မမ

[၁၈]

ဧည့်ခန်းထဲတွင် မမ၊ ကိုသက်ဆွေနှင့် ခင်ရီရီတို့ သုံးယောက်သား ညဉ့် အတော်နက်သည် အထိ စကား ပြောဆိုကြပြီးနောက် ခင်ရီရီသည် သူ့ အတွက် သီးသန့် ပြင်ထားသော အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ အဝတ်အစားများကို လဲပြီး ခုတင်ပေါ်တွင် ထိုင်ကာ အိမ်တွင် ကျန်ရစ်ခဲ့သည့် ကလေးများ အကြောင်းကို တွေးမိနေသည်။ တွေးလို့မှ မဆုံးသေးမီ အခန်းဝမှ ခြေသံ ကြားရလေ၏။

“အိပ်ပြီလား”

တံခါးကို တွန်းဖွင့်လိုက်သံနှင့် အတူ မမသည် အခန်းထဲသို့ ဝင်လာလေ သည်။

နေ့လယ်တုန်းက မမသည် သူ့ အသည်းနှလုံးထဲတွင် ရှိနေသော စကားများကို ပြောပြရန် စကား စခဲ့သည်။ သို့ရာတွင် နောက်ကျမှ အေးအေးဆေးဆေး ပြောတော့မည်ဟု လည်းကောင်း၊ နှစ်ယောက်တည်းကျတော့မှ အားရပါးရ ပြောတော့မည်ဟု လည်းကောင်း အကြောင်းပြကာ စကားစကို ပြန်သိမ်း၍သာ သွားခဲ့လေသည်။

ယခုတော့ မမနှင့် ခင်ရီရီသည် နှစ်ယောက်တည်း လွတ်လပ်စွာ တွေ့နေကြပြီ ဖြစ်လေသည်။ သို့ရာတွင် တကယ်ကျတော့ မမတွင် ရင်နှင့် အပြည့် ရှိနေသော စကားများသည် တစ်လုံးမှ ထွက်မလာကြတော့ဘဲ မမ ကိုယ်တိုင် ဘယ်က စ၍ ဘာကို ပြောရမည် မသိဘဲ ဖြစ်နေလေသည်။ အတန်ကြာတော့မှ မမက သက်ပြင်းကို ချလိုက်ပြီး…

“နေပါဦး ရီ၊ သီသီတို့ကော နေကောင်းရဲ့လား”

“ကောင်းပါတယ် မမ”

ခင်ရီရီက ပြန်၍ ပြောလိုက်သည်။ မမသည် ရှေ့တွင် ဘာဆက်ပြောရ မည် မသိဘဲ လက်သည်းများကို ပွတ်နေမိလေသည်။ သူ့ စိတ်ထဲတွင် တစ်စုံတစ်ရာကို ဖွင့်မေးရ ကောင်းမလားဟုလည်း ချီတုံချတုံ ဖြစ်နေသည်။ မေး၍ သင့်တော်ပါ့မလားဟုလည်း တွေးနေမိသည်။ မမေးဘဲ မသိလိုက် မသိဘာသာ နေလိုက်လျှင်လည်း ခင်ရီရီ စိတ်ထဲတွင် တစ်မျိုး ထင်နေဦးမည်ကို စိုးရိမ် နေမိပြန်သည်။ မမသည် ကိုယ့် လိပ်ပြာ ကိုယ် မလုံမလဲ ဖြစ်နေသည်။

နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ…

“မမ ရီ့ကို မေးချင်တာ တစ်ခု ရှိတယ်၊ ရီ မှန်မှန် ဖြေမလား ဟင်”

“ဖြေမှာပေါ့ မမရဲ့၊ ရီ သိတာ ဆိုရင် မမကို ဘာ မဖြေနိုင်စရာ ရှိသလဲ”

“သီသီဟာ မမကို အထင်လွဲပြီး စိတ်ဆိုးနေသလားလို့ မမ သိချင်တယ် ရီ”

ခင်ရီရီသည် မမျှော်လင့်သော အမေးကို ကြားလိုက်ရသဖြင့် အံ့အားသင့် သွားသည်။ မမသည် သည်အမေးကို မေးလိမ့်မည်ဟု ခင်ရီရီ မမျှော်လင့်ခဲ့ပေ။

“မဆိုးပါဘူး မမရယ်၊ ဘာဆိုးစရာ ရှိသလဲ”

“စိတ်မဆိုးပေမဲ့ သီသီဟာ မမကို အတော် စက်ဆုပ်လိမ့်မယ် ထင်တယ်၊ မမ စိတ်ထဲမှာ ဒီလိုပဲ ထင်နေတယ်”

“အို မမုန်းပါဘူး မမရဲ့၊ ဒါပေမဲ့ ကြားစတုန်းကတော့ စိတ်မကောင်း ဘူးပေါ့ မမရယ်”

“ဟုတ်တယ် ရီ၊ မမ သိတယ်၊ အနည်းဆုံး သူ့ စိတ်ထဲမှာ အနှောင့် အယှက်တော့ ဖြစ်မှာပဲ၊ ခုတော့ သူ့ဟာနှင့်သူ ကိစ္စ ပြီးသွားကြပေမဲ့ မမဟာ သူနှင့် မောင် ကြားမှာ အနှောင့်အယှက်ကြီးလို ဖြစ်နေတဲ့ အတွက် မမ စိတ် မကောင်းဘူး၊ မမ မန္တလေး လာတုန်းက သူ့ရဲ့ မွေးနေ့ ည အငြိမ့်ပွဲမှာ သူ အိမ်ထဲ ပြန်ဝင်သွားကတည်းက မမ ရိပ်မိပါတယ်၊ ဒါပေမဲ့ မမ အပြစ် မဟုတ် ပါဘူးကွယ်၊ မမ အပြစ် မဟုတ်လို့ ဘယ်သူ့ အပြစ်လဲလို့ မေးရင်လည်း မမ မဖြေတတ်ဘူး၊ ကံ အတိုင်း ဖြစ်လာကြရတာပဲလို့ မမ ယူဆမိတယ်၊ မဟုတ်ဘူးလား ရီ၊ နောက်ဆုံးတော့ မမတို့ ဒီလို ဖြစ်ကြရတာတွေဟာ ကံတရား ပစ်ချသလို ခံကြရတာပဲလို့ မမတော့ ဖြေရတော့မှာပဲ”

“ဒါပေါ့ မမရယ်၊ ကံစီမံရာ ခံကြရတာပဲလို့ အောက်မေ့ရတော့မှာပေါ့”

မမသည် စိတ်မကောင်းဟန်ဖြင့် တွေး၍ နေလေသည်။ အတန် ကြာမှ…

“ဒါထက် သီသီ့ ယောက်ျားကကော သူ့ကို ချစ်ရဲ့ မဟုတ်လား၊ တော် တယ်လို့တော့ ပြောကြတာပဲ”

“တော်ရှာပါတယ် မမရယ်၊ သီသီကို ချစ်လိုက်တာလည်း ငုံထားမတတ်

“အေး ဒီလို ကြားရတာ ဝမ်းသာပါတယ်ကွယ်”

မမက ရင်ထဲမှ လှိုက်လှဲစွာ ထွက်ပေါ်လာသော အသံဖြင့် ပြောလိုက် သည်။ သူသည် အချစ်တွင် ကံ မကောင်းသူ ဖြစ်ကြောင်းကို မမ သိသည်။ အိမ်ထောင်ရေးတွင် စိတ်ဆင်းရဲခဲ့ရသူ ဖြစ်သည်။ သူများ အိမ်ထောင်တွေ ပျော်ရွှင် ချမ်းမြေ့စွာ နေကြသည်ကို မြင်ရသော အခါ မမသည် တကယ်ပင် ဝမ်းသာ မိလေသည်။

“မမ အကြောင်း ပြောပြမယ်ဆို ပြောပြပါဦး၊ ရီလည်း ကောင်းကောင်းကို နားမထောင်ရသေးဘူး၊ ရီတောင် ကိုသက်ဆွေနှင့် ဒီ အကြောင်းတွေ ပြောနေကြသေးတယ်”

