မမ

[၁၇]

ခင်ရီရီသည် နွေရာသီတွင် ကလေးများနှင့် အတူ မေမြို့ရှိ အိမ်တွင် လာရောက် နေထိုင်လျက် ရှိလေသည်။ မတ္တရာက လယ်မြေများကို ရောင်းပြီး ကတည်းက ခင်ရီရီသည် ကလေးများ ကြီးပြင်းလာလျှင် ခြံ မြေ တိုက်တာနှင့် အဆင်သင့် ဖြစ်နေရန် လည်းကောင်း၊ မောင်မောင်လတ် အလုပ်မှ ထွက်၍ အနားယူသည့် အခါတွင် အေးချမ်းစွာ နေထိုင်ကြရန် လည်းကောင်း၊ နွေရာသီ ကာလတွင် ဖုန်ပေါ၍ ခြောက်သွေ့ ပူပြင်းလှသည့် မန္တလေးကို စွန့်ခွာကာ လာရောက် အနားယူရန် လည်းကောင်း ရည်ရွယ်ချက်ပေါင်း များစွာဖြင့် မေမြို့မှ အိမ်ကို တိုးချဲ့ ပြင်ဆင်ကာ ခြံဝင်းကြီးထဲတွင်လည်း နောက်ထပ် တစ်ထပ် ဆင်ဝင် အိမ်ကလေး တစ်ဆောင်ကို သားနားစွာ ဆောက်လုပ်ထားခဲ့လေသည်။

မိခင် ဒေါ်ညွန့်ညွန့်၏ တိုက်တွန်းချက် အရ ကိုအောင်မိုးနှင့် ခင်သီသီ တို့သည် နောက်ထပ် ဆောက်လုပ်သော အိမ်ကလေးကို ပြောင်းလာပြီး အမြဲတမ်း နေထိုင်လျက် ရှိကြသည်။ ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့်တို့ နှစ်ဦးစလုံးမှာ အထွေးဆုံး ခင်သီသီကို အချစ်ဆုံး ဖြစ်သည့် အတွက်ကြောင့် တစ်ကြောင်း၊ ခင်သီသီ၏ အိမ်ထောင်ရှင်မ အရည်အသွေးကို အကဲခတ်ကာ သွန်သင်စရာရှိက ကိုယ်ဖိ ရင်ဖိ သွန်သင်ရန် အတွက်ကြောင့် တစ်ကြောင်း ခင်သီသီတို့နှင့် အတူ လာရောက် နေထိုင်လျက် ရှိသည်။

မောင်မောင်လတ်မှာ အလုပ် ဝတ္တရားများကြောင့် စနေနေ့ ညနေကျမှ မေမြို့သို့ တက်လာကာ နောက်တစ်နေ့ နံနက်တွင် မန္တလေးသို့ ပြန်ဆင်းသွား ရလျက် ကျန် သီတင်းရက်များတွင် မန္တလေး၌သာ ရုံးကိစ္စများနှင့် အချိန်ကုန်လျက် ရှိလေသည်။

ခင်ရီရီသည် ကိုသက်ဆွေနှင့် မမတို့ ရေချမ်းအိုးဘက်တွင် ရောက်ရှိ နေသည်ကို ကြားသည်နှင့် သွားချင်စိတ် စောနေသည့် အတိုင်း ကနေ့ ညနေတွင် ရေချမ်းအိုးဘက်သို့ ရထားလုံးတစ်စီး ငှား၍ ထွက်လာခဲ့လေသည်။

ကိုသက်ဆွေနှင့် မမအား ခင်ရီရီက ယခုကဲ့သို့ တကူးတက သွားရောက် နှုတ်ဆက်ခြင်းကို ကိုအောင်မိုးနှင့် ခင်သီသီကမူ များစွာ သဘော မကျလှပေ။ အထူးသဖြင့် ကိုအောင်မိုးက ကိုသက်ဆွေနှင့် တစ်စုံတစ်ရာ ပတ်သက်လိုဟန် မရှိပုံကို ခင်ရီရီ သတိထားမိရုံမျှမက ကိုအောင်မိုး အနေဖြင့် ယခုကဲ့သို့ ကိုသက်ဆွေနှင့် ခပ်ခွာခွာ နေချင်သည့် အကြောင်းရင်းကိုလည်း ခင်ရီရီ ကောင်းစွာ နားလည် သဘောပေါက်သည်။

သို့ရာတွင် မိမိ အနေနှင့်မူကား ယောက်မ အရင်းကြီး ဖြစ်နေရုံမျှမက သူနှင့် မောင်မောင်လတ်တို့ ကတောက်ကဆ ဖြစ်နေစဉ်တွင် ရန်ကုန်မှ ကသုတ်ကရက် ရောက်လာကာ ကြားဝင် စေ့စပ်ပေးသွားသဖြင့်လည်း မတွေ့လျှင် မကောင်းသည့် အခြေအနေတွင် ရှိပေသည်။

တကယ်ဆိုလျှင် မမနှင့် ကိုသက်ဆွေတို့ ယခု အခြေသို့ ရောက်လာကြရခြင်းမှာ သူနှင့် မောင်မောင်လတ်တို့ ဂြိုဟ်မွှေရာက အစ ပြုလာသည်ဟုလည်း သွယ်ဝိုက်၍ ပြောဆိုနိုင်သေးသည်။ ထို့ပြင် တစ်ခါတုန်းက မင်းကြီးကတော် အဖြစ် ဝိုင်းဝိုင်းလည်အောင် အရေးတယူ ဂရုပြု ခံရသည့် မမသည် ယခု အခါတွင် လင်ကို စွန့်ပစ်ကာ ကိုသက်ဆွေနှင့် ခပ်ကုပ်ကုပ် နေရသည့် ဘဝသို့ ကျရောက်နေပေရာ သည်လို ညှိုးငယ်သော ဘဝတွင် မမအား သူက သွားတွေ့ခြင်း မပြုလျှင် သူ့ဘက်က ဝတ္တရား ပျက်သည်ဟု ထင်စရာ ဖြစ်မှာ ကိုလည်း ခင်ရီရီ စိုးရိမ်မိသေးသည်။

