မမ

(၂၂)

ကိုသက်ဆွေသည် ဦးတည်ချက် မရှိဘဲ ကန်တော်ကြီးစောင်း အတိုင်း မော်တော်ကားကို မောင်းလာခဲ့သည်။ ဘယ်သွား၍ ဘယ်လာရမည်ကိုလည်း ဝေခွဲမရအောင် ဖြစ်နေသည်။ ဦးသက်ထွန်းသည် ယဉ်ယဉ်ကလေးနှင့် သူ့ကို လောကတွင် ရှက်စရာ အကောင်းဆုံး လူတစ်ယောက်ဟု စွပ်စွဲလိုက်ခြင်း ဖြစ်ကြောင်းကို စဉ်းစားမိသည်။

ကိုသက်ဆွေသည် ဦးသက်ထွန်း၏ စကားများကြောင့် ရှက်လည်း ရှက် သည်။ အားလည်း ငယ်မိသည်။ ဦးသက်ထွန်း၏ စကားကို နားမထောင်ရခင်တုန်းကတော့ သူသည် သူ့ကိုယ်သူ အနိုင်ရသူဟု ထင်ခဲ့သည်။ မိန်းမတစ်ယောက်အား လင်နှင့် သားကို ပစ်၍ သူ့နောက်သို့ ကောက်ကောက် လိုက်လာနိုင်အောင် စွမ်းဆောင်နိုင်သူဟု ကိုယ့်ကိုယ်ကိုယ် အထင် ကြီးခဲ့သည်။

သို့ရာတွင် ဦးသက်ထွန်း၏ စကားများကို ကြားရသော အခါတွင်မူ သူ သည် အရှုံးသမား ဖြစ်နေကြောင်းကို တွေ့ရှိလာရသည်။ လွဲမှားစွာ အထင်ကြီးနေသူ ဖြစ်ကြောင်းကို သဘောပေါက်လာခဲ့သည်။

အရင်တုန်းကတော့ ဦးသက်ထွန်းသည် သနားစရာ ကောင်းသော သတ္တဝါ၊ သတ္တိကြောင်သော ယောက်ျား၊ ရယ်စရာ ကောင်းသော လင်ဟု အောက်မေ့ကာ ကိုယ့်ကိုယ်ကိုယ် အကျေနပ်ကြီး ကျေနပ်ခဲ့သည်။ သို့ရာတွင် သူ အထင်သေးခဲ့သော ဦးသက်ထွန်းသည် ယခုတော့ ရန်ငြိုး မဖွဲ့တတ်သော၊ အကင်းပါးသော၊ သနား ငဲ့ညှာတတ်သော၊ လေးစားဖွယ် ကောင်းသော၊ သဘောထား ကြီးသော လူတစ်ယောက်၏ အဖြစ်ကို သရုပ်ဆောင် ပြလိုက်ပြီဟု သဘောပေါက်လာသည်။

သူသည် ဦးသက်ထွန်းကို ယုတ်ညံ့စွာ လိမ်လည် သစ္စာမဲ့နေချိန်တွင် ဦးသက်ထွန်းသည် စိတ်ဒုက္ခတွေ ပင်လယ်ဝေသည့် ကြားက ခွင့်လွှတ်နိုင် သေးသည်ကို တွေ့ရသော အခါ ကိုသက်ဆွေသည် ကိုယ့် လိပ်ပြာကို ကိုယ်ရှက်၍ လာသည်။ ထို့ပြင်လည်း သူ့ကို အသည်း နင့်အောင် ချစ်သည်ဟု သူ ထင်ခဲ့သော မမသည် ဘဝတွင် နောက်ဆုံး အချိန်ပိုင်းကလေးသို့ ရောက်လာ သော အခါ၌ ဦးသက်ထွန်းကို တဖွဖွ မြည်တမ်းခဲ့ကာ ဦးသက်ထွန်းဘက်သို့ ချိန်ခွင့်ညှာကို စောင်းငဲ့ ပေးခဲ့သည်။

မမ၏ အသည်းထောင့် တစ်နေရာတွင် မသိမသာ ဖုံးကွယ်နေသော ဦးသက်ထွန်းကို ချစ်ခင်စိတ် အားကိုးစိတ်တို့သည် ခေါင်းပြူ ပေါ်လာကြကာ မမ၏ အသည်း အပေါ်ယံ အလွှာတွင် ကြီးစိုး မင်းမူနေသော ကိုသက်ဆွေ၏ ရုပ်ပုံလွှာကို ဖယ်ရှားပစ်လိုက်သည်။

ကိုသက်ဆွေသည် စဉ်းစားရင်းဖြင့်ပင် အိမ်သို့ ရောက်လာခဲ့သည်။

သုံးည ဆက်တိုက် အိပ်ရေး ပျက်သဖြင့် သူ့ တစ်ကိုယ်လုံးမှာ နုံး၍ နေသည်။ ကိုသက်ဆွေသည် အဝတ်အစားပင် မလဲတော့ဘဲ ခုတင်ပေါ်မှာ ပစ်၍ လှဲချလိုက်မိသည်။ ခေါင်းတစ်ခုလုံး အုံကာ ရှုပ်ပွေ နောက်ကျိလျက် ရှိသည်။ သူ့ နားထဲတွင် ဦးသက်ထွန်း၏ စကားလုံးများသည် ခေါင်းလောင်း တီးသလို မြည်ဟည်း၍ နေကြသည်။ သူ့မျက်လုံးထဲတွင် ဦးသက်ထွန်းနှင့် မမ၏ ရုပ်ပုံလွှာသည် အရုပ် ရေးထားသလို ပီသနေ၏။

သူသည် ဦးသက်ထွန်းအား စော်ကားခဲ့၍ မမအား ဖြားယောင်းခဲ့၏။

“စော်ကားတဲ့ လူကမှ မရှက်လို့ စော်ကားပြီပဲ၊ အစော်ကား ခံရတဲ့ လူက ရှက်စရာ မရှိပါဘူး မောင်သက်ဆွေ”

သည် စကားလုံးများမှာ အနာကို အက်စစ်ရည် တို့လိုက်သလို အခံရ ခက်စေသော စကားများ ဖြစ်သည်။ ရှက်စရာ ကောင်းသော စကား ဖြစ်သည်။ ထို့ပြင် မမ၏ ရှေ့တွင် သူ့ မျက်နှာကို အုပ်ထားသော လက်ဝါးများကို ဦး သက်ထွန်းက လာရောက် ဖွင့်လိုက်သည့် အခါတွင်လည်း သူ့ မျက်နှာထား သည် ဘယ်လောက် ရယ်စရာ ကောင်း၍ ဘယ်လောက် ရှက်စရာ ကောင်းနေမည်ကို တွေး၍ နေမိသည်။

သူများ မယားကို ကြာခိုတဲ့ မျက်နှာ ဆိုတာ ဟောဒီမှာဟေ့ဟု ပါးစပ် က ဖွင့်မပြောရုံသာ ကျန်တော့သည် မဟုတ်ပါလော။

ကိုသက်ဆွေသည် အဖြစ်အပျက်များ အားလုံးကို ခေါင်းထဲမှ ဖျောက်ဖျက်လိုက်ပြီး မျက်လုံးများကို မှိတ်၍ အိပ်ရန် ကြိုးစားကြည့်သည်။ သို့ရာတွင် အိပ်၍ မပျော်ပါတကား။ မျက်လုံးကို မှိတ်လိုက်တော့မှ ရုပ်ပုံလွှာများ သည် ပို၍ ထင်ရှားစွာ ပေါ်လာကြပြန်သည်။