“ရီတို့ ပြောနေတာ မမ သိပါတယ်ကွယ်၊ မမကလည်း ရီကို ပြောပြမလို့ လာခဲ့တာပါပဲ၊ ဒါပေမဲ့ မမ အကြောင်းကို မပြောခင်မှာ မမ ဘဝကို ရီ ဘယ်လို မြင်သလဲ၊ မမကို ရီ ဘယ်လိုထင်သလဲ ဆိုတာကို မမက အရင်မေးချင်တယ်”

မမက ခင်ရီရီကို လှမ်းကြည့်နေသည်။ ခင်ရီရီသည် ဘယ်လို ဖြေရမည်ကို မသိဘဲ စဉ်းစားနေသည်။

“ရီ ဘယ်လို မြင်သလဲ ဆိုတော့…”

ခင်ရီရီက စကားကို ဖြတ်ထားလိုက်သည်။ ဘာကို ဆက်ပြောရမည် မသိဘဲ အတန်ကြာ တွေးနေမိသည်။

“အို ရီ မပြောတတ်ပါဘူး မမရယ်”

“ရီ ပြောပြတတ်သလောက်ပဲ ပြောပြပါ၊ မမ ဘဝကို ရီ မြင်သလိုပဲ ပြောပါ၊ မမကို ဘာမှ ငဲ့ညှာ မနေပါနှင့်၊ ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ ဒါပေမဲ့ မမ ကောင်းကြောင်းကိုတော့ မကြားပါရစေနှင့်၊ လူတွေဟာ ကိုယ့်အကြောင်းကိုတော့ အကောင်း ပြောတတ်တဲ့ လူချည်းပဲ၊ ဒါကြောင့်မို့ ရီ့ဆီက မမ ကောင်းကြောင်း စကားတော့ မကြားပါရစေနှင့်၊ စိတ်ထဲမှာ တကယ်မကောင်းဘူး ထင်နေရင်တော့ မမကို ပွင့်ပွင့်လင်းလင်းကြီး ပြောချလိုက်စမ်းပါ”

ခင်ရီရီမှာ မမ၏ စကားများကြောင့် အံ့သြနေသည်။ ထို့ကြောင့် တစ်စုံ တစ်ရာ ပြန်၍ ပြောရန် ပြင်လိုက်သည်။

သို့ရာတွင် မမက ဆက်၍…

“မမဟာ ဆိုးဆိုး ကောင်းကောင်း မမကိုတော့ အခင် မပျက်ပါနှင့်နော်၊ မမဟာ ပတ်ဝန်းကျင်က ဝိုင်းပယ် ခံထားရသူပါ၊ မမဟာ ကဲ့ရဲ့သံတွေကို နားထောင်ရင်း အိပ်ရာက နိုးခဲ့ရပြီး ကဲ့ရဲ့သံတွေကို နားထောင်ရင်း အိပ်ရာထဲ ဝင်ခဲ့ရသူပါ၊ မမကို သနားတဲ့သူ ကဲ့ရဲ့တဲ့သူ ခွင့်လွှတ်တဲ့သူရယ်လို့ ရှိမယ် မထင်တော့ပါဘူး၊ ဒါကြောင့် မမ ရန်ကုန်က ထွက်ပြေးလာပြီး ဒီကို လာပုန်း နေရတာပါ၊ ဒီရောက်တော့ စိတ်ချမ်းသာသလို ရှိပေမဲ့ သိပ်နှစ်နှစ်ကာကာတော့ မရှိလှဘူး၊ ဒီတုန်းမှာ ရီ မမကို လာတွေ့တော့ မမဖြင့် ဝမ်းသာလို့ မဆုံးအောင် ဖြစ်မိတယ်၊ မမကို အမှတ်တရ လာတွေ့တဲ့သူဆိုလို့ ရီ တစ်ယောက်ပဲ ရှိ သေးတယ်၊ နောက်လည်း မကြာ မကြာ လာပါ ရီ၊ မမကို ပစ်မထားပါနှင့်၊ မကြာခင် မောင်လည်း မန္တလေး ဆင်းလိမ့်မယ်၊ မန္တလေးမှာ သူ ပြိုင်မြင်းတွေ မွေးထားတယ်၊ အခန့်သင့်ရင် ရန်ကုန်ကိုပါ ဆင်းဖြစ်မလား မသိဘူး၊ ဒီမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရင် မမကို ပစ်မထားပါနှင့်နော်၊ မကြာ ကြာ လာလည်ပါကွယ်၊ ရီ လာတာ မမမှာ အားရှိပါတယ်၊ ကဲပါလေ ဒါ တွေ ထားပါတော့၊ မောင်က ရီ့ကို ဘာတွေများ ပြောလိုက်သလဲ”

မမက စကားကို ဖြတ်၍ ခင်ရီရီဘက်သို့ လှည့်မေးလိုက်သည်။

“သူ ပြောတာကတော့ ရီနှင့် တစ်သဘောတည်းပါပဲ၊ ဒါကြောင့် ရီပဲ သူ့ ဘက်က ရှေ့နေ လိုက်ရတော့မှာပဲ”

“ဘာများလဲ ရီရဲ့”

“ဒီအတိုင်း ဆက်နေဖို့ မကောင်းဘူး ဆိုတဲ့ အကြောင်းပါပဲ၊ ထူးထူး ထွေထွေတော့ မဟုတ်ပါဘူး၊ ရှုပ်ပါတယ် မမရယ်၊ ဖြစ်နိုင်ရင် အတိအလင်း လက်ထပ်လိုက်ကြပါ၊ ရီလည်း ဒီလို လုပ်တာ ကောင်းမယ်လို့ ထင်တာပဲ”

“ဘာလဲ ရီ၊ မောင်နှင့် လက်ထပ်ပါ ဆိုတော့ ကိုကိုနှင့် ကွာရှင်းရမယ် ဆိုတဲ့ သဘောလား၊ ဒါကို မမလည်း စဉ်းစားမိတယ်၊ ဒီကိစ္စမှာ မောင့် သဘောကလည်း ဒီအတိုင်းပဲလား၊ ပြီးတော့ ဘာတွေများ ပြောပြသေးသလဲ”

“ဪ သူကတော့ မမ အတွက်ရော သူ့ အတွက်ရော တွေးပြီး စိတ် မကောင်းတဲ့ အကြောင်းတွေပေါ့ မမရယ်၊ သူ့ဘက်ကနေ ကြည့်တော့လည်း အကြောင်းပြချက်တွေက ခိုင်လုံသလောက် ခိုင်လုံနေတယ် မမ၊ ဟိုနှင့် ပြတ်စဲပြီး သူနှင့် လက်ထပ်ဖို့ တိုက်တွန်းရင်လည်း သူဟာ တစ်ကိုယ်ကောင်း ဆန် တယ်လို့ မမက အထင်လွဲမှာကို စိုးရိမ်နေတယ်၊ တကယ်လည်း တစ်ကိုယ် ကောင်းဆန်ရာ ရောက်ချင်တော့ ရောက်မပေါ့လေ၊ ဒါပေမဲ့ သူ့ကိုလည်း အပြစ် မဆိုသာပါဘူး၊ သူ့ သမီးကို သူ တရားဝင် သမီး ဖြစ်စေချင်မယ်၊ သူ့ ကိုယ်သူလည်း တရားဝင် လင်ယောက်ျား ဖြစ်ချင်မယ်၊ မဟုတ်ဘူးလား ဟင် မမ၊ ကိုယ့်မိန်းမကို ပိုင်ပိုင်နိုင်နိုင် ဖြစ်ချင်ပေမှာပေါ့”

“ဒီထက် ပိုင်နိုင်ရဦးမလား ရီ၊ မမဟာ သူ့နောက်ကို လိုက်ခဲ့တယ်၊ တစ်ချက်ကလေးမှ ငြိုငြင်ခြင်း မရှိဘဲ သူ့စိတ် အလို လိုက်ခဲ့တယ်၊ မမဟာ သူ့ကျွန် မဖြစ်ရုံတစ်မည်ပဲ ရှိတော့တယ်”

“သူကတော့ မမ စိတ် ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် ရှိရင် ကျေနပ် တာပါပဲ”