မမသည် ဘယ်မျှလောက် နိမ့်ကျသော ဘဝသို့ ကျရောက် နေစေကာမူ မမ အပေါ်တွင် သူ့ သဘောထားသည် တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိဘဲ ယခင်ကကဲ့သို့ပင် လေးစား ချစ်ခင်လျက် ရှိကြောင်းကိုလည်း သူ့ အနေဖြင့် ပြသလိုပေသည်။

ထို့ကြောင့် ခင်ရီရီသည် မမတို့ နေထိုင်ရာ ရေချမ်းအိုးဘက်သို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။

မေမြို့ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ ဗိုလ်အိမ်ကလေးများကဲ့သို့ပင် မမတို့ အိမ်မှာလည်း အုတ်ကြွပ်မိုးနီနီဖြင့် တိုက်အိမ်ကလေး တစ်လုံး ဖြစ်ပြီး ခြံဝင်းထဲတွင် သစ်ပင် ပန်းပင်များဖြင့် လှပ ဆိတ်ငြိမ်သော နေရာကလေး ဖြစ်ပေသည်။ သည်အိမ်မှာ ကိုသက်ဆွေ၏ မိတ်ဆွေ ဗိုလ်မှူး တစ်ယောက် ဝယ်ထား သည့် အိမ်ကလေး ဖြစ်၍ ကိုသက်ဆွေသည် မိတ်ဆွေ ဗိုလ်မှူး၏ စီစဉ်ပေးချက် အရ မမနှင့် အတူ ရောက်လာခြင်း ဖြစ်ပေသည်။

မမသည် ပိန်ချုံးကာ ဖျော့တော့နေသော ခင်ရီရီကို ကြည့်၍ ဘာကြောင့် သည်မျှလောက် ပိန်ချုံး ကျသွားရသည်ကို မေးလိုက်မည် ပြုပြီးမှ သူကိုယ်တိုင်မှာ ခင်ရီရီကပင် ငေးကြည့်ရလောက်အောင် ခင်ရီရီထက် အဆပေါင်းများစွာ နုနယ်ပျိုမျစ် လှပနေကြောင်းကို သတိ ထားမိကာ ထိုသို့ မေးလိုက်ခြင်းဖြင့် တစ်ဖက်သားအား စိတ်ထိခိုက်အောင် လုပ်သလို ဖြစ်သွားမည်ကို စိုးရိမ်ကာ မမေးတော့ဘဲ အသာနေလိုက်သည်။

ပြီးမှ သူ့အား အားကျသလို ရွှန်းရွှန်းစားစား ကြည့်နေသော ခင်ရီရီ၏ ပခုံးကို လှမ်းဖက်လိုက်ရင်း…

“ဘာကြည့်နေတာလဲ ရီရဲ့၊ မမကတော့ သည်လို နေရတာတောင် စိတ် ပျို ကိုယ်နုပြီး ဝလို့ လှလို့လို့ စိတ်ထဲမှာ ထင်နေသလား၊ ရီကတော့ မမကို ဘယ်လို ထင်သလဲ မသိဘူး၊ ရီမို့လို့ အမှန် အတိုင်း ပြောရမယ် ဆိုရင် မမ ဖြင့်လေ မမရဲ့ ဘဝကို ကျေနပ်တယ်၊ ပျော်တယ်၊ အရင်တုန်းကတော့ ဘဝဟာ အိပ်မက်ဆိုး မက်ရာက လန့်နိုး လာသလို ကြောက်ပြီး ပျော်စရာကို တွေးလို့တောင် မရခဲ့ဘူး၊ ခု မေမြို့ ရောက်လာမှ မမဖြင့်လေ ဘဝသစ်ကို ရောက်ရသလိုပဲ သိလား”

မမက တဟင်းဟင်းဖြင့် မျှင်းမျှင်းကလေး ရယ်မောကာ သူ့ စကားတွေကို ခင်ရီရီက ဘယ်လိုများ တုံ့ပြန်လေမည်လဲဟု အကဲခတ် ဟန်ဖြင့် ကြည့်နေသည်။

“ဘယ်လိုမှ မထင်ပါဘူး မမရယ်၊ ရီဖြင့် မမကို ဒီလို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် တွေ့ရတာ ဝမ်းသာလို့ မဆုံးဘူး၊ မမတို့ လာမယ့် အကြောင်း ဘာဖြစ်လို့ ရီဆီကို စာ မရေးသလဲ မမရယ်၊ တကယ်ဆို လာမကြိုရပါလား”

“ဟင့်အင်း၊ ဒီလောက်တော့လည်း မမ မျက်နှာပြောင် မတိုက်ရဲပါဘူးကွယ်၊ ကိုယ့်အခြေအနေကလည်း တစ်မျိုး ပြောင်းနေပြီ ဆိုတာ သတိ ထားရသေး တာပေါ့”

“ရီ့ အဖို့ကတော့ မထူးပါဘူး မမရယ်၊ မမကို ကြည့်ပြီး..”

မမက အစေခံမကလေးကို ခေါ်ကာ လိမ္မော်ရည် အယူခိုင်းနေသဖြင့် ခင်ရီရီက စကားကို ဖြတ်ထားလိုက်သည်။ မမက ခိုင်းစရာ ရှိသည်ကို ခိုင်းပြီးမှ ခင်ရီရီဘက်သို့ လှည့်ကြည့်ပြီး

“ဆိုပါဦး၊ မမကို ရီ ဘယ်လို မြင်သလဲ၊ မမတို့ ကိစ္စကိုကော ရီ ဘယ်လို သဘောထားလဲ”

“ဘယ်လိုမှ မထင်ပါဘူး မမရယ်၊ ရီဟာ မမကို အရင်တုန်းကလည်း ချစ်တယ်၊ ခုလည်း ချစ်တယ်၊ လူ တစ်ယောက်ကို ခင်မိပြီ ဆိုရင် ဘယ် အချက်ကို မကြိုက်ဘူး ဘယ် အချက်ကို ကြိုက်တယ်လို့ မခွဲခြားတတ်ပါဘူး၊ ခင်တယ် ဆိုရင် ခင်တာပဲ”