ထို့ကြောင့် ဦးသက်ထွန်းအား ဟန်ဆောင်ကောင်းသူ၊ အားပျော့သူ၊ သတ္တိကြောင်သူဟု မကောင်းတာတွေ အကုန်ပုံ၍ တွေးကြည့်သည်။ သို့ရာတွင် ဦးသက်ထွန်း မကောင်းတာတွေကို တွေးသည့်ကြားက ကောင်းတာတွေ ပေါ် ပေါက် လာတတ်ပြန်သည်။

ထို့ကြောင့် ကိုသက်ဆွေသည် သည်ကိစ္စတွေကို မတွေးတော့ဘဲ သူ့ ရှေ့ ရေး၊ ရာထူး တိုးရေး၊ ပတ်ဝန်းကျင် စသည်တို့ကို တွေးကြည့်မိပြန်သည်။ သို့ရာတွင် ဘာကိုမျှ ပီပီသသ မတွေးနိုင်တော့ပေ။

အရင်တုန်းက ရာထူးတက်ရေး၊ လခကောင်းရေး၊ ပညာရေး စသည် တို့သည် ကိုသက်ဆွေ အဖို့ အဓိပ္ပာယ် ရှိသော အရာများ ဖြစ်ခဲ့ကြသည်။ ယခုတော့ ထိုအရာများသည်လည်း အဓိပ္ပာယ် မရှိကြတော့ပေ။

ကိုသက်ဆွေသည် ကုတ်အင်္ကျီကို ချွတ်ပစ်၍ ပစ်တင်လိုက်ပြီး အခန်း ထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည်။

ရူးတယ်ဆိုတာ သည်လိုက အစပြုတာလား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာဟာ ဒါမျိုးတွေကြောင့်လားဟုပင် တွေးလိုက်မိသည်။ လူတွေသည် ရှက်စရာ အလုပ် လုပ်တုန်းကတော့ မရှက်ကြဘဲ လုပ်ပြီးမှ ရှက်တတ်ကြသည်။ သည် အရှက်ကို ပြန်၍ မတွန်းလှန်နိုင်သောအခါတွင် ကြံမိရာ ကြံတတ်ကြသည်။ ကိုသက်ဆွေသည် သည်လို အစားထဲ ရောက်နေပြီလားဟုပင် ကိုယ့် ဘာသာကိုယ် မေးနေမိသည်။

ကိုသက်ဆွေသည် အံကြိတ်လိုက်ပြီး တံခါးကို မင်းတုပ် ချလိုက်သည်။ နောက် စားပွဲအံဆွဲထဲမှ ခြောက်လုံးပြူးကို ထုတ်ကိုင်လိုက်ပြီး တွေနေမိသည်။ တော်တော် ကြာသည့် တိုင်အောင်ပင် ကိုသက်ဆွေသည် ခြောက်လုံးပြူးကို လက်ထဲ ကိုင်လျက်က ခေါင်းငိုက်စိုက် ချ၍ ရပ်နေမိသည်။

ကိုသက်ဆွေသည် သူ့ ခေါင်းထဲသို့ ဝင်လာသော ရုပ်ပုံလွှာများကို ဖျောက်ပစ်လိုက်ပြီး လောကကြီးကို မေ့ထားလိုက်သည်။ နောက် ခြောက်လုံးပြူးကို ဘယ်ဘက် ရင်ဘတ်တွင် မိမိရရ ထောက်ကာ မောင်း ဖြုတ်ချလိုက်သည်။ သူ့ နားထဲတွင် ဘာသံမှ မကြားလိုက်ရသော်လည်း ရင်ဘတ်ကို ဆောင့်ထိုးလိုက်သလို ခံစားလိုက်ရပြီး ယိုင်၍ သွားသည်။

ကိုသက်ဆွေသည် စားပွဲ အစွန်းသို့ လှမ်း၍ ကိုင်လိုက်ပြီး ခြောက်လုံးပြူးကို လွှတ်ချလိုက်သည်။ ဒူးတွေ တုန်လာကာ ကြမ်းပေါ်သို့ လဲကျသွားသည်။ သို့ရာတွင် သတိ မလွတ်သေးဘဲ မျက်စိထဲတွင် တိုးဝင်လာသည့် စားပွဲ ခြေထောက်ကို လည်းကောင်း၊ အဝတ်ထည့် ကြိမ်ခြင်းကို လည်းကောင်း၊ နံရံ ပေါ်မှ ကျားသစ် သားရေကြီးကို လည်းကောင်း ပြူး၍ ကြည့်နေမိသည်။

သူ့အခန်း၏ ပုံစံမှာ တစ်မျိုးကြီး ဖြစ်နေသည်။ သူ့အခန်း မဟုတ်ဟုပင် စိတ်က ထင်လာမိသည်။ အပြင်ဘက်မှ တဒုန်းဒုန်း ပြေးလာသော သူ့ တပည့်၏ ခြေသံကို ကြားတော့မှ လွတ်လုဆဲ သတိကို ပြန်၍ ထိန်းထားလိုက်သည်။ ကြမ်းပေါ်သို့ လဲကျနေသည်ကို သတိရလာသည်။ ကြမ်းပေါ်မှ သွေးကွက်များ နှင့် လက်မောင်းက ဒဏ်ရာကို မြင်တော့ ကိုယ့်ကိုယ်ကိုယ် သေနတ်နှင့် ပစ် ကြောင်းကို ပြန်၍ သတိရလာလေသည်။

ကိုသက်ဆွေသည် ရှပ်၍ မှန်သွားသည်ကို မကျေမနပ် ဖြစ်ကာ အံကြိတ် လိုက်ပြီး ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်တွင် ကျနေသည့် ခြောက်လုံးပြူးဆီသို့ တွားသွား၍ ယူလိုက်သည်။ မမီသေးသဖြင့် နောက်တစ်ဆင့် သွားရန် အားယူ၍ လက်ကို ထောက်လိုက်သည်။ သို့ရာတွင် ကိုယ်ကို မဟန်နိုင်တော့ဘဲ သွေးကွက်ထဲတွင် လဲကျသွား၏။

သူ့ တပည့်သည် ကြမ်းပြင်က သွေးအိုင်ထဲတွင် လဲကျနေသော ကိုသက်ဆွေကို ကြည့်၍ အံ့အားသင့်နေကာ တစ်ဖက်ခြံသို့ ပြေး၍ အကူအညီ တောင်းနေသည်။

အတော် ကြာတော့ တစ်ဖက်ခြံမှ ဆရာများနှင့် ဆရာဝန်များ ရောက်လာ ပေသည်။

မမသည် နောင်တ ရမည့် မိန်းမစားမျိုး မဟုတ်ဟု ဦးသက်ထွန်း ထင်ခဲ့၏။ ထိုမျှမက သူ ကိုယ်တိုင်ကလည်း မမလို မိန်းမစားကို ဘယ်တော့မှ ခွင့်မလွှတ် နိုင်တော့ဟု ဦးသက်ထွန်း ယုံကြည်ခဲ့သည်။ သို့ရာတွင် မန္တလေးက ပြန်ရောက် လာ၍ အသက်ငင်နေသော ဇနီးသည်၏ အိပ်ရာဘေးသို့ ရောက်လာခဲ့သော အခါတွင်မူကား မမသည် တကယ် ရိုးသားစွာပင် နောင်တ ရကြောင်းကို တွေ့ခဲ့သည်။ သူ ကိုယ်တိုင်ကလည်း သူ၏ အသည်းနှလုံးသည် မမအား ချစ် လျက်ပင် ရှိသေးသည်ကို အံ့သြစွာ တွေ့လာရသည်။