“အို ဒါကတော့ စိတ်ညစ်စရာ တွေ့လည်း ညစ်မှာပေါ့၊ ဘယ်တတ်နိုင် မလဲ၊ ပြီးတော့ကော ဘာတွေ ပြောလိုက်သေးသလဲ

“နောက် သူ အတောင့်တဆုံးကတော့ ကလေးတွေကို တရားဝင် သူ့ ကလေးတွေ ဖြစ်စေချင်တယ်၊ ဒီကလေးနှင့် ပတ်သက်လို့ သူ ပိုင်ပိုင်နိုင်နိုင် ဖြစ်ချင်တယ်”

“ဘယ်ကလေးတွေလဲ ရီ”

“ခု သမီးလေးနှင့် နောက်မွေးမယ့် ကလေးတွေကိုပေါ”

“ဒါတွေ အတွက် သူ ဒီလောက် စိတ်ညစ်နေစရာ မလိုပါဘူး ရီ၊ မမဟာ ”

“နောက်ထပ် ကလေး မွေးတော့မှာမှ မဟုတ်တော့ဘဲ”

“ဟင် ဘာဖြစ်လို့”

ခင်ရီရီက မမကို အလန့်တကြား လှမ်း၍ မေးလိုက်၏။

“မမွေးချင်တော့လို့ပေါ့ ရီ”

မမက ခင်ရီရီကို ပြုံး၍ ပြောလိုက်ပြီး အံ့အားသင့်ဟန်၊ နားမလည်ဟန်၊ စိုးရိမ်ဟန်တို့ ပေါ်နေသော ခင်ရီရီ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ ခင်ရီရီ ကလည်း မမကို နားမလည်သလို ကြည့်နေမိသည်။ မမသည် ကိုသက်ဆွေနှင့် အတူတူ မနေတော့ ဆိုသည့် အဓိပ္ပာယ်လော ဟူ၍လည်း စဉ်းစားနေမိသည်။

“မမ နောက်ထပ် ကလေး မရအောင် လုပ်လိုက်ပြီးပြီ”

သည်တော့မှ ခင်ရီရီသည် သက်ပြင်းကို ချလိုက်မိ၏။

“ဒါပေမဲ့ မမရယ်၊ ကလေး ရတာ မရတာ အပထားပြီး ဒီအတိုင်း နေလို့တော့ မကောင်းဘူးလို့ ထင်တာပဲ၊ ဖြစ်နိုင်ရင် တရားဝင် ဖြစ်အောင် တစ်ခုခု လုပ်ဖို့တော့ ကောင်းတာပဲ”

“ဖြစ်နိုင်ရင်တော့ ကောင်းသားပေါ့ ရီ၊ မမကလည်း ခုလို မပြတ်မသား ကြီး နေချင်ပါ့မလား”

မမက အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။

“ကိုကိုနှင့် ကွာဖို့ ကိစ္စဟာ ဖြစ်နိုင်တယ် မဟုတ်လား မမရယ်၊ သူ ကိုယ်တိုင်က သဘော တူပြီးသား မဟုတ်ဘူးလား”

“ဒီ အကြောင်းကို မမ မပြောချင်ဘူး ရီ၊ မပြောပါရစေနှင့်”

မမက လှိုက်လှဲစွာ ပြောလိုက်သဖြင့် ခင်ရီရီမှာ အားနာ၍ သွားသည်။ သူ ပြောလိုက်သည့် စကားကြောင့် မမ စိတ်ထိခိုက်သွားသဖြင့်လည်း စိတ် မကောင်း ဖြစ်နေ၏။

“ဆောရီး မမ၊ မမ စိတ်ထိခိုက်ရင် ရီ မပြောတော့ပါဘူး၊ ဒါပေမဲ့ မမဟာ အကောင်းကို မတွေးဘဲ အဆိုးတွေကိုသာ တွေးနေတယ် ထင်တာပဲ”

“အဆိုးကို မမလည်း မတွေးချင်ပေမဲ့ မရဘူး ရီ၊ အဖြစ်ကိုက ဆိုးတော့ အဆိုးပဲ တွေးရတော့မှာပဲ၊ ဒါကြောင့် မမဟာ စိတ်ပျက်ပျက်နှင့် ဘာကိုမှ မစဉ်းစားတော့ဘဲ ပေယျာလကန် ထားလိုက်တော့တာပဲ”

“ဒီလိုလည်း မဟုတ်သေးဘူး မမ၊ တတ်နိုင်သမျှတော့ ကောင်းအောင် ကြိုးစားပြီး လုပ်ရမှာပေါ့”

ခင်ရီရီက မမကို အားပေး စကား ပြောလိုက်သည်။ သို့ရာတွင် မမမှာ အားတက်ဟန် မရှိတော့ပေ။

“မမ ဘာတတ်နိုင်မှာလဲ ရီ၊ မမ ဘာမှ မတတ်နိုင်ဘူး၊ ရီက မောင်နှင့် တရားဝင် လက်ထပ်ဖို့ ပြောပေမဲ့လည်း မမ ခုတော့ မစဉ်းစားချင်တော့ဘူး၊ ဖြစ်သလိုပဲ နေတော့မယ်လို့ စိတ်ကူးတယ်”

မမသည် ခုတင်ပေါ်တွင် ထိုင်နေရာမှ ထကာ ပြတင်းပေါက်နားတွင် သွား၍ ရပ်နေသည်။

“ရီ မပြောခင် ကတည်းက မမဟာ သူနှင့် လက်ထပ်ဖို့ စဉ်းစားခဲ့တယ် ရီ၊ စဉ်းစားသမှ နေ့ရှိသရွေ့ စဉ်းစားခဲ့တယ်၊ နာရီနှင့် အမျှ စက္ကန့်နှင့် အမျှ စဉ်းစားခဲ့တယ်၊ စဉ်းစားတိုင်း မမမှာ ရူးမတတ် ဖြစ်ခဲ့ရတယ်၊ ဒီ အကြောင်း စဉ်းစားမိရင် အိပ်မပျော်လို့ အိပ်ဆေး သောက်ရတာလည်း အခါပေါင်း မရေတွက်နိုင်တော့ဘူး၊ ဒါကြောင့်မို့ ခုတော့ ဒါတွေ မစဉ်းစားတော့ဘူး၊ ပျော်သလိုပဲ နေတော့မယ် ဆိုပြီး တမင် ပျော်အောင်နေတယ်၊ ကောင်းပြီ မောင်နှင့် လက်ထပ်မယ် ဆိုရင် ပထမ သူ့ဆီက ကွာခွင့် တောင်းရမယ်၊ ဒါပေမဲ့ သူက မမကို ကွာခွင့် မပေးဘူး၊ မောင်မောင်လတ်ကို ပြောလိုက်တယ်.. ဆိုတာလည်း ဘာမှ ရေရာတာ မဟုတ်ဘူး”

ခင်ရီရီသည် ခုတင်ဘက်သို့ ပြန်လျှောက်လာသော မမကို သနားသလို ငေးကြည့်နေမိသည်။

“ကွာခွင့် ရအောင် မမကလည်း ကြိုးစားကြည့်ပါလား မမရဲ့”

“ကောင်းပြီ၊ ရီ ပြောသလို မမက ကြိုးစားပြီ ဆိုပါစို့၊ မမ ဘယ် အခြေ ရောက်သွားမလဲ ရီ၊ မမဟာ သူ့ကို မုန်းတယ်၊ သူ့ကို အောက်မကျို့ချင်ဘူး၊ သူ့ကို ကွာပေးဖို့ သွားပြောရတာဟာ အောက်ကျနောက်ကျ နိုင်တယ်လို့ ထင်တယ်၊ နောက်တစ်ချက်က မမဟာ သူ့ကို ချစ်တာ မချစ်တာ အပထား မယားတစ်ယောက် အနေနှင့် သူ့ကို သစ္စာဖောက်ခဲ့တယ်၊ သူကလည်း မမကို ချစ်တာ မချစ်တာ အပထား မမ အပေါ်မှာ သူ သဘောထား ကြီးပါတယ် ဆိုတာကို လူသိရှင်ကြား ပြခဲ့တယ်၊ ဒီကြားထဲက မမက ဇွတ်အတင်း ကွာရှင်းပေးရမယ်ဆိုရင် မမဟာ တော်တော် တရားလွန်နေပြီ၊ မမဟာ အပြစ်ကျူးလွန်သူ ဖြစ်နေလေတော့ ဒီအပြစ်အတွက် ဘာလုပ်ရမယ်လို့ မမမှာ တောင်းဆိုခွင့် မရှိတော့ဘူး၊ သူ ပေးသမျှ အပြစ်ကို မမ ခံဖို့ပဲ ရှိတော့တယ်၊ ဒါကြောင့်မို့ မမက ကွာရှင်းပေးဖို့ ပြောစရာ အကြောင်း မရှိဘူး၊ ပြောလည်း မပြောချင်ဘူး၊ သူ့ သဘောနှင့် သူ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့ပဲ အောက် မေ့ထားလိုက်တယ်”