မမသည် မျက်လွှာကို ချ၍ လက်သည်းချင်း ပွတ်ရင်းက ခင်ရီရီ၏ စကားများကို နားထောင်လျက် ရှိ၏။

မမ၏ ပြုမူ ပြောဆိုဟန်ကို အမြဲတမ်း ဂရုစိုက် လေ့လာ၍ အတုခိုးလေ့ရှိသော ခင်ရီရီသည် ယခုလို မျက်လွှာ ချ၍ လက်သည်းချင်း ပွတ်နေသော ဟန်အသစ်ကို လေ့လာ မှတ်သားနေမိသည်။ သည်ဟန်ကို အရင်တုန်းက ခင်ရီရီ မမြင်ဖူးပေ။

“ရီ မပြန်ပါနှင့်ဦးလားကွယ်၊ ဒီမှာ တစ်ညတလေ အိပ်သွားပါဦးလား ဟင်၊ မမနှင့် စကားတွေ အားရပါးရ ပြောရအောင် နော်၊ အိပ်မယ် မဟုတ်လား”

“အိပ်လို့တော့ မဖြစ်ဘူး ထင်တယ် မမရယ်၊ အိမ်ကိုလည်း ပြောခဲ့တာ မဟုတ်ဘူး၊ ကလေးတွေကလည်း..”

“အို မောင်မောင်လတ်မှ ရှိတာ မဟုတ်ဘဲ၊ အိမ်မှာလည်း ရီတို့ ဒေါ်ဒေါ် ရော ရှိသားပဲ၊ အိပ်ပါကွယ် ရီကလည်း နော်၊ မမတို့ ခြံထဲက ခြံစောင့်တဲ့ သူငယ်ကလေးကို စာရေးပြီး လွှတ်လိုက်ပေါ့ ဟုတ်လား”

နောက်ဆုံးတွင် မမက အတင်း တိုက်တွန်းသဖြင့် ခင်ရီရီသည် မမ၏ စီစဉ်ချက်ဖြင့် အိမ်သို့ စာပေး လွှတ်လိုက်ပြီး တစ်ည အိပ်ရန် သဘောတူလိုက် ရလေသည်။

မမသည် ခင်ရီရီအား သူ့ အခန်းသို့ ခေါ်သွားကာ အဝတ်အစား လဲပေး ပြီး ရေမိုးချိုးစေသည်။

မမကို ကြည့်ရသည်မှာ ဝမ်းသာ ရွှင်မြူး၍ နေကာ သပိတ်လွယ် ငှက်ကလေး တစ်ကောင်လို ပေါ့ပါး ဖျတ်လတ်လျက် ရှိသည်။ လူတွေကို ရှောင်ပုန်းကာ လူတွေ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရသော မမသည် သူ့ အား ခင်မင်မပျက်သော ခင်ရီရီကို တွေ့ရသဖြင့် ဝမ်းသာနေပုံ ရပေသည်။

ရေချိုး ပြီး၍ ခင်ရီရီက ရင်လျားဖြင့် သနပ်ခါး လိမ်းနေသော အခါတွင်လည်း မမသည် အနားက ခုတင်ပေါ်တွင် ထိုင်ကာ စကား စကား တတွတ်တွတ် ပြောလျက် ရှိလေသည်။

“မမဖြင့် ရီနှင့် တွေ့ရတာ ဝမ်းသာလိုက်တာ ရီရယ်၊ ကဲ ဒီ့အကြောင်း ပြောစမ်းပါဦး၊ မောင်မောင်လတ်တော့ ရန်ကုန် လာတုန်းက အိမ်ဝင်လာသေး တယ်၊ ဒါပေမဲ့ ကောင်းကောင်း စကားမပြောလိုက်ရပါဘူး၊ တွေ့တယ်ဆိုရုံပဲ၊ ကလေးတွေကော နေကောင်းကြရဲ့လား၊ အကြီးမ ချိုချိုက တော်တော် ကြီး နေရောပေါ့နော်”

“သိပ်ထွားတယ် မမရဲ့၊ အရပ်ကြီးကလည်း နည်းတဲ့ အရပ်ကြီး မဟုတ် ဘူး၊ ခုတော့ အစ်ကိုအောင်တို့ သီသီတို့ရော တစ်ခြံတည်းမှာ အားလုံး ပေါင်းနေကြတာပဲ”

“ဟုတ်လား၊ ရီတို့က မမကို အခင်အမင် မပျက်တာ တွေ့ရတော့ သိပ် ဝမ်းသာတာပဲ ရီရယ်၊ မောင်မောင်လတ် ဆိုတာလည်း မောင်… မောင်နှင့် ရင်းနှီးသားပဲ”

မမသည် ယောက်မ၏ ရှေ့တွင် ကိုသက်ဆွေအား မောင်ဟု ပါးစပ်က ထွက်လိုက်ရမည်ကို မထွက်ရဲသလို ဖြစ်နေသဖြင့် ထစ်နေသည်။ နောက်ဆုံးမှ တံတွေးကို တစ်ချက်မျှ မျိုးလိုက်ကာ ဇွတ်ထွက်လိုက်သည်။

သို့ရာတွင် မမ၏ မျက်နှာမှာ ရှက်သွေး ဖြာသဖြင့် နီရဲလျက် ရှိပေ သည်။

“သူကလည်း အလုပ် ခပ်များများ မဟုတ်လား မမရဲ့”