သည်တော့မှ ဦးသက်ထွန်းသည် ကိုယ့်အမှားကို ကိုယ် သိရှိလာခဲ့သည်။ ပြတ်စဲနိုင်ပြီဟု ထင်သော်လည်း မပြတ်စဲနိုင်ကြောင်းကို တွေ့လာရသည်။ အစော်ကား ခံရသူ ဖြစ်၍ ရှက်စရာ မရှိဟု အားတင်း၍ ယုံကြည်ထားခဲ့ သည်။ သို့သော်လည်း ကွယ်ရာတွင် သူ့ကို မေးငေါ့ကြလေမလားဟု မသိုးမသန့် ဖြစ်နေခဲ့သည်။ သူ့ သဘောကို လူတွေက နားမလည်ဘဲ ရယ်စရာ လူတစ်ယောက်ဟု အထင်သေးကြမည်လားဟုလည်း စိုးရိမ်နေမိသည်။

ထို့ပြင် သူကိုယ်တိုင်က မမကို တကယ် ခွင့်လွှတ်ရန် ကြိုးစားခဲ့သော်လည်း လက်တွေ့မူ မမနှင့် ဆက်ဆံရေးမှာ ဟက်ဟက်ပက်ပက် မရှိဘဲ ခပ်စိမ်းစိမ်း ဖြစ်နေသည်။

မမ ကိုယ်တိုင်ကလည်း အိပ်ရာပေါ်တွင် ပက်လက် နေခဲ့ရတုန်းကတော့ လူ့ဘဝတွင် နောက်ဆုံး အချိန်ဟု ဆိုကာ စိတ်ကို အလျှော့ပေး၍ ဝန်ချ တောင်းပန်ခဲ့သည်။

သို့ရာတွင် တဖြည်းဖြည်း ကျန်းမာလာသော အခါတွင် မမသည် ဦး သက်ထွန်းကို ရွံ့၍ နေသည်။ ဦးသက်ထွန်း၏ မျက်နှာကို ရဲရဲ မကြည့်ရဲသလို ဖြစ်နေသည်။ ဦးသက်ထွန်းနှင့် နေရသည်ကိုပင် ကျဉ်းကျပ်သလိုလို ဖြစ်၍ နေပေသည်။

ယနေ့တွင် ကလေး အငယ်မလေးမှာ ကောက်ရသလို ရုတ်တရက် ဖျား လေသည်။ ဦးသက်ထွန်းသည် ကလေး အနားတွင် တစ်မနက်လုံး ထိုင်ကာ ဆရာဝန်ကြီး ရောက်လာတော့မှ ရုံးသို့ ထွက်သွားပြီး ရုံးဆင်းသည်နှင့် အိမ်သို့ တောက်လျှောက်ပြန်လာခဲ့သည်။

အိမ်ရှေ့ ဆင်ဝင် အောက်တွင် ကားတစ်စီး ရပ်ထားသည်ကို တွေ့ရသည်။

“ဘယ်သူ့ ကားလဲ ဟေ့’

“အတွင်းဝန် ကတော် ဒေါ်မြမြမေပါ”

အစေခံမလေး ပြော၍ သူ့ ခေါင်းပေါင်း၊ အင်္ကျီများကို သိမ်းသွားသည်။ မမနှင့် ဒေါ်မြမြမေသည် အပေါ်ထပ် ဧည့်ခန်းထဲတွင် စကား ပြောနေကြသည်။ ဦးသက်ထွန်းသည် ကလေးကို ဂရုမစိုက် နေနိုင်လွန်းသော မမကို စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွားသည်။ ကိုသက်ဆွေ၏ အစ်မ ဝမ်းကွဲ ဒေါ်မြမြမေနှင့် စကား ပြောနေသဖြင့်လည်း စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားသည်။

ဦးသက်ထွန်းသည် ကလေး၏ အခြေအနေကို ကြည့်ရန် အိမ်ပေါ်ထပ်သို့ တက်လာခဲ့ပြီး ဧည့်ခန်းနားမှ ဖြတ်အလာတွင် သူ မကြားချင်ဆုံးသော စကား တစ်ခွန်းကို တစ်စွန်း တစ်စ ကြားလိုက်ရသည်။

“မင်းကြီး ရှိရင်တော့ ထားပါတော့ မမရယ်၊ မင်းကြီးလည်း ရှိတာမှ မဟုတ်ဘဲ၊ ခဏတစ်ဖြုတ်ပေါ့”

ဒေါ်မြမြမေ၏ အသံ ဖြစ်သည်။ ဦးသက်ထွန်းသည် ခြေလှမ်း တုံ့သွား ကာ နားစွင့်လိုက်မိသည်။

“ကိုကိုကတော့ ဘာမှ ပြောမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မမ မတွေ့ချင်ဘူး မြရယ်၊ မပြောပါနှင့်တော့”

“မတွေ့ချင်ပေမဲ့ မမကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်ဖို့ ကြိုးစားတဲ့ လူ တစ်ယောက်က လာနှုတ်ဆက်တာကို လက်မခံဘူးလား ဟင် မမ”

“အဲဒါကြောင့်မို့ မမ မတွေ့ချင်တာ မြရေ၊ မမ မတွေ့ပါရစေနှင့်”

ဦးသက်ထွန်းသည် မကြားချင်ယောင်ပြုကာ ကလေး .. အိပ်ခန်းထဲသို့ ထွက်လာမည် ပြုပြီးမှ တိတ်တိတ်ပုန်း နားထောင်သည့် အဖြစ်သို့ ရောက်သွားမည် စိုးသဖြင့် ချောင်းဟန့်သံ ပေးကာ ဧည့်ခန်းထဲသို့ ဝင်လာခဲ့ရသည်။ စကားပြောသံများသည် တိတ်သွားသည်။

မမသည် ဦးသက်ထွန်းကို မြင်တော့ မနေတတ်သလို ဖြစ်ကာ ဒေါ်မြမြမေကို အကဲခတ်၍ နေသည်။

ဒေါ်မြမြမေမှာ ခေတ်အဆန်ဆုံး ပြင်ဆင် ဝတ်စားထားသည်။ ဒေါ်မြမြမေမှာ ဦးသက်ထွန်းကို မြင်သည်နှင့် မျက်နှာ ပျက်သွားသည်။ သို့ရာတွင် ချက်ချင်း ဣန္ဒြေ ဆည်၍ နှုတ်ဆက်လိုက်သည်။ နောက် ကြာကြာ မနေတော့ဘဲ ပြန်ရန် နှုတ်ဆက်၍ ထလိုက်သည်။ ဦးသက်ထွန်းနှင့် မမကလည်း ပြုံး၍ နှုတ်ဆက်လိုက်ကြသည်။ ဒေါ်မြမြမေ ပြန်သွားတော့မှ ဦးသက်ထွန်းက မမကို စေ့စေ့ကြည့်ကာ…

“ဘာတွေများ စကား ကောင်းနေကြသလဲ”

မမသည် ဦးသက်ထွန်း၏ အမေးကြောင့် လန့်သွားသည်။ ဦးသက်ထွန်းအား ဖုံးဖိ မထားဘဲ ပြောရ ကောင်းမလားဟု စဉ်းစားနေမိသည်။ အတန်ကြာမှ…