မမက ခုတင် ရှေ့တွင် လမ်းလျှောက်ရင်း ပြောနေသည်။

မမ၏ အကြောင်းပြချက်များမှာ ခိုင်လုံနေသဖြင့်လည်း ခင်ရီရီမှာ မပြော သာအောင် ဖြစ်နေသည်။

မမက လမ်းလျှောက်ရာမှ ရပ်လိုက်ပြီး…

“ကဲ ဆိုကြပါစို့၊ မမက ကွာပေးဖို့ ပြောလို့ သူက ကွာပေးရင် တော် သေးရဲ့၊ မကွာပေးဘူးလို့ ငြင်းလိုက်ရင် မမမှာ နှစ်ခါ ထပ်ပြီး ရှက်ရဦးမယ်၊ မဖြစ်ဘူး ထင်တယ် ရီ၊ မဖြစ်ဘူး”

မမက သက်ပြင်း ချလိုက်သည်။ ခင်ရီရီသည် မမ၏ ပြဿနာကို ခုမှ ပို၍ သဘောပေါက်လာပေသည်။

ခင်ရီရီလည်း သည်တော့မှ မမ၏ အခက်အခဲများကို ပို၍ နားလည်လာ မိလေသည်။ အပြင်ပန်းအားဖြင့် ကြည့်လျှင် လွယ်မယောင် ထင်ရသော်လည်း ကာယကံရှင်များ၏ မာနစိတ်ကလေးများကို သေသေချာချာ မြင်လိုက်ရသော အခါ ထင်သလောက် မလွယ်ဘဲ ဆုပ်လည်း စူး စားလည်း ရူး ဆိုသည့် အခြေအနေတွင် ရောက်နေသည်ကို တွေ့လာရလေသည်။

မမက အခန်း အစွန်ဘက်ဆီသို့ လျှောက်သွားပြီး ပြန်လှည့်လာကာ သူ့ ရှေ့နားသို့ ရောက်သည်နှင့်…

“ရီက ထင်ချင် ထင်မယ်၊ မမက မာနကြီးလို့ အောက်မကျို့ချင်လို့ ကိုယ့် ဒုက္ခကိုယ် ခံနေတာလို့၊ မဟုတ်ဘူး ရီ၊ မမ အကုန် စဉ်းစားပြီးပြီ၊ အောက်ကျတာ မကျတာတွေ ဖယ်ထားပြီး မမကလည်း ကွာရှင်းခွင့်တောင်းလို့ နောက်ဆုံး သူက ကွာရှင်းပေးလိုက်ပြီပဲ ထားပါဦး၊ ရီတို့ ထင်သလို ပြီးလိမ့်မယ် ထင်သလား၊ မပြီးသေးဘူး၊ တူးတူး အတွက် ဘယ့်နှယ် လုပ်ကြ မလဲ၊ မမကို ကွာခွင့်ပေးချင် ပေးပေမဲ့ တူးတူးကို မမနောက် မထည့်လိုက် မှာကတော့ သေချာတယ်၊ တူးတူးကို သူ ယူထားလိုက်ရင် တူးတူးဟာ အဖေ့ စိတ်တွေ အဖေ့ အမုန်းတွေ ဝင်ပြီး မမကို အမုန်းကြီး မုန်းတော့မယ်၊ စိတ်အနာကြီး နာတော့မယ်၊ အဲဒါ မမ အသည်း အနာဆုံးပဲ၊ မမ အဖို့ ဒီလောက ကြီးမှာ အချစ်ဆုံး သတ္တဝါ နှစ်ယောက်ပဲ ရှိတယ်၊ အဲဒါက တူးတူးနှင့် မောင်ပဲ”

မမက မျက်လုံးတွင် မျက်ရည်တွေ ဝဲကျလာသဖြင့် … မျက်ရည်တွေကို လက်ကိုင်ပဝါဖြင့် သုတ်နေသည်။

“ဒီ သတ္တဝါ နှစ်ယောက်ဟာ မမကို တော်တော် ဒုက္ခ ပေးတယ် ရီ၊ သူတို့ နှစ်ယောက်ကို မမ ချစ်တယ်၊ တစ်ယောက်ကို တစ်မျိုးစီ ချစ်တာပဲ၊ ဘယ်သူ့ကိုမှ မပိုဘူး၊ ဒီတော့ မမဟာ ဒီနှစ်ယောက်စလုံးကို တစ်ပြိုင်တည်း ပိုင်ဆိုင်ချင်တယ်၊ ဒါပေမဲ့ ပိုင်လို့ မရဘူး၊ တစ်ယောက်ကို ပိုင်ရင် တစ်ယောက်ကို စွန့်ရတော့မယ်၊ ဒါကြောင့်မို့ ခုတော့ မထူးပါဘူးဆိုပြီး ဘာကိုမှလည်း မစဉ်းစားတော့ဘူး၊ သူ့ အကြောင်းနှင့် သူ ဖြစ်လာလိမ့်မယ် ဆိုပြီး အားလုံးကို မေ့ထားလိုက်တယ်၊ ဒီတော့ မမကို သနားရင် ချစ်ရင် ဒီအကြောင်း မပြောပါ နှင့်တော့ ရီ”

မမသည် မျက်ရည်များကို သွန်ကာ ငိုချလိုက်သည်။ ခင်ရီရီသည် ဘာ လုပ်ရမည် မသိဘဲ ရှိုက်၍ ငိုနေသော မမကိုသာ ငေးကြည့်နေသည်။ အရွယ်နှင့် မလိုက်သော မမ၏ သောကကို ကိုယ်ချင်းစာမိကာ မမကိုသာ သနားနေ မိသည်။ မမသည် ခုတင်ပေါင်တွင် လက်တင်၍ အားရပါးရ ငိုချပြီးမှ ခင်ရီရီဘက်သို့ လှည့်ကာ ခင်ရီရီ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် မျက်နှာ အားရပါးရ ကြည့်ရင်း…

“ရီ စိတ်ညစ်သွားပြီလား ရီ၊ မမကို မမုန်းကြပါနှင့်၊ မစိမ်းကားကြပါ နှင့် ရီ၊ မမကို ခွင့်လွှတ်ကြပါနော်၊ ဟုတ်လား ရီ၊ ရီတို့ တစ်တွေကပါ ခွင့်မလွှတ်ကြတော့ဘူး ဆိုရင် လောကမှာ မမလောက် ကံဆိုးတဲ့ မိန်းမ မရှိတော့ဘူး ရီ၊ ရီတို့က ခွင့်လွှတ်ကြမယ်ဆိုရင် မမ သေပျော်ပါပြီ ရီရယ်၊ မမ သေပျော်ပါပြီ”

မမ၏ မျက်ရည်များသည် ကုန်ခန်းနေပြီဟု ထင်ရသော်လည်း စီးကျ လာပြန်ကာ ပို၍သည်းထန်စွာ ငိုချလိုက်သည်။ နောက် မမသည် ခင်ရီရီကို အားရပါးရ နမ်းရှုပ်ကာ ထွက်သွားလေသည်။

