မမ

(၂၄)

တူးတူးကို သွား၍ မတွေ့ခင်တုန်းကတော့ မမသည် သည်မျှလောက် စိတ် ထိခိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့ရာတွင် အိမ်သို့ ပြန်ရောက်တော့မှ သူ့သားနှင့် တွေ့ခဲ့ရသည့် အဖြစ်သည် ဘယ်လောက် ရင်နာစရာ ကောင်းသည်ကို သတိထားမိလာခဲ့သည်။ သားနှင့် ခွဲပြီး ယခု ပြန်ရောက်လာတော့ ရင်ထဲတွင် ဟာတာတာကြီး ဖြစ်ကာ နေမထိ ထိုင်မထိ ဖြစ်နေလေသည်။

မမသည် အဝတ်အစားကိုပင် မလဲနိုင်ဘဲ ခုတင်ပေါ်တွင် ပစ်၍ လှဲချလိုက် မိလေသည်။ သူ့ နှလုံးသည် တဒိတ်ဒိတ် ခုန်နေသည်ကို ခံစားလိုက်မိသည်။ တူးတူးနှင့် လည်းကောင်း၊ ဦးသက်ထွန်းနှင့် လည်းကောင်း တွေ့ခဲ့ရတုန်းက မမသည် တစ်ကိုယ်လုံး ထူပူကာ ကိုယ့်ကိုယ်ကိုယ်ပင် သတိ မထားနိုင်ဘဲ သညာကင်းမဲ့သူလို ဖြစ်ခဲ့သည်။ အိမ်သို့ ပြန်ရောက်တော့မှ ကန်တော်ကြီးစောင်းရှိ ဦးသက်ထွန်း၏ အိမ်ကြီးသို့ ဘယ်ပုံ ရောက်၍ အိမ်ကြီးထဲမှ ဘယ်ပုံ ပြန်ထွက်လာခဲ့ကြောင်းကို ပြန်လည် စဉ်းစားမိလေသည်။

မမသည် မော်လမြိုင်ဘက်မှ ခေါ်လာသည့် အစေခံမကလေး ပေးလာသော နံနက်စာ ကော်ဖီနှင့် ပေါင်မုန့် ထောပတ်သုတ်ကို မစားတော့ဘဲ ပြန်ယူသွားရန် ပြောလိုက်ပြီး ကရင်မ နာနီကြီး လာပေးသော သမီးငယ်ကိုမူ ပွေ့၍ ချီလိုက်သည်။

သမီးကလေးမှာ ဖြူဖြူထွားထွား မျက်နှာဝိုင်းကလေး ဖြစ်လေသည်။ မအေကို မြင်သည်နှင့် အရစ် အရစ် ထနေအောင် ပြည့်ဖြိုး တစ်ရစ်ကာ နီထွေးနေသော လက်ကလေး နှစ်ဖက်ကို လှမ်းလိုက်ပြီး ပြုံးရယ်နေသည်။ သွားမပေါက်သေးသဖြင့် သမီးကလေး၏ အပြုံးမှာ ပို၍ ချစ်စရာ ဖြစ်နေလေသည်။

မမသည် သမီးငယ်ကို မြင်လိုက်တော့မှ စိတ်နောက်ကျိခြင်းမှ သက်သာရာ ရသလို ဖြစ်သွားသည်။ မမသည် သမီးငယ်၏ အပြုံးကို မြင်လိုက်လျှင် မပြုံး မရယ်ဘဲ မနေနိုင်တော့ပေ။

မမသည် သမီးငယ်ကို ပွေ့ချီလိုက်ပြီး ပါးပြင် နဖူး လည်ပင်းတို့ကို တပြွတ်ပြွတ် မြည်အောင် နှုတ်ခမ်းဖြင့် စုပ်နမ်းနေမိလေသည်။

ရင်နှစ်သည်းချာကို ချစ်သော မေတ္တာဓာတ်သည် မမ၏ ပူလောင်နေသော နှလုံးသားကို အေးမြလာစေပေသည်။ သို့တိုင်အောင် သမီးငယ်ကို မြင်လိုက်သဖြင့် ရင်ထဲတွင် ပေါ်လာသော ခံစားချက်သည် တူးတူးအား မြင်လိုက်ရသော အခါက ပေါ်လာသော ခံစားချက်နှင့် နှိုင်းစာလိုက်ပါလျှင် လေးလေးပင်ပင် မရှိသလို ဖြစ်နေသည်ကို သတိထားလိုက်မိသည်။

သမီးငယ်သည် အပြစ်ကင်း၍ နှစ်လို ချစ်ခင်စဖွယ်ပင် ဖြစ်သော်လည်း မမ၏ ရင်ထဲတွင်မူကား ဘာကြောင့် ဟူ၍ မသိဘဲ တူးတူးကို ချစ်သလောက် နှစ်နှစ်ကာကာ မရှိလှသည်ကို တွေ့လာရလေသည်။

မမသည် သူ မချစ် မနှစ်သက်သော ဦးသက်ထွန်းနှင့် ပေါင်းဖော်ခြင်း အားဖြင့် တူးတူးကို မွေးဖွားလာခဲ့ခြင်း ဖြစ်သော်လည်း သားဦး ဖြစ်သူ တူးတူးကို အသည်းအူ တဆတ်ဆတ် တုန်အောင် ချစ်သည်။ အိမ်ထောင်ရေးနှင့် ပတ်သက်၍ စိတ်ညစ်စရာတွေ ကြားထဲမှ မွေးထွက်လာသော သမီးငယ်ကိုမူ သူ့ ချစ်သူ ကိုသက်ဆွေနှင့် ပေါင်းဖော်ခြင်းဖြင့် မွေးဖွားလာခဲ့သည် မှန်သော်လည်း နှစ်နှစ်ကာကာ မရှိလှသည်ကို ကိုယ့်ဘာသာ ကိုယ် သတိ ထားလာမိ လေသည်။

မမသည် သမီးငယ်ကို နမ်းရှုပ်လိုက်ပြီးနောက် ကရင်မ နာနီကြီးထံ ပြန် ပေးလိုက်သည်။ ကရင်မ နာနီကြီးက ကလေးကို ချီ၍ ပြန်ထွက်သွားသည်နှင့် မမသည် အပေါ်ထပ် ဧည့်ခန်းသို့ ထွက်လာခဲ့ကာ စားပွဲ အောက်ရှိ အယ်လ်ဘမ် စာအုပ်ကို လှန်ပြီး သမီးလေး အရွယ်လောက်က ရိုက်ထားသော တူးတူး ၏ ဓာတ်ပုံကို ရှာဖွေ ကြည့်နေမိသည်။ ထို့နောက် တစ်ဖန် တူးတူး အရွယ် အမျိုးမျိုးတွင် ရိုက်ထားသော ဓာတ်ပုံများကို အယ်လ်ဘမ်တွင် လှန်လှော ကြည့်နေမိသည်။

မမသည် တူးတူး၏ ဓာတ်ပုံများကို နှိုင်းယှဉ် ကြည့်ချင်လာသဖြင့် ဓာတ်ပုံများကို အယ်လ်ဘမ်ထဲမှ ဖြုတ်ယူကာ စားပွဲပေါ်တွင် စီတန်း၍ ချကြည့်နေမိသည်။