“ကိုကို့ကို မမ ထိမ်ချန်နေစရာ မလိုပါဘူး ကိုကို၊ မောင်သက်ဆွေက သူ ကလော သွားမှာမို့ မမကို လာနှုတ်ဆက်ချင်တဲ့ အကြောင်း မြက လာပြော နေတယ်၊ မမက အတွေ့ မခံနိုင်ဘူးလို့ ပြောလိုက်တယ်”

“ဒီလို ကိုကို့ကို မထိမ် မဝှက်ဘဲ ပြောတဲ့ အတွက် ကိုကို ဝမ်းသာတယ် မမ၊ ပြီးတော့ မမက အတွေ့ မခံဘူးလို့ ပြောလိုက်တဲ့ အတွက်လည်း ကိုကို ဝမ်းသာတယ်၊ ကိုကို့ အနေနှင့်လည်း မောင်သက်ဆွေက ကလော မကလို့ ၃၁ ဘုံ အပြင်ဘက် သွားသွား မမကို လာပြီး နှုတ်ဆက်စရာ အကြောင်း မရှိဘူး လို့ ထင်တယ်၊ ဒါပေမဲ့”

“တော်ပါတော့ ကိုကို၊ မမ အတွေ့ မခံနိုင်ဘူးလို့ ပြောလိုက်ပြီးပါပြီ”

မမက ကြားဖြတ်၍ ပြောလိုက်သည်။

ဦးသက်ထွန်း၏ သဘောထားမှာ လက်လွတ်စပယ် နိုင်လွန်းသည်ဟု ထင်သည်။ မမက မတွေ့တော့ဘူး ငြင်းလွှတ်လိုက်သည့် နောက်တွင် ပြောစရာ မလိုတော့ဟု ထင်သည်။ သူ ချစ်သော မမ အတွက် ဆောက်တည်ရာ မရ ဖြစ်သွားရသော ကိုသက်ဆွေအား ပစ်ပစ်ခါခါ ငြင်းလိုက်ရသည့် အတွက်လည်း စိတ်ထဲမှာ ဗလောင်ဆူ၍ လာသည်။

သို့ရာတွင် မမသည် စိတ်ကို ထိန်းကာ ခပ်အေးအေးဖြင့်…

“ဒီ အကြောင်းတွေကို နောက်ထပ် မပြောကြပါစို့နှင့် ကိုကို”

“ကိုကိုကလည်း မပြောပါဘူး၊ မမဘာသာ အတွေ့ ခံချင်ရင် တွေ့ မတွေ့ ချင်ဘူး ဆိုလည်း မတွေ့နှင့်၊ မမ သဘောကျ ဆုံးဖြတ်ဖို့ပါပဲ”

“ကိုကို့ သဘောနှင့် တူပါတယ် ကိုကို၊ မတွေ့ပါဘူး”

“ဒီလိုဆိုလည်း ပြီးတာပေါ့ မမ၊ ဒါပေမဲ့ ဒေါ်မြမြမေဟာ သူတစ်ပါး တွေရဲ့ အိမ်ထောင်ရေးမှာ ခလောက်ဆန်နေတာကိုတော့ ကိုကို မကြိုက်ဘူး၊ ဒီ မိန်းမဟာ..”

“မပြောပါနှင့်တော့ ကိုကိုရယ်၊ ရှိကြီးခိုးပါရဲ့”

ဦးသက်ထွန်းသည် သက်ပြင်း ချလိုက်သည်။

“ကိုကို ဆရာဝန် အခေါ်ခိုင်းထားတယ်”

“မမ နေကောင်းသားပဲ၊ ဘာဖြစ်လို့လဲ”

“ကလေး အတွက်ပါ၊ ကလေး အဖျားက မကျသေးဘူးလို့ ပြောတယ်”

“ကလေးကို ဆရာမနှင့် မထားပါနှင့်လို့ အစက မမ ပြောတယ် မဟုတ် လား ကိုကို၊ မမ ကိုယ်တိုင် ပြုစုပါရစေ ဆိုတော့ ကိုကိုက တားတယ်၊ မမ သိတယ် ကိုကို၊ မမ မအပါဘူး၊ ဒီကလေးနှင့် မမကို သေကွဲ ကွဲရင် ကွဲ၊ မကွဲရင် ရှင်ကွဲ ကွဲအောင် လုပ်နေတာ”

“ဒီလို မပြောပါနှင့် မမ”

“မမတော့ ဒီအတိုင်းပဲ ထင်တယ်၊ ကိုကို့ အကြိုက်လိုက်ပြီး မမက ကလေး အနား သိပ်မကပ်ရင် မမဟာ ကလေးကို ဂရုမစိုက်ဘူးလို့ ကိုကို အပြစ် တင်ဦးမယ်”

“မမကို ကိုကို ဘာပြောလို့လဲ၊ ဘယ်မှာ အပြစ် တင်လို့လဲ”

“သိတယ် ကိုကို၊ ဒီလောက် ပေါင်းလာကြမှတော့ နောကျေနေပြီ၊ မမ သေသွားရင် ကောင်းတယ်”

မမသည် ရှိုက်၍ ငိုနေသည်။

ဦးသက်ထွန်းသည် မမ အနားမှ ထွက်လာခဲ့သည်။

“ဒီအတိုင်း တကျက်ကျက် ဆိုရင်တော့ မဖြစ်ဘူး”

သူ့ဘာသာသူ တွေးလာမိသည်။

ထိုနေ့က စ၍ ဦးသက်ထွန်းသည် သည်လို နေလို့တော့ မဖြစ်သေးဟု ပို၍ သဘောပေါက်လာသည်။ သူ့ မိန်းမ၏ အမုန်းသည် မပြေနိုင် ငြိုးတတ်သည့် မုဆိုး တစ်ပိုင်း မိန်းမရိုင်း ဖြစ်သည်ကို ပိုလို့ ထင်မြင်လာသည်။ သူ ကိုယ်တိုင် ချမ်းမြေ့ သာယာသော အိမ်ထောင်ရေးကို မျှော်၍ အားလုံးကို ခွင့်လွှတ်ခဲ့သော်လည်း အရာမထင်ဘဲ စိတ်ဆင်းရဲမြဲ စိတ်ဆင်းရဲရသည်ကို တွေ့လာရသော အခါတွင် ဒေါသ ထွက်၍ လာသည်။ လူတွေသည် သူ၏ ခွင့်လွှတ်မှုကို ချီးကျူးခြင်း မပြုကြဘဲ ကဲ့ရဲ့ပြစ်တင်သံများကို ကြားလာရသောအခါတွင် လူတွေကို စိတ်နာလာသည်။ လူတွေသည် ယုတ်မာမှုအား သန့်ရှင်းမှုဖြင့် တုံ့ပြန်သူကို လူအလူနုံဟု အထင်သေးတတ်ကြသည်။ ယုတ်မာမှုအား ယုတ်မာမှုဖြင့် ပြန်၍ တုံ့ပြန်တတ်သူကိုမူ သူရဲကောင်းဟု ချီးမွမ်း သြဘာပေးကြသည်။

တကယ်တော့ သည်လောကတွင် ယုတ်မာမှုကို ပိုမို၍ ဆိုးသော ယုတ် မာမှုဖြင့် တုံ့ပြန်ဖို့သာ ကောင်းတော့သည်။ သည်လို တုံ့ပြန်ခြင်းသာလျှင် သူတို့နှင့် ထိုက်တန်သည်ဟု သဘောပေါက်လာသည်။