ခင်ရီရီသည် တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှပင် သက်ပြင်းကို ချ လိုက်ရင်း ပြုနေကျ ထုံးစံ အတိုင်း ဘုရား ဝတ်ပြုနေသည်။ မမ စကားတွေ နားထောင် နေရတုန်းကတော့ မမကို သနားကာ အားလုံးကို မေ့လျော့နေခဲ့သည်။ သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှ ကလေးနှင့် လင်သားကို အမှတ်ရလာသည်။ တကယ်ဆိုတော့ သူတို့ အိမ်ထောင်ရေးသည် အဆင် မပြေတာတွေ ရှိသည် မှန်သော်လည်း မမ၏ အိမ်ထောင်ရေးနှင့် နှိုင်းစာလျှင် ငရဲပြည်နှင့် နတ်ဘုံလို အကွာကြီး ကွာခြားနေသည်ကို တွေ့လာရလေသည်။

မမသည် ခင်ရီရီ၏ အခန်းထဲမှ ထွက်လာခဲ့ပြီး အိပ်ခန်းဆီသို့ လျှောက် သွားပြီးမှ မျက်ရည်တွေကို မြင်လျှင် ကိုသက်ဆွေ တစ်မျိုး ထင်မည် စိုးသဖြင့် မဝင်သေးဘဲ ထမင်းစားခန်းဘက်သို့ လျှောက်လာခဲ့၍ ကြောင်အိမ်ထဲမှ အိပ်ဆေး ပုလင်းကို ယူကာ အိပ်ဆေး တစ်ပြားကို သောက်ချလိုက်သည်။ နောက် အငိုရှိန် ရပ်အောင် အတန်ကြာ ထမင်းစားခန်းတွင် ထိုင်နေပြီးမှ အိပ်ခန်းထဲသို့ ဝင်လာခဲ့လေသည်။

ကိုသက်ဆွေသည် မမ၏ ခြေသံကို ကြားရတော့မှ ဖတ်နေသော စာအုပ်ကို မျက်နှာမှ ခွာလိုက်ပြီး လှမ်းကြည့်လိုက်သည်။ ခင်ရီရီ အခန်းထဲတွင် သည်လောက် ကြာပုံထောက်လျှင် သူ ညနေက ခင်ရီရီကို ပြောလိုက်သည့် စကားများနှင့် ပတ်သက်၍ သူတို့ နှစ်ယောက် ပြောဆို ဆွေးနွေးပြီးကြလောက် ပြီဟု အောက်မေ့လိုက်မိသည်။ သို့ရာတွင် မမမှာ ဣန္ဒြေ ဝတ်ရုံကို ပိပြားစွာ ဆင်ယင်ထားသဖြင့် ကိုသက်ဆွေသည် မမ၏ မျက်နှာပေါ်တွင် ဘာ ထူးခြား ချက်ကိုမျှ မမြင်ရဘဲ တည်ငြိမ်သော အလှကိုသာ မြင်ရလေသည်။

ကိုသက်ဆွေသည် သူတို့ နှစ်ယောက် ဘာတွေ ပြောကြသည်ကိုလည်း မမေးချင်၍ မမ၏ အပြောကို စောင့်နေမိသည်။

“ရီဟာ တော်တော် စကား အပြောအဆို ပြေပြစ်တယ် နော်” “တော်ပါတယ်၊ အစက ဒီလောက် တော်လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ မောင် မန္တလေး နေကတည်းက သိခဲ့ရတယ်”

ကိုသက်ဆွေက မမ၏ လက်ကို တွဲကာ ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး မမကို စူးစိုက် ကြည့်လိုက်သည်။ မမက ကိုသက်ဆွေ၏ အကြည့်ကို တစ်မျိုး နားလည်ကာ ပြုံးပြလိုက်လေသည်။

နွေကုန်၍ ဆောင်းဦးပေါက်သည် အထိ မမနှင့် ကိုသက်ဆွေသည် မေမြို့မှာပင် နေထိုင်လျက် ရှိကြလေသည်။ သူတို့ အခြေအနေမှာ ယခင်ကကဲ့သို့ပင် ပြောင်းလဲခြင်း မရှိသေးဘဲ ကွာရှင်းရေး ကိစ္စမှာလည်း ယခင်ကကဲ့သို့ မပြတ် မသား ဖြစ်လျက် ရှိနေသေးသည်။ အခိုက်အတန့်အားဖြင့် ဘယ်မှ မသွားဘဲ မေမြို့တွင် ယခုကဲ့သို့ အေးအေးဆေးဆေး နေကြရသည်ကိုလည်း ကျေနပ်နေ ကြလေသည်။

ကိုသက်ဆွေမှာ သူ့အား အကြောင်း တစ်ခု ပြ၍ အလုပ်မှ ထုတ်ပစ် တော့မည်ကို ရန်ကုန်တက္ကသိုလ် ကောင်စီက စဉ်းစားနေသည်ဟု သိရသည်နှင့် တစ်ပြိုင်နက် ထွက်စာ တင်လိုက်ကာ သူ့ ဝါသနာ အတိုင်း မန္တလေးတွင် ပြိုင်မြင်းများ မွေးထားကာ စနေ တနင်္ဂနွေ ဆိုလျှင် မန္တလေးသို့ ဆင်းသွားပြီး သူ့ မြင်းများနှင့် အလုပ်ရှုပ်နေတတ်လေသည်။

ယနေ့တွင်လည်း ကိုသက်ဆွေသည် သူ၏ ပြိုင်မြင်းများကို ရန်ကုန်မှ မြင်းပိုင်ရှင် တစ်ဦးက ဝယ်လိုသည် ဆိုသဖြင့် မန္တလေးသို့ ဆင်းရန် စိတ်ကူးထားသည်။

မမသည် ကိုသက်ဆွေ တစ်ရပ် တစ်ကျေးသို့ သွားလျှင် အပြင်းအထန် ကန့်ကွက်တတ်သဖြင့်… ကြိုတင်၍ မပြောပြဘဲ အားလုံး ပြင်ဆင်ပြီးကာမှ မန္တလေးသို့ သွားမည့် အကြောင်းကို ရုတ်တရက် ဖွင့်ပြောလိုက်သည်။

သို့ရာတွင် သည်အကြိမ်တွင်မူ မမက ဘာမျှ တားဆီး ကန့်ကွက်ခြင်း မပြုရုံမျှမက အံ့သြသည့် အရိပ်အယောင်ကိုပင် မပြဘဲ ကိုသက်ဆွေ ပြန်လာမည့် ရက်ကိုသာ မေးလိုက်သည်။

ကိုသက်ဆွေသည် မမက ကန့်ကွက်ခြင်း မရှိသဖြင့် ထူးထူးဆန်းဆန်း ဖြစ်ကာ မမကို လှမ်းကြည့်လိုက်သည်။ မမသည် သူ့ စိတ်ကို သိဟန်ဖြင့် သူ့ ကို ပြုံး၍ ပြန်ကြည့်နေသည်။

ကိုသက်ဆွေသည် မမ၏ ထူးဆန်းသော အပြုအမူတွေကို ကြည့်ကာ သူ မသိဘဲ မမ ဘာတွေများ လုပ်ဖို့ ကြံစည် စိတ်ကူးနေပါလိမ့် ဟူ၍ပင် သင်္ကာ မကင်း ဖြစ်လာသည်။ သို့ရာတွင် စကား မများချင်၍ ဘာမျှ မပြောဘဲ နေ လိုက်သည်။

“မမများ ပျင်းနေမလား ဟင်”

“မပျင်းပါဘူး မောင်၊ သမီးလေးလည်း ရှိသားပဲ၊ ပြီးတော့ ဟိုဘက် ခြံက သူငယ်လေးက မဂ္ဂဇင်းတွေလည်း ငှားထားတယ်”