နောက်ဆုံး ရိုက်ထားသည့် တူးတူး၏ ဓာတ်ပုံကို ဖြုတ်ယူသော အခါတွင်ကား စောစောက ဓာတ်ပုံများကို ဖြုတ်ရသလောက် မလွယ်တော့ဘဲ အခက် တွေ့နေသည်။

မမသည် သေးသွယ် နုထွေးသော လက်ချောင်းများဖြင့် ဖြုတ်ယူသော်လည်း ဓာတ်ပုံမှာ တစ်ခုခုနှင့် ငြိတွယ်နေသဖြင့် ဖြုတ်မရဘဲ ဖြစ်နေလေသည်။ ထို့ကြောင့် တူးတူး၏ ဓာတ်ပုံ ကပ်ထားသည့် စာရွက်ကြားတွင် မှောက်လျက် ဖြစ်နေသော ပို့စကတ်ဆိုဒ် ဓာတ်ပုံကြီး တစ်ပုံကို ဆွဲထုတ်ကာ ထောင့်စွန်းဖြင့် တူးတူး၏ ဓာတ်ပုံကလေးကို ကော်ထုတ်လိုက်သည်။ တူးတူး ဓာတ်ပုံကို ဖြုတ်ပြီး ပို့စကတ်ဆိုဒ် ဓာတ်ပုံကြီးကို လှန်ကြည့်လိုက်သော အခါ နိုင်ငံခြား သွားတုန်းက ရိုက်လာခဲ့သော ကိုသက်ဆွေ၏ ပုံကြီး ဖြစ်နေသည်ကို တွေ့ လိုက်ရလေသည်။

သည်တော့မှ မမသည် ကိုသက်ဆွေကို သတိရလာသည်။

ယနေ့ တစ်မနက်လုံး မမသည် တူးတူး အကြောင်းကိုသာ စဉ်းစားနေမိ ခဲ့ကာ ကိုသက်ဆွေကို လုံးဝ သတိ မေ့လျော့နေခဲ့သည်။ ယခု ဓာတ်ပုံကို မြင်လိုက်ရသော အခါတွင်မူကား သူနှင့် သူ့သားကြီး တူးတူး၏ အကြားတွင် ကိုသက်ဆွေသည် တောင်ကြီးပမာ ကာဆီးနေသည်ကို ခံစားတွေ့ထိလာမိသည်။ ခံစားရရုံသာ မဟုတ် တကယ့် ဘဝတွင်လည်း ကိုသက်ဆွေသည် တောင်ကြီးလို ကာဆီးနေသည်ကို သိမြင်လာသည်။ ဘာမျှ မဟုတ်သော အသေးအဖွဲ ကိစ္စကလေး ဖြစ်သည့် သား၏ ဓာတ်ပုံကို ထုတ်ယူရာတွင်ပင် ကိုသက်ဆွေ၏ ဓာတ်ပုံသည် သားအမိ နှစ်ယောက် ကြားထဲတွင် ရောက်မိအောင် ရောက်နေ သည်မှာ တိုက်ဆိုင် ဆုံစည်းမှုဟု ဆိုနိုင်သော်လည်း မမ အဖို့မူ တွေးလိုက် တိုင်း တုန်လှုပ်စရာကြီး ဖြစ်နေပေသည်။

ကိုသက်ဆွေသည် မမအား ဥပေက္ခာပြုကာ နံနက် အစောကြီး ကတည်းက မော်တော်ကားဖြင့် ထွက်သွားလေသည်။ ထို့ကြောင့် အစေခံမလေးကို ခေါ်ကာ ပြန်ရောက်လို ရောက်ငြား အောက်ထပ်သို့ ဆင်း၍ အခေါ် ခိုင်းလိုက် သည်။ ကိုသက်ဆွေ တက်လာလျှင် သူ့ ရင်ထဲတွင် ခံစားနေရသည့် ဝေဒနာ တွေကို ဖွင့်ဟ ပြောချပစ်လိုက်ရန် စကားလုံးများကို စီစဉ်၍ နေသည်။

ခဏကြာလျှင် အစေခံမကလေး ပြန်ရောက်လာကာ တက္ကသိုလ်မှ ကို သက်ဆွေ၏ မိတ်ဆွေ ကထိက တစ်ယောက် ရောက်နေကြောင်း၊ ဧည့်သည်ကိုပါ ခေါ်လာခဲ့မည် ဖြစ်ကြောင်း ပြောလေ၏။

ကိုသက်ဆွေသည် မနေ့ညကတည်းက မမက စကား ပြောမည်ကြံတိုင်း ရှောင်ဖယ်ဖယ် လုပ်နေခဲ့သည်။ ယခုလည်း စကား ပြောရန် အခေါ် လွှတ်သည်ကို ဧည့်သည်နှင့် အတူ တက်လာမည် ဆိုနေပြန်သဖြင့် သူ စကား မပြောဖြစ်အောင် တမင် ဖန်တီး နေပေသလားဟု စဉ်းစားမိသည်။ ကိုသက်ဆွေသည် သူ့ကို ချစ်မှ ချစ်ပါသေးရဲ့လားဟုလည်း သံသယ ဖြစ်လာလေသည်။

ယခုတလော ကိုသက်ဆွေ၏ ပြုမူ ပြောဆို ဟန်များသည် မမ၏ သံသယကို ပို၍ ခိုင်မာလာစေသည်။ မမနှင့် ဦးသက်ထွန်းတို့ တရားဝင် ကွာရှင်းခြင်း မပြုမီတွင် ယခု အတိုင်း တစ်အိမ်တည်း ကြာရှည် လေးမြင့်စွာနေရန် မသင့် ဘဲ တစ်ဦးစီ ခွဲနေဖို့ ကောင်းကြောင်းဖြင့် ကိုသက်ဆွေသည် ယခုတလောတွင် မကြာခဏ တိုက်တွန်းလေ့ ရှိသည်ကို အမှတ်ရလာသည်။ ညစာကို အိမ်၌ စားလေ့ မရှိဘဲ ညဉ့်နက် သန်းခေါင်ကျမှ ပြန်လာလေ့ ရှိသည်ကိုလည်း သတိ ထားလိုက်မိလေသည်။ နှစ်ယောက်ချင်း တွေ့ဆုံ စကားပြောရန် အခေါ် လွှတ်သည်ကိုပင် လိမ္မာပါးနပ်စွာ ရှောင်လွှဲကာ သူတို့ ကြားထဲသို့ ဧည့်သည် တစ်ယောက်ကို အပါ ခေါ်ဆောင်လာသည်ကိုလည်း သင်္ကာမကင်း ဖြစ်လာ လေသည်။

ကိုသက်ဆွေသည် သူ့အား မချစ်တော့ပါဟု ဆိုလျှင် ဗြောင်ဖွင့်၍ ပြော သင့်သည်။

သို့မှသာ မမသည် သူ့ဘဝ ရှေ့စခန်းတွင် ဘယ်လို လှမ်းရမည်ကို ကြိုတင် စဉ်းစားနိုင်ပေလိမ့်မည်ဟု မမ ယူဆမိလေသည်။