ဦးသက်ထွန်းသည် ဆေးတံကို ဖွာ၍ ငေးနေသည်။ မောင်မောင်လတ်သည် သူ နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ဦးသက်ထွန်းက တစ်ချက်မျှ လှမ်းကြည့်ကာ…

“မပြန်သေးဘူးလား မောင်မောင်လတ်”

“နှစ်ရက်လောက်တော့ ကြာဦးမယ် ထင်တယ် ကိုကို”

နှစ်ယောက်စလုံးမှာ မျက်နှာ အထားရ ခက်နေသည်။ ဦးသက်ထွန်းက မိန်းမ၏ မောင်ကို အားနာသည်။ မောင်မောင်လတ်က လည်း အစ်မ၏ ယောက်ျားကို အားနာနေ၏။

“မနေ့က လာသေးတယ် ဆို”

“ဟုတ်ကဲ့၊ ကိုကို့ဆီ လာတာပါပဲ”

“ဆိုပါဦး၊ ကိစ်စက”

ဦးသက်ထွန်းက စိတ်မပါတပါ ပြောရင်း ဆေးတံကို ဖွာနေသည်။ မောင်မောင်လတ်သည် ဘယ်က စ၍ ပြောရမည် မသိဘဲ အစရ ခက်နေ သည်။

“ကိစ္စကတော့ ကိုကိုနှင့် စကား ပြောချင်လို့ပါ”

မောင်မောင်လတ်က မပွင့်တပွင့် ပြောလိုက်သည်။ ရှေ့ဆက်၍ ဘာပြော ရမှန်း မသိ ဖြစ်နေသည်။ အတန်ကြာမှ တံတွေးကို မျိုချလိုက်ပြီး…

“မမနှင့် ကိုကိုတို့ ကိစ္စနှင့် ပတ်သက်လို့ ကျွန်တော် နည်းနည်း စကား ပြောချင်ပါတယ် ကိုကို၊ ကိုကို့ကို ကျွန်တော့် အစ်ကိုအရင်းလိုပဲ အောက်မေ့လို့ ကျွန်တော် ပွင့်ပွင့်လင်းလင်း..”

ဦးသက်ထွန်းက မပြုံးချင့် ပြုံးချင် ပြုံးလိုက်ပြီး သူ့ ယောက်ဖကို လှမ်း ကြည့်လိုက်သည်။

ထို့နောက် စားပွဲပေါ်တွင် တစ်ပိုင်းတစ်စ ရေးထားသည့် စာကို ယူ၍…

“ငါလည်း ဒီကိစ္စကို စဉ်းစားနေတယ် မောင်မောင်လတ်၊ ငါနှင့် တွေ့ရင် တစ်ယောက် တစ်ခွန်း စကားများကြမှာ မြင်လို့ သူ့ကို ငါ ပြောချင်တဲ့ စကားတွေကိုပဲ ရေးထားတယ်၊ ရော့ ဖတ်ကြည့်”

မောင်မောင်လတ်သည် စာကို ဖတ်ရင်း အံ့အားသင့်သွားသည်။ မျက် လုံးများကို စာရွက်တွင် စူးစိုက်ကာ မခွာတမ်း ဖတ်နေသည်။

ကျုပ် ပြန်ရောက်လာတာ မင်း အဖို့ စိတ်ဆင်းရဲစရာ ဖြစ်နေပြီလို့ ကျုပ် ထင်တယ်။ ဟုတ်တယ်။ မင်းနှင့် မင်းရဲ့လူ ကြားမှာ ကျုပ်ဟာ မကောင်း ဆိုးဝါး တစ်ကောင်ပဲ။ ခုလို ဖြစ်ရတာတွေနှင့် ပတ်သက်လို့ မင်းကို ကျုပ် အပြစ် မတင်ချင်ပါဘူး။ ဒါကြောင့်မို့ မင်း နေမကောင်းတုန်းက ဆိုရင် ကျုပ်ဟာ မင်း အိပ်ရာဘေး အရောက် ပြန်လာခဲ့ပြီး မင်းကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ တယ်။ ဖြစ်ခဲ့တာတွေ အားလုံးကို သင်ပုန်း ချေလိုက်ပြီး ဘဝ အသစ်ကို ထူထောင်မယ်လို့ ပိုင်းဖြတ်ခဲ့တယ်။ ကျုပ် ဆုံးဖြတ်ချက်ဟာ မမှားပါဘူး။ ဒီလို ဆုံးဖြတ်တဲ့ နေရာမှာ ကျုပ် မင်းဆီက တစ်ခုပဲ မျှော်လင့်တယ်။ အဲဒါက ဘာလဲ ဆိုရင် မင်း စိတ်ချမ်းသာမှုပဲ။ ဒါပေမဲ့ မင်း စိတ်ချမ်းသာမှု မရဘူး မဟုတ်လား။ ကျုပ် သိပါတယ်။ ကျုပ်နှင့် နေရတာဟာ မင်းအဖို့ ငရဲဘုံမှာ ရောက်နေသလို စိတ်သောက ရောက်ရတယ် ဆိုတာကို မင်း မျက်လုံးတွေက ပြောနေကြတယ်။ ဖုံးကွယ်လို့ မရပါဘူး။ ဒီတော့ ဘယ်လို နေရမှ မင်း စိတ်ချမ်းသာမယ် ထင်သလဲ။ ကျုပ်ကို ပြောပါ။ ကျုပ် အတတ်နိုင်ဆုံး လုပ်ပေး မယ်။

မောင်မောင်လတ်သည် စာကို ဖတ်ပြီး ဦးသက်ထွန်းအား လှမ်းပေးလိုက်သည်။

မောင်မောင်လတ်သည် ဦးသက်ထွန်း၏ သဘောထားကို အံ့အားသင့်နေသည်။

“ဒါ ငါ့ သဘောပဲ”

ဦးသက်ထွန်းက ဆေးတံကို ခါနေသည်။

“ကျွန်တော် နားလည်ပါတယ် ကိုကို”

မောင်မောင်လတ်၏ မျက်လုံးတွင် မျက်ရည်တွေ ဝေ့လာသည်။ သူသည် ဦးသက်ထွန်းကို ကြည့်၍ သနားနေသည်။

“ဒီတော့ သူ ဘာလုပ်ချင်သလဲ၊ ငါ့ကိုကော ဘာလုပ်စေချင်သလဲ ဆိုတာ ငါ သိချင်တယ် မောင်မောင်လတ်”

“ခက်တယ် ကိုကို၊ မမဟာ သူ ဘယ် အခြေအနေ ရောက်နေပြီလဲ ဆိုတာကို နားလည်ပုံ မရဘူး၊ တော်တော် ခက်တယ်၊ ဒီ အထဲမှာ ကိုကိုက သဘောကောင်းတော့ သူ ရောင့်တက်နေတယ်၊ ကိုကို သဘောထားကြီးတော့ သူ လုပ်ချင်ရာ လုပ်နေတယ်”

“ငါ ဘာတတ်နိုင်မှာလဲ မောင်မောင်လတ်၊ သူလည်း စဉ်းစားနိုင်တဲ့ မိန်းမ တစ်ယောက်ပဲ၊ အေး ခုတော့ ငါလည်း သူ့ကို နားမလည်နိုင်အောင် ဖြစ်နေပြီ၊ အတိတ်ကို သင်ပုန်းချေပါပြီ ဆိုရက်နှင့် ခုထက်ထိ မျက်ရည်နှင့် မျက်ခွက် ဆိုတော့ ငါလည်း မစဉ်းစားတတ်တော့ဘူး”