ခင်ရီရီက ပြန်၍ ပြောလိုက်သည်။

“အေးပါကွယ်၊ မမက ဘယ်လိုမှ မအောက်မေ့ပါဘူး၊ ရီ ခုလို အမှတ် တရ ရောက်လာတာကိုပဲ ဝမ်းသာလှပါပြီ၊ ဒါပေမဲ့ မမတို့ ကိစ္စနှင့် ပတ်သက်လို့ ရီ ဘယ်လို သဘောထားတယ် ဆိုတာ မမကို မပြောသေးဘူးနော်၊ ခုနက စကား ပြတ်သွားကြတယ်၊ ကဲ ခု ရီ ထင်မြင်ချက်ကို ပြောပြစမ်းပါဦး၊ ရီဟာ ဒီကိစ္စကြောင့် မမ အပေါ်မှာ ထင်မြင်ချက် ပြောင်းမသွားဘူး ဆိုတာတော့ မမ ဝမ်းသာပါတယ်ကွယ်၊ တချို့က မမဟာ ကိုယ်လုပ်တာကို တရားရာ ရောက်အောင် သူ့ အပေါ်ကို အပြစ်တွေ ပုံချနေတယ်လို့ စွပ်စွဲကြတယ်၊ အမှန်ကတော့ မမ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူးကွယ်၊ ဘယ်သူ့ကိုမှလည်း စိတ် မဆင်းရဲစေချင်ပါဘူး၊ စိတ်ဆင်းရဲရင် ကိုယ့်ဘာသာကိုယ် ကြိတ်မှိတ်ပြီး ခံမယ်လို့ ဆုံးဖြတ်ပြီးသားပါ၊ ဒါပေမဲ့ မမဟာ သူ့ကို မချစ်တော့ဘူးလို့ ဆိုရင်တော့ မမ ချစ်တဲ့သူကို မမ ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့တော့ ယူဆတယ်၊ အေးပါလေ ဒီကိစ္စက နည်းနည်း အချိန်ယူပြီး ပြောမှ ပြီးမယ့် ကိစ္စကြီး ဖြစ်နေတော့ နောက်မှ အေးအေးဆေးဆေး ပြောကြသေးတာပေါ့၊ လာ ခြံထဲ ဆင်းလျှောက်ရအောင်၊ မောင်လည်း ရှိတယ်”

”မမက လက်ပတ် နာရီကို ကြည့်ကာ လမ်းလျှောက် ခေါ်သဖြင့် ခင်ရီရီ သည် ခြံဝင်းထဲသို့ လိုက်လာခဲ့လေသည်။

ဝါဖျော့သော နေခြည် အကြွင်းအကျန်များသည် သစ်ပင်များပေါ်သို့ ပြေပြေ လျောလျော ကျလာကြပေသည်။ နေခြည် ဟပ်သဖြင့် မှိုင်းညိုသော သစ်ပင်များ ရွှန်းစို တောက်ပ၍ နေကြသည်။

ခြံစည်းရိုးတွင် ပေါက်နေသော မေမြို့ပန်းများသည် ကြည့်လိုက်တိုင်း ရင်အေးစရာ ဖြစ်ပေသည်။

ရေမိုးချိုးပြီးကြ၍ ကိုသက်ဆွေ၊ မမနှင့် ခင်ရီရီတို့သည် ပန်းခင်းများ ဘေး မြေနီလမ်းကလေး တစ်လျှောက်တွင် လမ်းလျှောက်နေကြသည်။

ရီရီသည် ကိုသက်ဆွေကို အနီးကပ် လေ့လာကြည့်သော အခါတွင် ရည်မွန် ဖော်ရွေသူ တစ်ယောက် ဖြစ်နေကြောင်းကို တွေ့ရလေသည်။

ခင်ရီရီသည် မမ နေရာကို ဝင်၍ ကိုသက်ဆွေအား လေ့လာနေမိသည်။ စိတ်သဘော ကောင်းပုံ၊ တစ်ဖက်သားကို ငဲ့ညှာတတ်ပုံ၊ အလိုက်သိတတ်ပုံတို့မှာ မမ စွဲမက်လောက်သော အရည်အချင်းများ ဖြစ်ပေသည်။

ကိုသက်ဆွေ၏ မျက်လုံးများသည် ပုံပြင် တစ်ခုကို ပြောပြနေသလို ထင် မှတ်ရပေသည်။

“ဪ ရီ၊ မောင်နှင့် စကား ပြောနေကြဦးနော်၊ မမ ကောင်မလေးတွေ ထမင်း ပြင်ခိုင်းထားတာ သွားကြည့်လိုက်ဦးမယ်”

မမက ညစာ အတွက် ပြင်ဆင် ချက်ပြုတ် ခိုင်းထားသည်ကို စိတ်မချသဖြင့် ကြည့်ရှုစစ်ဆေးရန် အိမ်ထဲသို့ ထ၍ သွားသောကြောင့် ကိုသက်ဆွေနှင့် ခင်ရီရီတို့ နှစ်ယောက်သာ ခြံထဲတွင် ကျန်ရစ်ခဲ့ကြလေသည်။ ခင်ရီရီသည် ကိုသက်ဆွေ၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ကိုသက်ဆွေတွင် တစ်စုံတစ်ရာ ပြောစရာ တစ်ခု ရှိနေသည်ကို သတိထားမိသည်။

ခင်ရီရီ တွေးထင်သည့် အတိုင်းပင် မမ ထွက်သွား၍ နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်နှင့် ကိုသက်ဆွေက စကား စလိုက်သည်။

“ရီ့ကို ကျွန်တော် ပြောစရာ ရှိတယ်ဆိုတာ ရီ သတိထားမိမလား မသိဘူး၊ ရီဟာ မမရဲ့ညီမ ဆိုလည်း ဟုတ်တယ်၊ မိတ်ဆွေရင်း ဆိုလည်း ဟုတ်တယ်၊ မဟုတ်ဘူးလား ရီ”

ကိုသက်ဆွေက မြက်ပင်များပေါ်တွင် ပျံဝဲနေသည့် ပုစဉ်းများကို လက်ဖြင့် ယမ်းရင်း ပြောလိုက်သည်။

ခင်ရီရီသည် ဘာမျှ မပြောဘဲ သစ်ရွက်ကလေး တစ်ရွက်ကို ခူးကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆိတ်နေလေသည်။