အကယ်၍ ကိုသက်ဆွေကပါ စွန့်ခွာလိုက်လျှင် သူ့ ဘဝသည် ဘယ် အခြေသို့ ရောက်တော့မည်ကို မမသည် မစဉ်းစားရဲလောက်အောင်ပင် ဖြစ်နေသည်။

မမသည် အတွေးမျှင်များကို ရုပ်သိမ်းလိုက်ကာ အခန်းထဲသို့ ပြန်ဝင်ပြီး မှန်ရှေ့တွင် ရပ်လျက် ကိုသက်ဆွေ အမက်မောဆုံးသော အပြင်အဆင်မျိုးကို ရအောင် ပြင်ဆင် ဖြီးလိမ်းကာ အိမ်ရှေ့ ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်တွင် အောက်ထပ်မှ တက်လာသော ကိုသက်ဆွေတို့နှင့် လှေကားဝတွင် သွားတွေ့ ကာ အတူတူ ဧည့်ခန်းသို့ ဝင်လာခဲ့ကြသည်။

သုံးယောက်သား ဧည့်ခန်းတွင် ထိုင်မိကြတော့မှ မမက ကိုသက်ဆွေ၏ မိတ်ဆွေ ကထိက ကိုမြင့်တင်နှင့် စကားစမြည် ပြောဆိုနေလေသည်။ ကိုသက်ဆွေကမူ ဘာတစ်လုံးမျှ ဝင်၍ စွက်ဖက်ခြင်း မပြုဘဲ စားပွဲပေါ် တွင် စောစောက မမ တန်းစီချထားသော တူးတူး ဓာတ်ပုံများကို မျက်မှောင် ကုတ်၍ ကြည့်နေ၏။

မမနှင့် ကိုမြင့်တင်သည် တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ အမေရိကန် ယဉ်ကျေးမှု အသင်းမှ လေဟာပြင် ဇာတ်ခုံတွင် ကပြနေသော အမေရိကန် ဘဲလေးအက အကြောင်းကို ပြောဆိုနေကြလေသည်။

မမသည် အချိန် အတော်ကြာသည့်တိုင်အောင် ဝင်ရောက်ပြောဆိုခြင်း မပြုဘဲ တူးတူး၏ ဓာတ်ပုံများကိုသာ စူးစိုက်ကြည့်နေသော ကိုသက်ဆွေကို သတိထားလိုက်မိသည်။

စကားစ ပြတ်သွားသည်နှင့်…

“ဪ တူးတူး ဓာတ်ပုံတွေ ပြန်တောင် မသိမ်းရသေးဘူး၊ ပေး မောင်၊ မမကို ပေး”

မမက တတ်နိုင်သမျှ ဟန်ဆောင်ကာ ကိုသက်ဆွေထံမှ ဓာတ်ပုံများကို ဆွဲယူလိုက်ပြီး ကိုမြင့်တင်အား လှည့်ကြည့်ကာ အမေရိကန် ဘဲလေးကို ကြည့်ချင်ကြောင်း၊ ညဘက်တွင် သွားကြည့်လို၍ အားလျှင် လိုက်ပို့စေချင်ကြောင်း နှင့် တကွ ညစာကို အိမ်မှာပင် စားရန်ကိုပါ ဖိတ်မန္တက ပြုလိုက်လေသည်။

ကိုမြင့်တင်ကလည်း မကြည့်ရသေးသဖြင့် လာခဲ့မည် ဖြစ်ကြောင်း ကတိပေးကာ ကိုသက်ဆွေနှင့် မမတို့ နှစ်ယောက်စလုံးအား နှုတ်ဆက်၍ ပြန်သွားလေသည်။

နှစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှ မမက ကိုသက်ဆွေ၏ လက်ကို ဆွဲလိုက်ကာ သူ၏ ခါးကို အဖက် ခိုင်းလိုက်ပြီး…

“မောင်ပါ အိမ်မှာ ထမင်းစားရအောင်လို့ ကိုမြင့်တင်ကို ထမင်းစား ဖိတ်လိုက်တာ၊ မောင် မမကို စိတ်မဆိုးနှင့်နော်”

“မဆိုးပါဘူး မမရဲ့၊ ဘာဆိုးစရာ ရှိသလဲ”

ကိုသက်ဆွေက မမ၏ ပါးပြင်ကို မွှေးလိုက်သည်။

“ပြီးတော့ မောင့်ကိုလည်း စကား ပြောစရာ ရှိတယ်”

မမက မျက်နှာကို လွှဲထားလိုက်လေသည်။ မမသည် စိတ်ထဲက သံသယ ရှိနေ၍သာ ပြောရသော်လည်း ကိုသက်ဆွေ၏ ချိုသာနူးညံ့သော မျက်နှာကို မြင်ရသော အခါ သူ့ သံသယကို ဖွင့်၍ မမေးရက်အောင် ဖြစ်နေသည်။ ထို့ ကြောင့် မျက်နှာကို တစ်ဖက်သို့ လွှဲထားခြင်း ဖြစ်ပေသည်။

“ဘာများ ထူးထူးထွေထွေ ပြောစရာရှိလို့လဲ မမ”

“ဪ တခြား မဟုတ်ပါဘူး၊ မောင်ဟာ မမကို အရင်တုန်းကလို ချစ် သေးရဲ့လားလို့ မေးချင်လို့ပါ၊ ပြီးတော့ မမလည်း ရန်ကုန်မှာ ကြာကြာ မနေချင်ဘူး မောင်၊ ရန်ကုန်မှာ မမ အဖို့ ငရဲဘုံကြီးလိုပဲ၊ မမ ဒီက ပြေးချင်ပြီ၊ မောင်နှင့် အတူ လူတွေနှင့် ဝေးရာကို သွားနေချင်လှပြီ၊ မေမြို့က မောင့် အစ်ကို အိမ်ကို သွားနေမယ်ဆို၊ မောင် တစ်ခါက ပြောတာ မှတ်မိသေးသလား၊ သွားရင်လည်း သွားကြပါစို့ မောင်ရယ်၊ ဒီမှာ ကြာကြာနေရင် မမ သေလိမ့် မယ် ထင်တယ်”

“သွားပါ့မယ် မမရယ်၊ မမ စိတ်ချမ်းသာမယ် ဆိုရင် ငရဲတောင် လိုက်ရ လိုက်ရလို့ မောင် ပြောထားဖူးတယ် မဟုတ်လား၊ ဒီမှာ မောင့် ကိစ္စကလေးတွေ မပြီးပြတ်သေးလို့ပါကွယ် ဟုတ်လား၊ ခုတောင် ပါမောက္ခက ခေါ်ထားလို့ မောင် သွားဦးမယ်နော်၊ ဟုတ်လား”

ကိုသက်ဆွေသည် ပါမောက္ခနှင့် တွေ့ကာ အင်းလျားအိမ်သို့ ပြန်လာခဲ့လေသည်။ ပါမောက္ခက ကိုသက်ဆွေအား စာမေးပွဲ အဖြေလွှာများကို စစ်ဆေးရန် အတွက် ကိုသက်ဆွေအား ခွဲဝေပေးခဲ့ရာတွင် ကိုသက်ဆွေက ငြင်းပယ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထုချေခိုင်းလေသည်။