“ကျွန်တော့် သဘောကို ပြောရမယ် ဆိုရင် ဒီကိစ္စကို မြန်မြန် ပြီးစီး အောင် လုပ်လိုက်တာ ကောင်းတယ် ထင်တယ်”

“မြန်မြန် ပြီးအောင် လုပ်ဖို့ ဆိုတာ ပြောတော့ လွယ်တယ်ကွ၊ ဒါပေမဲ့ ဘယ်လို လုပ်မလဲ၊ ကဲ မင်း ပြောစမ်းပါဦး”

“လွယ်ပါတယ် ကိုကို၊ မမဟာ ကျွန်တော့် အစ်မပါ၊ ဒါပေမဲ့ သူ ဒီလောက်တောင် ဖြစ်နေရင်လည်း ကွာသာ ပစ်လိုက်ပါ၊ ကိုကိုလည်း အစတုန်းက ဆုံးဖြတ်ပြီးသားပဲ၊ တစ်ယောက်နှင့် တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ ရယ်လို့မှ မရှိကြတော့တဲ့ အတူတူ ဘာထူးတော့မှာလဲ”

“ကွာပစ်လိုက်ရမယ် ဟုတ်လား”

“ဟုတ်တယ်၊ ကွာတာပဲ ကောင်းတယ်၊ လင်နှင့် မယားဟာ အတူနေပြီး ဒီလောက် စိတ်မချမ်းမသာ ဖြစ်နေကြရတဲ့ နောက်မှတော့ ကွာလိုက်တာပဲ ကောင်းတယ်၊ အတူနေလို့ မဖြစ်တော့ဘူး ဆိုမှတော့ ဘာလုပ်ဦးမှာလဲ၊ ဒီနည်းပဲ ရှိတော့တာပဲ”

ဦးသက်ထွန်းသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး စဉ်းစားနေသည်။

“တစ်ခုပဲ ရှိတယ်၊ ကိုကိုရော မမရော နောက်ထပ် အိမ်ထောင်သစ် ထူဖို့ စိတ်ကူးကြရင်တော့ တူးတူး အတွက် ခက်လိမ့်မယ်”

ဦးသက်ထွန်းသည် ဘာမျှ ပြန်မပြောတော့ဘဲ စဉ်းစား၍သာ နေမိသည်။ မောင်မောင်လတ် အဖို့ကား လွယ်ကောင်း လွယ်ပေမည်။ သို့ရာတွင် တကယ် လုပ်ကြည့်တော့ မလွယ်ပေ။ ကွာရှင်းရေး ကိစ္စကို ဦးသက်ထွန်းသည် အပြန်ပြန် အလှန်လှန် စဉ်းစားခဲ့ပြီး ဖြစ်သည်။ စဉ်းစားတိုင်း မဖြစ်နိုင်ကြောင်းကို တွေ့လာရသည်။ သူနှင့် မမသည် အကြောင်း တစ်ခု ရှာကာ နှစ်ဦး သဘောတူ ကွာရှင်းနိုင်မည် ဆိုပါက သည် ကိစ္စသည် အင်မတန် လွယ်ကူသော ကိစ္စ ဖြစ်သည်။ အလွန်ဆုံး ပြစ်တင် ရှုတ်ချခြင်း ခံရရုံလောက်သာ ရှိသည်။ ထို့ထက် ဆိုလျှင် အိမ်ထောင်ရေးတွင် အဆင်မပြေကြသူများဟု အပြောခံရရုံသာ ရှိသည်။

သို့ရာတွင် သူတစ်ပါးနှင့် ဖောက်ပြားသည်ဟု အကြောင်းပြကာ ရုံးတော်တွင် ကွာလိုမှု စွဲလျှင်ကား သူ၏ ဂုဏ်သိက္ခာကို သာမက အားလုံး၏ ဂုဏ်သိက္ခာကိုပါ ရွှံ့ပုပ်ရေဖြင့် ပက်သလို ဖြစ်တော့မည်ကို စဉ်းစားမိသည်။ မမ အားလည်း သစ္စာ မဲ့သော မိန်းမဟု တိုင်းသိ ပြည်သိ အရှက်ခွဲသလို ဖြစ်နေ မည်ကို စိုးရိမ်မိ၏။

ထိုမျှမက သည့်ထက် သေးနုပ်သော အကြောင်းများလည်း ရှိသေးသည်။ အကယ်၍ ကွာရှင်း ဖြစ်ခဲ့ကြပါလျှင် တူးတူး၏ နောင်ရေးသည် မည်သို့ ဖြစ်လေမည်နည်း။ တူးတူးအား သူ့ အမေနှင့် ထားပစ်ခဲ့ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။

မမတွင် ကိုသက်ဆွေနှင့် တိတ်တိတ်ပုန်းရသော သမီး ရှိနေရုံမျှမက မမနှင့် ကိုသက်ဆွေသည် အကြင်လင်မယား အဖြစ် နေထိုင်ကြတော့မည် ဆိုလျှင် တူးတူးသည် ပထွေး၏ လက်အောက်တွင် မယားပါသား အဖြစ် ညှိုးညှိုးငယ်ငယ် နေရတော့မည်ကို တွေး၍ ပူမိသည်။

သို့မဟုတ်လျှင် တူးတူးကို သူနှင့် အတူ ခေါ်လာမည်လောဟု စဉ်းစား မိပြန်သည်။ သို့ဆိုလျှင်လည်း သားကို အသည်းနှင့်အောင် ချစ်သော မမအား လက်စားချေသကဲ့သို့ ဖြစ်ကာ သားအမိကို ရှင်ကွဲ ကွဲအောင် လုပ်ခြင်းမျိုး ဖြစ်နေပြန်သည်။ သည်လောက်တော့လည်း သားကို လည်းကောင်း၊ အမေကို လည်းကောင်း မရက်စက်ချင်ပေ။

ထိုမျှမက ကွာရှင်းလိုက်ကြလျှင် မမသည် စိတ်လေလေဖြင့် ထင်ရာကို လုပ်ကာ ပျက်စီးသွားမည်ကိုလည်း စိုးရိမ်မိသည်။

ကွာရှင်းကြလျှင် မမသည် ကိုသက်ဆွေ နောက်သို့ လိုက်သွားမည်မှာ သေချာလှသည်။ သို့ရာတွင် ခု တစ်လင်ကွာ၍ နောက် တစ်လင်ကို ချက်ချင်း ကောက်ယူရေးမှာ မမလို အတန်းအစားအဖို့ လည်းကောင်း၊ ကိုသက်ဆွေအဖို့ လည်းကောင်း မဖြစ်နိုင်ပေ။ အချိန်အတော် ကြာမှသာ ကိုယ့်ဣန္ဒြေ ကိုယ်ဆည်ကာ လက်ထပ်ကြမည်သာ ဖြစ်သည်။

သို့ရာတွင် လက်မထပ်ခင် ကြားတွင် မမသည် ကိုသက်ဆွေ၏ တိတ်တိတ်ပုန်း မယား အဖြစ် တည်ရှိနေဦးမည် ဖြစ်သည်။ သည် အတောအတွင်း ကိုသက်ဆွေက သစ္စာရှိလျှင် ကိစ္စ မရှိပေ။ အကြောင်း တစ်ခုခု ပြကာ စွန့် ပစ်လိုက်လျှင်မူကား။