ကိုသက်ဆွေသည် မန္တလေးသို့ ရောက်လျှင် ဝယ်သူနှင့် အတူ သူ့မြင်းများကို သွားကြည့်ကာ အရောင်းအဝယ် ကိစ္စကို ပြုလုပ်ပြီး မန္တလေးရှိ ရင်းနှီးသော မိတ်ဆွေများကို သွား၍ တွေ့လေသည်။ မန္တလေးမှ မိတ်ဆွေများ အားလုံးကပင် ကိုသက်ဆွေတို့ ကိစ္စကို ဘာမျှ မမေးဘဲ မသိလိုက် မသိဘာသာ နေကြသဖြင့် ကိုသက်ဆွေမှာ သောကတွေကို မေ့ပျောက်ကာ ပျော်သလိုလို ဖြစ်လာသည်။ မေမြို့တွင် နေခဲ့ရသည်မှာ ကြာပြီ ဖြစ်၍လည်း မန္တလေးတွင် အပြောင်းအလဲ တွေ့ကာ ခေတ္တ ခဏအားဖြင့် ကိုယ့် ဘဝကို မေ့သွားလေသည်။

သို့ဖြင့် ကိုသက်ဆွေသည် မန္တလေးတွင် တစ်ပတ်လောက် ကြာသွားခဲ့ လေသည်။ သည်အတောအတွင်း ကိုသက်ဆွေ မန္တလေး တက္ကသိုလ်သို့ သွားရောက်ကာ မိတ်ဆွေများကိုလည်း သွားရောက် နှုတ်ဆက်ခဲ့သေးသည်။ တစ်နေ့တွင် အဖော် ကောင်းသဖြင့် မိတ္ထီလာသို့ပင် နေ့ချင်းပြန် လိုက်သွားခဲ့သေး သည်။

ကိုသက်ဆွေသည် လွတ်လပ်ခွင့် ရသဖြင့် သောကတွေ အားလုံးကို မေ့ပျောက်နေမိလေသည်။ မမထံသို့မူ ကိစ္စ မပြီးပြတ်သေး၍ ကြာဦးမည် ဖြစ်ကြောင်း စာတစ်စောင် ထည့်လိုက်သည်။

မိတ္ထီလာမှ ပြန်ရောက်ပြီး နောက်တစ်နေ့တွင်မူ အိမ်ရှင်က စာတစ်စောင် လာပေးသဖြင့် ကိုသက်ဆွေသည် ဖွင့်၍ ဖတ်လိုက်သည်။

စာမှာ မမထံမှ စာ ဖြစ်လေသည်။ ကိုသက်ဆွေသည် စာမဖတ်ခင် ကတည်းက စာထဲတွင် ပါမည့် အကြောင်းအရာများကို သိပြီးသား ဖြစ်နေသည်။ သူသည် မမအား မြင်း အရောင်းအဝယ် ကိစ္စဖြင့် နှစ်ရက်လောက် ကြာမည်ဟု ပြောခဲ့သော်လည်း တစ်ပတ်ကျော်သွားသည့်တိုင် မပြန်ဖြစ်သေးဘဲ ဖြစ်နေရာ မမ၏ စာသည်လည်း သူ့အား အချိန်မီ ပြန် မရောက်သဖြင့် ဆူပူ ကြိမ်းမောင်းသော စာပင် ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။

စာကို ဖွင့်ဖတ်လိုက်သော အခါ သူ မျှော်လင့်သည့်အတိုင်း ဖြစ်နေသည်။ သို့ရာတွင် စာထဲတွင် ပါသည့် အကြောင်း တစ်ခုကြောင့် … ကိုသက်ဆွေမှာ ထင့်ခနဲ ဖြစ်သွားလေသည်။

“သမီးလေး ရုတ်တရက် ကောက်ရသလို အပြင်း ဖျားနေတယ်၊ ဆရာဝန်ကတော့ နမိုးနီးယားလို့ ပြောတယ်၊ မမလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး၊ မောင် ပြန်လာမလားလို့ နေ့တိုင်း မျှော်တယ်၊ မလာတော့မှ ဒီ စာကို ရေးလိုက်တာပဲ၊ မပြန်နိုင်လောက်အောင် ဘာတွေများ တွေ့နေလို့လဲ၊ မောင် အမြန်ပြန်လာခဲ့ပါ၊ မမ ဘာလုပ်ရမှန်း မသိတော့ဘူး၊ မောင် မြန်မြန် မလာရင် မမ လိုက်လာမှာပဲ”

ကိုသက်ဆွေသည် ကလေး အသည်းအသန် ဖြစ်နေသည် ဆို၍ စိတ်ထဲတွင် ထင့်နေရာက သူ့ နောက်သို့ မမ လိုက်လာမည်ဟု ဖတ်လိုက်ရသောအခါ ဒေါပွလာသည်။ ကိုယ့်သားသမီး ကိုယ့် သွေး ဆိုသော အသိသည် ကိုသက်ဆွေ၏ စိတ်တွင် ကြီးစိုးနေသည်။ သူ ပေးလိုက်သော စာကို မမ မရ သေး၍ ရေးလိုက်ခြင်း ဖြစ်ဟန်လည်း ရှိသည်။ ကိုသက်ဆွေသည် ကြာကြာ မနေနိုင်တော့ဘဲ တက္ကစီ တစ်စီးကို ငှားကာ မေမြို့သို့ ပြန်တက်လာခဲ့လေ၏။

ကိုသက်ဆွေ တစ်ရပ်တခြားသို့ သွားမည် ပြုသည့် အခါတိုင်း မမနှင့် ကိုသက်ဆွေသည် စကားများကြရသည်။ သူ သွားခါနီးတိုင်း စကား များကြ ရသဖြင့် ကြာလျှင် ကိုသက်ဆွေသည် သူ့ အပေါ်တွင် စိတ်ပျက်လာမည်ကို မမ တွေး၍ စိုးရိမ်လာမိလေသည်။ ထို့ကြောင့် ကိုသက်ဆွေ မန္တလေး သွားခါနီးတွင်မူ မမသည် ခါတိုင်းလို စကား မများတော့ဘဲ ကိုယ့်စိတ်ကို ချုပ် တည်းကာ ဣန္ဒြေမပျက် နေနိုင်ရန် ကြိုးစားခဲ့သည်။ သို့ရာတွင် မန္တလေးသို့ ဆင်းခါနီးတွင် ကိုသက်ဆွေက ကြင်ကြင်နာနာ မရှိလှဘဲ သာမန်လောက်သာ နှုတ်ဆက်ကာ ထွက်သွားသော အခါ၌မူ မမ စိတ်သည် ဗလောင် ဆူလာကာ လှုပ်ရှား လာပြန်သည်။

ကိုသက်ဆွေသည် အိမ်မှ ထွက်ခွာသွားရာတွင် သားမယား ရှိသူနှင့် နည်းနည်းမျှ မတူဘဲ လွတ်လွတ်လပ်လပ် လူပျိုတစ်ယောက်လို ဖြစ်နေသည်။ မြင်းအရောင်းအဝယ် ကိစ္စကို မမထက် အလေးပေး ဂရုပြုဟန်လည်း ထင်ရှားစွာ ပေါ်နေသည်။

တကယ်တော့ မမသည် မိန်းမသား ဖြစ်၍ ကိုသက်ဆွေသည် ယောက်ျား ဖြစ်သည်။ ကိုသက်ဆွေသည် သူကြိုက်သည့် နေရာသို့ သွားချင်သည့် အချိန်တွင် ထသွားနိုင်သည်။ သို့ သွားလိုရာ သွားနိုင်သည့် အခွင့်အရေးလည်း ရှိသည်။ သွားရုံမျှမက မမကို မချစ်တော့၍ စွန့်ခွာသွားမည် ဆိုကလည်း သွား နိုင်သည့် အခွင့်အရေး ရှိနေသည်။ သူ ရက်စက်၍ စွန့်ခွာသွားလျှင် မမ ဘာ တတ်နိုင်မည်နည်း။ ယောက်ျားသားဖြစ်သော ကိုသက်ဆွေတွင် အခွင့်အရေးတွေ ရှိသလောက် မိန်းမသား ဖြစ်သူ မမတွင် ဘာ အခွင့်အရေးမျှ မရှိဘဲ ဆုံးရှုံးနေသည်။ ကိုသက်ဆွေ၏ အပြုအမူများသည် မချစ်ပြင်ပြင် နိုင်လွန်းလှ သည်ဟုလည်း မမ တွေးမိလေသည်။ ကိုသက်ဆွေသည် သူ့ကို စွန့်ခွာသွားရန် နိဒါန်းပျိုးနေလေပြီလော ဟူ၍ပင် တွေးလိုက်မိသည်။