ကိုသက်ဆွေသည် အကြောင်း အမျိုးမျိုးပြကာ ပါမောက္ခအား ထုချေ ခဲ့သည်။ သို့ရာတွင် ပါမောက္ခမှာ ကျေနပ်ပုံ မရဘဲ နောင်တွင် ဤလို ဌာန အကြီးအကဲ၏ အမိန့်ကို ငြင်းပယ်ပါက ပါမောက္ခချုပ်သို့ တင်ပြမည် ဖြစ် ကြောင်း၊ တက္ကသိုလ် ကထိက တစ်ယောက်သည် သူနှင့် ထိုက်တန်သော တာဝန်ကို ဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း၊ တာဝန် ပျက်ကွက်ခြင်းသည် တစ်နေ့တွင် ကိုသက်ဆွေ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာနိုင်ကြောင်း၊ ယခု အချိန်တွင် အဖြေလွှာများ စစ်ဆေးရေးမှာ အရေးကြီး နေသဖြင့် အဖြေလွှာ များကို နက်ဖြန် အပြီး စစ်ဆေးပေးစေလိုကြောင်းများဖြင့် ရှည်လျားစွာ ပြောကာ သတိပေး၍ အဖြေလွှာထုပ်များကိုလည်း ပေးလိုက်သည်။

ပါမောက္ခသည် ကိုသက်ဆွေ၏ ကိုယ်ရေးကိုယ်တာ ပြဿနာများကို ရည်ညွှန်း ပြောဆိုခြင်း မပြုသော်လည်း သွယ်ဝိုက်၍ လိမ္မာ ပါးနပ်စွာ သတိပေးသွားကြောင်းကို ကိုသက်ဆွေသည် သတိထားလိုက်မိလေသည်။

အိမ်သို့ ကိုသက်ဆွေ ပြန်ရောက်သောအခါ မမကို မတွေ့ရပေ။ ကိုသက်ဆွေ ထွက်သွားပြီးနောက် မကြာခင်တွင်ပင် မမထံသို့ အမျိုးသမီး မိတ်ဆွေ တစ်ဦး ရောက်လာကာ ထိုမိတ်ဆွေနှင့် ထွက်သွားကြောင်းကို သိရလေသည်။ ကိုသက်ဆွေသည် ရုတ်တရက် ဒေါပွ သွားလေသည်။ တကယ်ဆိုလျှင် မမသည် ဘယ်ကို သွားမည်ဆိုသည့် အကြောင်းလောက်ကို မှာထားခဲ့ဖို့ ကောင်း သည် မဟုတ်ပါလော။ အရေးကြီးလွန်း၍ သွားလျှင်လည်း ခပ်မြန်မြန် လာဖို့ ကောင်းသည် မဟုတ်ပါလော။ ထိုမျှမက မမသည် ယနေ့ တစ်နေ့လုံး ကိုသက်ဆွေအား ဘာမျှ ပြောဆို တိုင်ပင်ခြင်း မရှိဘဲ သူ သွားလိုရာသို့ စည်းကမ်း မရှိ ထွက်သွားနေခဲ့သည်။

တူးတူး၏ ဓာတ်ပုံများကို ကိုင်ကြည့်တုန်းကလည်း ကိုသက်ဆွေအား ငြိုးသူ ရန်ဘက်ကြီးပမာ ကြည့်ခွင့် မပေးဘဲ ဧည့်သည် ရှေ့ တွင်ပင် မရှောင်နိုင်ဘဲ မျက်နှာထိ မျက်နှာထားဖြင့် ဓာတ်ပုံကို ဆွဲယူသွားခဲ့သည်။

ကိုသက်ဆွေသည် မမ၏ အပြုအမူကို တွေးရင်း ဒေါသထွက်သည်ထက် ထွက်လာလေသည်။

ထို့ကြောင့် နောက်နောင်တွင် ယခုကဲ့သို့ လက်လွတ်စပယ် သွားလာ နေထိုင်ခြင်း မပြုရန် ပြောင်ပြောင်တင်းတင်း ဖွင့်ပြောမှ ဖြစ်တော့မည်ဟု ယူဆလိုက်မိပြီး ဧည့်ခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ရင်း ပြန်အလာကို စောင့်နေမိလေသည်။

အချိန် အတော်ကြီးကြာမှ မမသည် အိမ်သို့ ပြန်ရောက်လာသည်။ သို့ရာတွင် သူ တစ်ယောက်တည်း မဟုတ်ဘဲ ဒေါ်မြမြမေပါ ပါလာသဖြင့် ကိုသက်ဆွေမှာ မပြောသာတော့ဘဲ နှုတ်ပိတ်၍ နေလိုက်ရလေသည်။ စောစောက လာရောက် လည်ပတ်၍ မမနှင့် အတူထွက်သွားသူမှာ ဒေါ်မြမြမေပင် ဖြစ်လေ သည်။

မမသည် မျက်စိမျက်နှာ ပျက်ကာ စိတ်အလို မကျဟန် ဖြစ်နေသော ကိုသက်ဆွေကို လုံးဝ သတိမမူဘဲ ဗိုလ်ချုပ်ဈေးမှ သူတို့ ဈေးဝယ် လာခဲ့သည့် အကြောင်းများကိုသာ ပြောပြနေလေသည်။ ကိုသက်ဆွေသည် မမ၏ အမူအရာတွေကို ကြည့်၍ တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည့် အဖြစ်ကို အကဲခတ် နေမိသည်။ မမနှင့် သူ စတင် တွေ့ကြတုန်းကတော့ ကိုသက်ဆွေသည် မမ၏ ဟန်ပန်များကို ကြည်နူး နှစ်သိမ့်မိသော်လည်း ယခုတော့ မမ၏ ဟန်ပန် များကို ကြည့်ကာ စိတ်ထဲတွင် နောက်ကျိ ရှုပ်ထွေးကာ ထိတ်လန့်သလိုလို ဖြစ်လာလေသည်။

ညနေ ခြောက်နာရီ ထိုးသည်နှင့် ကိုမြင့်တင်နှင့် သူ့မိတ်ဆွေ လက်ထောက် ကထိက တစ်ဦးပါ ရောက်လာကြကာ ထမင်းစားကြလေသည်။ အမေရိကန် ဘဲလေးကို သွားကြည့်ကြမည့် အကြောင်း စကား စပ်ကာ ကိုမြင့်တင်က လက်မှတ်များ ဝယ်လာကြောင်း ပြောလိုက်သည်နှင့် ကိုသက်ဆွေမှာ မျက်နှာ တစ်ချက် ပျက်သွားကာ သူ့တွင် အဖြေလွှာများကို အမြန်ဆုံး စစ်ဆေးပေးရန် ပါမောက္ခက ခိုင်းထားသဖြင့် လိုက်နိုင်မည် မဟုတ်ကြောင်း ပြန်ပြောလိုက်သည်။ ကိုမြင့်တင်မှာ အားနာသွားကာ လိုက်ဖို့ရန် အတန်တန် တောင်းပန် လေသည်။ ကိုမြင့်တင်သာမက ဒေါ်မြမြမေနှင့် ကိုမြင့်တင် သူငယ်ချင်းကပါ အတန်တန် တောင်းပန်ကြလေသည်။ သို့ရာတွင် မမကမူကား တစ်လုံး တစ်ပါဒမျှ ဝင်ရောက် ပြောဆိုခြင်း မပြုသည်ကို ကိုသက်ဆွေ သတိထားလိုက်မိ လေသည်။