ဦးသက်ထွန်းသည် ကွာရှင်းရေး ကိစ္စကို အကြိမ်ပေါင်း များစွာ တွေးပြီး ဖြစ်လေသည်။ သည်ကိစ္စသည် မောင်မောင်လတ် ထင်သလောက် လွယ်ကူ သော ကိစ္စ မဟုတ်ကြောင်းကို ကောင်းစွာ သဘောပေါက်ပြီး ဖြစ်လေသည်။

“အရေးကြီးတာက ဘယ်လို စည်းကမ်းချက်တွေနှင့် ကွာရှင်းခွင့် ပေးမလဲ ဆိုတာကိုသာ စဉ်းစားပါ ကိုကို၊ ရှုပ်ပါတယ် ကျွန်တော်လည်း ကိုကို့ ကို အားနာလှပြီ၊ ကျွန်တော့် အထင်တော့ သူ ကိုကို့ဆီက ဘာမှ တောင်းမယ် မထင်ဘူး၊ တောင်းလည်း တောင်းရဲမှာ မဟုတ်ပါဘူး၊ မနေနိုင်ရင် ကိုကိုက ရှိတဲ့ ပစ္စည်း ခွဲဝေ ပေးလိုက်ရုံပဲ”

“ငါတော့ မစဉ်းစားတတ်အောင် ဖြစ်နေပြီ၊ ကဲပါကွာ မထူးပါဘူး၊ တူးတူး ကိုပါ သူ ခေါ်သွားတာ ကောင်းပါတယ်၊ ဒီဘဝ ဒီမျှပဲလို့ အောက်မေ့ရတော့မှာပေါ့၊ မင်းသာ ကြည့် စီစဉ်ပေတော့၊ အားတော့ ခပ်နာနာပဲ”

ဦးသက်ထွန်းသည် သူ့ ယောက်ဖ မောင်မောင်လတ်ကို အာဏာကုန် လွှဲ ပြတင်းပေါက်နားက ကုလားထိုင်တွင် ပစ်၍ ထိုင်ချလိုက်သည်။ သူ့ ရင်ထဲတွင် ယောက်ယက်ခတ်နေသည်။ ဘာကိုမျှ မစဉ်းစားတတ်။

ကိုသက်ဆွေ၏ သေနတ် ဒဏ်ရာမှာ တော်တော် ပြင်းထန်သည်။ သို့ရာတွင် မျက်လုံးကို မထိသဖြင့် ကံကောင်းသည်ဟုပင် အောက်မေ့ရသည်။ သို့တိုင်အောင် ကိုသက်ဆွေမှာ အိပ်ရာထဲတွင် အတော်ကြာ လဲနေရကာ သေမင်းနှင့် စစ်ခင်း နေခဲ့ရပေသေး၏။

“မမမြ မတော်တဆ ကျည်ဆန် ထွက်သွားတာပါလို့ ပြောပါနော်၊ လူ သိရင်တော့ ရှက်စရာ ကောင်းတယ်ဗျာ”

“အို မောင်သက်ဆွေ၊ သိပ် စကား မပြောနှင့်လေ”

ဒေါ်မြမြမေက ကိုသက်ဆွေအား လာ၍ စောင့်ပေးလေသည်။ တော်တော် သက်သာလာပြီ ဖြစ်၍ အားလုံး ဝမ်းသာနေကြသည်။

“အနာက နာသေးသလား

“နည်းနည်း အောင့်သေးတယ်”

ကိုသက်ဆွေက ဘယ်ဘက် ရင်ဘတ်ကို ထိုးပြသည်။ ဒေါ်မြမြမေက သူ့ အနာကို ရေနွေးဖြင့် ဆေးကြောပေးကာ ပတ်တီး စည်းပေးသည်။

“ကျွန်တော် သတိ မလွတ်ပါဘူးနော်၊ တမင် ပစ်သတ်တာလို့တော့ မထင်ပါဘူးနော် မမမြ”

“အို ဘယ်သူကမှ မထင်ပါဘူးကွယ့်၊ အေး တစ်ခုတော့ ရှိတယ်၊ နောင်တစ်ခါ ဒီလို မတော်တဆ ကိစ္စ မဖြစ်ပါစေနှင့်တော့၊ တောင်းပန်ပါရစေ ငါ့ မောင်ရယ်”

ဒေါ်မြမြမေက ပြုံး၍ ပြောလိုက်သည်။

“မတော်တဆ မဖြစ်တော့ပါဘူး မမရဲ့”

ကိုသက်ဆွေကလည်း ပြုံး၍ ပြောလိုက်သည်။ ပြုံးသာ ပြုံးရသော်လည်း စိတ်ထဲကတော့ မချိလှပေ။ ကိုသက်ဆွေသည် ဦးသက်ထွန်း စကားကို ကြားခဲ့ရပြီးသည့် အချိန်မှ စ၍ လင်နှင့် မယား ကြားတွင် မဝင်တော့ဘဲ ကင်းရှင်းစွာ နေတော့မည်ဟု ဆုံးဖြတ်ခဲ့သည်။ မမနှင့် ဝေးဝေး နေတော့မည်ဟု ဆုံးဖြတ် ခဲ့သည်။ သို့ရာတွင် မမ၏ အချစ်ကို ဆုံးရှုံးရသည့် အတွက်ကား စိတ်ထဲတွင် ကြိတ်၍ ခံစားနေခဲ့ရပေသည်။

နွေရာသီ ကျောင်းပိတ်၍ အနာကလည်း ကျက်ပြီ ဖြစ်သဖြင့် ကိုသက်ဆွေသည် မောင်းမကန်သို့ စိတ်ပြေလက်ပျောက် သွားရန် စိတ်ကူး ထားမိသည်။ ကိုသက်ဆွေ သွားခါနီးတွင် ဒေါ်မြမြမေက အတွေ့ ခံရန် မမအား သွား၍ ပြောခဲ့သည်။ သို့ရာတွင် မမက ငြင်းလွှတ်လိုက်သဖြင့် ဒေါ်မြမြမေသည် စိတ်မသက်မသာနှင့် ပြန်လာခဲ့ရသည်။ ကိုသက်ဆွေကလည်း အတွေ့ မခံတာပဲ ကောင်းတယ်ဟု ယူဆခဲ့မိသည်။ ပြတ်လက်စနှင့် ပြတ်တာ ကောင်းတယ်ဟု အားတင်းခဲ့သည်။

သို့ရာတွင် နောက်တစ်နေ့ ဒေါ်မြမြမေ ရောက်လာ၍ ဦးသက်ထွန်းက ကွာရှင်းရန် သဘော တူပြီးကြောင်း၊ ထိုသတင်းကို မောင်မောင်လတ် ပြောပြကြောင်း၊ ထို့ကြောင့် ကိုသက်ဆွေအား မမနှင့် သွားတွေ့ဖို့ ကောင်းကြောင်း ပြောပြသော အခါ ကိုသက်ဆွေသည် ဒေါ်မြမြမေကိုပင် နှုတ်မဆက် နိုင်တော့ဘဲ မမတို့ အိမ်သို့ ထွက်လာခဲ့သည်။