ကိုသက်ဆွေသည် သူ့အား အထူးအထွေ ဘာများပြောစရာ ရှိပါလိမ့် ဟု တွေးနေမိသည်။

သူတို့ ကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက်ကို တောင်းခံရန် အတွက်လော။

သို့မဟုတ် ခင်သီသီနှင့် ပတ်သက်၍ သူ့တွင် အပြစ်ရှိသည်ဟု ဝန်ခံရန် အတွက်လော။

ခင်ရီရီသည် ကိုသက်ဆွေ ဘာများ ပြောမလဲဟု တွေးမိသည်။ ရင်မှာ လည်း တဒိတ်ဒိတ် ခုန်လျက် ရှိလေသည်။

“မမဟာ ရီ့ကို ချစ်ပါတယ် ရီ၊ ရီ ပြောတဲ့ စကားကိုလည်း နားထောင် ပါလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါကြောင့် ရီ့ကို ကိုသက်ဆွေ အကူအညီတစ်ခု တောင်းချင်ပါတယ်၊ ကူညီနိုင်မယ် မဟုတ်လား ဟင် ရီ”

ခင်ရီရီသည် ကိုသက်ဆွေ တောင်းသော အကူအညီကို နားမလည်နိုင်ဘဲ ကိုသက်ဆွေကို စူးစမ်းသော အကြည့်မျိုးဖြင့် လှမ်းကြည့်နေသည်။ နေရောင်သည် သစ်ရွက်များကြားမှ လျှောကျကာ ယောက်ျားပီသသော ကိုသက်ဆွေ ၏ မျက်နှာပေါ်သို့ ထိုးရိုက်လျက် ရှိသည်။

“ရီဟာ ခုလို ကျွန်တော်တို့ကို မှတ်မှတ်ရရ လာတွေ့ဖော်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ရီ၊ မမရဲ့ မိတ်ဆွေက မမကို ခုလို တကူးတက လာပြီးတွေ့တာဟာ ရီ တစ်ယောက်ပဲ ရှိပါတယ်၊ ဒီကို လာလည်တာကို ထောက်ပြီး ရီဟာ ကျွန်တော့် အပေါ်မှာရော မမ အပေါ်မှာရော အရင်ကလိုပဲ ခင်မင်မြဲ ခင်မင်နေတုန်းပဲလို့ ကျွန်တော် နားလည်ပါတယ်၊ ဒါတင် မကဘူး ကျွန်တော် တို့မှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးဖို့ စေတနာ ရှိတယ်လို့ ကျွန်တော် နားလည်ထားပါတယ်၊ ကျွန်တော် ထင်တာ မှားရင် ပြောပါ ရီ”

“အို မမှားပါဘူး ကိုသက်ဆွေ၊ ကိုသက်ဆွေ ထင်တဲ့ အတိုင်းပါပဲ”

“မမဟာ သောင်မတင် ရေမကျတဲ့ အခြေအနေမှာ ရောက်နေတယ် ရီ၊ ဒါကြောင့် ကျွန်တော်တို့မှာ အခက် တွေ့နေရတယ်၊ ခက်သမှ အခက်ကလေး မဟုတ်ဘဲ အခက်ကြီး ဖြစ်နေတယ်၊ ဒီ အခက်ဟာ ဘယ်လောက် ကြီးမားသလဲ ဆိုတာ ရီလည်း နားလည်သဘောပေါက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ အမှန်ကတော့ မမ ဒီလို အခြေအနေ ရောက်ပြီး ဒီလို အခက် တွေ့နေရတာတွေဟာ ကျွန်တော့် အပြစ်ချည်းပါပဲ ရီ၊ ကျွန်တော့် အပြစ်ချည်းပါပဲ၊ ဒါကြောင့်မို့ ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်”

ခင်ရီရီသည် ကိုသက်ဆွေက ရိုးသားစွာ ဝန်ခံဖြောင့်ချက်ပေးနေသောအခါ ကိုသက်ဆွေကို သနားသွားသည်။

“ဟုတ်ပါတယ် ကိုသက်ဆွေ၊ ရီ နားလည်ပါတယ်၊ ဒါပေမဲ့ ကိုသက်ဆွေက ကာယကံရှင် ဖြစ်နေလို့ ကိုယ့် အပြစ်ကို ပိုပြီး တွက်နေတာ ဖြစ်ပါလိမ့်မယ်၊ မမ အဖို့ အခက် တွေ့တယ် ဆိုတာတော့ ဟုတ်သင့်သလောက် ဟုတ်ပါတယ်၊ ဒါပေမဲ့..”

“ဟုတ်သင့်သလောက်တင် မကဘူး ရီ၊ ဟုတ်သင့်တာထက် ပိုနေတယ်၊ ဒါကြောင့် ခက်နေတယ်၊ မမနှင့် ကျွန်တော့် အဖို့ ဒီလောကကြီးထဲ နေရတာဟာ ငရဲဘုံကြီးလို ဖြစ်နေတယ်၊ သင်္ချိုင်းကုန်းကြီးလို ဖြစ်နေတယ်၊ ကျွန်တော်တို့ နှစ်ယောက်ဟာ ဘယ်နေရာကိုပဲ ပြေးပြေး ဘယ်ကိုပဲ သွားသွား လူတွေရဲ့ လက်ညှိုးတွေဟာ ကျွန်တော်တို့ နောက်ကို တကောက်ကောက် လိုက်ထိုး ကြတယ်လို့ ကျွန်တော် ထင်တယ်၊ မျက်စိနှစ်လုံး မှိတ်ပြီး အိပ်တဲ့ အချိန်မှာတောင် ဒီလက်ညှိုးတွေဟာ အိပ်မက်ထဲမှာ ကျွန်တော်တို့ကို လိုက်ပြီး ထိုးနေကြတယ်၊ ကျွန်တော်ဟာ ကျိန်စာသင့်တဲ့လူလို ဖြစ်နေပြီ ရီ၊ ဒါကြောင့်မို့ လူတွေနှင့် ဝေးရာကို ကျွန်တော် ပြေးလာခဲ့တာပဲ”