ထမင်း စားသောက်ပြီးကြ၍ ဧည့်သည်များ အားလုံး ဧည့်ခန်းတွင် ခေတ္တ ထိုင်ကြခိုက် မမသည် အဝတ်အစား လဲရန် အပေါ်ထပ်သို့ တက်သွားလေသည်။ ကိုသက်ဆွေသည် ဧည့်သည်များနှင့်သာ စကားပြော နေရစ်ခဲ့သော်လည်း စိတ်ထဲတွင်ကား ယောက်ယက်ခတ်လျက် ရှိသည်။

သူ့ယောက်ျားကို အကြောင်း ပြကာ မမအား ခပ်ဖယ်ဖယ် လုပ်နေခဲ့သည့် ဒေါ်မြမြမေသည် ယနေ့ ညတွင် မမထံသို့ ဘာကြောင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသနည်းဟုလည်း စဉ်းစားနေမိသည်။ နံနက်တုန်းက အမေရိကန် ဘဲလေးကို သွားကြည့်မည်ဟု ပြောစဉ်က ကိုသက်ဆွေသည် တကယ် ကြည့် ဖြစ်မည် မဟုတ်သေးဟု ထင်ကာ ဘာမျှ မပြောဘဲ နှုတ်ပိတ်ရေငုံ နေခဲ့သည်။

ပေါင်းဟောင်းသင်းဟောင်းများကို ရှောင်ပုန်းနေခဲ့သော မမသည် ပေါင်းဟောင်းသင်းဟောင်းများနှင့် ဒက်ထိကြီး သွား၍ ဆုံမည်ဖြစ်သော အမေရိကန် ကပွဲကို သွားမည်ဟု ပြောခဲ့ခြင်းမှာ ပါးစပ် ရှိ၍သာ ပြောခြင်းမျှသာ ဖြစ်၍ တကယ် သွားဖြစ်လိမ့်မည် ဆိုသောအခါ ကိုသက်ဆွေသည် မမ၏ အပြုအမူ တွေကို နားမလည်အောင် ဖြစ်လာသည်။

ဧည့်သည်များနှင့် စကားစ ပြတ်သည်နှင့် ကိုသက်ဆွေသည် မသိမသာ ထလာကာ အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။ မမနှင့် လှေကားထိပ်တွင် ဆုံမိကြလေသည်။ မမမှာ နှင်းပန်းရောင် ဇာပေါက် နိုင်လွန် လက်စကနှင့် အနက် ပိန်းတွင် ရွှေနွယ် ရွှေပွင့်တို့ ခြယ်ထားသော ဘရိုကိတ် ထဘီကို ဝတ်ထားလျက် ပိုးဇာပဝါ ဖြူဖြူကို ကျောတွင် သိုင်းကာ ချိုင်းကြားမှ လျှို၍ ထုတ်ပြီး လက်မောင်း နှစ်ဖက်ပေါ်တွင် တင်ထားလေသည်။

မမ၏ ရဲရင့်သော အလှသည် ထင်းထင်းကြီး ပေါ်နေလေသည်။

“မမ တကယ် သွားကြည့်မလို့လားဟင် မမ”

ကိုသက်ဆွေက မမကို မကြည့်ဘဲ မျက်နှာ လွှဲ၍ မေးလိုက်သည်။ မမ သည် ကိုသက်ဆွေက သူ့ကို မကြည့်ဘဲ မျက်နှာ လွှဲထားသည်ကို သတိထား လိုက်မိသဖြင့် ဒေါပွ သွားမိပြန်သည်။

“ဟုတ်တယ် မောင် သွားမလို့၊ မမ သွားတာဟာ သေမင်းပြည် သွားတာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့ ဒီလောက် ဖြစ်နေရတာလဲ”

“ဘာမှတော့ မဖြစ်ပါဘူး”

“မဖြစ်လည်း ပြီးတာပဲ၊ မမ သွားမယ်”

မမက လှေကားထစ်ကို နင်း၍ ဆင်းလိုက်သည်။ ကိုသက်ဆွေသည် ချာ ခနဲ လှည့်ကာ မမ လက်ကို လှမ်းဆွဲထားလိုက်လေသည်။

“ကြည့်ရတာ တစ်မျိုးပဲ၊ ဘာဖြစ်နေတာလဲ မမ၊ ဒီနေ့ တစ်နေ့လုံး ဟင်၊ မောင့်ကို ပြောမပြနိုင်ဘူးလား”

ကိုသက်ဆွေက အနူးအညွတ် လေသံဖြင့် မေးနေသည်။ ဦးသက်ထွန်းသည်လည်း တစ်ကြိမ်က သည်လိုပင် မမ၏ ရှေ့မှောက်တွင် နူးညွတ်စွာ တောင်းခံခဲ့ရသည်။ ယခု ကိုသက်ဆွေ အလှည့်သို့ ရောက်လေပြီ။

“မမ ဘာမှ မဖြစ်ဘူး၊ ဒါကြောင့်မို့ မောင့်ကိုလည်း ဘာမှ ပြောစရာ ရှိ မယ် မထင်ပါဘူး”

“ဒီလို ပွဲမျိုးတွေကို သွားခဲ့မိလို့ ဘယ်လောက် စိတ်ဆင်းရဲပြီး ပြန်ပြန် လာခဲ့ရတယ် ဆိုတာ မမ သိပါတယ် မမရယ်၊ ဟိုရောက်ရင် သိဟောင်း ကျွမ်းဟောင်းတွေနှင့် ..”

“အို မမ တစ်ယောက်တည်း သွားတာမှ မဟုတ်ဘဲ၊ ကိုမြင့်တင်တို့လည်း ပါတယ်၊ မြလည်း ပါသေးတယ်၊ ဒါ ဘာဖြစ်လဲ”

“ဒါဖြင့် မမကို လူတွေ ကဲ့ရဲ့ မေးငေါ့ကြမှာ ဂရုမစိုက်တော့ဘူးပေါ့”

“ဟင့်အင်း ဘာလို့ ဂရုစိုက်ရမှာလဲ၊ ထင်ချင်တဲ့ လူက ထင်ချင်ရာကို ထင်ကြပစေပေါ့၊ မမ ဂရုမစိုက်ဘူး၊ ဘယ်သူ့ကိုမှ ဂရုမစိုက်လို့ ဒီကို လိုက်နေတာပေါ့၊ ဒီအခြေ ရောက်မှတော့လည်း မမနှင့် မောင့် အဖို့ ဘယ်သူ့မှ ဂရု စိုက်စရာ လိုမယ် မထင်တော့ပါဘူး၊ လူတွေရဲ့ ထင်မြင်ချက်က အရေးမကြီးပါဘူး၊ အရေးကြီးတာက မမနှင့် မောင်ဟာ တစ်ယောက်ကို တစ်ယောက် ချစ်ကြရဲ့လား ဆိုတဲ့ အချက်ပဲ၊ မမ မောင့်ကို ချစ်တယ်၊ တံတွေးခွက်မှာ ပက်လက် အမျောခံပြီး မောင့်နောက်ကို လိုက်လာခဲ့တယ်၊ ဒါပေမဲ့ မောင် မမကို မချစ်ဘူး၊ မောင့် အပြုအမူတွေဟာ တစ်မျိုး ဖြစ်လာတယ်”

