်ထဲမှာ ဘယ်လို ဖြစ်နေတယ် ဆိုတာကို ခွဲဝေပေးလို့ ရရင် မောင်သက်ကို ခွဲဝေပေးပြီး ခံစားကြည့်စေ ချင်တယ်၊ ဘယ်လောက်ထိအောင် ခံစားရသလဲ ဆိုရင် ကျုပ် ချစ်တဲ့ မိန်းမကို ကျုပ် တစ်ခါတည်း ပြတ်စဲလိုက်တော့မယ်လို့ ဆုံးဖြတ်ချက် ချမိတဲ့ အထိ ဖြစ်ခဲ့ရတယ်၊ အေးလေ ဒါတွေ ထားပါတော့ ကိုသက်ဆွေသည် မျက်နှာကို လက်ဝါးဖြင့် အုပ်၍ ထိုင်ရင်း ဦးသက် ထွန်း၏ စကားများကို နားထောင်နေ၏။

“ဖြစ်စတုန်းကတော့ ကျုပ်ဟာ ဒီ အကြောင်းကို တွေးတိုင်း ကျုပ် အစော်ကား ခံရလေခြင်း ဆိုပြီး နာကြည်းတယ်၊ ရှက်တယ်၊ ရှက်သမှ ကိုယ့်မျက်နှာကို ဓားနှင့်တောင် လှီးပစ်ချင်တယ်၊ နာကြည်းလွန်းလို့ မောင်သက်ဆွေကိုရော မမကိုရော ငါ စိတ်ဆင်းရဲသလို သင်းတို့လည်း စိတ်ဆင်းရဲရအောင် လက်စားချေမယ်လို့ စိတ်ကူးခဲ့တယ်၊ ကြေးနန်း ရပြီး ရန်ကုန် ရောက်တဲ့ အထိ လက်စား ချေလိုစိတ်နှင့် ပြန်လာခဲ့တယ်၊ လင့် အပေါ်မှာ ဒီလောက် သစ္စာမဲ့တဲ့ မိန်းမ မြန်မြန် သေပါစေလို့ တဖွဖွ ဆုတောင်းလာခဲ့တယ်၊ ဒါပေမဲ့..”

ဦးသက်ထွန်း၏ မျက်လုံးမှ မျက်ရည်တွေ စီးကျလာသည်။ ဦးသက်ထွန်းသည် မျက်ရည်တွေ သုတ်လိုက်ပြီး…