“လူတွေနှင့် မတွေ့အောင် ရှောင်လို့ ရမတဲ့လား ကိုသက်ဆွေ”

“ဟုတ်တယ် ရီ၊ ခုထိတော့ ရှောင်လို့ မရသေးဘူး၊ နောင်လည်း သိ ဟောင်း ကျွမ်းဟောင်း ပတ်ဝန်းကျင်နှင့်တော့ မတွေ့ရတော့ဘူး ရီ၊ ဒါ တစ်ခုတော့ စိတ်ချမ်းသာရတယ်”

“မတွေ့ချင်တဲ့ လူကို မတွေ့ရရင် တော်ရောပေါ့ ကိုသက်ဆွေ၊ ဘာဖြစ်လို့ ကိုယ့်စိတ်ကို ညှဉ်းဆဲနေမလဲ၊ ပျော်ပျော် နေပါ၊ မမကို ကြည့်စမ်း၊ ဘယ်လောက် လန်းဆန်းနေသလဲ”

“ဟုတ်တယ်၊ ကျွန်တော်သာ တစ္ဆေ အခြောက်ခံနေရတာ၊ မမကတော့ ဒီရောက်မှ တော်တော်ကလေး လန်းဆန်းလာတယ်၊ အတိတ်ကို ပြည်ဖုံးကား ချရဲပြီး ပစ္စုပ္ပန်မှာ ပျော်နိုင်တယ်၊ ကျွန်တော့်မှာသာ အနာဂတ်ကို တွေးပြီး ရင်လေးနေရတာပါ ရီ”

နှစ်ယောက်သား ခုံတန်းလျားကလေးတစ်ခု အနီးသို့ ရောက်လာကြလေသည်။

ခင်ရီရီသည် ညောင်းညောင်း ရှိသဖြင့် ခုံတန်းလျားပေါ်တွင် ဝင်ထိုင် လိုက်သည်။ ကိုသက်ဆွေက ခင်ရီရီနှင့် မျက်နှာချင်းဆိုင်၌ ရပ်နေသည်။ ကိုသက်ဆွေသည် ပန်းပွင့်ကလေး တစ်ပွင့်ကို ခူးလိုက်ကာ ဆိတ်ဖဲ့ရင်း တွေး နေသည်။

အတန်ကြာတော့မှ…

“ဟုတ်တယ် ရီ၊ သူ ဒီရောက်မှ တော်တော် ပျော်နေပုံ ရတယ်၊ ဒါပေမဲ့ သူ့ ပျော်ရွှင်မှုဟာ တာရှည် ခံပါ့မလားလို့ ကျွန်တော် သံသယ ရှိနေတယ်၊ ကျွန်တော်တို့ ကိစ္စဟာ မှားတာ မှန်တာ အပထား၊ ကောင်းတာ မကောင်းတာတွေ အပထား၊ လွန်လွန်ကျွံကျွံတွေ ဖြစ်ကုန်ကြပြီ၊ နောက်ပြန် ဆုတ်ဖို့ဆိုတာ မလွယ်ဘူး၊ မမနှင့် ကျွန်တော်ဟာ သေတပန် သက်တစ်ဆုံး လျှောက်ဖို့ အတွက် ဒီလမ်းကို ရွေးမိခဲ့ကြပြီးပြီ၊ အချစ်ရဲ့ အနှောင်အဖွဲ့တွေထဲမှာ ရုန်းထွက်လို့ မရတဲ့ ဘဝကို ရောက်နေကြပြီ၊ ခု ကျွန်တော်တို့မှာ တစ်ယောက်နှင့် တစ်ယောက် သံယောဇဉ် တင်းစရာ အဖြစ် ကလေး တစ်ယောက် ရခဲ့ကြပြီ၊ နောင်လည်း ကလေးတွေ မွေးဖွားလာကြတော့မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကိစ္စဟာ ခုလို သောင် မတင် ရေမကျကြီး ဖြစ်နေဦးမယ် ဆိုရင် ရှေ့လျှောက် ပြီး အမယ်ဘုတ်ကဲ့ သူ့ ချည်ခင် ဆိုတာလို ရှင်း မရလောက်အောင် အရှုပ် အထွေးတွေ ပေါ်လာကြမှာပဲ၊ ကျွန်တော်တို့ဆီကို လာနေတဲ့ အရှုပ်အထွေးကြီးကို မမ မမြင်သေးဘူး၊ မြင်လည်း မြင်ချင်ပုံ မရဘူး၊ ကျွန်တော်ကတော့ ဒီ အရှုပ်ကြီးကို မထွေးနိုင် မအန်နိုင် ဖြစ်ပြီး ဒုက္ခရောက်မှာ မြင်နေသေးတယ်၊ ကျွန်တော်တင် မကပါဘူးလေ၊ ဘေးလူတွေကလည်း မြင်ကြမှာပဲ၊ ရီပဲ စဉ်းစားကြည့်လေ၊ ခု သမီးလေးဟာ ကျွန်တော့် သမီးလေး ဖြစ်နေပေမဲ့ ဥပဒေအရဆိုရင် ကျွန်တော့် သမီးလို့ ကျွန်တော် မပြောနိုင်တော့ဘူး၊ ဦးသက်ထွန်းရဲ့ ကလေး ဖြစ်နေပြီ၊ ကျွန်တော့် ရင်ထဲမှာ ဒါကို တွေးတိုင်း သောကရောက်ရ တယ်၊ ပူလောင်ရတယ် ရီ”

ကိုသက်ဆွေသည် ရှည်လျားစွာ ပြောချလိုက်ကာ သက်ပြင်းကြီးကို ချလိုက်ပြီးနောက် ခင်ရီရီကို အကူအညီ တောင်းသလို ငေးကြည့်နေလေသည်။