သို့ဖြင့် ကိုသက်ဆွေသည် သူ၏ အမုန်းဋီကာ နိဒါန်းကို စတင် ရေးသားစ ပြုနေပြီဟု မမ သိသော်လည်း မမသည် ဘာတတ်နိုင်မည်နည်း။ ယခင်ကကဲ့သို့ပင် သူ့ အလှနှင့် သူ့ အချစ်ကို ပိုမို ထင်ရှားအောင် ပြသခြင်းဖြင့်သာလျှင် ကိုသက်ဆွေ၏ အမုန်း နိဒါန်းကို ချေဖျက်နိုင်တော့မည် မဟုတ်ပါလော။

ကိုသက်ဆွေသည် သူ့ကို မချစ်တော့ပြီဟု ဆိုပါလျှင်လည်း မမသည် ဘာတတ်နိုင်ပါဦးမည်နည်း။ ယခင်ကကဲ့သို့ပင် နေ့လယ်တွင် စိတ်ပြေလက်ပျောက် အိမ်တွင်း အလုပ်များကို လုပ်၍ ညတွင် အိပ်ဆေးကို သောက်ခြင်းဖြင့်သာလျှင် ကိုယ့်စိတ်ကို ဖြေသိမ့်ရတော့မည် မဟုတ်ပါလော။

မမ အဖို့ ကိုသက်ဆွေထံမှ သူ အလိုချင်ဆုံး အရာမှာ ကိုသက်ဆွေက သူ့ကို ယခင်ကကဲ့သို့ ချစ်မြဲ ချစ်နေရန်ပင် ဖြစ်သည်။ ကိုသက်ဆွေနှင့် အတူတကွ နေကြရန်ပင် ဖြစ်သည်။ ကိုသက်ဆွေက သူ့ကို စွန့်ခွာ မသွားရန်ပင် ဖြစ်သည်။

သို့ဖြစ်လျှင် မမ ဘာလုပ်ရပါမည်နည်း။ နည်းလမ်း တစ်ခုတည်းသာ ရှိသည်ဟု မမ ထင်လေသည်။ ယင်းနည်းလမ်းမှာ ဦးသက်ထွန်းနှင့် တရားဝင် ပြတ်ပြတ်စဲစဲ ကွာရှင်းကာ ကိုသက်ဆွေနှင့် တရားဝင် လက်ထပ်ကြရန်ပင် ဖြစ်သည်။

ထို့ကြောင့် မမသည် မာနတွေ သိက္ခာတွေကို ဘေးဖယ် ပစ်လိုက်ကာ ဦးသက်ထွန်းက မောင်မောင်လတ်မှ တစ်ဆင့် ကွာရှင်းပေးဖို့ စကား စလာလျှင် မဆိုင်းမတွ သဘောတူ ခေါင်းညိတ်လိုက်ရန် ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်လေသည်။

တူးတူးနှင့်ရော ကိုသက်ဆွေနှင့်ရော အတူတူ နေရအောင် လုပ်မည် ဆိုသော အကြံအစည်ကို လက်လျှော့လိုက်မိလေသည်။ တစ်ယောက်ကိုလိုလျှင် ကျန်တစ်ယောက်ကို စွန့်ပစ်ရတော့မည် မဟုတ်ပါလော။

မမသည် ကိုသက်ဆွေ မရှိသည့် တစ်ပတ်လုံးလုံး သည်အကြောင်းတွေကိုသာ တွေးနေမိသည်။

ခုနစ်ရက်မြောက်သော နေ့တွင် သမီးကလေးမှာ ကျောပူ ခေါင်းပူ ထကာ အဖျားဝင်လာသည်ကို တွေ့ရသည်။ သို့ရာတွင် သမီးလေးမှာ အသည်းအသန် ဖျားခြင်းမျိုး မဟုတ်သည့် အတွက်ကြောင့် တစ်ကြောင်း၊ မမ ကိုယ်တိုင်က လည်း ကိုသက်ဆွေနှင့် သူ၏ နောင်ရေး အတွက် စိတ်ထွေနေသည့် အတွက် ကြောင့် တစ်ကြောင်း မမသည် ခပ်ပေါ့ပေါ့ပင် ဂရုမစိုက်ဘဲ နေလိုက်သည်။

ကလေးကို ဂရုမစိုက်ဘဲ နေလိုက်သည့် အကြောင်းများ အနက် အခြား အရေးကြီးသော အကြောင်းအချက်လည်း ရှိသေးသည်။ ယင်းမှာ မမသည် သမီးကလေးကို ချစ်ခင်တွယ်တာခြင်း မရှိသည့် အချက်ပင် ဖြစ်သည်။ မမ သည် ကိုယ်က မွေးသည့် ရင်သွေး ဖြစ်၍ သမီးလေးကို ချစ်ရန် အမျိုးမျိုး ကြိုးစားကြည့်သည်။ သို့ရာတွင် လူတစ်ယောက်ကို ချစ်လာအောင် ကြိုးစားသည် ဆိုခြင်းမှာ လုပ်၍ ရကောင်းသော အရာ မဟုတ်ပါတကား။

ထိုနေ့ညနေစောင်းသည်အထိ ကိုသက်ဆွေ ပြန်မလာသောအခါ မမ သည် ကလေးကို ပစ်ထားခဲ့ကာ ကိုသက်ဆွေ ရှိရာ မန္တလေးသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် ပြန်၍ စဉ်းစားပြီးမှ မသွားတော့ဘဲ ကလေး အသည်းအသန် ဖြစ်နေသည်ဟု လိမ်ညာရေးကာ မေ-မန်း တက္ကစီ ကားကြုံဖြင့် ကိုသက်ဆွေထံ စာတစ်စောင် ပါးလိုက်လေသည်။

သို့ရာတွင် နောက်တစ်နေ့ နံနက် ကိုသက်ဆွေထံမှ စာရသော အခါတွင် မမသည် သူ လိမ်၍ ရေးလိုက်သည်ကို နောင်တ ရလာလေသည်။

ကလေး အသည်းအသန် မဖြစ်ဘဲ လိမ်ရေးရမည်လားဟု ကိုသက်ဆွေက စိတ်ဆိုးမည်ကိုလည်း စိုးရိမ်၍ လာမိလေသည်။

မမသည် အိမ်ရှေ့ခန်းတွင် မီးဖွင့်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရင်း ကိုသက်ဆွေကို စောင့်နေမိသည်။ အိမ်ရှေ့ လမ်းမမှ ကားသံ ကြားတိုင်း ကို သက်ဆွေလားဟု ထင်မိသည်။ မဟုတ်မှန်း သိတော့မှ စိတ်ပျက်သွားကာ စာကို ဖတ်နေမိပြန်သည်။ သို့ရာတွင် စာကို သိပ် စိတ်မဝင်စားလှဘဲ ကိုသက်ဆွေ စိတ်ဆိုးနေမည်ကိုသာ တွေးပူနေမိသည်။ သမီးလေးမှာ ကိုသက်ဆွေထံမှ မရေးမီ နှစ်ရက်လောက် ကတည်းက ပြန်၍ ကောင်းသွားပြီ ဖြစ်လျက်နှင့် လိမ် ရေးလိုက်မိသည်ကိုလည်း စိတ်မကောင်း ဖြစ်နေသည်။

အိမ်ရှေ့တွင် ကားဆိုက်သံ ကြားတော့မှ မမသည် တံခါးကို ဖွင့်ကာ ဝမ်းသာအားရ ဆီးကြိုမိသည်။

“ကလေး ဘယ့်နှယ် နေသေးလဲ မမ”

ကိုသက်ဆွေက လှေကားထစ်ပေါ်တွင် ရပ်ရင်း စိုးရိမ်တကြီး မေးနေ သည်။

“ခုတော့ နေကောင်းသွားပါပြီ မောင်”

“မမကော နေကောင်းရဲ့လား”

မမသည် ခေါင်းညိတ်ပြကာ ကိုသက်ဆွေ၏ လက်နှစ်ဖက်ကို ဆွဲယူပြီး သူ့ ခါးတွင် ရစ်ပတ် နှောင်ထားလိုက်ပြီး ကိုသက်ဆွေ၏ မျက်နှာကို စူးစိုက် ကြည့်နေသည်။