“ချစ်ပါတယ် မမရယ်၊ မောင့် သဘောထား မောင့် အချစ်ဟာ မပြောင်းလဲပါဘူး၊ အရင်ကလိုပဲ ပိုရင်သာ ပိုမယ်၊ လျော့မသွားပါဘူး၊ ဒါကြောင့်မို့ ကပွဲကို မသွားပါနှင့် မမရယ် နော်၊ မောင် တောင်းပန်ပါတယ်”

“ဒီမှာ မောင်၊ ဧည့်သည်တွေ စောင့်နေကြပြီး ခုမှ မလိုက်တော့ဘူးလို့ လုပ်လို့ ကောင်းမတဲ့လား၊ နောက်ပြီး ပွဲသွားကြည့်တာပဲ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး၊ ကဲ သွားမယ်”

“မောင်ကတော့ ကပွဲမှာ မိတ်ဟောင်း ဆွေဟောင်းတွေနှင့် တွေ့ပြီး မမ ကို..”

မမသည် ကိုသက်ဆွေ၏ စကားကို ဆုံးအောင် နားမထောင်တော့ဘဲ

တစ်ချက်မျှ ပြုံးလိုက်ပြီး အောက်သို့ ဆင်းလာခဲ့လေသည်။ သူတို့ အားလုံး ထွက်သွားကြသော အခါတွင် ကိုသက်ဆွေသည် ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။ မမသည် လူ့ အဖွဲ့ အစည်းတွင် သူ ရောက်ရှိနေရာကို စဉ်းစား ဆင်ခြင်ကာ ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါလျက် သူ့ စကားကို နားမထောင်ဘဲ ဇွတ်ထွက်သွားသောအခါတွင် ကိုသက်ဆွေသည် မမအား ပထမဆုံးအကြိမ် ဒေါသ ထွက်မိသည်။ ဒေါသ ထွက်ရုံမက မုန်တီး စက်ဆုပ်၍ပင် လာသည်။

မမလို လူကုံထံ အသိုင်းအဝိုင်းတွင် ထင်ရှား ကျော်ကြားသော မိန်းမ တစ်ယောက်သည် လင်နှင့် သားကို ရက်ရက်စက်စက် စွန့်ခွာပစ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အကြော့ဆုံး အလွင်ဆုံး ဝတ်စားဆင်ယင်လျက် လူတော ထဲသို့ ပြောင်ပြောင်တင်းတင်း ဝင်ပြလိုက်ခြင်းမှာ ကိုယ် သိက္ခာမဲ့ကြောင်းကို အထုပ်ဖြေ၍ ပြသလို ဖြစ်နေရုံမျှမက လောကကြီးကိုလည်း ဆန့်ကျင် အရွဲ့တိုက်ရာ ရောက်နေသည်ဟု ကိုသက်ဆွေ ထင်မိလေသည်။

ထို့ကြောင့်လည်း ကပွဲသို့ မသွားရန် အတန်တန် တားခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ဘဲလေး အကမှာ ပထမဆုံး စတင် ကပြသည့်နေ့ ဖြစ်၍လည်း ယနေ့ ညတွင် သူ့ မိဘများနှင့် ဦးသက်ထွန်း အပါအဝင် ရန်ကုန်မြို့နေ လူကုံထံ မင်း ပရိသတ်များ စုံလင်စွာ လာရောက် ကြည့်ရှုကြမည်ကို ကိုသက်ဆွေ သိပြီးသား ဖြစ်သည်။

သည်မျှလောက် မင်းပရိသတ် စုံလင်လှသော ပွဲကို သွားမည် ဆိုခြင်းမှာ ဝတ်ရုံကို ခွာကာ ဇာတိရုပ် ဖွင့်ပြသလို ဖြစ်နေမည် ဖြစ်သောကြောင့်လည်း အလေးအနက် တားဆီး ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ကိုသက်ဆွေ ကန့်ကွက်သည်ကို နည်းနည်းကလေးမျှ ဂရုမစိုက်ဘဲ ထွက်သွားသည်ကို မြင်ရသောအခါ ကိုသက်ဆွေ၏ ဒေါသသည် ရင်ထဲတွင် ဆူပွက် လာလေသည်။

ကိုသက်ဆွေသည် အခန်းထဲတွင် စဉ်းစား၍ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေရာမှ ဒေါပွလာကာ စားပွဲပေါ်ရှိ ပန်းအိုးကို ကိုင်၍ ကြမ်းပြင်ပေါ်သို့ ပေါက်ချလိုက်ပြီးနောက် အိမ်ပေါ်ထပ်သို့ တက်လာခဲ့လေသည်။

ကိုသက်ဆွေသည် အဖြေလွှာများကို စစ်၍သာ နေရသော်လည်း စိတ်မဝင်စားလှဘဲ မမ လုပ်ပုံကိုသာ တွေး၍ ဒေါပွနေမိသည်။ ကိုးနာရီ ထိုးသော အခါတွင် မအောင့်နိုင်တော့ဘဲ အင်းလျားလမ်းရှိ မြန်မာ အမေရိကန် အသင်းပိုင် လေဟာပြင် ဇာတ်ခုံသို့ လိုက်လာခဲ့လေသည်။

ကိုသက်ဆွေသည် ကားကို တက္ကသိုလ်ရိပ်သာ လမ်းမဘေးတွင် ရပ်ခဲ့ပြီး အုတ်လှေကား အတိုင်း မြက်ခင်းပြင်ရှိ ကုလားထိုင်တန်းများဆီသို့ လျှောက်လာခဲ့သည်။ ကြွလာကြသော မင်း ပရိသတ်များမှာ ကွင်းပြင် တစ်ခု လုံး ပြည့်ကျပ်နေသည်။ ကိုသက်ဆွေသည် အုတ်လှေကား အောက်ဆုံးထစ်တွင် ရပ်ကာ မမကို လိုက်လံ ကြည့်ရှုနေ၏။

မီးမောင်းကို ကွယ်ထိုးထားသည့် စင်မြင်ပေါ်တွင် အမေရိကန် အမျိုး သမီး ဘဲလေး ကချေသည်မှာ နွဲ့နှောင်း လှပစွာ ကပြနေသည်။ စင်မြင့်ဘေး တီးဝိုင်းမှ ငြိမ့်ညောင်းသော တေးသံသည် တနွဲ့နွဲ့ ထွက်ပေါ်လျက် ရှိလေသည်။