ခင်ရီရီသည် ဘာမျှ ပြန်မပြောဘဲ ငေးမိဝေးရာသို့ ငေးကာ စဉ်းစားနေ၏။

“တစ်နေ့မှာ ကျွန်တော် သားကလေး မွေးလာပြီ ဆိုပါစို့၊ ကျွန်တော့် သားလေး- ကျွန်တော့် သားဟာ ဥပဒေ အရသာ ဆိုရင် ဦးသက်ထွန်း သားပဲ ဖြစ်ရတော့မယ်၊ ကျွန်တော်ဟာ ကျွန်တော့် သားကို ဆိုင်သာဆိုင် မပိုင်တဲ့ အဖေ ဖြစ်နေပြီ၊ ကျွန်တော် ပြောတာ မဟုတ်ဘူးလား ရီ၊ ကျွန်တော်နှင့် မမရဲ့ အိမ်ထောင်ရေးဟာ အပြင်ပန်းအားဖြင့် ဘယ်လောက် ပျော်စရာ ကောင်းကောင်း မမဟာလည်း သားတစ်ရာ မွေးမွေး ကျွန်တော့်မှာ ဒီလို ကိုယ့် သားသမီးကို မပိုင်ရတဲ့ အဖြစ်ကြီးက ခြောက်လှန့် နေလေတော့ ကျွန်တော်နှင့် မမတို့ရဲ့ ကြားမှာ ခိုင်မြဲတဲ့ နှောင်ကြိုး ရှိပါဦးမလား ရီ၊ ဒီ ကလေးတွေ အားလုံးဟာ တရားဥပဒေ သဘောအရ ဦးသက်ထွန်း ကလေးတွေ ဖြစ်နေပြီ၊ ဒီ အဖြစ်ဟာ ကျွန်တော့် အနေနှင့် ဘယ်လောက် ရင်နာစရာ ဘယ်လောက် နာကြည်းစရာ ကောင်းသလဲ၊ ကိုယ်ချင်းစာကြည့်ပါ၊ ရင်ထဲမှာ နာရလွန်းလို့ ဒီကိစ္စတွေ မမကို စကား စကြည့်တော့ သူ စိတ်ဆိုးတယ်၊ သူ မသိဘူး ရီ၊ သူ မသိဘူး၊ သူ ဒီလောက် လေးလေးနက်နက် မစဉ်းစားဘူး၊ ကျွန်တော်ကသာ ဒါတွေကို အကုန် ဖွင့်ပြောလိုက်ရင် သူ ရင်ကွဲမယ်၊ ဒါပေမဲ့ ကျွန်တော် ဖွင့်မပြောပါဘူး၊ သူ စိတ်ချမ်းသာပါစေ ဆိုပြီး ကျွန်တော် တစ်ယောက်တည်း ကြိတ်မှိတ် ခံခဲ့တယ်”

ကိုသက်ဆွေသည် ရင်ထဲမှာ မျိုသိပ်ထားရသမျှကို အန်ချနေသည်။ ကို သက်ဆွေ၏ အသံမှာ တုန်နေသည်။ ခင်ရီရီသည် အသံကို နားထောင်ခြင်းဖြင့် ကိုသက်ဆွေ လှိုက်လှိုက်လှဲလှဲ ပြောနေကြောင်းကို သတိထားလိုက်မိ ပေသည်။

ကိုသက်ဆွေသည် လက်တွင် ကပ်နေသည့် ပန်းဝတ်မှုန်ကလေးများကို ခါချပြီး ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ပဝါကို ဆွဲယူ သုတ်နေသည်။

“ဘယ်မိဘ ဖြစ်ဖြစ် ကိုယ့်သွေး ကိုယ့်သားကိုတော့ ချစ်ကြတာပဲ မဟုတ်လား၊ ကျွန်တော်လည်း ကျွန်တော့် သားသမီးကို ကျွန်တော် ချစ်ချင်တယ် ရီ၊ ကိုယ့်သား ကိုယ့်သမီးကို ဆုံးမချင်တယ်၊ သွန်သင်ချင်တယ်၊ သူတို့ရဲ့ ကံကြမ္မာကို အဖေ တစ်ယောက် အနေနှင့် ဖန်တီးပေးချင်တယ်၊ ဒါပေမဲ့ ခုလို ဖြစ်နေပုံမျိုးနှင့်တော့ ကျွန်တော့် ဘဝဟာ ကိုယ့်သားသမီးကိုတောင် ချစ်ချင် လို့မှ မချစ်ရတဲ့ ဘဝ၊ ဆုံးမချင်လို့မှ မဆုံးမရတဲ့ ဘဝ၊ ကိုယ် ချစ်တဲ့ မိန်းမနှင့်ရတဲ့ ကိုယ့်သွေး ကိုယ့်သားမှန်း သိရက်နှင့် ကိုယ့်သွေး ကိုယ့်သားကို မပိုင်ရတဲ့ဘဝ၊ ကျွန်တော့် ဘဝဟာ ဘာများ အဓိပ္ပာယ် ရှိသေးသလဲ၊ ရီပဲ ကိုယ်ချင်းစာကြည့်ပါ”

ကိုသက်ဆွေမှာ များစွာ စိတ်ထိခိုက်ပုံ ရနေသည်။ မျက်ရည်များပင် ဝေ့ လည် လာနေသည်ဟု ထင်မှတ်ရပေသည်။

“ဟုတ်ပါတယ် ကိုသက်ဆွေ၊ ရီ နားလည်ပါတယ်၊ ဒါပေမဲ့ မမ ခမျာလည်း ဘာမှ တတ်နိုင်ရှာမှာ မဟုတ်ပါဘူး ကိုသက်ဆွေရယ်၊ ဒီတော့”