ကိုသက်ဆွေသည် လှေကားကို အပြေးတက်ကာ အိမ်ပေါ်သို့ ရောက်လာခဲ့သည်။ အပေါ်ထပ် ဧည့်ခန်းထဲတွင် ထိုင်နေသော မမကို တွေ့လျှင် ဘာကိုမျှ သတိမထားနိုင်တော့ဘဲ မမအား တအား သိမ်းကျုံး ဖက်လိုက်ကာ မျက်နှာ၊ နှုတ်ခမ်း၊ လည်ပင်းတို့ကို အငမ်းမရ နမ်းနေသည်။ သူ့ မျက်လုံး တွင်လည်း မျက်ရည်တွေ ဝဲနေသည်။

သည်လို တွေ့ခြင်းမျိုးကို မမကလည်း စောင့်မျှော်လျက် ရှိလေသည်။ မမကလည်း အသင့် ဖြစ်နေပေသည်။ မမသည် ဘာကိုမျှ ပြန်မပြောနိုင်တော့ဘဲ မျက်ရည်တွေကို သွန်ချလိုက်ကာ ကိုသက်ဆွေကို တအား ပြန်ဖက်ထား လိုက်မိသည်။

“မောင် မောင်၊ မောင့်ကို မမ မပယ်လှန်နိုင်ပါဘူး မောင်ရယ်၊ မမ ဘဝ ဟာ မောင်နှင့် ကင်းပြီး မရပ်တည်နိုင်ပါဘူး မောင်၊ မမဟာ မောင့်ရဲ့ အချစ် မောင့်ရဲ့ မယားပါနော် မောင်”

“ဟုတ်တယ် မမ၊ မမဟာ မောင့် အချစ် မောင့် မယား၊ ဘယ်သူ ဘာ ပြောပြော မမ မရှိဘဲ မောင် မနေနိုင်ဘူး၊ မောင်တို့ နှစ်ယောက် အသက် ရှိနေ သေးသမျှ ခွဲပြီး မနေနိုင်ဘူး၊ မောင် သိတယ်”

မမသည် ရင်ခွင်တွင် အပ်ထားသော မောင်သက်ဆွေ၏ ခေါင်းမှ ဆံပင်များကို ဖွ၍ ကစားနေသည်။

“ဟုတ်တယ် မောင်၊ ဘယ်လောက် အခက်အခဲ အနှောင့်အယှက်တွေ ရှိနေပေမဲ့ မောင့်ကို ချစ်မြဲ ချစ်နေတာပဲ”

“ဘာလို့ အခက်အခဲ ရှိရမလဲ၊ ဘာ အခက်အခဲမှ မရှိဘူး၊ ဘယ် အတားအဆီးမှ မရှိဘူး၊ မောင်တို့ နှစ်ယောက်ကြားထဲမှာ ဘယ်သူမှ မရှိရဘူး၊ မောင့်အချစ်ဟာ အတားအဆီး အနှောင့်အယှက်တွေကို ကျော်လွှားနိုင်တယ်၊ ကျော်လွှားနိုင်ရမယ်”

ကိုသက်ဆွေက မမကို ကြည့်၍ စိတ်အား ထက်သန်စွာ ပြောလိုက်သည်။ မမသည် ကိုသက်ဆွေကို ပြုံး၍ ကြည့်ကာ နဖူးကို နှုတ်ခမ်းဖြင့် ထိနမ်း လိုက်ပြီး…

“မောင်က ဆံပင် ညှပ်ပြီးခါစ ဆိုတော့ မောင်လေးနှင့် တူနေတယ်နော်၊ ပိုပြီးလည်း နုလာတယ်”

“မမလည်း နုပျိုလာတယ်၊ ဒါပေမဲ့ နည်းနည်း ဖျော့တော့တော့ ဖြစ်နေ သလိုပဲ”

“ဟုတ်တယ် မောင်၊ သိပ် အားနည်း နေတယ်”

မမက ပြုံး၍ ပြောလိုက်သည်။ မမ၏ နှုတ်ခမ်းများသည် မသိမသာ တုန် နေသည်။

“မောင် မောင်းမကန်ကို သွားရင် မမပါ လိုက်ခဲ့၊ ဟိုမှာ မမနှင့် မောင် ပျော်ပျော်ကြီး နေမယ်၊ အနားယူမယ်”

“ဖြစ်ပါ့မလား မောင်ရယ်”

“လာပြန်ပြီလား၊ ဘာလို့ မဖြစ်ရမှာလဲ၊ ခု ဒီအတိုင်း ဖြစ်ဖို့ပဲ ရှိတော့ တယ်၊ ဖြစ်ပါ့မလား ဘာလား လုပ်မနေနှင့်၊ ကိစ္စက ရှင်းနေပြီ”

“မောင်မောင်လတ်က ပြောတော့ သူက အားလုံး သဘောတူ ပြီးပြီတဲ့၊ ဒါပေမဲ့ မမ သူ့ကို သနားတယ် မောင်၊ မမအဖို့ကတော့ ကွာရှင်းလည်း မထူးပါဘူး၊ ခုလည်း ကွာရှင်းပြီးသားလို ဖြစ်နေကြပြီပဲ၊ တူးတူးနှင့် ပတ်သက်လို့သာ သူ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို သိချင်တာ တစ်ခုပါပဲ”

“ဒါတွေ ပြောမနေပါနှင့်တော့ မမရယ်”

ကိုသက်ဆွေက အဝေးသို့ ငေးကြည့်နေသော မမကို သူ့ဘက်သို့ ဆွဲ လှည့်လိုက်သည်။

မမသည် အဝေးသို့ ငေးမြဲ ငေးရင်းက…

“မမ သေတာက ကောင်းလိမ့်မယ် ထင်တယ် မောင်၊ ဒီကောင်မ သေရင် အားလုံး ဒုက္ခ ငြိမ်းမှာပဲ၊ ဂြိုဟ်ကောင်မ”

မမ၏ မျက်လုံးအိမ်တွင် မျက်ရည်တွေ စီးကျလာသည်။

ကိုသက်ဆွေသည် မမကို ငေးကြည့်ကာ စိတ်မကောင်း ဖြစ်သွားသည်။ သည်တော့မှ မမက ချက်ချင်း ကြိုးစား၍ ပြုံးပြကာ…

“မောင် စိတ်မကောင်းရင် မမ မငိုတော့ပါဘူး မောင်… နော်၊ မမ မငိုတော့ပါဘူး”

ကိုသက်ဆွေသည် မျက်ရည် ကြားမှ ပြုံးနေသော မမကို သနားသွားကာ ပွေ့ဖက် နမ်းရှုပ်လိုက်သည်။ သူ့ စိတ်ကူးထဲတွင် မောင်းမကန်၌ အနားယူ ကြမည်။ နောက် ကိစ္စ အားလုံး အေးဆေး၍ ကဲ့ရဲ့သံများ တိတ်သွားကြသော အခါ၌ မမနှင့် တရားဝင် လက်ထပ်မည်ဟု စဉ်းစားထားသည်။

နောက် တစ်လလောက် ကြာသော အခါတွင်မူကား . ဦးသက်ထွန်းနှင့် တူးတူးတို့သည် ရန်ကုန် အိမ်ကြီးတွင် ကျန်ရစ်ခဲ့ကြပြီး ကိုသက်ဆွေနှင့်မမတို့မှာ မောင်းမကန်သို့ အတူတူ ထွက်သွားကြသည်။ ကွာရှင်းရေး ကိစ္စမှာ ရန်ကုန်တွင် ဦးသက်ထွန်းနှင့် အတူ မပြတ်မသား ဖြစ်ကျန်ရစ်ခဲ့ပေသည်။