ကိုသက်ဆွေသည် ရုတ်တရက် ရှာမတွေ့သည်နှင့် ကုလားထိုင်များကြား လူသွား လမ်းကလေး အတိုင်း အလယ်အထိ လျှောက်လာခဲ့သည်။

သူနှင့် မိတ်ဆွေများကို မမြင်ချင်ယောင်ဆောင်ကာ ရှေ့ခုံတန်းတွေနားအထိ လျှောက်လာခဲ့သည်။

ကိုသက်ဆွေသည် လှမ်း၍ ကြည့်သော်လည်း မမတို့ တစ်သိုက်ကို မတွေ့ ရဘဲ ဖြစ်နေသည်။ သူ့အစ်ကို ဝမ်းကွဲနှင့် ဇနီးသည်တို့မှာ ဒုတိယ ခုံတန်းတွင် ယှဉ်တွဲ ထိုင်နေကြသည်ကို မြင်ရလေသည်။ ရှေ့ဆုံးတန်းများမှာ ထိတ်ထိတ်ကြဲများ ထိုင်လေ့ ရှိသောနေရာ ဖြစ်၍ မမတို့လည်း ရှေ့ဆုံးတန်းများတွင် တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားလေသည်။ ကိုသက်ဆွေ၏ မျက်လုံးများသည် မမတို့ကိုသာမက ဦးသက်ထွန်းကိုပါ ရှာဖွေလျက် ရှိသည်။

သို့ရာတွင် ကံအားလျော်စွာ ဦးသက်ထွန်းကိုမူ မတွေ့ရပေ။

ဘယ်သူ့ကိုမျှ ရှာမတွေ့တော့သည့် အဆုံး ကိုသက်ဆွေသည် တတိယ ရှေ့ဆုံးတန်း အစွန်ရှိ ကုလားထိုင်လွတ် တစ်လုံးတွင် ဝင်ထိုင်လိုက်ပြီးမှ မျက်လုံးများဖြင့် မမကိုသာ ရှာဖွေနေမိသည်။ စင်မြင့်ပေါ်မှ အခန်းတစ်ခန်း ကပြပြီးစီးသွားသဖြင့် သူ့ဘေး ပရိသတ်၏ မျက်လုံးများမှာလည်း လက်ယာဘက် ဒုတိယတန်း အလယ်ဘက်ကို စူးစိုက်ကာ တီးတိုး ပြောနေသည်ကို တွေ့ရ သည်နှင့် ကိုသက်ဆွေ လှမ်းကြည့်လိုက်သောအခါ မမကို တွေ့ရ၏။

မမသည် ကိုမြင့်တင်၏ ဘေးတွင် ကပ်လျက် ထိုင်နေသည်။ မီးရောင် အောက်တွင် ဘေးကနေ၍ ကြည့်မြင်ရသော မမ၏ အလှမှာ တလက်လက် တောက်ကြူးနေသည်ဟုပင် ထင်ရသည်။ မမသည် နံ့သာ ယပ်တောင်ကို ပါးစပ် ရှေ့တွင် ကွယ်ကာ ကိုမြင့်တင်ဘက်သို့ လှည့်၍ စကား ပြောနေသည်။ ဝန်းမွတ်သော ပခုံးသား နှစ်ဖက်ကြားတွင် လည်တိုင် သွယ်နွဲ့နေဟန်မှာ ရှု၍ မငြီးနိုင်စရာပင် ဖြစ်သည်။

ကိုသက်ဆွေသည် မန္တလေး အငြိမ့်ပွဲတွင် သူနှင့် မမတို့ ထိုင်၍ စကား ပြောခဲ့ကြသည်ကို အမှတ်ရကာ ကိုမြင့်တင်နှင့် တွဲထိုင်နေသည်ကို ကြည့်၍ မနာလိုစိတ်တွေ တဖွားဖွား ပေါ်၍ လာလေသည်။

မမဘေးတွင်မူ အတွင်းဝန်ဟောင်း ဘုတ်အဖွဲ့ တစ်ဖွဲ့၏ လူကြီး ဦး ဘထွေးတို့ လင်မယား ထိုင်နေသည်ကို မြင်ရသည်။ ဦးဘထွေးမှာ မမနှင့်လည်း နဂိုကတည်းက သိကျွမ်းသူ ဖြစ်သည်။ မမသည် ဦးဘထွေးဘက်သို့လည်း တစ်ခါ တစ်ခါ လှည့်၍ စကား ပြောနေသည်ကို မြင်ရလေသည်။

တစ်ခါတွင်မူ ဦးဘထွေး၏ ဘေးတွင် ထိုင်နေသော ဦးဘထွေး ကတော် ဘာပြောလိုက်သည် မသိပေ၊ သူ့ ယောက်ျား ဦးဘထွေးမှာ မျက်နှာကြီး မည်းသွားကာ မမမှာလည်း ဦးဘထွေး ကတော်ကို လှမ်းကြည့်ပြီး မျက်နှာ ပျက်သွားသည်ကို သတိထားလိုက်မိသည်။

ဦးဘထွေးမှာ သူ့မိန်းမကို ချော့မော့ နှစ်သိမ့်ကာ မမအား အားနာသည့် ဟန်ဖြင့် ကြည့်နေသည်ကိုလည်း တွေ့လိုက်ရသည်။ ဦးဘထွေး ကတော်သည် မမအား မဲ့ရွဲ့ ကြည့်လိုက်ပြီး ထိုင်ခုံမှ ထကာ အပြင်သို့ ထွက်သွားသည်။ ဦးဘထွေးမှာ မယောင်မလည် ကျန်ရစ်နေခဲ့ပြီးမှ သူ့မိန်းမ နောက်သို့ ထလိုက် သွားသည်။

ကိုမြင့်တင်မှာ အံ့အားသင့်ဟန်ဖြင့် ရှိနေသည်။

ကိုသက်ဆွေသည် ဘာဖြစ်ကြသည်ကို အသေအချာ မသိသော်လည်း မမ အတွက် အရှက်ရစရာ စိတ်ညစ်စရာ တစ်ခုခုတော့ ဖြစ်ပြီဟု သိလိုက်လေသည်။ ထို့ကြောင့် ကိုသက်ဆွေသည် စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကာ ဒုတိယ ခုံတန်း အစွန်တွင် ရှိနေသော သူ့အစ်ကိုဆီကို အကြောင်းရှာ၍ ထသွားသည်။

“ဦးဘထွေး မိန်းမကြီးဟာ ဒီလိုချည်းပဲ ကိုရဲ့၊ တကယ်ဆို ဣန္ဒြေ ဆောင် ပါဦးတော့လား၊ ခုတော့ မမ ခမျာ”

သူ့အစ်ကို ဝမ်းကွဲ၏ မိန်းမက သူ့ယောက်ျားကို ပြောပြနေသည်။ သို့ရာတွင် ကိုသက်ဆွေ ရောက်လာသည်ကို မြင်လိုက်သဖြင့် ဆက်မပြောဘဲ ရပ်ထားလိုက်သည်။

“ဟေ့ မင်းလည်း လာသလား”

သူ့အစ်ကို ဝမ်းကွဲက မေးလိုက်သည်။

“ဟုတ်တယ် ခုတင်ကပဲ ရောက်တယ်၊ ဘာဖြစ်ကြတာတဲ့လဲ အစ်ကိုကြီး”

ကိုသက်ဆွေက မေးလိုက်သဖြင့် လင်မယား နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်နေကြသည်။ အတန် ကြာတော့မှ မိန်းမက…

“မောင်သက်ဆွေ မသိသေးဘူးလား”

“ဟင့်အင်း”

“ဘာမှ မဟုတ်ပါဘူးကွာ”

သူ့အစ်ကိုက စကား ပိတ်၍ ပြောလိုက်သည်။ မိန်းမက မလျှို့ဝှက်အပ် ည့် စကားကို လျှို့ဝှက်ရမည်လားဟု ယောက်ျားကို လှမ်း အပြစ် တင်လိုက်ကာ…

“ဦးဘထွေး ကတော်ကြီးပေါ့ကွယ်၊ ဒီ မိန်းမကြီးကို မုန်းစရာ ကောင်းလွန်းလို့၊ မမကို..”