“အလုပ်တွေ မပြီးသေးလို့ ကြာသွားတယ် မမ”

ကိုသက်ဆွေက မမ ခါးတွင် ရစ်ပတ်ထားသော လက်များကို ဖြုတ်ကာ ကုလားထိုင်တွင် ထိုင်ပြီး ဖိနပ်ကို ချွတ်နေသည်။ ကိုသက်ဆွေ၏ အမူအရာသည် တကယ်ပင် အေးစက်စက် နိုင်လွန်းလှသည်ဟု မမ ထင်သည်။ သို့ရာတွင် အေးစက်စက် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ မမ အနားတွင် သူ ရှိလျှင် မမ ကျေနပ်ပါပြီ။

ထမင်းစားရင်း ကိုသက်ဆွေက မြင်း အရောင်းအဝယ် ကိစ္စကို ပြောပြသည်။

မမကလည်း အိမ်တွင် စိတ်ဝင်စားစရာကလေးများကို ပြောပြသည်။ ကရင်မ နာနီကမူ ကိုသက်ဆွေ မရှိတုန်းက မမမှာ ညတိုင်း အိပ်ဆေး သောက်ရကြောင်း ပြောပြနေသည်။

“ဘယ့်နှယ် လုပ်မလဲ နော်တူးရဲ့၊ ည ည အိပ်လို့ မရဘဲ မိုးသာ စင်စင် လင်းရော တစ်မှေးမှ အိပ်မရဘူး၊ ဟုတ်တယ် မောင်၊ မောင် ရှိတုန်းက ဘယ်မှာများသောက်ရလို့လဲ”

မမက ကိုသက်ဆွေကို လှမ်းမေးလိုက်သည်။

ထမင်းစားသောက်ပြီးကြ၍ နှစ်ယောက်တည်း ရှိတော့မှ မမသည် ကို သက်ဆွေက သူ့အား စွန့်ခွာ မသွားသေးပါကလားဟု တွေးမိကာ ကြည်နူးမှများ ပြန်လည် ဝင်ရောက်လာ၏။

“မောင် မမ စာရတော့ စိတ်ညစ် မသွားဘူးလား၊ လိမ်ခေါ်တာလို့ မထင်ဘူးလား”

“ဟုတ်တယ် မမ၊ စာရတော့ ထူးဆန်းသွားတယ်၊ အစပိုင်းမှာ သမီးလေး အသည်းအသန် ဖြစ်တယ်လို့လည်း ရေးထားတာ တစ်မျိုးပဲ”

“အမှန်အတိုင်း ရေးတာပါ မောင်၊ မလိမ်ပါဘူး”

“မောင်ကလည်း လိမ်တယ်လို့ မထင်ပါဘူး”

“ဒါပေမဲ့ နည်းနည်းတော့ သံသယ ဖြစ်တယ် မဟုတ်လား”

“သံသယလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ စိတ်ထဲမှာတော့ ထင့်ခနဲ ဖြစ် သွားတယ်၊ ဟိုမှာလည်း မောင့် ကိစ္စတွေက မပြီးပြတ်သေးတော့..”

“ဘာလဲ မောင်၊ ဟိုမှာ ကောလိပ် ကျောင်းသူ အပျိုလေးတွေနှင့် ရုပ်ရှင် သွားကြည့်ရတဲ့ ကိစ္စတွေလား”

“ဒီလို မပြောပါနှင့် မမ”

“ပြောရလိမ့်မယ် မောင်၊ ပြောရလိမ့်မယ်၊ ဒါပေမဲ့ မောင် လုပ်တာ နည်း နည်း တရားမလွန်ဘူးလားလို့ ကိုယ့်ဘာသာ ကိုယ်ပဲ စဉ်းစားကြည့်ပါ၊ နှစ်ရက်ဆိုပြီး ထွက်သွားလိုက်တာ”

“ဟိုမှာ ကိစ္စ မပြီးပြတ်သေးလို့ စောင့်နေရတယ် မမ၊ ခုတောင် မပြီးပြတ် ခဲ့သေးဘူး၊ သွားရဦးမှာ၊ မောင် သိပါတယ်၊ မမဟာ မောင့်ကို စိတ်မချဘူး၊ မမ မပါဘဲ မောင် တစ်ယောက်တည်း သွားတာကို သဘောမကျဘူး၊ မဟုတ်ဘူးလား၊ သံသယ မရှိပါနှင့် မမ၊ မောင်ဟာ ဒီလောက်လည်း သစ္စာမမဲ့သေးပါဘူး၊ အချစ်လည်း မပြယ်ပါဘူး၊ တကယ်လို့ မမကို မချစ်ဦး၊ သမီးလေးကို…”

မမသည် ခြွင်းချက် စကားကို ကြားလိုက်ရသည်နှင့် ရင်ထဲမှာ နာလာသည်။

သွေးတွေ ဆူပွက်လာသည်ဟု ထင်မှတ်လိုက်ရသည်။

“သိပါတယ်၊ မောင်ဟာ မမကို မချစ်တော့ပါဘူး၊ သမီး သံယောဇဉ် ကြောင့် နေရတာ မဟုတ်လား၊ မောင်ဟာ မမကို ငြီးငွေ့နေပြီ မဟုတ်လား၊ ယောက်ျားဆိုတာ ဒီလိုချည်းပါပဲ၊ သူတို့ အလိုရှိတုန်း လာမယ်၊ အလို မရှိရင် သွားမယ်၊ မမ နားလည်ပါပြီ”

“ဒီလို မပြောပါနှင့် မမရယ်၊ မောင်ဟာ မမ အတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားတဲ့ သူပါ”

မမက ကိုသက်ဆွေ စကားကို မကြားဘဲ သူ ပြောချင်ရာကို ပြောနေ သည်။

“ကိစ္စ မပြီးပြတ်သေးလို့ မန္တလေးကို ဒီတစ်ခေါက် သွားရင် တစ်ယောက်တည်းတော့ မသွားရဘူး၊ မမပါ လိုက်မယ်၊ ဒီမှာတော့ တစ်ယောက်တည်း မနေရစ်ခဲ့တော့ဘူး၊ မမနှင့် မောင် နှစ်ယောက် အတူနေရမယ်ဆိုရင် နေမယ်၊ တကွဲတပြားစီတော့ မမလည်း မနေချင်ဘူး”

“မနေရပါဘူး မမရယ်၊ မမ လိုက်ချင်တယ် လိုက်နိုင်တယ် ဆိုရင် မခေါ်ဘဲ နေပါ့မလား၊ ကဲပါ တိတ် တိတ်

ကိုသက်ဆွေက မမ၏ မျက်ရည်ကို သုတ်ပေးနေ၏။

“အို လိုက်ချင်တာပေါ့၊ မောင်ဟာ မမ ယောက်ျား၊ မမရဲ့ လင်၊ ကိုယ့် လင် ကိုယ့်ယောက်ျားနှင့် ခွဲမနေနိုင်ဘူး”

သို့ဖြင့် မမနှင့် ကိုသက်ဆွေတို့၏ ရန်ပွဲသည် နောက်ဆုံးတွင် စေ့စပ် ခြင်း၌ အဆုံးသတ်လေသည်။

မကြာမီပင် မမသည် သူ့အား ကွာရှင်းပေးရန် ဦးသက်ထွန်းထံ တစ်စောင် ရေးလိုက်လေသည်။

နွေရာသီ ကုန်၍ မိုးဦးကျတွင် မမနှင့် ကိုသက်ဆွေသည် မန္တလေးသို့ ဆင်းလာခဲ့ကြလေသည်။

မမနှင့် ကိုသက်ဆွေသည် ဦးသက်ထွန်းထံမှ ပြန်စာကိုသာ နေ့ရှိသရွေ့ စောင့်မျှော်လျက် ရှိနေကြသည်။ ဦးသက်ထွန်းထံက ပြန်စာ ရလျှင် ချက်ချင်း လက်မှတ်ထိုး ကွာရှင်းရန်လည်း အဆင်သင့် ဖြစ်နေသည်။