ကိုသက်ဆွေက ခင်ရီရီ၏ စကား မဆုံးခင် ကြားဖြတ်လိုက်ကာ…

“ဟုတ်ပြီ ရီ၊ ကျွန်တော် ဆိုလိုချင်တဲ့ ကိစ္စကို ရောက်ပြီ၊ ရုတ်တရက် ကြည့်ရင်တော့ မမလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ရတာပဲ၊ ဒါပေမဲ့ သူ တတ်နိုင်တယ်၊ ဒီကိစ္စဟာ သူ့အပေါ်မှာ လုံးလုံးလျားလျား တည်နေတယ်၊ ဒီကိစ္စမှာ သူနှင့် ဦးသက်ထွန်းနှင့် တရားဝင် ပြတ်ပြတ်စဲစဲ ဖြစ်ဖို့ သိပ် အရေးကြီးတယ်၊ ဒီလို တရားဝင် ကွာရှင်းရေးဟာလည်း သူ့အပေါ်မှာ တည်နေတယ်၊ ရီ့ မောင်တော် ဦးမောင်မောင်လတ် ကိုယ်တိုင် သွားပြောတုန်း ကတည်းက ဦးသက်ထွန်းက ကွာရှင်းပေးဖို့ ကတိ ပေးလိုက်ပြီးပြီ၊ ခုနေ မမ အနေနှင့် ကွာပေးဖို့ ပြောလိုက်ရင် ဦးသက်ထွန်းက ကတိပေးပြီး ဖြစ်နေတဲ့ အတွက် ငြင်းမှာမဟုတ်ဘူးလို့ ထင်တယ်၊ အဲဒီတုန်း ကတည်းက မမ ကွာရှင်းချင်တဲ့ ဆန္ဒရှိရင် သူကလည်း ကွာရှင်းပေးပါ့မယ်လို့ ပြောလိုက်ပြီးသားပဲ၊ မမက ကွာရှင်းချင်တဲ့အကြောင်း ဖွင့်ပြောလိုက်ရုံပဲ ကျန်တော့တယ်၊ ပြောတယ်ဆိုတာလည်း လူကိုယ်တိုင် တွေ့ဆုံ ပြောနေဖို့ မလိုပါဘူး၊ မမက စာလေး တစ်ကြောင်း ကောက်ရေးလိုက်ရင် ပြီးတာပါပဲ၊ တစ်ခုတော့ ရှိတယ် ပေါ့လေ၊ ဦးသက်ထွန်းကလည်း သူ့ဘက်က အလွန်မဖြစ်အောင် ကွာစကား တစ်လုံးမှ မပြောဘဲ မမဆီက စကားကို စောင့်နေတယ်၊ မမကလည်း သူ့ဘက်က အလွန်မဖြစ်အောင် သူက စပြီး ကွာကြောင်း မပြောချင်ဘူး၊ နှစ်ဖက်စလုံးဟာ ကိုယ့်သိက္ခာကိုယ် ကြည့်ပြီး ကိုယ့်မာနနှင့်ကိုယ် တင်းနေကြတယ်၊ အမှန်ကတော့ မမဘက်ကနေ ကြည့်ရင် သူအလွန် ဖြစ်မှာစိုးလို့ သူက စပြီး မရေးဘူး ဆိုတာလည်း သဘာဝ ကျသင့်သလောက် ကျပါတယ်၊ ဒါပေမဲ့ ရီ၊ ကိုယ်က လွတ်လွတ်ကင်းကင်း နေချင်တယ် မဟုတ်လား၊ ဒီတော့ ကိုယ်က စပြီး ရေးတန် ရေးရမှာပဲ၊ မတတ်နိုင်တော့ဘူး၊ ကျွန်တော့် အနေနှင့်ကတော့ ပြောရတာ ခက်တယ် ရီ၊ ဒါကြောင့်မို့ ရီ့ကို အမှန်အတိုင်း ဖွင့်ဝန်ခံပြီး မြန်မြန် ကွာစာရေးဖို့ မမကို ပြောပေးပါလို့ တောင်းပန်ရတော့မှာပဲ၊ မတတ်နိုင်တော့ဘူး၊ ဒီနည်းပဲ ရှိတော့တယ်”

ခင်ရီရီက “အင်း” ခနဲ သက်ပြင်းရှည်ကြီး ချလိုက်ရင်း ဦးသက်ထွန်း မန္တလေးသို့ လာရောက်စဉ်က သူ့အား ပြောပြသွားသော စကားများကို စဉ်းစား ၍ နေမိလေသည်။

“ပြောပေးမယ် မဟုတ်လား ရီ”

“ပြောပေးစေချင်ရင်လည်း ပြောပေးရတာပေါ့ ကိုသက်ဆွေ”

ခင်ရီရီက ကိုသက်ဆွေကို ကြည့်၍ ပြောလိုက်သည်။ မမသည် အလား အလာတွေကို ထည့်သွင်းမစဉ်းစားမိသဖြင့် သည်ကိစ္စတွင် တင်းတင်းမာမာ သဘောထားနေသလားဟုလည်း စဉ်းစားနေမိသည်။ တကယ်ဆိုလျှင် မမသည် နောက်တွင် လိုက်ပါလာမည့် ပြဿနာတွေ အားလုံးကို မျက်လုံးကျယ်ကျယ် ဖွင့်၍ ကြိုတင် သိမြင်ထားသင့်သည်ဟု ခင်ရီရီ ယူဆမိလေသည်။ မမသည် လေးနက်သော ပြဿနာများကို စဉ်းစားတိုင်း ဝေးဝေးကို ကြည့်လေ့ မရှိဘဲ မျက်လွှာကို အောက်ချထားတတ်ကြောင်းကို မကြာမီကပင် ခင်ရီရီ သတိထားမိ ခဲ့သေးသည်။ မမသည် ဟန်ဆောင် အမူအရာတွင်သာ မျက်လုံးမှိတ်ခြင်း မဟုတ်တော့ဘဲ သူ့ ဘဝကို ပြန်လှန် ကြည့်ရှုရာတွင်လည်း မျက်လုံး တစ်ဝက် မှိတ်၍ စဉ်းစားလေရော့သလားဟုပင် တွေးမိလာပေသည်။

သို့ဖြင့် အတော် ကြာကြာ စကား ပြောဆိုနေကြစဉ် မမက ထမင်းစား ခေါ်သောကြောင့် … ကိုသက်ဆွေနှင့် ခင်ရီရီတို့သည် ထမင်းစားခန်းထဲသို့ ဝင် လာခဲ့ကြလေသည်။