ကိုသက်ဆွေ၏ အစ်ကိုက မျက်ရိပ် ပြလိုက်သည်။

“မဟုတ်ပါဘူး၊ မခံချင်လွန်းလို့ပါ”

“ဘာဖြစ်လို့လဲ မမကြီး၊ ပြောစမ်းပါဦး”

“ကွယ်… ဦးဘထွေးနှင့် မမက ဘဲလေး အကြောင်း ပြောနေကြတာ၊ အဲဒါ မိန်းမကြီးက မခံနိုင် ဖြစ်ပြီး လူတွေ ရှေ့တင် သူ့ယောက်ျားကို ပေါင်ဆွဲလိမ်ပြီး သတိပေးသတဲ့၊ မမကိုလည်း မကြားတကြားနှင့် ပြောဆိုပြီး ထသွားသတဲ့၊ ကောင်းသလားကွယ့်၊ ဒါလောက်တောင်”

ကိုသက်ဆွေသည် ပြုံး၍ နားထောင်နေသည်။ ပြုံးသာ ပြုံးရသော်လည်း ရင်ထဲတွင် မချိတော့ပေ။ ထိုအခိုက် နောက်တစ်ခန်း ဆက် အပြတွင် မမတို့ တစ်သိုက်လည်း ထပြန်သွားကြသည်။ ကိုသက်ဆွေသည် နောက်တစ်ခန်း ပြီး အောင် သူ့အစ်ကို အနားတွင် စောင့်ကြည့်နေပြီးနောက် ထ၍ ပြန်လာခဲ့လေသည်။

မမမှာ အိမ်သို့ ပြန်ရောက်ပြီး အဝတ်အစားပင် မလဲသေးဘဲ အိပ်ခန်းထဲတွင် ထိုင်နေပြီး ရှေ့တည့်တည့်သို့ စူးစိုက် ကြည့်နေသည်။ ကိုသက်ဆွေ ဝင်လာတော့မှ တစ်ချက်မျှ လှမ်းကြည့်ပြီး ထိုင်မြဲ ထိုင်နေသည်။

ကိုသက်ဆွေက မမဆီသို့ လျှောက်သွားလေသည်။

“မောင့်ကြောင့် မောင့်ကြောင့်၊ ဒီလို ဖြစ်ရတာတွေ အားလုံးဟာ မောင့် ကြောင့်ချည်းပဲ”

မမက အော်၍ ပြောကာ ငိုချလိုက်သည်။ ကိုသက်ဆွေသည် မမကို သနား၍ သွားလေသည်။

“မောင် တောင်းပန်ပါတယ် မမရယ်၊ မမကို မသွားပါနှင့်လို့ မောင် ပြောတယ် မဟုတ်လား၊ ခုလို စိတ် မချမ်းသာစရာတွေကို တွေ့မှာ စိုးလို့”

“ဘာ စိတ်မချမ်းသာစရာလဲ၊ ရှက်စရာ သိရဲ့လား ရှက်စရာ၊ တစ်သက်မှာ ဒီတစ်ခါပဲ ဒီလို အပြော ခံရသေးတယ်၊ ဒီလောက် သောကော ရောကောမှန်းသိရင် လာတောင် မကြည့်ဘူးတဲ့ ပြောသွားလိုက်တာ”

“ဒီ မိန်းမကြီး အကြောင်း သိသားပဲ မမရာ၊ သူ ပြောသွားတာများ အရေး လုပ်လို့”

“မောင်က အပြောခံရတဲ့ လူမှ မဟုတ်ဘဲကိုး၊ ဘယ်နာမလဲ၊ အပြောခံရတဲ့ သူကတော့ နာတာပေါ့၊ သိပါတယ်၊ မမကိုမှ မချစ်တော့တာ၊ မောင် ဘယ်နာမလဲ၊ နေသာတော့မှာပါ”

“ခက်လိုက်ပါဘိ မမရယ်၊ မောင်က မမကို ချစ်တယ် မချစ်ဘူး ဆိုတဲ့ ပြဿနာ မပေါ်ပါဘူး”

“ပေါ်တယ် ပေါ်တယ်၊ မမ ချစ်သလို မောင် မမကို ချစ်ရင် ဒီလို အပြော ခံရတာ မောင်လည်း နာမှာပဲ”

နောက်ဆုံးတွင် ကိုသက်ဆွေသည် ရှိုက်၍ ငိုနေသော မမအား ပွေ့ဖက် ကာ ချော့မော့ နှစ်သိမ့်ရလေသည်။

ယင်းသို့ ပွေ့ဖက် နှစ်သိမ့်ရခြင်းမှာ လင်မယား ရန်ဖြစ်ပြီး နောက်တွင် အရိပ်လို ကပ်၍ လိုက်ပါလာသော ထုံးစံကလေး တစ်ခုလို ဖြစ်နေသည့် အတွက်ကြောင့် တစ်ကြောင်း ပြုလုပ်ရခြင်း ဖြစ်သော်လည်း ကိုသက်ဆွေ၏ ရင်ထဲ တွင်မူ ဟက်ဟက်ပက်ပက် မရှိလှဘဲ အေးစက်စက်ကြီး ဖြစ်နေပေသည်။

မမအား ယခုလို ချော့မြူနေရခြင်းသည် ကိုသက်ဆွေ အဖို့ ဝဋ်ဒုက္ခကြီး တစ်ခုကို ခံစားနေရသလို ပင်ပန်း လေးပင်လှသည်ဟု ထင်မိလေသည်။ သို့ရာတွင် ကိုသက်ဆွေ၏ ပြုစုယုယမှုကို ခံရသူ မမ အဖို့ကား သုခ ဘုံကြီးတွင် ခံစားနေရသကဲ့သို့ ကြည်နူးစရာကြီး ဖြစ်နေသည်။

သို့ဖြင့် ကိုသက်ဆွေနှင့် မမတို့သည် တစ်ယောက်ကို တစ်ယောက် ချော့မြူ ကျီစယ်ကြရင်းဖြင့် ထုံးစံအတိုင်း ပြန်လည် သင့်မြတ်သွားကြပြီး နောက် တစ်နေ့တွင်မူ မေမြို့သို့ ထွက်ခွာသွားကြလေသည်။