“ဒါပေမဲ့ အိပ်ရာပေါ် အသက်ငင်နေတဲ့ မိန်းမ တစ်ယောက်ကို မြင်တော့ ကျုပ် အသိတရား ရလာတယ်၊ လင်ကို သစ္စာ ဖောက်လောက်အောင် စိတ်အား ပျော့ညံ့တဲ့ မိန်းမနှင့် သူများ မိန်းမကိုတောင် မရှောင်နိုင်လောက်အောင် စိတ်ထား ပျော့ညံ့တဲ့ လူတစ်ယောက်ကို လက်စားချေလို့ အလကားပဲလို့ ကျုပ် သဘော ပေါက်လာတယ်၊ ခေါင်း အေးအေးနှင့် စဉ်းစားတဲ့ အခါကျတော့ ကျုပ်ဟာ ရှက်စရာ မဟုတ်တာကို ရှက်နေတယ်ဆိုတာ သိလာရတယ်၊ ဟုတ်တယ် မောင်သက်ဆွေ၊ တကယ်ကျတော့ ကျုပ်က ဘာမှ ရှက်စရာ မရှိဘူး၊ ဘာမှ သူတကာ ဝိုင်းပြီး လက်ညှိုးထိုး ခံရအောင် မလုပ်ခဲ့ဖူးဘူး၊ သူတစ်ပါးကို လိမ်တာ စော်ကားတာ သစ္စာဖောက်တာဟာ ရှက်စရာကြီးလို့ လူ့ကျင့်ဝတ် အဘိဓမ္မာတွေ ဖွင့်ဆိုခဲ့ကြတယ်၊ ဒီတော့ သစ္စာ မရှိတဲ့သူ စော်ကားတဲ့သူ လိမ်တဲ့သူကမှ မရှက်လို့ လူ့ကျင့်ဝတ် တရားတွေကို ဖောက်ဖျက်ပြီပဲ၊ သစ္စာ ဖောက်ခံရတဲ့ အစော်ကား ခံရတဲ့ အလိမ်ခံရတဲ့ ကျုပ်က ဘာရှက်စရာ ရှိသလဲ၊ မဟုတ်ဘူးလား၊ ဒါကြောင့် ကျုပ်မှာ ရှက်တဲ့စိတ် မရှိတော့ဘူး၊ လက် စား ချေချင်တဲ့ စိတ်လည်း မရှိတော့ဘူး၊ သူ သေကောင်ပေါင်းလဲ ဖြစ်နေတဲ့ အချိန်ထိ ကျုပ်ဟာ လူ့ကျင့်ဝတ်ကို စောင့်ထိန်းတယ် ဆိုတာ ပြခဲ့တယ်၊ ခွင့်လွှတ်ခဲ့တယ်၊ မောင်သက်ဆွေကိုလည်း ခွင့်လွှတ်တယ်၊ ဒါကြောင့် မောင်သက်ဆွေ မရှက်တတ်လို့ ကျုပ်ပါးတစ်ဖက်ကို လာချရင် ကျုပ် လက်စား မချေ ချင်ပါဘူး၊ မရှက်တတ်ရင် ထပ်ရိုက် ဆိုပြီး ကျန်တဲ့ ပါးတစ်ဖက်ကို ကျုပ် ထိုးပေးမှာပဲ၊ ဒီ့ထက် ပိုပြီး မရှက်တတ်သေးရင် ကျုပ်ကို ရွှံ့ပုပ်ထဲ ပစ်ချပြီး ခြေနှင့် နင်းနိုင်သေးတယ်၊ ဒါဟာ အစော်ကားရာနှင့် ပတ်သက်ပြီး ခံယူချက်ပဲ”

ဦးသက်ထွန်း၏ မျက်ရည်များမှာ ခန်းခြောက်သွားကြပြီ ဖြစ်သည်။

ပြောချင်တာတွေ ပြောလိုက်ရသဖြင့်လည်း ရင်ထဲတွင် ပေါ့ပါးသွားရန် ရှိသည်။

“ကျုပ် ပြောတာတွေက ဆန်းနေလို့ ရှိရင် ကျုပ်ကို အရူးလို ထင်ချင် လည်း ထင်နိုင်သေးတယ်၊ အေး တစ်ခုတော့ ရှိတယ်၊ ကျုပ် မိန်းမကို ကျုပ် ချစ်တယ်၊ ဘယ်တော့မှ မစွန့်ပစ်ဘူး၊ ကျုပ် ဝတ္တရားဟာ ကျုပ် မိန်းမနှင့် ေ အတူ ရှင်မကွာ နေဖို့ပဲ၊ သူက မောင်သက်ဆွေကို တွေ့ချင်တယ် ဆိုရင် ကျုပ် မောင်သက်ဆွေကို အကြောင်း ကြားမယ်၊ အင်မတန် တွေ့ချင်တယ် ဆိုရင်လည်း တွေ့ဖို့ ကျုပ် စီစဉ်ပေးမယ်၊ ဒါပေမဲ့ ခု လောလောဆယ် အဖို့တော့ မောင်သက်ဆွေ ဒီက အမြန်ဆုံး ထွက်သွားရင် ကောင်းလိမ့်မယ်လို့ ထင်တယ် ကျုပ် မောင်သက်ဆွေ အတွက် တံခါးဖွင့်ထားတယ်၊ ဒါပဲ ကျုပ် ပြောချင်တယ်”

ဦးသက်ထွန်းသည် ထိုင်ရာမှ ထလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ ကိုသက်ဆွေသည် ဦးသက်ထွန်း ဖွင့်ပေးလိုက်သော တံခါး အတိုင်း ခေါင်း ငိုက်စိုက်ချ၍ ထွက်လာခဲ့သည်။